အပိုင်း ၂၀၈-၂၁၀
Vol. 14 Ch. 208-210
အခန်း(၂၀၈) အခကြေးငွေပေး၍ အစားထိုးခြင်း (၂)
“အိုး ကောင်းပြီ”
သူ့ဘေးနားက မိန်းကလေးတစ်ယောက်အား သူ့ကောင်မလေးကို ဂရုစိုက်ပေးရန် တောင်းဆိုပြီးနောက် ကျင်းမင်ယွီသည် "ဘုန်း"ဟူသောအသံ ဖြင့် သိုင်းဇာတ်ခုံပေါ်သို့ ခုန်တက်သွားသည်။
သူ့အကြည့်များသည် အေးခဲနေကာ လင်းဇီချန်ကို ဒေါသတကြီးကြည့်၍ ပြောလိုက်သည်။
"ဂျူနီယာ၊ မိန်းကလေးတစ်ယောက်ရဲ့မျက်နှာကို ဒီလောက်အတင်းရိုက်ရတာ နည်းနည်းလွန်နေပြီမဟုတ်လား"
သူ့ရည်းစားကို ရှန်ချင်းဟန်ကဤအခြေအနေထိ ရိုက်ခဲ့ခြင်းဖြစ်သည်ကို သူမသိခဲ့ပေ။ လင်းဇီချန်က သိုင်းဇာတ်ခုံပေါ်တွင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ဤလူသစ်ဘုရင်က တရားခံဖြစ်လိမ့်မည်ဟု မသိစိတ်က ယူဆခဲ့သည်။ လင်းဇီချန်က ရှင်းပြရန် စိတ်မဝင်စားဘဲ အေးဆေးစွာပြောလိုက်သည်။
“ကျောင်းသားသစ်တွေကို အနိုင်ကျင့်တဲ့ မင်းရည်းစားကလွန်တာလို့ ငါထင်တယ်”
“သက်သေမရှိဘဲ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့”
ကျင်းမင်ယွီ၏ မျက်နှာ မည်းမှောင်သွားသည်။ အမှန်အတိုင်းပြောရလျှင် သူက လင်းဇီချန်နှင့် မငြင်းဆန်ချင်ပေ။ လင်းဇီချန်သည် ကျောင်းသမိုင်းတွင် အပြင်းထန်ဆုံး ကျောင်းသားသစ်ဖြစ်သည်။ သူသည် သွေးသန့်လူသားလမ်းစဥ်ကို လိုက်ရန် ရွေးချယ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှ ဘာသာရပ်များကို ပြောင်းယူလိုက်သရွေ့ သူ၏အနာဂတ်သည် တောက်ပနေမည်ဖြစ်သည်။
နှိုင်းယှဉ်ကြည့်လျှင် သူသည် ကျောင်းသားကောင်စီ၏ စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသေးစားအဖွဲ့ဝင်တစ်ဦးဖြစ်၍ လင်းဇီချန်ကို မခြိမ်းခြောက်နိုင်ပေ။ လင်းဇီချန်နှင့် ယခု ပဋိပက္ခကို စတင်လိုက်ခြင်းက လင်းဇီချန်သာ ရှုံးခဲ့လျှင် ရှန်ဟိုင်းတက္ကသိုလ်၏ ဘဝသည် နောက်ပိုင်းတွင် ခက်ခဲလာမည်မှာ သေချာသည်။
သို့သော် ယခုအချိန်၌ သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။ သူ့ချစ်သူသည် သူရပ်တည်ပေးရမည့်အတိုင်းအတာထိ အရိုက်ခံခဲ့ရပြီဖြစ်သည်။
"အစ်ကို၊ မင်းရဲ့ရည်းစားက သာမာန်အတန်းတွေမှာ ကျောင်းသားလူငယ်တွေကို မကြာခဏ အနိုင်ကျင့်လေ့ရှိတယ်။ ငါ အကြိမ်ကြိမ်တွေ့ဖူးတယ်၊ ဘယ်လို သက်သေလိုနေဦးမှာလဲ”
ဤအသံက ဒုတိယထပ် စင်္ကြံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤသည်ကား ပထမနှစ်အထူးတန်းမှ လော့ရုံကျန့်ထံမှပင်ဖြစ်သည်။
ဤအခိုက်အတန့်တွင် သူသည် စင်္ကြံလက်ရန်းတွင် ငြိမ်သက်စွာ ရပ်နေ၍ လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်ကာ အောက်သို့ငုံ့ကြည့်နေသည်။
"မင်းပြောခဲ့တာတွေကို ပြန်ရုတ်သိမ်းရင် ပိုကောင်းမယ်၊ ဒါမှမဟုတ် ကောလဟာလတွေဖြန့်လို့ မင်းကို ကျောင်းသားကောင်စီကို ခေါ်သွားပြီး လုပ်အားပေးလုပ်ခိုင်းမယ်” ကျင်းမင်ယွီက လော့ရုံကျန့်ကို ခြိမ်းခြောက်သောအသံဖြင့် ပြော၍မော့ကြည့်လိုက်သည်။
"ငါ့ကို ခြိမ်းခြောက်တာလား။ တကယ်ကို အရှက်ကင်းမဲ့တဲ့လူပဲ။ မင်းလိုကောင်မျိုးက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှာ ပါရောပါသင့်ရဲ့လား”
ထိုစကားကြောင့် အရှိုက်တည့်တည့်ထိမှန်ကာ ကျန်းမင်ယွီက ဆွံ့အသွားသည်။
‘လူသစ်ဘုရင်က လှောင်တာ ငါခံနိုင်တယ်’
‘ဒါပေမယ့် မင်းကိုယ်မင်း ဘာထင်နေလဲ’
‘ကျောင်းသားသစ်လေးက ငါ့ကို လှောင်ရဲတယ်ပေါ့’
‘ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ’
ကျင်းမင်ယွီ၏ ဒေါသက အထွတ်အထိပ်သို့ရောက်ရှိသွားကာ အတွေးတစ်ခုနှင့်အတူ သူက သူ၏ ဆန်းကြယ်သားရဲမျိုးဗီဇကို အသက်သွင်းလိုက်ရာ သူ့အသားအရည်ပေါ်မှ ထူထဲသော ရွှေရောင်အမွှေးများထွက်ပေါ်လာ၍ လော့ရုံကျန့်ကို ကိုင်တွယ်ဖြေရှင်းရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
လော့ရုံကျန့်ကို ကိုင်တွယ်ရန် ဒုတိယထပ်စင်္ကြံသို့တက်လှမ်းခါနီးတွင် သူ၏ မျက်နှာချင်းဆိုင်ရှိ သိုင်းစင်မြင့်ထက်တွင်ရပ်နေသော လင်းဇီချန်သည် အချိန်မဖြုန်းချင်ဟန်ဖြင့် သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ရည်းစားအတွက် တရားမျှတမှုကို ရှာချင်ရင် အခုချက်ချင်းတိုက်ခိုက်ကြရအောင်။ မဟုတ်ရင် ငါပြန်တော့မှာ။ မင်းတို့ကောင်တွေနဲ့ အချိန်ဖြုန်းဖို့ ငါ့မှာအချိန်မရှိဘူး”
"ကောင်းပြီ မင်းပြောတာနော်"
ကျင်းမင်ယွီက မည်သူ့ကိုမျှ တိုက်ခိုက်ရန် စိတ်မဝင်စားတော့ဘဲ အမြန်ဆုံးအဆုံးသတ်၍ ထွက်သွားချင်သည်။
“မင်း လောင်းကြေးဘယ်လောက်ရချင်လဲ"
"မင်းမှာဘယ်လောက်ပဲရှိရှိ ငါ အဲ့လောက်လောင်းမယ်"
အရူး
ဒီဘုရင်သစ်က မာနကြီးလွန်းတယ်။
အောက်မှလူအုပ်ကြီးသည် လင်းဇီချန်၏ယုံကြည်မှုကို အံ့သြ၍ အမှတ်ပမာဏ အမြောက်အများ လောင်းကြေးထပ်ရဲလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ကျန်းမင်ယွီသည် ကျောင်းသားကောင်စီဝင်တစ်ဦးဖြစ်သဖြင့် သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံ သတ္တမအဆင့်သို့ပင်ရောက်နေပြီဖြစ်သည်။
သူ့ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။
လင်းဇီချန်က အရည်အချင်းရှိသော်လည်း သွေးသန့်လူသားလမ်းစဥ်ကို ရွေးချယ်ခဲ့ကာ သွေးမျိုးစပ်ခြင်းမလုပ်ဆောင်ခဲ့သဖြင့် သူ၏ ခွန်အားက ကျောင်းတက်စဥ်ကကဲ့သို့ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့ထိတိုင် သူက ကျင်းမင်ယွီကို သိုင်းဇာတ်ခုံ၌ စိန်ခေါ်ရဲသည်။
ကျောင်းစတက်စဥ်ကတည်းက သူ၏ အဆင့်သည် အခြေခံ သတ္တမအဆင့်၌ ရှိနေခြင်းများဖြစ်နိုင်သလား။
‘ဖုံးကွယ်ထားတာလား’
‘ဒါပေမယ့်မဖြစ်နိုင်ဘူး’
လူတိုင်း အံ့ဩသွားကြသည်။ ကျင်းမင်ယွီလည်း ဤသည်ကို အံသြသွားသည်။ သူမည်သို့ပင်တွေးနေစေကာမူ လင်းဇီချန်၏ ခွန်အားက အခြေခံ သတ္တမအဆင့်သို့မရောက်နိုင်ပေ။
တစ်ခုတည်းသောရှင်းပြချက်မှာ လင်းဇီချန်သည် မိမိကိုယ်မိမိ အလွန်အမင်းတွက်ဆနေခြင်းသာဖြစ်ပေလိမ့်မည်။ ငယ်စဥ်ကလေးဘဝကတည်းက ရွယ်တူချင်းများလက်ထဲတွင် အရှုံးမပေးခဲ့ရဖူးလျှင် ဤကဲ့သို့သော အတ္တစိတ်ကို ဖြစ်ပေါ်လာစေနိုင်သည်။
ဤသည်ကိုတွေး၍ ကျင်းမင်ယွီက လင်းဇီချန်ကို လက်သုံးချောင်းမြှောက်ပြလိုက်သည်။
“ငါ အမှတ်သုံးရာလောင်းမယ်။ မင်းမှာရှိလား”
“ရှိတယ်” လင်းဇီချန်က တည်ငြိမ်စွာပြန်ဖြေသည်။
ကျင်းမင်ယွီသည် လင်းဇီချန်၌ ဤမျှလောက်သော အမှတ်များရှိနေလိမ့်မည်ဟုမထင်သောကြောင့် မျက်ခုံးပင့်၍ ကြည့်လိုက်သည်။
သူသံသယဝင်နေသော်လည်း ခပ်ကြာကြာ အချိန်ဆွဲမနေဘဲ ဖုန်းကိုထုတ်၍ ကျောင်းအက်ပ်ကိုဖွင့်ကာ လင်းဇီချန်ကို စိန်ခေါ်ချက်ထုတ်လိုက်သည်။
လောင်းကြေးမှာ ခရက်ဒစ် ၃၀၀ ဖြစ်သည်။
လင်းဇီချန်သည် စိန်ခေါ်မှုသတိပေးချက်ကို မြင်သောအခါတွင် သူက မဆိုင်းမတွ တုံ့ပြန်၍ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။
တိုက်ပွဲကို လက်ခံကြောင်း မြင်လိုက်ရသောအခါ ကျင်းမင်ယွီက မရယ်ဘဲမနေနိုင်တော့ပေ။
‘အမှတ်သုံးရာ လောင်းရဲတယ်ပေါ့’
‘ဒီလူသစ်ဘုရင်က ကိုယ်ကိုယ်ကိုယ် တော်တော် အထင်ကြီးလွန်းနေတာပဲ’
…
ဒုတိယထပ် စင်္ကြံ၊
အထူးသဖြင့် လောင်းကြေးကျောင်းအမှတ်သုံးရာထိ မြင့်နေသော စိန်ခေါ်မှုကို လင်းဇီချန်က လက်ခံလိုက်ကြောင်း မြင်လိုက်ရသောအခါ မာရှိဝေ အံ့သြမိသွားသည်။
‘သူဘာလို့ ဒီလောက်သတ္တိရှိနေတာလဲ’
‘လင်းဇီချန်က ဘယ်လိုလုပ် ဒီလောက်သတ္တိရှိနိုင်မှာလဲ’
ကျင်းမင်ယွီသည် တွန်းအားပေးသူမဟုတ်ပေ။ သူသည် ပါရမီရှင်အတန်း ဒုတိယနှစ်ကျောင်းသားဖြစ်သည့်အပြင် သွေးမျိုးဆက်စွမ်းအားအခြေခံသတ္တမအဆင့်၌ရှိနေသည့် ကျောင်းသားကောင်စီဝင်တစ်ဦးဖြစ်သည်။
‘လင်းဇီချန်က အရမ်း မာန်တက်နေတာမဟုတ်ဘူးလား’
“သေစမ်း ဒါက အရမ်းစိတ်လှုပ်ရှားစရာပဲ။ ငါဘာလို့ ဒီလို ကြွားဖို့ မစဥ်းစားမိတာလဲ’
သူ့ဘေးနားရှိ လော့ရုံကျန့်က လေးစားမှုအပြည့်ရှိနေသည်။ သူသည် နှစ်ပေါင်များစွာ ကြွားဝါပြသခြင်းနည်းလမ်းများကို လေ့လာခဲ့ကာ မည်ကဲ့သို့ တိုးတက်အောင်ပြုမူရမည်ကို စဥ်ဆက်မပြတ် တွေးနေခဲ့သည်။ သူ၏ ပုံသဏ္ဍာန်၊ ကိုယ်နေဟန်ထား အစရှိသော စကားပြောဆိုပုံများမှစ၍ အဘက်ဘက်၌ အထာကျစေရန် ကြိုးစားခဲ့ကာ နှစ်ပေါင်းများစွာကြာ လုပ်ဆောင်ခဲ့သည့်အတွက် အမှန်တကယ် အောင်မြင်မှုအချို့ ရရှိခဲ့သည်။
ယခုအခါတွင်၊ သူသည် ကျောင်းတွင် 'ဝတ်ရုံဖြူဓားသမား’ဟူသော အမည်ကောင်းတစ်ခုကို ရရှိထားပြီဖြစ်ကာ ကျောင်းသမိုင်းတွင် အပြင်းထန်ဆုံး လူသစ်ဘုရင်ဘွဲ့ရထားသည့် လင်းဇီချန်နှင့်နှိုင်းယှဥ်ပါက အလွန်ဝေးကွာလွန်းလှသည်။ ၎င်းတို့သည် တူညီသောအဆင့်တွင်မရှိပေ။
‘ဟူး နောက်ဆုံးတော့လည်း ငါက လုံလောက်အောင် မသန်မာသေးဘူးပဲ’
အခန်း (၂၀၉) အခကြေးငွေပေး၍ အစားထိုးခြင်း (၃)
“မဟုတ်ရင် ကျောင်းသားကောင်စီ စည်းကမ်းစစ်ဆေးရေးမှူးကို စိန်ခေါ်နေတဲ့ နေရာမှာ မတ်တပ်ရပ်နေတာက ငါဖြစ်ပြီး အားလုံးက ငါ့အပေါ် မျက်စိကျနေလိမ့်မယ်”
“တကယ် သန်မာချင်တယ်…”
လော့ရုံကျန့်က တောင့်တမှုအပြည့်ဖြင့် ပြောလိုက်သည်။
ထုတ်ဖော်ပြသရန် အကောင်းဆုံးနည်းလမ်းမှာ သူ၏ပြိုင်ဘက်များကို ပြင်းထန်သောခွန်အားဖြင့် ချေမှုန်းရန်နှင့် သူ၏မောက်မာမှုကို ထင်ရှားစွာပြရန်ဖြစ်ကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့သည်။
သူ တောင့်တနေသည့်အချိန်တွင် နံဘေးက လီမော်ယွီသည် အောက်ရှိ သိုင်းစင်မြင့်ပေါ်ရှိ လင်းဇီချန်အား သူမ၏ မျက်လုံးများဖြင့် အံ့သြတကြီး ကြည့်နေခဲ့သည်။ လင်းဇီချန်သည် မည်သူ့ကိုမျှ မကြောက်ဘဲ အကြွင်းမဲ့ယုံကြည်မှုရှိသည်။ ဤသည်မှာ စစ်မှန်သော စွမ်းအားရှင် ရှိသင့်သည့် သဘောထားပင် ဖြစ်သည်။
‘ဒါဆို သူက အခြေခံ သတ္တမအဆင့်ဆိုရင်ရော…’
လူတစ်ဦးသည် လုံလောက်စွာ သန်မာနေသရွေ့ အဆင့်အမြင့်ရှိလူတစ်ယောက်ကို အနိုင်ယူရန်မှာ မဖြစ်နိုင်ပေ။
"လင်းဇီချန်လို သန်မာတဲ့လူတစ်ယောက်ကသာ ငါ့ရဲ့ပြိုင်ဘက်ဖြစ်ထိုက်တယ်။ ငါတို့ရဲ့အနာဂတ်ကောလိပ်ကျောင်းသားဘဝရဲ့ လေးနှစ်မှာ သူနဲ့ငါဟာ အရည်အချင်းတူညီတဲ့ သူရဲကောင်းတွေဖြစ်လာဖို့ ရည်မှန်းထားတယ်"
လီမော််ယွီက ဆက်လက်ပြောကြားသည်။ "အဓိကအချက်ကတော့ သူက ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှာ သွေးပေါင်းစပ်တဲ့လမ်းကြောင်းကို ပြောင်းယူလိုက်ဖို့ပဲ”
မာရှိဝေက လီမော်ယွီကို မော့ကြည့်ကာ အနည်းငယ် စိတ်မကျေမနပ်ဖြစ်နေသည်။ လီမော်ယွီ၏ စကားများထဲ၌ ‘လင်းဇီထျန်ငါလျှင် ငါ့ရန်သူဖြစ်ထိုက်တယ်’ ဟူသော စကားလုံးများက သူမကို နာကျင်စေခဲ့သည်။
…
ဇာတ်ခုံအောက်၌ ထိပ်ပြောင်သောဆရာသည် စိန်ခေါ်ချက်သတ်မှတ်ထားသည်ကို မြင်၍ နှစ်ယောက်အား အော်ပြောလိုက်သည်။
"နှစ်ယောက်လုံး အဆင်သင့်ဖြစ်ပြီလား"
“အဆင်သင့်ဖြစ်ပြီ” တညီတညွတ်တည်း ပြန်ပြောကြသည်။
ထိပ်ပြောင်ဆရာက ခေါင်းညိတ်လိုက်သည်။
"စိန်ခေါ်မှုကို စလိုက်"
စကားများဆုံးသည်နှင့် ကျင်းမင်ယွီက သတ္တမအဆင့် ပုဂ္ဂိုလ်တစ်ယောက်၏ သွေးစွမ်းအားများကို ထုတ်လွှတ်လိုက်ရာ သိုင်းဇာတ်ခုံနှင့်အနီးနားရှိ ကျောင်းသားများ၏ ဆံပင်များ လေထဲသို့ လွင့်ပျံသွားသည်။
‘အရမ်းသန်မာလွန်းတယ်’
‘ဒါက ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ယောက်ရဲ့စွမ်းအားလား’
‘လင်းဇီချန်က ဘယ်လိုလုပ်နိုင်မှာလဲ’
ကျင်းမင်ယွီ၏ သွေးမျိုးဆက်စွမ်းအားကို ခံစားလိုက်ရသဖြင့် စင်အောက်ရှိ ကျောင်းသားများက လင်းဇီချန်အတွက် စိုးရိမ်သွားကြသည်။
ရုတ်တရက် ရင်ခုန်သံများ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။
ကျင်းမင်ယွီက စတင်တိုက်ခိုက်ခဲ့ရာ သူသည် အလွန်ပြင်းထန်သောအလျင်ဖြင့် ရှေ့သို့ချီတက်လာသည်။ သူ၍ ခန္ဓာကိုယ်က ပုံရိပ်များအဖြစ်ကျန်ခဲ့သည်။ တစ်ခဏချင်း၌ပင်
သူက လင်းဇီချန်နှင့် နီးကပ်လာခဲ့သည်။
ထို့နောက် သူ၏ထူထဲသော ချီလင်လက်ကို လွှဲကာ လင်းဇီချန်၏ မျက်နှာဆီသို့ ပြင်းထန်သော အရှိန်ဖြင့် ထိုးလိုက်သည်။
သူ့ကောင်မလေး၏ မျက်နှာသည် လက်သီးချက်ကြောင့် ရောင်ကိုင်းလာခြင်းဖြစ်၍ ယခု သူသည် လင်းဇီချန်၏မျက်နှာကို တန်ကြေးအဖြစ် ပြန်လည် ရောင်ကိုင်းသွားစေချင်သည်။
“ဘမ်း” ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။
ကျင်းမင်ယွီ၏ လက်သီးသည် လင်းဇီချန်၏ မျက်နှာပေါ်သို့ အပြင်းအထန် ထိမှန်သွားသည်။ သို့သော်လည်း လင်းဇီချန်သည် လက်သီးချက်ကြောင့် သိုင်းစင်မြင့်မှ လွင့်ထွက်သွားခြင်းမရှိဘဲ တုန်လှုပ်ခြင်းမရှိဘဲ ဆက်လက် ရပ်နေခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် လက်သီးကိုထိုးခဲ့သည့် ကျင်းမင်ယွီသည် ရုတ်တရက် အရောင်ပြောင်းသွား၍ မြေပြင်ပေါ်တွင် ဒူးထောက်ကာ ညာလက်ကို ဆုပ်ကိုင်လျက် နာကျင်စွာ အော်ဟစ်လိုက်သည်။
"အားးးးး ငါ့လက်၊ ငါ့လက်"
လင်းဇီချန်၏ မျက်နှာကို ထိမိသော လက်သီးမှာ ကွဲကြေသွားကာ စက္ကန့်ပိုင်းအတွင်း ကျိုးပဲ့သွားခဲ့သည်။
လင်းဇီချန်သည် သူ့ကို ငုံ့ကြည့်ကာ ခြေထောက်ကို မြှောက်၍ တစ်ချက်တည်းကန်ချလိုက်၏။
ဤသို့ဖြင့် ‘ဘမ်း’ ဟူသော ကန်ချက်တစ်ချက်တည်းဖြင့် ကျင်းမင်ယွီ လွင့်ထွက်သွားသည်။
‘ဘာဖြစ်တာလဲ’
‘ဒါက အိပ်မက်လား’
‘ကျောင်းသားသမဂ္ဂရဲ့ စည်းကမ်းထိန်းသိမ်းရေးမှုးက ချက်ချင်းပဲ ရှုံးနိမ့်သွားပြီလား’
အခင်းဖြစ်ပွားရာနေရာရှိလူတိုင်း အံသြသွားကြသည်။ ဤမျှ လျင်မြန်စွာ ပြီးဆုံးသွားသော တိုက်ပွဲကို မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။
ခဏအကြာတွင် အားလုံးက သတိပြန်ကပ်လာသောအခါ လင်းဇီချန်ကို ဘီလူးတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။
‘ဒီလူသစ်ဘုရင်က ဘယ်လိုများ ဒီလောက် သန်မာနိုင်မှာလဲ’
‘မယုံနိုင်စရာ’
တစ်ချိန်တည်း၌ပင် ဒုတိယထပ်စင်္ကြံမှ လီမော်ယွီ၊ လော့ရုံကျန့်၊ မာရှိဝေ နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။ လင်းဇီချန်သည် သွေးမျိုးစပ်ခြင်း မပြုလုပ်ဘဲ မည်ကဲ့သို့ သန်မာနိုင်မည်နည်း။
ဤသည်က လုံးလုံးလျားလျား သိပ္ပံနည်းကျမဟုတ်ပေ။
၎င်းတို့အနက် မာရှိဝေသည် ဘဝအပေါ် သံသယများ ပြည့်နှက်နေသည့် အရိပ်အယောင်ရှိသည်။
သူ၏ ခံယူချက်များ ခဏတာ တုန်လှုပ်သွားသည်။ သွေးသန့်လူသားလမ်းစဥ်သည် အနာဂတ်ရှိနိုင်ပါသလား။
‘မဟုတ်ဘူး မဖြစ်နိုင်ဘူး’
‘သွေးသန့်လူသားလမ်းစဉ်က အနာဂတ်မရှိနိုင်ဘူး’
လင်းဇီချန်သည် အစောပိုင်းအဆင့်များတွင် သန်မာနိုင်သော်လည်း နောက်ပိုင်းအဆင့်များတွင် သူသည် အခြားသူများကဲ့သို့ ဖြစ်နေမည်ဖြစ်၍ နက်နဲစွာ နောင်တရရပေလိမ့်မည်ဖြစ်သည်။
အခြားတစ်ဖက်၌ လီမော်ယွီသည် သိုင်းဇာတ်ခုံပေါ်ရှိ လင်းဇီချန်ကို ကြည့်လျက် သူ့မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
ကျောင်းအဖွင့် စမ်းသပ်ပွဲ၌ လင်းဇီချန်၏မျက်နှာကို လက်သီးဖြင့်ထိုးခဲ့သည့်တိုင် ထိခိုက်မှုအနည်းငယ်မျှမရှိခဲ့သည့် မြင်ကွင်းကို သတိရမိသည်။
‘မဖြစ်ဘူး’
‘ငါထပ်ပြီး သွေးမျိုးစပ်ရမယ်’
‘သွေးမျိုးစပ်ပမာဏကို မြှင့်ရမယ်’
‘ကျောင်းသားသစ် ပြိုင်ပွဲမှာ လုံးဝရှုံးလို့မရဘူး’
‘ငါအနိုင်ရရမယ်’
လီမော်ယွီက စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထို့နောက် သူ့ဖုန်းကို အမြန်ထုတ်ကာ မြို့တော်ရှိ သူ့မိသားစုကို ဖုန်းဆက်လိုက်သည်။
အခြားတစ်ဖက်မှ ယောက်ျားတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
“မော်ယွီ ဘာလို့ အဘိုးကို ရုတ်တရက် ဆက်တာလဲ"
“အဘိုး၊ ကျွန်တော် ဒုတိယအဆင့် ဆန်းကြယ်သားရဲဗီဇနဲ့ မျိုးစပ်ချင်တယ်၊ မနက်ဖြန် ကျွန်တော် လုပ်ချင်တယ်"
…
သိုင်းစင်မြင့်ထက်၌ ကျင်းမင်ယွီကို တစ်ချက်တည်းဖြင့်အနိုင်ယူကာ သူ့မျက်နှာကို ဝက်ခေါင်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။ လင်းဇီချန်သည် စင်ပေါ်မှအလျင်စလိုမထွက်ခွာဘဲ အောက်ခြေလူအုပ်ကို တစ်ချက်ကြည့်ပြီးနောက် တည်ငြိမ်စွာကြေငြာခဲ့သည်။
"ဒီနေ့ကစပြီး တခြားသူတွေကိုယ်စား တိုက်ပွဲဝင်ဖို့ အခကြေးငွေ ကော်မရှင်တွေကို လက်ခံပါမယ်"
"မင်းက လူသစ်၊ စီနီယာ ဒါမှမဟုတ် ကျောင်းသားကောင်စီအဖွဲ့ဝင်ပဲဖြစ်ဖြစ်၊ မင်းငါ့ကို ကျောင်းအမှတ်ပေးမယ်ဆိုရင် ဘယ်သူ့ကိုမဆို စိန်ခေါ်ဖို့ ငါတိုက်ပွဲဝင်နိုင်တယ်"
"တန်ကြေးကတော့ ပြိုင်ဘက်ရဲ့ အင်အားအပေါ် မူတည်တယ်” "အမှတ်အလုံအလောက်ပေးရင် ကျောင်းသားကောင်စီဥက္ကဌကိုတောင် တိုက်ခိုက်ဖို့ ငါတွန့်ဆုတ်နေမှာမဟုတ်ဘူး"
ထိုစကားလုံးများပြောပြီးတောကိ လင်းဇီချန်သည် စင်ပေါ်မှ ခုန်ဆင်းကာ တုန်လှုပ်နေသော လူအုပ်ကြီး၏ မျက်လုံးများအောက်တွင် ရှန်ချင်းဟန်နှင့် လီချူရှင်းတို့နှင့်အတူ အားကစားရုံမှ ထွက်ခွာသွားခဲ့သည်။ ကျောင်းပြင်ပအလုပ်များမှတစ်ဆင့် အမှတ်များရယူခြင်းက မလုံလောက်ပေ။
မစ်ရှင်များကို ကန့်သတ်ထားသဖြင့် နေ့တိုင်းရရှိနိုင်မည်မဟုတ်ပေ။ ရှိခဲ့လျှင်ပင် မသင့်တော်ပေ။
ကျောင်း၌ ကိုယ်စားတိုက်ခိုက်ပေးကာ ကော်မရှင်ခများ ယူခြင်းသည် ကောင်းမွန်သော အကြံတစ်ခုကဲ့သို့ပင်ဖြစ်သည်။
လင်းဇီချန်ထွက်သွားပြီးနောက် မကြာခင်၌ အားကစားရုံသည် ချက်ချင်းပင် အုတ်အော်သောင်းတင်းဖြစ်သွားသည်။
"သူဘာပြောတာလဲ သူက အငှားတိုက်ခိုက်ရေးသမားဖြစ်မှာလား။ ပြီးတော့ ကျောင်းသားကောင်စီဥက္ကဋ္ဌကိုတောင် စိန်ခေါ်ရဲတယ်ဟုတ်လား"
"ရယ်စရာကောင်းလိုက်တာ။ ကျောင်းသားကောင်စီဥက္ကဌက အဆင့်မြင့်အဆင့်ပဲ ကျောင်းသားသစ်တစ်ယောက်က ဘယ်လိုလုပ် လုပ်ရဲမှာလဲ"
"မာန်တက်နေတာ ဒီလူသစ်ဘုရင်က မာန်တက်နေတာ ကောင်းကင်က ဘယ်လောက်မြင့်သလဲ၊ မြေကြီး ဘယ်လောက်နက်တယ် ဆိုတာ သူမသိဘူး။"
"သူ ရူးနေတာပဲ"
"ဟား… ကျောင်းသားကောင်စီဥက္ကဌက သူ့ရှေ့မှာ အခုချက်ချင်းပေါ်လာရင် သူ့ဘောင်းဘီထဲ သူသေးပေါက်ချမိလိမ့်မယ်"
အားလုံးက လင်းဇီချန်ရူးသွားပြီဟု ထင်ကာ ဆွေးနွေးနေကြသည်။ မဟုတ်လျှင် သူက အဘယ်ကြောင့် ဤကဲ့သို့ ပြောသနည်း။
ဒုတိယထပ် စင်္ကြံတွင်။
လီမော်ယွီသည် အံသြသွားကာ သူ့ဘေးနားရှိ မာရှိဝေကို ကြည့်၍ ပြောလိုက်သည်။
"ငါ အခုကြားလိုက်တာ မှန်ရဲ့လား၊ လင်းဇီချန်က ကြေးစားတိုက်ခိုက်ရေးသမား ဖြစ်တော့မှာဟုတ်လား သူက ကျောင်းသားကောင်စီ ဥက္ကဌကိုတောင် တာဝန်ယူရဲသေးတယ်ပေါ့"
ထိုအချိန်တွင် မာရှိဝေသည်လည်း လုံးဝအံ့ဩနေသဖြင့် တုံ့ပြန်ခြင်းမပြုပေ။ တစ်ဖက်မှ လော့ရုံကျန့်သာလျှင် မျက်နှာနီမြန်းကာ အလွန် စိတ်လှုပ်ရှားနေ၏။
‘ငါ သူ့တပည့်ဖြစ်လာရမယ်’
‘တခြားသူတွေရှေ့မှာ ဒီလိုချေမိုးနေနိုင်တဲ့ သူ့အရည်အချင်းကို ငါလေ့လာရမယ်’
အခန်း (၂၁၀) ပထမဆုံးသောကိုယ်စားလှယ်အဆင့်စီးပွားရေး
အားကစားခန်းမမှ ပြန်လာပြီးနောက်တွင် လင်းဇီချန်က ရှန်ချင်းဟန်နှင့်လီချူရှင်းကို အဆောင်တွင်ပြန်ခေါ်ကာ ညစာစားကြသည်။ ညစာစားရင်းဖြင့် စကားပြောနေကြလေသည်။
''ဇီချန် နင်က ဒီလောက်အားကောင်းတာ။ အကြီးတန်းက စည်းကမ်းထိန်းသိမ်းရေးအရာရှိတောင်မှ နင့်ပြိုင်ဘက်မဟုတ်ဘူးပဲ။''
''ဟန်ဟန် နင်ရောပဲ။ နင်က ငါ့လိုမျိုး အားနည်းပြီးသိမ်မွေ့တဲ့ပုံပေါက်ပေမဲ့လို့ အခုကျ ငါမသိတဲ့ပုံစံမျိုးနဲ့ကို အရမ်းအားကောင်းနေတာ။''
''ငါဝီချက်ကမှတ်ချက်တွေကို လိုက်ဖတ်ကြည့်တယ်။ အခုဆိုနင်တို့ကို အတော်လေးကို အထင်ကြီးစရာကောင်းနေပြီ။ အဖွဲ့ထဲမှလူလေးယောက်ရှိတာ။ ငါကပဲ နေရာတစ်နေရာတည်းမှာ ပိတ်မိနေသလိုမျိုးပဲ။ အတော်လေးစိတ်အားငယ်စရာကောင်းတယ်။''
လီချူရှင်းတစ်ယောက် စိတ်ထဲတွင် မသက်မသာခံစားရသည်။
အထက်တန်းကျောင်းတွင် သူမသည် ၎င်းတို့ကြားမှ ကွာခြားချက်ကို သတိမထားမိသေးပေ။ ယခု တက္ကသိုလ်သို့ ရောက်သောအခါမှ အားလုံးသည် မတူညီသောလောကတွင်ရှိနေကြသည်ကို သတိထားလိုက်မိသည်။
ထိုခံစားချက်က သူမကို အတန်ငယ်စိတ်အားငယ်စေသည်။
လင်းဇီချန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။
''မတူတာကို စဉ်းစားကြည့်မယ်ဆိုရင် နောင်ကျရင် နင့်မှာ အားကောင်းတဲ့ခြေထောက်သုံးဖက်တောင်ရှိလို့ အားကိုးရှိပြီလို့ စဉ်းစားလိုက်ပေါ့။''
''ဟုတ်သားပဲ။''
လီချူရှင်းကပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
လင်းဇီချန်အကြံပေးသည့်အတိုင်း သူမ၏အမြင်ကို ပြောင်းလဲလိုက်သောအခါတွင် အမှန်ပင် နေသာထိုင်သာရှိသွားကာ အနည်းငယ်မျှပင် ရဲတင်းလာသည်။
လင်းဇီချန်က စွပ်ပြုတ်တစ်ဇွန်းသောက်လိုက်ပြီး ပြောလိုက်၏။
''ချူရှင်း အကြီးတန်းတွေဆီက အနိုင်ကျင့်ခံရတဲ့သူတစ်ယောက်ယောက်ကို တွေ့ရင် ငါတို့ကိုလာပြော။ သူတို့ခရက်ဒစ်မှတ်တွေနဲ့ င့ါကို လူရိုက်ဖို့ ဌားလို့ရတယ်။''
''ကိစ္စမရှိဘူး။ ငါ့တာဝန်ထား။''
လီချူရှင်းက သဘောတူလိုက်ပြီး ပြုံးလိုက်မိသည်။
''နောင်ကျရင် ငါက လင်းဆိုင်ရဲ့အရောင်းစာရေးပဲ။ လင်းကို စီးပွားရေးကြီးအောင် ကူညီပေးမယ်။ ချင်းဟန်ကိုကျ သူဌေးကတော်လုပ်ခိုင်းမယ်။''
လင်းဇီချန်က ရယ်လိုက်လေသည်။
''ကောင်းတာပေါ့ ကောင်းတာပေါ့။ ငါမင်းအတွက် ကော်မရှင်ခများများပေးပါ့မယ်။''
လီချူရှင်းကမူ လက်ခါပြကာ
''အာ ကော်မရှင်ခအတွက် စိတ်မပူပါနဲ့။ အဲ့လိုဆို အရမ်းသူစိမ်းဆန်သွားပြီ။''
…
ညစာစားပြီးနောက်တွင် စားပွဲကို အတူတူသန့်ရှင်းကြကာ ခေတ္တမျှစကားထိုင်ပြောနေကြသည်။ မကြာခင်ပင် လီချူရှင်းက သူမ၏အဆောင်သို့ ပြန်သွားသည်။ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့သည် ခေတ္တမျှဖုန်းကိုင်ပြီးနောက်တွင် အချိန်ကျလာသောအခါ၌ ရေအတူတူချိုးကာ အပန်းဖြေကြသည်။
''ဒါနဲ့ ဟန်ဟန် မင်းဆရာကို ပြောပေးလို့ရမလား။ စိန်ခေါ်ခွင့်ရဲ့အကြိမ်ရေကို ပြန်ပြင်ပေးဖို့။''
''အကြိမ်ရေကန့်သတ်ချက်ကို ဖယ်ရင်ဖယ် မဟုတ်ရင်လည်း တိုးပေးဖို့ပဲဖြစ်ဖြစ်ပေါ့။''
''မဟုတ်ရင် တစ်ပတ်မှာတစ်ခါပဲစိန်ခေါ်ခွင့်ရတယ်ဆိုတာက နည်းလွန်းတယ်။ ငါတို့တွေ တိုက်ပေးတဲ့ဝန်ဆောင်မှုကို တိုးချဲ့လို့မရနိုင်ဘူးလေ။''
ရေချိုးဇလုံထဲတွင် လင်းဇီချန်က ကျွမ်းကျင်စွာဖြင့် ရှန်ချင်းဟန်၏ကျောကို ချေးတွန်းပေးရင်းဖြင့် ပြောလိုက်သည်။ သူမက လှပသောမျက်ခုံးလေးကို ကြုတ်ကာ ပြောလိုက်သည်။
''ကျောင်းရဲ့စည်းကမ်းကိုဒီလိုမျိုး ပြောင်းပစ်လို့ရပါ့မလား။''
''မင်းဆရာရဲ့အာဏာနဲ့ဆို ဖြစ်နိုင်ပါတယ်''
''မဟုတ်ဘူး။ ငါဆိုလိုတာက ငါဆရာက ငါပြောလိုက်လို့ စည်းကမ်းကို ပြောင်းပေးမှာမဟုတ်ဘူး။''
''ဘာလို့မရတာလဲ။''
လင်းဇီချန်က ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။
''မင်းက အရမ်းကိုထူးခြားတဲ့ပါရမီရှင်လေ။ မျိုးဆက်တစ်ခုမှာ တစ်ယောက်ပဲရှိတဲ့သူမျိုး။ သူက ဒီလိုအသေးအမွှားတောင်းဆိုတာလေးကို ငြင်းပါ့မလား။''
''အဲ့တာအပြင် ကျောင်းက အသန်မာဆုံးအောင်မြင်မှုကို ပြဌာန်းထားတယ်မလား။ စိန်ခေါ်လို့ရတဲ့အရေအတွက်ကန့်သတ်ချက်ကို ဖယ်ပစ်လိုက်ရင် ကျောင်းသားတွေလည်း ပိုပြီးယှဉ်လို့ရတာပေါ့။ ကျောင်းအတွက်တောင်ကောင်းသေးတယ်။''
''ငါ့ကိုယုံပါ။ မင်းဆရာက မင်းပြောတာ နားထောင်မှာပါ''
လင်းဇီချန်၏လက်များက ကျောပေါ်မှနေ၍ အခြားနေရာသို့ပြောင်းသွားကာ ဆက်လက်နှိပ်နှယ်ပေးနေသည်။
ရှန်ချင်းဟန်ကမူ ကောင်းနေသောကြောင့်ခြေဖျားလေးများပင် ကွေးသွားကာ သာယာနေသောအသံဖြင့် ပြောလိုက်သည်။
''အဲ့လိုဆို ငါကြိုးစားကြည့်ပါ့မယ်”
ထိုသို့ပြောပြီးနောက်တွင် သူမရှေ့မှ ဖုန်းကို ကောက်ယူလိုက်ပြီး ယွမ်သုန်ကျီဆီသို့ လင်းဇီချန်အကြံပေးသည့်အတိုင်း စာပို့လိုက်သည်။ ခေတ္တမျှကြာပြီးနောက် ငါးမိနစ်အတွင်းပင် ယွမ်သုန်ကျီက စာပြန်ပို့သည်။
သူမသည် စိန်ခေါ်သည့်အကြိမ်ရေအကန့်အသတ်ကိုဖယ်ပေးမည်ဟု သဘောတူလိုက်သည်။
အမှန်တကယ်ပင် သဘောတူလိုက်သည်လော။
ရှန်ချင်းဟန်က ခေတ္တခဏကြောင်သွားပြီး မယုံနိုင်ဖြစ်နေသည်။ စိတ်ထဲတွင် မဖော်ပြတတ်သောပျော်ရွှင်မှုက မြင့်တက်လာသည်။
အံ့ဩဖို့ကောင်းလိုက်တာ!
နေထိုင်ခဲ့သော (၁၈)နှစ်အတွင်းတွင် နောက်ဆုံး၌ ရှောင်ချန်ကဲ့သို့ပင် နေ့စဉ်နေ့တိုင်းပါရမီရှင်အဖြစ် ဆက်ဆံခံရသည်။
ခေတ္တမျှစိတ်လှုပ်ရှားပြီးနောက်တွင် ရှန်ချင်းဟန်က ကိုယ်ကိုမတ်၍ သူမနောက်မှ လင်းဇီချန်ကို ပြောလိုက်သည်။
''ရှောင်ချန် င့ါဆရာက နင်ပြောတာကို သဘောတူလိုက်ပြီ။ စိန်ခေါ်လို့ရတဲ့အရေအတွက်ကန့်သတ်ချက်ကိုဖယ်ပေးမယ်ပြောတယ်။''
သတင်းကောင်းကြားသောအခါတွင် လင်းဇီချန်က ပြုံးလိုက်ပြီး သူမကို နောက်မှသိုင်းဖက်၍ နွေးထွေးစွာဆိုလိုက်သည်။
''ငါမင်းအပေါ် အကြွေးတင်သွားပြီ။ ပြော။ မင်းဘာဆုလိုချင်လဲ။''
ခေတ္တမျှစဉ်းစားနေပြီးနောက်တွင် သူမက တွန့်ဆုတ်နေမိသည်။ ရှန်ချင်းဟန်က ချွဲပစ်သောလေသံဖြင့် ပြောလိုက်သည်။
''တစ်ချိန်လုံး ငါက နင့်ရဲ့သစ္စာရှိနောက်လိုက်တစ်ယောက်လို ဖြစ်ခဲ့တာ။ ငါလည်း အဲ့လိုမျိုးနောက်လိုက်ရှိတာ ဘယ်လိုမျိုးလဲဆို ကြုံဖူးချင်တယ်။''
''ရတာပေါ့။ ဒီညကစပြီး ငါကမင်းရဲ့ သစ္စာရှိတဲ့နောက်လိုက်ဖြစ်ပေပြီး မင်းကို စိတ်ကျေနပ်စေရမယ်။''
''တကယ်လား။''
ရှန်ချင်းဟန်က ဝမ်းပန်းတသာဖြင့် ပြောလိုက်သည်။
လင်းဇီချန်က ပြုံးလိုက်ကာ
''ဒါပေါ့။ မျှတတဲ့အပေးအယူပဲကိုး။''
…
ထိုအချိန်တွင် ကျောင်သားကောင်စီဥက္ကဌရုံးခန်း၌မူ ကျောင်းသားတစ်ဒါဇင်ကျော်မျှက အစည်းအဝေးထိုင်နေကြပြီး အားလုံးက ကျောင်းသားကောင်စီ၏ရာထူးမြင့်သူများ ဖြစ်ကြသည်။
''အဲ့လင်းဇီချန်က ဘဝမြင့်လွန်းနေတယ်။ မလေးမစားလုပ်လွန်းတယ်။''
''သူက လူအများကြီးရှေ့မှာတောင် ရဲတင်းတဲ့စကားတွ ထွက်လာရဲတယ်။ ဥက္ကဌကိုတောင်မှ တိုက်ရဲတယ်ပြောတာ။''
''သူက ငါတို့ကျောင်းသားကောင်စီရဲ့ အာဏာကို စိန်ခေါ်လိုက်တာပဲ။ သူ့ကို သေချာလေး ကိုင်တွယ်သင့်နေပြီ။''
ဆံပင်အလယ်ခွဲထားသည့်လူငယ်လေးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ၎င်းပြောသည်ကို ကြားသောအခါတွင် အစည်းအဝေးမှသူအားလုံးလည်း ဝင်ပြောကြသည်။
''ငါလည်းဝန်ခံတယ်။ ဒီနှစ်ရဲ့လူသစ်ဘုရင်က အရမ်းကို အားကြီးလွန်းတယ်။ မင်ယွိတောင်မှ သူ့ရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က ခုနှစ်ရှိတာကိုး။ သူ့ရှေ့မှာ တစ်ချက်တောင် မခံလိုက်ဘူး။''
''အားကောင်းတာတော့အားကောင်းတာပေါ့။ ဒါပေမဲ့လို့ အောက်ခြေလွတ်လွန်းတယ်။ သူ့နေရာကိုသူသိအောင် လုပ်ပေးရမှာ။''
''ငယ်တော့ဖြစ်တတ်တာ ပုံမှန်ပါပဲ၊ ငါတို့တွေလည်း လူသစ်ဖြစ်တုန်းက အားကောင်းရင် မာနကြီးမိမှာပဲ။ သူ့ကို ကျောင်းသားကောင်စီဝင်ဖို့ ဖိတ်ခေါ်သင့်တယ်ထင်တာပဲ။''
''ဘာကိုပုံမှန်လဲ။ သူက ဥက္ကဌကိုတောင်မှ တိုက်ရဲတယ်ဆိုပြီး အောက်ခြေလွတ်နေတာလေ။ ငါတော့ နောက်ဆုံးကျ ဒင်းရူးသွားလောက်တယ်ထင်တာပဲ။''
“…”
အချိန်ကသာ ကုန်ဆုံးနေပြီး သဘောထားများကိုပြောသည့်အသံများက ပို၍ကျယ်လောင်လာသည်။ အများစုက မကျေနပ်ချက်များကိုထုတ်ဖော်ကာလင်းဇီချန်ကို ကိုင်တွယ်ရန်လိုကြောင်း ပြောဆိုနေကြသည်။
အနည်းစုကသာ လင်းဇီချန်ကို သဘောကျကျ၍ ကျောင်းသားကောင်စီထဲသို့ခေါ်သင့်ကြောင်း ပြောသည်။
''ဥက္ကဌ လင်းဇီချန်က တိုက်ဖို့စိန်ခေါ်တဲ့ကိစ္စနဲ့ပက်သက်ပြီး ဘယ်လိုထင်လဲ။''