အပိုင်း ၂၅၃-၂၅၅
Vol. 17 Ch. 253-255
အခန်း(၂၅၃) လက်ဗလာဖြင့် သံချပ်ကာဖောက်ကျည်ကို တားဆီးခြင်း ၂
"အဆင်သင့်ဖြစ်ပြီလား”
"အင်း"
လင်းဇီချန်က တည်ငြိမ်စွာပြောသည်။
သူ့အသံထွက်ပေါ်လာသည်နှင့် ကျူးရှီရှီ၏ အတွေးများက ပြင်းထန်စွာ ပြောင်းလဲသွားရာ ချက်ချင်းပင် အဆင့်မြင့် သံချပ်ကာဖောက်ကျည်ကို ပစ်ခတ်လိုက်သည်။
“ဘမ်း”
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
လင်းဇီချန်၏လက်ကို သံချပ်ကာဖောက်ကျည်က မထိမှန်ခဲ့ပေ။
ပေါက်ကွဲသွားသည်ကား ကျူးရှီရှီ၏ စက်ရုပ်လက်ဖြစ်ငည်။
သံချပ်ကာဖောက်ကျည်က လင်းဇီချန်၏လက်မောင်းကို မထိုးဖောက်နိုင်ဘဲ သေနတ်ပြောင်းဝ၌သာရပ်တန့်နေသည်။ ကြီးမားသော ရိုက်ခတ်မှု စွမ်းအားအတွက် ထွက်ပေါက်မရှိသဖြင့်၊ ၎င်းသည် ပြောင်းအတွင်းပေါက်ကွဲသွားကာ ကျူးရှီရှီ၏ သတ္တုလုံးလုံး ညာဘက်လက်က အပိုင်းပိုင်းအထိ ပေါက်ကွဲသွားခဲ့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”
ကျူးရှီရှီ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏ မျက်နှာ၌ ထိတ်လန့်မှု အပြည့်ရှိနေသည်။
အနီးနားရှိ အခြားလူများမှာလည်း ထပ်တူထပ်မျှ ထိတ်လန့်သွားကာ မယုံနိုင်စရာ မျက်နှာများဖြင့် ပြည့်နှက်နေသည်။
အဆင့်မြင့် သံချပ်ကာဖောက်ကျည်ဆန်ကိုပင် တားဆီးနိုင်ခဲ့သည်။
ခြစ်ရာပင်မရှိလိုက်ဘဲ တားဆီးနိုင်ခဲ့သည်။
ဤသည်က မည်သည်ကို ဆိုလိုနေသနည်း။
လင်းဇီချန်၏ ကိုယ်ခန္ဓာက အထူ ၁၀ စင်တီမီတာရှိသော သံမဏိပြားထက် ပိုကြီးသော ခုခံစွမ်းအားရှိနေသည်ဟု ဆိုလိုသည်။ ထိုသို့သော် အဆင့်မြင့်သည့်ကာကွယ်ရေးအဆင့်သည် အနည်းဆုံးအနေဖြင့် အခြေခံ နဝမအဆင့်တွင်ရှိရှိနေသည်။
တကယ်ကြောက်စရာကောင်းတယ်။
ဒီကောင်က တကယ်ကြောက်စရာကောင်းတယ်။
ဤအခိုက်အတန့်၌ ရှိနေကြသူတိုင်း တုန်လှုပ်ချောက်ချား၍ အလွန် အံ့ဩနေကြသည်။
"ဒါက ချဲ့ကားလွန်းတယ်၊ ဒီခန္ဓာကိုယ်ရဲ့ ခွန်အားက ချဲ့ကားလွန်းတယ်၊ ဒါဟာ လူမဆန်ဘူး”
“သွေးသန့်လူသားလမ်းက မအောင်မြင်ဘူးလို့ ဘယ်သူပြောလဲ"
"ဒါက သွေးသန့်လူသားလမ်းစဉ်က သာမန်ထက်လွန်ကဲနေတာမဟုတ်ဘဲ လင်းဇီချန်ကိုယ်တိုင်ကဖြစ်နေတာလို့ မထင်ဘူးလား”
"တကယ်တော့ လင်းဇီချန်မတိုင်ခင်မှာ သွေးသန့်လူသားလမ်းကို ရွေးချယ်ခဲ့တဲ့ အရည်အချင်းတွေ အများကြီးရှိပေမယ့် သူတို့အားလုံးက နောက်ဆုံးမှာတော့ လူအုပ်ထဲကို ရောနှောသွားပါတယ်။ အံ့သြစရာကောင်းတဲ့ အရာက သွေးသန့်လူသားလမ်းစဉ်မဟုတ်ဘဲ လင်းဇီချန်ကိုယ်တိုင်ပါပဲ"
"ဒီလိုလည်း ပြောလို့မရပါဘူး၊ သွေးသန့်လူသားလမ်းစဉ်မှာ မြင့်မားတဲ့ သတ်မှတ်ချက်တစ်ခု ဖြစ်နိုင်သလို၊ ဒီအဆင့်ကို ကျော်ဖြတ်တဲ့ ကာယစွမ်းရည်ရှိသူတွေဟာ ၁+၁ က ၂ ထက်ကြီးနိုင်ပြီး၊ လိုအပ်တဲ့ ကာယစွမ်းရည်မရှိသူတွေကတော့ ၁+၁က ၂ ထက် နည်းသွားနိုင်ပါတယ်။"
လင်းဇီချန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ကိုယ်တိုင် မြင်တွေ့ရပြီးနောက်
တက်ရောက်သူတိုင်းက သွေးသန့်လူသားလမ်းစဉ်အကြောင်း စတင်ဆွေးနွေးကြသည်။
…
"လင်းဇီချန်က ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနိုင်မှာလဲ"
လီမော်ယွီက အလွန်အမင်း စိတ်ဓာတ်ကျလျက် ကြည့်နေသည်။
ယခုအချိန်မတိုင်ခင်အထိ သူ့တွင် လင်းဇီချန်ကို ကျော်တက်ရန် အခွင့်အရေးရှိသည်ဟု အမြဲခံစားမိခဲ့သည်။
သို့သော် လင်းဇီချန်က သူ၏လက်ဗလာဖြင့် အဆင့်မြင့် ချပ်ဝတ်တန်ဆာဖောက်ကျည်ဆန်ကို တားဆီးလိုက်သည်ကို သူ့မျက်လုံးများနှင့် မြင်တွေ့ပြီးနောက် နောက်ဆုံးတွင် ၎င်းတို့ကြားရှိ ကွာဟချက်မှာ မည်မျှကြီးမားသည်ကို သူနားလည်ခဲ့သည်။
ဤသည်က ဖြတ်ကျော်၍ မရနိုင်သော အတားအဆီးသာဖြစ်သည်။
ကောလိပ်လေးနှစ်တာကာလအတွင်း လင်းဇီချန်ကို ကျော်တက်ရန် မျှော်လင့်ချက်မရှိနိုင်တော့ပေ။
တကယ်တမ်းတွင် ကွာဟချက်က ပို၍ပင် ကြီးလာနိုင်သည်။
လီမော်ယွယွီ စိတ်ဓာတ်ကျသွားသည်။
ဆန့်ကျင်ဘက်အားဖြင့် သူ့ဘေးမှလော်ရုန်ကျန်းသည် ရှန်ချင်းဟန်ထက်ပင် ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားနေသည်။
သူက တစ်လျှောက်လုံး ပျော်ရွှင်စွာ ကခုန်နေကာ “ညီအစ်ကိုချန်” ဟု ကျယ်လောင်စွာ အားပေးလျက်ရှိသည်။ သေချာမသိသောသူများက သူနှင့် လင်းဇီချန်တို့သည် တူညီသော မိဘများဆီကပင် ဆင်းသက်လာသည့် သွေးချင်းညီအစ်ကိုများဟု ထင်ကောင်းထင်နိုင်သည်။
…
“သွေးသန့်လူသားလမ်းက တကယ်ပဲ သေခြင်းအဆုံးသတ်လား”
မာရှိဝေက ခပ်တိုးတိုး ရေရွတ်လျက် သူမ၏ယုံကြည်ချက်များ အတန်ငယ် ပြိုပျက်သွားသည်။ သူမ၏ဖခင် မာကျန်းဟယ်သည် သွေးသန့်လူသားလမ်းကို အမြဲတစေ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့၍ တန်ဖိုးမရှိဟု ယူဆကာ ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသည်။
သူ့သမီးဖြစ်သည့်သူမသည်လည်း နှစ်ပေါင်းများစွာ သူ၏ထင်မြင်ယူဆချက်များဖြင့် လွှမ်းမိုးခံထားရသောကြောင့် သွေးသန့်လူသားလမ်းစဉ်ကို အထင်သေးခဲ့သည်။
ဤလမ်းကိုရွေးချယ်ခဲ့သည့် လင်းဇီချန်သည် အနာဂတ်တွင် နောင်တရမည့် အရူးတစ်ယောက်ဟု သူမအမြဲတမ်းတွေးနေခဲ့သည်။
ယခုမူ မိမိကိုယ်ကို သံသယဝင်နေတော့၏။
သူ့အဖေကများ မှားယွင်းနေသလားဟု သံသယဝင်မိသည်။
သွေးသန့်လူသားလမ်းစဉ်သည် သူ့အဖေပြောသကဲ့သို့ သေခြင်း အဆုံးမဟုတ်ပေ။ ၎င်းသည် ယနေ့အချိန်အထိ မသိရသေးသော အလင်းလမ်းကြောင်းတစ်ခု ဖြစ်နိုင်သည်။
ဖြတ်ကျော်သွားပါက၊ ၎င်းသည် အခြားသော ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းများကို ကျော်လွန်သွားကာ လူသားမျိုးနွယ်ကို လုံးဝအဆင့်သစ်သို့ ဦးတည်သွားစေနိုင်သည်။
…
"ဇီချန်က တကယ်လူသားလား"
ကျန်းခိုင်သည် လင်းဇီချန်၏ ခွန်အားကို နားမလည်နိုင်ဘဲ ဘဝကို သံသယဝင်နေမိ၏။ သိုင်းပညာအဖွဲ့ဝင် အထက်တန်းကျောင်းသားဘဝကပင် စီနီယာကျောင်းသားတစ်ဦးအနေဖြင့် အငယ်တန်း လင်းဇီချန်၏ နှိပ်စက်ခြင်းကို ခံခဲ့ရ၍ ယုံကြည်မှုမရှိသည့်အလား တန်ဖိုးမရှိသည့်အလား ခံစားခဲ့ရသည်။
စက်နတ်ဘုရားအဖွဲ့သို့ဝင်ရောက်ကာ ကုမ္ပဏီ၏ ထိပ်တန်းအရည်အချင်းရှိသူအဖြစ် ပြန်လည်မွေးဖွားလာပြီးနောက် နှစ်များကြာသည်အထိ သူ့ကိုယ်သူယုံကြည်မှု တဖြည်းဖြည်းပြန်လည်ရရှိလာခဲ့သည်။ အားလပ်ရက်များတွင် အိမ်ပြန်ရောက်သည့်အခါတိုင်း အိမ်နီးနားချင်းပဲဖြစ်စေ၊ သူငယ်ချင်း ဆွေမျိုးများဖြစ်စေ၊ အတန်းဖော်ဟောင်းများဖြစ်စေ အားလုံးက သူ့ပတ်ဝန်းကျင်တွင် ဝိုင်းအုံလာကြသည်။
ယခင်နေ့ရက်များတွင် အချိန်မပေးဖူးသော နတ်ဘုရားမက သူ့လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် ကုတင်ပေါ်တက်လာသည်။ ယခင်က သူ့ကို နှိမ်ကြသော ပါရမီရှင်များက အားတက်သရော ဖြစ်ကာ “ညီအစ်ကို ခိုင်” ဟု နှုတ်ဆက်ကြသည်။
ဤသည်က သူ့ကိုယ်သူ အကောင်းဆုံးဟု ခံစားရစေသည်။ အနည်းဆုံးအနေဖြင့် သူ၏ အတိတ်က ဆက်ဆံရေးအသိုင်းအဝိုင်းတွင် သူက အကောင်းဆုံးဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် လင်းဇီချန်သည် သူ၏လက်ဗလာဖြင့် အဆင့်မြင့် သံချပ်ကာဖောက်ကျည်ကို တားဆီးလိုက်သည်ကို မြင်လိုက်ရသောအခါတွင် ထိုအလယ်တန်းနှစ်များဆီမှ တူညီသော ကူကယ်ရာမဲ့မှုကို ပြန်လည် ခံစားခဲ့ရသည်။
ထိုစဉ်က အလယ်တန်းတွင် နှိပ်စက်ခံခဲ့ရကာ အခုချိန် အရွယ်ရောက်ပြီးသူအဖြစ် နှိပ်စက်ခံနေရဆဲဖြစ်၍ မတူညီတဲ့ အတိုင်းအတာဖြင့် တည်ရှိနေဆဲဖြစ်ကြောင်း ခံစားခဲ့ရသည်။ သူ၏
နှစ်ဘက်မြင်ကမ္ဘာက မည်မျှပင် အံ့ဩဖွယ်ကောင်းနေစေကာမူ သုံးဖက်မြင်ကမ္ဘာမှ လင်းဇီချန်ကို ဘယ်သောမခါမှ မကျော်နိုင်ပေ။
…
“ဒီရုပ်ပိုင်းဆိုင်ရာခွန်အားက ကြံ့ခိုင်မှု အားနည်းတဲ့ အဆင့်မြင့်အဆင့် တ္တဝါအချို့နဲ့ နှိုင်းယှဉ်နိုင်တယ်လို့ ခံစားရတယ်”
လုထျန်းရုန်သည် စင်မြင့်ပေါ်ရှိ လင်းဇီချန်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ သူသည် နန်ကျန်းပြည်နယ် စစ်ဌာနချုပ်ရှိ အထူးလေ့ကျင့်ရေးစခန်းတွင် နည်းပြဆရာအဖြစ် ဆယ်နှစ်နီးပါး အမှုထမ်းခဲ့ကာ မရေမတွက်နိုင်အောင်များပြားလှသည့် ကောင်းကင်မှ ချီးမြှောက်ခံထားရသူများကို သူတွေ့မြင်ခဲ့ဖူးသည်။
၎င်းတို့ထဲတွင် မြို့တော်၏ ပါရမီရှင် လီရီကျင်း၊ စက်ရုပ်လူသား ထူးချွန် မိန်းကလေး လုချင်းယွီနှင့် စစ်တပ်ခရိုင်၏ အပြင်းထန်ဆုံး လူသစ်စုဆောင်းသူ လျန်စန်းရွှီ… နှင့် အဆင့်တူ အခြား ပါရမီရှင်များ ပါဝင်သည်။
အခန်း(၂၅၄) လက်ဗလာဖြင့် သံချပ်ကာပေါက်များကို တားဆီးခြင်း ၃
သို့ရာတွင် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်ရှိ ပြိုင်ဘက်ကင်း ထိပ်တန်းပါရမီရှင်များဟုခေါ်သောသူများသည် ထိုစဥ်က အထူးစစ်ရေးလေ့ကျင့်မှုအတွင်း လင်းဇီချန်၏ စွမ်းဆောင်ရည်ကို အနည်းငယ်မျှပင် မတောင့်ခံနိုင်ခဲ့ပေ။ ၎င်းတို့က အလွန်အဆင့်နိမ့်လွန်းလှသည်။
လင်းဇိချန်သည် သူမြင်ဖူးသမျှ အားလုံးထဲတွင် ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်သည်။ သူ့မျက်စိဖြင့်သာမမြင်ရပါက ကမ္ဘာမြေကြီးက ဤကဲ့သို့ အလွန်ပြင်းထန်သော ရုပ်ခန္ဓာအရည်အချင်းရှိသည့် ပါရမီရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်လိမ့်မည်ဟု ဘယ်သောအခါကမျှ ယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။
…
သိုင်းစင်မြင့်တွင် လင်းဇီချန်က ပတ်ဝန်းကျင်ရှိ အံ့အားသင့်နေသော အကြည့်များကို ဂရုမစိုက်ဘဲ သိုင်းစင်မြင့်မှ လျင်မြန်စွာ ခုန်ဆင်း၍ ထိုင်ရန် နေရာတစ်ခုကို ရှာဖွေခဲ့သည်။ သူ၏ ခွန်အားကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ကာ လူတိုင်းကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ ထပ်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။
ကျန်အချိန်များကို သွေးသန့်စင်ခြင်းနည်းပညာကျင့်ကြံ၍ စတုတ္ထခန္ဓာကိုယ် သန့်စင်ခြင်းအတွက် ကောင်းစွာ အသုံးပြုရမည်ဖြစ်သည်။
သူသည် ဒုတိယနှစ်မတိုင်ခင် ခန္ဓာကိုယ် သန့်စင်ခြင်း ပဥ္စမအဆင့် ပြီးစီးရန် ရည်ရွယ်ခဲ့သည်။
“မြေပြင်ပေါ်မှာ တင်ပျဥ်ခွေထိုင်ပြီး ဘာလုပ်နေတာလဲ”
“တရားထိုင်နေတာလား”
“သူက သွေးသန့်စင်ခြင်း ကျင့်စဥ်ကို ကျင့်ကြံပြီး ခန္ဓာကိုယ်အတွင်းက သွေးစွမ်းအင်တွေကို သန့်စင်အောင် လုပ်နေတာ”
“ဒါက သွေးသန့်လူသားတွေ သူတို့ ခန္ဓာကိုယ်ကို သန်မာအောင်လုပ်တဲ့ နည်းလမ်းလား”
“ဒါကို မြင်ဖူးတာ ပထမဆုံးပဲ”
လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်နေရာမှ ပြန်လည်သတိဝင်လာကာ အားလုံးက လင်းဇီချန်၏ သွေးသန့်စင်ခြင်းနည်းပညာကို ကျင့်ကြံခြင်းဖြစ်စဥ်ကို စူးစမ်းကြည့်ရှု့နေကြ၏။
လုထျန်းရုန်သည် နည်းပြတစ်ဦးအနေဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ သို့သော် အချိန်အတန်ကြာ စောင့်ကြည့်နေပြီးနောက် အချိန်ဖြုန်းနေသည်ဟု ခံစားရသဖြင့် လူတိုင်းကို သူ အော်ပြောလိုက်သည်။
“မကြည့်ကြနဲ့တော့”
“အချိန်က ငွေပဲ မြန်မြန်လုပ်ပြီး မင်းတို့ ရွေးထားတဲ့ လက်နက်တွေနဲ့ စပြီး လေ့ကျင့်တော့”
“အချိန်မဖြုန်းနဲ့”
ဤနေရာတွင် “လူတိုင်း”ဟူသော ဝေါဟာရ၌ လင်းဇီချန်မပါဝင်ပေ။ လင်းဇီချန်၏ ပြင်းထန်သော ခွန်အားကို ပြသနိုင်ခဲ့နိုင်ခဲ့ကာ တစ်ဥိးချင်း အခမဲ့လေ့ကျင့်သင်ကြားမှုကို အောင်မြင်စွာ ရရှိနိုင်ခဲ့သည်။
ဤအသံကို ကြားသောအခါ လူတိုင်းက ထိတ်လန့်သွားကြပြီးနောက် လက်နက်များဖြင့် စတင် လေ့ကျင့်ကြ၏။ လေ့ကျင့်နေစဥ်တွင် ၎င်းတို့က သွေးသန့်စင်ခြင်းကျင့်စဥ်ကိုလည်းစူးစမ်းလိုစိတ်ဖြင့် လင်းဇိချန်ကို ခိုးကြည့်မိကြသည်။
…
၎င်းတို့ မသိလိုက်ခင်၌ အချိန်က နှစ်နာရီကျော်သွားကာ ညနေ ၅ နာရီ သုံးဆယ်မိနစ်သို့ ရောက်ရှိသွား၏။
"အားလုံး ခဏလောက် ရပ်ကြ”
လုထျန်းရုန်က ရပ်ခိုင်းလိုက်ပြီးနောက် ဆက်ပြောသည်။
“ဒီနေ့ အထူးလေ့ကျင့်မှုပြီးသွားပြီ”
“နောက်ဆယ်ရက်နေရင် မနက်ပိုင်းမှာ အောက်ထပ် အထူးလေ့ကျင့်ရေးခန်းကနေ ချီစွမ်းအင်နဲ့ ငါတို့ရဲ့ စိတ်တွေကို လေ့ကျင့်ဖို့နဲ့ နေ့လယ်ပိုင်းမှာ လက်နက်သုံးပြီး လေ့ကျင့်ဖို့ ဒီကို လာမယ်”
“ဆယ်ရက်ကြာပြီးရင် မင်းတို့ရဲ့ အဖွဲ့လိုက် လုပ်ဆောင်မှုစွမ်းရည်ကို မြှင့်တင်ဖို့ ဆန်းကြယ်သားရဲတွေနဲ့ အစွန်းရောက်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေကို လိုက်ရှာကြမယ်”
“နားလည်ပြီလား”
“နားလည်ပါပြီ” * ၂၀
အားလုံးက တစ်ညီတစ်ညွတ်တည်း တုံ့ပြန်လိုက်ကြသည်။ လုထျန်းရုန်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ သွားစားပါ”
သူ့စကားကိုကြားသောအခါ လူတိုင်းက အဖွဲ့လိုက် ထွက်သွားကြသည်။
“ရှောင်ချန် နင် ကျည်ဆန်ကို လက်ဗလာနဲ့ တားပြီး ပြိုင်ဘက်ရဲ့ စက်လက်မောင်းကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တာကို ငါ ဗီဒီယိုရိုက်ထားတယ်”
ရှန်ချင်းဟန်က သူမ၏ ဖုန်းကို ထိုးပြကာ ဗီဒီယိုကိုပြလိုက်သည်။
“နင် ဒါကို ကြည့်ကြည့် အရမ်းမိုက်တယ်”
လင်းဇီချန်က တစ်ချက်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။
“ကြည့်ရတာ အရမ်းမိုက်တဲ့ပုံပဲ”
နှစ်ယောက်သား ဗီဒီယိုကြည့်နေစဉ် လော်ရုန်ကျန်းက ကြီးမားသော အပြုံးဖြင့် ရောက်လာသည်။
“ဇီချန် ချင်းဟန် အတူတူ သွားစားကြရအောင်”
လင်းဇီချန်က သူ့ကို မော့ကြည့်၍ ပြောလိုက်သည်။
“မင်းအရင်စားနှင့်လိုက် ငါတို့ သိပ်မကြာခင်အထိ စားဖြစ်ဦးမှာမဟုတ်ဘူး”
“ကောင်းပြီ ငါ အစ်ကိုယွီနဲ့ အစ်မ ဝေ့တို့နဲ့ သွားစားလိုက်မယ်”
လော်ရုန်ကျန်းက ပြုံးပြပြီးနော် ဤသို့ပြော၍ ထွက်သွားခဲ့သည်။
သူသည် လင်းဇီချန်နှင့် နီးစပ်ချင်သော်လည်း အလွန်အကျွံ မလုပ်မိရန် အရေးကြီးကြောင်း သိသောကြောင့် စိတ်အားထက်သန်မှု သိပ်မပြခဲ့ပေ။ လော်ရုန်ကျန်း အဝေးသို့ ထွက်သွားပြီးနောက် ရှန်ချင်းဟန်က ပြောလိုက်သည်။
“ရှောင်ချန် နင် ငါ အတန်းထဲက လူတွေနဲ့အရမ်းရင်းနှီးမှာကို မကြိုက်ဘူးလား”
“အဲ့လိုတော့မဟုတ်ပါဘူး။ ကိုတကယ် မစားသေးဘူး။ တစ်ခုခုလုပ်စရာရှိလို့ တစ်နေရာကို သွားရမယ်။ ပြီးမှ စားမယ်”
ရှန်ချင်းဟန်က သိချင်စိတ်ပြင်းပျစွာပြောသည်။
“ဘာတစ်ခုခုလဲ”
“အဲ့ရောက်ရင် သိမယ်လေ”
“ငါတို့ ဘယ်တော့သွားကြမှာလဲ”
“အခု”
ထိုစကားကိုပြောပြီးနောက် လင်းဇီချန်သည် ရှန်ချင်းဟန်ကို လက်နက်ခန်းမှ ခေါ်ထုတ်ကာ သူခိုးများကဲ့သို့ လျို့ဝှက်စွာဖြင့် အောက်သို့ ဆင်းလာခဲ့သည်။
…
အခန်း(၂၅၅) မြေခွေးနတ်ဆိုးနေအိမ်ကို ခိုးယူခြင်း
လက်နက်ခန်းမှထွက်ပြီးနောက် လင်းဇီချန်က ရှန်ချင်းဟန်နှင့်အတူ အောက်ထပ် အထူးလေ့ကျင့်ရေးအခန်းသို့ လိုက်သွားသည်။ ယခုအချိန်တွင် အထူးလေ့ကျင့်ရေးအခန်းကို သော့ခတ်ထားကာ အများပြည်သူကို ဖွင့်လှစ်ထားခြင်းမရှိပေ။
သို့သော် ဤသည်က လင်းဇီချန်အတွက် ပြဿနာမဟုတ်ပေ။ အနည်းငယ် အားစိုက်ထုတ်ရုံဖြင့် တံခါးပေါ်ရှိ လျို့ဝှက်ကုဒ်ကို လျှင်မြန်စွာဖောက်ထွင်းကာ တိတ်တဆိတ်ခိုးဝင်လာခဲ့သည်။
“ဇီချန် ခွင့်မပြုဘဲ ဝင်လာတာ မှားတယ်မထင်ဘူးလား”
ရှန်ချင်းဟန်က စိုးရိမ်ပူပန်မှုကို မဝံ့မရဲထုတ်ပြလိုက်ရာ သူမ၏ လှပသော မျက်နှာထက်၌ စိုးရိမ်မှုအပြည့်ရှိနေသည်။ ခိုးဝင်ရာမှ မိသွား၍ အပြစ်ပေးခံရမည်ကို သူမကြောက်နေခြင်းပင်ဖြစ်သည်။
“စိတ်မပူပါနဲ့ ဒီက သွေးစွမ်းအင်ဆေးလုံးနဲ့ ဝိဉာဥ်ခန်းမကို သုံးချင်လို့ဝင်လာခဲ့တာ။ ငါတို့ကို တွေ့သွားရင်တောင် ကြီးကြီးမားမား ဖြစ်မှာမဟုတ်ဘူး”
ရှန်ချင်းဟန်က ခဏမျှ စဥ်းစား၍ ထပ်ပြောသည်။
“နင့် ကန့်သတ်ချက်တွေကို လျှို့ဝှက်စမ်းသပ်ဖို့ ကြိုးစားနေတာလား”
“မင်း ခန့်မှန်းတာမှန်တယ်။ ဉာဏ်ကောင်းလိုက်တာ”
လင်းဇီချန်က ပြုံး၍ လက်သီးဆုပ်လိုက်သည်။
ရှန်ချင်းဟန်သည် ချက်ချင်းပင် စိတ်ဝင်စားလာကာ စူးစမ်းလိုစိတ်အပြည့်ဖြင့် ပြောလိုက်၏။
“ဇီချန် နင်အရမ်း သန်မာတယ်။ ငါလည်း နင့်ကန့်သတ်ချက်ေတွကို သိချင်တယ်”
“အဆင့် ၁၁လား အဆင့် ၁၂ လား ဒါမှမဟုတ် ၁၃တောင်ရှိနေပြီလား”
“အင်း မြင့်ကို မြင့်လိမ့်မယ်”
ရှန်ချင်းဟန်က လင်းဇီချန်ကို ယုံကြည်မှုအပြည့်ရှိသည်။
“မင်း ကို့ကို အရမ်းတွက်ထားတာပဲ။ အဆင့် ၁၁ကမှန်တယ်။ အဆင့် ၁၃ကတော့ အဆင့်မြင့်အဆင့် ၄ နဲ့ ညီနေပြီ။ ကိုအဲ့လောက် မသန်မာပါဘူးကွာ”လင်းဇီချန်က ပြုံး၍ ပြော၏။
ရှန်ချင်းဟန်က သူ့ကို သဘောကျစွာ လှမ်းကြည့်လိုက်သည်။
“အဆင့် ၁၁ကတင် အရမ်းအထင်ကြီးစရာကောင်းနေပြီ။ အဲ့တာက အဆင့်မြင့်အဆင့် ၂ နဲ့ ညီမျှတယ်မလား။ ငါသိသလောက်ဆို ကျောင်းသားသမဂ္ဂဥက္ကဌက ဒီအဆင့်လောက်ရှိနေပြီလေ။ သူက စီနီယာ ဒါပေမယ့် နင်က ကျောင်းသားသစ်လေ”
“မင်းမှာ ပါးစပ်ချိုချိုလေးရှိတာပဲ။ ဒီည အဆောင်ကို ပြန်ရောက်ရင် ကို ကောင်းကောင်း အရသာ ခံကြည့်မယ်”
လင်းဇီီချန်က ရှန်ချင်းဟန်၏ ချယ်ရီရောင်နှုတ်ခမ်းဖူးဖူးလေးများကို ဆွဲညှစ်လျက် ပြုံးရွှင်စွာ ပြောလိုက်သည်။ ထို့နောက် အချိန်ဖြုန်းနေခြင်းကို ရပ်ကာ သွေးစွမ်းအင်ဆေးလုံး၏ ရှေ့၌ အမြန်ရပ်လိုက်သည်။
သူက စမ်းသပ်ရန် အလျင်စလိုမလုပ်ဘဲ သူ၏ ဝိဉာဥ်စွမ်းအင်ကို အသုံးပြု၍ သွေးစွမ်းအင်ဆေးလုံးကို အကာအကွယ်ထားလိုက်သည်။ ဤအရာများပြီးသွားသောအခါမှသာ ဆေးလုံးထဲသို့ ဝင်၍ စစ်ဆေးခဲ့၏။ ခန္ဓာကိုယ်သန့်စင်ခြင်းကို သုံးကြိမ်ဖြတ်ကျော်ပြီးဖြစ်ရာ သူ၏ ခန္ဓာကိုယ်ခွန်အားသည်လည်း အဆင့်မြင့်အဆင့် ၂သို့ ရောက်လုရောက်ခင်ဖြစ်နေပြီဖြစ်သည်။
အကယ်၍ သွေးစွမ်းအင်ဆေးလုံး၏ လေ့ကျင့်မှုပြင်းထန်မှုသို့ ပြောင်းလဲပါက၊ ၎င်းသည် အဆင့် ၁၁ ဖြစ်ပေလိမ့်မည်။ ဤသည်ကိုတွေး၍ လင်းဇီချန်က ဖန်သားပြင်ပေါ်မှ လေ့ကျင့်မှုပြင်းထန်မှု အဆင့် ၁၁ သို့ ချိန်ညှိကာ လေ့ကျင့်မှုစတင်ရန် နှိပ်လိုက်သည်။ အဆင့် ၁၁ ပြင်းထန်မှုက အလွန်မြင့်မားလှသည်။ သို့သော် ဖြစ်စဥ်တစ်လျှောက် သူက အနည်းအကျဥ်းမျှ မသက်မသာဖြစ်မှုကို မခံစားခဲ့ရဘဲ ယင်းကို အပြည့်အဝ တောင့်ခံနိုင်ခဲ့သည်။
သူသည် သွေးစွမ်းအင်ဆေးလုံးအတွင်း၌ပင် ထိုင်ထလုပ်နိုင်သည့်အလား သူ့အတွက် အလွန်လွယ်ကူလှသည်။ အဆင့် ၁၁ လေ့ကျင့်မှုသည် အားစိုက်ထုတ်မှု မရရှိသောကြောင့် အဆင့် ၁၂ကို စမ်းကြည့်ရန် ဖန်သားပြင်ပေါ်မှ နံပါတ်များကို အဆင့် ၁၂ သို့ ပြောင်းလိုက်သောအခါ ယင်းအထဲရှိ ဖိအားက သိသိသာသာ မြင့်တက်လာသည်။
၎င်းက အဆင့် ၁၁ ထက် ဆယ်ဆ ပိုမို မြင့်မားလှသည်။
လင်းဇီချန်က သူ့စိတ်သူ ပြင်ဆင်ထားခဲ့သော်လည်း ဖိအားက ရုတ်တရက် မြင့်တက်လာသောအခါ သူ့နောက်ကျောတွင် တောင်တစ်လုံးကို သယ်ဆောင်ထားရသည့်အလား ကိုယ်ခန္ဓာက အနည်းငယ်ကိုင်းသွားသည့်အခြေအနေသို့ရောက်သွားသည်။
လင်းဇီချန်၏ မျက်နှာက နာကျင်မှုကြောင့် အနည်းငယ် ရှုံ့မဲ့သွားသည်။
[သင်သည် အလွန်ပြင်းထန်သော သွေးစွမ်းအင်ဖိအားကို ခံနေရပါသည်။ +၇၈+၇၆+၈၁+၈၂+၇၉]
၁ စက္ကန့်၊ ၂ စက္ကန့်၊ ၃ စက္ကန့်… ၃၁ စက္ကန့်။
အရမ်းလေးတယ်၊ ငါဆက်မထိန်းနိုင်တော့ဘူး။
လင်းဇီချန်က ၃၁စက္ကန့်အကြာခံနိုင်ရည်ရှိခဲ့ပြီးသည့်နောက် သူ၏ သွေးကြောများ ပေါက်ကွဲလုနီးပါးခံစားခဲ့ရသဖြင့် ဖန်သားပြင်ပေါ်မှ စစ်ဆေးချက်ကို နှိပ်လိုက်ရုံမှတပါး အခြား ရွေးချယ်စရာမရှိတော့ပေ။ အဆင့် ၁၁ သည် ဖိအားမများလှကာ အဆင့် ၁၂ကိုမူ မိနစ်ဝက်မျှ ခံနိုင်ရည်ရှိခဲ့သည်။
ယေဘုယျအားဖြင့် အတန်ငယ် စိတ်ကျေနပ်စရာပင်ဖြစ်သဖြင့် လင်းဇီချန်က မိမိ၏ ခံန္ဓာကိုယ်ကြံ့ခိုင်မှုကို အလွန် နှစ်သက်လျက်ရှိသည်။ နောက်ဆုံးတွင် သူ၏ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံနဝမအဆင့်သာဖြစ်သော်လည်း သူ့ခန္ဓာကိုယ်၏ စွမ်းအားသည်မူ အထင်ကြီးစဖွယ် အဆင့်မြင့်အဆင့် ၂ သို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့ကြောင့် မကျေနပ်စရာအကြောင်းမရှိပေ။ လင်းဇီချန်က အချိန်မဖြုန်းဘဲ သူ၏ စိတ်ခွန်အားကို စမ်းသပ်ရန် ထိုနည်းအတိုင်းပင် ဝိဉာဥ်ခန်းမထဲသို့ ဝင်ခဲ့သည်။
သူသည် သူ၏ ကိုယ်ခန္ဓာခွန်အားကို အမြဲတစေ ရှင်းလင်းစွာ သိထားခဲ့သည်။ သို့သော် စိတ်ခွန်အားကိုမူ ရေရေရာရာမသိသဖြင့် မည်သည့်အဆင့်တွင်ရှိနေခြင်းဖြစ်ကြောင်း မသေချာပေ။ သူက အဆင့် ၈ ပြင်းထန်မှုမှစတင်၍ တဖြည်းဖြည်းချင်း အဆင့်တစ်ခုစီ တိုးသွားလိုက်သည်။
ဤသို့ဖြင့် သူ၏ စစ်ဆေးချက်ရလဒ်များကို အတည်ပြုခဲ့သည်။
ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့်မြင့်အဆင့် ၃ သို့ နီးစပ်နေသည့် အဆင့်မြင့်အဆင့် ၂၊
စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အဆင့်မြင့်အဆင့် ၁
လင်းဇီချန်က ဤရလဒ်ကို မျှော်လင့်ထားခဲ့ခြင်းပင်ဖြစ်၏။
ကောလိပ်စတင်ပြီးနောက် သူသည် သွေးသန့်စင်ခြင်းနည်းလမ်းကို အပြင်းအထန် လေ့ကျင့်ခဲ့ရာ ကိုယ်ခန္ဓာကြံ့ခိုင်မှုက အလိုအလျောက် မြင့်မားလာခဲ့သည်။ တစ်ဖက်တွင်မူ ကောလိပ်စတင်ကတည်းက သူသည် စာဖတ်ခြင်းနှင့် သင်္ချာပုဒ်စာများ ဖြေရှင်းခြင်းကို လုပ်လေ့လုပ်ထမရှိတော့ပေ။ နောက်ဆုံးတွင်မူ ဆန်းကြယ်သားရဲများ၏ ဝိဉာဥ်စွမ်းအားနှင့်ဆိုင်သော အသားများကို ပိုမို စားသုံးခြင်းဖြင့် ဝိဉာဥ်စွမ်းအင်က မြန်မြန်ဆန်ဆန် တိုးတက်လာမည်ဖြစ်သည်။
ထို့အပြင် အဆင့်မြင့်အဆင့် ၁ သို့ရောက်နေသည့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် အမှန်တကယ်တမ်းတွင် အဆင့်မြင့်အဆင့် ၃ နှင့် နီးစပ်သော ကိုယ်ခန္ဓာကြံ့ခိုင်မှုထက် များစွာ တန်ဖိုးရှိသည်။
အဆင့်မြင့်အဆင့် ပုဂ္ဂိုလ်များစွာတွင် စိတ်စွမ်းအင် အခြခံအဆင့် ၄ ဝန်းကျင်၌ရှိကြရာ ပို၍အထင်ကြီးစဖွယ်ကောင်းသူများက နဝမအဆင့်တွင်ရှိကြသည်။ ပြတ်ပြတ်သားသားပြောရလျှင် အဆင့်မြင့် ပထမအဆင့် စိတ်စွမ်းအင်ရှိရန် အနည်းဆုံး ကိုယ်ခန္ဓာအဆင့် အဆင့်မြင့် အဆင့် ၇တွင်ရှိရမည်ဖြစ်သည်။
…
တစ်ချိန်တည်းမှာပင်
ရှန်ဟိုင်းတက္ကသိုလ် ကျောင်းဝန်းအတွင်း။
ဖြူဖွေးသော မြေခွေးနားရွက်တစ်စုံနှင့် နှင်းဖြူမြေခွေးအမြှီးပါသော ချစ်စဖွယ်မိန်းကလေးက ဧည့်ခန်းတစ်ဝိုက်တွင် အရာအားလုံးကို စူးစိုက်ကြည့်လျက် အေးအေးလူလူ လမ်းလျှောက်နေသည်။
သူမ ဖြတ်သွားရာ နေရာတိုင်းတွင် သူမသည် ပတ်ဝန်းကျင်မှ လူအများ၏ အာရုံစိုက်မှုကို ခံရသည်။
"အဲ့ကောင်မလေးက အရမ်းလှတာပဲ"
"ဒီလို မြင့်မားလှတဲ့ အလှကြောင့် သူက ပါရမီရှင်အတန်းက ရှန်ချင်းဟန်ကိုယှဥ်နိုင်တယ်လို့ ခံစားရတယ်။"
"ထူးဆန်းလိုက်တာ၊ ဘာလို့ ဒီလောက်လှတဲ့ မိန်းကလေးကို တစ်ခါမှ မတွေ့ဖူးသေးတာလဲ"
"ပလပ်စတစ်ဆာဂျရီများ လုပ်ထားတာလား"
“သူ့အမြီးက အရမ်းဖြူပြီး နားရွက်တွေကလည်း ပျော့ပျောင်းနေပုံရတယ်။ ထိကြည့်ရင် အိနေမှာပဲ။ သူ့ ပေါင်းစပ်ထားတဲ့ ဆန်းကြယ်သားရဲ မျိုးဗီဇက တော်တော် ရှားမယ်ထင်ရတယ်”
“ထိပ်တန်းကျောင်းသားကျိုးတောင်မှ ဒါ ဘာ မျိုးဗီဇလဲဆိုတာ မခန့်မှန်းနို်ငဘူး။ ဒါ့ကြောင့် ရှားတဲ့ ဗီဇတစ်ခုခုဖြစ်ရမယ်”
ဖြတ်သွားဖြတ်လာများအားလုံးက မိန်းကလေး၏ မျိုးဗီဇကို သိချင်လွန်းသဖြင့် ဆွေးနွေးနေကြသည်။ ကောင်မလေးသည် ပတ်ဝန်းကျင်ရှိ ဆွေးနွေးချက်များကို ဂရုမစိုက်ဘဲ ကမ္ဘာပေါ်မှ မြက်ပင်တစ်ပင်ချင်းစီကိုပင် ဆန်းကြယ်သည်ဟုထင်နေခဲ့သည်။
လမ်းတစ်လျှောက်တွင် ယောက်ျားလေးများစွာက သူမနှင့် စကားစမြည်ပြောရန် ကြိုးစားကြသည်။
ဤယောက်ျားများစွာက သူမနှင့် စကားပြောရန် ကြိုးစားခဲ့ကြသော်လည်း မိန်းကလေးရှေ့၌ ရပ်လိုက်ိပြီးနောက် တစ်နည်းနည်းဖြင့် ဆွံ့အသွားကြသည်။ စကားတစ်ခွန်းမျှမပြောဘဲ ဆွံ့အနေသော အမူအရာဖြင့် ထွက်သွားကြသည်။ နောက်ဆုံးတွင် လမ်းသွားလမ်းလာများ၏ အကြည့်အောက်၌ မိန်းကလေးက စူပါမားကတ်လေးတစ်ခုထဲသို့ ဝင်သွား၏။
…
“သူဌေး ရှင့်ဆီက စပျစ်သီးတွေ ချိုလား”
စူပါ မားကတ်ရှိ သစ်သီးရောင်းသော ဆိုင်ရှေ့တွင် ရပ်၍ မေးလိုက်သည်။
“ချိုပါတယ်။ မချိုရင် ကျွန်မ မရောင်းဘူးနော်” အမျိုးသမီးသူဌေးက စိတ်အားထက်သန်စွာ ပြောသည်။
“ဒါဆို စိတ်မရှိပါနဲ့နော်။ ကျွန်မက ချဥ်တဲ့ စပျစ်သီးတွေ ပိုကြိုက်လို့ပါ”
သူ့စကားပြီးသောအခါ မိန်းကလေးက သူဌေးနောက်ကွယ်မှ မက်မွန်သီးများကိုကြည့်၍ ပြောလိုက်သည်။
“သူဌေး မက်မွန်သီးတွေရော ချိုလား”
သူဌေးက ပြုံး၍ ချိုသာစွာပြန်ဖြေသည်။
“အရသာက အချဥ်နဲ့ အချိုနဲ့ ရောနေတာပါ မိန်းကလေးအကြိုက်ပဲ။ နည်းနည်း မြည်းကြည့်မလား”
မိန်းကလေးက ခေါင်းခါလိုက်သည်။
“မမြည်းတော့ပါဘူး ကျေးဇူးပါ။ ကျွန်မက မက်မွန်သီးတွေ ချိုမှကြိုက်တာမို့ပါ”
“မိန်းကလေးက ထူးခြားတဲ့ အကြိုက်ရှိတာပဲ” အမျိုးသမီးသူဌေး၏ နှုတ်ခမ်းများက သိသိသာသာ လှုပ်သွားသည်။
ခဏအကြာတွင် မိန်းကလေးက တင်းကုပ်အောက်မှ မရမ်းသီးများကို လက်ညှိုးထိုးပြကာ ရွှတ်နောက်နောက် အသံဖြင့် ပြောလိုက်သည်။
“သူဌေး ဒီ မရမ်းသီးတွေက ချိုလား”
သူဌေး၏ စိတ်အားထက်သန်မှုပျောက်ကွယ်သွားပြီးနောက် အပြုံးလည်းပျောက်ကွယ်သွားသည်။
“ဒီ မရမ်းသီးတွေက အချိုရောအချဥ်ရောရှိတယ်။ မိန်းကလေးကြိုက်တဲ့အရသာ ရှာလို့ရတယ်။ နည်းနည်းလိုချင်လား”
ကောင်မလေးက လက်ကို ဝှေ့ယမ်းလိုက်သည်။
“ကျွန်မ မရမ်းသီးစားရတာ မကြိုက်ပါဘူး ဒီတိုင်းမေးကြည့်တာပါ”
သူဌေး၏ မျက်နှာထက်မှ စိတ်ဆင်းရဲမှုက ချက်ချင်းသိသိသာသာ ပေါ်လွင်လာသည်။
‘အဲ့တာနဲ့ စိတ်ဆိုးသွားတာလား’
‘စိတ်တိုလွယ်တာပဲ’
‘ဘယ်လောက်တောင်စူပုတ်…’
စနောက်ရသည်ကို စိတ်မဝင်စားတော့သည့် မိန်းကလေးက သေးသွယ်သိမ်မွေ့သော လက်ကို ဆန့်ထုတ်ကာ ငှက်ပျောသီးကြီးတစ်ခိုင်ကို မယူလျက် ချိန်ခွင်ပေါ်သို့ တင်ကာ တောက်ပစွာပြုံးလိုက်သည်။
“သူဌေး ဘယ်လောက်လဲ”
“ဆယ့်ရှစ်ယွမ်” အမျိုးသမီးသူဌေးက ချိန်စက်ပေါ်ရှိ အလေးချိန်ကို ငုံ့ကြည့်ကာ ရွှင်မြူးခြင်းမရှိသောမျက်နှာဖြင့် ပြောလိုက်သည်။
မိန်းကလေးက ငွေစက္ကူကို မှော်ဆရာတစ်ယောက်ကဲ့သို့ မည်သည့်နေရာကမှန်းမသိ ထုတ်ယူကာ ချစ်စဖွယ်ကောင်းသော အပြုံးဖြင့် သူဌေးကို ပေးလိုက်သည်။
“ပြန်အမ်းငွေကို ယူထားလိုက်ပါ”
ထိုငွေသည် နတ်ဆေးပင်ဂိုဏ်းမှ နတ်သံတမန်တစ်ဦးဆီမှဖြစ်သည်။ သူမကို သုံးရန် ပိုက်ဆံပေးလိုက်ရုံသာမက ယေဘုယျဗဟုသုတများစွာကိုလည်း စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ကာ ဤကမ္ဘာကြီး၏ လူ့အသိုင်းအဝိုင်းတွင် လိုက်လျောညီထွေဖြစ်စေခဲ့သည်။
“သဘောထားကြီးတဲ့ မိန်းကလေးပဲ”
အမျိုးသမီးသူဌေးက ယွမ်တစ်ရာတန်စက္ကူကို အလွန် တောက်ပသော အပြုံးဖြင့် လက်ခံယူကာ ကောင်မလေးအပေါ်သို့ မကျေနပ်မှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ဤသည်က ကျောင်းဝန်းအတွင်းတွင် စျေးရောင်းခြင်း၏ ကောင်းချီးတစ်ခုပင်ဖြစ်သည်။
ပိုက်ဆံကို ဖုန်များကဲ့သို့ တစ်က္ကန့်မျှ မတွေးဘဲ ဖြုန်းတီးနေသည့် ချမ်းသာ၍ ရက်ရောသော ကျျောင်းသားများကို မကြာခဏ ကြုံတွေ့ရသည်။
“သူဌေး ကျုံးယွမ်အဆောက်အဦး နံပါတ် ၈ က ဘယ်မှာလဲ"
မိန်းကလေးက ခပ်တိုးတိုးမေးကာ ငှက်ပြောသီးကို ဆက်စားလိုက်သည်။ အသံက အလွန် ချိုမြလွန်းသောကြောင့် လူ့အရိုးများ အရည်ပျော်သွားနိုင်သည်။
အမျိုးသမီး သူဌေးက ပြုံးလိုက်သည်။
“ဒီကနေထွက်ရင် ဘယ်ဘက်ကိုကွေ့ပြီး မီတာတစ်ရာလောက် လမ်းလျှောက်လိုက်ရင် ကော်ဖီဆိုင်ကို တွေ့လိမ့်မယ်။ ကော်ဖီဆိုင်နဲ့ မျက်နှာချင်းဆိုင်က အဆောက်အဦးက ကျုံးယွမ်အဆောက်အဦး နံပါတ် ၈ ပဲ”
တည်နေရာကိုသိပြီးနောက် မိန်းကလေးက စူပါမားကတ်မှ ထွက်လာခဲ့သည်။ ကောင်မလေး အဝေးသို့ ရောက်သွားသောအခါ ဆိုင်ရှင်က စပ်စုချင်စိတ်များဖြစ်ပေါ်လာသည်။
‘ဘာလို့လဲ’
‘ဘာလို့ ကျုံးယွမ်အဆောက်အဦး နံပါတ် ၈ က ဘယ်မှာရှိလဲ သူမသိဘူးလား’
‘ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသူတစ်ယောက်မဟုတ်ဘူးပေါ့’
‘ကျောင်းဝင်းထဲအလယ်လာတဲ့ ကျောင်းခေါင်းဆောင်ရဲ့ အမျိုးပဲဖြစ်ရမယ်…’
သူဌေးက စိတ်ထဲမှ တွေးလိုက်၏။
…
ကျုံးယွမ်အဆောက်အဦ အမှတ် ၈။
အခန်း ၆၀၃။
ကောင်မလေးသည် အိပ်ဆောင်တံခါးရှေ့တွင် ရပ်နေကာ အတွင်းပိုင်းကို အာရုံခံနိုင်ရန် သူမ၏ ဝိဉာဥ်စွမ်းအားများကို အသုံးပြုလိုက်သော်လည်း အခန်းတွင်း၌ မည်သူမျှ မရှိပေ။
‘သူတို့ ဘယ်မှာများ ရှိနေလဲ’
‘သန့်စင်လူသားဌာနမှာများရှိလား’
ထိုအတွေးဖြင့် ကောင်မလေးသည် စင်္ကြံပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လာသည်။
ထို့နောက် သူမက ကျောင်းဝင်လမ်းဆီသို့ ဦးတည်သွား၍ လမ်းသွားလမ်းလာတစ်ဦးကို ပြောလိုက်သည်။
“ခွင့်ပြုပါ သန့်စင်လူသား ဌာနက ဘယ်မှာလဲဆိုတာ ပြောပေးလို့ရမလား”
“အဲ့တာ ဟိုနားမှာ မီတာ ငါးရာလောက် တည့်တည့်လျှောက်သွားပြီးရင် ဉာဘက်ကို ကွေ့လိုက်…”
ကောင်လေးက ကောင်မလေးကို လမ်းညွှမ်ပြလျက် ခပ်တိုးတိုးပြောလိုက်သည်။ မိန်းကလေးက အလွန်အမင်းလှပသောကြောင့် သူမနှင့် စကားပြောရသည်မှာ ဖိအားအတန်ငယ်များသည်။
….
အချိန်ခပ်ကြာကြာ မပေးလိုက်ရခင်၌ မိန်းကလေးက သန့်စင်လူသားဌာနကို ရှာတွေ့ခဲ့သည်။ သူမက ဝင်ပေါက်တွင် မတ်တပ်ရပ်၍ ဝိဉာဥ်စွမ်းအားကို သုံးကာ ဧရိယာကို အာရုံခံလိုက်သည်။
ထို့နောက် သူမ၏ နူးညံ့သော မျက်ခုံးမွှေး အနည်းငယ် ကော့သွားသည်။
မရှိဘူးလား။
သူ ဘယ်ရောက်သွားတာလဲ။
အဲ့လူက အဆောင်နဲ့ တက္ကသိုလ်ကြား နေ့တိုင်း အသွားအပြန်ပဲလုပ်နေတာလို့ ရှင်းရှင်းလင်းလင်းပြောလိုက်ပါတယ်။
အထဲက တစ်ယောက်ယောက်ကို မေးရမယ်…။
ထိုအတွေးဖြင့် မိန်းကလေးက သုတေသနဌာနသို့ အေးဆေးသော အရှိန်အဟုန်ဖြင့် လျှောက်သွားကာ သုတေသနတွင် စိတ်နှစ်ထားသည့် စုန်ယွီယန်ထံသို့ တိတ်တဆိတ်ချဥ်းကပ်ကာပြောလိုက်သည်။
“ခွင့်ပြုပါ လင်းဇီချန်ဘယ်မှာလဲဆိုတာ အစ်မသိလား”
သူမက ချက်ချင်း ထရပ်ကာ မရင်းနှီးသော မိန်းကလေးကို စိုက်ကြည့်ကာ သံသယစိတ်ဖြင့် မေးလိုက်သည်။
“မင်းဘယ်သူလဲ”
“ဒီကို ဘယ်လိုရောက်လာတာလဲ”
“ဘယ်သူက ဒီကို ဝင်ခွင့်ပြုလို့လဲ”
စုန်ယွီယန်က အလွန်စိတ်လှုပ်ရှားနေကာ မိမိကိုယ်မိမိကာကွယ်ရန် အဆင်သင့်ဖြစ်နေ၏။
သူမသည် သွေးမျိုးဆက်စွမ်းအားအဆင့် အခြေခံ နဝမအဆင့်၌ရှိသူတစ်ဦးအနေဖြင့် နောက်ကွယ်မှ ကောင်မလေး ချဥ်းကပ်လာသည်ကို လုံးဝ သတိမထားမိသဖြင့် ကြောက်ရွံ့ထိတ်လန့်နေခြင်းဖြစ်သည်။
သူမ၏ စိတ်မတည်မငြိမ်ဖြစ်မှုကို ကြည့်ကာ မိန်းကလေးက သာမန်စကားပြောဆိုရန်စိတ်မဝင်စားတော့ပေ။ သူမ၏ မျက်လုံးများမှထူးဆန်းသော ခရမ်းရောင်အလင်းတန်းများလင်းလက်လာသည်။ တစ်ခဏချင်း၌ပင် စုန်ယွီယန်၏ အသိစိတ်ကို သူမ ထိန်းချုပ်နိုင်ခဲ့၏။
ထို့နောက် သူမက ညင်သာစွာမေးလိုက်သည်။
“လင်းဇီချန်ဘယ်မှာလဲ”
“သူ နန်းကျန်းပြည်နယ် စစ်ဒေသဌာနချုပ်မှာရှိတယ်” စုန်ယွီယန်က ခပ်တိုးတိုးပြန်ပြောသည်။
“နန်ကျန်းပြည်နယ်စစ်ဒေသဌာနချုပ်က ဘယ်မှာလဲ”
“ကျွန်မမသိပါဘူး”
“ဘယ်သူသိနိုင်လဲ”
“ဌာနမှူး သိနိုင်တယ်”
"ဌာနမှူးက ဘယ်သူလဲ၊ သူ့ကို ဘယ်မှာရှာရမလဲ"
“ဌာနမှူးက သူ့အရင်မိန်းမနဲ့ ပျော်ပါးနေတာဆိုတော့ သုတေသနဌာနကို ဒီနေ့ညသို့မဟုတ် မနက်ဖြန်မနက်မှ ပြန်ရောက်လိမ့်မယ်”
"ကောင်းပြီ၊ ငါဒီညပြီးမှ ပြန်လာမယ်"
ဤသို့ပြော၍ မိန်းကလေးက အလျင်အမြန်ပြေးကာ သုတေသနဌာနမှ ထွက်ခွာသွားခဲ့သည်။ သူမ ထွက်သွားသောအခိုက်၌ စုန်ယွီယန်သည် မိန်းကလေး၏ ထိန်းချုပ်မှုကို ခံရပြီးနောက် တဖြည်းဖြည်း သတိ ပြန်လည် ရရှိလာခဲ့သည်။
“ငါ ဘာဖြစ်သွားတာလဲ”
အံ့သြနေသော မျက်နှာဖြင့် စုန်ယွီယန်က ပတ်ဝန်းကျင်ကို ကြည့်၍ ဖြစ်ပျက်ခဲ့သမျှကို မမှတ်မိနိုင်တော့ပေ။
…