အပိုင်း ၂၂၉-၂၃၁
Vol. 16 Ch. 229-231
အခန်း (၂၂၉) အားကြီးသောမြို့တော်တက္ကသိုလ်မှကျောင်းသားများ (၂)
'လီမော်ယွီ တိုက်ချင်နေတာလား။''
တစ်ချိန်လုံးတိတ်ဆိတ်နေသည့် မျက်မှောင်ကြုတ်ထားသော ချင်ချွမ်းဟူသည့် မြို့တော်မှ ဒုတိယအဆင့်ကျောင်းသားက ရုတ်တရက်ပင် လီမော်ယွီကို တည်ငြိမ်သောမျက်နှာဖြင့်ကြည့်ကာ မေးလိုက်သည်။ ထိုစကားကို ကြားသောအခါတွင် လီမော်ယွီက စားနေသည်ကို ရပ်လိုက်ပြီး မတ်တပ်ထကာ ပြောလိုက်သည်။
''ငါလည်း အဲ့တာပဲလိုချင်နေတာ။''
အနိုင်ကျင့်ရန်လိုက်ရှာနေသည့်အရှုံးသမားလီမော်ယွီက ငြင်းဆန်ရန် အကြောင်းမရှိပေ။ လာမည့်တိုက်ပွဲတွင် ထိုသူများ နင်းခြေပစ်မည်။ ၎င်းတို့နောက်ထပ်ပြန်မထောင်နိုင်အောင်အထိပင် နင်းခြေပစ်ပေမည်။
''အပြင်က စစ်ရေးပြကွင်းမှာ သိုင်းစင်မြင့်ရှိတယ်။ အဲ့မှာသွားပြီး စာရင်းရှင်းကြမယ်။''
ချင်ချွမ်းက လှည့်ကာ ကန်တင်းမှထွက်သွားပြီး စစ်ရေးပြကွင်းထဲမှ သိုင်းစင်မြင့်ဆီသို့ ထွက်သွားသည်။ လီမော်ယွီကလည်း ဆက်မပြောနေတော့ဘဲ နောက်မှလိုက်ပါသွား၏။
''သွားကြမယ်။ ငါတို့လည်း သွားကြည့်ရအောင်။''
ထိုသို့ပြောကာ လော်ရုန်ကျန်းက ပါးစပ်အပြည့် ထမင်းသွပ်လိုက်ပြီး ထိုင်ခုံမှထ၍ ပါးစပ်ထဲမှထမင်းများကိုဝါးကာ အပြင်သို့ထွက်သွားလေ၏။
လော်ရုန်ကျန်းထွက်သွားသည်ကို မြင်သောအခါတွင် မာရှိဝေက တိတ်တဆိတ်မတ်တပ်ထလိုက်ပြီး နောက်မှလိုက်လာသည်။ အားလုံးထွက်သွားသည်ကို မြင်သောအခါ၌ ရှန်ချင်းဟန်က လင်းဇီချန်ဘက်သို့လှည့်လာပြီး အကြံပေးလိုက်၏။
''ရှောင်ချန် ငါတို့လည်းသွားရအောင်။''
လင်းဇီချန်က ထရန်စိတ်ကူးမရှိဘဲ ဆက်၍သာ အေးအေးဆေးဆေးစားနေသည်။
''အရင်ဆုံးစားကြရအောင်။ အခုဗိုက်အပြည့်မဖြည့်ထားရင် ညနေကျ ဗိုက်ဆာနေလိမ့်မယ်။''
''ဪ။''
ရှန်ချင်းဟန်က ထိုင်ရန် ရွေးချယ်လိုက်ပြီး နာခံစွာဖြင့်သာ စားနေရာမှ လင်းဇီချန်ဗိုက်ပြည့်မှ ရန်ပွဲကိုသွားကြည့်ရတော့မည်ဖြစ်သည်။ အစီအစဉ်က ထိုသို့ဖြစ်သော်လည်း စားချင်စိတ်က မရှိပေ ။သူမ၏အာရုံက အပြင်တွင်သာ ရှိသည်။ အပြင်သို့သွား၍ ရန်ပွဲကို သွားကြည့်ချင်မိသည်။ ဆန့်ကင်ဘက်အနေဖြင့်မူ လင်းဇီချန်က သာမညရန်ပွဲကို ကြည့်ရန်စိတ်မဝင်စားဘဲ တိတ်ဆိတ်စွာသာ စားနေသည်။
သို့သော်လည်း ရှန်ချင်းဟန်က သွားချင်နေသည်ကို မြင်သောကြောင့် အနည်းငယ်မျှသာ ဟန်ပြစားလိုက်သည်။ ထို့နောက်တွင် တူကိုချ၍ သူမကို ပြောလိုက်သည်။
''ငါဗိုက်ပြည့်ပြီ။ သွားပြီးကြည့်ရအောင်။''
''သူတို့ပန်းကန်တွေက မရှင်းရသေးဘူး။ ရှင်းပြီးမှ သွားရအောင်။''
ရှန်ချင်းဟန်က တာဝန်သိသိဖြင့် ပြောလိုက်သည်။ လင်းဇီချန်က သူမကိုကူညီပြီး စားပွဲပေါ်မှ ပန်းကန်များရှင်းပေးကာ ထားရမည့်နေရာတွင်ထား၍ အပြင်ဘက်သို့ အတူတူထွက်သွားကြ၏
ကန်တင်းမှထွက်သွားပြီး စစ်ရေးပြကွင်းသို့ ရောက်သောအခါတွင် လူအုပ်က ဝိုင်းနေပြီးဖြစ်ကာ ကြည့်ရန် စိတ်လှုပ်ရှားနေကြသည်ကို ၎င်းတို့နှစ်ယောက် တွေ့လိုက်ရသည်။ အများစုက ကန်တင်းသို့သွားရန်လမ်းတွင် တွေ့လိုက်သောသူများဖြစ်သည်။ ထိုလူများက နေ့လည်စာသွားစားသည့်လမ်းတွင် တွေ့သည့်ရန်ပွဲကို စပ်စုစွာဖြင့် ရပ်ကြည့်နေကြခြင်းဖြစ်သည်။ အထူးသဖြင့် လေ့ကျင့်ရေးအတွက်လာသည့် တက္ကသိုလ်ကြီးနှစ်ခုမှ လူသစ်များ၏ရန်ပွဲဖြစ်သောကြောင့်ပင် ဖြစ်သည်။
ထိုအချိန်တွင် ပွဲကမစသေးပေ။ မည်သူမှ စင်ပေါ်တွင် ရောက်မနေသေးပေ။
နှစ်ဦးသည် စင်အောက်၌ ပြိုင်ပွဲ၏လောင်းကြေးစားကြေးနှင့်ပက်သက်ပြီး ဆွေးနွေးနေကြခြင်းဖြစ်သည်။ နှစ်ယောက်ပြိုင်ပွဲတွင် အနိုင်အရှုံးရှိသကဲ့သို့ လောင်းကြေးလည်းရှိရပေမည်။ လောင်းကြေးမရှိလျှင် အောင်နိုင်ခြင်းက အဓိပ္ပာယ်မဲ့သည်။ ဆွေးနွေးပြောဆိုကြပြီးနောက်တွင် နှစ်ဖက်လုံးက နိုင်သည့်သူကို အဘိုးဟုခေါ်ရန် သဘောတူလိုက်ကြသည်။
လောင်းကြေးကို သဘောတူပြီးသည်နှင့် လီမော်ယွီက စင်ပေါ်သို့အရင်ခုန်တက်သွားပြီး ဘဝင်မြင့်စွာဖြင့် မြို့တော်တက္ကသိုလ်မှ နှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
''မင်းတို့နှစ်ယောက်လုံး တက်လာခဲ့။ တစ်ယောက်ချင်းစီတိုက်နေရတာက အချိန်ကုန်တယ်။''
''အဲ့လိုလုပ်ဖို့မလိုဘူး။ ကောင်းမုတစ်ယောက်တည်းနဲ့တင် မင်းကို အမှုန့်ခြေပစ်ဖို့ လုံလောက်တယ်။''
ချင်ချွမ်းက လက်ပိုက်လျက်သားဖြင့် ပြောလိုက်သည်။
ကောင်းမုသည် မြို့တော်တက္ကသိုလ်၏ တတိယနေရာပိုင်ရှင် မျက်လုံးမှေးမှေးဖြင့်ကောင်လေးဖစြစ်သည်။
“ဟင် သူလား။?”
လီမော်ယွီက စိတ်ပျက်လက်ပျက်ဟန်ဖြင့်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
''မင်းလောက်ကိုများ လက်တစ်ဖက်တည်းနဲ့ အမှုန့်ခြေပစ်လို့ရတယ်။''
ပြောမပြီးခင်တွင် ကောင်းမုသည် စင်ပေါ်သို့ ခုန်တက်လာပြီး လီမော်ယွီကိုကြည့်၍ ပြောလိုက်သည်။
''ဘဝင်ရူးနေတဲ့မိန်းမ။ မကြာခင် အစော်ကားခံရတာက ဘယ်လိုမျိုးလဲဆိုတာ သိလာရလိမ့်မယ်။''
''ပါးစပ်ပိတ်ပြီး တိုက်ကြတာပေါ့။''
ထိုသို့ပြောကာ လီမော်ယွီက နတ်ဆိုးမျက်လုံးသတ္တဝါကြီးမျိုးစိိတ်နှင့် အရိပ်ညကြောင်မျိုးစိတ်ကို အသက်သွင်းလိုက်သည်။ ခန္ဓာကိုယ်က ကြီးမားလာပြီး ခရမ်းရောင်နားရွက်တစ်စုံက ခေါင်းထက်တွင် ထွက်လာသည်။
ညအရိပ်ကြောင်မျိုးစိတ်သည် မနေ့တွင်မှ အိမ်၌ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ပြီး အမြန်နှုန်းအတွက်သုံးရန်ဖြစ်သည်။ အင်အားနှင့်အမြန်နှုန်းနှစ်မျိုးလုံးအတွက်ဖြစ်သည်။ တစ်ဖက်တွင်မူ ကောင်းမုသည်လည်း သူ၏ခန္ဓာကိုယ်တွင်းမှ ဆန်းကြယ်သားရဲမျိုးစိတ်ကို အသက်သွင်းလိုက်သည်။
ရုတ်တရက်ပင် အရေပြားက မျက်စိဖြင့်မြင်ရသည့်အတိုင်းအတာဖြင့် မာကျောလာပြီး အရေခွံများဖြစ်သွားသည်အထိ ပြောင်းလဲသွားသည်။ လင်းဇီချန်က ထိုဆန်းကြယ်သားရဲကို မှတ်မိသည်။
ထိုသားရဲသည် သံချပ်ကာမြေနဂါးပင်ဖြစ်၏။
မဖောက်နိုင်သောခုခံမှုအတွက် နာမည်ကြီးသော မြေဓာတ်သားရဲပင်ဖြစ်ပေသည်။ အခြေခံအဆင့် နဝမအဆင့်သံချပ်ကာသားရဲသည်ပင် အဆင့်မြင့်ပထမအဆင့် နတ်ဆိုးမျက်လုံးသတ္တဝါကြီးဆီမှ ထိုးချက်ကို ခံနိုင်ရည်ရှိသည်။
''ဘုန်း။''
တိုက်မိသည့်အသံကျယ်ကြီးက ထွက်ပေါ်လာသည်။ သိုင်းစင်မြင့်ထက်တွင် လီမော်ယွီက ကောင်းမုကို စတိုက်တော့သည်။
လီမော်ယွီသည် တိုက်ခိုက်သည့်ဘက်မှဖြစ်ပြီး လက်သီးချက်က ဟင်းချက်အိုးတစ်အိုးစာလောက်ကြီးပြီး ခြေထောက်အားက စတီးပိုက်များကဲ့သို့ ခိုင်သည်။ တိုက်ခိုက်ချက်တိုင်းသည် ကောင်းမု၏သေစေနိုင်သောနေရာများကို ချိန်ရွယ်ထားသည်။
ခုခံသည့်ဘက်က ကောင်းမုကမူ ခန္ဓာကိုယ်အရေခွံကိုသာသုံး၍ လီမော်ယွီ၏တိုက်ခိုက်မှုများကို ခုံခံနေကာ လီမော်ယွီကိုအလစ်ကိုစောင့်၍ ပြန်တိုက်ရန် ကြည့်နေခြင်းဖြစ်သည်။ နှစ်ဦးလုံးသည် အပြင်းအထန်တိုက်နေကြလေပြီ။
သို့သော် တစ်ယောက်ကလည်း အခြားတစ်ယောက်ကို ထိခိုက်အောင်မလုပ်နိုင်သကဲ့သို့ အခြားတစ်ယောက်ကလည်း တစ်ယောက်ကို မချနိုင်ပေ။ မည်သူမှ အသာစီးမရကြပေ။
''ရှောင်ချန် အဲ့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဘာမှမလုပ်နိုင်ကြတဲ့ပုံပဲ။ ဒီလိုမျိုးဆက်ပြီးတိုက်နေရင် ဒီအတိုင်းပဲ အဆုံးသတ်သွားလိမ့်မယ်။''
တိုက်ပွဲကိုခေတ္တမျှကြည့်ကာ ရှန်ချင်းဟန်က မည်သည့်ဘက်ကမှ အသာစီးမရသည်ကို မြင်သောအခါတွင် လင်းဇီချန်ကို ပြောလိုက်သည်။
လင်းဇီချန်ကမူ တည်ငြိမ်နေသည်။
''ဒီတိုက်ပွဲက ဒီတိုင်းအဆုံးမသတ်ဘူး။ ကောင်းမုဆိုတဲ့မြို့တော်တက္ကသိုလ်ကတစ်ယောက် နိုင်လိမ့်မယ်။''
''ဘာလို့အဲ့လိုပြောရတာလဲ။''
ရှန်ချင်းဟန်က ခေါင်းလှည့်ပြီး တွေဝေစွာကြည့်လိုက်သည်။ စင်ပေါ်မှအခြေအနေကို ငါးဆယ်၊ငါးဆယ်ဟု ထင်မိသော်လည်း လင်းဇီချန်ကမူ ကောင်းမုနိုင်မည်ဟု အဘယ့်ကြောင့်အတည်ပေါက်ပြောနေရသည်ကို နားမလည်ပေ။ လင်းဇီချန်က သူမနားနားလေးသို့ကပ်ပြီး ရှင်းပြလိုက်သည်။
''မြို့တော်တက္ကသိုလ်က တစ်ယောက်က သူ့စွမ်းအားကိုဖုံးကွယ်ထားတယ်။ အကုန်မထုတ်ရသေးဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ သားရဲမျိုးစိတ်နှစ်မျိုး အသက်မသွင်းဘဲ ကျန်သေးတာကို သတိထားမိတယ်။ လီမော်ယွီကတော့ အကုန်ထုတ်သုံးပြီးနေပြီ။''
''အဲ့လိုလား။''
ရှန်ချင်းဟန်က မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့် တွေဝေနေဟန်ပေါက်သည်။ မည်သူကအကုန်ထုတ်သုံးသည် မသုံးရသေးသည်ကို မည်သို့များ ပြောနိုင်သည်လော။ ရှောင်ချန်၏စူပါပါဝါများပေလော။ အခြားသူများ၏ ဝှက်ဖဲကို မြင်နိုင်သည်လော။ ရှန်ချင်းဟန်တွေးမိနေရာမှ အမြန်ပင် စင်မြင့်ကို အာရုံပြန်စိုက်လိုက်သည်။
အဆုံးသတ်တွင် လင်းဇီချန်ပြောသည့်အတိုင်း ကောင်းမုက နိုင်မည်လားဆိုသည်ကို သိချင််မိသည်။
နှစ်မိနစ်ခန့်ကြာပြီးနောက်တွင် စင်မြင့်ထက်မှနှစ်ယောက်သည် အချင်းချင်း ခွာသွားကြသည်။ လီမော်ယွီက ကောင်းမုကို မျက်မှောင်ကြုတ်၍ကြည့်ကာ ပြောလိုက်သည်။
''ပေါင်းလို့ရတဲ့မျိုးစိတ်တွေထဲကမှ ဘာလို့ ခုပဲခုခံနိုင်ပြီး ပြန်မတိုက်နိုင်တဲ့ သံချပ်ကာမြေနဂါးကိုရွေးလိုက်ရတာလဲ။ လိပ်လိုမျိုးကစားပြီး သရေကျဖို့ မျှော်လင့်နေတာလား။ အဲ့လိုဆို ပျော်စရာမကောင်းတော့ဘူး။''
''ခုပဲခုခံတယ်။ မတိုက်ခိုက်ဘူးတဲ့လား။ သရေကျမှာတဲ့လား။''
ကောင်းမုက ရယ်လိုက်ပြီး လီမော်ယွီကိုကြည့်၍ ပြောလိုက်သည်။
''ထိပ်တန်းကျောင်းသားကြီး မင်းက ရှိသမျှအားထုတ်သုံးပြီး ငါကအကုန်ထုတ်မသုံးရသေးဘူးများ ဖြစ်နေမလား။''
ပြောပြီးသောအခါတွင် သူသည် အတွေးဖြင့် နောက်ထပ်ဆန်းကြယ်သားရဲမျိုးစိတ်ကို အသက်သွင်းလိုက်သည်။
ချက်ချင်းပင် ခန္ဓာကိုယ်က မျက်စိဖြင့်မြင်နိုင်သောနှုန်းဖြင့် ဖောင်းကားလာသည်။
ခန္ဓာကိုယ်ထက်၌ ကြွက်သားများက ပေါက်ကွဲလုမတတ် ထွက်လာသည်။ တစ်ကိုယ်လုံး၏တစ်ဝက်ခန့်မျှ ပိုကြီးလာသည်။ နတ်ဆိုးမျက်လုံးလူဝံကြီးမျိုးစိတ်ပင် ဖြစ်လေ၏။
ကောင်းမုသည် လီမော်ယွီကဲ့သို့ပင် နတ်ဆိုးမျက်လုံးလူဝံကြီးမျိုးစိတ်ဖြင့် သွေးမျိုးစပ်ထားသည်။
''မဖြစ်နိုင်တာ။''
''မင်းပါရမီနဲ့ ဘယ်လိုလုပ် လူသစ်နှစ်မှာပဲ မျိးစိတ်နှစ်မျိုးကို ပေါင်းစပ်နိုင်ရတာလဲ။ တစ်ခုခုတော့မှားနေပြီ။''
ကောင်းမုက ရှင်းပြလိုက်သည်။
''လီမော်ယွီ ငါ့ပါရမီက မင်းလောက်မကောင်းဘူးဆိုတာက အမှန်ပဲ။''
''ဒါပေမဲ့လို့''
''မြို့တော်တက္ကသိုလ်က သွေးမျိုးစပ်တဲ့နည်းပညာက ရှန်ဟိုင်းတက္ကသိုလ်ထက်သာတယ်။ င့ါလိုပါရမီနည်းတဲ့သူကိုတောင် ပထမနှစ်မှာတင် နှစ်မျိုးစပ်လို့ရအောင် လုပ်ပေးတယ်။''
''မြို့တော်တက္ကသိုလ်ကို သစ္စာဖောက်ပြီး ရှန်ဟိုင်းတက္ကသိုလ်မှာ သွားတက်လိုက်တာက မင်းဘဝရဲ့အကြီးမားဆုံးအမှားပဲ။''
ထိုသို့ပြောကာ ကောင်းမုက အချိန်ဖြုန်းမနေတော့ဘဲ ချက်ချင်းပင် မြားတစ်စင်းနှယ် လီမော်ယွီကို တိုက်ခိုက်တော့သည်။ ကောင်းမု၏တိုက်ခိုက်သည့်အမြန်နှုန်းက မမြန်ဆန်သောကြောင့် လီမော်ယွီရှောင်နိိုင်သည်။ သို့သော် လီမော်ယွီက မရှောင်ပေ။ သူ၏မျက်လုံးထဲတွင် ကောင်းမုသည် အမြဲတမ်းရှုံးနိမ့်နေသည့်အစေခံသက်သက်သာ ဖြစ်သည်။ သူမ၏မာနက ထိုသို့လူတစ်ယောက်ဆီတွင် ရှောင်ခွင့်မပြုပေ။ ထို့ကြောင့် အားဖြင့် တွေ့ဆုံလိုက်ရတော့သည်။
“ဘုန်း ဘုန်း ဘုန်း…”
နားကွဲမတတ်ရိုက်ချက်အသံများက ထွက်ပေါ်လာသည်။ လီမော်ယွီနှင့်ကောင်းမုက အပြန်အလှန်တိုက်ခိုက်ကြပြီး အစမှအဆုံးထိ မရှောင်ကြဘဲ အားချင်းပြိုင်နေကြပေသည်။ အပြန်အလှန်ထိုးချက်များက အနည်းဆုံး မိနစ်ဝက်ခန့်ကြာသည်။
အဆုံးသတ်တွင်မူ ပြိုင်ဘက်လောက် တိုက်ခိုက်သည့်အားမကောင်းသည့်လီမော်ယွီက ရှုံးသွားတော့သည်။ လက်သီးများပွင့်ကာ အရိုးများကြေသွားပြီး အားလည်းကုန်သွားပြီဖြစ်သည်။ သိုင်းစင်မြင့်ပေါ်သို့တက်လာပြီး နောင်တကြီးစွာဖြင့် ရှုံးနိမ့်သွားရသည်။
''သစ္စာဖောက် ငါ့ကို အဘိုးလို့ခေါ်စမ်း။''
နိုင်ပြီးနောက်တွင် ကောင်းမုသည် စင်မြင့်အစွန်တွင်ရပ်၍ လီမော်ယွီကို ငုံ့ကြည့်ကာ အထက်စီးမှ အော်ပြောလိုက်သည်။ လီမော်ယွီသည် စိတ်တိုတိုဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သို့သော်လည်း ထိုသို့နာကျင်မှုက ချွေးပြန်စေသည်။ လက်သီးများကြေမွသွားပြီး လက်သီးပင် ကောင်းကောင်းမဆုပ်နိုင်တော့ပေ။ လူအုပ်ကြောင့်သာမဟုတ်လျှင် နာလွန်းသဖြင့် အော်ငိုမိလောက်သည်။
''အရှုံးကို ဝန်မခံသေးဘူးလား။''
လီမော်ယွီက အဘိုးဟုခေါ်ရန် နှောင့်နှေးနေသဖြင့် ကောင်းမုက ဂုဏ်ယူနေသောမျက်နှာထားဖြင့် ပြောလိုက်သည်။ လီမော်ယွီက မိမိ၏အရှုံးကို လက်ခံရန် ပြင်ဆင်ထားပြီးဖြစ်သည်။ အံကြိတ်၍ စော်ကားခြင်းကို သည်းခံကာ စင်ပေါ်မှကောင်းမုကို အော်ပြောလိုက်သည်။
''အဘိုး!''
အဘိုးဟုအော်ပြောပြီးနောက်တွင်မူ လီမော်ယွီသည် ချက်ချင်းပင် လူအုပ်ထဲမှ ပျောက်ကွယ်သွားကာ အနိုင်ကျင့်စော်ကားခြင်းကို ဆက်၍ မခံလိုတော့ပေ။
အခန်း (၂၃၀) မြို့တော်တက္ကသိုလ်မှပါရမီရှင်ကိုအနိုင်ပိုင်းခြင်း
လီမော်ယွီ ထွက်ပြေးသွားသည်။ ပရိတ်သတ်ထုကြီးရှေ့တွင် သိုင်းစင်မြင့်ထက်၌ လက်အောက်ငယ်သားတစ်ယောက်ကို ရှုံးသွားပြီး အဘိုးဟုပင် ခေါ်ခဲ့ရသေးသည်။ ထို့ကြောင့် မိမိမှာ ရစရာမျက်နှာပင် မကျန်ဘဲ အတော်လေးအထိနာသွားရသည်။ စင်မြင့်ထက်မှ စက္ကန့်တိုင်းက နှိပ်စက်နေခြင်းသာ ဖြစ်၏။ ကောင်းမုက လီမော်ယွီပျောက်သွားသည့်နေရာကို ကြည့်ပြီး ခန္ဓာကိုယ်ထဲမှ ချီသွေးကိုစု၍ အော်ချပစ်သည်။
''လီမော်ယွီ မင်းတို့ လီမိသားစုက မင်းအစား မင်းအစ်ကို လီယိကျင်းကို ဘာလို့အားပေးရလဲသိလား။''
''မင်းက ဘာမှမဟုတ်တဲ့ကောင်မလို့ပဲကွ။''
''မင်းက မင်းတို့ရှန်ဟိုင်းတက္ကသိုလ်မှာ ထိပ်တန်းကျောင်းသားဖြစ်မလာဘူးလို့ကြားထားတယ်။ လင်းဇီချန်ဆိုတဲ့တစ်ယောက်ဆီမှာ ရှုံးသွားတယ်ဆို။ အရှုံးသမား။''
ကောင်းမုသည်နောက်ဆုံးစကားကို ပို၍ကျယ်လာင်စွာ အော်ပြောလိုက်သည်။ အောက်ကျပြီးသားလူကို ထပ်၍ကန်လိုက်ခြင်းမျိုးပင် ဖြစ်သည်။
စိတ်ထဲ၌ ပေါက်ကွဲထွက်လုနီးပါးဖြစ်သွားရသည်။ လူအုပ်ကြားမှ လီမော်ယွီသည် ကောင်းမု၏အော်သံအကျယ်ကြီးကို ကြားသောအခါတွင် အတော်လေးဒေါသထွက်သွားသည်။ သို့သော် အရေးမသာသောကြောင့် မကြားချင်ယောင်ဆောင်ကာသာ လိပ်လေးနှယ်အခွံထဲ၌ ခေါင်းဝင်၍ ပုန်းနေရသည်။
အနှေးနှင့်အမြန်ပင် အထက်တန်းကျောင်းမှာကဲ့သို့ပင် ထိုကောင်းမုကို ခြေဖဝါးအောက်ရောက်အောင်လုပ်ပြီး တစ်ခါတည်းဖြင့်ရှုံးသွားသည့်အရှုံးသမားဖြစ်အောင် လုပ်မည်ဟု ကြိမ်းဝါးလိုက်မိသည်။
…
စင်အောက်တွင် မာရှိဝေက မျက်မှောင်အသာကြုတ်ပြီး ပဟေဠိဖြစ်နေပေသည်။
''လီမော်ယွီရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်တွေက ခန္ဓာကိုယ်အားရော သွေးမျိုးစပ်နိုင်စွမ်းရောက ကောင်းဟုထက် ပိုသာတယ်မလား။''
''မြို့တော်တက္ကသိုလ်ရဲ့ သွေးမျိုးစပ်နည်းပညာက ပိုကောင်းတယ်။ ဒါပေမဲ့လို့ ရှန်ဟိုင်းတက္ကသိုလ်လောက်တောင့် အဆင့်တူအားကောင်းတာမျိုး မဟုတ်ဘူး။''
''ဒီလိုမျိုးပြောရင်တော့ ကောင်းမုက လီမော်ယွီကို နှစ်ဝက်အတွင်း သာသွားတာက ဖြစ်မှမဖြစ်နိုင်တာ။''
''တော်တော်လေးကျိုးကြောင်းမသင့်လျော်ဘူး။''
မြို့တော်တက္ကသိုလ်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲ စတုတ္ထနေရာပိုင်ရှင် မာရှိဝေသည် မိမိထက်သာသော ထိုလူသုံးယောက်ဖြင့် ရင်းနှီးနေသည်။ တတိယအဆင့်ကောင်းဟုနှင့် ပထမအဆင့်လီမော်ယွီကြားမှခြားနားချက်က မည်မျှကြီးကြောင်းကို ကောင်းစွာသိသည်။ တတိယအဆင့်ကောင်းဟုက ပထမအဆင့်လီမော်ယွီကို နှစ်ဝက်အတွင်း မည်သို့အနိုင်ယူသွားသည်ကို ဉာဏ်မမှီတော့ပေ။
သူမပြောနေသည်ကို နားထောင်နေသောလင်းဇီချန်ကမူ မသင့်တော်ဟု မထင်မိပေ။ လောကကြီးက ထူးဆန်းလှသည်။ အမည်မသိနေရာများကို မထုတ်ဖော်ရသေးပေ။ ပို၍အားကောင်းလာနိုင်သောနည်းလမ်းများစွာလည်းရှိသည်။ တစ်စုံတစ်ယောက်သည် ထူးဆန်းစွာအားကောင်းလာနိုင်သည်ကလည်း ကျိုးကြောင်းမဆီလျော်ခြင်းမျိုးမဟုတ်ပေ။
ဥပမာဆိုရလျှင် အနီးအနားတွင်ရှိသည့် ရှန်ချင်းဟန်ပင်ဖြစ်သည်။ ကလေးဘဝက သူမသည် သိမ်မွေ့ကာ အားနည်းသည်။ လူကြောက်တတ်ကာ အခြားသူများကိုပင် စကားကျယ်ကျယ်မပြောရဲပေ။ သို့သော် သူမ၏ပြိုင်စံရှားခန္ဓာကိုယ်ကြောင့် အရွယ်ရောက်လာသည်နှင့် သူမပြောခဲ့သည့်အတိုင်း ပိုအားကောင်းလာသည်။ ကျယ်ပြောသောလောကကြီးတွင် ရှန်ချင်းဟန်ကဲ့သို့သူများလည်း ရှိပေမည်ဟု လင်းဇီချန် ယုံကြည်မိသည်။
မြို့တော်တက္ကသိုလ်မှ လူသစ်ကောင်းမုသည်လည်း ထိုသို့သူမျိုးပင် ဖြစ်ပေမည်။ သူ၏တိုးတက်မှုက ရှန်ချင်းဟန်ကို မမီသေးပေ။ ရှန်ချင်းဟန်သို့ တိုးတက်လာသူမျိုးက လောကကြီးတွင် ရှာရခက်ပေမည်။ မဟုတ်လျှင် ယွမ်သုန်ကျီက သူမကို ထပ်ခါထပ်ခါငေးကြည့်နေမိမည်မဟုတ်ပေ။
''မင်းတို့နှစ်ယောက်မှာ လင်းဇီချန်က ဘယ်သူလဲ။''
ကောင်းမုသည် သိုင်းစင်မြင့်တစ်ဖက်ဆီသို့ လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ စင်အောက်မှ လင်းဇီချန်နှင့် လော်ရုန်ကျန်းကိုကြည့်၍ မေးလိုက်သည်။
''ငါပဲ။''
လင်းဇီချန်က ထူးခြားစွာ မေးလိုက်ပေသည်။ ကောင်းမုသည် ၎င်းကို အာရုံစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
''မင်းက ရှန်ဟိုင်းတက္ကသိုလ်မှာ လီမော်ယွီကို အနိုင်ပိုင်းလိုက်တယ်ကြားတယ်။ ငါတို့ စင်ပေါ်မှ ချကြည့်ကြမလား။''
လီမော်ယွီကို အနိုင်ယူရသည်ဖြင့် မလုံလောက်သေးပေ။ လီမော်ယွီကို အနိုင်ယူထားသော လင်းဇီချန်ကိုပါ နိုင်ချင်နေသည်။
လီမော်ယွီကို မိမိတို့ကြားမှခြားနားချက်ကို နားလည်စေရန်ဖြစ်သည်။ ထိုသူတွေးနေသည်ကို လင်းဇီချန်က နားလည်သောကြောင့် မငြင်းဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
''လောင်းကြေးကဘာလဲ။''
''ရှုံးတဲ့သူက နိုင်တဲ့သူကို အဘိုးလို့ခေါ်ကြေး။''
''အဲ့တာမျိုးက လောင်းတာမဟုတ်ဘူး။ လောင်းမယ်ဆိုရင်တော့ ထိတွေ့ကိုင်တွယ်လို့ရတဲ့ပစ္စည်းမျိုးနဲ့ပဲ လောင်းကြမယ်။''
လင်းဇီချန်သည် ဖေဖေ ဘိုးဘိုးဟုခေါ်ရမည့် လောင်းကြေးမျိုးကို စိတ်မဝင်စားပေ။
ငွေနှင့် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကိုသာ စိတ်ဝင်စားသည်။ ကောင်းမုက ခေတ္တမျှစဉ်းစားလိုက်ပြီး ပြောလိုက်၏။
''ငါ့အဆောင်မှာ အဆင့်မြင့်ချီသွေးဆေးလုံးဆယ်လုံးရှိတယ်။ နိုင်ရင် မင်းအပိုင်ပဲ။''
အဆင့်မြင့်ချီသွေးဆေးလုံးကပင် ယွမ်တစ်သိန်းဖြင့် ညီမျှသည်။ ဆယ်လုံးဆိုလျှင် တစ်သန်းဖြစ်သည်။ လောင်းကြေးက ရက်ရောလွန်းလှပေသည်။
လင်းဇီချန်က လောင်းကြေးကို လက်ခံလိုက်ပြီး ချက်ချင်းပင် သိုင်းစင်မြင့်ထက်သို့တက်သွားကာ လေသံအေးအေးဖြင့် ပြောလိုက်သည်။
''င့ါမှာ အဆင့်မြင့်အဆင့်ပြန်လည်သက်ဝင်ဆေးလုံးဆယ်လုံးရှိတယ်။ မင်းဆေးလုံးလောက်ပဲ တန်ကြေးရှိတယ်။ မင်းနိုင်ရင် မင်းအပိုင်ပဲ။''
''ကောင်းပြီ။''
ကောင်းမုက မတ်တပ်ရပ်၍ မေးလိုက်သည်။
''မင်းက သွေးသန့်လူသားလမ်းစဉ်ကို လိုက်တယ်လို့ကြားထားတယ်။''
လင်းဇီချန်က ပြန်ဖြေလိုက်၏။
''ဟုတ်တယ်။''
ကောင်းမုက ခေါင်းခါရင်းဖြင့် ပြုံးပြလိုက်သည်။
''မင်းက သွေးမျိုးစပ်ခြင်းလမ်းစဉ်ရဲ့တောက်ပတဲ့အနာဂတ်ကို လျစ်လျူရှုပြီး သွေးသန့်လူသားလမ်းစဉ်ကို လိုက်သွားတာပဲ။''
''သူငယ်ချင်း မင်းကတော်တော်လေးမိုက်တာပဲ။''
''လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မြို့တော်တက္ကသိုလ်မှာ သွေးသန့်လူသားလမ်းစဉ်လိုက်သွားတဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ရှိတယ်။ သူ့ဘာသာသူ လောကအသစ်တစ်ခုကို ဖော်ဆောင်နိုင်မယ်ထင်ခဲ့တာလေ။''
''ပြီးတော့ ဒီနေ့နောက်ဆယ်နှစ်ကြာပြီးတော့ အဲ့ကျောင်းသားလည်း မထင်မရှားနဲ့ပဲ ဘဝကပျက်သွားရတာပဲ။''
''အတိတ်ကနေ သင်ခန်းစာဘူပြီး အနာဂတ်မှာ သင်ကြားပေးရမှာ။ သွေးသန့်လူသားလမ်းစဉ်ကို မြန်မြန်လက်လျော့ပြီး သွေးမျိုးစပ်လမ်းစဉ်ကိုပဲလိုက်စမ်းပါ။ မင်းဘာသာမင်း မဖျက်ဆီးပစ်စမ်းပါနဲ့။''
ကောင်းမုက လေသံကျယ်ကျယ်ဖြင့် ဆုံးမနေကာ မိမိဘာသာ ဆရာကြီးဟု ထင်နေဟန်ပေါက်သည်။ သူ၏စကားကို ကြားသောအခါတွင် စစ်သားတော်တော်များများက တီးတိုးပြောကြတော့သည်။
၎င်းတို့သည် မူလနယ်မြေကိုသာ စောင့်ရှောက်နေရသောကြောင့် အပြင်မှကိစ္စများကို အာရုံစိုက်မိသည်က ရှားသည်။ သွေးသန့်လူသားလမ်းစဉ်လိုက်သောသူမျိုးကို တွေ့ရသည့်အခါတွင် အံ့အားသင့်နေကြ၏။
''ရူးတဲ့သူကပဲ အဲ့လိုလုပ်မှာမဟုတ်လား။''
''အရဲစွန့်လွန်းရာကျတယ်မလား။''
''အထူးလေ့ကျင့်ရေးမှာ တက္ကသိုလ်ကိုယ်စားပြုပါနိုင်တယ်ဆိုကတည်းက သူ့ပါရမီက မေးခွန်းထုတ်စရာကိုမလိုဘူး။ သွေးမျိုးစပ်လမ်းစဉ်သာလျှောက်ရင် ဖြုန်းတီးရာကျမှာမဟုတ်ဘူး။ သူဘာစဉ်းစားနေလဲမသိတော့ဘူး။''
လင်းဇီချန်၏ရွေးချယ်မှုကို စစ်သားအားလုံးကပါ နားမလည်နိုင်သောကြောင့် ခေါင်းတခါခါဖြင့် ပြောနေကြသည်။
သွေးသန့်လူသားလမ်းစဉ်တွင် မျှော်လင့်ချက်မရှိသောကြောင့် ရူးနေသည့်သူကသာ ထိုလမ်းစဉ်ကို လိုက်မည်ဟု ထင်မြင်မိကြလေ၏။
အခန်း (၂၃၁) မြို့တော်တက္ကသိုလ်မှပါရမီရှင်ကိုအနိုင်ပိုင်းခြင်း(၂)
ဘေးပတ်ဝန်းကျင်မှ တီးတိုးပြောသံများကို ကြားသောအခါတွင်ရှန်ချင်းဟန် စိတ်ပူလာမိသည်။ သူမက ဆွဲဆောင်မှုရှိသောမျက်မှောင်လေးကိုကြုတ်ပြီး စင်ပေါ်မျ ကောင်းမုကို စိတ်ပျက်ပျက်ဖြင့် ပြောလိုက်သည်။
''သွေးသန့်လူသားလမ်းစဉ်မှာလည်း တောက်ပတဲ့အနာဂတ်ရှိတာပဲ။ နင့်လိုမျိုး အမြင်ကျဉ်းတဲ့သူက နားလည်မှာမဟုတ်ဘူး။''
''အင်း။ ငါတော့နားမလည်ဘူး။''
ကောင်းမုက မဲ့ပြုံးပြုံးပြီး ပြောလိုက်သည်။
''ဒါပေမဲ့ ငါနားလည်ထားတာ တစ်ခုကတော့ သွေးသန့်လူသားလမ်စဉ်က သာမန်သွေးမျိုးဆက်စွမ်းအားအဆင့်လောက်နဲ့ အနှောင်အဖွဲ့တွေကို မဖျက်နိုင်ဘူးဆိုတာပဲ။ တစ်နေ့ကျရင် ရှန်ဟိုင်းတက္ကသိုလ်က သုတေသနတက္ကသိုလ်ကလည်း လဲပြိုသွားရမှာပဲ။''
ထိုစကားက စော်ကားလွန်းသောအချက်ဖြစ်နေသည်။
တစ်တိုင်းပြည်လုံးတွင် သွေးသန့်လူသားလမ်းစဉ်ကို အလေးထားဆဲဖြစ်သော် တစ်ခုတည်းသောအဖွဲ့အစည်းသည် လျို့ချွမ်ဝူအုပ်ချုပ်နေသည့် သွေးသန့်လူသားသုတေသနတက္ကသိုလ် တစ်နည်းဆိုလျှင် ကောင်းကင်လူသားအဖွဲ့အစည်းတစ်ခုတည်းသာ ရှိတော့သည်။
ကောင်းကင်လူသားအဖွဲ့အစည်း၌ အဖွဲ့ဝင်များစွာရှိပုံပေါ်ကာ သိုင်းပညာအားကစားခန်းမ၏ဆရာနှင့်တပည့်များကလည်း တစ်စိတ်တစ်ပိုင်းဖြစ်နေသည်။ သို့သော် အမှန်တွင် များသည်ဆိုသည်က နာမည်ခံမျှသာဖြစ်၏။ သွေးမျိုးစပ်လမ်းစဉ်ကို မလိုက်နိုင်သူများ၊ စက်ပြုပြင်ပြောင်းလဲခြင်းကို မလုပ်နိုင်သောသူများကသာ ထိုလမ်းကို ရွေးချယ်ကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် အားလုံးကို အဖွဲ့ဝင်အစစ်အမှန်ဟု ယူဆ၍ မရနိုင်ပေ။
အဖွဲ့ဝင်အစစ်အမှန်ဆိုသည်မှာ သွေးသန့်လူသားလမ်းစဉ်ကို အမှန်တကယ်ယုံကြည်သော လျို့ချွမ်ဝူ၊ လင်းဇီချန်နှင့် စုန်ယွီရန်တို့သာ ဖြစ်သည်။ ရှန်ချင်းဟန်၏ပါဝင်ပက်သက်မှုကိုလည်း ထည့်၍ ရေတွက်နိုင်သည်။ သို့သော်လည်း သူမည် သွေးသန့်စင်ခြင်းကျင့်စဉ်ကိုသာ လေ့ကျင့်နေပြီး သုတေသနတွင်မူ မပါပေ။
''စကားများနေတာတော်လောက်ပြီ။ ချကြတာပေါ့။''
လင်းဇီချန်က ပြောလိုက်ခြင်းဖြစ်သည်။
ထိုစကားကို ကြားသောအခါတွင် ကောင်းမုလည်းပြောနေသည်များ ရပ်သွားပြီး ပြိုင်ဘက်လင်းဇစီချန်ဖြင့် ဆန့်ကျင်ဘက်၌ နေရာယူလိုက်ပြီး ပြောလိုက်၏။
''မင်းက အလျင်လိုနေတယ်ဆိုမှတော့ စကြတာပေါ့။''
ပြောပြီးနောက်တွင် ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းပြီး ခြေထောက်တစ်ဖက်ကို အခြားတစ်ဖက်ရှေ့တွင် ထား၍ ကားလိုက်သည်။ လက်မောင်းဖြင့် ရှေ့ကိုကာလိုက်ကာ ခုခံသည့်အနေအထားကိုပြင်လိုက်ပြီး လင်းဇီချန်လာတိုက်မည်ကို စောင့်နေသည်။
သူသည် သံချပ်ကာမြေနဂါးမျိုးစိတ်နှင့် နတ်ဆိုးမျက်လုံးလူဝံကြီးအဖြစ် ဆင့်ကဲပြောင်းလဲပြီးသားဖြစ်သည်။ ခံစစ်နှင့်တိုက်စစ်က ဟန်ချက်ညီနေသည်။
အမြန်နှုန်းကမူ အတော်လေးလိုသေး၏။ စတင်တိုက်ခိုက်လျှင် အရေးသာမည်မဟုတ်ပေ။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းက ခုခံခြင်းကိုသာ အာရုံစိုက်ထားရန်ဖြစ်သည်။ ခုခံနေစဉ်တွင် ပြိုင်ဘက်၏အားနည်းချက်ကို ရှာရမည်။ အချိန်မှန်ရောက်သည့်အခါ၌ ခပ်ပြင်းပြင်းတစ်ချက်တည်းဖြင့် တိုက်ပစ်မည်။ သူ၏ဗျူဟာသည် နောက်မှတိုက်၍ အသာစီးရရန် ဖြစ်၏။
စင်အောက်မှ လော်ရုန်ကျန်းက ချက်ချင်းပင် အော်ပြောလိုက်သည်။
“ဇီချန်!”
''သူက သံချပ်ကာမြေနဂါးနဲ့ နတ်ဆိုးမျက်လုံးလူဝံကြီးမျိုးစိတ်နဲ့ ဆင့်ကဲပြောင်းလဲထားတာ။ တိုက်ရည်နဲ့ခံနိုင်ရည်က မြင့်ပေမဲ့လို့ နှေးနေတယ်။ သူနဲ့ ခေါင်းချင်းသွားမဆိုင်နဲ့။ မင်းမြန်တာကို အသုံးချပြီး ပတ်ချာဝိုင်းထားလိုက်။''
''မင်းသတိရှိနေသမျှ သူ့ကိုချနိုင်မှာမဟုတ်ဘူး။ မင်း သူ့ကို အကြာကြီးထားထားလို့ရတယ်။''
အဆင့်နိမ့်သွေးမျိုးစပ်ဆင့်ကဲပြောင်းလဲသူများသည် အချိန်တော်ကြာသည်အထိ ခန္ဓာကိုယ်ထဲမှ ဆန်းကြယ်သားရဲမျိုးစိတ်ကို ချက်ချင်းအသက်မသွင်းနိုင်ပေ။ မဟုတ်လျှင် သန္ဓေပြောင်းခြင်းက အန္တရာယ်များပေသည်။ သို့သော် သွေးသန့်လူသားလမ်းစဉ်ကို လေ့ကျင့်သောလင်းဇီချန်အတွက်ကမူ ထိုအားနည်းချက်မျိုးမရှိပေ။ ကောင်းမု၏ဆန်းကြယ်သားရဲမျိုးစိတ်ကို အသက်သွင်းနိုင်သည့်အချိန်ကုန်သွားအောင် လုပ်ရန်အတွက် ဝိုင်းထားသည့်ဗျူဟာကိုသာ သုံးလိုက်လျှင် အလွယ်လေးပင် အနိုင်ရနိုင်သည်။ လော်ရုန်ကျန်း၏အကြံက ကောင်းသော်လည်း လင်းဇီချန်အတွက် မလိုအပ်ပေ။
လွန်စွာမြန်လှသည်။
တဝီဝီအသံတစ်သံ ထွက်ပေါ်လာသည်။ လင်းဇီချန်သည် နေရာတွင် ရပ်နေစဉ်တွင်ပင် ပုံရိပ်အဖြစ်ပြောင်းသွားကာ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ ပြန်ပေါ်လာသောအခါ၌ သူသည် ကောင်းမုရှေ့တွင် ရပ်လျက်သားရှိနေပြီဖြစ်သည်။ ထို့နောက်တွင် အားလုံးက ထိုမြင်ကွင်းကို မတုံ့ပြန်နိုင်ခင်တွင်ပင် ခြေထောက်မြှောက်၍ ကောင်းမု၏ ရှေ့ကိုကာထားသည့်လက်ကို အားဖြင့် ဆောင့်ကန်လိုက်သည်။
“ဘုန်း!”
ကျယ်လောင်သောအသံကြီးနှင့်အတူ တောင်တစ်လုံးနှယ် မလှုပ်မယှက်ဖြစ်နေသာ၊ အကြေးခွံများဖြင့် ဖုံးထားသော ကောင်းမု၏ခန္ဓာကိုယ်သည် ခြေထောက်ဖြင့် ကန်ခံလိုက်ရကာ အားပြင်းပြင်းဖြင့် အဝေးသို့ လွင့်ထွက်သွား၏။ ထို့နောက်တွင် လင်းဇီချန်က လေထဲတွင် ပျံဝဲလာပြီး နောက်ထပ်ဘုန်းကနဲမြည်သံကြီး ထွက်ပေါ်လာသည်။
သစ်ပင်ဖြင့် ဝင်တိုက်မိသွားကာ ထိုသစ်ပင်မှ လျှော၍ မြေကြီးပေါ်သို့ ပုံကျသွားပြီး နာလွန်းသဖြင့် ကွေးကွေးလေးဖြင့်နေကာ အော်လိုက်မိသည်။ အနီးကပ်ကြည့်ကြည့်လျှင် လက်မောင်းပေါ်မှ အကြေးခွံများသည်ပင် ကြေမွသွားပြီး သွေးများစိမ့်ထွက်လာသည်။ လွန်စွာမှ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသောမြင်ကွင်းမျိုးပင် ဖြစ်၏။
ကန်ချက်က မည်မျှပင် ပြင်းကြောင်း သက်သေပြရန် လုံလောက်ပေသည်။
…
တစ်ချိန်တည်းတွင်ပင် စင်အောက်မှ လူအားလုံးနီးပါး ကြောင်သွားကြသည်။ ဦးနှောက်များက အလုပ်မလုပ်ကြတော့။ မျက်စိရှေ့၌ ဘာဖြစ်သွားသည်ကို အချိန်မီမတုံ့ပြန်နိုင်လိုက်ကြပေ။
မျက်စိတစ်မှိတ်အတွင်းတွင်ပင် အသာစီးရနေဟန်ရှိသောကောင်းမုသည် ရုတ်တရင်ပင် စင်ပေါ်မှ လွင့်စင်သွားကာ အကန်ခံလိုက်ရကာ အလင်း၏အရှိန်ဖြင့် ရှုံးနိမ့်သွားသည်လော။
ရုတ်တရက်ဆန်လွန်းလှသည်။
ရုတ်တရက်ဆန်လွန်းသောကြောင့် ပုံရိပ်ယောင်ကို မြင်နေရသကဲ့သို့ဖြစ်နေသဖြင့် ယုံကြည်ရန် ခက်ခဲလွန်းလှသည်။
…
''ကောင်းမုက အဲ့လိုမျိုး အကန်ခံလိုက်ရတာလား။''
လူအုပ်ကြီးထဲမှ လီမော်ယွီသည်ပင် ပါးစပ်အဟောင်းသားဖြစ်နေကာ မျက်လုံးများကလည်း ပြူးကျယ်သွားသည်။ သူသည်ပင် ကြောင်သွားမိသည်။
စစ်တပ်နယ်မြေဆီသို့ မထွက်ခွာခင် လမ်း၌ အထူးလေ့ကျင့်ရေး၌ မိမိ၏အရည်အချင်းများကို ပြသကာ လင်းဇီချန်ကို တစ်ချက်တည်းဖြင့် အနိုင်ပိုင်းပြီး ရှန်ဟိုင်းတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားဖြစ်လာအောင်လုပ်မည်ဟု စိတ်ကူးထားသည်။ သို့သော်လည်း လင်းဇီချန်ကို အနိုင်မပိုင်းနိုင်ခင်တွင်ပင် ကောလိပ်ဝင်ခွင့်စာမေးပွဲမှ အောက်ဆွဲတစ်ယောက်၏အနိုင်ပိုင်းခြင်းကိုခံလိုက်ရကာ သိုင်းစင်မြင့်ထက်၌ အရှက်ကွဲခဲ့ရသည်။
လင်းဇီချန်က ထိုအောက်ဆွဲဖြင့် ရင်ဆိုင်သောအခါတွင်မူ တစ်ချက်တည်းဖြင့် အနိုင်ပိုင်းပစ်လိုက်သည်။ အနိုင်အရှုံးခြားနားချက်က မိမိကို အရှုံးသမားလုံးလုံးဖြစ်သွားအောင် လုပ်လိုက်သည်နှင့်တူသည်။ လက်တွေ့ကို လက်ခံရန် အတော်လေးခဲယဉ်းနေ၏။
…
''ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။''
တစ်ဖက်တွင်မူ ပေကျင်း(မြို့တော်)တက္ကသိုလ်၏ထိပ်တန်းကျောင်းသားဖြစ်သော ချင်ချွမ်းသည် ဒုတိယအဆင့်ကောင်းမုကို လင်းဇီချန်က ကန်ချက်တစ်ချက်တည်းဖြင့် အနိုင်ပိုင်းလိုက်သည်ကို တွေ့သောအခါ၌ မယုံကြည်နိုင်စွာဖြင့် တုန်လှုပ်သွားပုံမှာ မျက်နှာတွင် အထင်းသားပေါ်နေသည်။
မိမိ၏အားက ကောင်းမု၏အားလောက် မကောင်းပေ။ မြို့တော်တက္ကသိုလ်၏လူသစ်ပြိုင်ပွဲအစတွင် ကောင်းမုကို နိုင်ရန် အများကြီးအားထုတ်ခဲ့သောကြောင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
ယခုတွင် ကောင်းမုသည် လင်းဇီချန်ထံမှ ကန်ချက်တစ်ချက်တည်းဖြင့် ရှုံးသွားသည်ကို မြင်လိုက်ရသောအခါတွင် မိမိသည်လည်း လင်းဇီချန်ဖြင့် ရင်ဆိုင်ရသောအခါ၌ တစ်ချက်တည်းဖြင့် ရှုံးသွားမည်မဟုတ်လော။
စဉ်းစားကြည့်ရင်းဖြင့် ချင်ချွမ်း၏မျက်နှာက အိပ်မက်မက်နေသည့်အလား သံသယများဖြင့် ပြည့်နှက်လာ၏။ မိမိရှေ့မှ မြင်ကွင်းကို ယုံကြည်ရန် ခက်ခဲလှသည်။ လင်းဇီချန်၏အားက ထိပ်တန်းကျောင်းသားများထက် အဘယ့်ကြောင့် သာနေရသနည်း။
ထို့အပြင် ဒုတိယအဆင့်လူ၏အမြီးကိုပင် မမြင်လိုက်ရပေ။ လုံးဝအဓိပ္ပာယ်မရှိပေ။
…
အားလုံးတုပ်လှုပ်နေကြစဉ်တွင် ရုတ်တရက််ကြီး စင်ပေါ်သို့ ခုန်တက်လာသည်။ ပျောက်ကျားဝတ်စုံဝတ်ထားသည့် လူငယ်စစ်သားတစ်ယောက်ပင် ဖြစ်၏။ အသက်မကြီးသေးဘဲ အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိပေဦးမည်။ သူ၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို အာရုံခံကြည့်သောအခါတွင် လွန်စွာအားကောင်းနေပြီး အခြေခံထိပ်တန်းအဌမအဆင့်ထိ ရောက်နေပြီဖြစ်သည်။
''အစက ဒီနှစ်လည်း ငါတို့စစ်တပ်ပိုင်နက်ကလူတွေက စက်နတ်ဘုရားကော်ပိုရေးရှင်းကလူတွေနဲ့ပဲ ထပ်ပြိုင်ရမယ်ထင်နေတာ။ ဒါပေမဲ့ ရှန်ဟိုင်းတက္ကသိုလ်က မင်းလိုမျိုးတော်တဲ့ပါရမီရှင်မျိုး ထုတ်ပေးလိမ့်မယ်လို့ မျှော်လင့်မထားဘူး။''
''ဒီနှစ်တော့ ငါတို့တွေ မတူတဲ့သူတွေကို ယှဉ်ပြိုင်ဖို့ အခွင့်အရေးရပြီပဲ။ အထူးလေ့ကျင့်ရေးက ပိုပြီးစိတ်ဝင်စားစရာကောင်းသွားပြီ။''
''မင်းလိုမျိုး ဖန်လုံအိမ်ထဲမှာ ကြီးပြင်းလာတဲ့ပန်းလေးလိုမျိုး ကျောင်းဝန်းထဲမှာပဲ နှစ်ပေါင်းများစွာနေရတဲ့သူက ငါတို့နဲ့ ယှဉ်နိုင်ပါ့မား သိချင်သား။''
လူငယ်စစ်သားလေးက လင်းဇီချန်ကို စိတ်ဝင်တစားကြည့်၍ ပြောလိုက်သည်။
သူ၏စကားလုံးများက ကျောင်းသားများကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
သူ၏မျက်လုံးထဲတွင် ရှန်ဟိုင်းတက္ကသိုလ်ဖြစ်စေ မြို့တော်တက္ကသိုလ်ဖြစ်စေ ကျောင်းသားအားလုံးက မထင်မရှားအနေအထားမျိုးသာ ဖြစ်သည်။
''ပြိုင်ကြည့်ကြမလား။''
လူငယ်လေးက မျက်နှာကိုရှုံ့၍ မေးလိုက်သည်။ မေးပြီးနောက်တွင် ထပ်ပြောလိုက်၏။
''င့ါကိုယ်ငါ မိတ်ဆက်ပါရစေ။ ငါ့နာမည်က ကျောက်ယွမ်ကျုံး။ အသက်(၁၉)နှစ်။ အထူးလေ့ကျင့်ရေးကို စစ်တပ်နယ်မြေကိုယ်စားပြုလာတာ။ မင်းနဲ့ငါက ပြိုင်ဘက်တွေပေါ့။''
လင်းဇီချန်က မိတ်ဆက်သည်ကို နားမထောင်ပေ။ သူ၏အာရုံက လောင်းကြေးတွင်သာရှိသဖြင့် မေးလိုက်သည်။
''လောင်းကြေးက ဘာလဲ။''
ပြိုင်ရသည်က ကိစ္စမရှိသော်လည်း အကျိုးအမြတ်ရှိရပေမည်။ မဟုတ်လျှင် အချိန်ဖြုန်းရာသာကျမည်။ ယှဉ်ပြိုင်ခြင်းနှင့်ပက်သက်သည့် သူ၏စိတ်သဘောထားသာ ဖြစ်သည်။ လူငယ်စစ်သားလေးက ယုံကြည််ချက်ရှိစွာဖြင့် ပြောလိုက်သည်။
''ငါ့မှာ ချီသွေးကိုအားကောင်းစေတဲ့ ယွမ်(၁.၅)သန်းတန်တဲ့ ဝိညာဉ်သီးတစ်လုံးရှိတယ်။ မင်းနိုင်ရင် အဲ့ဝိညာဉ်သီးက မင်းအပိုင်ပဲ။''
''ကောင်းပြီ။''
လင်းဇီချန်က စိန်ခေါ်ခြင်းကို လက်ခံလိုက်သည်။ အခြေခံအဌမအဆင့်ကို သာမန်ကန်ချက်လောက်ဖြင့်ပင် အနိုင်ပိုင်းနိုင်သည်။ ဝိညာဉ်သီးကို လွတ်သွားပါလျှင် မေတ္တာလက်ဆောင်ကိုလွတ်သွားခြင်းသာ ဖြစ်ပေမည်။
နှစ်ဦးသား တိုက်ခိုက်ရန် ပြင်လိုက်စဉ်တွင်ပင် ရုတ်တရက် သက်လတ်ပိုင်းစစ်သားအရာရှိတစ်ယောက်က ရောက်လာပြီး လူအုပ်ကြားမှထွက်လာကာ အော်ပြောလိုက်သည်။
''မင်းတို့နှစ်ယောက် တိုက်လို့ရတယ်။ ပစ္စည်းလောင်းကြေးကိုတော့ ခွင့်မပြုဘူး။''
လောင်းကြေးမရှိဘူးလော။
ထိုစကားကို ကြားသောအခါတွင် လင်းဇီချန်လည်း စိတ်မဝင်စားတော့ဘဲ စစ်သားလေးကို ပြောလိုက်သည်။
''ထားတော့။ လောင်းကြေးမပါရင် မချတော့ဘူး။''
ပြောပြီးသောအခါတွင် စစ်သားလေးပြန်ပြောမည်ကိုပင် မစောင့်တော့ဘဲ စင်မြင့်ထက်မှ ခုန်ဆင်းသွားသည်။
လူအုပ်၏အကြည့်များအောက်တွင် မြေကြီးပေါ်၌ ထိုင်နေသောကောင်းမုရှိရာသို့ တည်ငြိမ်စွာ လျှောက်သွားပြီး မေးလိုက်သည်။
''သူငယ်ချင်းလေး ဘယ်အချိန်မှ မင်းပြောတဲ့ အဆင့်မြင့်ချီသွေးဆေးလုံးဆယ်လုံးကို ထုတ်ပေးမှာလဲ။''
“…”
ကောင်းမုသည် ခေတ္တမျှတိတ်ဆိတ်နေပြီးနောက်တွင် အရှုံးကိုဝန်ခံလိုက်ရပေသည်။
''အဆောင်မှာ။ ငါယူပေးမယ်။''
ထို့နောက်တွင်မြေကြီးမှထကာ လင်းဇီချန်ကို ချီသွေးဆေးလုံးပေးရန် ထလိုက်သည်။ ရှန်ချင်းဟန်ကလည်း နောက်မှ အမြန်လိုက်သွားပြီး လင်းဇီချန်ဖြင့် ပုခုံးချင်းယှဉ်ကာ ပြောလိုက်သည်။ သူမသည် လင်းဇီချန်နားတွင် တွယ်ကပ်နေမိသည်။ သူနှင့်တစ်ချိန်လုံးအတူတူရှိနေချင်မိသည်။
''လင်းဇီချန်ကွ။''
စစ်သားလေးကမူ လင်းဇီချန်ကို အော်ပြောလိုက်သည်။
''မနက်ဖြန် အထူးလေ့ကျင့်ရေးကျရင် မင်းလုပ်နိုင်စွမ်းကို စောင့်ကြည့်နေမယ်။ ငါ့ကိုစိတ်မပျက်စေရဖို့ မျှော်လင့်ပါတယ်။''
လင်းဇီချန်ကမူ လျစ်လျူရှုထားကာ ကောင်းမုနောက်သို့ လိုက်ပါသွား၏။