အပိုင်း ၂၅၀-၂၅၂
Vol. 17 Ch. 250-252
အခန်း (၂၅၀) အသွေးအသားထဲကပါရမီ
အထပ်အမြင့်အဆောက်အဦး၏ ခေါင်မိုးထပ်၌ လူလေးယောက်ရှိသည်။ လင်းဇီချန်၊ ရှန်ချင်းဟန်၊ ယွမ်သုန်ကျီနှင့် အမျိုးသမီးအရာရှိတို့ပင် ဖြစ်လေသည်။ ထိုသူများကြား၌ ယွမ်သုန်ကျီက လင်းဇီချန်ကို စပ်စုလိုစိတ်ဖြင့် ကြည့်နေသည်။
''ဇီချန် မင်း ကလေးဘဝကတည်းကစပြီး အသက်ကြီးတဲ့အထိ ဘယ်လိုအလေ့အကျင့်တွေရှိလဲ။''
သူမသည် လင်းဇီချန်၏ဝိညာဉ်စွမ်းအားမြင့်နေမှုနှင့်ပက်သက်ပြီး အလေ့အကျင့်ကအစ သိလိုသောကြောင့်ဖြစ်သည်။
သို့သော်လည်း အခြေခံအဌမအဆင့်အထိ တိုးမြင့်ရန်မှာ အတော်လေးလက်တွေ့ဆန်မနေပေ။ ထိုမျှများသောဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ရန်အတွက် အခြားသောအကြောင်းရင်းများ ရှိရပေမည်။ လင်းဇီချန်က ရိုးသားစွာ ဖြေလိုက်သည်။
''ငယ်ငယ်လေးကတည်းက စာအုပ်ဖတ်တယ်။ ကျောင်းစမတတ်ခင်ကတည်းက တစ်နေ့ကို ဆယ်နာရီလောက် စာဖတ်တယ်။''
''စာဖတ်တာကလွဲလို့ ကျန်တဲ့အချိန်ကျရင် လေ့ကျင့်ခန်းလုပ်တယ်။ သတင်းဖတ်တယ်။ အွန်လိုင်းပေါ်ကနေ ပညာရေးအကြောင်းအရာတွေ ရှာကြည့်တယ်။''
''သင်ယူတာကိုတော့ တစ်သက်လုံး လုပ်သွားရမယ်လို့ ထင်လို့ပါ။''
ထိုစကားများက ချဲ့ကားပြောနေခြင်းမဟုတ်ပေ။ သူသည် ကလေးဘဝကတည်းကပင် ထိုသို့နေလာခြင်းဖြစ်သည်။
''တကယ်လား။ သင်ယူတာနဲ့ပက်သက်ပြီး အဲ့လောက်တောင် ကြိုက်တယ်လား။''
အမျိုးသမီးအရာရှိကမူ လင်းဇီချန်က ချဲ့ကားပြောနေသည်ဟု ထင်မိသည်။ ကျောင်းမတက်ခင် တစ်နေ့ကို ဆယ်နာရီခန့်စာဖတ်ခြင်းသည် သာမန်လူတစ်ယောက် လုပ်နိုင်သည့်အလုပ်ပါလော။
ကလေးများက ကစားရသည်ကို ကြိုက်နှစ်သက်ကြသည်မဟုတ်ပါလား။
ကျောင်းမတက်ရသေးသောကလေးက တစ်နေ့ဆယ်နာရီစာဖတ်ခြင်းက အံ့ဩဖို့ကောင်းနေလေပြီ။ အရေးကြီးသည်မှာ ကျောင်းမတက်ရသေးသောကလေးက စကားလုံးများကို မည်သို့မှတ်မိနိုင်မည်နည်း။ ရုပ်ပုံစာအုပ်များ ကြည့်သည်လော။ အမျိုးသမီးအရာရှိက အတွေးဖြင့် စဉ်းစားနေမိသည်။ သူမဘေးမှ ယွမ်သုန်ကျီကလည်း အတွေးထဲတွင် နစ်မျောနေသည်။
ထို့နောက်တွင် ယွမ်သုန်ကျီက ပြောလာသည်။
''မင်းပြောတာအရဆိုရင် မင်းရဲ့လက်ရှိအားက ပါရမီနဲ့ ကြိုးစားတာရဲ့ ရလဒ်ပေါ့လေ။''
''အထူးသဖြင့် ကျောင်းမတက်ခင်ကတည်းက လေ့လာသင်ယူနေပြီဆိုတာကိုက တော်တော်ကြီးအံ့ဩစရာကောင်းနေပြီ။''
''ပြီးတော့ သာလွန်တာမျိုးတွေကိုပဲ ပါရမီရှင်တွေကြားမှာ တွေ့ရတာ။''
“…”
ထိုအဖွဲ့သည် ခေါင်မိုးပေါ်တွင် ခေတ္တမျှစကားပြောဆိုနေကြသည်။ မကြာခင်တွင်ပင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့က အောက်ဆင်းလာပြီး လေ့ကျင့်ရေးကို ဆက်လုပ်ကြသည်။ ထွက်သွားလျှင် ထွက်သွားချင်းတွင်ပင် အမျိုးသမီးအရာရှိက ယွမ်သုန်ကျီကိုကြည့်၍ ပြောလိုက်သည်။
''ရှန်ဟိုင်းတက္ကသိုလ်ကကျောင်းသားကိုကြည့်ရတာ အရည်အချင်းတွေဖုံးကွယ်ထားသလိုပဲ။''
ယွမ်သုန်ကျီက ပြန်ပြောလိုက်သည်။
''အင်း။ ဖုံးဖိထားနိုင်တယ်ဆိုတာကလည်း အလေ့အကျင့်ကောင်းပဲလေ။''
…
ဒုတိယထပ်ရှိ အထူးလေ့ကျင့်ရေးအခန်းထဲတွင်မူ ရှန်ချင်းဟန်နှင့် လင်းဇီချန်တို့ဆင်းလာသည့်အခါ၌ နေ့လည်စာစားချိန်ရောက်ပြီဖြစ်သည်။ လုထျန်းရုန်က အားလုံးကို ပြောလိုက်သည်။
''နေ့လည်နှစ်နာရီထိုးရင် ဒီအဆောက်အဦးရဲ့ တတိယထပ်ကို လာခဲ့ကြ။ တတိယထပ်က လက်နက်တွေထားတဲ့နေရာ။ အားလုံးပဲ မင်းတို့နဲ့သင့်တော်တဲ့လက်နက်ကို ရွေးနိုင်တယ်။''
ထိုစကားကိုပြောပြီးနောက်တွင် သူသည် အခန်းထဲမှထွက်သွားလေသည်။
လေ့ကျင့်ရေးသမားများက မိမိတို့ဘာသာ ဆက်လက်ဆွေးနွေးနေကြသည်။ ရှန်ချင်းဟန်ကလည်း လက်နက်များနှင့်ပက်သက်၍ စပ်စုလိုသောကြောင့် လင်းဇီချန်ဖြင့် ပြောနေသည်။ လင်းဇီချန်သည် သူမနှင့်စကားပြောနေရင်းဖြင့် ကန်တင်းသို့ အတူထွက်လာကြသည်။ ကန်တင်းသို့ ရောက်သည့်အခါတွင် အားလုံးစားသောက်နေကြ၏။ နှစ်ဦးသည်လည်း ခုံလွတ်သည့်နေရာတွင် ဝင်ထိုင်ကာ စားနေကြပေသည်။
စားနေစဉ်တွင်ပင် လော်ရုန်ကျန်းနှင့် လီမော်ယွီတို့ ရောက်လာပြီး တူတူထိုင်စားကြသည်။
''တူတူထိုင်ရင် စိတ်မဆိုးဘူးမလား။''
လီမော်ယွီက ပြုံး၍ ပြောလိုက်သည်။
''ထိုင်ပြီးနေပြီပဲကိုး။ ဘာလို့မေးနေသေးတာလဲ''
လင်းဇီချန်က မိမိဘာသာ တွေးလိုက်မိခြင်းဖြစ်သည်။ သို့သော်လည်း တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
''အင်း။ ထိုင်ပါ။''
ထို့နောက်တွင် လော်ရုန်ကျန်းက စားစရာယူပြီးလာသော မာရှိဝေကိုတွေ့လိုက်သဖြင့် မတ်တတ်ထ၍ လက်ပြကာ အော်လိုက်သည်။
''ရှိဝေကျဲ (ညီမလေးရှိဝေ) ဒီကိုလာခဲ့လေ။''
မာရှိဝေက ခေါ်သံကြားသောကြောင့် ရောက်လာပြီး ရှန်ချင်းဟန်ဘေးတွင် ဝင်ထိုင်လိုက်သည်။
''လင်းဇီချန် စောနက လေ့ကျင့်ရေးမှာ နင့်ရဲ့ဝိညာဉ်စွမ်းအားက သင်္ချာတွက်တာနဲ့ပက်သက်နေတယ်ို့ ပြောခဲ့တယ်။ အဲ့တာ တကယ်ပဲလား။''
လီမော်ယွီက စားရင်းဖြင့် ပြောလိုက်သည်။ သူမသည် ထိုမေးခွန်းကို မေးလိုသောကြောင့် အတူလာထိုင်ခြင်းဖြစ်သည်။
''အင်း အမှန်ပဲ။''
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
''သင်္ချာတွက်တာအပြင် စာအုပ်ဖတ်ရတာလည်း ကြိုက်တယ်။ နှစ်ခုလုံးက ဝိညာဉ်စွမ်းအားကို တိုးတက်စေတယ်။''
ထိုစကားကို ကြားသောအခါတွင် လီမော်ယွီက ခေါင်းခါပြလိုက်သည်။
''စာဖတ်ပြီး ဦးနှောက်ကောင်းအောင်လုပ်ပြီး ဝိညာဉ်စွမ်းအားကို လေ့ကျင့်တယ်ပေါ့လေ။ ဆန်းကြယ်သားရဲမျိုးစိတ်နဲ့ဆင့်ကဲပြောင်းလဲလိုက်တာမှ ပိုကောင်းဦးမယ်။''
လော်ရုန်ကျန်းကလည်း သဘောတူသည်။
''တကယ်ပဲ။ သင်္ချာတွက်တာနဲ့ စာအုပ်ဖတ်တာက အချိန်ဖြုန်းယုံသက်သက်ပဲ။''
''အဲ့တာအပြင် အစ်ကိုချန်က စာအုပ်ဖတ်၊ သင်္ချာတွက်ပြီး ဝိညာဉ်စွမ်းအားမြင့်လာတယ်ဆိုတာက သူ့ပါရမီလေ။ ကျွန်တော်တို့လို မွေးရာပါပါရမီမပါတဲ့သူတွေကတော့ အဲ့နည်းလမ်းနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူး။''
လီမော်ယွီနှင့် လော်ရုန်ကျန်းတို့က လက်တွေ့ကို ပြောဆိုနေကြခြင်းဖြစ်သည်။ လင်းဇီချန်ပြောသောနည်းလမ်းများက မိမိတို့နှင့်မကိုက်သည်ကို သိထားသည်။
မာရှိဝေက ရှန်ချင်းဟန်ဘက်သို့လှည့်လာပြီး မေးလိုက်လေသည်။
''ချင်းဟန်ကရော။ ဝိညာဉ်စွမ်းအားက အရမ်းမြင့်တယ်။ သူ့လို့ပဲ သင်္ချာတွက်ပြီး စာအုပ်ဖတ်တာပဲလား။''
ရှန်ချင်းဟန်ကရယ်လိုက်ပြီး
''အဲ့လိုတော့လည်းမဟုတ်ဘူး။ ကလေးဘဝကတည်းက ရှောင်ချန်နောက်လိုက်တာလေ။ သူလုပ်သမျှ ငါလည်းလိုက်လုပ်တယ်။''
မာရှိဝေက ဘာမှမပြောတော့ဘဲ အတွေးထဲတွင်သာ မျောနေလေသည်။
…
ညနေနှစ်နာရီတွင်မူ
အထူးလေ့ကျင့်ရေးအခန်း၏အပေါ်ထပ် လက်နက်ခန်းတွင် ဖြစ်သည်။
လုထျန်းရုန်က အားလုံးကို ပြောလိုက်သည်။
''ဒီကလက်နက်တွေက အဆင့်ဘီသတ္ထုနဲ့လုပ်ထားတာ။ သံကိုတောင်ဖြတ်နိုင်တဲ့ရွှံ့လိုမျိုး တိုက်ခိုက်နိုင်စွမ်းရှိပြီး ကျည်ကိုတောင် ကာနိုင်တဲ့ ခုခံနိုင်စွမ်းလည်းရှိတယ်။''
''အားလုံး စိတ်ကြိုက် ကြည့်ပြီး စမ်းကြည့်ကြပါ။ သင့်တော်မယ့်ဟာကို ရွေးကြပါ။ အမြင်နဲ့တင် မရွေးကြပါနဲ့။''
''ဆယ်ရက်အတွင်း မင်းတို့တွေ လက်တွေ့တိုက်ပွဲလေ့ကျင့်တာ လုပ်ဆောင်ရမယ်။ ငါတို့တွေ အဖွဲ့ဖွဲ့ပြီး ဆန်းကြယ်သားရဲပဲဖြစ်ဖြစ် မိစ္ဆာဒိဌိဂိုဏ်းကိုပဲဖြစ်ဖြစ် အမဲလိုက်ရမယ်။ ဒီနေ့မင်းတို့ရွေးလိုက်တဲ့လက်နက်က ဘာပဲဖြစ်နေဖြစ်နေ တိုက်ပွဲထဲအထိ ယူသွားရမယ်။'’
အခန်း (၂၅၁) အသွေးအသားထဲကပါရမီ (၂)
လုထျန်းရုန်က ပြော၍ပြီးသွားသောအခါတွင် ထပ်ပြောလိုက်၏။
''ကောင်းပြီ။ ဒီမှာထပ်ပြီး ရိုက်နေဖို့မလိုတော့ဘူး။ အားလုံးပဲ။ မြန်မြန်လက်နက်ရွေးကြ။ ရွေးပြီးတာနဲ့ သင့်တော်တဲ့လက်နက်သုံးတာကို စကြမယ်။''
ထိုစကားကို ကြားသောအခါတွင် လူအုပ်သည် လက်နက်များကို စတင်ရွေးချယ်ကြသည်။ လင်းဇီချန်က မိမိနားမှ လက်နက်များကိုကြည့်လိုက်သောအခါတွင် အားလုံးသည် အေးစက်သောသတ္ထုဖြင့်လုပ်ထားသည့် ဓားများ၊ လှံများ၊ တင်းပုတ်များကဲ့သို့ လက်နက်များသာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ မိမိသည် ထိုသို့လက်နက်များကို မလိုအပ်ပေ။ ထို့ကြောင့် တစ်ခုမှပင်မရွေးဘဲဖြင့် အပေါ်ယံသာ ကြည့်လိုက်လေသည်။
ပထမဆုံးအေဖြင့် သူသည် လက်နက်သုံးရသည်ကို မကြိုက်ပေ။ လက်သီးဖြင့်ချေမွကာ ခြေထောက်ဖြင့်ကန်ပစ်ရသည်ကိုသာ ကြိုက်သည်။ ဒုတိယအနေဖြင့် ဘီအဆင့်သတ္ထုစပ်၏အားက မိမိ၏ခန္ဓာကိုယ်ကြံ့ခိုင်နိုင်စွမ်းလောက်မမြင့်ပေ။ ထို့ကြောင့် သယ်နေလျှင်လည်း အလေးချိန်ပိုသည်ကလွဲ၍ အကျိုးမထူးပေ။
''ရှောင်ချန် ငါက ဘယ်လိုလက်နက်မျိုးနဲ့ သင့်တော်လဲ။''
ရှန်ချင်းဟန်သည် လက်နက်မျိုးစုံကို စမ်းကြည့်သော်လည်း မရွေးနိုင်သောကြောင့် လင်းဇီချန်ကို အကြံဉာဏ်တောင်းလိုက်သည်။ လင်းဇီချန်က သိမ်မွေ့စွာဖြင့် ပြောလိုက်ပေသည်။
''မင်းသဘောကျတဲ့လက်နက်ပုံစံမျိုး မရှိဘူးဆိုရင် တတ်နိုင်သမျှ တိုက်ခိုက်တဲ့အားကြီးတဲ့လက်နက်မျိုးကို ရွေးလိုက်။''
ရှန်ချင်းဟန်က ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။
''ကောင်းပြီလေ။ အဲ့လိုဆို တိုက်ခိုက်နှုန်းအားမြင့်တဲ့ လက်နက်မျိုးကို ရွေးလိုက်မယ်။''
ထိုသို့ပြောပြီးနောက်တွင် ဘေးဘီသို့ကြည့်ကာ လင်းဇီချန်၏အကြံပေးမှုအတိုင်း တိုက်ခိုက်မှုအားမြင့်သည့်လက်နက်မျိုးကို ရွေးချယ်သည်။ ဘေးဘီသို့ အကြိမ်ပေါင်းများစွာ လှည့်လံကြည့်ပြီးနောက်တွင် နှစ်မီတာရှည်သည့်လှံတစ်ချောင်းကို ရှာတွေ့သွားသည်။ ထိုလက်နက်သည် လက်နက်ခန်းထဲ၌ သူမရှာတွေ့သမျှထဲတွင် တိုက်ခိုက်နှုန်းအား အမြင့်ဆုံးဖြစ်သည်။ သူမ၏လက်အရှည်ကိုပါ ထည့်တွက်လိုက်လျှင် နှစ်မီတာဝက်ခန့် တိုက်ခိုက်နိုင်ပေသည်။ လှံကဲ့သို့ တိုက်ခိုက်နိုင်မှုမြင့်သောအခြားသောလက်နက်မှာ လေးလံလှသည့်ကွမ်တောက်ခုတ်ဓားကြီးဖြစ်သည်။ သို့သော် ကွမ်တောက်ခုတ်ဓားက လေးသောကြောင့် ကိုင်ရသည်မှာ သက်တောင့်သက်သာမရှိလှပေ။
အရေးကြီးဆုံးမှာ သူမသည် ခုတ်ပိုင်းရသည့်လှုပ်ရှားမှုထက် ဆောင့်ချရသည့်လှုပ်ရှားမှုမျိုးကို ပိုသဘောကျသည်။ တစ်ချိန်တည်းတွင်ပင် အားလုံးသည်လည်း လက်နက်အသီးသီးရွေးနေကြသည်။ အင်အားကြီးသည်ကိုကြိုက်သော လီမော်ယွီက စူးရှသောစူးချွန်များပါသည့် တင်းပုတ်ကြီးတစ်ခုကို ရွေးလိုက်သည်။ သိမ်မွေ့သည့်မာရှိဝေက ပေါ့ပါးသည့်ဓားနှစ်လက်ကို ရွေးသည်။ လော်ရုန်ကျန်းကမူ မရွေးပေ။ သူ့တွင် ဘီအဆင့်သတ္ထုဖြင့်လုပ်ထားသည့် ဓားရှိပြီးဖြစ်သောကြောင့် ထိုလက်နက်များထဲမှ ရွေးနေရန်မလိုပေ။
''ဆရာလု စက်သေနတ်မရှိဘူးလား။''
ကျန်းခိုင်က လုထျန်းရုန်ကို မေးလိုက်လေသည်။ စက်ပြုပြင်လူသားတစ်ယောက်အနေဖြင့် ထိုသွေးအေးလက်နက်(သေနတ်တို့ပစ်လို့ရတဲ့ဟာမျိုးမဟုတ်ဘဲ ဓားတို့လှံတို့လိုမျိုးတိုက်ခိုက်ရတဲ့လက်နက်မျိုးတွေ) ရှိမနေပေ။
လုထျန်းရုန်က ပြန်ပြောလိုက်သည်။
''ဒီမှာက သွေးအေးလက်နက်တွေပဲရှိတယ်။''
ပြောပြီးနောက်တွင် နောက်ထပ် ထပ်ပြောလိုက်သည်။
''အထူးလေ့ကျင့်ရေးက မူလနယ်မြေမှာ မင်းတို့ရဲ့စွမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ပဲ။ ပြီးတော့ အဲ့နေရာ အမျိုးမျိုးသောကန့်သတ်ချက်တွေကြောင့် စက်သေနတ်တွေသုံးဖို့မဖြစ်နိုင်ဘူး။ လက်နက်အေးတွေကိုပဲ သုံးလို့ရမယ်။ အဲ့တာမှ မင်းတို့တွေရဲ့လက်နက်သုံးမှုကို လေ့ကျင့်ပြီးသားဖြစ်မှာ။''
ကျန်းခိုင်က ပြောလိုက်သည်။
''ဒါပေမဲ့လို့ ကျွန်တော်က စက်ပြုပြင်လူသားလေ။ မူလနယ်မြေကို သွားဖို့ အခွင့်အရေးမှမရှိတာ။ အဲ့တာကြောင့် လကနက်အေးမလိုဘူး။''
လုထျန်းရုန်က ပြန်ပြောလိုက်သည်။
''လက်နက်အေးတွေက ကမ္ဘာပေါ်မှာလည်း လိုအပ်တာပဲ။ မင်းရဲ့ကျဉ်ကကုန်သွားလို့ ရန်သူက မသေသေးဘူးဆိုရင် လက်နက်အေးကိုပဲ မင်းရွေးချယ်ရမှာ။''
ထိုစကားကို ကြားသောအခါတွင် ကျန်းခိုင်လည်း ထပ်မပြောတော့ဘဲ နာခံစွာဖြင့်သာ လက်နက်ဆက်ရွေးနေသည်။ သို့သော်လည်း ယခုတွင်မူ စက်နတ်ဘုရားအုပ်စုသည် ၎င်းတို့၏မင်းသားလေး လေ့လာသည်ကို အဖော်လုပ်ပေးရန်အတွက် ရောက်လာခြင်းဖြစ်ကာ ဆင့်ကဲပြောင်းလဲသူများအဖြစ် လေ့ကျင့်ရေးပါတနာများအဖြစ် ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် စစ်တပ်နယ်မြေလေ့ကျင့်ရေးသည် ဆင့်ကဲပြောင်းလဲသူများအတွက် ဖွဲ့စည်းထားသည်ဟု ဆိုနိုင်သည်။
လင်းဇီချန်သည်မူ ခြွင်းချက်ပင်ဖြစ်သည်။ လွန်ခဲ့သောနှစ်များက သွေးသန့်လူသားလမ်းစဉ်ကို လိုက်ခဲ့ကြသောလူသစ်များသည် လွန်စွာအားနည်းကြကာ စစ်တပ်နယ်မြေလေ့ကျင့်ရေးကို လာရန် အရည်အချင်းမရှိကြပေ။ သို့သော်လည်း လင်းဇီချန်၏အားက သက်တူရွယ်တူဆင့်ကဲပြောင်းလဲသူများထက် သာလွန်နေသောကြောင့် ရှန်ဟိုင်းတက္ကသိုလ်ကိုယ်စားပြုသွားရန် အရည်အချင်းပြည့်မီပေသည်။
လင်းဇီချန်သည်သာ အခြေခံအဆင့်အချုပ်အနှောင်များကို သွေးသန့်လူသားခန္ဓာကိုယ်ဖြင့် ဖြတ်ကျော်နိုင်ပါလျှင် သူသည် နောင်တွင် မူလနယ်မြေ၌ ဆင့်ကဲပြောင်းလဲသူများကြားတွင် တောက်ပသောအနာဂတ်ရှိနေပေလိမ့်မည်။
''အားလုံးပဲ လက်နက်ရွေးပြီးကြပြီလား။''
ဖုန်းကြည့်နေသောလုထျန်းရုန်က အချိန်ပြည့်သည်ကို မြင်သောအခါတွင် အားလုံးကို မေးလိုက်သည်။ ၎င်းတို့ကလည်း ရွေးပြီးပြီဖြစ်ကြောင်း ဖြေလိုက်သည်။
ထိုသည်ကို မြင်သောအခါတွင် လုထျန်းရုန်က အားလုံးကို သိုင်းပညာစင်မြင့်အောက်တွင် စုဝေးရန် ပြောလိုက်၏။ လက်နက်ခန်းအလယ်၌မူ လက်နက်ရွေးပြီး၌ သင့်တော်မတော်ကို စမ်သပ်ကာ ယှဉ်ပြိုင်နိုင်မည့်သိုင်းပညာစင်မြင့်တစ်ခုရှိပေသည်။
မကြာခင်တွင်ပင် အားလုံးသည် သိုင်းပညာစင်မြင့်အောက်၌ စုဝေးလာကြသည်။ လက်ဗလာဖြစ်နေသောလင်းဇီချန်ကို သတိထားမိသောကြောင့် လုထျန်းရုန်က မေးလိုက်၏။
''လင်းဇီချန် မင်းလက်နက်ကရော။''
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
''အစီရင်ခံပါတယ် ဆရာလု။ ကျွန်တော်က လက်ဗလာနဲ့တိုက်ခိုက်ရတာကို အသားကျနေပါပြီ။ လက်နက်မလိုပါဘူး။''
လုထျန်းရုန်က ပြန်ဖြေလိုက်သည်။
''လက်နက်ဆိုတာက မင်းရဲ့တိုက်ခိုက်နိုင်စွမ်းကို တိုးစေတာ။ ဘာပဲဖြစ်ဖြစ် တစ်ခုရွေးလိုက်ပါ။''
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
''မလိုပါဘူး ဆရာလု။''
လုထျန်းရုန်က မျက်မှောင်အသာကြုတ်လိုက်လေသည်။ ရှန်ဟိုင်းတက္ကသိုလ်က ပါရမီရှင်က ဘဝင်မြင့်လွန်းသည်ဟု ခံစားရသည်။
ဝင်ခွင့်စာမေးပွဲအောင်မြင်မှုက ခေါင်းထဲတွင် လွှမ်းမိုးသွားသောကြောင့် ဖြစ်ပေမည်။ ယခင်ကမိမိဘာသာ ယုံကြည်ချက်ပြင်းသောပါရမီရှင်များရှိသော်လည်း ထိုသို့လူမျိုးကို မမြင်ဖူး၊မကြားဖူးပေ။ မိမိနေရာကို သိရန် လိုပေသည်။ ထိုအကြောင်းကိုစဉ်းစားမိသဖြင့် လုထျန်းရုန်က အားလုံးကို ပြောလိုက်သည်။
''အားလုံးလည်း လက်နက်ရွေးပြီးပြီဆိုမှတော့ ကိုယ့်လက်နက်နဲ့ ရင်းနှီးအောင်လုပ်ကြပါ။''
''ကိုယ့်လက်နက်နဲ့ကို ရင်းနှီးဖို့ အလွယ်ဆုံးနည်းလမ်းက အခြားသူတွေနဲ့ တိုက်ကြည့်ဖို့ပဲ။''
ထိုသို့ပြောကာ လုထျန်းရုန်က လင်းဇီချန်ကိုကြည့်ကာ ပြောလိုက်သည်။
''လင်းဇီချန် မင်းက လက်ဗလာနဲ့ပဲ တိုက်မှာဆိုတော့ ငါလည်း အတော်လေးသိချင်မိသား။ အဲ့တာကြောင့် မင်းအရင်ဆုံး သိုင်းပညာစင်မြင့်ပေါ်တက်ပြီး အားလုံးကို မင်းရဲ့အားကို ပြလိုက်ပေါ့။''
''ကောင်းပါပြီ။''
လင်းဇီချန်က ပြန်ဖြေလိုက်သည်။ ထို့နောက်တွင် စင်ပေါ်သို့ တစ်ချက်တည်းဖြင့် ခုန်တက်လာကာ အခြားစိန်ခေါ်မည့်သူကို စောင့်နေသည်။ လုထျန်းရုန်က အခြားသူများကို ပြောလိုက်၏။
''လင်းဇီချန်ကို စိန်ခေါ်ချင်တဲ့သူ ကိုယ့်ဘာသာ စင်ပေါ်ကို တက်လာပါ။''
''ငါလာပြီ။''
အသံကြားလိုက်သောအခါတွင် လူတစ်ယောက်သည် စင်အောက်မှ ခုန်တက်လာသည်။ ထိုသူမှာ စစ်တပ်နယ်မြေမှပါရမီရှင် ကျောက်ယွမ်ကျုံးပင် ဖြစ်သည်။ ကျောက်ယွမ်ကျုံးသည် တောခုတ်ဓားတစ်ချောင်းကို ကိုင်ထားပြီး တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ဖြစ်သည်။
''လင်းဇီချန် အဆင်သင့်ဖြစ်ပြီလား။''
လင်းဇီချန်က ဖြေလိုက်သည်။
''ဆက်လုပ်ပါ။''
ပြောပြီးလျှင် ပြောပြီးချင်းပင် ကျောက်ယွမ်ကျုံး၏ခြေသလုံးများက အားဖြင့် ပေါက်ကွဲမထွက်ဖြစ်လာကာ ပုံရိပ်က ဖျက်ကနဲပျောက်သွားပြီး သူ၏ရှေ့သို့ အပြေးဝင်လာသည်။ ချက်ချင်းပင် ရင်ဘတ်ကို ဓားဖြင့် ခုတ်ပိုင်းပစ်သည်။ ခုတ်ချက်က အင်မတန်အားပြင်းပေသည်။ ချွန်မြသောဓားသွားက လေကို ဖြတ်သွားသောအခါတွင် ဝှစ်ခနဲအသံပင် ထွက်ပေါ်လာသည်။ ထိုဓားချက်သာထိလျှင် သေလျှင်သေ မသေလျှင် သေချာပေါက်ပြင်းထန်ဒဏ်ရာရပေမည်။
ကြောက်စရာကောင်းသောခုတ်ချက်ဖြင့် ရင်ဆိုင်လိုက်ရသော်လည်း လင်းဇီချန်က မရှောင်ပေ။ ထို့အစား သက်ဆင်းလာသောဓားချက်ကို တည်ငြိမ်စွာဖြင့်ပင် လက်ဖြင့်ဖမ်းဆုပ်လိုက်သည်။
ဓားသွားကို လက်ဗလာဖြင့် ဖမ်းလိုက်ခြင်းဖြစ်သည်။ သံကိုပင်ဖြတ်တောက်နိုင်သောဓားသွားကို အသွေးအသားဖြင့် တည်ဆောက်ထားသောခန္ဓာကိုယ်က စိန်ခေါ်လိုက်ခြင်းဖြစ်၏။ ထို့နောက်တွင် အားဖြင့် ဓားကို ဖျစ်လိုက်သည်။
''ချွမ်''
ကြေမွသွားသံထွက်ပေါ်လာသည်။ ဘီအဆင့်သတ္ထုဖြင့်လုပ်ထားသော တောခုတ်ဓားကြီးသည် ချက်ချင်းဆိုသလိုပင် ဓားသွားက ကြေမွသွားသည်။ ထို့နောက်တွင် လူများ၏မယုံကြည်နိုင်ဖွယ်အကြည့်အောက်၌ အပိုင်းပိုင်းဖြစ်သွားပြီး မြေကြီးပေါ်သို့ ရောက်သွားသည်။
''သေစမ်း။ ဘာဖြစ်တာလဲ။''
''ဘီအဆင့်သတ္ထုနဲ့လုပ်ထားတဲ့ဓားကို လက်ဗလာနဲ့ချေမွပစ်တယ်ပေါ့။ ဒီလူက လူရောဟုတ်ရဲ့လား။''
''အားက ကြောက်ဖို့ကောင်းလိုက်တာ။''
''တော်တော်လွန်လွန်းသွားပြီ။ ဒါမျိုးဆိုရင် ဒဏ္ဍာရီထဲကလိုမျိုး နတ်ဘုရားခန္ဓာကိုယ်ရှိတယ်လို့ ပြောလို့ရပြီမလား။''
စင်အောက်မှလူများ တုန်လှုပ်သွားကြကာ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။ ပြိုင်ဘက်ဖြစ်သော ကျောက်ယွမ်ကျုံးကမူ ကြောင်နေမိသည်။ စိတ်ရောကိုယ်ပါ ထုံသွားသည်ဟု ခံစားရသည်။
မည်သို့ဖြစ်၍ ထိုမျှအားကောင်းနေသနည်း။
တစ်ဖက်တွင်မူ လုထျန်းရုန်သည် ဘာမှမဖြစ်သွားသောလင်းဇီချန်ကိုကြည့်၍ ခြေထောက်၌ ကြေမွသွားသောဓားစများကိုကြည့်ကာ အတော်လေးတုန်လှုပ်နေမိသည်။ ထိုအချိန်တွင်မှ လင်းဇီချန်သည် ယုံကြည်ချက်အရှိလွန်နေခြင်းမဟုတ်ဘဲ မိမိကသာ ၎င်းကို လျော့တွက်ခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။
''ကျောက် ဆင်းလာခဲ့။ ငါတက်ပြီး သူနဲ့စိန်ခေါ်ကြည့်မယ်။''
စစ်တပ်နယ်မြေမှပါရမီရှင်တစ်ဦးဖြစ်သော လျိုရွှေဟယ်က ကျောက်ယွမ်ကျုံးကို ပြောလိုက်လေသည်။ ထိုစကားကို ကြားသည့်အခါတွင် ကျောက်ယွမ်ကျုံးက မိမိရှေ့မှ ကျိုးသွားသောဓားကိုကန်၍ ချက်ချင်းပင် စင်အောက်သို့ ခုန်ဆင်းလာသည်။
လျိုရွှေဟယ်က လူအုပ်ကြားမှခုန်ထွက်ကာ စင်ပေါ်သို့တက်သွားသည်။ သူသည် လက်ထဲတွင် ကြီးမားသောတင်းပုတ်ကြီးတစ်ချောင်းကို ကိုင်ထားကာ လင်းဇီချန်ကို မေးလိုက်သည်။
''အဆင်သင့်ဖြစ်ပြီလား။''
''ဆက်လုပ်ပါ။''
လျိုရွေဟယ်က စကားမများဘဲ လင်းဇီချန်ရှိရာသို့အပြေးလာပြီး အားပြင်းပြင်းဖြင့် တင်းပုတ်ကြီးကို ခုတ်လွှဲလိုက်သည်။
''ဒေါင်''
ရှင်းလင်းသောအသံက ထွက်ပေါ်လာသည်။ လင်းဇီချန်သည် သက်ဆင်းလာသောတင်းပုတ်ကြီးဖြင့် ရင်ဆိုင်ကာ ထိုးချပစ်သည်။ တင်းပုတ်ကြီးသည် လင်းဇီချန်၏လက်သီးချက်အောက်တွင် မူလအတိုင်းရှိနေသေးသည်။
ဆန်ကျင့်ဘက်အနေဖြင့်မူ တင်းပုတ်ကိုင်ထားသော လျိုရွှေဟယ်သည် လက်ကောက်ဝတ်ပွင့်သွားပြီး သွေးများစီးကျလာသည် ။တစ်ချိန်တည်းတွင်ပင် အက်ကွဲသံများ ထွက်လာ၏။ တော်ခုတ်ဓားထက် အဆပေါင်းများစွာ ခံနိုင်ရည်ရှိသောတင်းပုတ်ကြီးက မရေမတွက်နိုင်သောအက်ကွဲကြောင်းများထင်ကာ တစ်စစီဖြစ်သွားသည်။
လျိုရွှေဟယ်က တစ်စစီဖြစ်သွားသောအပိုင်းအစများကိုကြည့်၍ အံ့ဩတုန်လှုပ်နေ၏။
''အစ်ကိုဟယ် ဆင်းလာခဲ့တော့။ ကျွန်တော်စမ်းကြည့်မယ်။''
နောက်ထပ်စစ်တပ်နယ်မြေမှပါရမီရှင်က ပြောလိုက်ခြင်းဖြစ်သည်။ လျိုရွေဟယ်က ဘာမှမပြောတော့ဘဲ စင်အောက်သို့သာ ဆင်းလာသည်။
နောက်ထပ်ပါရမီရှင်တစ်ယောက်က စင်ပေါ်တက်ရန် ပြင်လိုက်စဉ်တွင်ပင် ညွှန်ကြားသူလုက ဝင်တားလိုက်ရတော့သည်။
''တော်လောက်ပြီ။ ထပ်ပြီးစိန်မခေါ်ကြနဲ့တော့။ ဘယ်လက်နက်ကမှ လင်းဇီချန်ကို အန္တရာယ်သေးသေးလေးတောင် မဖြစ်စေဘူး။ လက်နက်တွေကို ဒီလိုမျိုးဆက်ပြီး ဖျက်ဆီးနေမယ်ဆိုရင် ငါ့ရဲ့ညွှန်ကြားသူလုပ်တဲ့နေ့ရက်တွေက ဒီနေ့နဲ့တင် အဆုံးသတ်သွားလိမ့်မယ်။''
အပိုင်းပိုင်းဖြစ်သွားသော တင်းပုတ်ကြီးနှင့်တောခုတ်ဓားကိုကြည့်ကာ လုထျန်းရုန်တစ်ယောက် ထုံကျင်လာလေသည်။ ဘီအဆင့်သတ္ထုဖြင့်လုပ်ထားသောလက်နက်မ်ျားသည် ယွမ်တစ်သန်းမကတန်သည်။ မျက်စိတစ်မှိတ်အတွင်းပင် နှစ်ခု ပျက်စီးသွားသည်။ ထိုသို့သာဆက်ဖြစ်နေပါလျှင် မိမိသည် ခေါင်းဆောင်အနေဖြင့် တာဝန်ယူနိုင်မည်မဟုတ်ပါပေ။
အခန်း(၂၅၂) လက်ဗလာဖြင့် သံချပ်ကာဖောက်ကျည်များကို တားဆီးခြင်း
"ဆရာ၊ ကျွန်တော် အခု ဆင်းလို့ရမလား"
သိုင်းဇာတ်ခုံတွင် လင်းဇီချန်သည် အောက်တွင်ရှိနေသော လုထျန်းရုန်ကို လှမ်းကြည့်ကာ မေးလိုက်၏။ သူသည် အဆင့် ဘီရှိသော သတ္ထုစပ်လက်နက်နှစ်ခုကို ဆက်တိုက် ဖြိုခွဲခဲ့သည်။ ဤကဲ့သို့ စွမ်းအားကြီးသော ကိုယ်ခန္ဓာသည် ကျောင်းအုပ်စုနှင့် ယှဥ်နိုင်ရုံမျှမက ဆက်လက်လေ့ကျင့်ရန်လည်း မလိုအပ်တော့ပေ။
“ဆင်းလာ” လုထျန်းရုန်က ပြော၏။
“ဒီသိုင်းဇာတ်ခုံက မင်းအတွက် သေးလွန်းတယ်။ ဆယ်ရက်အတွင်း စစ်မှန်တဲ့ တိုက်ခိုက်ရေးအထူး လေ့ကျင့်မှုမှာ မင်းရဲ့ စွမ်းရည်ကို ပြသခဲ့နိုင်တယ်”
သူ စင်ပေါ်မှ ဆင်းနိုင်ပြီဟု ကြားသောအခါ လင်းဇီချန်က ခြေထောက်ကိုမြှောက်၍ ဆင်းသွားသည်။
“ခဏနေဦး”
လူအုပ်ကြားထဲမှ အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသကဲ့သို့ပင် သတ္ထုခန္ဓာကိုယ်အောက်တွင်ရှိနေသော လူတစ်ယောက်က လူအုပ်ထဲမှ ခုန်ဆင်းလာကာ ‘ဗုန်း’ဟူသော အသံနှင့်အတူ စင်မြင့်ထက်သို့ ခုန်တက်လိုက်၏။
၎င်းသည် စက်နတ်ဘုရားအဖွဲ့အစည်းမှ စက်ပိုင်းဆိုင်ရာပြုပြင်ထားသော အမျိုးသမီးဖြစ်သည်။
အမည်ကား ကျူးရှီရှီပင်ဖြစ်၏။
သူမ၏ ဆံပင်က အလွန်တိုလှ၍ နားရွက်နောက်အထိသာရှိသည်။
သို့သော် သူမ၏ ခွန်အားက ပြိုင်ဘက်ကင်းလှကာ အထူးလေ့ကျင့်ရေးကျောင်းသားငါးဦးအနက် အပြင်းထန်ဆုံး တိုက်ခိုက်ရေးသမားဖြစ်သည်။
“အဆင့်ဘီ လက်နက်တွေကတောင် မင်းအသားကို ခြစ်ရာထင်အောင်မလုပ်နိုင်ဘူးဆိုတော့ အဆင့်မြင့်သံချက်ကာဖောက် သေနတ်တွေကို မင်းစိန်ခေါ်ရဲလား”
ကျူးရှီရှီက လင်းဇီချန်ရှေ့၌ ရပ်ကာ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။ ဤသို့ပြောနေစဥ်တွင် သူမ၏ သတ္တုစပ်တစ်ဝက်နှင့် မျက်နှာက အေးစက်တောက်ပြောင်စွာဖြင့်သာ အသက်မဲ့နေ၏။
“အဆင့်မြင့် သံချပ်ကာဖောက်ကျည်ဟုတ်လား”
လင်းဇီချန်က ဤသည်မှာ မည်သို့သော ကျည်ဆန်မျိုးဖြစ်သည်ကို မသိခဲ့ပေ။
ကျန်းခိုင်က အောက်မှနေ၍ သူ့ကို သတိပေး၏။
“ဇီချန် ဒီစိန်ခေါ်ချက်ကို လက်မခံလိုက်နဲ့ အရမ်းအန္တရာယ်များတယ်။ ဆယ်မီတာအတွင်းမှာ အဆင့်မြင့်သံချပ်ကာကျည်ဆန်တွေက ၁၀ စင်တီမီတာရှိတဲ့ သံမဏိပြားကိုတောင် အလွယ်တကူ ထိုးဖောက်နိုင်လို့ ကာလို့မရဘူး”
ဤသည်ကို ကြားသောအခါ ကျောက်ယွမ်ကျုံးက ဝင်ပြော၏။
“၁၀ စင်တီမီတာအထူရှိတဲ့ သံမဏိပြားကို ဖောက်နိုင်ပါ့မလား”
“ငါ သွေးမျိုးစပ်ထားတဲ့ သံချပ်ကာ မြေနဂါးရဲ့ အကြေးခွန်တွေက အထူဆုံး ၄ စင်တီမီတာအထိ အများဆုံးကြီးနိုင်ပြီး မာကျောမှုက သာမန်သံမဏိတွေနဲ့ တူတယ်”
“မင်းစကားအရဆို သူသာ ငါ့ကို တိုက်ရိုက်ပစ်လိုက်ရင် ငါ ချက်ချင်း ပွဲချင်းပြီးသေသွားမှာမဟုတ်ဘူးလား”
ကျောက်ယွမ်ကျုံးက ကျန်းခိုင်က ချဲ့ကားပြောနေသည်ဟုထင်ကာ ထို သံချပ်ကာဖောက် ကျည်ဆန်များ ဤမျှ အလွန် စွမ်းအားကြီးမည်ကို မယုံကြည်နိုင်ပေ။ မဟုတ်လျှင် စက်ရုပ်လူသားများက အခြေခံအဆင့်ရှိကျောင်းသားများကြား၌ ထိပ်တန်းဖြစ်နေလိမ့်မည်မဟုတ်လော။
ဒါ ဖြစ်နိုင်ပါ့မလား။
မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး
ကျန်းခိုင်က အားပါးတရရယ်လိုက်သ်ည။
“မယုံရင် နောက်မှ စင်ပေါ်မှာ ကိုယ်တိုင်စမ်းကြည့်နိုင်ပါတယ်။ အဆင့်မြင့် သံချပ်ကာဖောက်ကျည်ဆန်တွေက မင်းခန္ဓာကိုယ်ကို တစ်ချက်တည်းနဲ့ ဖောက်ပစ်နိုင်မလားဆိုတာ ကြည့်စမ်းပါ”
ကျောက်ယွမ်ကျုံးက မတုံ့ပြန်ဘဲ စင်မြင့်ပေါ်ရှိ ကျူးရှီရှီကို တိတ်တဆိတ်ကြည့်လျက် အတွေးထဲနစ်မြောနေသည်။ စက်ရုပ်လူသားများသည် အစောပိုင်းအဆင့်များတွင် အမှန်တကယ်ပင် အင်အားကောင်းလှသည်။
သွေးမျိုးစပ်သူများကမူ ၎င်းတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရန် အချိန်ပေါင်းများစွာပေးရသော်လည်း စက်ရုပ်လူသားများအတွက်မူ နည်းပညာကို ဆက်လက်ထိန်းသိမ်းထားနိုင်သရွေ့ တိုက်ပွဲစွမ်းအားတိုးမြှင့်ခြင်းက ထမင်းစား ရေသောက်ကဲ့သို့ပင် ရိုးရှင်းသည်။
“မကြိုးစားနဲ့ အထူ ၁၀ စင်တီမီတာရှိတဲ့ သံမဏီပြားကို ထိုးဖောက်နိုင်တဲ့ ကျည်ဆန်တွေဆိုတာ အရမ်း အန္တရာယ်များလွန်းတယ်။ မင်းတို့နှစ်ယောက်လုံး အခု ဆင်းလာခဲ့” လုထျန်းရုန်က စင်ပေါ်မှ နှစ်ယောက်ကို လှမ်းအော်ပြောလိုက်သည်။
ကျူးရှီရှီဥ သဘောမတူပေ။
“အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ရှောင်ပြီးပစ်ရင် ဘာအန္တရာယ်မှရှိမှာမဟုတ်ဘူး”
လုထျန်းရုန်မျက်မှောင်ကြုတ်လိုက်သည်။
ဤအထူးလေ့ကျင့်ရေးကျောင်းသားများသည် စည်းကမ်းလိုက်နာလေ့မရှိကြဘဲ နည်းပြဆရာကို မကြာခဏ အံတုကြလေ့ရှိသည်။
‘ထားတော့ သူတို့က စစ်ခရိုင်ကမဟုတ်တော့ ကြိုက်သလိုသာ လုပ်ပါစေ’
စစ်တပ်က နယ်မြေငါးခုကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သရွေ့ လုံလောက်ပြီဖြစ်သည်။
ဤသည်ကိုတွေး၍ လုထျန်းရုန်က ပြောလိုက်သည်။
“ဒါဆို မင်းတို့နှစ်ယောက်လုံး သတိထားကြ။ အရေးကြီးတဲ့ နေရာတွေကို မထိစေနဲ့”
"စိတ်မပူပါနဲ့ ဆရာကြီး"
ကျူးရှီရှီ၏ အသံက သံလိုက်ဓာတ်အပြည့်ဖြစ်နေသည်။ သူမ၏ အသံကြိုများကို ပြုပြင်မွမ်းမံထားခြင်းဖြစ်ကာ အထူးသဖြင့် အီလက်ထရွန်းနစ် ဂီတကို သီဆိုရန် သင့်လျော်သည်။
“ကျည်ဆန်ကို ဘယ်ကနေ တားချင်လဲ”
ကျူးရှီရှီက လင်းဇီချန်ကို ခေါင်းလှည့်ကြည့်၍ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
“ငါစမ်းကြည့်ချင်တယ်လို့မပြောခဲ့ပါဘူး”
“ဘာလဲ မင်းကြောက်နေတာလား”
“လုပ်ရဲတယ်ဆိုတာက ကိစ္စတစ်ခုပဲ။ ဒါပေမယ့် မလိုဘူး။ အကျိုးမရှိရင်တော့ အောင်အောင်မြင်မြင် စိန်ခေါ်လို့မရဘူးလေ”
လင်းဇီချန်က တည်ငြိမ်စွာပြောသည်။
သူ၏ ခန္ဓာကိုယ်သည် ၁၀စင်တီမီတာ ထူသော သံမဏိပြား၏ တာရှည်ခံနိုင်မှုထက် သာလွန်သော တတိယအဆင့် ခန္ဓာကိုယ် သန့်စင်မှု ပြီးစီးခဲ့ပြီဖြစ်ရာ အဆင့်မြင့် ချပ်ဝတ်တန်ဆာက သူ့ကို အချိန်တိုအတွင်း မထိခိုက်စေနိုင်ပေ။ ထို့ကြောင့် အကျိုးတစ်စုံတစ်ရာမရှိပါက စိန်ခေါ်မှုကို လက်ခံရန်မလိုအပ်ပေ။
“စိန်ခေါ်မှုမှာ မင်းအောင်မြင်စရာမလိုပါဘူး” ကျူးရှီရှီက ရဲရင့်စွာပြောလိုက်သည်။
“စိန်ခေါ်မှုကို လက်ခံရုံနဲ့ နင့်အကောင့်ထဲကို အခုပဲ တစ်သန်းလွှဲပေးလိုက်မယ်”
‘တစ်သန်းလား’
ဤစကားကိုကြားလိုက်ရသောအခါ လင်းဇီချန်၏ စိတ်က အနည်းငယ် တုန်ယင်သွားသည်။ ထိုအချိန်တွင် သူသည် တစ်စုံတစ်ရာကို နောက်ကျစွာသိလိုက်ရ၏။ ငယ်စဉ်ကတည်းက သူကြုံတွေ့ခဲ့ရသော ဂုဏ်ဆာနေသူများအားလုံးသည် ချမ်းသာကြွယ်ဝသော နောက်ခံများမှ ပေါက်ဖွားလာပုံရကာ လူတစ်ဦးကို ငွေကြေးအမြောက်အမြားပေးဆောင်နိုင်ကြသည်။
ယင်းကို စဥ်းစားပြီးနောက် သူနှ၍့် ရှန်ချင်းဟန်တို့သည် သာမန်နောက်ခံမှ ဆင်းသက်လာသည့်ပုံပေါ်နေ၏။
ယင်းက အမှန်ပင် အောက်ပါအဆိုကို ထောက်ခံပေးလိုက်ခြင်းဖြစ်သည်။
( ချမ်းသာသူများသည် နည်းပညာကို အားကိုးကြသည်။ ဆင်းရဲသားတို့က သွေးမျိုးစပ်ခြင်းကို အားကိုးကြသည်)
လင်းဇီချန်က ဤ လွယ်လွယ်ကူကူနှင့် တစ်သန်းကမ်းလှမ်းသည့် စိန်ခေါ်မှုကို လက်ခံ၍ ဖုန်းကို ထုတ်ကာ ကျူးရှီရှီကို လွှဲပေးလိုက်သည်။ ကျူးရှီရှီက သူမ၏ လက်ဖဝါးပေါ်သို့ အကြိမ်အနည်းငယ်ဖိကာ ယွမ်တစ်သန်းကို အမြန်လွှဲပေးလိုက်သည်။ စက်ရုပ်လူသားများသည် မွေးရာပါ ဖုန်းတစ်လုံး၏ လုပ်ဆောင်ချက်မျိုးရှိနေသောကြောင့် ၎င်းတို့က ဖုန်းတစ်လုံးကို မလိုအပ်တော့ပေ။
“ကောင်းတယ် သူက တကယ်ပဲ စိန်ခေါ်မှုကို လက်ခံလိုက်တာပဲ”
“ဒါက ၁၀ စင်တီမီတာ အထူရှိတဲ့ စတီးပြားကို ဖြတ်ပစ်နိုင်တဲံ့ အဆင့်မြင့် သံချပ်ကာဖောက်ကျည်ဆန်ပဲ။ ရှန်ဟိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားက တကယ်ကို ရဲရင့်တယ်”
“ သွေးတွေနေရာအနှံ့စီးကျလာတော့မလို ခံစားရတယ်”
“ပြောဖို့ခက်ပါသေးတယ်။ သူက စိန်ခေါ်မှုကို သတ္တိရှိရှိ ကိုင်တွယ်ရဲတာဆိုတော့ တကယ်ပဲ ယုံကြည်မှုအပြည့်ရှိနေလို့ပေါ့”
"ဘာယုံကြည်ချက်လဲ ဒါက ၁၀ စင်တီမီတာ အထူရှိတဲ့ သံမဏိပြားကို ထိုးဖောက်နိုင်တဲ့ ကျည်ဆန်တစ်ခု၊ သာမန် အသွေးအသားနဲ့ ခန္ဓာကိုယ်က ဘယ်လို တားဆီးနိုင်မလဲ"
လင်းဇီချန်က စိန်ခေါ်မှုကို လက်ခံရန် အမှန်တကယ် ရွေးချယ်ခဲ့သည်ကို တွေ့မြင်ရသောအခါ အောက်မှ ညည်းညူ ဆွေးနွေးမှုများ ထွက်ပေါ်လာသည်။
စင်ပေါ်မှာ နှစ်ယောက်က ဤအသံများကို ဂရုမစိုက်ကြပေ။ ၎င်းတို့အနက် ကျူးရှီရှီက ငွေလွှဲပြီးသည်နှင့် ချက်ချင်းပင် သူမရှေ့မှ လင်းဇီချန်ကို ကြည့်၍ မေးလိုက်သည်။
“ဘယ်နေရာကို အပစ်ခံချင်လဲ”
“ငါ့လက်ဖဝါးကို ပစ်လိုက်” လင်းဇီချန်က သူ၏ ညာလက်ကို ကျူးရှီရှီဘက်သို့ မြှောက်ပြကာ ပြောလိုက်သည်။
ကျူးရှီရှီက တစ်ခွန်းမျှ ပြန်မပြောဘဲ ချက်ချင်းဆိုသကဲ့သို့ပင် ညာဘက်လက်မောင်းအတွင်းမှ စွမ်းအင်ခန်းကို အသက်သွင်းကာ သံချပ်ကာဖောက်ကျည်ကို ပစ်ခတ်မည့် သေနတ်ပြောင်းအတွင်းသို့ စွမ်းအင် စုစည်းလိုက်သည်။
ထို့နောက်တွင် သူမက စက်ညာဘက်လက်မောင်းကိုမြှောက်ကာ လင်းဇီချန်၏ လက်ဖဝါးပေါ်သို့ တင်လိုက်ပြီးနောက် အေးစက်စွာ မေးလိုက်သည်။