အပိုင်း ၂၂၆-၂၂၈
Vol. 16 Ch. 226-228
အခန်း (၂၂၆) ကျန်းခိုင်နှင့် တွေ့ဆုံခြင်း (၂)
လော်ရုန်ကျန်းက အထင်မကြီးဟန်ဖြင့် ဆိုလိုက်သည်။
''ငါတို့က ဒီကို အထူးလေ့ကျင့်ရေးလာဆင်းတာနော်။ ပျော်ပွဲစားထွက်လာတာမဟုတ်ဘူး။ မင်းတို့က အရမ်းကို ပျက်စီးနေပြီ''
မာရှိဝေက တည့်တိုးပင် ပြန်ပက်လိုက်သည်။
''နင့်ပါးစပ်သာ ပိတ်ထားမယ်ဆိုရင် ဘယ်သူမှနင့်ကို အမှားလုပ်မှာမဟုတ်ဘူး။''
သူမ၏မျက်လုံးထဲတွင် လောရုန်ကျန်းသည် စိတ်ပပျက်စရာကောင်းကာ သူသည် ဓားတစ်လက်သယ်ကာ နေ့တိုင်းသူရဲကောင်းလုပ်တမ်းကစားနေသောသူဟုသာ ထင်မိသည်။ ယခုတွင်မူ စကားများလွန်းနေပြန်သည်။
လော်ရုန်ကျန်းလည်း အသံမထွက်ရဲတော့ဘဲ ပါးစပ်သာပိတ်ထားလိုက်ရတော့သည်။ မာရှိဝေသည် လူသစ်ပြိုင်ပွဲ၌ ရှန်ချင်းဟန်ကို ရှုံးထားပြီး သူမသည် ခေတ္တမျှစိတ်ပျက်နေမိသည်။ ဒေါသထွက်လွယ်နေသောကြောင့် သူမကို ရန်သွားစ၍ မဖြစ်ပေ။
ဉာဏ်ရှိသောသူက မျက်စိရှေ့မှ မြင်သမျှကို မစားပေ။ ပြဿနာရှာသောအမျိုးသမီးကို သွားရှုပ်၍ မဖြစ်ပေ။
လော့ရုန်ကျန်းက မိမိဘာသာထိုသို့တွေးလိုက်ပြီး နှုတ်ဆိတ်နေလိုက်သည်။ များမကြာမီတွင်ပင် ၎င်းတို့ငါးဦးသည် အောက်ထပ်သို့ ဆင်းလာကြ၍ အပြင်သို့ စတင်ထွက်ခွာကြသည်။
စကားပြောနေကြရင်းဖြင့် လမ်းလျှောက်နေကြသည်။ ရှန်ချင်းဟန်က လင်းဇီချန်တို့နှင့် စကားပြောနေသည်။ လီမော်ယွီက လော်ရုန်ကျန်းဖြင့် စကားပြောသည်။ မာရှိဝေကမူ စကားပြောခဲသောကြောင့် တိတ်ဆိတ်၍သာ လိုက်လာသည်။
''ဟိုမှာကြည့်ဦး။''
''နောက်ထပ် စက်ဝတ်စုံတစ်စုံ။''
''လာကြ။ သွားကြည့်ရအောင်။''
ရှေ့မှအဆောက်အဦး၌ ရှည်လျားသောဝတ်စုံကို မြင်လိုက်ရသောကြောင့် စိတ်လှုပ်ရှားသွားကြပြီး လော့ရုန်ကျန်းက ပြောလိုက်သဖြင့် စက်ဝတ်စုံဆီသို့ သွားကြ၏။ ကျန်သောလေးဦးလည်း နောက်မှလိုက်လာကြသည်။ ခေတ္တမျှကြာသောအခါတွင် ၎င်းတို့သည် ထိုစက်ဝတ်စုံရှေ့၌ ရပ်လိုက်ကြသည်။
ယခင်က တွေ့ခဲ့ဖူးသော ရှန်ဟိုင်းမော်ဒယ်လ်နှင့်တူသည်။ မိမိတို့ရှေ့မှစက်က ဆယ်မီတာခန့်ရှည်ပြီး တူညီသောလက်နက်များပါသည်။ တစ်ခုတည်းသောခြားနားချက်က အရောင်နှင့်ပုံစံပင် ဖြစ်၏။
ထိုစက်ဝတ်စုံသည် ရွှေရောင်ဖြစ်ပြီး ပို၍သေးသွယ်ဟန်ပေါက်စေသည်။ လင်းဇီချန်က ရင်ဘတ်ပေါ်၌ ရေးထားသည့် စကားလုံးကို ကြည့်လိုက်သည်။
ချန်ကျုံး။
ချန်ကျုံးမြို့မှ ပေးထားသောနာမည်ပင်ဖြစ်သည်။ ထို့ကြောင့် အနည်းငယ်သေးသွယ်နေသည်က အဓိပ္ပာယ်ရှိ၏။ ချန်ဟုသောစကားလုံးက ချန်ကျုံးမြို့နာမည်မှဖြစ်ပေမည်။
''ဇစ်ချန်''
''ရှောင်ရှန်''
ရုတ်တရက်ပင် ညာဘက်မှအော်ခေါ်သံကို ကြားလိုက်ရသည်။ လင်းဇီချန်က အသံလာရာကို ကြည့်လိုက်သောအခါတွင် ရင်းနှီးနေသည့်သတ္တစပ်စက်ပြုပြင်လူသားတစ်ယောက်ကို တွေ့လိုက်ရသည်။ အနီးကပ်ကြည့်လိုက်သောအခါမှ အံ့ဩသွားရသည်။ ထိုသူသည် ကျန်းခိုင်ပင် ဖြစ်လေ၏။
ကျန်းခိုင်သည် အထက်တန်းကျောင်း သိုင်းပညာအဖွဲ့ထဲမှ ဂျူနီယာဖွဲ့ဝင်တစ်ဦးဖြစ်သည်။
အထက်တန်းကျောင်းတွင် မထူးချွန်ခဲ့သော်လည်း နှစ်အတော်ကြာဆိုးသွမ်း၍ ခြေထောက်တစ်ဖက်ကျိုးခဲ့ရသည်။ စက်နတ်ဘုရားကော်ပိုရေးရှင်းနှင့်အတူ စက်ပြုပြင်လက်တွေ့စမ်းသပ်ခြင်းအမျိုးမျိုးကို လုပ်အားပေးခဲ့သည်။ သို့သော်လည်း ဆိုးဝါးသည့်ကံကြမ္မာက ကံကောင်းခြင်းအဖြစ်ပြောင်းလဲသွားသည်။ သူသည် စက်ပြုပြင်လူသားဖြစ်လာကာ ဘဝက ချက်ချင်းပင် တစ်ဟုန်ထိုးတိုးတက်သွားသည်။ နောက်ဆုံးတစ်ခေါက် ကျန်းခိုင်ဖြင့်တွေ့ခဲ့သည်က အထက်တန်းကျောင်းပထမနှစ် နွေရာသီအားလပ်ရက်၌ ဖြစ်သည်။
ထိုအချိန်မှစ၍ နှစ်နှစ်ခွဲကြာမြင့်ခဲ့လေပြီ။
ကျန်းခိုင်လည်း နှစ်နှစ်ခွဲအတွင်း များစွာပြောင်းလဲသွားခဲ့သည်။ အကြီးမားဆုံးပြောင်းလဲမှုမှာ ခန္ဓာိကိုယ်မှ စက်ပြုပြင်ထားခြင်းများသာဖြစ်သည်။ ခြေထောက်တစ်ဝက်က သတ္တုစပ်ဖြင့်လုပ်ထား၍ သတ္တုအရောင်ကြောင့် ပြိုးပြိုးပြောင်ပြောင်ဖြစ်နေသည်။ ကျန်းခိုင်နောက်တွင် စက်ပြုပြင်လူသားလေးယောက် မတ်တပ်ရပ်နေသည်။ အသက်နှစ်ဆယ်ခန့်ရှိကြသည့်ပုံပေါက်ကာ ခန္ဓာကိုယ်၏တစ်ဝက်မကက သတ္ထုစပ်များဖြင့် လုပ်ထားခြင်းဖြစ်သည်။
စက်နတ်ဘုရားကောပိုရေးရှင်းမှ စစ်တပ်နယ်မြေအထူးလေ့ကျင့်ရေး၌ ပါဝင်ရန် ပို့လိုက်သောငါးဦးမဟုတ်ပါလော။ ကျန်းခိုင်က ထိုမျှထိ စွမ်းအားကြီးသွားသည်လော။ စက်ပြုပြင်ခြင်းက အထွတ်အထိပ်သို့ပင် ရောက်သွားစေနိုင်သည်လော။
အမှန်ပင် အံ့ဩစရာကောင်းလှသည်။
လင်းဇီချန်စဉ်းစားနေစဉ်တွင်ပင် ကျန်းခိုင်ကာ ရောက်လာပြီး တအံ့တဩဖြင့် မေးလိုက်သည်။
''ဇစ်ချန် ရှောင်ရှန် နှစ်ယောက်က ရှန်ဟိုင်တက္ကသိုလ်ကိုယ်စားပြု စစ်တပ်နယ်မြေအထူးလေ့ကျင့်ရေးကို လာကြတာလား။''
''ဟုတ်တယ်။''
တိကျသောအဖြေကို ကြားလိုက်ရသောအခါတွင် ကျန်းခိုင်တစ်ယောက် မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးကျယ်သွားသည်။ လင်းဇီချန်သည် နန်ကျန်းပြည်နယ်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ ပထမအဆင့်ကျောင်းသားဖြစ်ခဲ့သည်ကိုသာ ကြားခဲ့ရသည်။
သာမန်ပြည်နယ်၏ပထမအဆင့်ကျောင်းသားက လူတော်များဖြင့် ပြည့်နှက်နေသည့် ရှန်ဟိုင်းတက္ကသိုလ်ကျောင်းသားသစ်များကြား၌ ထိပ်တန်းငါးဦးထဲ ပါလာသည်လော။ စစ်တပ်အထူးလေ့ကျင့်ရေး၌ ပါဝင်ရန်မှာ လွယ်ကူသည့်ကိစ္စမျိုးမဟုတ်သော်လည်း ဖြစ်နိုင်ချေရှိပေသည်။
သို့သော် ရှန်ချင်းဟန်၏အကြောင်းကမူ....။
သူမသည် လှပပြီးချစ်စရာကောင်းသောကောင်မလေးဖြစ်ကာ ဆင့်ကဲပြောင်းလဲခြင်းပါရမီရှင်ဟုသောအရာမျိုးနှင့် လုံးဝမဆက်စပ်သည်ကိုသာ မှတ်မိပေသည်။
သူမသည် နှစ်နှစ်ခွဲအတွင်းတွင် အဘယ့်ကြောင့် ထိုမျှပြောင်းလဲသွားရသနည်း။ ရှန်ဟိုင်းတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်လာကာ လူသစ်ထိပ်တန်းငါးယောက်ထဲတွင်ပင် ပါနေသလော။
သွေမျိုးစပ်ခြင်းကြောင့်များလား။
ထူးခြားတဲ့တိုးတက်မှုကြောင့်လား။
ကျန်းခိုင်ပို၍စဉ်းစားမိလေလေ ပို၍စိတ်ရှုပ်လာလေလေပင်ဖြစ်၍ ရှန်ချင်းဟန်ကိုကြည့်ကာ မေးလိုက်မိသည်။
''ရှောင်ရှန် နင်က ဘယ်လိုလုပ် ရုတ်တရက်ကြီး တော်လာရတာလဲ။''
''နင်က နည်းနည်းလောက်ပြေးတာနဲ့ကို မောနေတတ်တာပါ။ အခုကျ ရှန်ဟိုင်းတက္ကသိုလ်ရဲ့ စစ်တပ်လေ့ကျင့်ရေးကိုယ်စားပြုတောင် ဖြစ်နေပြီပါ့ရော။''
''အရမ်းကို အံ့ဩစရာကောင်းတာပဲ။''
''အခြားမိန်းကလေးတွေက ကြီးလာရင် ပုံစံပြောင်းသွားတာ။ နင်ကကျ အင်အားပြောင်းလဲသွားတာပဲ။ စွန်းဝူခုံးရဲ့ပုံစံ(၇၂)မျိုးပြောင်းတဲ့အတတ်တောင် နင့်လောက် မမြန်ဘူး။''
''တကယ်ကိုမယုံနိုင်စရာပဲ။''
ကျန်းခိုင်က ပြောရင်းဖြင့်ပင် မယုံနိုင်ဖြစ်လာကာ အိပ်မက်မက်နေသည်လားဟုပင် ထင်မိသည်။ မဟုတ်လျှင် ရှန်ချင်းဟန်သည် ထိုမျှအားကောင်းလာသည်ကို ရှင်းပြရန်ခက်ခဲပေမည်။
လင်းဇီချန်က ရှင်းပြလိုက်လေသည်။
''ဟန်ဟန်က ကျောင်းဝင်ခွင့်စာမေးပွဲမှာတုန်းက သွေးမျိုးစပ်နိုင်စွမ်းအရမ်းမြင့်တယ်။ ပြီးတော့ နန်ကျန်းပြည်နယ်ရဲ့ ထိပ်တန်းကျောင်းသားဖြစ်လာတယ်။ သွေးမျိုးစပ်ပြီးတော့ သူက တကယ်ကို အားကြီးလာတယ်။''
''ဘာ။ နန်ကျန်းပြည်နယ်ရဲ့ထိပ်တန်းကျောင်းသား''
ကျန်းခိုင်တစ်ယောက် ပို၍မျက်လုံးပြူးသွားကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
''မဖြစ်နိုင်တာ။ ငါ့ကို လာနောက်နေကြတာလား။ တကယ်ကြီးလား။''
ကျန်းခိုင်မယုံနိုင်ဖြစ်နေသည်ကို ကြည့်ကာ ရှန်ချင်းဟန်က ကိုယ်တိုင်ဝင်ပြောလိုက်ရသည်။
''အမှန်ပဲ။''
ထိုအဖြေကိုကြားသောအခါတွင် ပို၍အံ့အားသင့်သွားရသည်။
''မြတ်စွာဘုရား ရှောင်ရှန်က ထိပ်တန်းကျောင်းသားဖြစ်လာတယ်။ လုံးဝကို အံ့ဩဖို့ကောင်းတယ်။''
''နင်ကရော ကျန်းခိုင်''
လင်းဇီချန်က ဝင်ပြောလိုက်သည်။
''ငါအမှတ်မမှားဘူးဆိုရင် မင်းက စစ်တပ်နယ်မြေအထူးလေ့ကျင့်ရေးအတွက် စက်နတ်ဘုရားကော်ပိုရေးရှင်းရဲ့ ကိုယ်စားပြုအဖြစ်ရောက်လာတာမလား။ မင်းကရော ဘယ်လိုလုပ် အဲ့လောက်အားကြီးသွားရတာလဲ။''
ကျန်းခိုင်က ပြန်ဖြေလိုက်သည်။
''ရှောင်ရှန်လို့ပဲ။ ငါကလည်း စက်ပိုင်းဆိုင်ရာတိုးတက်နှုန်းက မြင့်တယ်။ အရင်နှစ်တွေတုန်းက စက်နတ်ဘုရားကော်ပိုရေးရှင်းမှာ စက်အသစ်တပ်ဆင်မှုခြင်းစမ်းသပ်ချက်တွေကို ကူပေးခဲ့တယ်။ ပြီးတော့ ကံကောင်းသွားပြီး ဘာမှမတော်မဆဖြစ်တာမျိုးမရှိခဲ့ဘူး။ ငါမသိလိုက်ခင်မှာပဲ င့ါရဲအားက သိသိသာသာကြီးကို အများကြီးတိုးတက်လာခဲ့တာ။'’
အခန်း (၂၂၇) ကျန်းခိုင်ဖြင့်တွေ့ဆုံခြင်း (၃)
လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။
''လတ်စသတ်တော့ ဒီလိုကိုး။''
နှစ်ဦးသား စကားအနည်းငယ်မျှ ပြောနေကြသည်။ ပြောနေစဉ်တွင်ပင် ကျန်းခိုင်က သူ၏ခန္ဓာကိုယ်ပေါ်မှ စက်ပစ္စည်းအမျိုးမျိးကို လင်းဇီချန်ကို ပြသည်။
''င့ါညာဘက်လက်က ဖောက်မြင်နေရတဲ့ပြွန်ကို လေစီးကြောင်းပြောင်းပြန်ထိုးသွင်းပစ္စည်းလို့ခေါ်တယ်။ ချက်ချင်း အရမ်းမြင့်တဲ့စွမ်းအားတစ်ခု ထုတ်ပေးပြီး စစ်တပ်အဆင့်ဒိုင်းကာကိုတောင် လက်သီးတစ်ချက်တည်းနဲ့ ကြေမွသွားအောင် လုပ်လို့ရတယ်။''
''ရင်ဘတ်ပေါ်ကအဝိုင်းကိုတွေ့လား။ အဲ့ထဲမှာ င့ါလှုပ်ရှားမှုကို သိသိသာသာတိုးအောင်လုပ်ပေးတဲ့စွမ်းအားတစ်မျိုး စုဆောင်းထားတယ်။''
''ခြေထောက်က အပေါက်ကိုတွေ့လား။ ပျံတဲ့နေရာမှာ အရမ်းမြန်စေတာ။''
''ဒါတွေကို ပြောပြနေရတာက တရားဝင်တော့မဟုတ်ဘူး။ မနက်ဖြန်အထူးလေ့ကျင့်ရေးစတာနဲ့ ဘယ်လောက်တောင်မိုက်မလဲဆိုတာကို စိတ်ကူးကြည့်လိုက်။ အဲ့လိုဆို မနက်ဖြန်ကျမျ မင်းကို ကြည့်ရတာပေါ့။''
ထိုအကြောင်းများကို ပြောနေစဉ်တွင် ကျန်းခိုင်၏မျက်နှာသည် ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်နေသည့် ဘဝခိုက်နေသောမျက်နှာထားမျိုးဖြစ်သည်း သို့သော်လည်း စိတ်ပျက်စရာကောင်းစေသည်အထိ မဟုတ်ဘဲ သူငယ်ချင်းတစ်ယောက်အား မျှဝေနေယုံသက်သက်မျှသာဖြစ်၏။ လင်းဇီချန်က ရယ်လိုက်ပြီး
''ကောင်းပြီ။ မနက်ဖြန်ကျ မင်းရဲ့အင်အားကိုတွေ့ရဖို့ မျှော်လင့်နေမယ်။''
ထို့နောက်တွင် ကျန်းခိုင်က ခန္ဓာကိုယ်မှ အဆင့်မြင့်နည်းပညာဖြင့်လုပ်ထားသောစက်များအကြောင်းကို ပြောပြနေသည်။ ထို့နောက်တွင် စကားဝိုင်းက ၎င်းတို့ရှေ့၌ရှိသော စက်ထံသို့ရောက်သွားကာ လင်းဇီချန်ကို ပြုံးပြ၍ ပြောလိုက်သည်။
''မင်းယုံမှာတော့မဟုတ်ဘူး။ မင်းရှေ့က စက်က ငါတို့စက်နတ်ဘုရားကော်ပရေးရှင်းက ထုတ်ထားတဲ့အဓိကလက်နက်ပဲ။''
''ဒီတစ်ခုတင်မဟုတ်ဘူး။ ဌာနချုပ်မှာ မင်းတွေ့သမျှ ငါတို့စက်နတ်ဘုရားကော်ပိုရေးရှင်းက ထုတ်ထားတာ။''
''ငါတို့စက်နတ်ဘုရားအုပ်စုက တိုင်းပြည်ထဲမှာရှိတဲ့ စစ်တပ်နယ်မြေမှန်သမျှနဲ့ အဆက်အစပ်ရှိတယ်။ မိုက်တယ်မလား။''
''တကယ် မိုက်ပါတယ်။''
လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။ ကျန်းခိုင်၏စကားကို ကြားသည့်အခါတွင် လင်းဇီချန်သည် စက်နတ်ဘုရားအုပ်စုအကြောင်းကို ပို၍နားလည်သွားသည်။ ယခင်က စက်နတ်ဘုရားအုပ်စုကို အားကြီးသောနည်းပညာကုမ္ပဏီတစ်ခုသာဖြစ်၍ တရားဝင်နယ်မြေများနှင့် ယှဉ်၍မရဟု ထင်ခဲ့မိသည်။ သို့သော် ယခုတွင်မူ ထိုအုပ်စုသည် မိမိတွေးထားသည်လောက် မရိုးရှင်းပေ။ စစ်တပ်နယ်မြေများနှင့်အတူတူ ခြေကုပ်ယူနိုင်သည့် နယ်ချဲ့အုပ်စုဖြစ်နေကာ လွန်စွာအဆင့်အတန်းမြင့်မားနေလေသည်။
တိုင်းပြည်တွင် စစ်တပ်ပိုင်နက်များကို အစိုးရ တင်းကျပ်စွာ ထိန်းချုပ်ားပြီး ထိုမျှထိ အားကောင်းသောပုဂ္ဂလိကပိုင်နည်းပညာကုမ္ပဏီတစ်ခုပေါ်ပေါက်လာခြင်းက အတော်လေးထူးဆန်းနေပေသည်။
''ကျန်းခိုင် စကားပြောတာတော်လောက်ပြီ။ ငါတို့ ကပ္ပိတ်ချန်းဆီ ပြန်သွားသင့်နေပြီ။''
ဆံပင်တိုတိုဖြင့် စက်ပြုပြင်လူသားမိန်းကလေးတစ်ဦးက ကျန်းခိုင်မရပ်မနားပြောနေသည်ကို သတိထားမိသောကြောင့် ဝင်၍သတိပေးလိုက်သည်။ ကျန်းခိုင်က အသိပြန်ဝင်လာပြီး လင်းဇီချန်နှင့် ရှန်ချင်းဟန်ကို ပြောလိုက်သည်။
''ဇီချန် ရှောင်ရှန် ငါလုပ်စရာတွေရှိသေးလို့ အရင်ပြန်နှင့်တော့မယ်။ မနက်ဖြန်ကျမှ စစ်ရေးပြကွင်းမှာ တွေ့ကြတာပေါ့။''
''ဟုတ်ပြီ။ မနက်ဖြန်တွေ့ကြမယ်။''
''ဘိုင့်ဘိုင် ကျန်းခိုင်''
လင်းဇီချန်နှင့် ရှန်ချင်းဟန်က နှုတ်ဆက်လိုက်ကြသည်။ မကြာခင်တွင်ပင် ကျန်းခိုင်နှင့်ထိုလေးဦးတို့ ပြန်သွားကြသည်။
ထိုလူများထွက်သွားသောအခါတွင် လီမော်ယွီက ချက်ချင်းပင် စပ်စုလိုက်၏။
''လင်းဇီချန် ခုနက နင်နဲ့စကားပြောနေတဲ့သူနဲ့ နင်က အတော်လေးရင်းနှီးကြတာလား။''
''အဲ့လိုတော့မဟုတ်ဘူး။''
လင်းဇီချန်က တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြောလိုက်သည်။
''သူက ငါတို့ အထက်တန်းကျောင်းသိုင်းပညာအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ပါ။ လမ်းပေါ်မှာတွေ့လို့ စကားပြောနေကြယုံတင်ပဲ။ မဟုတ်ရင် အဆက်အသွယ်မလုပ်ဖြစ်ကြဘူး။''
''ငါသိပြီ။''
လီမော်ယွီက ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် လော့်ရုန်ကျန်းက အကြံပြုလိုက်၏။
''(၁၂) ထိုးနေပြီ။ ဗိုက်ဆာလှပြီ။ ဆက်ပြီးလျှောက်မကြည့်ခင် ကန်တင်းသွားကြမယ်ဆိုရင်ရော ဘယ်လိုလဲ။''
''ငါလည်းဗိုက်ဆာနေပြီ။''
''သွားကြရအောင်။''
''ကန်တင်းက အစားအသောက်တွေက ကောင်းလာသိချင်နေပြီ။''
လော်ရုန်ကျန်း၏အစားအသောက်ဦးစားပေးအကြံပြုချက်ကို ကျန်လေးယောက်ကလည်း သဘောတူလိုက်သောကြောင့် အားလုံးသည် ကန်တင်းရှိရာသို့ ဦးတည်သွားကြတော့လေသည်။
အခန်း (၂၂၈) - အားကြီးသောမြို့တော်တက္ကသိုလ်မှကျောင်းသားသစ်များ
စစ်တပ်ကန်တင်းက လွန်စွာကျယ်ဝန်းလှသည်။ စတုရန်းကီလိုမီတာတစ်ထောင်ခန့်ရှိပေမည်။ အထဲတွင် စားပွဲကုလားထိုင်များမှလွဲ၍ ထူးထူးခြားခြားပြင်ဆင်ထားခြင်းမျိုး မရှိပေ။ လွန်စွာရိုးရှင်းသည့်ပုံဖြစ်ပြီး စစ်တပ်စတိုင်နှင့် ကိုက်ညီသည်။ ထိုအချိန်တွင် မွန်းလွဲပိုင်း (၁၂) နာရီရှိပြီဖြစ်ကာ နေ့လည်စာလာစားကြသည့် စစ်သားများဖြင့် ပြည့်နေသည်။
လင်းဇီချန်က အန္တရာယ်ကြိုတင်သိမြင်ခြင်းစွမ်းအားကိုသုံးပြီး ထိုစစ်သားများက သွေးမျိုးဆက်စွမ်းအားအဆင့်ကို ခန့်မှန်းကြည့်သည်။ အချို့အနည်းငယ်သည် အဆင့်မြင့်လွန်းသောကြောင့် ခန့်မှန်း၍မရနိုင်ပေ။ အာရုံခံနိုင်သည်မှာ တစ်ဝက်ခန့်က ကျွမ်းကျင်အဆင့်သက်ရှိများသာ ဖြစ်သည်။ ပျမ်းမျှအင်အားက မြင့်ကြသည်။ ထို့အပြင် အမျာစုသည် မကောင်းသည့်အငွေ့အသက်မျိုးရှိနေသည်။ ၎င်းတို့၏တည်ရှိမှုများက လွန်စွာအားကောင်းကြပေသည်။ ၎င်းတို့သည် မူလနယ်မြေတွင် များစွာသတ်ဖြတ်ခဲ့ရမည်။ လက်၌ သွေးများစွာစွန်းထင်းခဲ့ရခြင်းဖြစ်ပေမည်။
လင်းဇီချန်မိမိဘာသာ တွေးနေမိခြင်းဖြစ်သည်။ လူအချို့သည် အစားအသောက်ကျသင့်ငွေ့အတွင် ကတ်ဖြင့်ရှင်းပြီး ပြတင်းပေါက်နားမှထိုင်ခုံရှာကာ ထိုင်၍စားသောက်နေကြသည်။
''ရှောင်ချန် ဒီအစားအသောက်က အရသာရှိလိုက်တာ။ ငါတို့ကျောင်းကန်တင်းကထက် အများကြီးပိုကောင်းတယ်။''
ရှန်ချင်းဟန်က တစ်လုတ်စားကြည့်ပြီး မျက်လုံးများ အရောင်တောက်သွားကာ လှပသောမျက်နှာလေးက အံ့ဩမှုအပြည့်ဖြင့် ဖြစ်သည်။ ထိုမျှကြီးသောကန်တင်းက ထုတ်ပိုးပြီးသားအစားအစာများသာရ၍ အရသာက သာမန်သာဖြစ်မည်ဟု ထင်ခဲ့မိသည်။ ယခုတွင်မူ လွန်စွာမှ အရသာရှိသည်ကို သဘောပေါက်သွား၏။
''ရှောင်ချန် စားကြည့်။''
ရှန်ချင်းဟန်က တို့ဖူးကြော်တစ်ခုကောက်ယူပြီး လင်းဇီချန်၏ပါးစပ်နားတွင် တေ့ပေးလိုက်သည်။ လင်းဇီချန်ကလည်း စဉ်းစားမနေဘဲ ပါးစပ်ဟကာ စားလိုက်လေသည်။ အရသာခံပြီးနောက်တွင် ခေါင်းညိတ်ကာ သဘောတူလိုက်၏။
''အရသာက တကယ်မဆိုးဘူးပဲ။''
သေစမ်း!
ငါတို့လို ဆင်ဂဲလ်လေးတွေရှေ့မှာ လာချစ်ပြနေတာပဲ....။
ဒါက လူလုပ်သင့်တဲ့အရာလား?!
ရှန်ချင်းဟန်က လင်းဇီချန်ကို တို့ဖူးခွံ့ကျွေးသောမြင်ကွင်းကိုကြည့်ကာ လီမော်ယွီနှင့် လော်ရုန်ကျန်းတို့က သေမတတ်မနာလိုဖြစ်၍ စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။ မားရှီဝေကမူ ဘာမှမခံစားရပေ။ ထိုအခြေအနေတွင် သူမသည် ချစ်ကြည်နူးသည့်ကိစ္စများကို လုံးဝစိတ်မဝင်စားပေ။ သူမစိတ်ထဲတွင် ကိစ္စတစ်ခုသာရှိသည်။ ပိုပြီးအားကောင်းသည်ထက်အားကောင်းလာရန်သာဖြစ်သည်။ အားကောင်းလာပြီဆိုလျှင် မိမိဖခင် မားကျန်းဟယ်အတွက် တရားမျှတမှုကို ပြန်ရှာ၍ရမည်။
အားကောင်းလာခြင်းက အဘိုးအဘွားများရှေ့၌ ဖခင်ကို ဂုဏ်ရှိရှိဖြင့် ပြန်လည်ဦးမော့စေနိုင်မည်ဖြစ်သည်။
''ရှိဝေ ငါ့ကိုလည်း တို့ဖူးလေးကျွေးစမ်းပါ။ ငါလည်း အဲ့လိုမျိုး အလှလေးခွံကျွေးတာခံချင်လို့။''
လီမောယွီက မျက်နှာချင်းဆိုင်မှ မာရှိဝေကိုကြည့်ပြီး တောင်းဆိုလိုက်၏။ မာရှိဝေက ခေါင်းပင်မော့မလာဘဲ ကျိန်ဆဲလိုက်၏။
''သွားစမ်း။''
''ဟွတ်''
လီမော်ယွီငေါက်လိုက်သည်ကို မြင်သောအခါတွင် လော်ရုန်ကျန်းမှာ စားထားသည်များ သီးမတတ် ထရယ်မိလိုက်သည်။
လီမော်ယွီက ထူးဆန်းစွာပြုံးပြလိုက်၏။ အင်အားကိုသာနှစ်သက်သောမာရှိဝေသည် ၎င်းကဲ့သို့ အားကောင်းသောသူမျိုး နှစ်သက်မည်ဟု ထင်ခဲ့မိသောကြောင့် သူမဖြင့် ဆက်ဆံရေးကောင်းမွန်မည်မလားကို သိချင်သောကြောင့် စမ်းကြည့်မိခြင်းဖြစ်၏။ ကံမကောင်းစွာဖြင့် မာရှိဝေက လုံးဝပင် လျစ်လျူရှုထားကာ မိမိမှာ လူရွှင်တော်သာ ဖြစ်သွားရသည်။ ထိုအချိန်တွင် လူငါးဦးက ကန်တင်းထဲသို့ ဝင်လာသည်။ ယောကျာ်းလေးဦးနှင့် မိန်းကလေးတစ်ဦးပင် ဖြစ်၏။
အားလုံးသည် အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိကြသည်။ ဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသောလင်းဇီချန်က ထိုအဖွဲ့ကို ချက်ချင်းသတိထားမိလိုက်သည်။ ပထမဦးစွာ ထိုအဖွဲ့ထဲမှ မိန်းကလေးကို သတိထားမိခြင်းဖြစ်သည်။ ထိုမိန်းကလေးက လွန်စွာမှဆွဲဆောင်မှုရှိလှသည်။ အသားအရေကဖြူဖွေးကာ ကြော့ရှင်းလှပသည်။ တစ်ခုတည်းသောပြစ်ချက်က သူမ၏ခြေသလုံးနှင့်လက်မောင်းများက အနည်းငယ်တုတ်ခိုင်၍ ကြွက်သားများထွက်နေခြင်းပင်။ ထိုပုံစံက သူမ၏နူးညံ့သောပုံစံလေးကိုပျောက်သွားစေသည်။
ထိုငါးဦးသည် ကန်တင်းပတ်ချာလည်သို့ စပ်စုစွာဖြင့်ကြည့်နေကြသည်။ ထိုငါးယောက်သည် အထူးလေ့ကျင့်ရေးအတွက် ဖိတ်ခေါ်ခြင်းခံထားရသော ထိပ်တန်းကျောင်းသားများ ဖြစ်ဟန်ရှိကာ မြို့တော်တက္ကသိုလ်မှ လူသစ်များဖြစ်ပေမည်။ မြို့တော်တက္ကသိုလ်မှလူသစ်များဟု ခန့်မှန်းလိုက်ရခြင်းမှာ ၎င်းတို့သည် စက်ပြုပြင်လူသားများမဟုတ်ကြသောကြောင့် စက်နတ်ဘုရားအုပ်စစုလက်အောက်မှ ဖြစ်နိုင်ချေနည်းကြသည်။ ထို့နောက်တွင် စစ်တပ်လက်အောက်မှဝင်လာရန်ကလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် မြို့တော်တက္ကသိုလ်မှလူသစ်များသာဖြစ်မည်ဟု ကောက်ချက်ချမိခြင်းဖြစ်သည်။
နောက်တွင် လီမော်ယွီက လင်းဇီချန်၏ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်။ လီမော်ယွီက ခပ်လှမ်းလှမ်းမှ လူငါးဦးကိုကြည့်ပြီး စားနေသောမိမိတို့အဖွဲ့မှလေးယောက်ကို ပြောလိုက်သည်။
''ဝင်ပေါက်ကိုကြည့်လိုက်။ အဲ့လူတွေက အထူးလေ့ကျင့်ရေးအတွက်လာတဲ့ မြို့တော်တက္ကသိုလ်ကိုယ်စားပြုတဲ့ကျောင်းသားတွေ။''
''ရှေ့ကနှစ်ယောက်က အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေ။ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးတော့ သူတို့နှစ်ယောက်လုံးက မြို့တော်ခန်းမရဲ့ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်မှာ စာရင်းသွင်းလိုက်ကြတာ။''
''အဲ့နှစ်ယောက်က တစ်ယောက် ဒုတိယအဆင့်ထိပ်တန်းကျောင်းသားနဲ့ အခြားတစ်ယောက်က တတိယအဆင့်ထိပ်တန်းကျောင်းသား။ နှစ်ယောက်လုံးက ငါ့ကိုရှုံးထားတာ။ အထက်တန်းကျောင်းမှာတုန်းက သုံးနှစ်လောက် သူတို့ကို အနိုင်ပိုင်းလာတာ။''
နောက်ဆုံးစကားကို ပြောပြီးသောအခါတွင် လီမော်ယွီ၏မျက်နှာက ဂုဏ်ယူဝံ့ကြွားမှုအပြည့်ဖြင့် ကြည့်လိုက်ဟန်ပေါက်သည်။ တစ်ဖက်တွင်မူ ဒုတိယအဆင့်နှင့်တတိယအဆင့်ကျောင်းသားတို့ကလည်း ၎င်းကိုသတိထားမိ၍ ဖြည်းဖြည်းချင်း လျှောက်လာကြသည်။ မကြာခင်ပင် မြို့တော်တက္ကိသိုလ်အဖွဲ့က စားပွဲနားသို့ချည်းကပ်လာပြီး ရပ်သွားသည်။
နှစ်ယောက်ထဲမှ တတိယအဆင့်ကျောင်းသားက လီမော်ယွီကို ရန်စလိုသောအကြည့်ဖြင့်ကြည့်ကာပြောလိုက်သည်။
''သစ္စာဖောက် တိုက်ဆိုင်လိုက်တာ။''
သစ္စာဖောက်ဟုခေါ်ရခြင်းမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသောအခါတွင် လီမော်ယွီသည် မြို့တော်တက္ကသိုလ်သို့မတက်ဘဲ ထို့အစား ရှန်ဟိုင်းတက္ကသိုလ်သို့ လာတက်သောကြောင့်ဖြစ်ကာ မြို့တော်အထက်တန်းကျောင်းက ပြုစုပျိုးထောင်ပေးလိုက်သည်များကို သစ္စာဖောက်သွားသကဲ့သို့ ဖြစ်နေသောကြောင့် ဖြစ်၏။
လီမော်ယွီက ရယ်ကာ ပြန်ပက်လိုက်သည်။
''တတိယနေရာကအရှုံးသမား ဘယ်သူ့ကို သစ္စာဖောက်လို့ လာခေါ်နေတာလဲ။''
''ငါက အရှုံးသမားတဲ့လား။''
ထိုသူက ရယ်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် လီမော်ယွီကို ပြန်ပြောလိုက်သည်။
''လီမော်ယွီ အထက်တန်းကျောင်းတုန်းကအချိန်လိုများ မှတ်နေတာလား။''
''အချိန်တွေက ပြောင်းနေပြီ။ မင်းက သစ္စာဖောက်လုပ်ဖို့ ရွေးချယ်လိုက်တဲ့အချိန်ကစပြီး မင်းအင်အားက ငါနဲ့ ချင်ချွမ်းနာမည်အောက်မှာ ရောက်သွားပြီ။''
''အခု မင်းက ငါတို့မျက်လုံးထဲမှာတော့ အမှိုက်သက်သက်ပဲ။ သိလား။''
မျက်လုံးကျဉ်းကျဉ်းဖြင့်သူ၏လေသံက ပိုမြင့်လာပြီး စကားလုံးများက ရန်စနေပေသည်။ မြို့တော်တက္ကသိုလ်သို့မလာဘဲ အခြားပြည်နယ်မှတက္ကသိုလ်ဆီသို့ပြောင်းသွားသောလီမော်ယွီကို အထင်သေးနေခြင်းဖြစ်သည်။ သစ္စာဖောက်တစ်ယောက်အတွက် ရိုသေးလေးစားမှုဆိုသည်မှာ မရှိပေ။
''မင်းတို့နှစ်ယောက်က အဲ့လောက်တန်လို့လား။''
လီမော်ယွီက မချေမငံဖြင့် ပြန်ပြောလိုက်သည်။
''အမှိုက်တွေ။ မင်းတို့နှစ်ယောက်လုံးကို အနိင်ပိုင်းလို့ရတယ်။ မင်းတို့နှစ်ယောက် အိမ်ပြန်ပြီးအိပ်လိုက်တော့။''
နှစ်ဖက်လုံးက ပေါက်ကွဲထွက်နေပြီဖြစ်၍ ခေါင်းချင်းဆိုင်ကာ တိုက်ခိုက်နေကြသည်။ အချင်းချင်းကို အမှိုက်၊ အသုံးမကျသည့်ကောင်၊သစ္စာဖောက်ဟုသောစကားလုံးများဖြင့် ဆဲရေးတိုင်းထွာနေကြသည်။ ကန်တင်းမှစစ်သားများက ဆူဆူညံညံအသံများကြားသောကြောင့် စိတ်ဝင်တစားဖြင့် ခေါင်းလှည့်ကြည့်လိုက်ကြပေသည်။