← Chapters

အပိုင်း ၂၄၇-၂၄၉

Vol. 17 Ch. 247-249

အပိုင်း ၂၄၇-၂၄၉

Vol. 17 Ch. 247-249

အခန်း (၂၄၇) အားလုံးကို အံ့ဩသွားစေသည့် ပြင်းထန်ဝိညာဉ်စွမ်းအား

လင်းဇီချန်သည် အာမေဋိတ်သံများ လာရာအရပ်ကို ကြည့်လိုက်သော်လည်း အာရုံမစိုက်မိပေ။ အမြန်ပင် အကြည့်လွှဲလိုက်သည်။ ရင်ခွင်ထဲမှ ရှန်ချင်းဟန်ကိုသာ လှည့်ကြည့်၍ စောင့်ရှောက်ပေးနေသည်။ သူမ၏နားထင်စပ်ကို နှိပ်နယ်ပေးနေ၏။

ထိုစစ်တပ်နယ်မြေမှ လျိုရွှေဟယ်ဆိုသောသူသည် အသက်နှစ်ဆယ်ပင် မပြည့်သေးသော်လည်း ဝိညာဉ်စွမ်းအားက အခြေခံအဌမအဆင့်လောက်နီးပါးမြင့်ကာ လွန်စွာအားကောင်းလှသည်။ သို့သော်လည်း လင်းဇီချန်ရှေ့တွင်မူ အတော်လေးချို့တဲ့နေပုံပေါ်သည်။

ရှန်ချင်းဟန်က အတော်လေးကောင်းသွားပြီဟု ခံစားရသသည်။ လင်းဇီချန်ရင်ခွင်ထဲမှ ထကာ သူမကိုယ်သူမ ခေတ္တမျှကိုယ်ကိုထောင်မတ်၍ ပြောလိုက်သည်။

''ရှောင်ချန် ဝိညာဉ်စွမ်းအားအခန်းကို စမ်းကြည့်ရအောင်။''

''မင်းအဆင်ပြေတယ်ဆိုတာ သေချာလို့လား။''

''အခု အဆင်ပြေပြီ။''

''အဲ့လိုဆို သွားကြမယ်။''

လင်းဇီချန်ပြောပြီးသောအခါတွင် မတ်တပ်ထကာ ရှန်ချင်းဟန်ကို ခေါ်သွားသည်။ ဝိညာဉ်စွမ်းအားအခန်းငယ်က များများစားစားမကျန်တော့ပေ။ ဘေးဘီသို့ ကြည့်လိုက်သောအခါတွင် တစ်ခန်းသာ လွတ်နေသည်ကို တွေ့လိုက်ရသည်။

''ရှောင်ချန် နင်အရင်သွားမလား ငါအရင်သွားရမလား။''

''မင်းအရင်သွားပါ။''

''အဲ့လိုဆို ငါအရင်စမ်းကြည့်မယ်။''

ရှန်ချင်းဟန်က ဝိညာဉ်စွမ်းအားအခန်းတံခါးကိုဖွင့်ပြီး အထဲတွင်ဝင်ထိုင်လိုက်သည်။

သူမသည် ပြင်းအားအဆင့်တစ်ကိုရွေး၍ လေ့ကျင့်ရေးစတင်သည်။ သူမ၏ဝိညာဉ်စွမ်းအားအဆင့်ကို တိတိကျကျမသိသောကြောင့် အဆင့်တစ်ကိုသာရွေးလိုက်ကာ နောက်တွင်မှ ဖြည်းဖြည်းဖြင့် တိုးရန် ဖြစ်သည်။ ဘေးကင်းအောင်ကစားခြင်းက အကောင်းဆုံးဖြစ်ပေသည်။

အမှန်တွင် ချီသွေးဆေးတောင့်လေ့ကျင့်ရေးကြောင့် သူမလန့်သွားပေသည်။ ယခုတွင်မူ သတိထား၍သာ လုပ်နေတော့သည်။ မာရှိဝေ၊လီမော်ယွီနှင့် လော်ရုန်ကျန်းတို့က ရှန်ချင်းဟန်တစ်ယောက် ဝိညာဉ်စွမ်းအားအခန်းထဲသို့ ဝင်သွားသည်ကို မြင်သောအခါတွင် အားလုံးလာကြည့်ကြသည်။ သုံးယောက်လုံးကလည်း မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်နဲ့ပေါင်းစပ်ထားသော သူမ၏ဝိညာဉ်စွမ်းအားကို စပ်စုချင်နေကြသည်။

ဆန်းကြယ်သားရဲဖြစ်သော ဝိညာဉ်ပြာဂျယ်လီငါးဘု၇င်သည် အခြားသောဆန်းကြယ်သားရဲများထက် ဝိညာဉ်စွမ်းအားမြင့်ပေသည်။ ဝိညာဉ်ပြာဂျယ်လီငါးဖြင့် ပေါင်းစပ်ခြင်းက လူတစ်ယောက်၏ဝိညာဉ်စွမ်းအားကို ပို၍မြင့်တက်စေသည်။

ပြင်းအားအဆင့်တစ်

ပြင်းအားအဆင့်နှစ်

ပြင်းအားအဆင့်သုံး

ပြင်းအားအဆင့်လေး

ပြင်းအားအဆင့်ငါး

ဝိညာဉ်စွမ်းအားအခန်းထဲသို့ ဝင်ပြီးနောက်တွင် ရှန်ချင်းဟန်က ပြင်းအားကို တစ်ဆင့်ချင်းတိုးနေသည်။

သူမသည် ဝိညာဉ်စွမ်းအားကို အဆင့်ငါးထိ တိုးလိုက်သောကြောင့် ကြည့်နေသူသုံးယောက်မှာ တအံ့တဩဖြစ်သွားကြသည်။

''ဝိညာဉ်စွမ်းအားပြင်းအားငါး။''

လော်ရုန်ကျန်းက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

''ချင်းဟန်က သွေးမျိုးဆက်စွမ်းအားဆဌမအဆင့်ရှိတာ။ သူ့ဝိညာဉ်စွမ်းအားက အခု သွေးမျိုးဆက်စွမ်းအားအဆင့်နီးပါးဖြစ်နေပြီ။ အထင်ကြီးစရာပဲ။''

ယခင်က လင်းဇီချန်သဝန်တိုမည်စိုးသောကြောင့် သူမကို ညီမလေးချင်းဟန်ဟု ခေါ်သော်လည်း ယခုတွင်မူ စိတ်ထဲမှ ပြောလိုက်မိခြင်းဖြစ်သည်။

ရှန်ချင်းဟန်၏ဝိညာဉ်စွမ်းအားက အားကောင်းလွန်းသည်။ အနာဂတ်အခွင့်အလမ်းက ခန့်မှန်း၍မရနိုင်ပေ။ နောက်မှသာ သူမကိုအထင်ကြီးမှုကို ပြသရပေဦးမည်ဟု စိတ်ထဲတွင် မှတ်ထားလိုက်သည်။

အနီးအနားမှ မာရှိဝေက မျက်မှောင်အသာကြုတ်ပြီး သံသယအသံဖြင့် ညည်းတွားလိုက်သည်။

''မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်က ဝိညာဉ်စွမ်းအားကို အဲ့လောက်တောင် ကောင်းစေတယ်လား။''

သူမသည်လည်း ဝိညာဉ်ပြာဂျယ်လီငါးဘုရင်မျိုးစိတ်နှင့် ပေါင်းစပ်ဖူးသည်။ လွန်ခဲ့သောနှစ်ဝက်က ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီးနောက်တွင် မာကျန်းဟယ်ကက သူမကို ရွေးရန် ဆန်းကြယ်သားရဲမျိုးစိတ်ဆယ်မျိုးပေးခဲ့သည်။ ထိုမျိုးစိတ်ဆယ်မျိုး၏အားနည်းချက်နှင့်အားသာချက်များကိုခွဲခြားပြပြီး ထိုထဲတွင် ဝိညာဉ်ပြာဂျယ်လီငါးဘုရင်လည်း ပါဝင်သည်။ ထို့ကြောင့် ဝိညာဉ်ပြာဂျယ်လီငါးဘုရင်မျိုးစိတ်နှင့်ပေါင်းစပ်သော ဆင့်ကဲပြောင်းလဲသူများ၏ဝိညာဉ်စွမ်းအားသည် သွေးမျိုးဆက်စွမ်းအားအဆင့်၏တစ်ဝက်နီးပါးအထိ တိုးမြင့်နိုင်ကြောင်းကို သိထားသည်။

သို့သော်လည်း ရှန်ချင်းဟန်၏ဝိညာဉ်စွမ်းအားသည် သူမ၏သွေးမျိုးဆက်စွမ်းအားအဆင့်နီးပါးတူသောကြောင့် သူမနားလည်ထားသည်နှင့် ခြားနားနေသည်။

''လင်းဇီချန် ချင်းဟန်ရဲ့ဝိညာဉ်စွမ်းအားက ဘယ်လိုလုပ် အဲ့လောက်အားကောင်းနေရတာလဲ။''

လီမော်ယွီက လင်းဇီချန်ကိုကြည့်ကာ မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

လင်းဇီချန်ကမူ တစ်မူထူးခြားစွာဖြင့် ပြန်ဖြေလိုက်၏။

''သူကိုက အဲ့လိုမျိုး မွေးလာတာ။''

ပြောနေကြနေစဉ်တွင်ပင် ရှန်ချင်းဟန်၏ဝိညာဉ်စွမ်းအားအခန်းငယ်က ပြင်းအားနောက်တစ်ဆင့်သို့ တိုးသွားပြန်သည်။

ပြင်းအားငါးမှ ပြင်းအားခြောက်အထိ တိုးသွားသည်။

''သေစမ်း။ ချင်းဟန်ရဲ့ဝိညာဉ်စွမ်းအားက သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်နဲ့ အတူတူပဲ။''

လော်ရုန်ကျန်း၏မျက်လုံးများက ပြူးကျယ်သွားသည်။ သူ၏အာမေဋိတ်သံကြောင့် ဘေးနားမှသူများလည်း လှည့်ကြည့်မိကြ၍ စပ်စုလိုကြ၏။

သွေးမျိုးဆက်စွမ်းအားဆဌမအဆင့်ရှိသောရှန်ချင်းဟန်သည် ပြင်းအားခြောက်အထိကို ခံနိုင်ရည်ရှိသည်ကို မြင်လိုက်သောအခါတွင် အားလုံးတုန်လှုပ်သွားကြသည်။ လူစုလာကြကာ မယုံနိုင်သောအကြည့်မျိုးဖြင့် ကြည့်နေကြသည်။

''ပုံစံနဲ့ လှည့်ဖျားနိုင်တယ်ဆိုတာ အမှန်ပဲ။ သူ့ကြည့်ရတာက နူးညံ့သိမ်မွေ့ပုံပေါ်ပြီး မျက်နှာလေးကလည်း လှတယ်။ ဒါပေမဲ့ ဝိညာဉ်စွမ်းအားက တကယ်မြင့်တာပဲ။''

''လှလည်းလှပြီး ပါရမီလည်းရှိတယ်ပေါ့။ သူကတော့ ကောင်းကင်က ကောင်းချီးပေးခံရတာပဲ။''

''မင်းသာမပြောရင် ဒီရှန်ဟိုင်းတက္ကသိုလ်က မိန်းကလေးကလှတယ်ဆိုတာကို သတိထားမိမှာတောင်မဟုတ်ဘူး။ အခြားနာမည်ကြီးတဲ့သူတွေထက်တောင် လှသေးတယ်။''

လူအုပ်သည် ရှန်ချင်းဟန်၏ဝိညာဉ်စွမ်းအားကို ပို၍စပ်စုချင်လာကြသည်။ သို့သော်လည်း ပြောနေရင်းဖြင့် အကြောင်းအရာက သူမ၏အလှတရားဆီသို့ ရောက်သွားသည်။ အားလုံးက သူမ၏သိမ်မွေ့လှပမှုကို ချီးကျူးနေကြသည်။

''ပြင်းအားခြောက်လောက်ပဲကိုး။ ဘာတွေအံ့ဩနေကြတာလဲ။''

လျိုရွှေဟယ်က ဝိညာဉ်စွမ်းအားအခန်းထဲမှ ထွက်လာပြီး ပြောလိုက်သည်။

''သူက လှလို့ကြောင့်များလား။''

သူ၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံအဌမအဆင့်ဖြစ်ပြီး ပြင်းအားရှစ်အထိ တောင့်ခံနိုင်ခဲ့သော်လည်း ဘေးနားတွင် ထိုသို့အာမေဋိတ်သံမျိုးစုံ မကြားခဲ့ရပေ။

သို့သော် ဆယ်မိနစ်အတွင်းပင် ထိုအာရုံစူးစိုက်မှုများကို ရှန်ချင်းဟန်က ခိုးယူသွားသည်။ စိတ်ထဲတွင်အတော်လေး မသက်မသာခံစားလိုက်ရသည်။ မလှမ်းမကမ်းတွင်ရှိသော လော်ရုန်ကျန်း၏နားများက ပါးသောကြောင့် လျိုရွှေဟယ်ညည်းတွားပြောသည်ကို ကြားနေရသည်။

ချက်ချင်းပင် သူ့ဘက်သို့လှည့်ပြီး မနှစ်မြို့သောမျက်နှာဖြင့် ပြန်ပက်လိုက်၏။

''င့ါညီမလေးချင်းဟန်က မိန်းကလေးလေ။ ခန္ဓာကိုယ်ကပါ အားသာယုံတင်မကဘူး။ ဝိညာဉ်စွမ်းအားကလည်း သွေးမျိုးဆက်စွမ်းအားနဲ့အတူတူပဲ။ ဘယ်လောက်အံ့ဩဖို့ကောင်းလဲ။ မင်းလို ယောက်ျားကြီးနဲ့ နှိုင်းယှဉ်စရာမဟုတ်ဘူး။''

ယောက်ျားကြီးဖြစ်နေသည်က ဘာမှားသနည်း။

ယောက်ျားတစ်ယောက် ရသည့်အောင်မြင်မှုက မိန်းမတစ်ယောက်အောင်မြင်မှုထက် တစ်ဆင့်နိမ့်နေသည်လော။

'မ' ဘက်လိုက်တဲ့ကောင်တွေ

ကပ်ဖားရပ်ဖားတွေ

လျိုရွှေဟယ်သည် ဒေါသတကြီးဖြင့် လော်ရုန်ကျန်းကို စိတ်ထဲတွင်ကျိန်ဆဲနေမိ၏။ မိမိဘာသာ ပြောဆိုနေစဉ်တွင် ရုတ်တရက်ပင် အပေါ်မှ မယုံကြည်နိုင်ဖွယ်ကောင်းသောပြောဆိုသံများကို ကြားလိုက်ရလေ၏။

အခန်း (၂၄၈) အားလုံးကိုဝိညာဥ်စွမ်းအားဖြင့်အံ့အားသင့်စေခြင်း (၂)

''သေစမ်း။ တကယ်ကြီး အဆင့်ခုနစ်လား။''

''ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။''

''ဖန်သားမျက်နှာပြင်ကများ ပျက်နေတာလား။''

''အဆင့်ခုနစ်ပြင်းအားကို ခံနိုင်ဖို့က အခြေခံဆဌမအဆင့်ခန္ဓာကိုယ်နဲ့ ခံနိုင်တယ်။ တကယ် အံ့ဩစရာပဲ။''

''လျိုရွှေဟယ်ရဲ့ ဝိညာဉ်စွမ်းအားက ပြင်းပေမဲ့လို့ သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားနဲ့ ကွက်တိပဲ။ ဒီရှန်ဟိုင်းတက္ကသိုလ်က မိန်းကလေးကျ ဝိညာဉ်စွမ်းအားက သွေးမျိုးဆက်စွမ်းအားအဆင့်ထက် မြင့်နေပြီ။ ဝိညာဉ်စွမ်းအားမှာ ထိပ်တန်းပါရမီရှင်ပဲ။''

ထိုအချိန်တွင် အားလုံးသည် ရှန်ချင်းဟန်ကြောင့် အံ့ဩနေကြသည်။

ဆယ်စုနှစ်နှစ်စုခန့် နေထိုင်ပြီးဖြစ်ကြသောအများစုသည် ဝိညာဉ်စွမ်းအားက သွေးမျိုးဆက်စွမ်းအားထက် မြင့်သောသူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အတော်လေးမယုံကြည်နိုင်စရာကောင်းပေသည်။

''အဆင့်ခုနစ်ပြင်းအားကို သွေးမျိုးဆက်ဆဌမအဆင့်ခန္ဓာကိုယ်နဲ့ ခံနိုင်တယ်။ လာနောက်နေတာလား။''

လျိုရွှေဟယ်သည် အတော်လေးကြောင်ကြည့်နေမိသည်။ မျက်နှာက သံသယဖြင့်ပြည့်နှက်နေကာ လက်မခံနိုင်ဖြစ်နေသည်။

သို့သော်လည်း ဝိညာဉ်စွမ်းအားအခန်းငယ်ထဲ၌ ပြနေသောဂဏန်းက အမှန်ပင် (၇) ဖြစ်သည်။ အထဲမှ ဝိညာဉ်စွမ်းအားပြင်းအားက အဆင့်ခုနစ်ဟု ပြသနေသည်။

မကြာခင်တွင် ညွှန်ကြားသူလုထျန်းရုန် ရောက်လာသည်။ အခြားသူများပြသောဝိညာဉ်စွမ်းအားပြင်းအားကို အံ့ဩမှုမရှိဘဲ ကြည့်လိုက်သည်။ မျက်ခုံးပင့်၍ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

''ဒီနှစ် အထူးလေ့ကျင့်ရေးက ကလေးတွေက မဆိုးဘူးပဲ။ နောက်ထပ် ဝိညာဉ်စွမ်းအားပါရမီရှင် ပေါ်လာပြီ။''

စစ်တပ်နယ်မြေတွင် နှစ်ပေါင်းများစွာ နေလာခဲ့သောကြောင့် ရှန်ချင်းဟန်ကဲ့သို့ သူမျိုးကို များစွာမြင်ဖူးသည်။ ထို့ကြောင့် အထူးတဆန်း ဖြစ်မနေပေ။

…

ဝိညာဉ်စွမ်းအားအခန်းငယ်ထဲတွင် ရှန်ချင်းဟန်သည်မူ အမူအရာကင်းမဲ့စွာဖြင့် ထိုင်နေသည်။ အဆင့်ခုနစ်ပြင်းအားကို တိတ်ဆိတ်စွာ တောင့်ခံနေခြင်းဖြစ်သည်။ ထိုအချိန်တွင် မျက်လုံးများ မှိတ်ထားပြီး ခန္ဓာကိုယ်က ချွေးဒီးဒီးကျနေလေပြီ။ နာကျင်မှုကို တောင့်ခံနေရကြောင်း ပြသနေ၏။ အဆင့်ခုနစ်သည် သူမ၏ကန့်သတ်ချက်ထက်ပင်ကျော်လွန်နေပြီဖြစ်သည်။ စက္ကန့်တိုင်းပင် မရေမတွက်နိုင်သောအပ်များက ခေါင်းကိုထိုးဖောက်နေသည်ဟု ခံစားရကာ သည်းမခံနိုင်လောက်သောခေါင်းကွဲမတတ်ခေါင်းကိုက်မှုမျိုးကို ခံစားနေရသည်။ အဆင်မပြေသော်လည်း ရှန်ချင်းဟန်က ထိုသို့လုပ်ရန် ရွေးချယ်ထားသည်။ သူမ၏ကန့်သတ်ချက်ကို ချိုးဖျက်လိုခြင်းပင် ဖြစ်သည်။

သူမ၏အားကိုတတ်နိုင်သမျှ မြန်မြန်တိုးတက်ရန်သာ ဖြစ်သည်။ အချိန်က မည်သူ့ကိုမှ မစောင့်ပေ။ လင်းဇီချန်က တစ်နေ့ပြီးတစ်နေ့ အားကောင်းလာသည်။ သူမက မည်သည့်ကြိုးပမ်းအားထုတ်မှုမျိုးမှ မလုပ်လျှင် အနှေးနှင့်အမြန်ကျန်ခဲ့မည်သာဖြစ်သည်။ အမှီလိုက်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။ သူမသည် ထိုသို့အဖြစ်မခံလိုကပေ။

…

သူမသည် မိနစ်ဝက်မျှ တောင့်ခံထားသည်။ ရှန်ချင်းဟန်ထပ်ပြီး တောင့်မခံနိုင်တော့ပေ။ အမြန်ပင် ခလုတ်နှိပ်၍ လက်စသတ်လိုက်သည်။ ထို့နောက်တွင် မျက်နှာသည် နီရဲနေပြီး အမောတကောဖြင့် အသက်ရှုနေရကာ ယိုင်နဲ့နဲ့ဖြင့် ဝိညာဉ်စွမ်းအားအခန်းငယ်ထဲမှ ထွက်လာသည်။ လင်းဇီချန်က သူမကို အမြန်ပင် ကူတွဲပေးလိုက်သည်။

''အဆင်ပြေရဲ့လား။''

''အင်း။ ငါအဆင်ပြေပါတယ်။ ခေါင်းနည်းနည်းမူးယုံတင်ပါ။ ကိစ္စကြီးမဟုတ်ပါဘူး။''

''အဲ့လိုဆို တော်သေးတာပေါ့။''

ပြောပြီးနောက်တွင် လင်းဇီချန်က ရှန်ချင်းဟန်၏အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေသည်။ သူမအမှန်တကယ် အဆင်ပြေသည်ကို မြင်သောအခါမှ စိတ်ချသွားသည်။ ချီသွေးဆေးတောင့်က ထွက်လာစဉ်က နံရံကိုမှီ၍ သွေးပင် အန်ခဲ့လေသည်။

''ညီမလေးဟန် စောနက အတော်လေးမိုက်တယ်။''

လော်ရုန်ကျမ်းက စိတ်လှုပ်ရှားစွာဖြင့်ရောက်လာပြီး ပြောလိုက်သည်။

''ဝိညာဉ်စွမ်းအားပြင်းအားခုနစ်ထိတောင် တင်လိုက်တာ။ အားလုံးလန့်သွားကြတာ။ အားလုံးမျက်လုံးပြူးသွားကြတယ်လေ။''

ရှန်ချင်းဟန်သည် ခေါင်းမူးနေဆဲဖြစ်ကာ လော်ရုန်ကျန်းကို ယဉ်ကျေးသမှုဖြင့် ပြုံးပြလိုက်ပြီး စကားပြန်မပြောလိုပေ။

သူမသည် ဘေးထွက်၍ ထိုင်နေသည်။ သက်သာအောင်လုပ်ပြီးနောက်တွင် ရှန်ချင်းဟန်က လင်းဇီချန်ကို ပြောလိုက်သည်။

''ရှောင်ချန်ငါတကယ်အဆင်ပြေတယ်။ ဒီမှာထိုင်နေလိုက်မယ်။ နင်လည်းသွားလေ။ အဲ့တာက တကယ်ကို ဝိညာဉ်စွမ်းအားကို တိုးတက်စေတယ်။''

''ကောင်းပြီ။ အဲ့လိုဆို စမ်းကြည့်လိုက်မယ်။''

လင်းဇီချန်က ထကာ ဝိညာဉ်စွမ်းအားအခန်းထဲသို့ ဝင်သွားသည်။ အားလုံးသည်လည်း သူ၏ဝိညာဉ်စွမ်းအားနှင့်ပက်သက်၍ စပ်စုချင်နေကြသည်။

သူသည် အယောက်နှစ်ဆယ်ထဲတွင် အားအကောင်းဆုံးဖြစ်နေကာ အားလုံး၏အာရုံကို ဆွဲဆောင်နိုင်ဆဲဖြစ်သည်။

''လင်းဇီချန်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ပက်သက်ပြီး ဘယ်လိုထင်လဲ။''

''အခြေခံဒုတိယအဆင့် တတိယအဆင့်လောက်ပဲရှိမယ်ထင်တယ်။''

''အဲ့လောက်နိမ့်လို့လား။''

''ဘယ်လိုလုပ် အဲ့လောက်နိမ့်မှာလဲ။ လင်းဇီချန်က သွေးသန့်လူသားလမ်းစဉ်လိုက်တာ။ သူက ဆန်းကြယ်သားရဲမျိုးစိတ်နဲ့လည်းမပေါင်းစပ်ဘူးလေ။ အဲ့လောက်က မနိမ့်ပါဘူး။''

''ဒုတိယအဆင့် တတိယအဆင့်လောက်ဆိုရင်ကို တော်နေပြီ။ စတုတ္ထအဆင့်လောက်ရောက်ရင်တော့ အတော်လေးလွန်သွားပြီပေါ့။''

လူအုပ်ကြားတွင် ဆွေးနွေးမှုက မြင့်တက်လာသည်။ လူများသည် လင်းဇီချန်၏ ဝိညာဉ်စွမ်းအားအဆင့်နှင့်ပက်သက်၍ သိချင်နေကြသည်။ အများစု အခြေခံတတိယအဆင့်သာ ရှိမည်ဟု ခန့်မှန်းကြသည်။ ခန့်မှန်းနေကြစဉ်တွင်ပင် လင်းဇီချန်သည် ဝိညာဉ်စွမ်းအားအခန်းထဲတွင် ဝင်ထိုင်ပြီးသားဖြစ်သည်။ ဖန်သားမျက်နှာပြင်ကို နှိပ်ပြီးနောက်တွင် ပြင်းအားအဆင့်ရှစ်ထိတင်ကာ လေ့ကျင့်ရေးကို စတင်လိုက်သည်။

(သင်သည် ပြင်းထန်သောဝိညာဉ်စွမ်းအားတိုက်ခိုက်မှုကို စတင်ပါပြီ။ ဝိညာဉ်စွမ်းအား ၁+ ၂+ ၁+ ၂+ ၁+ ...)

ဝိညာဉ်စွမ်းအားအဆင့်ရှစ်ပြင်းအားပင် ဖြစ်လေသည်။ အားလုံးတအံ့တဩဖြစ်သွားကြသည်။ ဝိညာဉ်စွမ်းအားတိုက်ခိုက်ခံနေရသောလင်းဇီချန်ကမူ မိမိဘာသာ တည်ငြိမ်သည်ဟု တွေးနေမိသည်။ တည်ငြိမ်နေသည့်သူနှင့် ဆန့်ကျင်ဘက်အနေဖြင့်မူ အပြင်မှလူအုပ်ကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်နှာထက်၌ မယုံကြည်နိုင်သောအကြည့်မျိုးသာ ရှိကြပေသည်။ ခေတ္တမျှကြောင်ကြည့်နေပြီးနောက်တွင်မူ လူအုပ်က စတင်၍ ပြောဆိုကြတော့သည်။

''မြတ်စွာဘုရား ဝိညာဉ်စွမ်းအားပြင်းအားအဆင့်ရှစ်တဲ့လား။''

''ဘာတွေဖြစ်နေတာလဲ။ လင်းဇီချန်ရဲ့ ဝိညာဉ်စွမ်းအားက တကယ်ကြီး သွေးမျိုးဆက်စွမ်းအားနဲ့ အဆင့်တူတယ်ပေါ့။ အခြေခံအဌမအဆင့်တောင်ရှိတယ်။''

''ဘယ်လိုဟာသကြီးလဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။''

''သူက သွေးသန့်လူသားမလား။ ဘယ်ဆန်းကြယ်သားရဲမျိုးစိတ်နဲ့မှ မပေါင်းစပ်ဘဲနဲ့တောင် ဝိညာဉ်စွမ်းအားက အဲ့လောက်များတယ်ပေါ့။ သူ့ဝိညာဉ်စွမ်းအားက ဘယ်လိုလုပ် အဲ့လောက်မြင့်နေရတာလဲ။'’

အခန်း (၂၄၉) အားလုံးကိုဝိညာဥ်စွမ်းအားဖြင့်အံ့အားသင့်စေခြင်း (၃)

ညွှန်ကြားသူလုထျန်းရုန်အပါအဝင် အားလုံးလန့်သွားကြသည်။ လျိုရွှေဟယ်ဖြစ်စေ ရှန်ချင်းဟန်ဖြစ်စေ ဝိညာဉ်စွမ်းအား မြင့်နေရသည့်အကြောင်းရင်းသည် ၎င်းတို့၏မွေးရာပါ ပါရမီနှင့် ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့် ပေါင်းစပ်ထားသောကြောင့်ဖြစ်သည်။ သို့သော်လည်း သွေးသန့်လူသားလမ်းစဉ်လိုက်သော လင်းဇီချန်ကမူ မည်သည့်အခါမှ ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့် ပေါင်းစပ်ထားခြင်းမရှိပေ။

ထို့ကြောင့် မေးခွန်းက မေးစရာရှိလာသည်။

သူ၏ဝိညာဉ်စွမ်းအားက အဘယ့်ကြောင့် မြင့်နေရသနည်း။ ပုံမှန်ဆိုလျှင် ဝိညာဉ်စွမ်းအားသည် သွေးမျိုးဆက်စွမ်းအားအဆင့်၏ သုံးပုံတစ်ပုံရှိနေလျှင်ပင် အထင်ကြီးစရာကောင်းနေပြီဖြစ်သည်။

သို့တိုင် လင်းဇီချန်၏ဝိညာဉ်စွမ်းအားက သွေးမျိုးဆက်စွမ်းအားနှင့် ညီနေသည်။ နေ့ခင်းဘက်တွင် သရဲခြောက်နေသကဲ့သို့ပင်ဖြစ်သည်။ လုထျန်းရုန်က ချက်ချင်းပင် မိုဘိုင်းဖုန်းကို ထုတ်ယူလိုက်ပြီး စစ်တပ်နယ်မြေမှ ခေါင်းဆောင်များကို အကြောင်းကြားက ဖြစ်နေသည်များကို သတင်းပေးသည်။ ထို့နောက်တွင် ခေါင်းဆောင်က် ချက်ချင်းရောက်လာကာ လာကြည့်သည်။ ချက်ချင်းရောက်လာမည်ဆိုလျှင် ချက်ချင်းရောက်လာပေသည်။ မိနစ်ဝက်မကြာခင်တွင်ပင် ရောက်လာခြင်း ဖြစ်၏။

ရောက်လာသောသူမှာ ဆံပင်တိုတိုဖြင့် တပ်မှူးယောင်ပင် ဖြစ်သည်။ ယွမ်သုန်ကျီလည်း သူမနှင့်အတူ ပါလာသည်။

''အားလုံးလမ်းဖယ်ပေးကြ။ တပ်မှူးယောင်နဲ့ အခြားသူတွေအတွက် ဖယ်ပေးကြ။''

လုထျန်းရုန် ဝိညာဉ်စွမ်းအားအခန်းနားတွင် စုနေသောသူများကို အော်ပြောလိုက်သည်။ အော်သံကို ကြားသောသူများက လမ်းဖယ်ပေးလိုက်ကြသည်။

ယွမ်သုန်ကျီနှင့် အမျိုးသမီးအရာရှိက စကားများများမပြောပေ။ ဝိညာဉ်စွမ်းအားအခန်းငယ်ရှေ့သို့ရောက်လာပြီး ရပ်လိုက်ကြသည်။ ဖန်သားမျက်နှာပြင်ပေါ်မှ နံပါတ်ရှစ်ဆိုသည်ကို မြင်သောအခါတွင် မျက်နှာက အံ့ဩမှုဖြင့် ပြည့်နှက်သွားကြသည်။ အိပ်မက်မက်နေသည်ဟု ထင်မိကြ၏။

အထူးသဖြင့် မျက်နှာတွင် မယုံကြည်နိုင်မှုများစွာ ပြည့်နှက်နေသောယွမ်သုန်ကျီပင် ဖြစ်လေသည်။ လွန်ခဲ့သောခြောက်လက လင်းဇီချန်၏အင်အားက သူမခန့်မှန်းထားသည်ထက် ကျော်လွန်ခဲ့သည်။ သူမသည် လင်းဇီချန်က ကမ္ဘာမြေမှ ဟုတ်ရဲ့လားကိုပင် သံသယဝင်လာလေပြီ။

သာမန်ကမ္ဘာသားက ထိုသို့ မြန်မြန် တိုးတက်နိုင်မည်လော။

တစ်နေ့ထက်တစ်နေ့ အားကောင်းလာကာ အတော်လေးလက်သင့်မခံနိုင်စရာကောင်းပေသည်။

''သုန်ကျီ သွေးသန့်လူသားလမ်းစဉ်လိုက်တဲ့သူတွေက အဲ့လောက်အားကောင်းတယ်လား။''

အမျိုးသမီးအရာရှိက သွေးသန့်လူသားလမ်းစဉ်နှင့်ပက်သက်၍ များများစားစား သိမထားပေ။ လင်းဇီချန်၏ဝိညာဉ်စွမ်းအားမြင့်နေရခြင်းက သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်ထားသောကြောင့်ဟုသာ ထင်မိသည်။ ယွမ်သုန်ကျီက ပြောလိုက်လေသည်။

''အားလုံးတော့မဟုတ်ဘူး။ သူတစ်ယောက်ပဲ။ အခြားသွေးသန့်လူသားလမ်းစဉ်လိုက်တဲ့သူတွေက အဲ့လောက်အားမကြီးကြဘူး။ အားလုံးက သာမန်လူသားအဆင့်လောက်ပဲ။''

''အဲ့လိုဆို သူကရော။''

''ငါလည်း မသိတော့ဘူး။''

ယွမ်သုန်ကျီက ခေါင်းခါပြကာ မတင်မကျခံစားနေမိသည်။

အသက်နှစ်တစ်ရာနီးပါးရှိပြီဖြစ်သော လျို့ချွမ်ဝူသည်ပင် လင်းဇီချန်လောက် ဝိညာဉ်စွမ်းအား မများပေ။ အခြေခံသတ္တမအဆင့်သာ ရှိသေးသည်။ ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့်မပေါင်းစပ်သူ အခြေခံနဝမအဆင့်ရှိနေသည်မှာ အတော်လေးလွန်လွန်းနေပြီဖြစ်သည်။

လျို့ချွမ်ဝူ၏ဝိညာဉ်စွမ်းအားက အခြေခံသတ္တမအဆင့် ဖြစ်နေရခြင်းအကြောင်းမှာ သူ၏အသက်ကြောင့်ဖြစ်သည်။ အပြန်အလှန်အားဖြင့်ဆိုလျှင် သွေးသန့်လူသားလမ်းစဉ်လိုက်ပြီး ငယ်သေးသော စုန့်ယွီယန်က ဝိညာဉ်စွမ်းအားအရာတွင် အခြေခံစတုတ္ထအဆင့်သာ ရှိပေသည်။

ပို၍ငယ်သောလင်းဇီချန်က ဝိညာဉ်စွမ်းအားက အခြေခံတတိယအဆင့်လောက်သာ ရှိသင့်သည်။ သို့သော်လည်း လင်းဇီချန်သည် ဝိညာဉ်စွမ်းအားမှာ အခြေခံအဌမအဆင့်ပင် ရှိနေပြီဖြစ်သည်။ သူ၏သွေးမျိုးဆက်စွမ်းအားနှင့်အတူတူပင် ဖြစ်၏။

လုံးဝလက်သင့်မခံနိုင်စရာပင်။

…

များမကြာမီတွင် လင်းဇီချန်သည် ဝိညာဉ်စွမ်းအား အခန်းငယ်ထဲမှ ထွက်လာသည်။ အားလုံးက ၎င်းကို မကောင်းဆိုးဝါးကဲ့သို့ ကြည့်နေကြသည်။ ထိုမျှလောက် ထူးချွန်လွန်းသောပါရမီရှင်ကို မမြင်ဖူးကြပေ။ ထိုပါရမီရှင်ကသာ လူစကားမပြောပါလျှင် လူသားအရေခြုံထားသော ဆန်းကြယ်သားရဲမျိုးစိတ်ဟု သံသယဝင်မိပေမည်။

လင်းဇီချန်တစ်ယောက် ဝိညာဉ်စွမ်းအားအခန်းထဲမှ ထွက်လာသည်ကို ကြည့်ကာ ယွမ်သုန်ကျီက မမေးဘဲမနေနိုင်တော့ပေ။

''ဇီချန် မင်းရဲ့ဝိညာဉ်စွမ်းအားက ဘာလို့ အဲ့လောက်မြင့်ရတာလဲ။''

လင်းဇီချန်သည် အခန်းထဲတွင်ရှိနေစဉ်ကပင် ဖြေရှင်းချက်ကို ကြိုတင်စဉ်းစားထားပြီးဖြစ်သည်။

သူသည် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဖြေလိုက်သည်။

''ကျွန်တော်က ငယ်ငယ်လေးကတည်းက သင်္ချာကို ကြိုက်တယ်လေ။ ခက်ခဲတဲ့သင်္ချာပုစ္ဆာတွေကို မကြာခဏစဉ်းစားတတ်တယ်။ သင်္ချာပြိုင်ပွဲတွေမှာလည်း အမြဲအနိုင်ရတယ်။ ပထမဆုက အများဆုံးပဲ။ အဲ့တာနဲ့များ ဆိုင်နေမလားပဲ။''

ယွမ်သုန်ကျီ ယုံသည် မယုံသည်က မိမိကိစ္စမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ မိမိက ရှင်းပြရမည့်တာဝန်ရှိသည်။ ရှင်းပြချက်က မဖြစ်နိုင်သော်လည်း အနည်းဆုံးတွင် အားလုံးကို အခြေအနေတစ်ရပ်အား ရှင်းပြနိုင်လိုက်သေးသည်။

ဝိညာဉ်စွမ်းအားသည် ဦးနှောက်ဖြင့် ဆက်စပ်နေသည်။ သင်္ချာပုစ္ဆာများ ဖြေရှင်းခြင်းက စဉ်းစားဉာဏ်လိုအပ်ကာ ဝိညာဉ်စွမ်းအားကို တိုးတက်စေသည်။ ကျိုးကြောင်းသင့်တော်ပေ၏။

သင်္ချာတွက်ခြင်းက ဝိညာဉ်စွမ်းအားကို မြင့်တက်စေကြောင်းကို ယွမ်သုန်ကျီ သိထားသည်။

သို့သော်လည်း မည်မျှပင် တိုးတက်စေကာမူ ထိုမျှထိ ရောက်ရန်မှာ မဖြစ်နိုင်ပေ။

သင်္ချာတွက်ခြင်းက ဝိညာဉ်စွမ်းအားကို ထိုမျှထိ မြင့်တက်သွားစေသည်လော။

ဟာသ သာသာပင် ဖြစ်သည်။

ယွမ်သုန်ကျီသည် ဖြစ်နိုင်ချေများစွာကို စဉ်းစားကြည့်သော်လည်း အဆုံးသတ်တွင် လင်းဇီချန်သည် အံ့ဩစရာကောင်းနေသည်ကိုသာ တွေ့ရှိရသည်။ သင်္ချာပုစ္ဆာများ ဖြေရှင်းခြင်းက များစပြားလှစွာသောဝိညာဉ်စွမ်းအားကို တိုးတက်စေသည်မှာ မဖြစ်နိုင်ပေ။

မဟုတ်လျှင်လည်း ဝိညာဉ်စွမ်းအား ထိုမျှမြင့်သွားစေနိုင်သောနည်းလမ်းမျိုးကလည်း မရှိပေ။ စဉ်းစားရင်းဖြင့် ယွမ်သုန်ကျီက လင်းဇီချန်ကို ပြောလိုက်လေသည်။

''ဇီချန် ငါနဲ့လိုက်ခဲ့။ မင်းရဲ့ဝိညာဉ်စွမ်းအားနဲ့ပက်သက်ပြီး ငါတို့ဆွေးနွေးကြတာပေါ့။''

လင်းဇီချန်တစ်ယောက် အသားကျနေပြီဖြစ်သည်။ ဘာမှမပြောတော့ဘဲ ယွမ်သုန်ကျီနောက်ကသာ တိတ်တဆိတ်လိလိုက်သွားတော့သည်။ ထိုသည်ကို မြင်သော ရှန်ချင်းဟန်ကလည်း နောက်မှအမြန်လိုက်သွားလေသည်။

All Chapters