အပိုင်း ၂၅၆-၂၅၈
Vol. 18 Ch. 256-258
အခန်း (၂၅၆) အဖွဲ့ဝင်အားလုံးကဂမ္ဘီရသစ်ပင်ဂိုဏ်းကိုဝိုင်းခြင်း
အချိန်က လျင်မြန်စွာ ကုန်ဆုံးနေသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ဆယ်ရက်တာ ကုန်ဆုံးသွားသည်။
ညနေခင်းငါးနာရီ လက်နက်ခန်းထဲတွင် ဖြစ်၏။ အားလုံးသည် လေ့ကျင့်ရေးပြီးသွားကြသောကြောင့် နံရံများကိုမှီသူကမှီ၊ ကြမ်းပြင်ပေါ်တွင် ထိုင်သူကထိုင်ဖြင့် အနားယူနေကြသည်။ လင်းဇီချန်ကမူ ပြတင်းပေါက်နားတွင် တစ်ယောက်တည်းထိုင်ကာ တိတ်ဆိတ်စွာဖြင့် သွေးသန့်စင်ခြင်းကျင့်စဉ်ကို တိတ်တဆိတ်လေ့ကျင့်နေသည်။ မိနစ်အနည်းငယ်မျှကြာပြီးနောက်တွင် ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကာ လေကိုရှုထုတ်လိုက်သည်။ ထို့နောက်တွင် အတွေးတစ်ချက်ဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းလုပ်ငန်းစဉ်ကို ဘားကိုခေါ်ကာ လုပ်ငန်းစဉ်ကို စစ်ဆေးကြည့်လိုက်သည်။
(စတုတ္ထအကြိမ်အရေပြားသန့်စင်ခြင်း - ၁၀၀%)
(စတုတ္ထအကြိမ် အသားသန့်စင်ခြင်း - ၂၆%)
(စတုတ္ထအကြိမ်အရိုးသန့်စင်ခြင်း - ၀%)
ဆယ်ရက်အတွင်းတွင် ခန္ဓာကိုယ်သန့်စင်ခြင်းသည် (၁၂)ရာခိုင်နှုန်းပြီးသွားသည်။ ခန္ဓာကိုယ်သန့်စင်နိုင်စွမ်းက အတန်ငယ်မြင့်နေလေပြီ။ ယခင်တတိယအကြိမ်မြောက်ထက်ပင် မြင့်နေသေး၏။ အဆင့်မြင့်ပြန်လည်သက်ဝင်ဆေးလုံးကျေးဇူးကြောင့်ပင် ဖြစ်လေသည်။
အရင်းအမြစ်များရှိလျှင် ခြားနားချက်ရှိသည်ဟု ပြောကြပေသည်။ ယခုတွင်မူ လက်ဝက်အတွင်းတွင်းတွင် ကျောင်းပြန်ဖွင့်တော့မည်ဖြစ်သည်။ လုံ့လနည်းနည်းစိုက်ထုတ်ယုံဖြင့် ကျောင်းမဖွင့်ခင်တွင် ခန္ဓာကိုယ်သန့်စင်ခြင်းစတုတ္ထအကြိမ်မြောက်ကို ပြီးမည်ဟု ခံစားနေရသည်။ ထို့နောက်တွင် ဒုတိယနှစ်မတိုင်ခင်တွင် ပဥ္ဇမအကြိမ်မြောက်ခန္ဓာကိုယ်သန့်စင်ခြင်းကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အမှန်တွင် အလျင်မလိုပေ။ သို့သော်လည်း စီစဉ်ထားသည့်အတိုင်း တစ်ဆင့်ချင်းသွားနေခြင်းသာ ဖြစ်သည်။ လက်ရှိအားထုတ်မှုနှင့်ဆိုလျှင် ဒုတိယနှစ်စမတက်ခင်တွင် ပဥ္ဇမအကြိမ်မြောက်ခန္ဓာကို ယ်သန့်စင်ခြင်းကိုလုပ်ဆောင်နိုင်ပေမည်။ ထိုအကြောင်းကိုစဉ်းစားမိပြီး လင်းဇီချန်ပြုံးလိုက်မိသည်။
''ရှောင်ချန် နင်တော်တော်ချွေးထွက်နေပြီ။ ရေဓာတ်ပြည့်အောင် ရေသောက်လိုက်ဦး။''
ရှန်ချင်းဟန်က ရေဘူးတစ်ဘူးဖြင့်ရောက်လာပြီး လင်းဇီချန်ကို ပေးလိုက်သည်။
''အင်း။''
လင်းဇီချန်က ရေဘူးကိုယူ၍ မော့သောက်လိုက်သည်။ ရှန်ချင်းဟန်သည် တစ်ရှူးတစ်စကိုထုတ်၍ သူ၏မျက်နှာမှ ချွေးများကို သုတ်ပေးလိုက်သည်။ အများမြင်ကွင်းတွင် ကြင်နာပြခြင်းကြောင့် ဘေးနားမှကောင်လေးများ မနာလိုဖြစ်သွားကြသည်။ ထိုသို့စဉ်းစားပေးတတ်သောကောင်မလေးရှိလျှင်ကောင်းမည်ဟု ဆုတောင်းနေကြသည်။ သို့သော်လည်း စဉ်းစားပေးတတ်သည်က တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ရှန်ချင်းဟန်ကဲ့သို့ လှပသောကောင်မလေးမျိုးကိုလိုချင်နေခြင်းသာ ဖြစ်၏။
''အားလုံး ဒီကိုလာကြ။ မူလမြေနဲ့ပက်သက်ပြီး အတိုချုံးရှင်းပြမယ်။ မနက်ဖြန်ကျရင် အပြင်ထွက်ပြီး လေ့ကျင့်ရေးဆင်းတာနဲ့ပက်သက်ပြီး အချက်အလက်တွေကိုလည်း ပြောပြမယ်။''
လုထျန်းရုန်က စင်မြင့်ပေါ်မှနေ၍ လူအုပ်ကို အော်ပြောလိုက်သည်။ လင်းဇီချန်တစ်ယောက် မျက်လုံးအရောင်လက်သွားသည်။ စစ်တပ်နယ်မြေတွင် နေ့ရက်ပေါင််းများစွာ ဖြတ်သန်းပြီးမှ စောင့်မျှော်နေသောအချိန်သို့ ရောက်နိုင်ခဲ့လေပြီ။ အမြန်ပင် ထကာ ရှန်ချင်းဟန်နှင့်အတူ သိုင်းစင်မြင့်နားသို့ ချည်းကပ်သွားသည်။ ခဏတွင်းပင် စင်မြင့်နား၌ လူများပြည့်သွား၏။
အုပ်စုသည် စင်အောက်တွင် စုရပ်နေကြကာ လုထျန်းရုန်းက မူလမြေနှင့်ပက်သက်ပြီး ရှင်းပြမည်ကို စောင့်နေကြလေသည်။
အားလုံးရောက်သည်ကို မြင်သောအခါတွင် လုထျန်းရုန်လည်း အချိန်မဖြုန်းတော့ပေ။ ချက်ချင်းပင် ဖုန်းကိုထုတ်ယူလိုက်ပြီး စင်မြင့်ထက်မှ ဖန်သားမျက်နှာပြင်အကြီးကိုဖွင့်လိုက်သည်။ ဖုန်းကို အနည်းငယ်နှိပ်ပြီးနောက်တွင် ဖန်သားမျက်နှာပြင်ကြီးပေါ်၌ ဗီဒီယိုတစ်ခုကို ပြပေးသည်။ မူလမြေနှင့်ပက်သက်သောဗီဒီယိုပင် ဖြစ်၏။
လင်းဇီချန်က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။ ညွှန်ကြားသူက ပါးစပ်ဖြင့်ရှင်းပြမည်ဟုထင်သော်လည်း အမှန်တွင်ဗီဒီယိုပြသခြင်း ဖြစ်နေ၏။
မိမိမျှော်လင့်ထားသည့်အထက် အနည်းငယ်မျှ လက်တွေ့ဆန်နေသည်။ သူသည် လုပ်ငန်းစဉ်ဘားကိုကြည့်လိုက်သည်။ ဗီဒီယိုက ငါးမိနစ်ထက်ပိုမကြာပေ။ ရိုးရှင်းသောမိတ်ဆက်လောက်သာဖြစ်သည်။ မကြာခင်ပင် ဗီဒီယိုကို စပြသည်။ လင်းဇီချန်က စိတ်ဝင်တစားဖြင့်ကြည့်ကာ တစ်ချက်မျှပင် အလွတ်မခ့ပေ။
(ပထမတစ်ပိုင်းသည် မူလမြေဆိုဘာလဲ။)
မူလမြေ၏ပတ်ဝန်းကျင်သည် ကမ္ဘာမြေကြီးနှင့်ဆင်တူသည်။
တိရစ္ဆာန်များ၊အပင်များ၊တောင်များ၊ ပင်လယ်များ၊နေနှင့်လတို့ရှိသည်။ ခြားနားချက်မှာ မူလမြေမှအရင်းအမြစ်များက ကမ္ဘာမြေထက် ပို၍ပေါများကြွယ်ဝနေခြင်းပင်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲနိုင်သည့် တန်ဖိုးကြီးသဘာဝအရင်းအမြစ်များလည်းရှိသည်။ ထိုအရာများ အဆင့်မြင့်သက်ရှိဘဝဖြစ်အောင် အဆင့်မြင့်ပေးနိုင်သည်။ ရလဒ်အနေဖြင့်မူ မူလမြေမှ အပင်နှင့်သက်ရှိများသည် အရွယ်အစားပိုကြီးကာ ပို၍ထူးဆန်းသောပုံပန်းသွင်ပြင်ရှိကြသည်။ ဇာတ်ကားများထဲမှစိတ်ကူးယဉ်ဇာတ်ကောင်များနှင့် တူသည်။ မူလမြေမှ နေနှင့်လသည်လည်း ကမ္ဘာပေါ်မှနေနှင့်လနှင့် အနည်းငယ်မျှကွာခြားသည်။ အရောင်အားဖြင့် မတူပေ။ မူလမြေမှ နေနှင့်လသည် ပို၍နီနေကာ ကြက်သွေးရောင်ဘက်သွားသည်။
ပြသထားသည်မှာ မူလမြေမှ အရင်းအမြစ်ပေါကြွယ်ဝမှုသည် နေနှင့်လနှင့်သက်ဆိုင်ကြောင်းကို ပြသထားသည်။ ပထမပိုင်းကို ကြည့်ပြီးနောက်တွင် လင်းဇီချန်သည် မူလမြေအကြောင်းကို အခြေခံမျှနားလည်သွားသည်။ မူလမြေသည် ကမ္ဘာမြေ၏အခြားသောဗားရှင်းတစ်မျိုးသာ ဖြစ်သည်။ အရင်းအမြစ်များ ပို၍ပေါပြီး အသက်ဓာတ်ပုံစံက ပို၍အားပြင်းသည်။
(ဒုတိယပိုင်းမှာ မူလမြေသည် လူသားမျိုးနွယ်အတွက် ကောင်းချီးပေလော မဟုတ်လျှင် လူသားမျိုးနွယ်အတွက်ကျိန်စာပေလော။)
ယခုတွင် မူလမြေသည် ကောင်းချီးဆိုသည်ထက် ကျိန်စာနှင့်ပိုတူနေသည်။ ကျိန်စာဟုဆိုရခြင်းမှာ မူလမြေထဲမှ ဉာဏ်ကောင်းသောသက်ရှိများက ကမ္ဘာမြေပေါ်သို့ကျူးကျော်ရန် ကြိုးစားနေကြသောကြောင့်ဖြစ်၏။
မူလမြေမှဉာဏ်ကောင်းသောသက်ရှိဆိုသည်မှာ လူသားဆန်သောဆန်းကြယ်သားရဲမျိုးစုံဖြစ်ကာ သားရဲလူသားများကို ဆိုလိုခြင်းဖြစ်သည်။ သားရဲလူသားများသည် လောဟာနယ်ပုံစံအထူးသစ်ပင်များ၏ အမြစ်စနစ်ကိုအသုံးချ၍ ကမ္ဘာနှစ်ခုကြား၌ လမ်းကြောင်းအဖြစ်ဖန်တီးကာ ကျူးကျော်လာကြခြင်းဖြစ်သည်။ ထို့နောက်တွင် ကမ္ဘာမြေမှသို့ဝင်ပြီး တစ်ဖက်သက်ကျူးကျော်ခြင်းကို လုပ်ဆောင်မည်ဖြစ်သည်။ ဆိုရမည်ဆိုလျှင် ကမ္ဘာမြေပေါ်၌ သိထားသော အတွင်းကမ္ဘာလမ်းကြောင်း (၄၄) ခုရှိသည်။ ရှန်ဟိုင်းမြို့တည်ရှိသည့် ကျိုကျုံးတိုင်းပြည်တွင် ကိုးခုရှိနေသည်။ မြို့တော်ပေကျင်း၊ နန်ကျန်း၊ တကျန်းနှင့် ကောင်းဟယ်ပြည်နယ်များတွင် ပြန့်ကျဲနေခြင်းဖြစ်သည်။ ကျိန်စာအကြောင်းပြောပြီးဆိုလျှင် ကောင်းချီးအကြောင်း ပြောရပေမည်။
ကောင်းချီးကမူ ရိုးရှင်းပေးသည်။ လူသားမျိုးနွယ်စုသည် အတွင်းကမ္ဘာလမ်းကြောင်းကိုသုံး၍ မူလမြေထဲသို့ဝင်ကာ အဆင့်မြင့်သက်ရှိအဖြစ် ပြောင်းလဲရန်အတွက် ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို ရယူနိုင်ပေသည်။
(တတိယအပိုင်းကမူ လူသားမျိုးနွယ်စုလက်ရှိအခြေအနေကဘာလဲ။)
ကံမကောင်းစွာဖြင့် လူသားမျိုးနွယ်၏လက်ရှိအခြေအနေသည် ကောင်းမနေပေ။ အတွင်းပိုင်း၌ ခိုက်ရန်ဖြစ်ကာ အပြင်ပိုင်းက ခြိမ်းခြောက်ခံနေရသည်။ အတွင်းတွင် သစ္စာဖောက်လူသားများရှိပြီး မူလမြေမှသက်ရှိများဖြင့်ပေါင်း၍ အပေးအယူလုပ်နေကြသည်။ ထိုသို့လုပ်ရခြင်းအကြောင်းမှာ လူသားမျိုးနွယ်နှင့် မူလမြေမှသက်ရှိများကြား၍ ကွာဟချက်ကကြီးမားလှကာ တစ်ဖက်သတ်ဆန်သောကြောင့်ပင်ဖြစ်သည်။
အကြောင်းအရာမှာ လူသားမျိုးနွယ်သည် ယခုအချိန်အထိ အသက်ရှင်နေသည်မှာ ကာကွယ်နိုင်သောစက်ပစ္စည်းများ၏အကာအကွယ်ကို ကျေးဇူးတင်ရမည်။ ဖိနှိပ်မှုများအောက်တွင် ကမ္ဘာမြေသို့ရောက်လာသောမူလမြေမှသက်ရှိများမှာ လျှော့ချနေပြီဖြစ်သည်။ ပို၍အားကောင်းသောသက်ရှိဖြစ်လေလေ ပို၍လျှော့ချနိုင်လာလေလေဖြစ်၏။
ဆန့်ကျင်ဘက်အနေဖြင့်မူ လူသားမျိုးနွယ်က မူလမြေထဲသို့ ဝင်သွားသောအခါတွင််၎င်းတို့ခံစားရသည့်ဖိနှိပ်မှုက အနည်းအကျဉ်းမျှသာဖြစ်သည်။ ထို့အပြင် အားကောင်းသောသူဖြစ်လေလေ ကြုံတွေ့ရသောဖိနှိပ်မှုက ပို၍နည်းလေလေ ဖြစ်လေ၏။
အခန်း (၂၅၇) အဖွဲ့ဝင်အားလုံးကဂမ္ဘီရသစ်ပင်ဂိုဏ်းကိုဝိုင်းခြင်း (၂)
သို့သော်လည်း သတင်းဆိုးရှိသည်။ မူလမြေမှ သက်ရှိများပေါ်တွင် သက်ရောက်သော ကမ္ဘာနယ်စပ်မျဉ်းဖိအားသည် အားနည်းသည်ထက် နည်းလာပြီဖြစ်သည်။ နှစ်စဉ် လျော့နည်းလာသည်။ အချိန်တစ်ခုရောက်လာလျှင် ဖိနှိပ်သည့်အားက လုံးဝပျောက်သွားမည်ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် လူနည်းစုအချို့က လူသားမျိုးနွယ်စုအတွက် အနာဂတ်မျှော်လင့်ချက်မရှိတော့ဟု ထင်သောကြောင့် သစ္စာဖောက်လုပ်ရန် ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။
(အပိုင်းလေးသည်မူ - လူသားမျိုးနွယ်စုက မိမိဘာသာ ကယ်တင်ကြမည်လော။)
လက်ရှိတွင်လူသားမျိုးနွယ်စုကို ကယ်တင်ပေးနိုင်သောအဓိကအကြေောင်းအရာသုံးရပ်သည် အောက်ပါသုံးခုသာဖြစ်၏။ ပထမတစ်ခုသည် သွေးမျိုးဆက်လမ်းကြောင်းဝင်ပေါက်များကို ထိန်းချုပ်ပြီး နှစ်ဖက်လုံးတွင် ကင်းစခန်းများ တည်ဆောက်ကာ မူလမြေမှသက်ရှိများ ဝင်လာမည်ကို တားဆီးရန်ဖြစ်သည်။ ဒုတိယအနေဖြင့် မူလမြေကိုဝင်၍ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များရှာကာ မိမိဘာသာ အားကောင်းစေရန် ဖြစ်သည်။ တတိယအနေဖြင့် ကမ္ဘာမြေပေါ်မှ လူသားမျိုးနွယ်သစ္စာဖောက်များနှင့် ဆန်းကြယ်သားရဲများကို ရှင်းလင်းရန်ဖြစ်သည်။ ထိုဗျူဟာသုံးမျိုးသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်တွင် လွန်စွာခက်ခဲလှသည်။ နှစ်စဉ်ှစ်တိုင်းပင် များပြားလှသောလူအရေအတွက်ကို စွန့်လွှတ်ပေးဆပ်ထားရသည်။
မိမိတို့ဘာသာ စတေးခဲ့ကြသောသူရဲကောင်းများသည် နောင်လူသားမျိုးနွယ်အနာဂတ်အတွက် ဖြစ်သည်။ (၅၅) ရာခိုင်နှုန်းက ဆင့်ကဲပြောင်းလဲသူများဖြစ်သည်။ (၁၁) ရာခိုင်နှုန်းက စက်ပြုပြင်လူသားများဖြစ်သည်။ (၃၄) ရာခိုင်နှုန်းက ဥပဒေသက်ရောက်ရေးအရာရှိများနှင့် စစ်သားများ ဖြစ်ကြသောသာမန်လူသားများဖြစ်သည်။ ထိုသူရဲကောင်းများကြားတွင် ဆင့်ကဲပြောင်းလဲသူအရေအတွက်က များနေရသည့်အကြောင်းရင်းမှာ ဆင့်ကဲပြောင်းလဲသူများ၏တိုက်ပွဲမြေပြင်သည် မူလမြေတွင် အဖြစ်များနေသောကြောင့်ဖြစ်သည်။ မူလမြေ၌ အသက်ရှင်နိုင်သောအခြေအနေများသည် လွန်စွာခက်ထန်ကြမ်းတမ်းလှပြီး မစ်ရှင်များတွင် သေကြေဒဏ်ရာရသူအရေအတွက်လည်း လွန်စွာမြင့်သည်။
ကမ္ဘာမြေပေါ်တွင် လူသားများ အေးချမ်းစွာ နေနေနိုင်သည့်အကြောင်းရင်းသည် ဆင့်ကဲပြောင်းလဲသူများက မူလမြေတွင် လေးလံသောတာဝန်ကြီးများကို ထမ်းပိုးထားရသောကြောင့်ဟု ဆိုနိုင်သည်။ ထို့ကြောင့်ပင်လျှင် ကမ္ဘာမြေပေါ်၌ ဆင့်ကဲပြောင်းလဲသူများက အဆင့်အတန်းမြင့်နေရခြင်းဖြစ်သည်။ အမှန်တွင် အားကောင်းခြင်းကလည်း အကြောင်းရင်းများထဲမှတစ်ခုဖြစ်သည်။ ထိုသို့ဖြင့် မူလမြေနှင့်ပက်သက်သည့်ပညာပေးဗီဒီယိုက ထိုမျှဖြင့် ပြီးသွားသည်။ ကြည့်ပြီးနောက်တွင် လင်းဇီချန်သည် ကမ္ဘာသစ်တစ်ခုဆီသို့ တံခါးတစ်ချပ်ဆွဲဖွင့်မိလိုက်သည်ဟု ခံစားမိကာ မူလမြေနှင့်ပက်သက်ပြီး စပ်စုချင်နေမိသည်။ ကံမကောင်းစွာဖြင့် ပညာပေးဗီဒီယိုက တိုသောကြောင့် ငါးမိနစ်ပင် မကြာပေ။
''ကောင်းပြီ။ ဗီဒီယိုကတော့ ဒီမှာပြီးပြီ။''
လုထျန်းရုန်က သိုင်းစင်မြင့်ထက်မှ ဖန်သားမျက်နှာပြင်ကြီးကို ပိတ်လိုက်ပြီး ပရိတ်သတ်ကိုကြည့်၍ ပြောလိုက်သည်။
''မေးစရာရှိရင် အခု စိတ်ကြိုက်မေးလို့ရတယ်။''
ပြော၍မဆုံးခင်တွင်ပင် လင်းဇီချန်က လက်ထောင်ကာ မေးခွန်းမေးလိုက်သည်။ ကံမကောင်းစွာဖြင့် လင်းဇီချန်က ခြေတစ်လှမ်းနောက်ကျသွားကာ ကျန်းခိုင်ဖြင့် ကွယ်နေသည်။ ကျန်းခိုင်က မေးလိုက်သည်။
''ဆရာလု အဲ့ပုံတွေက မူလမြေထဲမှာ ရိုက်ထားတာလား။ ဒီပညာပေးဗီဒီယိုကို ဘယ်လိုလုပ်ထားတာလဲ။''
လုထျန်းရုန်က ပြန်ဖြေလိုက်သည်။
''မူလမြေဗီဒီယိုက ရိုက်ထားတာမဟုတ်ဘူး။ အဲက ပုံတွေက သုံးဘက်မြင်ပုံစံနည်းပညာသုံးပြီး ကွန်ပျူတာနဲ့ ဖန်တီးထားတာတွေ။''
''သိပြီ။''
ကျန်းခိုင်က ခေါင်းညိတ်ပြလိုက်သည်။ ကျန်းခိုင်ပြောပြီးနောက်တွင် လင်းဇီချန်က ချက်ချင်းပင် လက်မြှောက်ကာ မေးလိုက်သည်။
''ဆရာလု မူလမြေထဲမှာ ဘယ်လိုမျိုး ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေကို တွေ့နိုင်လဲ။''
လုထျန်းရုန်က ပြန်ဖြေလိုက်သည်။
''ဆန်းကြယ်ပန်းပွင့်နဲ့အသီးတွေ၊ ဆန်းကြယ်သားရဲသားတွေ၊ သားရဲအမြုတေတွေ၊ စွမ်းအင်အမြုတေတွေနဲ့ စသဖြင့်ပေါ့။''
''သားရဲအမြုတေလား။''
ဇီချန်သည် ထိုအသုံးအနှုန်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ယခင်က မိမိဖတ်ခဲ့ဖူးသောစာအုပ်များထဲတွင် ထိုအသုံးအနှုန်းကို မတွေ့ခဲ့ဖူးပေ။
''မင်းက သားရဲအမြုတေနဲ့ပက်သက်ပြီး မသိတာက ပုံမှန်ပါပဲ။''
လုထျန်းရုန်က ရှင်းပြလိုက်သည်။
''စွမ်းအင်အမြုတေကိုတော့ မူလမြေမှ အဆင့်မြင့်နဲ့ အဆင့်မြင့်အထက် သက်ရှိတွေကပဲ ပျိုးထောင်နိုင်တာ။ မျိုးစိတ်အဆီအနှစ်နဲ့ စက်ပစ္စည်းလိုအပ်တယ်။''
လင်းဇီချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ နောက်တွင် မူလမြေနှင့်ပက်သက်သောမေးခွန်းများကို ဆက်မေးနေသည်။ ဥပမာအားဖြင့် - မူလမြေ၌ မည်သည့်သက်ရှိက အားအကောင်းဆုံးနည်း။
မူလမြေက မည်မျှကြီးသနည်း။ မူလမြေမှ ဉာဏ်ကောင်းသောသက်ရှိများသည် လူသားများနှင့် မည်သို့သောတူညီချက်များ ရှိသနည်း---စသဖြင့်ပင် ဖြစ်သည်။
လုထျန်းရုန်က လင်းဇီချန်၏မေးခွန်းများကို စိတ်ရှည်ရှည်ဖြင့် တစ်ခုပြီးတစ်ခုဖြေသည်။ သိ့သော်လည်း မူလမြေနှင့်ပက်သက်၍ သိထားသည်က အကန့်အသတ်ရှိသောကြောင့် အများစုကို မဖြေနိုင်ပေ။ မူလမြေ၌ လူသားများ၏ရှာဖွေတွေ့ရှိခြင်းက အတွေ့အကြုံမရှိသောအဆင့်မျှသာ ရှိသေးသည်။ မေးခွန်းများစွာက ထူးဆန်းနေဆဲဖြစ်ကာ အဖြေမသိကြသေးပေ။ ဒေသစစ်တယ်နယ်မြေအတွင်းမှ ခေါင်းဆောင်တစ်ဦးသာဖြစ်သော လုထျန်းရုန်၏ မူလမြေနှင့်ပက်သက်သောအသိသည် အများပြည်သူသိထားသည့်ဗီဒီယိုများမှ အနည်းငယ်သာ သာသည်။ လင်းဇီချန်၏မေးခွန်းအားလုံးကို မဖြေနိုင်သည်မှာ သဘာဝကျပေသည်။
''ကောင်းပြီ။ အချိန်ပြည့်တော့မယ်။ မေးခွန်းအမေးအဖြေမေးတာတော်ပြီ။''
လုထျန်းရုန်က ထပ်ပြောလိုက်သည်။
''ဆယ်ရက်လေ့ကျင့်ပြီးပြီဆိုတော့ အားလုံးလည်း လက်နက်တွေနဲ့ အသားကျလောက်ပြီထင်တယ်။''
''အဲ့တာကြောင့်မလို့ မနက်ဖြန်ကစပြီး လက်တွေ့တိုက်ပွဲလေ့ကျင့်ရေးစကြမယ်။''
''လက်တွေ့တိုက်ပွဲလေ့ကျင့်ရေးရဲ့ ရည်ရွယ်ချက်က အားလုံးရဲ့အဖွဲ့တစ်ဖွဲ့အဖြစ် လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့ပဲ။''
''စောနက ဗီဒီယိုတွေကို ကြည့်ပြီးပြီဆိုတော့ အားလုံးလည်း မူလမြေထဲမှာ ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကို သိလောက်မှာပါ။''
''အဲ့လိုနေရာမျိုးမှာ အထီးကျန်ဝံပုလွေဖြစ်ရတာက သေဖို့စာကျလာသလိုပဲ။ မင်းတို့က အဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ရမယ်။''
''အခု မင်းတို့ရဲ့ ငယ်ရွယ်မှုကို အသုံးချတတ်ဖို့လိုပြီ။ မူလမြေမှာ မတောက်ပခင် ကမ္ဘာမြေပေါ်မှာ အဖွဲ့လိုက်လုပ်ဆောင်နိုင်စွမ်းမြန်မြန်တိုးတက်ဖို့လိုမယ်။''
လုထျန်းရုန်က ဆက်ပြောလိုက်သည်။
''မနက်ဖြန်တိုက်ပွဲလေ့ကျင့်ရေးအတွက် မင်းတို့ရဲ့မစ်ရှင်က ရှန်ဟိုင်းမြို့မှာရှိတဲ့ ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ မိစ္ဆာဒိဌိဂိုဏ်းခွဲကို ဖြိုခွင်းဖို့ပဲ။''
''အဲ့ဂိုဏ်းခွဲနဲ့ပက်သက်ပြီး လတ်တလော ငါရထားတဲ့သတင်းကတော့ ဂိုဏ်းခေါင်းဆောင်က နှစ်ကြိမ်ဆင့်ကဲပြောင်းလဲထားသူတဲ့။ အရိပ်ညကြောင်နဲ့ တစ္ဆေငါးမန်းကြီးမျိုးစိတ်နဲ့ ဆင့်ကဲပြောင်းလဲထားတယ်တဲ့။ သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံနဝမအဆင့်ဖြစ်ပြီး အဆင့်မြင့်အဆင့်ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တယ်။''
''အဲ့တာအပြင် သွေးမျိုးဆက်စွမ်းအားအဆင့် အခြေခံစတုတ္ထအဆင့်ကနေ အဌမအဆင့်ထိရှိတဲ့ ဂိုဏ်းသားဆယ်ယောက်လောက်လည်း ရှိတယ်။''
''ဒီလိုအားမျိုးကို ဖယ်ရှားဖို့က မင်းတို့တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုကြီးပဲ။''
''ဒါပေမဲ့လို့ မင်းတို့ ကောင်းကောင်းပူးပေါင်းလုပ်ဆောင်နိုင်တာနဲ့ သူတို့အားလုံးကို သုတ်သင်နိုင်လိမ့်မယ်။''
လုထျန်းရုန်၏အသံက ရုတ်တရက်မြင့်လာသည်။
''အားလုံးယုံကြည်ချက်ရှိကြရဲ့လား။''
''ရှိပါတယ်။''
တစ်ဖွဲ့လုံး ပြိုင်တူအော်ပြောလိုက်သည်။
လုထျန်းရုန်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်ပြပြီးနောက်တွင် အားလုံးကို ပြောလိုက်၏။
''မနက်ဖြန် မနက်ခြောက်နာရီ စစ်ရေးပြကွင်းမှာ လူစုမယ်။ ဒီညတော့ အားလုံးကောင်းကောင်းနားကြပါ။''
ထိုသို့ပြောကာ လက်နက်ခန်းထဲမှ ထွက်သွားသည်။ ၎င်းထွက်သွားပြီးနောက်တွင် လက်နက်ခန်းက ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားလေသည်။ အားလုံးသည် နောက်နေ့အတွက် လက်တွေ့တိုက်ပွဲဝင်ရမည်ကို ဆွေးနွေးနေကြ၏။
စိိတ်လှုပ်ရှားနေကြသည်၊ ထိတ်လန့်နေကြသည်၊ စိုးရိမ်နေကြသည်၊ စိတ်လည်းမရှည်ကြပေ။
ခေတ္တမျှဆွေးနွေးကြပြီးနောက်တွင် အားလုံးသည် တိုက်ပွဲအစီအစဉ်ကို စတင်ဆွဲကြ၏။ အချို့က တစ်ဖွဲ့လုံးကို ခေါင်းဆောင်ရန်အတွက် အဖွဲ့ခေါင်းဆောင်ရွေးရန် အကြံပေးသည်။ လူနှစ်ဆယ်ကျော်ရှိသည့် အဖွဲ့လေးဖြစ်သည့်အတွက် အမိန့်ပေးမည့်သူမရှိဘဲတိုက်ခိုက်လျှင် ဖရိုဖရဲဖြစ်မည်မှာ သေချာပေါက်ပင် ဖြစ်၏။
''ဇီချန်ကို အဖွဲ့ခေါင်းဆောင်လုပ်ဖို့ အကြံပေးပါတယ်။ အားလုံးကန့်ကွက်တာရှိလား။''
လော်ရုန်ကျန်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါတွင် အားလုံး ပါးစပ်ဟလာကြသည်။
''ကန့်ကွက်စရာမရှိဘူး။''
''ငါလည်းကန့်ကွက်စရာမရှိဘူး။''
''ဇီချန်က ငါတို့ထဲမှာ အားအကြီးဆုံးပဲ။ မနက်ဖြန်ကစပြီး နင့်ကိုပဲ အားကိုးတော့မယ်။''
အားလုံးက လင်းဇီချန်အဖွဲ့ခေါင်းဆောင်လုပ်ရန် သဘောတူလိုက်ကြသည်။ တုံ့ပြန်သည့်အနေဖြင့်လင်းဇီချန်က ပြုံးပြ၍ ပြောလိုက်သည်။
''အားလုံးက ငါ့ကို အဖွဲ့ခေါင်းဆောင်လုပ်ဖို့ ရွေးလိုက်ပြီဆိုမှတော့ အကောင်းဆုံးလုပ်ဆောင်ပြီး အဖွဲ့ကိုဦးဆောင်ပါ့မယ်။ အဲ့အချိန်ကျရင် အားလုံးကို ကူညီထောက်ပံ့ပေးဖို့လိုတယ်။''
''ကိစ္စမရှိဘူး။ ငါတို့သေချာပေါက် ပူးပေါင်းပေးရမှာပေါ့။''
''ငါတို့ပံ့ပိုးပေးမှာပေါ့။''
''ဇီချန်က အဖွဲ့ကို ခေါင်းဆောင်ပြီဆိုမှတော့ ဒီမစ်ရှင်ကို အိတ်ထဲ ထည့်ထားလိုက်တော့။''
အားလုံးသည် စိတ်ထဲမှ ထောက်ခံနေကြသည်။ မထိုးဖောက်နိုင်သောစွမ်းအားပိုင်ရှင် လင်းဇီချန်သည်မူ သိုင်းစင်မြင့်ထက်၌ လွန်ခဲ့သောဆယ်ရက်လုံး သရုပ်ပြကာ အားလုံးဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီး အားလုံး၏အသိအမှတ်ပြုခြင်းကို ရထားခဲ့ခြင်းဖြစ်လေသည်။
အခန်း (၂၅၈) ကြီးမားသောလှောင်အိမ်ကြီး
နောက်တစ်နေ့ မနက်ခြောက်နာရီတွင် ဖြစ်သည်။ လေ့ကျင့်ရေးဆင်းမည့်သူများသည် စစ်ရေးပြကွင်းတွင် စုဝေးလာကြပြီး လုထျန်းရုန်ဦးဆောင်ကာ အပြင်ဘက်ရှိ စစ်တပ်ဘတ်စ်ကားတစ်စီးဆီသို့သွားကြသည်။ ထိုကားဖြင့် စစ်တပ်နယ်မြေအပြင်သို့ ထွက်သွားကြသည်။ ပန်းတိုင်က မိုင်ရာချီခန့်ဝေးသောကမ်းရိုးတန်းသစ်တောတစ်ခုပင် ဖြစ်သည်။ မစ်ရှင်ထဲမှ ဂမ္ဘီရသစ်ပင်ဂိုဏ်းသည် ထိုကမ်းရိုးတန်းသစ်တောထဲတွင် ပုန်းကွယ်နေခြင်းဖြစ်သည်။
…
ဘတ်စ်ကားပေါ်တွင် လင်းဇီချန်သည် လူနှစ်ဆယ်အဖွဲ့ အနည်းငယ်များလွန်းနေသဖြင့် အမိန့်ပေးရန် အဆင်ပြေမည်မဟုတ်ဟု စဉ်းစားလိုက်မိသည်။ ထို့ကြောင့် အဖွဲ့ငယ်လေးဖွဲ့ခွဲလိုက်သည်။ ရှန်ဟိုင်းတက္ကသိုလ်အဖွဲ့၊ ပေကျင်း(မြို့တော်)တက္ကသိုလ်အဖွဲ့၊ စစ်တပ်နယ်မြေအဖွဲ့နှင့် စက်နတ်ဘရားအဖွဲ့တို့ပင် ဖြစ်သည်။ တစ်ဖွဲ့လျှင် လူငါးဦးပါကာ အချင်းချင်းရင်းနှီးပြီးသားဖြစ်သောကြောင့်ပူးပေါင်းလုပ်ဆောင်ရန် လွယ်ကူသည်။ အားလုံး၏အဖွဲ့ခေါင်းဆောင်အဖြစ် အဖွဲ့လေးဖွဲ့ကိုသာ အမိန့်ပေးရန် လိုပေမည်။
…
တစ်နာရီခန့်ကြာပြီးနောက်တွင်ကားသည် ပန်းတိုင်နေရာသို့ ဆိုက်ရောက်သွားသည်။ လင်းဇီချန်ကားပေါ်မှ ဆင်းသွားသည့်အခါတွင် မိမိ၏အာရုံကို ဖမ်းစားလိုက်သည်မှာ အဆုံးမရှိကျယ်ပြောလှသည့် စိမ်းလန်းနေသောသစ်တောအုပ်ကြီးပင် ဖြစ်သည်။ ကြည့်မိသည့်နေရာတိုင်းတွင် ဆယ်မီတာခန့်မြင့်သော သစ်ပင်ကြီးများရှိသည်။ ထိုထဲတွင် အချို့အပင်များက ဆယ်မီတာကိုင်းများရှိသည့် မီတာတစ်ရာခန့်မြင့်သောအပင်များဖြစ်ပြီး နေပြောက်ပင် မထိုးနိုင်ပေ။
''ရှောင်ချန် ဒီကသစ်ပင်တွေက ရှည်လိုက်တာ။ မုတ်သုံတောထဲကအပင်တွေထက်တောင်မှ ရှည်သေးတယ်။''
ရှန်ချင်းဟန်က မယုံကြည်နိုင်စွာဖြင့် မော့ကြည့်၍ ဆိုလိုက်သည်။
မာရှိဝေကမူ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
''လူလုပ်သစ်တောတွေထဲကသစ်ပင်တွေက မီတာနှစ်ဆယ်ထိပဲအကန့်အသတ်ရှိတယ်။ အများဆုံးဆိုလေးဆယ်မီတာလောက်ပဲ။ ဒီကသစ်ပင်တွေကတော့ ထူးထူးခြားခြားပေါက်နေသလိုပဲ''
လီမော်ယွီက ပြုံး၍ ပြောလိုက်သည်။
''ထူးခြားတယ်ဆိုတာ ကောင်းတာပဲပေါ့။ ငါတို့နေရာမှားပြီး ရောက်သွားတာမဟုတ်ဘူးလို့ ဆိုလိုတာပဲ။ ဒါက သေချာပေါက် ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့လူလိမ်တွေနေရာပဲ ဖြစ်ရမယ်။''
စက်နတ်ဘုရားအုပ်စုမှ ကျို့ရှီရှီက လင်းဇီချန်နားကပ်လာပြီး ဒရုန်းတစ်ခုထုတ်ကာ မေးလိုက်သည်။
''လမ်းကြောင်းကို ဒရုန်းနဲ့ခြေရာခံကြည့်မယ်လို့ တွေးထားတာ။ နင်ရော ဘယ်လိုထင်လဲ။''
လင်းဇီချန်က ပြန်ဖြေလိုက်၏။
''ကောင်းတာပေါ့။''
အဖွဲ့ခေါင်းဆောင်က သဘောတူလိုက်သောကြောင့် ကျို့ရှီရှီသည် ဒရုန်းကို တောအုပ်ထဲသို့ လွှတ်လိုက်လေသည်။
လင်းဇီချန်က အားလုံးကို ပြောလိုက်သည်။
''အားလုံးပဲ ဒရုန်းနောက်ကို လိုက်ကြမယ်။''
ပြောပြီးနောက်တွင် ၎င်းကဦးဆောင်၍ တောထဲသို့ ဝင်သွားသည်။ အခြားသူများကလည်း နောက်မှ လျင်မြန်စွာ လိုက်သွားကြသည်။ ညွှန်ကြားသူလုထျန်းရုန်လည်း နောက်မှလိုက်လာသည်။ သူသည် လုံခြုံရေအရာရှိအဖြစ်သာ တာဝန်ယူထားသောကြောင့် တိုက်ခိုက်မှုတွင် ဝင်ပါမည်မဟုတ်ပေ။
လမ်းတွင်မူ လင်းဇီချန်က ပတ်ဝန်းကျင်ကို လေ့လာရင်းဖြင့် တောထဲတွင် ဟင်းသီးဟင်းရွက်များက အတန်ငယ်ဖြစ်ထွန်းနေသည်ကို သတိထားမိသည်။
သို့သော်လည်း ကိစ္စကြီးမဟုတ်ပေ။ ကိစ္စမှာ ထိုအပင်များကြား၍ ဆန်းကြယ်အပင်များ ရှိမရှိပင် ဖြစ်သည်။ စိတ်ထဲတွင် တွေးနေရင်းဖြင့် လင်းဇီချန်က အာရုံကိုဖြန့်ကျက်၍ ကြိုတင်လေ့လာကြည့်သည်။ သို့သော်လည်း မီတာရာချီအထိ ကြိုလေ့လာထားသော်လည်း မည်သည့်ဆန်းကြယ်အပင်ကိုမှ မမြင်ရပေ။ ထို့အစား နေပြောက်ပင်မထိုးနိုင်သောသစ်ပင်ကြီးများက လမ်းတွင် ပို၍များလာသည်ကိုသာ တွေ့ရသည်။ ရှေ့ဆက်ရင်းဖြင့် မီတာရာချီရောက်သွား၏။ရှေ့မှ လျှောက်သွားသောကျူ့ရှီရှီက ရုတ်တရက်ရပ်သွားပြီး အားလုံးကို သတိပေးလိုက်သည်။
''ရှေ့မီတာသုံးရာအကွာမှာ အနည်းဆုံးစတုရန်းမီတာတစ်ထောင်လောက်ကျယ်တဲ့ ဝါးအဆောက်အဦးတစ်လုံးရှိတယ်။ ငါတို့တွက်တာမမှားရင်တော့ အဲ့အဆောက်အဦးက ဂမ္ဘီရသစ်ပင်ဂိုဏ်းခွဲရဲ့ အခြေစိုက်စခန်းပဲဖြစ်ရမယ်။''
“…”
အချို့က လုထျန်းရုန်ကို ကြည့်လိုက်ကြပြီး ထိုဝါးအဆောက်အဦးများသည် အခြေစိုက်စခန်းဖြစ်သည်ဟုသောအဖြေကို ရလိမ့်မည်ဟု မျှော်လင့်နေမိကြသည်။ သို့သော်လည်း လုထျန်းရုန်က ပြန်မဖြေပေ။ အခြားသူများက လင်းဇီချန်ကို လှည့်ကြည့်လိုက်ကာ
''အစ်ကိုချန် အခုအစီအစဉ်က ဘယ်လိုလဲ။''
လင်းဇီချန်က ပြောလိုက်သည်။
''စစ်တယ်နယ်မြေက ကျောက်ယွမ်ကျုံးနဲ့ ပေကျင်းတက္ကသိုလ်က ကောင်းမု မင်းတို့နှစ်ယောက်က သံချပ်ကာမြေကြီးနဂါးမျိုးစိတ်နဲ့ပေါင်းစပ်ထားတာဆိုတော့ ငါ့နောက်လိုက်ပြီးရှေ့တန်းခံစစ်အတွက်တာဝန်ယူပါ။''
''စက်နတ်ဘုရားအုပ်စုကငါးယောက်က အကွာအဝေးရှည်မီးတိုက်ခိုက်မှုအတွက်တာဝန်ယူပါ။ ရန်သူကို သေနတ်နဲ့သေချာချိန်ကြ။''
''ကျန်တဲ့သူတွေက နောက်ကလိုက်ပြီး စစ်ကူပေးပါ။''
အတိုချုပ်စီစဉ်ပြီးနောက်တွင် လင်းဇီချန်က ချက်ချင်းပင် ဝါးအဆောက်အဦးရှိရာသို့ ဦးတည်သွားသည်။ ကျောက်ယွမ်ကျုံးနှင့် ကောင်းမုသည်လည်း နောက်မှလိုက်လာသည်။ အခြားသူများသည်လည်း အသီးသီးလှုပ်ရှားကြကာ ဝါးအဆောက်အဦးလေးဆီသို့ ချီတက်ကြသည်။ လုထျန်းရုန်က ၎င်းတို့ကို သတိပေးလိုက်သည်။
''ဘယ်သူ့ကိုမှ အရှင်ထားဖို့မလိုဘူး။ မင်းတို့ရဲ့ဘေးကင်းလုံခြုံရေးက အရေးကြီးဆုံးဆိုတာ မှတ်ထားပါ။''
…
ထို့နောက်တွင်မူ လင်းဇီချန်က အားလုံးကို ဦးဆောင်၍ ဝါးအဆောက်အဦးဆီသို့ သွားပေသည်။
''ရန်သူကို တိုက်ခိုက်ကြ။''
ဝါးအဆောက်အဦးလေး၏လျှောက်လမ်းမှ အစောင့်စစ်သားလေးသည် လင်းဇီချန်တို့ တိုက်ခိုက်သည်ကို အာရုံခံမိသောကြောင့် အဆောက်အဦးထဲမှအပေါင်းအပါများကို အော်ပြောလိက်သည်။ ပါးစပ်မှတစ်ခွန်းမပြောရသေးခင်တွင်ပင် ဘုန်းဟုသောအသံကြီးကို ကြားလိုက်ရသည်။ အစောင့်စစ်သား၏ခေါင်းက ပေါက်ကွဲသွားပြီး မြေကြီးပေါ်တွင် ပြန့်ကြဲသွားသည်။ လှုပ်ရှားလိုက်သူမှာ နောက်အဖွဲ့မှ ကျူ့ရှီရှီပင်ဖြစ်ကာ ကျည်တစ်ချက်တည်းဖြင့် အနိုင်ပိုင်းလိုက်ခြင်းဖြစ်သည်။
ပထမဆုံးပစ်ချက်ကို ပစ်လိုက်လေသည်။ တိုက်ပွဲက တရားဝင်စတင်လေပြီ။
''ဝှစ်။''
ရုတ်တရက်ပင် အသံတစ်သံကို ကြားလိုက်ရသည်။ လင်းဇီချန်က ဖြတ်ကနဲပြေးသွားပြီး မျက်စိဖြင့်မမြင်ရသောနှုန်းဖြင့် ဝါးအဆောက်အဦးရှိရာသို့ သွားသည်။ တစ်ခြားသူများမူ မိမိတို့အတိုင်းအတာအားဖြင့် တက်ကြတော့သည်။
''ဘုန်း''
လင်းဇီချန်က ရှေ့တံခါးမှ မဝင်ပေ။ သူသည် နံရံကို ဖျက်ဆီး၍ ပထမထပ်သို့ ဝင်သွားသည်။ တံခါးနောက်တွင် ပုန်းပြီး ချုံခိုတိုက်ခိုက်ရန် ပြင်နေသော ဂမ္ဘီရသစ်ပင်ဂိုဏ်းသားတစ်ယောက်ကသည် နံရံပြိုကျလာသောအသံကြောင့် ခုန်လိုက်မိသည်။
သို့သော် ပြန်မလှည့်နိုင်ခင်တွင်ပင် လင်းဇီချန်၏လက်သီးက သူ၏ခေါင်းနောက်ကို ချေမွပစ်လိုက်ပြီး ဦးနှောက်ပွင့်သွားတော့သည်။ နေရာတွင်ပင် သေသွားရှာသည်။ တွန့်ဆုတ်ခြင်းမရှိဘဲဖြင့် လင်းဇီချန်က ခန္ဓာကိုယ်ကိုထိကာ တွေးလိုက်သည်။
ဝါးမျိုခြင်း။
(သင်သည် ကြမ်းတမ်းလင်းယုန်ကြီး၏အသက်ဓာတ်တစ်မျှင်ကို ဝါးမြိုလိုက်ပြီးဖြစ်ပါသည်။)
(ကောင်းကင်မျက်လုံးစွမ်းအား ၁+)
လေဟာနယ်ထဲတွင် အချက်အလက်နှစ်ခုပေါ်လာသောကြောင့် လင်းဇီချန်ခေတ္တမျှရပ်ကြည့်နေမိသည်။ ထို့နောက်တွင် စိတ်လှုပ်ရှားလေသည်။ ဆန်းကြယ်သားရဲများကို ဝါးမျိုခြင်းကသက်ဆိုင်ရာသွေးမျိုးဆက်စွမ်းအားများကိုတိုးတက်စေသည်လော။
အသန်မာဆုံးအောင်မြင်မှုသွေးမျိုးဆက်စွမ်းအားက စဉ်းစားထားသည်ထက်ပင် ပို၍အသုံးဝင်နေသေးသည်။ စနစ်၏ သွေးမျိုးဆက်စွမ်းအားများသည် ကျန်သောအရာများနှင့်မတူဟု ဆိုနိုင်ပေသည်။
လင်းဇီချန်သည် စိတ်နှလုံးထဲမှ ပျော်ရွှင်မှုကို ဖုံးဖိထားလိုက်သည်။ အားကောင်းသောခုန်ချက်နှင့်အတူ နေရာမှခုန်သွားကာ ဘုန်းကနဲမြည်သံဖြင့် မျက်နှာကျက်ကိုဖောက်၍ ဒုတိယထပ်သို့ ရောက်သွားသည်။ ဒုတိယထပ်တွင် ဂမ္ဘီရသစ်ပင်ဂိုဏ်းနောက်လိုက်သုံးယောက်ရှိကာ လက်နက်အပြည့်တပ်ဆင်ထားကြပြီး သေသည်အထိ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြသည်။ တစ်ယောက်ယောက်က အောက်ထပ်မှနေ၍ မျက်နှာကျက်ကိုဖောက်ပြီး အပေါ်ထပ်သို့ တက်လာသည်ကို မြင်လိုက်သောအခါတွင် ကြောင်ကြည့်နေရာမှ မဖိတ်ခေါ်ဘဲ ရောက်လာသည့်ဧည့်သည်ကို သတ်ရန် အပြေးဝင်သွားကြတော့သည်။
တိုက်ခိုက်သူသုံးယောက်ဖြင့် ရင်ဆိုင်လိုက်ရသော်လည်း လင်းဇီချန်က မလှုပ်ပေ။ အကြည့်တို့က စူးရှလှ၏။ လွန်စွာမှကြောက်စရာကောင်းသည့် သွေးမျိုးဆက်စွမ်းအားမျိုးကို ထုတ်လွှတ်နေသည်။ ချက်ချင်းဆိုသလိုပင် ထိုသုံးဦးကို လူသားပန်ကိတ်ကဲ့သို့ တစ်စစီလုပ်ပစ်လိုက်သည်။ ထို့နောက်တွင် ထိုသူများ၏ခန္ဓာကိုယ်ကိုထိကာ အတွေးဖြင့် ဝါးမျိုလိုက်ပြန်သည်။
(သင်သည် ဆဌဂံသံနွားသိုးကြီး၏ အသက်ဓာတ်တစ်မျှင်ကို ရရှိပါသည်။)
(ဆဌဂံသံနွားသိုးကြီးစွမ်းအား - ၈%)
(သင်သည် ညအရိပ်ကြောင်၏အသက်ဓာတ်တစ်မျှင်ကို ရရှိပါသည်။)
(ညအရိပ်ကြောင်စွမ်းအား - ၄၂%)
(သင်သည် မသေဆေးပက်ကျိ၏ အသက်ဓာတ်တစ်မျှင်ကို ရရှိပါသည်။)
(လျင်မြန်ကုသနိုင်စွမ်း - ၁+)
ဆန်းကြယ်သားရဲတစ်ကောင်ကို ဝါးမျိုခြင်းက သက်ဆိုင်ရာသွေးမျိုးဆက်စွမ်းအားများကို ပွင့်စေသည်။ လင်းဇီချန်၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာသည်။ ထိုအချိန်တွင် အောက်ထပ်မှ ပြင်းထန်သောတိုက်ခိုက်သံကို ကြားလိုက်ရသည်။
''ဘုန်း''
''ဒီလူရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်က အခြေခံအဌမအဆင့်လောက်မြင့်တယ်။ သတိထားကြ။''
''ထိန်းထားလို့မရတော့ဘူး။ င့ါကိုလာကူပေးကြ။''
''သေစမ်း''
''သူက မသေသေးဘူး။ သူ့ကို လက်စသတ်လိုက်။''
ကျန်သောအဖွဲ့ဝင်များသည် ဝါးအိမ်လေးထဲသို့ဝင်လာကြကာ ဂမ္ဘီရသစ်ပင်ဂိုဏ်းမှနောက်လိုက်များဖြင့် စတင်တိုက်ခိုက်ကြတော့သည်။ ၎င်းပြောသည်ကို နားထောင်ကြည့်လျှင် မိမိတို့၏အဖွဲ့သားများက အလေးသာနေဟန်တူသည်။ လင်းဇီချန်က ခေတ္တမျှအာရုံခံလိုက်ပြီးနောက်တွင် ရှန်ချင်းဟန်၏ပုံရိပ်ကို အောက်ထပ်တွင် တွေ့လိုက်ရသည်။
ထိုအချိန်တွင် ရှန်ချင်းဟန်သည် လီမော်ယွီ၊ လော်ရုန်ကျန်း၊ မာရှိဝေတို့ဖြင့်အတူ သွေးမျိုးဆက်စွ်းအား အခြေခံအဌမအဆင့်ရှိသောသူတစ်ဦးကို တိုက်ခိုက်နေကြသည်။ တိုက်ပွဲက ၎င်းတို့အလေးသာနေဟန်တူကာ ပစ်မှန်ကို မိနစ်အနည်းငယ်အတွင်းတွင် အလဲသိပ်နိုင်တော့မည်ဖြစ်၏။
အောက်ထပ်မှတိုက်နေသည်ကို ခေတ္တမျှကြည့်ပြီးနောက မကြာခင်တွင်ပင် လင်းဇီချန်က မိမိ၏အာရုံကို အဆောက်အဦးအပြင်ဘက်သို့ပို့လိုက်သည်။ ထိုအခါတွင် အပြင်မှတိုက်ပွဲက အတွင်းမှတိုက်ပွဲထက် ပြင်းထန်နေသည်ကို တွေ့လိုက်ရသည်။ စစ်တပ်နယ်မြေမှငါးယောက်နှင့် ရှန်ဟိုင်းတက္ကသိုလ်မှတစ်ယောက်သည် ဂမ္ဘီရသစ်ပင်ဂိုဏ်းနောက်လိုက်ခြောက်ယောက်ကို အသေအကြေတိုက်နေကြသည်။ တိုက်ခိုက်နေရင်းဖြင့် မြေကြီးသည်ပင် တုန်၍ ဖုံများထလာသည်။ မိမိတို့အဖွဲ့ဝင်များ၏အင်အားက ဂမ္ဘီရသစ်ပင်ဂိုဏ်းမှလူများအတွက် ပြိုင်ဘက်မဟုတ်ပေ။ သို့သော်လည်း စက်နတ်ဘုရားအုပ်စုက ကူညီပေးနေသည်။ တစ်ဖက်တွင် နှိမ်နင်းနိုင်တော့မည့်ဟန်ပင် ဖြစ်၏။
တိုက်ပွဲက တဖြည်းဖြည်းဖြင့် အလေးသာလာသည်။ အနိုင်ယူရန် အချိန်ပိုင်းသာလိုတော့သည်။ တိုက်ပွဲအခြေအနေကိုကြည့်ကာ လင်းဇီချန်တစ်ယောက် တွေးလိုက်မိသည်။
''အခြေခံနဝမအဆင့်ပြီးထားတဲ့ဂိုဏ်းသားတစ်ယောက် ဒီကို ရောက်လာတာမဟုတ်လား။''
စဉ်းစားနေစဉ်တွင်ပင် ရုတ်တရက် မိိမိအောက်မှ ဝါးအဆောက်အဦးက ပြင်းထန်စွာတုန်ခါသွားသည်။ ဝါးအိမ်က တုန်နေခြင်းမဟုတ်ပေ။ ဝါးအိမ်အောက်မှ မြေကြီးတစ်ခုလုံးက တုန်သွားခြင်းဖြစ်၏။ လင်းဇီချန်က ချက်ချင်းပင် ဝါးအိမ်ထဲမှ ပြေးထွက်သွားသည်။
ကောင်းကင်သည်ပင် ပြောင်းသွားသည်ကို အံ့ဩစွာတွေ့လိုက်ရသည်။ အိမ်ပတ်ချာလည်မှ သစ်ပင်ကြီးများက ၎င်းတို့ဘသာ အပေါ်သို့ထောင်တက်၍ အုပ်မိုးလိုက်သည်။ ၎င်းတို့သည်လည်း အမြန်ပင် ဝါးအိမ်ထဲသို့ဝင်သွားကြကာ တဖြည်းဖြည်းဖြင့်ဝိုင်းခံလိုက်ရသည်။ ဘေးပတ်ချာလည်တွင် ကြီးမားသောသစ်ပင်ပင်စည်ကြီးများက ဝိုင်းထား၍ အမိုးများက အပေါ်တွင်အုပ်မျိုးထားပြီး အမှောင်ကျသွားသဖြင့် ဝါးအိမ်တစ်ခုလုံးသည် အမှောင်ထုထဲရှိလှောင်အိမ်ကြီးတစ်လုံးနှင့် တူလှပေသည်။