အပိုင်း ၂၄၁-၂၄၃
Vol. 17 Ch. 241-243
အခန်း (၂၄၁) ပရိတ်သတ်အားလုံးကိုတုန်လှုပ်အံ့သြသွားစေခြင်း
နန်ကျန်းပြည်နယ် စစ်တပ်နယ်မြေဌာနချုပ်ရှိ ရုံးခန်းတစ်ခန်းတွင် ဖြစ်သည်။
ယွမ်သုန်ကျီနှင့် ဆံပင်တိုတိုအမျိုးသမီးအရာရှိတစ်ဦးတို့သည် အတူတူထိုင်နေကြကာ ဂျင်ဆင်းလက်ဖက်ရည်သောက်ရင်းဖြင့် မိမိတို့ရှေ့မှမြင်ကွင်းကို ကြည့်နေကြသည်။ တီဗီမြင်ကွင်းတွင်ပေါ်နေသည်မျာ လင်းဇီချန်နှင့်အခြားသူများ စိန်ခေါ်ပွဲကို ဖြတ်ကျော်နေကြသောမြင်ကွင်းပင် ဖြစ်သည်။
ပထမစိန်ခေါ်ခြင်း - စက်သေနတ်ပစ်ခြင်း။
လေးဖွဲ့လုံး အောင်မြင်သွားကြသည်။ အဖွဲ့အေက ပထမဆုံးဖြစ်သည်။ နောက်တွင်မှ အဖွဲ့ဘီဖြစ်ကာ နောက်တွင် အဖွဲ့စီဖြစ်သည်။ လင်းဇီချန်တို့၏အဖွဲ့က နောက်ဆုံးဖြစ်၏။
ဒုတိယစိန်ခေါ်ခြင်း - ကျောက်တုံး-စက္ကူ-ကတ်ကြေးဖြင့် တံခါးဖွင့်ခြင်။
လေးဖွဲ့လုံးအောင်မြင်သွားသည်။ အဖွဲ့ဘီက အမြန်ဆုံးဖြစ်သည်။ ဂိမ်းစနစ်ကို ဟက်ခ်ကာ တံခါးကို စက္ကန့်ပိုင်းအတွင်း ပွင့်အောင်လုပ်ခဲ့သည့် စက်နတ်ဘုရားကော်ပိုရေးရှင်းမှသူကို ကျေးဇူးတင်ရပေမည်။
ထို့နောက်တွင် အဖွဲ့အေဖြစ်သည်။ ထိုအဖွဲ့တွင်လည်း အဆင့်မြင့်အင်အားကြီးပုရွက်ဆိတ်မျိုးစိတ်ဖြင့် ပေါင်းစပ်ထားသော စစ်တပ်မှလူငယ်တစ်ဦးက အားဖြင့် တံခါးကိုဖွင့်ခဲ့သောကြောင့်ဖြစ်သည်။
အဖွဲ့စီက တတိယဖြစ်သည်။ ကံကောင်းသောကစားသမားတစ်ဦးက ရှုံးပွဲထက်နိုင်ပွဲပိုများသွားသောကြောင့် အောင်မြင်သွားပေသည်။
အဖွဲ့ဒီကမူ အနှေးဆုံးဖြစ်၏။ အချိန်အတော်ကြာလိုက်ပြီး ဂိမ်း၏ရုပ်ပုံပုံစံကို နားလည်အောင်လုပ်ရမည်ကို သိသော်လည်း ကျရှုံးခဲ့သည်။ လင်းဇီချန်က မှန်အပိုင်းအစကိုသုံး၍ စိန်ခေါ်ပွဲကို ဖြတ်သန်းနိုင်ခဲ့ခြင်းဖြစ်၏။
''သုန်ကျီ အဖွဲ့ဒီက ရုပ်ချောတဲ့ကောင်လေးက မင်းတို့ ရှန်ဟိုင်းတက္ကသိုလ်က မဟုတ်လား။''
ပထမစိန်ခေါ်ပွဲနှစ်ခုကို အဖွဲ့လေးဖွဲ့ကျော်ဖြတ်နေသည်ကိုကြည့်ပြီး အမျိုးသမီးအရာရှိက ယွမ်သုန်ကျီကို မေးလိုက်သည်။
''ဟုတ်တယ်။''
အမျိုးသမီးအရာရှိက ချီးကျူးလိုက်၏။
''အဲ့ကောင်လေးက ပတ်ဝန်းကျင်လေ့လာအားကောင်းပြီး တွေးခေါ်တတ်တာပဲ။ မှန်ကိုသုံးရမယ်ဆိုတာသိတယ်။''
''အရင်က အဲ့ကျောင်းသားရဲ့မှတ်တမ်းကိုကြည့်ဖူးတယ်။ ကလေးဘဝကတည်းက သူ့ရဲ့အမှတ်တွေက ကောင်းတယ်။ ဦးနှောက်ကလည်း သူနဲ့ရွယ်တူတွေထက် ပိုသာတယ်။''
အမျိုးသမီးအရာရှိက ပြောလိုက်သည်။
''ဦးနှောက်ရှိရုရုံနဲ့တင်မရသေးဘူး။ တတိယစိန်ခေါ်ပွဲက အားကောင်းဖို့လည်းလိုသေးတယ်။ အဲ့ကောင်လေးရှိတဲ့အဖွဲ့ဒီက အခြားအဖွဲ့တွေထက် အားနည်းတယ်။ သူတို့အတွက်ခက်ခဲနေမှာပဲ စိုးတယ်။''
''မင်းတတိယအဆင့်မှာထားထားတဲ့စက်ရုပ်တွေက အခြေခံအဆင့်ထိပ်ဆုံးအဌမအဆင့်လောက်အားကောင်းတယ်။ အဖွဲ့ဒီအတွက်တင်မကဘူး။ အဖွဲ့အေဘီစီပါ ပြုတ်လောက်တယ်။ ကြည့်ရတာ သူတို့ကို အအောင်ပေးဖို့ ရည်ရွယ်ချက်မရှိပုံပဲ။''
အမျိုးသမီးအရာရှိက ပြောလိုက်သည်။
''အဲ့အသက်နှစ်ဆယ်ကျော်လေးတွေက လူငယ်သွေးအပြည့်ဖြစ်နေကြတာ။ အစကတည်းက သူတို့ကို မချိုးထားဘူးဆိုရင် နောက်ပိုင်း သူတို့နဲ့အထူးလေ့ကျင့်ရေးဆင်းဖို့ လွယ်မှာမဟုတ်ဘူး။''
''အမှန်ပဲ။''
ယွမ်သုန်ကျီက သဘောတူလိုက်ပြီးနောက်တွင် မေးကြည့်လိုက်၏။
''လတ်တလော ဆန်းကြယ်သားရဲနဲ့ဆန်းကြယ်အပင်တွေက ရှန်ဟိုင်းမြို့မှာ မကြာခဏပေါ်လာနေတယ်။ စစ်တပ်ကနေ လူလွှတ်ပြီး စုံစမ်းကြည့်တယ်မလား။ ဘာထူးခြားတာတွေ့လဲ။''
ထိုအမျိုးသမီးအရာရှိက ဖြေလိုက်သည်။
''ဆန်းကြယ်အပင်တွေကတော့ ဂမ္ဘီရသစ်ပင်ဂိုဏ်းနဲ့ဆက်စပ်နေတယ်လို့ ငါတို့အတည်ပြုပြီးပြီ။''
''ဆန်းကြယ်သားရဲတွေကတော့ အခုထိ ဘာလို့ထွက်လာတာလဲ မသိရသေးဘူး။''
''ရှန်ဟိုင်းမြို့မှာ သွေးမျိုးဆက်ဥမင်အသစ်တစ်ခုပွင့်သွားတယ်လို့ ငါတို့သံသယရှိထားတယ်။ ဒါပေမဲ့လို့ အတော်ကြာအောင်ရှာကြည့်ပေမဲလို့ ဘာဥမင်ကိုမှမတွေ့သေးဘူး။ မသေချာသေးဘူး။''
သွေးမျိုးဆက်ဥမင်အသစ်လား။
ယွမ်သုန်ကျီက မျက်မှောင်အသာကြုတ်၍ တွေးနေမိသည်။
ထိုအချိန်တွင် ၎င်းတို့ရှေ့မှဖန်သားပြင်ပေါ်၌ သတင်းကောင်းက လျင်မြန်စွာတက်လာသည်။
အဖွဲ့အေဘီစီသုံးဖွဲ့လုံး ပြုတ်သွားကြလေပြီ။
အဖွဲ့သုံးဖွဲ့လုံးမှ ပါရမီရှင်အားလုံးသည် စက်ရုပ်များထံ၌ ကျရှုံးသွားခဲ့ကြသည်။ အားလုံးမှာ သွေးထွက်သံယိုဖြစ်ကာ ဒဏ်ရာအပြင်းအထန်ရထားကြသည်။
ထို့ကြောင့် မတတ်သာဘဲ အသက်ရှင်ရန်အတွက် စိန်ခေါ်ပွဲကို လက်လျော့လိုက်ကြသည်။ အမျိုးသမီးအရာရှိက အနည်းငယ်မျှ စိတ်ပျက်သွားသည်။
''သူတို့ မြန်မြန်လက်လျော့လိုက်တာပဲ။ ဒီနှစ် အထူးလေ့ကျင့်ရေးလာဆင်းတဲ့ကလေးတွေက အရင်နှစ်လောက် မတော်ကြဘူး။''
ယွမ်သုန်ကျီကမူ သဘောမတူပေ။
''ဒီနှစ်ဝင်ခွင့်စာမေးပွဲက မနှစ်ကထက် အတော်လေးခက်တယ်။ သူတို့စောစောစီးစီးလက်လျော့လိုက်တာက မနှစ်ကသူတွေက မတော်လို့မှမဟုတ်တာ။''
''အဲ့တာတော့ အမှန်ပဲ။''
ပြောပြီးနောက်တွင် အမျိုးသမီးအရာရှိက ထပ်ပြောလိုက်သည်။
''အဖွဲ့ဒီကတော့ အခုနားနေကြတုန်း။ အဲ့ငါးယောက် ဘယ်လောက်ကြာကြာတောင့်ခံထားနိုင်မလဲက ပြောဖို့ခက်တယ်။''
ယွမ်သုန်ကျီက မဖြေပေ။ သူမ၏အတွေးသည် ဥမင်အသစ်ကိစ္စတွင်သာ ရောက်နေသည်။ အတော်ကြာမစဉ်းစားနိုင်ခင်တွင်ပင် အမျိုးသမီးအရာရှိ၏စပ်စုသောမေးခွန်းက သူမ၏အတွေးကို ဝင်နှောင့်ယှက်လိုက်သည်။
''အဲ့အဖွဲ့က ချောတဲ့ကောင်လေးက ဒုတိယအဆင့်မှာတုန်းက ဓာတ်လိုက်တာကို ကြောက်တဲ့ပုံမေပါ်ဘူး။ သူ့မှာ ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံများ ရှိလိို့လား။''
''ဘာမှထူးခြားတာမရှိပါဘူး။''
ယွမ်သုန်ကျီက ဆက်ပြောလိုက်သည်။
''ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက ထူးခြားတယ်လို့ပြောရမယ်ဆိုရင်တော့ သူက အခြားသူတွေထက် ပါရမီပိုရှိတဲ့ပုံပဲ။ သွေးသန့်စင်ခြင်းကျမ်းနဲ့ သူ့ခန္ဓာကိုယ်က အတော်လေးတိုးတက်နေတာပဲ။ အဲ့တာကြောင့် ဒုတိယစိန်ခေါ်ပွဲက ရှော့ခ်တိုက်တာကို ခံနိုင်နေတာများလား။''
အမျိုးသမီးအရာရှိက ပြောလိုက်သည်။
''ကျွန်မ မှတ်မိသလောက်ဆိုရင် သွေးသန့်စင်ခြင်းကျမ်းက ရှင့်ရဲ့ခင်ပွန်းဟောင်း ဖန်တီးခဲ့တာမလား။''
ယွမ်သုန်ကျီက ပြောလိုက်သည်။
''မင်းမှတ်မိတာ အမှန်ပဲ။''
အမျိုးသမီးအရာရှိက ပြောလိုက်သည်။
''အဲ့လိုဆို အဲ့ရုပ်ချောတဲ့ကောင်လေးက ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ပြီး မင်းခင်ပွန်းဟောင်းနောက်လိုက်နေတဲ့သူပေါ့။''
''အဲ့လိုပါပဲ။''
ထိုအရာရှိက ရယ်လိုက်ပြီး
''ရုပ်ချောတဲ့ကောင်လေးက သူ့အတွက် ဘာကကောင်းတယ်ဆိုတာ သိပုံမပေါ်ဘူးပဲ။ သွေးသ့န်လူသားလမ်းစဉ်ကသာ အနာဂတ်ရှိမယ်ဆိုရင် အခုလောက်ဆို တိုးတက်နေရောပေါ့။''
ယွမ်သုန်ကျီက ဂျင်ဆင်းလက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်ပြီး မထုံတတ်သေးအမူအရာဖြင့် ပြောလိုက်သည်။
''ကလေးတွေက နားမလည်ကြဘူး။ သူတို့ကို ဟိုသက်ကြားအိုကြီး ချော့တဲ့နောက် ပါသွားကြတာ။ အခက်အခဲနဲ့ အကြိမ်ပေါင်းများစွာတွေ့ခါမှ သွေးမျိုးစပ်လမ်းစဉ်ကို လိုက်ကြမှာ။''
လင်းဇီချန်သည် အခြားသူများလှောင်ပြောင်သည်ကို ဂရုမစိုက်ဘဲ သွေးသန့်လူသားလမ်းစဉ်နောက်လိုက်သွားသည့် စုန့်ယွီယန်လောက်ခေါင်းမမာဟုခံစားမိသည်။ စုန့်ယွီယန်ကမူ မွေးစားမိဘများ၏ဆန္ဒကိုဖြည့်ဆည်းပေးချင်သောစိတ်အစွဲကြောင့် တင်းခံခဲ့သည်။ လင်းဇီချန်ကမူ ထိုသို့အစွဲမျိုး မရှိပေ။
လီမော်ယွီ၊ မာရှိဝေ၊လော်ရုန်ကျန်းနှင့် သွေးမျိုးစပ်ခြင်းလမ်းစဉ်လိုက်သည့် အခြားသူများဆီမှ အနိုင်ယူခံရသောအခါမှ လမ်းကြောင်းပြောင်းပေလိမ့်မည်။
''သုန်ကျီ မင်းအဲ့ပါရမီရှင်လေးကို စည်းရုံးသင့်တယ်။''
အမျိုးသမီးအရာရှိက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
''သူတို့က သွေးသန့်လူသားလမ်းစဉ်ကို လက်လျော့ဖို့ ပြောကြည့်။ ကောင်းကင်လူသားအဖွဲ့အစည်းမှာ နေနေသမျှကာလပတ်လုံးက သူ့ပါရမီကို ဖြုန်းတီးနေတာပဲ။''
ယွမ်သုန်ကျီက ပြောလိုက်၏။
''ဉာဏ်ကြီးရှင်တွေက ခေါင်းမာကြတယ်။ သူ့ကို သွေးသန့်လူသားလမ်းစဉ်ကို မလိုက်ခိုင်းရင်လည်း လက်လျော့မှာမဟုတ်ဘူး။ သူ့ဘာသာ လက်လျော့မှပဲ သွေးမျိုးဆက်လမ်းစဉ်ကို ပြောင်းမှာ။''
အမျိုးသမီးအရာရှိက သက်ပြင်းချကာ ပြောလိုက်သည်။
''အာ မင်ခင်ပွန်းဟောင်းက တကယ်အန္တရာယ်များတာပဲ။ သူက သွေးသန့်လူသားလမ်းစဉ်ကို နှစ်ပေါင်းများစွာ လျှောက်လာခဲ့တော့ ဆိုးသထက် ဆိုးလာတာဖြစ်မယ်။ လူငယ်ပါရမီရှင်လေးတွေကို သူ့နောက်ကိုလိုက်ဖို့ အရှက်မရှိမြူဆွယ်တုန်း။ မဟုတ်သေးဘူး။''
ယွမ်သုန်ကျီက ပြန်မဖြေဘဲ ဂျင်ဆင်းလက်ဖက်ရည်ကိုသာ တစ်ကျိုက်သောက်လိုက်သည်။ ထိုအချိန်တွင် သူမအနည်းငယ်မျှ စိတ်ပျက်သွားမိသည်။
လျိုချွမ့်ဝူနှင့်ပက်သက်၍ သဘောမတူခြင်းမဟုတ်ပေ။ ခင်ပွန်းဟောင်းဖြစ်သူအတွက် ခံစားချက်များရှိနေသောကြောင့် ဖြစ်သည်။ မိမိရှေ့တွင် လျို့ချွမ်ဝူကို စော်ကားခြင်းက သူမကိုပါစော်ကားရာကျပေသည်။
''ဘုန်း''
ရုတ်တရက်ပင် ဖန်သားပြင်ပေါ်မှ ကျယ်လောင်သောအသံကြီး ထွက်ပေါ်လာသည်။ မမျှော်လင့်ာထားသောအသံကြောင့် ယွမ်သုန်ကျီနှင့် အမျိုးသမီးအရာရှိတို့နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။
ထို့နောက်တွင် မျက်လုံးအပြူးသားဖြစ်သွားကြပြီး လင်းဇီချန်ကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေကြသည်။ ဘာဖြစ်နေကြသနည်း။
လက်သီးတစ်ချက်က အခြေခံထိပ်ဆုံးအဆင့်စက်ရုပ်ကို လွင့်ထွက်သွားစေနိုင်သလား။
ဟာသလား။
မည်သို့ဖြစ်နိုင်မည်နည်း။
နှစ်ဦးလုံး ကြောင်သွားကြသည်။ ခေတ္တမျှကြာပြီးနောက်မှ အသိဝင်လာကြသည်။ အချင်းချင်းကြည့်လိုက်ကြကာ ဘာမှမပြောတော့ပေ။ ချက်ချင်းပင် ပြတင်းပေါက်မှ ခုန်ထွက်ပြီး စစ်ဆေးနေသည့်အဆောက်အဦးရှိရာသို့ အပြေးသွားကြလေသည်။
ထိုစဉ် အခြားတစ်ဖက်ရှိ ခေါင်မိုးထပ်တွင်မူ -
စမ်းသပ်ချက်ကျရှုံးသွားသောအဖွဲ့အေဘီစီအားလုံးသည် ဆေးကုသမှုခံယူနေကြရင်းဖြင့် တတိယအဆင့်မည်မျှခက်ကြောင်း စောဒကတက်နေကြသည်။
''သေစမ်း။ တတိယအဆင့်က စက်ရုပ်က အရမ်းအားကောင်းလွန်းတယ်။ ဘာလို့ အဲ့လောက်ထိ ခက်ရတာလဲ။''
ပတ်တီးအထပ်ထပ်စည်းထားရသောကောင်းမုက ညီးတွားလိုက်၏။ ကောင်းမုဘေးတွင်ထိုင်နေသောချင်ချွမ်၏မျက်နှာသည် ဝက်ခေါင်းကြီးကဲ့သို့ ဖူးယောင်နေကာ သွားများလည်း ကျွတ်ထွက်နေပြီး စကားပြောလျှင်ပင် လေချွန်သံထွက်နေသည်။
''ဆာကူရာလေး ဘယ်လိုနေလဲ သိချင်လိုက်တာ။ ငါ့လိုမျိုး အဆုံးမသတ်ဖို့ မျှော်လင့်ပါတယ်။''
ကောင်းမုက ခါးသက်သောအပြုံးလေးပြုံးကာ
''သူ့အားနဲ့ဆိုရင် ပုံပျက်သွားတာက ဒဏ်ရာအသေးအမွှားလောက်ပါပဲ။ ရှန်ဟိုင်းတက္ကသိုလ်က ကောင်မလေးပဲ စက်ရုပ်ရဲ့လက်သီးချက်ကြောင့် ဘာမှမဖြစ်ဖို့မျှော်လင့်မိတယ်။''
ရှန်ဟိုင်းတက္ကသိုလ်မှမိန်းကလေးဆိုသည်မှာ မာရှိဝေကို ပြောနေခြင်းသာ ဖြစ်သည်။ ထိုအချိန်တွင် မာရှိဝေလည်း အခြေအနေမကောင်းပေ။ ဘယ်ဘက်ရင်ဘတ်တစ်ခြမ်းက ခွက်ဝင်သွားပြီး နာကျင်လွန်းသဖြင့် ကုသမှုခံယူနေစဉ်တွင်ပင် အော်ငိုနေကာ မျက်နှာတွင်လည်း မျက်ရည်များရွှဲစိုနေသည်။
လီမော်ယွီက သူမကို နှစ်သိမ့်ပေးရန် ရောက်လာသည်။
''နင်ဘာကြောင့်ငိုနေလဲတော့မသိဘူး။ ဒါမှငိုနေလို့ ပြန်ကောင်းမှာမှမဟုတ်တာ။''
''အထူးလေ့ကျင့်ရေးပြီးရင် ကျောင်းမှာတုန်းကလိုမျိုး မင်းအဖေကို ဖီးနစ်သွေးသစ်သီးတောင်းကြည့်လိုက်ပေါ့။ တစ်ခါစားလိုက်တာနဲ့ ပြန်သက်သာသွားမှာ။''
''မင်းအဖေမပေးလည်း ငါပေးမယ်။ ကိစ္စမရှိဘူး။ ငါ့အိမ်မှာ အဲ့အသီးတွေပေါတယ်။''
လီမော်ယွီက ဆက်ပြောလိုက်သည်။
''တစ်လုံးနဲ့မလောက်ဘူးဆိုရင် နှစ်လုံးပေးမယ်။ တစ်လုံးကို ပြန်ကောင်းဖို့စားလိုက်။ နောက်တစ်လုံးကိုတော့ သိမ်းထားလိုက်ပေါ့။''
မာရှိဝေသည် မခံနိုင်တော့သောကြောင့် ငိုရင်းဖြင့် ၎င်းကိုကြည့်ကာ ပြန်ပက်လိုက်သည်။
''ပါးစပ်ပိတ်ထားလို့မရဘူးလား။ ခြင်လိုမျိုး တဝှီဝှီနဲ့ နားငြီးအောင်မလုပ်စမ်းပါနဲ့။ ဝေးဝေးသွား။''
လီမော်ယွိသည် ၎င်းဘာသာ ပြောကာ မြေကြီးကိုကြည့်၍ ပြောလိုက်သည်။
''ကောင်းပြီ ကောင်းပြီ။ ငါအခုပဲသွားပြီ။ ထပ်ပြီးအနှောင့်အယှက်မပေးတော့ဘူး။''
သို့သော် ဝေးဝေးသို့မသွားဘဲ မီတာအနည်းငယ်တွင်သာ ရပ်နေ၏။
''မော်ယွီ ငါလည်း ဖီးနစ်သွေးသစ်သီးလိုချင်တယ်။ တစ်လုံးလောက်ပေးမလား။''
လော်ရုန်ကျန်းက ရှေ့သို့ထွက်ကာ မေးလိုက်သည်။
လီမော်ယွီက ရပ်နေရင်းဖြင့် အဝတ်များကို ဖုန်ခါနေပြီး မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်၏။
''ဘာလို့ ငါကမင်းကို ဖီးနစ်သွေးသစ်သီးပေးရမှာလဲ။ မင်းက မိန်းမလှလေးမှ မဟုတ်တာ။''
လော်ရုန်ကျန်းက မျက်ခုံးပင့်၍ ဟက်ကနဲရယ်လိုက်ပြီး
''အဲ့လိုမပြောပါနဲ့။ ငါလည်း မိန်းကလေးဝတ်လိုက်ရင် အားလုံးငေးကြည့်ရပါတယ်။ ကျောင်းပြန်ရောက်ရင် မိန်းကလေးလိုဝတ်စားပြမယ်လေ။ အပြန်အလှန်အနေနဲ့ င့ါကို ဖီးနစ်သွေးသစ်သီးပေးလေ။ ဘယ်လိုသဘောရလဲ။''
မိန်းကလေးလိုဝတ်စားခြင်းက မိမိ၏ပုံရိပ်ကို ကျဆင်းစေသော်လည်း အကျိုးအမြတ်အတွက် နှိမ့်ချရန် အဆင်သင့်ဖြစ်နေလေသည်။
ခပ်မိုမိုက်ပုရိပ်လော?
ထိုပုံရိပ်က ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်နှင့် မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
“အပေးအယူဖြစ်ပြီ”
လီမော်ယွီက တွန့်ဆုတ်ခြင်းမရှိ သဘောတူလိုက်သည်။
သူသည် ဒဏ္ဍာရီလာမိန်းကလေးဝတ်စားမည့်သူကို မျက်မြင်ကိုယ်တွေ့ မြင်ရတော့မည်ဖြစ်သည်။ မိသားစုက ချမ်းသာသောကြောင့် ဖီးနစ်သွေးသစ်သီးတစ်လုံးလောက် ဖြုန်းနိုင်ပေသည်။
''ဒါနဲ့ ဇီချန်တို့ရဲ့အဖွဲ့ဒီရော ဘယ်လိုဖြစ်နေလဲသိချင်လိုက်တာ။''
လော်ရုန်ကျန်းက နံရံပေါ်မှ ဖန်သားမျက်နှာပြင်ကိုကြည့်၍ ဆက်ပြောလိုက်သည်။
''ဇီချန်နဲ့သာဆိုရင် အဖွဲ့ဒီက အဲ့အဆင့်ကို ဖြတ်နိုင်ဖို့မျှော်လင့်ချက်ရှိမယ်ထင်တာပဲ။''
လင်းဇီချန်ပေါ်တွင် ယုံကြည်မှုတစ်ဝက်ရှိသည်။ လင်းဇီချန်သည် အံ့ဩစရာကောင်းလှသော သူ၏အင်အားအစစ်အမှန်ကို ဖုံးကွယ်ထားသည်ဟု ခံစားရသည်။ တတိယအဆင့်ရှိစက်ရုပ်ကို အနိုင်ပိုင်းနိုင်လျှင် အားလုံးကို အံ့ဩသွားစေပေမည်။
''အဖွဲ့ဒီက တတိယအဆင့်ကိုနိုင်ဖို့ အခွင့်အရေးရှိလို့လား။''
စက်လက်မောင်းတစ်ဖက် ဆုံးရှုံးသွားရသော စက်နတ်ဘုရားအုပ်စုမှသူတစ်ယောက်က ရယ်ရင်းဖြင့် ပြောလိုက်သည်။
''တတိယအဆင့် ငါတို့ယုံကြည်ချက်တွေကို ချိုးနှိမ်ပြီး မာန်တက်နေတဲ့ငါတို့ကို ထိန်းသိမ်းဖို့ပဲ။ နိုင်နိုင်စရာအကြောင်းမရှိဘူး။ အဖွဲ့ဒီသာနိုင်သွားရင် လေ့ကျင့်ရေးကာလတစ်လျှောက်လုံး ငါက ကတုံးတုံးပြီးနေပြမယ်။''
ခြေထောက်ဒဏ်ရာရထားသောစစ်တပ်နယ်မြေမှသူတစ်ယောကက် ထွက်လာပြီး လှောင်ရယ်လိုက်၏။
''အဖွဲ့အေဘီစီက အားအကြီးဆုံးလေ။ ငါတို့တောင် ဒီအဆင့်ကို မနိုင်နိုင်ရင် အားအနည်းဆုံးဖြစ်တဲ့အဖွဲ့ဒီက နိုင်မှာတဲ့လား။ ဘယ်လိုတောင်စဉ်းစားလိုက်တာလဲ။''
လော်ရုန်ကျန်းကမူ ပြန်မပြောသကဲ့သို့ ရှင်းလည်းမပြပေ။
ထိုအချိန်တွင် အခြားတစ်ယောက်က ပြောလိုက်သည်။
''ငါတို့အားကောင်းတာတောင် တတိယအဆင့်ကစက်ရုပ်ဆီကနေ ရှုံးလာသေးတာ။ အားအနည်းဆုံးအဖွဲ့ဒီက ဘယ်လိုမျိုးဖြစ်မလဲသိချင်တယ်။''
ခြေထောက်ထော့ကျိုးဖြင့်စစ်တပ်မှလူက ရယ်လိုက်သည်။
''ငါဒီလောက်အားကောင်းတာကို ခြေထောက်တစ်ဖက်ကျိုးလာတယ်။ အဖွဲ့ဒီက လူတွေ ခြေထောက်နှစ်ဖက်ကျိုးရင် မလွန်ဘူးမဟုတ်လား။''
''ဟားဟား။ သေချာပေါက် မလွန်ဘူးပေါ့။''
''ခြေထောက်ကျိုးရုံတင် ဘယ်လိုဖြစ်နိုင်မလဲ။ ခြေရောလက်ကောပါ အစိိတ်စိိတ်အမွှာမွှာကြေမွသွားလောက်တယ်မလား။''
''အင်း။ အဖွဲ့ဒီက အားအနည်းဆုံးဆိုတော့ ဖြစ်နိုင်တယ်။ ငါတို့ မပြုတ်ခင် နာရီဝက်နီးပါးက တတိယအဆင့်ကိုရောက်တာ။ အဲ့အချိန်တုန်းက အဖွဲ့ဒီက တတိယအဆင့်ကို မရောက်သေးဘူး။ သူတို့က တကယ်အားနည်းကြတယ်။''
ထိုအချိန်တွင် ခေါင်မိုးထပ်မှ ဒဏ်ရာရထားသူအများစုသည် အဖွဲ့ဒီကို လှောင်ပြောင်နေကြပြီး စိတ်ကြီးဝင်နေသောစကားများကိုသာ ပြောဆိုနေကြသည်။
ထိုသူများကြားမှ ခြေထောက်ထော့ကျိုးဖြင့်စစ်တပ်နယ်မြေမှသူက ညွှန်ကြားသူဆီသွား၍ ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
''ဆရာလု တီဗီစခရင်ကို ကြည့်လို့ရလား။ အဖွဲ့ဒီ ဘယ်လိုနေလဲသိချင်လို့ပါ။''
ခြေထောက်ကကျိုးပြီး သနားစရာကောင်းသောအခြေအနေသို့ ရောက်နေသော်လည်း မိမိထက်အခြေအနေဆိုးသောသူကို တွေ့လျှင် ပို၍အားရကျေနပ်ဖွယ်ကောင်းသည်။
''မင်းကြည့်ချင်တယ်ဆိုရင် ဟိုမှာသွားထိုင်။''
လက်တစ်ဖက်တွင် တက်ဘလက်ကိုင်ထားသော ညွှန်ကြားသူလုထျန်ရုန်က ဖြေလိုက်သည်။ ထိုစကားကို ကြားသောအခါတွင် ထိုသူက လုထျန်ရုန်ကို ပြုံးပြပြီး သူ့ဘေးတွင် ထိုင်ရန် ပြင်လိုက်သည်။
လုထျန်ရုန်ဘေးတွင် ထိုင်ခါနီးတွင်ပင် ရုတ်တရက် မြေကြီးမှအသံအကျယ်ကြီးကို ကြားလိုက်ရသည်။
''ဘုန်း''
အသံကြီးကိုကြားလိုက်ရသောအခါ၌ ခေါင်မိုးထပ်တွင်ရှိသူများသည်ပင် ပြင်းထန်သောတုန်လှုပ်မှုကို ခံစားလိုက်ရ၏။ တုန်ခါခြင်းလာသောနေရာကို ကြည့်လိုက်သောအခါတွင် ချောမွေ့သောသတ္ထုဦးခေါင်းခွံကို တွေ့လိုက်ရသည်။
သတ္တုဖြင့်လုပ်ထားခြင်းဖြစ်သည်။ လွန်စွာရင်းနှီးနေကြသည်။
အနီးကပ်ကြည့်ကြည့်သောအခါမှ တတိယထပ်မှစက်ရုပ်၏ဦးခေါင်းခွံနှင့်တူကြောင်း သိလိုက်ရသည်။
ယခုတွင် ထိုဦးခေါင်းခွံသည် ပင့်ကူအိမ်သဖွယ်အကွက်များပေါ်နေသောမြေကြီးပေါ်၌ ပွင့်လန်းလာသည့်မှိုပွင့်လေးကဲ့သို့ပင် ဖြစ်နေကာ အားလုံး၏အမြင်အာရုံကို ဖမ်းစားလိုက်ပေသည်။
အခန်း (၂၄၂) ယွမ်သုန်ကျီ၏တုန်လှုပ်သွားမှု
''အဲ့တာက စက်ရုပ်ခေါင်းလား။''
''ဒီခေါင်းအနေအထားက အဖွဲ့ဒီစိန်ခေါ်တဲ့နေရာက လာတဲ့ပုံပဲ။''
''ဘာတွေဖြစ်နေတာလဲ။''
''စက်ရုပ်ရဲ့လေပြောင်းပြန်စီးတဲ့စက်ကများ ပျက်ပြီး မျက်နှာကျက်ပါပေါက်သွားတာများလား။''
''ဖြစ်နိုင်တယ်။''
ထိုအချိန်တွင် ခေါင်မိုးထပ်မှလူအားလုံးသည် စက်ရုပ်ခေါင်းကို ငုံ့ကြည့်ကာ အောက်တွင်ဖြစ်ပျက်နေသည်များကို မှန်းဆနေကြသည်။ လူအများစုက စက်ရုပ်၏စက်များ ချို့ယွင်းသွားသည်ဟု ခန့်မှန်းကြသည်။
''အစ်ကိုမော်ယွီ ဇီချန်ကများ စက်ရုပ်ကို အားပြင်းပြင်းနဲ့ကန်လိုက်လို့ မျက်နှာကျက်ထိ လွင့်လာတာလား။''
လော်ရုန်ကျန်းက အတင့်ရဲစွာဖြင့် ခန့်မှန်းလိုက်၏။
လင်းဇီချန်၏ကြောက်စရာကောင်းလှသောအားကို မျက်မြင်ကိုယ်တွေ့မြင်ဖူးသောလင်းဇီချန်သည် စက်ရုပ်ခေါင်းက မျက်နှာကျက်သို့ ဖောက်လာရခြင်းမှာ ရှန်ဟိုင်းတက္ကသိုလ်၏လူသစ်ဘုရင်ကြောင့် ဖြစ်မည်ဟု ထင်နေမိသည်။
လီမော်ယွီကလည်း ထိုဖြစ်နိုင်ချေကို စဉ်းစားမိသည်။ သို့သော်လည်း စိတ်အေးအေးထားပြီး စဉ်းစားကြည့်သောအခါတွင် ထိုကိစ္စက လက်တွေ့မကျပေ။ လင်းဇီချန်က အားကောင်းသည်မှာ မှန်သည်။ သို့သော်လည်း စက်ရုပ်၏အားက အခြေခံအဆင့်ထိပ်တန်းအဌမအဆင့်ဖြစ်ကာ တစ်ကိုယ်လုံးကလည်း သတ္ထုစပ်ဖြင့်လုပ်ထား၍ ခုခံနိုင်စွမ်းကလည်း အမြင့်ဆုံးဖြစ်သည်။
အခြေခံအဆင့်နဝမအဆင့်မရှိဘဲဖြင့် ထိုစက်ရုပ်ကို ကိုင်တွယ်နိုင်စရာအကြောင်းမရှိပေ။
လင်းဇီချန်သည် အခြေခံနဝမအဆင့်ထိ အားကောင်းသည်မှာ ဖြစ်နိုင်သည်လော။
ထိုသို့မှာမဖြစ်နိုင်ပေ။ လင်းဇီချန်က လူသစ်သာဖြစ်သည်။
သူသည် ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့်လည်း မပေါင်းစပ်ထားပေ။ စက်ပြုပြင်ခြင်းများလည်း လုပ်မထားပေ။ အလွန်ကောင်းသောခန္ဓာကိုယ်ပါရမီဖြင့်ဆိုလျှင်ပင် အင်အားသည် အများဆုံး အခြေခံအဆင့်အဌမအဆင့်နိုင်မျှသာဖြစ်နိုင်ပြီး ထို့ထက်ပိုမမြင့်နိုင်ပေ။ ပို၍မြင့်နေလျှင်လည်း သိပ္ပံနည်းလမ်းမကျတော့ပေ။ ထိုသို့ဆိုလျှင် သုတေသနလုပ်ရန် ခေါ်သွားခံနေရလောက်ပြီဖြစ်သည်။
သို့သော် ထိုသို့ဆိုလျှင်ပင်?
ထိုသို့ဖြစ်အောင်လုပ်ခဲ့သူမှာ လင်းဇီချန်ဖြစ်နေလျှင်ကော?
ထိုသူသည် ဖုံးကွယ်တတ်သူဖြစ်ကာ ရံဖန်ရံခါမှသာ မယုံကြည်နိုင်စရာကောင်းသောအားကို ပြသတတ်သည်။ ယခုတစ်ခေါက်လည်း အတူတူပင် ဖြစ်လိမ့်မည်။
ထိုသို့တွေးကာ လီမော်ယွီသည် ညွှန်ကြားသူလုထျန်ရုန်ဆီသို့သွားကာ ဖြစ်နေသည်များကို ပြန်ရစ်ကြည့်ရန် ဖြစ်သည်။ သို့သော်လည်း မိမိမရောက်ခင်တွင်ပင် လုထျန်ရုန်သည် မယုံကြည်နိုင်သောမျက်နှာထားဖြင့် ညီးတွားလိုက်သည်။
''တကယ်ပဲ စက်ရုပ်ကို လက်သီးတစ်ချက်တည်းနဲ့ ကန်ထုတ်ပစ်တာလား။''
''ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။''
''မဖြစ်ဘူး။ ငါကိုယ်တိုင် ဆင်းကြည့်ရမယ်။''
ထိုသို့ပြောကာ လုထျန်ရုန်သည် မော်နီတာကိုပိတ်ပြီး ထ၍ အောက်ထပ်သို့ ဆင်းသွားသည်။ ၎င်းပြောလိုက်သည်ကို ကြားလိုက်ရသောကြောင့် အားလုံးသည် အံ့ဩတုန်လှုပ်သွားသောမျက်နှာမျိုး ဖြစ်သွားကြသည်။
လက်သီးတစ်ချက်တည်းဖြင့် စက်ရုပ်ကို ကန်ထုတ်လိုက်သည်လော။
အမှန်ပဲလား။
ဘယ်လိုလုပ်လိုက်တာလဲ။
အားလုံးသည် ပဟေဠိဖြစ်နေကြရာမှ လုထျန်ရုန်နောက်သို့ လိုက်သွားကြပြီး အဖွဲ့ဒီရှိသည့်အခန်းထဲသို့ လိုက်သွားကြတော့သည်။
…
အောက်ထပ်ရှိ အဖွဲ့ဒီရှိသည့်အခန်းထဲတွင်မူ…
ကျောက်ယွမ်ကျုံး၊ကျန်းခိုင်နှင့် ရှန်ကွမ်းယွဲ့ယင်းတို့သည် စက်ရုပ်ခေါင်းဖောက်ထွက်သွားသောမျက်နှာကျက်ကို မော့ကြည့်ပြီး အံ့ဩတုန်လှုပ်နေကြသည်။ အားမရှိဟန်ပေါ်သောလင်းဇီချန်က တစ်ချက်တည်းဖြင့် အခြေခံအဆင့်အဌမအဆင့်ရှိသည့်စက်ရုပ်ကို ကန်ထုတ်လိုက်သည်ကိုမြင်လိုက်ရသော်လည်း ယုံကြည်ရန် ခက်ခဲနေ၏။
အံဩစရာကောင်းလွန်းလှသည်
မယုံနိုင်စရာကောင်းလွန်းလှသည်
သိပ္ပံနည်းလည်းမကျပေ
“ဇီချန် နင့်ရဲ့အားက ဘာလဲ။ ဘာလို့အဲ့လောက် အားကြီးရတာလဲ။”
ကျန်းခိုင် အသိဝင်လာပြီး လင်းဇီချန်ကို သံသယမျက်လုံးဖြင့်ကြည့်ကာ မေးလိုက်မိသည်။
ကျောက်ယွမ်ကျုံးနှင့် ရှန်ကွမ်းယွဲ့ယင်းတို့ကလည်း လင်းဇီချန်ဘက်သို့လှည့်လာပြီး သူပြန်ဖြေမည်ကို စောင့်နေကြသည်။ ထိုသူများကြား၌ ရှန်ကွမ်းယွဲ့ယင်းသည်မူ လင်းဇီချန်၏ ချောမောသောမျက်နှာလေးကိုကြည့်နေရင်းဖြင့် စောနက စက်ရုပ်ကိုလွင့်သွားအောင် ထိုးလိုက်သောမြင်ကွင်းကိုပြန်မြင်ယောင်မိလာသည်။ နှလုံးခုန်သံများ မြန်လာကာ ထူးခြားသောစိတ်ခံစားချက်က မြင့်တက်လာ၏။
ယခင်ကမူ လင်းဇီချန်က အတော်လေးချောသည်ဟုထင်ခဲ့သည်။ သို့သော် ယခုတွင်မူ လင်းဇီချန်၏အင်အားကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရသောအခါ၌ ထိုကောင်လေးထံတွင် ဖမ်းစားခံလိုက်ရသည်ဟု ခံစားရသည်။ သူမ၏နှလုံးသားထဲတွင် မသင့်တော်သောအတွေးတစ်ခုက ပေါ်လာသည်။
သူသည် လက်ထပ်ပြီးသားယောက်ျားသားဖြစ်ပါလျှင်ပင် အလွတ်ပေးတော့မည်မဟုတ်ပေ။
ထိုသုံးဦးက ကြည့်နေသောကြောင့် လင်းဇီချန်က ရှင်းပြလိုက်ရသည်။
''ငါ့ရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံအဌမအဆင့်ပဲရှိပေမဲ့လို့ စူပါအစွမ်းတွေရှိလို့ ခန္ဓာကိုယ်အားကို တိုးတက်စေနိုင်တဲ့ သွေးသန့်လူသားလမ်းစဉ်ကိုလိုက်ခဲ့တာ။ မှန်ကန်တဲ့ထောင့်အနေအထားရယ်၊ အားရယ်နဲ့ဆိုရင် အခြေခံအဌမအဆင့်စက်ရုပ်ကို တစ်ချက်တည်းနဲ့ လွင့်ထွက်အောင်ထိုးဖို့က မခက်ပါဘူး။''
အဓိပ္ပာယ်မရှိသောဆင်ခြေသာဖြစ်၏။ သို့သော်လည်း နားထောင်ကြည့်လျှင်မူ ကျိုးကြောင်းဆီလျော်သည်ဟု ထင်ရကာ ဟာကွက်ရှိမနေပေ။
''သွေးသန့်လူသားလမ်းစဉ်က တကယ်ပဲ အဲ့လောက်အားကောင်းတယ်လား။''
ကျောက်ယွမ်ကျုံးက တွေဝေသောအကြည့်မျိုးကြည့်ကာ မေးလိုက်သည်။
သွေးသန့်လူသားလမ်းစဉ်လိုက်သောသူများကို ရူးသွားသည်ဟုသာ အမြဲထင်ခဲ့မိသည်။ မနေ့က လင်းဇီချန်သည် သွေးသန့်လူသားလမ်းစဉ်ကိုလိုက်သည်ကို သိလိုက်ရသောအခါတွင် ရှန်ဟိုင်းတက္ကသိုလ်၏ပါရမီရှင်က ရူးသွားပြီဟု ထင်ခဲ့သည်။
သို့သော် ယခုတွင်မူ မိမိဘာသာ သံသယဝင်လာမိတော့သည်။
ရူးနေသူမှာ လင်းဇီချန်မဟုတ်သည်ကို သဘောပေါက်လာသည်။
အမြင်မရှိသူက မိမိကိုယ်တိုင်ပင် ဖြစ်နေလေသည်။
သွေးသန့်လူသားလမ်းစဉ်ထူးခြားချက်ကို လျစ်လျူရှုကာ အခြားသူများနည်းတူ မိမိကိုယ်ပိုင်အတွေးမတွေးဘဲ ရှုတ်ချခဲ့မိသည်။ ထိုအချိန်တွင် ကျန်းခိုင်သည်လည်း ကျောက်ယွမ်ကျုံးကဲ့သို့ပင် အတွေးပေါက်နေသည်။ နှစ်များစွာကြာပြီးမှ လင်းဇီချန်နှင့်ပြန်တွေ့သောအခါ၌ စိတ်ထဲတွင် လင်းဇီချန်ရှေ့၌ မိမိ၏အင်အားကို ပြမည်ဟု တေးထားခဲ့သည်။ လင်းဇီချန်ကို မျက်လုံးပြူးသွားစေချင်ကာ အသုံးမကျသောစီနီယာဖြစ်သွားသည်ကို ပြချင်ခဲ့သည်။ သို့သော် လက်တွေ့တွင်မူ လင်းဇီချန်က လင်းဇီချန်သာ ဖြစ်၏။
ကိစ္စများက မည်သို့ပင်ဖြစ်သော်လည်း၊ ထိပ်တန်းရောက်ရန် မည်မျှပင် အားထုတ်သော်လည်း မိမိသည် ၎င်းနှင့်ပြိုင်မည့်ကိစ္စမှာ မဖြစ်နိုင်တော့ပေ။ ကွာခြားချက်က ကြီးလွန်းသည်။ ယှဉ်ပြိုင်နိုင်စရာအကြောင်းမရှိပေ။ ထိုအတွေးများဖြင့် ကျန်းခိုင်က လင်းဇီချန်ကိုကြည့်ကာ စိတ်ခံစားချက်ပြင်းထင်းသောလေသံဖြင့် ပြောလိုက်လေသည်။
အခန်း (၂၄၃) ယွမ်သုန်ကျီ၏တုန်လှုပ်သွားမှု
''မင်းက ထိပ်တန်းပါရမီရှင်ဖြစ်ပြီး ဘာလို့ သွေးမျိုးစပ်လမ်းစဉ်ကို လက်လျော့ပြီး အနာဂတ်မရှိတဲ့ သွေးသန့်လူသားလမ်းစဉ်ကို လိုက်ရတာလို့ ငါအမြဲတမ်းပြောခဲ့မိတာ။''
''ခုတော့ မင်းက သွေးသန့်လူသားလမ်းစဉ်နဲ့ အောင်မြင်မှုရပြီး တိုးတက်လာတာကလည်း သွေးမျိုးစပ်လမ်းစဉ်ထက်တောင်မှ ပိုကောင်းသေးတယ်။''
''အရိုးသားဆုံးပြောရရင် ဇီချန် မင်းရဲ့ခန္ဓာကိုယ်ပါရမီက အားကျစရာပဲ။''
ကျန်းခိုင်က မနာလိုသောအကြည့်မျိုးဖြင့် ပြောလိုက်သည်။
''စက်ပြုပြင်လမ်းစဉ်ကိုလျှောက်ဖို့က ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေကို လက်လွှတ်ရတယ်။ သွေးမျိုးစပ်လမ်းစဉ်ကကျ ပြင်ပမျိုးစိတ်ရဲ့ကျူးကျော်တာခံရတယ်။ သွေးသန့်လူသားလမ်းစဉ်ကပဲ ကိုယ့်ခန္ဓာကိုယ်ကို အပြည့်အဝပိုင်ဆိုင်စေတာ။ ငါမင်းကို တကယ်မနာလိုဖြစ်မိတယ်။''
''အားကျနေဖို့မလိုပါဘူး''
လင်းဇီချန်က ပြန်ပြောလိုက်သည်။
''သွေးသန့်လူသားလမ်းစဉ်က မမြင်နိုင်တဲ့အနာဂတ်မျိုးပဲ။ ငါတော့ အခြေခံအဆင့်နဝမအဆင့်မှာပဲ ပိတ်မိနေပြီး ထပ်ပြီးဆင့်ကဲမပြောင်းလဲတာလည်း ဖြစ်နိုင်တယ်။''
''ရှောင်ချန်ကတော့ ပေါက်ကရတွေ ပြောနေပြန်ပြီ။''
ရှန်ချင်းဟန်တစ်ယောက် သူမဘာသာ ညီးလိုက်မိခြင်းဖြစ်သည်။
ထိုအချိန်တွင် လျှောက်လမ်းအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
''ဒေါက် ဒေါက် ဒေါက်---''
လင်းဇီချန်က ချက်ချင်းပင် သူ၏ကြိုတင်သိမြင်နိုင်စွမ်းကို ဖြန့်ကျက်လိုက်သောအခါ၌ ညွှန်ကြားသူလုနှင့် အခြားအဖွဲ့မှလူများရောက်လာခြင်းဖြစ်သည်ကို သိလိုက်သည်။ ထို့အပြင် ဆေးပစ္ဏည်းများသယ်လာသည့်စစ်ဆေးဆရာဝန်များလည်း ပါလာသည်။
စက်ရုပ်ကို နံရံဖောက်အောင်ထိုးလိုက်သောအသံက ကျယ်လွန်းသောကြောင့် ခေါင်မိုးထပ်မှလူများ၏အာရုံကိုပင် ဆွဲဆောင်နိုင်သည်မှာ စဉ်းစားနေစရာပင် မလိုပေ။ ခြေသံများက ကျယ်လောင်လာကာ ညွှန်ကြားသူလုဦးဆောင်သည့်အဖွဲ့ကြီးက မကြာခင်ပင် အခန်းထဲသို့ ဝင်ရောက်လာသည်။ စက်ရုပ်ကိုယ်ကမူ မျက်နှာကျက်တွင် တွဲလောင်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ၌ အားလုံးသည် မယုံကြည်နိုင်သောအမူအရာမျိုးဖြစ်သွားကြကာ လက်တွေ့မကျဟုသာ ခံစားနေမိကြသည်။
ခေါင်မိုးပေါ်တွင် ရှိစဉ်ကတည်းကပင် ထိုမြင်ကွင်းကို မျှော်လင့်ထားပြီးဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျမြင်တွေ့လိုက်ရသောအခါ၌ မိမိတို့ရှေ့မှ မယုံကြည်နိုင်ဖွယ်ကောင်းသောမြင်ကွင်းကြောင့် တုန်လှုပ်ခြောက်ခြားသွားကြ၏။
မျက်နှာကျက်တစ်ခုလုံးက ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများထင်နေပြီး အချိန်မရွေးပြိုကျလာနိုင်သည့်ပုံပေါ်ကာ အထဲ၌ပင် တုန်ခါနေဟန်ပေါ်သည်။ စက်ရုပ်ကို လွင့်ထွက်အောင်လုပ်လိုက်သော လက်သီး၏အားက မည်မျှကြောက်စရာကောင်းသောကြောင့် မျက်နှာကျက်တွင်ပင် ကြီးမားသောအက်ရာကြီး ပေါ်သွားစေပါသနည်း။
''ညွှန်ကြားသူလု မော်နီတာပြန်ပြတာကို ကြည့်လို့ရမလား။ စောနက ဘာဖြစ်သွားလဲဆိုာ သေချာသိချင်လို့ပါ။''
ခြေထောက်ကျိုူးထားသောစစ်တပ်မှပါရမီရှင်က လုထျန်ရုန်ကို မေးလိုက်သည်။
လုထျန်းရုန်ကမူ ဘာမှမပြောပေ။ တက်ဘလက််ကို ပေးလိုက်ပြီး လင်းဇီချန်ရှိရာသို့ သွားသည်။
''ကျောင်းသားလင်း မင်းရဲ့လက်ရှိ သွေးမျိုးဆက်စွမ်းအားအဆင့်က ဘယ်လောက်လဲ။''
လုထျန်းရုန်က လင်းဇီချန်ရှေ့တွင်ရပ်၍ စပ်စုလိုစိတ်ဖြင့် တည့်မေးလိုက်သည်။ လင်းဇီချန်ကမူ ကျန်းခိုင်ကို ဖြေခဲ့သည်ကိုသာ ပြန်ဖြေသည်။
''အခြေခံအဆင့်အဌမအဆင့်ပါ။ ဒါပေမဲ့ မွေးရာပါအင်အားကောင်းပါတယ်။ သွေးသန့်လူသားမ်းစဉ်ကို လိုက်လိုက်လို့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အဆက်မပြတ်အားကောင်းလာတာပါ။ အပြင်မှာဆိုရင်တောင်မှ အခြေခံအဆင့်နဝမအဆင့်ရဲ့အားနဲ့ ယှဉ်နိုင်ပါတယ်။''
အခြေခံအဆင့်နဝမအဆင့်ဖြင့် ယှဉ်နိုင်သလား။
ထိုစကားများကို ကြားရသောအခါတွင် လုထျန်းရုန်က အတန်ငယ်အံ့အားသင့်သွားသည်။
အသက်(၂၀)ပင်မပြည့်သေးသော ရှန်ဟိုင်းတက္ကသိုလ်က ပါရမီရှင်သည် သွေးမျိုးစပ်လမ်းစဉ်ကို လိုက်ခြင်းမဟုတ်သကဲ့သို့ စက်ပြုပြင်ပြောင်းလဲမှုများလည်း လုပ်မထားပေ။ သူ၏ခန္ဓာကိုယ်အားသက်သက်ဖြင့် အခြေခံအဆင့်နဝမအဆင့်ကို ယှဉ်နိုင်သည်။
သူက လူသားအရေခွံခြုံထားတဲ့ ဆန်းကြယ်သားရဲလား။
မဟုတ်ရင် မူလနယ်မြေမှ ဆန်းကြယ်လူသားလား။
မည်သို့ကြောင့် ထိုမျှအားကောင်းနေရသနည်း။
လုထျန်းရုန်က ပို၍စဉ်းစားလေလေ ပို၍လက်တွေ့မဆန်ဟု ခံစားရလေလေပင် ဖြစ်သည်။
မိမိသည် အသက်ငါးဆယ်ကျော်ရှိပြီဖြစ်ပြီး စစ်တပ်ထဲတွင်နေခဲ့သည်မှာ နှစ်သုံးကျော်ဖြစ်သော်လည်း လင်းဇီချန်ကဲ့သို့ သမားရိုးကျမဟုတ်သောပါရမီရှင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သွေးမျိုးစပ်လမ်းစဉ်၊ စက်ပြုပြင်ပြောင်းလဲခြင်းများပေါ်တွင် မမှီခိုသောသူတစ်ယောက်က ထိုမျှအားကောင်းနေသည်မှာ ယုံနိုင်စရာမကောင်းပေ။
အမှန်အတိုင်းပြောရမည်ဆိုလျှင် စံချိန်စံညွှန်းပြောင်းလဲခြင်းမျိုးဖြစ်သည်။ လုထျန်းရုန်က မိမိဘဝကိုမိမိ မေးခွန်းထုတ်နေစဉ် အခြားတစ်ဖက်တွင်မူ အဖွဲ့သည် စောနက အံ့ဩသင့်စရာမြင်ကွင်းကို လူစု၍ တူတူကြည့်နေကြသည်။
''သေစမ်း။ တကယ်ကြီး လက်သီးတစ်ချက်တည်းနဲ့ စက်ရုပ်က လွင့်သွားတာပဲ။ ဒီလူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ။ ဘယ်လိုလုပ် အဲ့လောက်အားကြီးနေရတာလဲ။''
''တကယ်ပဲ ရှန်ဟိုင်းတက္ကသိုလ်က လူသစ်ရော ဟုတ်ရဲ့လား။''
''သွေးမျိုးစပ်တာလည်းမလုပ် စက်ပြုပြင်ပြောင်းလဲတာလည်းမလုပ်ဘဲ သွေးသန့်လူသားလမ်းစဉ်တစ်ခုတည်းနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့အားမျိုး ထုတ်နိုင်တယ်။ သွေးသန့်လူသားလမ်းစဉ်က တကယ်ပဲ လူသားမျိုးနွယ်စုအတွက် မျှော်လင့်ချက်များလား။''
တအံ့တဩဖြစ်နေသံများက တစ်သံပြီးတစ်သံထွက်လာကာ မကြာခင်ပင် ထိုမြင်ကွင်းကိုကြည့်နေကြသောသူများ၏အကြည့်က လင်းဇီချန်ဆီသို့ရောက်သွားပြီး မယုံသင်္ကာ၊ မယုံကြည်နိုင်၊စပ်စုလိုသောအကြည့်မျိုးစုံဖြင့် ဝိုင်းကြည့်နေကြသည်။ ၎င်းတို့သည် သွေးသန့်လူသားလမ်းစဉ်လိုက်သောရှန်ဟိုင်းတက္ကသိုလ်မှ ပါရမီရှင်သည် ခန္ဓာကိုယ်အားကောင်းအောင် မည်သည့်အရာများက လုပ်ပေးလိုက်သနည်းကို သိချင်နေကြသည်။
အားလုံး၏အကြည့်ဖြင့် မျက်နှာချင်းဆိုင်လိုက်ရသောကြောင့် လင်းဇီချန်တစ်ယောက် အတော်လေးအဆင်မပြေပေ။ မျောက်တစ်ကောင်ကို ဝိုင်းကြည့်နေသကဲသို့ ခံစားရသည်။ ထို့နောက်တွင် လျှောက်လမ်းဆီမှ လူနှစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသည်။ ယွမ်သုန်ကျီနှင့် အမျိုးသမီးအရာရှိတို့ပင် ဖြစ်၏။ အမျိုးသမီးအရာရှိကို မြင်သောအခါတွင် လုထျန်းရုန်က ချက်ချင်းပင် ကိုယ်ကိုမတ်၍ အရိုအသေပေးလိုက်သည်။
''တပ်မှူးယောင်။''
အမျိုးသမီးအရာရှိက ချက်ချင်းပြန်မဖြေဘဲ မျက်နှာကျက်တွင် တွဲလောင်းဖြစ်နေသောစက်ရုပ်ကို မယုံနိုင်သောအကြည့်မျိုးဖြင့် ကြည့်နေသည်။ စက်ရုပ်၏ရင်ဘတ်ပေါ်တွင် စင်တီမီတာအတော်နက်သည့်ချိုင့်ရာတစ်ခုကို မြင်နေရသည်။ လက်သီးရာပင် ဖြစ်၏။
လင်းဇီချန်၏လက်သီးချက်ကြောင့် ဖြစ်လာသော လက်သီးရာပင် ဖြစ်သည်။ သတ္ထုဘီအဆင့်ရှိသောစက်ရုပ်၏ခန္ဓာကိုယ်ပေါ်တွင် ထိုသို့လက်သီးရာမျိုးထင်အောင် လုပ်ရန်မှာ အနည်းဆုံးအခြေခံအဆင့်နဝမအဆင့်ရှိရန် လိုသည်။ အထူးလေ့ကျင့်ရေးအတွက်လာသောလူသစ်က အခြေခံအဆင့်နဝမအဆင့်အားဖြင့် တိုက်နိုင်သည်လော။
လွန်လွန်းသည်မဟုတ်ပါလော။
ထိုအကြောင်းကို စဉ်းစားမိကာ အမျိုးသမိီးအရာရှိက လင်းဇီချန်ကိုကြည့်၍ ပြောလိုက်သည်။
''မင်းရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံအဌမအဆင့်ပါ။ အဲ့တာကို ဘယ်လိုလုပ် အခြေခံနဝမအဆင့်အားလောက်နဲ့ တိုက်နိုင်ရတာလဲ။''
လင်းဇီချန်တစ်ယောက်ကမူ ထိုမေးခွန်းကို ဖြေရသည်မှာ ငြီးငွေ့နေပြီဖြစ်သည်။ တစ်ယောက်ရောက်လာတိုင်း ထိုအကြောင်းကို ရှင်းပြနေရသည်။ စိတ်ပျက်နေသော်လည်း မေးသည့်သူက စပ်တပ်နယ်မြေမှ အဆင့်မြင့်ခေါင်းဆောင်ဖြစ်နေသောကြောင့် စိတ်ရှည်စွာဖြင့်သာ ပြန်ဖြေရသည်။
''ကျွန်တော့်မှာ မွေးရာပါစူပါးလူသားအင်အားမျိုးရှိတယ်။ သွေးသန့်စင်ခြင်းကျင့်စဉ်က ကျွန်တော့်ရဲ့အားကို တိုးစေတာ။ အခြေခံနဝမအဆင့်အားနဲ့ ယှဉ်နိုင်ပါတယ်။''
သွေးသန့်စင်ကျမ်းက အားကို တိုးတက်စေသည်လော။
အမျိုးသမီးအရာရှိက မျက်ခုံးပင့်လိုက်မိသည်။ ထိုသို့အကြောင်းမျိုးကို ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ ဘေးတွင်ရှိသော ယွမ်သုန်ကျီကမူ မျက်နှာကျက်မှ စက်ရုပ်ကိုမော့ကြည့်ပြီး လင်းဇီချန်ကို သံသယဖြင့် ကြည့်လိုက်၏။
လျိုချွမ့်ဝူ၏အယူအဆက မှန်နေသည်လော။
သွေးသန့်လူသားလမ်းစဉ်က အမှန်ပင် လူသားမျိုးနွယ်၏အနာဂတ်ဖြစ်နေသည်လော။
တစ်စုံတစ်ယောက် သွေးသန့်လူသားခန္ဓာကိုယ်ဖြင့် အခြေခံသွေးမျိုးဆက်အကာအရံကို ချိုးဖျက်နိုင်သည်လော။ ထိုအတွေးဖြင့် ယွမ်သုန်ကျီက လင်းဇီချန်ကို ရှုပ်ထွေးနေသောခံစားချက်များဖြင့် ကြည့်၍ ပြောလိုက်သည်။
''ဇီချန် ငါနဲ့လိုက်ခဲ့။''
ထိုသို့ပြောပြီးနောက်တွင် အခန်းထဲမှထွက်သွားပြီး အဆောက်အဦးအပြင်ဘက်သို့ ထွက်သွား၏။ လင်းဇီချန်က နောက်မှလိုက်သွားလေသည်။ ရှန်ချင်းဟန်ကလည်း အမြန်ပင် နောက်မှလိုက်သွားသည်။
အမျိုးသမီးအရာရှိကလည်း အခန်းထဲတွင် မနေတော့ဘဲ နောက်မှလိုက်သွားသည်။ ၎င်းတို့သည့် အချင်းချင်းကြည့်နေကြသောအဖွဲ့ကို ထားခဲ့ကြသည်။ ထိုအဖွဲ့သည် အချင်းချင်းကြည့်လိုက်၊ အချိန်မရွေးပြိုကျလာနိုင်သည့် အက်ကြောင်းရာများပြည့်နေသောမျက်နှာကျက်ကိုကြည့်လိုက်ဖြင့် လက်တွေ့မဆန်မှုက အပေါ်တွင် တွဲလောင်းခိုနေဟန်ရှိသည်။
လုထျန်းရုန်က အခြားသူများဘက်သို့လှည့်ကာ ပြောလိုက်သည်။
''ကောင်းပြီ။ လူစုခွဲပြီး ညစာသွားစားကြတော့။''
''ဒီနေ့အတွက်တော့ နားပြီး ပြန်အားဖြည့်ကြ။ စားပြီးရင် ဆေးကုသဆောင်မှာ ကုသမှုခံယူကြ။''
''ကုသမှုက အလကားပဲ။ အဲ့တာကြောင့် စားပြီးတာနဲ့ ကုသမှုခံကြ။ အချိန်ဆွဲမနေကြနဲ့။ မဟုတ်ရင် မနက်ဖြန်အထူးလေ့ကျင့်ရေးကို ထိခိုက်စေလိမ့်မယ်။''
''မနက်ဖြန်မနက် စစ်ရေးပြကွင်းမှာ ဒီနေ့လိုအချိန်မျိုးမှာ တွေ့ကြမယ်။''
ထိုသို့ပြောပြီးနောက်တွင် လုထျန်းရုန်လည်း ခုန်ထွက်သွားသည်။ မျက်နှာကျက်တွင်စိုက်နေသောစက်ရုပ်ကိုလည်း ပြန်ယူရမည်ဖြစ်ကာ ပြန်ပြင်ခိုင်းရန် လူရှာရပေဦးမည်။
၎င်းထွက်သွားပြီးနောက်တွင် အခန်းထဲ၌ ဆူညံနေသောဆွေးနွေးပြောဆိုသံများက ထွက်ပေါ်လာပြန်သည်။
အားလုံးသည် လင်းဇီချန်အကြောင်းသာ ဖြစ်၏။
လူများစွာက လီမော်ယွီ၊ လော်ရုန်ကျန်းနှင့် မာရှိဝေတို့နားတွင် စုဝေးကာ လင်းဇီချန်နှင့်ပက်သက်သည့်အကြောင်းများကို မေးကြပေတော့သည်။