အပိုင်း ၂၇၁-၂၇၃
Vol. 19 Ch. 271-273
အခန်း (၂၇၁) နေရာကိုအပိုင်စီးလိုက်သောမြေခွေးမိန်းကလေး
မြေခွေးမိန်းကလေးက ရုတ်တရက်ဆန်စွာ ပေါ်လာသည်။ သူမသည် ကားရှေ့တွင် လေထဲ၌ ပေါ်လာခြင်းဖြစ်ပြီး ကားပေါ်မှသူများသည် ခေတ္တမျှငေးကြည့်နေမိရာမှ လှည့်စားခံလိုက်ရသည်ဟု ထင်မိနေကြသည်။
''ဆရာ ရှေ့မှာ တစ်ယောက်ယောက်ရှိတယ်။''
ကားအရှိန်နှုန်းမကျသွားသည်ကို မြင်သောကြောင့် ဒရိုင်ဘာခုံဘေးတွင် ထိုင်နေသောရှန်ကွမ်းယွဲ့ယင်းက ကျယ်လောင်စွာဖြင့် အော်ပြော၍ သတိပေးလိုက်သည်။
သို့သော်လည်းလု လုထျန်းရုန်က ဘရိတ်ကို မနင်းပေ။ ထို့အစား အမြန်ပင် အရှိန်တင်ကာ အမြန်ပင် မောင်းလိုက်လေသည်။ လူသူကင်းမဲ့သောတောထဲတွင် မြေခွေးနားရွက်ဖြင့်မိန်းကလေးက ရုတ်တရက်ပေါ်လာပြီး လမ်းကိုပိတ်ထားသည်မှာ မကောင်းသည့်လက္ခဏာကို ရှင်းလင်းစွာ ပြသနေခြင်းပင်ဖြစ်သည်။
ရပ်လိုက်ကာမှ ပြဿနာကို ဖိတ်ခေါ်သလိုဖြစ်သွားပေမည်။
သေခြင်းတရားကို သွားရှာသည်ပင် ဖြစ်နိုင်သေးသည်။
''ဝှစ်''
လေထဲသို့ ဖြတ်သွားသံနှင့်အတူ လူ (၂၁) ယောက်ပါသောကားသည် တစ်နာရီလျှင် မိုင်တစ်ရာနှုန်းဖြင့် လမ်းကိုပိတ်ထားသော မြေခွေးမိန်းကလေးရှိရာသို့ တည့်တည့်ပင်ဝင်မောင်းသွားသည်။ ထိုအချိန်တွင် အားလုံးတွေးနေမိကြသည်မှာ ထိုမိန်းကလေးသည် ကားတိုက်ခံရကာ လွင့်ပျံသွားသည်ဟုပင်။ မဟုတ်လျှင် ထိုမိန်းကလေးက လွန်စွာအားကောင်းသောခန္ဓာကိုယ်ရှိပါလျှင် ကားရပ်သွားလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း ကားက ထိုမိန်းကလေးကို ဝင်တိုက်မိသောအခါတွင် မယုံကြည်နိုင်ဖွယ်ကောင်းသောဖြစ်ရပ်တစ်ခု ဖြစ်သွားသည်။
ကားသည် ထိုမိန်းကလေး၏ခန္ဓာကိုယ်ကို ဖောက်ထွင်း၍ ဖြတ်ကျော်သွားသည်။ လေကိုဖြတ်သွားသကဲ့သို့ ဘာမှမဖြစ်သည့်အတိုင်း ဖြတ်သွားခြင်းဖြစ်၏။
အစတွင် ကားပေါ်မှလူအားလုံး ကြောင်ကြည့်နေကာ မိမိတို့မြင်လိုက်သောအရာကို နားမလည်နိုင်ဖြစ်နေကြသည်။ ခေတ္တမျှကြာပြီးနောက်တွင်မူ အသိပြန်ဝင်လာကြသည်။ လူအုပ်သည် တစ်ယောက်ပြီးတစ်ယောက်မယုံကြည်နိုင်သည့် အမူအရာမျိုးပြသကာ ထိုကိစ္စကို မိမိတို့ဘာသာ ဆွေးနွေးနေကြသည်။
''စောနက မြေခွေးနားရွက်နဲ့မိန်းကလေး မရှိတော့ပါ့လား။''
''ငါလည်း သူ့ကို မြင်လိုက်တယ်။''
''ကားက ရှင်းရှင်းလင်းလင်းကြီးကို သူ့ကိုတိုက်သွားတာ။ ဘာလို့ မတိုက်မိရတာလဲ။''
''ပုံရိပ်ယောင်များလား။"
''တစ်ယောက်တည်းကပဲမြင်ရင်တော့ ပုံရိပ်ယောင်ပေါ့။ ဒါပေမဲ့ အခုက ငါတို့အားလုံးမြင်လိုက်တာ။ ပုံရိပ်ယောင်တော့ မဖြစ်နိုင်ဘူး။''
''တံလျှပ်များလား။''
''ဒါပေမဲ့ ဒီမှာတံလျှပ်ထင်မဲ့အခြေအနေမျိုးမရှိဘူး။"
အားလုံးသည် ထူးဆန်းသောမြင်ကွင်းကြောင့် သံသယမျိုးစုံဝင်နေကြသည်။ လင်းဇီချန်ကမူ တိတ်ဆိတ်နေပြီး မျက်မှောင်အသာကြုတ်၍ ကားအနီးအနားပတ်ချာလည်ကို ကြည့်လိုက်သည်။ မိမိ၏အာရုံကို အမြင့်ဆုံးတင်ပြီး ထိုမြေခွေးမိန်းကလေး၏အရိပ်အယောင်ကို ရှာကြည့်သည်။ မိန်းကလေးပေါ်လာသောအခါ၌ သူမ၏ဝိညာဉ်စွမ်းအားကို ချက်ချင်းအာရုံခံကြည့်သည်။ အံ့ဩစရာကောင်းသည်မှာ သူမတွင် သွေးမျိုးဆက်စွမ်းအား၏ဖိအားမျိုး လုံးဝရှိမနေပေ။ ထိုမျှသာမက အသက်မရှိသည့်အရာဝတ္ထုကဲ့သို့ ဝင်သက်ထွက်သက်လည်း ကင်းမဲ့နေသည်။ ယုတ္တိမရှိလွန်းပေ။
လင်းဇီချန်သည် ထိုအကြောင်းနှင့်ပက်သက်ပြီး အတော်လေးမသက်မသာဖြစ်နေမိသည်။ ဘေးနားတွင် ထိုင်နေသောရှန်ချင်းဟန်သည်လည်း မသက်မသာခံစားနေရသည်။ သူမသည် လင်းဇီချန်လက်ကိုကိုင်ကာ စိတ်ပူသောအမူအရာဖြင့် မေးလိုက်သည်။
''ရှောင်ချန် စောနက ဘာဖြစ်တာလဲ။''
လင်းဇီချန်က ခေါင်းခါပြကာ
''ငါလည်း မသေချာဘူး။''
ပြောပြီးနောက်တွင် လုထျန်းရုန်ဘက်သို့လှည့်ကာ မေးလိုက်သည်။
''ဆရာလု စောနက ဘာဖြစ်သွားလဲသိလား။''
မိမိထက် အသက်ကြီးကာ သွေးမျိုးဆက်စွမ်းအားအဆင့်လည်းမြင့်သောလုထျန်းရုန်က တစ်ခုခုကို အာရုံခံမိနိုင်သည်။ သို့သော်လည်း လုထျန်းရုန်ကိုယ်တိုင်သည်ပင် စောနကအခြေအနေနှင့်ပက်သက်၍ မသေချာမရေရာပေ။
လင်းဇီချန်ကို ပဟေဠိဖြစ်နေသောမျက်နှာအနေအထားဖြင့် လှည့်ကြည့်လိုက်ပြီး ဖြေလိုက်၏။
''စောနက ဖြစ်တာနဲ့ပက်သက်ပြီး မသေချာဘူး။ ကားနဲ့သူနဲ့ တိုက်မိသွားတာတော့သေချာတယ်။ သူနဲ့အနီးဆုံးဖြစ်တဲ့အချိန်မှာတောင်မှ အဲ့မိန်းကလေးဆီကနေ အသက်ရှိတဲ့လက္ခဏာမျိုးကို အာရုံမခံမိဘူး။"
လုထျန်းရုန်က ထိုသို့ပြောလိုက်သောအခါတွင် ကားထဲမှလူများ၏အမူအရာက အနည်းငယ်မျှ ပြောင်းလဲသွားသည်။ ၎င်းတို့ကြားမှ ရှန်ကွမ်းယွဲ့ယင်းက ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။
''နင်တို့တွေ အဲ့တာဘာလဲဆိုတာ စဉ်းစားမိကြတယ်မလား။''
''ဘာလဲ''
''ငါတို့စောနက တွေ့လိုက်တဲ့မြေခွေးမိန်းကလေးက သရဲလို့ဆိုလိုတာပေါ့။''
မာရှိဝေက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
သဘာဝလွန်လောကကြီးတွင် ဆန်းကြယ်သားရဲများ၊ဆင့်ကဲပြောင်းလဲသူများ၊ စက်ပြုပြင်လူသားများရှိပါလျှင် သရဲဆိုသောအရာကလည်း လူအများ၏စိတ်ထဲတွင် ရှိနေဆဲဖြစ်သည်။
မိမိတို့ကိုယ်တိုင် အားကောင်းသောဆင့်ကဲပြောင်းလဲသူများ၊ စက်ပြုပြင်လူသားများ ဖြစ်ကြသော်လည်း ကြောက်နေကြဆဲပင်ဖြစ်၏။ နားထောင်မိလျှင် ကြောက်စရာကောင်းအောင် ခြောက်လှန့်နိုင်သောသရဲပုံပြင်များစွာလည်း ရှိပေသည်။ သရဲကားမကြာခဏကြည့်သောသူများ မဟုတ်လျှင်လည်း သွေးလန့်စရာများစွာကို မြင်ဖူးထားသူများသာ မကြောက်မည်ဖြစ်သည်။
''ဟာသလုပ်နေတာပဲ။ ဒီလိုခေတ်ကြီးထဲမှာ ငါတို့လို့ စက်ပြုပြင်လူသားတွေတောင်ရှိနေပြီကိုး။ သရဲအကြောင်းလာပြောနေသေးတယ်။''
ကျန်းခိုင်က စိတ်ပျက်ပျက်ဖြင့် ပြောလိုက်သည်။
''မင်းတို့လိုတက္ကသိုလ်က ပညာတတ်တွေက ငါ့လိုမျိုး အထက်တန်းကျောင်းတောင်မပြီးတဲ့သူလောက် အသိတရားမရှိကြဘူးပဲ။''
ရှန်ကွမ်းယွဲ့ယင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
''မတွေ့ဖူးမမြင်ဖူးတာနဲ့ မရှိဘူးလို့ ဆိုလိုတာမှမဟုတ်တာ။ ဒီလောကကြီးထဲမှာ သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့ကိစ္စတွေအများကြီးရှိတယ်။ မယုံဘူးဆိုတာထက် ယုံလိုက်တာပိုကောင်းမယ်။"
ကျန်းခိုင်တစ်ယောက် ပြောစရာစကားကင်းမဲ့သွားသည်။
''မင်းတို့တက္ကသိုလ်ပညာရေးက အချိတ်အဆက်တွေနဲ့လုပ်ပြီး နောက်တံခါးက ဝင်လာတာပဲဖြစ်ရမယ်။''
''နင်..."
ရှန်ကွမ်းယွဲ့ယင်းသည် ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ပင် မြင့်တက်လာသည်။ လင်းဇီချန်ကမူ ၎င်းတို့ငြင်းခုံသည်ကို နားထောင်ကာ ကျန်းခိုင်သည် ယခင်ကကဲ့သို့ ကပ်ဖားနောက်လိုက်မဟုတ်တော့ဘဲ များစွာပြောင်းလဲသွားပြီဖြစ်ကြောင်း သတိထားမိသည်။
ယခင်က အထက်တန်းကျောင်းတွင် ကျန်းခိုင်သည် ကျောင်း၏အချောအလှလေးကို ပိုးပန်းရန် လွန်စွာစိတ်အားထက်သန်ခဲ့သည်။ ယခုတွင်မူ ထိုသို့ပုံစံမျိုးကို မတွေ့ရတော့ပေ။
စက်ပြုပြင်လူသားတစ်ယောက် ဖြစ်လာသည့်အတွက် သူ၏အဆင့်အတန်းသည် အချိန်နှင့်အမျှ မြင့်တက်လာပြီဖြစ်ကာ ရင်ခွင်ထဲသို့ပစ်ဝင်ချင်သောမိန်းမများလည်း ပေါပေသည်။ ယခုတွင် ကပ်ဖားရပ်ဖားဖြင့် ဖိနပ်ပင် လာလျက်ပေးမည့်သူများ ရှိသောကြောင့် နောက်လိုက်အစား ဆရာကြီးဖြစ်နေပြီဖြစ်သည်။
ထိုကိစ္စများကို ခေတ္တမျှစဉ်းစားပြီးနောက်တွင် လင်းဇီချန်က အမြန်ပင် လက်ရှိသို့အာရုံပြန်ထားကာ ကားအပြင်ဘက် ပတ်ဝန်းကျင်ကို တစ်ချက်စစ်ကြည့်ပြန်သည်။
ကားပေါ်မှကျန်လူများကလည်း အတူတူပင်ဖြစ်သည်။ ကားပတ်ချာလည်တွင် ထိုမိန်းကလေးရှိမရှိကို စစ်ဆေးကြည့်ကြသည်။ ကျန်းခိုင်နှင့်ရှန်ကွမ်းယွဲ့ယင်းမှလွဲ၍ ဖြစ်သည်။ နှစ်ဦးလုံးက ရန်ဖြစ်ငြင်းခုံနေကြသည်။
သရဲရှိမရှိခေါင်းစဉ်နှင့်ပက်သက်ပြီး အငြင်းပွားနေကြကာ အခြားသူများကိုပါ စည်းရုံးရန် ကြိုးစားနေသည်။ ၎င်းတို့နှစ်ယောက်သည် မြေခွေးမိန်းကလေး ရုတ်တရက်ပေါ်လာသည့်ကိစ္စကို လုံးဝင်ပင် ဘေးဖယ်ထားသည်။
မြေခွေးမိန်းကလေးကလည်း ခေတ္တမျှသာပေါ်လာပြီး ပျောက်သွားခြင်းဖြစ်သည်။ အရိပ်အယောင်မျှပင် ထပ်မတွေ့ရတော့ပေ။ ထိုအချိန်တွင် ရှန်ကွမ်းယွဲ့ယင်းနှင့်ကျန်းခိုင်ကမူ အခြားသူများကိုပါရပ်တည်ပေးရန် ဆွဲထည့်လာကြသည်။ အများစုကမူ သရဲမရှိဟု ယုံကြသည်။ အနည်းအကျဉ်းကသာ သရဲရှိသည်ဟု ယုံကြည်ကြလေ၏။
အခန်း (၂၇၂) နေရာကိုအပိုင်စီးလိုက်သောမြေခွေးမိန်းကလေး (၂)
အချို့သူများကသာ သရဲရှိသည်ဟု ယုံကြသည်။ လူအများစုကမူ သရဲမရှိဟု ယုံထားသည်။
ကျန်းခိုင်က မိမိကိုယ်ကို ဘဝင်ခိုက်စွာဖြင့် ပြောလိုက်သည်။
''အများစုက မယုံကြဘူး။ အားလုံးလည်း ဒီကမ္ဘာကြီးမှာ သရဲမရှိဘူးလို့ ယုံမှာပဲ။ ဆာကူရာလေး မင်းကအယူသီးနေတာပဲ။''
ရှန်ကွမ်းယွဲ့ယင်းတစ်ယောက် ဒေါသထွက်သွားသည်။ သူမသည် ကျန်းခိုင်ကို ပြန်ငြင်းရန် ပြင်လိုက်စဉ်တွင်ပင်
ကားနောက်မှ တစ်ယောက်ယောက်က သူမဘက်ကနေ ပြောပေးသည်ကို ကြားလိုက်ရသည်။
''ဒီညီမလေးပြောတာမှန်တယ်။ ဒီလောကကြီးမှာ သရဲတွေဆိုတာ တကယ်ရှိတယ်။''
မရင်းနှီးသောအသံကို ကြားလိုက်ရ၍ အားလုံးခေါင်းလှည့်ကာ ကြည့်လိုက်ကြသည်။
ထို့နောက်တွင်မူ မြေခွေးမိန်းကလေးက ယခုတွင် ကားပေါ်ရောက်နေသည်ကို အထိတ်တလန့်ဖြင့် တွေ့လိုက်ကြသည်။ ထိုအချိန်တွင် မြေခွေးမိန်းကလေးသည် နောက်ခုံတန်းတွင် တစ်ယောက်တည်းထိုင်နေကာ ခြေထောက်တစ်ဖက်ပေါ်တစ်ဖက်တင်ပြီး လက်ပေါ်တွင် မေးထောက်လျက်သားဖြင့် အားလုံးကို ပြုံးပြလိုက်သည်။
လင်းဇီချန်သည်ပင် သူ(မ)ကိုကြည့်၍ စိတ်ထဲ၌ အကြောက်တရားဖြင့် ပြည့်လျှံသွားသည်။
ဘယ်လိုလုပ် ကားထဲမှာ ပေါ်လာရတာလဲ
သူတစ်ချိန်လုံးကားပေါ်ရှိနေတာကို ဘာလို့ သတိမထားမိကြတာလဲ
ထို့ထက်ပိုသည်မှာ လုထျန်းရုန်သည်ပင် သူမကို မထောက်လှမ်းနိုင်သည်လော
ထိုမိန်းကလေး၏သွေးမျိုးဆက်စွမ်းအားအဆင့်သည် အဆင့်မြင့်အဆင့်ဆဌမအဆင့်ထက် ကျော်လွန်မည်မှာ သေချာပေါက်ပင်။
ထိုသို့စဉ်းစားမိကာ လင်းဇီချန်တစ်ယောက် ပို၍စိတ်မသက်မသာဖြစ်မိသည်။
တစ်ဖက်တွင်မူ ကားနောက်ကြည့်မှန်မှ မြေခွေးနားရွက်မိန်းကလေးကို တွေ့လိုက်ရသောလုထျန်းရုန်သည်ပင် ရင်ထိတ်သွားရကာ အမြန်ပင် ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်သည်။
ထို့နောက်တွင် ချက်ချင်းပင် ဒရိုင်ဘာခုံမှထပြီး စူးရှသောအကြည့်မျိုးဖြင့် နောက်ခုံမှ မြေခွေးနားရွက်မိန်းကလေးကိုကြည့်ကာ မေးလိုက်သည်။
''မင်းဘယ်သူလဲ''
ထိုသို့မေးလိုက်ကာ လှုပ်ရှားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ချက်ချင်းမတိုက်ခိုက်သည်မှာ မြေခွေးမိန်းကလေးက ထူးဆန်းလွန်းနေပြီး သူမ၏အင်အားကလည်း ခန့်မှန်းရန်ခက်ခဲသောကြောင့် တိုက်ခိုက်လျှင် အန္တရာယ်များသောကြောင့်ဖြစ်၏။
ချက်ချင်းတိုက်ခိုက်မည့်အစား ဦးစွာပြောကြည့်ကာ သူမ၏ရည်ရွယ်ချက်ကို သိအောင်လုပ်သည်က ပိုကောင်းသည်။ ကိစ္စများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ခြင်းက ပို၍ကောင်းပေသည်။
လုထျန်းရုန်၏မေးခွန်းဖြင့် ရင်ဆိုင်လိုက်မိသောအခါတွင် ထိုမိန်းကလေးက နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလိုက်ပြီး
''ကျွန်မက လူမဟုတ်ဘူး။"
လူမဟုတ်ဘူးတဲ့လား
ထိုမိန်းကလေးက အမှန်ပင် သရဲဖြစ်နေသည်လော။
သရဲများက တကယ်ရှိသည်လော။
အားလုံးကျောချမ်းသွားကြသည်။
သူ(မ)က ဆက်ပြောလိုက်သည်။
''ဒါပမေဲ့လို့ ရှင်ကလည်းပဲ လူမဟုတ်ဘူး။ စောနက မိန်းကလေးတစ်ယောက်ကိုတောင် ဒီလောက်ကားအကြီးကြီးနဲ့ဝင်တိုက်နိုင်တဲ့စိတ်ရှိတာ။ လူသားမဆန်တာပဲပေါ့။''
ထိုသို့ပြောပြီးနောက်တွင် သူမ၏မျက်လုံးများက ရုတ်တရက်ပင် ထူးဆန်းသောခရမ်းရောင်ဖြင့် ဝင်းလက်သွားသည်။ သူမဖြင့်အကြည့်ချင်းဆုံနေသောလုထျန်းရုန်သည် ချက်ချင်းပင် ငိုင်ကျသွားကာ စိတ်ဖောက်ပြန်နေသောလူကြီးကဲ့သို့ မလှုပ်မယှက်ဖြင့် ရပ်နေလေသည်။
သူ၏စိတ်ကို ထိန်းချုပ်ခံလိုက်ရခြင်းပင် ဖြစ်၏။
ထိုမိန်းကလေးမခိုင်းစေလျှင် ထိုနေရာတွင်ပင် ရပ်နေမိမည်ဖြစ်သည်။
''ကားပေါ်ကဆင်းသွား။''
ထိုမိန်းကလေးက လုထျန်းရုန်ကို အမိန့်ပေးလိုက်သည်။
နောက်တွင်မူ လုထျန်းရုန်သည် နာခံစွာဖြင့် အားလုံး၏ထူးဆန်းနေသောအကြည့်အောက်တွင် ကားတံခါးဆီသို့သွားကာ အောက်သို့ဆင်းသွားသည်။ ထူးဆန်းသောမြင်ကွင်းကိုမြင်လိုက်ရသောကြောင့် ကားပေါ်တွင်ကျန်နေခဲ့ကြသူများသည် စိတ်ပျက်အားငယ်သွားကြသည်။
ဆရာဖြစ်သူကိုပင် အလွယ်လေး ရင်ဆိုင်လိုက်နိုင်သည်။
အဆုံးသတ်ပင်ဖြစ်တော့သည်.....
အားလုံးသည် ထိုမြေခွေးနားရွက်မိန်းကလေးသည် ဂမ္ဘီရသစ်ပင်ဂိုဏ်းမှဖြစ်ကာ မိမိတို့ကို လာဖမ်းသည်ဟု ထင်မိကြသည်။ အားလုံးသည် ပြာနှမ်းနေသောမျက်နှာဖြင့် အချင်းချင်းကြည့်လိုက်ကြကာ မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ မြင်မိသကဲ့သို့ပင်။ အားလုံးတွေးနေကြစဉ်တွင်ပင် မြေခွေးနားရွက်မိန်းကလေးက ပြောလိုက်လေသည်။
''လင်းဇီချန်ကလွဲလို့ ကျန်တဲ့သူတွေအားလုံး ကားပေါ်ကဆင်းကြ။ ငါမင်းတို့ကို စိတ်မဝင်စားဘူး။''
သူက အကုန်လုံးကို ဒီလိုမျိုးလွှတ်ပေးလိုက်တာလား
အားလုံသည် နားကြားမှားသည်ဟုသာ ထင်လိုက်မိကြသည်။ အားလုံးသည် ကားပေါ်မှဆင်းသွားကြကာ ထိုမိန်းကလေးစိတ်ပြောင်းသွားမည်ကို စိုးနေကြသည်။ လင်းဇီချန်အပါအဝင် ကားပေါ်မှ (၁၃) ယောက်ဆင်းလာကာ (၆) ယောက်နေခဲ့သည်။
နေခဲ့သောငါးဦးမှာ ရှန်ချင်းဟန်၊ လီမော်ယွီ၊ မာရှိဝေ၊ လော်ရုန်ကျန်း၊ ကျန်းခိုင်နှင့် ကျောက်ယွမ်ကျုံးတို့ပင် ဖြစ်၏။ ထိုသူများကို လင်းဇီချန်ကို ပစ်မသွားနိုင်ကြပေ။
လင်းဇီချန်က ဝင်ပြောလိုက်သည်။
''သူက ငါ့ကိုပစ်မှတ်ထားတာ။ မင်းတို့အားလုံးထွက်သွားသင့်ပြီ။"
မိမိအတွက်မူ ထိုသူများ ဝန်ထုပ်ဝန်ပိုးသာဖြစ်ကာ ထွက်သွားသည်က ပို၍ကောင်းသောရွေးချယ်မှုဖြစ်သည်။
"ဂရုစိုက်ပါ။''
ထိုသို့ပြောပြီးနောက်တွင် ကျောက်ယွမ်ကျုံးက လှည့်ထွက်သွားသည်။ ထွက်သွားရန် အခွင့်အရေးရှိသော်လည်း နေခဲ့သည်က သူ၏ရပ်တည်ချက်ကို ပြသပြီးဖြစ်သည်။ ရပ်တည်ချက်ရှင်းလင်းသောကြောင့် သွားချိန်တန်လေပြီ။
ကျန်းခိုင်ကလည်း အတူတူပင် ထွက်သွား၏။
လီမော်ယွီ၊ လော်ရုန်ကျန်းနှင့် မာရှိဝေတို့သည် ခေတ္တမျှတွန့်ဆုတ်နေမိကြသေးသည်။ နေနေလျှင်လည်း လင်းဇီချန်အတွက် အကူအညီမရသည်ကို သိသောအခါမှ ကားပေါ်မှဆင်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ရှန်ချင်းဟန်သာ ကျန်နေခဲ့သည်။
သူ(မ)သည် လင်းဇီချန်၏လက်ကိုဆွဲကာ ခွဲခွာရန် ဆန္ဒမရှိပေ။ မြေခွေးမိန်းကလေးက တင်းကျပ်စွာဆုပ်ကိုင်ထားသောလက်များကိုကြည့်၍ ရှန်ချင်းဟန်ကို မကျေမနပ်ဖြင့် ပြောလိုက်သည်။
''ဘာလို့ ငါ့အိပ်ရာကျေးကျွန်ရဲ့လက်ကို ကိုင်ထားရတာလဲ ညီမလေး။''
သူ(မ)သည် လင်းဇီချန်ကို သူ(မ)ပိုင်ဆိုင်မှုဟု ကြွေးကြော်လိုက်ပြီဖြစ်ကာ သူမစိတ်တိုင်းကျကစားမည်ဖြစ်သောကြောင့် အခြားသူများမထိစေလိုပေ။
ရှန်ချင်းဟန်သည် တိတ်ဆိတ်နေကာ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ခေတ္တမျှကြာသောအခါတွင် မိမိသည် ထိုမြေခွေးမိန်းကလေး၏ချီသွေးကို ထိန်းချုပ်ရန် တွေးကြည့်သည်။ ကံကောင်းစွာဖြင့် ကျိုးကြောင်းစဉ်းစားတတ်မှုက စိတ်လိုက်မာန်ပါလုပ်ခြင်းကို ကျော်လွှားနိုင်လိုက်သောကြောင့် ထိုသို့မလုပ်ရန် ရွေးချယ်လိုက်၏။
မြေခွေးနားရွက်ဖြင့်မိန်းကလေးသည် ဆရာလုကိုပင် အလွယ်တကူရင်ဆိုင်လိုက်နိုင်သည်။ အခြေခံအဆင့်ဆဌမအဆင့်ရှိသည့်မိမိသည် ထိုမိန်းကလေးကို ရန်သွားစပါလျှင် နောက်ဆက်တွဲက စဉ်းစားနိုင်ဖွယ်ပင် မရှိပေ။ ရှန်ချင်းဟန်က ထိုအကြောင်းနှင့်ပက်သက်၍ ရှင်းလင်းစွာသိထားသည်။ ရှန်ချင်းဟန်ဆက်နေနေလျှင် အန္တရာယ်များမည်ကို စိုးရိမ်သောလင်းဇီချန်က သူမလက်ကိုလွှတ်ကာ ပြောလိုက်သည်။
''ဟန်ဟန် ကားပေါ်ကဆင်းတော့။''
''ဒါပေမဲ့...''
''ငါပြောတာနားထောင်။ ဆင်းတော့....''
''....''
ရှန်ချင်းဟန်ကမူ မလှုပ်ပေ။ တိတ်ဆတ်စွာဖြင့် နှုတ်ခမ်းလေးဆူနေသည်။ ယခင်က လင်းဇီချန်သည် မိမိဘာသာအန္တရာယ်ရှိသည့်လမ်းကိုရွေး၍ မျက်နှာဖုံးစွပ်လူဖြင့်တိုက်ခိုက်ခဲ့ကာ မိမိသည် နောင်တများစွာဖြင့် စိတ်ပူလွန်းသဖြင့် ငိုချင်စိတ်ပင်ပေါက်ခဲ့သည်။
ယခုတွင်မူ လင်းဇီချန်ဖြင့် ပြန်ဆုံကာစပင်ရှိသေးသဖြင့် ထပ်မံ၍ မခွဲခွာလိုပေ။
အခန်း (၂၇၃) နေရာကိုအပိုင်စီးလိုက်သောမြေခွေးမိန်းကလေး (၃)
ယခုခွဲခြားခြင်း ယခင်ကကဲ့သို့ ကံမကောင်းနိုင်မည်ကို စိုးမိပေသည်။ သူမသည် လင်းဇီချန်ဖြင့် ပြန်ဆုံနိုင်တော့မည်မဟုတ်ပေ။ ရှန်ချင်းဟန်က ကားထဲမှထွက်ရန် ငြင်းဆိုနေသည်ကို မြင်ရသောကြောင့် လင်းဇီချန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် ငယ်ချစ်ဦးကို မောင်းထုတ်ရန်ပြင်လိုက်သည်။ စိတ်ခံစားချက်ထက် ကျိုးကြောင်းဆီလျော်ရမည်ဖြစ်ကာ အန္တရာယ်ကင်းရန်အတွက်ဖြစ်၏။ သို့သော်လည်း မိမိတို့ရှေ့မှမိန်းကလေးက ရှန်ချင်းဟန်ကို ရွေ့ပေးလိုက်သည်။ သူမသည် အတွေးတစ်ခုဖြင့် ရှန်ချင်းဟန်ကို လေထဲတွင် မြှောက်တက်သွားစေပြီး အားပြင်းပြင်းဖြင့် ကားပြတင်းပေါက်ကိုခွဲကာ အပြင်သို့ ပို့ပေးလိုက်သည်။ မှန်ဖြင့်ဝင်တိုက်မိသောအားက ပြင်းလှသည်။ ကားမှန်သည် ဘုန်းခနဲမြည်သံနှင့်အတူ နေရာအနှံ့တွင် အပိုင်းအစများ လွင့်ကြဲသွားသည်။
ကားတစ်ခုလုံးလည်း လှုပ်သွားသည်။
လင်းဇီချန်သည် ပြင်းထန်သောအားကိုခံစားမိကာ ချက်ချင်းပင် စိတ်ပူနေသောအကြည့်ဖြင့် ပြတင်းပေါက်အပြင်ဘက်မှ ရှန်ချင်းဟန်ကို လှည့်ကြည့်လိုက်သည်။ ရှန်ချင်းဟန်အန္တရာယ်မဖြစ်သည်ကို မြင်သောအခါမှသာ သက်ပြင်းချလိုက်မိ၏။
.....
ကားအပြင်ဘက်တွင်မူ ရှန်ချင်းဟန်က မတ်တတ်ရပ်နေသည်။ မျက်ဝန်းများထဲ၌ မျက်ရည်များဝဲနေ၏။ သူမသည် ကားထဲသို့ပြန်ဝင်ကာ လင်းဇီချန်နှင့်အတူ ရှိနေချင်မိသည်။ သို့သော်လည်း စိတ်ငြိမ်အောင်လုပ်၍ သေချာစဉ်းစားကြည့်သောအခါမှ ထိုသို့လုပ်ခြင်းက အကျိုးမရှိသည်ကို သိလိုက်သည်။ ထို့ကြောင့် ကားအပြင်တွင်ရပ်ကာ လင်းဇီချန်ကို ငိုထားသဖြင့်နီရဲနေသောမျက်လုံးများဖြင့် ကြည့်နေမိပြီး စိတ်ထဲတွင်လည်း အန္တရာယ်မဖြစ်ရန် ဆုတောင်းနေမိသည်။
''ချင်းဟန် အဲ့လောက်အနားမကပ်နဲ့။''
မာရှိဝေက ရောက်လာပြီး ရှန်ချင်းဟန်ကိုဆွဲခေါ်သွားသည်။ ကားထဲမှမြေခွေးနားရွက်မိန်းကလေးသည် သွေးဆာနေဟန်မပေါ်ပေ။ သို့သော်လည်း ဆိုရိုးစကားအတိုင်း ဝမ်းနည်းရသည်ထက် လုံခြုံသည်က ပို၍ကောင်းသည်။ ထိုမိန်းကလေးက ရှန်ချင်းဟန်ကို စိတ်ခု၍ တစ်ချက်တည်းဖြင့် ရှင်းမပစ်နိုင်ဟု မည်သူမှအာမမခံနိုင်ပေ။
မာရှိဝေက ရှန်ချင်းဟန်ကို ဆွဲခေါ်သွားကာ နှစ်သိမ့်ပေးနေ၏။
''အခုငါတို့ ဘာမှမတတ်နိုင်ဘူး။ ငါတို့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ရန်သူကိုရန်မစမိဖို့နဲ့ တပ်ကူရောက်လာမှာကို စောင့်နေဖို့ပဲ။''
''ငါသိပါတယ် ငါသိပါတယ်။ ဒါပေမဲ့လို့ ငါ....''
ရှန်ချင်းဟန်၏အသံက ရှိုက်ငင်သံပေါက်နေသည်။
ပြောရင်းဖြင့် စိတ်ပူသောမျက်ဝန်းများဖြင့် ကားထဲကိုကြည့်လိုက်ပြန်ကာ လင်းဇီချန်တစ်ယောက် သူမ၏မြင်ကွင်းမှ ပျောက်သွားမည်ကို ကြောက်နေမိသည်။ ထိုအချိန်တွင် လော်ရုန်ကျန်းသည် တွေဝေနေသောအမူအရာြဖင့် ရောက်လာပြီး ပြောလိုက်လေသည်။
''မတော်တဆဖြစ်ကတည်းက တော်တော်အချိန်ကြာနေပြီ။ ဘာလို့ စစ်တပ်ရဲ့ကယ်ဆယ်ရေးက ရောက်မလာသေးတာလဲ။"
''စစ်တပ်နဲ့ဆို အဲ့လောက်မဝေးပါဘူး။''
လီမော်ယွီကလည်း နားလည်စပြုလာသည်။
''ငါတို့လေ့ကျင့်ရေးလုပ်တာက လျှို့ဝှက်ချက်ပဲ။ အဲ့တာတောင် ဂမ္ဘီရသစ်ပင်ဂိုဏ်းက သိနေသေးတယ်။ စစ်တပ်ထဲမှာ သစ္စာဖောက်ရှိလိမ့်မယ်ဆိုတာကို မယုံနိုင်ဘူး။''
''လေ့ကျင့်ရေးအဖွဲ့ဝင်တွေထဲမှာတောင် သစ္စာဖောက်ရှိလောက်တယ်။''
''အဲ့လိုဆိုရင်တော့ လာကယ်မှာကို မေ့ထားလိုက်တော့။ ရောက်လာမလာဆိုတာ မသေချာဘူး။ စစ်တပ်ထဲက သစ္စာဖောက်က လာကယ်မှာကို အချိန်ဆွဲပြီးနှောင့်နှေးအောင်လုပ်မှာပဲ။"
''အကူအညီခေါ်မှာလည်း မေ့ထားလိုက်တော့။ ငါကြိုးစားကြည့်ပြီးပြီ။ အချက်ပြတာတွေကို ပိတ်ထားတယ်။ ငါတို့အပြင်လောကနဲ့ဆက်သွယ်လို့မရဘူး။"
''အခု တစ်ခုတည်းသောမျှော်လင့်ချက်က တိုက်ပွဲအပြင်းအထန်တိုက်နေတဲ့ ကျောင်းအုပ်ယွမ်ပဲရှိတော့တယ်။''
''သူရန်သူကိုနိုင်ပြီး ငါတို့ကိုလာကယ်ဖို့ပဲမျှော်လင့်ရတော့တယ်။''
''.....''
လီမော်ယွီပြောသည်ကိုနားထောင်ကာ မာရှိဝေနှင့်လော်ရုန်ကျန်းတို့ တိတ်ဆိတ်သွားသည်။ ရှန်ချင်းဟန်ကမူ မတိတ်ဆိတ်သေးပေ။ သူမသည် လက်နှစ်ဖက်ကိုဆုပ်၍ ဆုတောင်းနေမိသည်။
''ဆရာနိုင်မှဖြစ်မယ်။ ဆရာနိုင်မှဖြစ်မယ်။ ဆရာနိုင်မှဖြစ်မယ်......''
ဆရာလား
ကျန်သုံးဦးသည် ရှန်ချင်းဟန်နှင့်ယွမ်သုန်ကျီတို့၏ပက်သက်မှုကို သိမထားပေ။ သူမက ဆရာဟုထပ်ခါတလဲလဲခေါ်နေသည်ကို ကြားသောကြောင့် ထူးဆန်းသောလျှို့ဝှက်ချက်ကို ဖော်လိုက်မိသကဲ့သို့ ဖြစ်၏။ လင်းဇီချန်ရှိသောနေရာတွင်ပင် လေးဦးသားရပ်နေကာ ထွက်မသွားကြသေးပေ။
မြို့တော်တက္ကသိုလ်၊ စက်နတ်ဘုရားအုပ်စုနှင့် စစ်တပ်နယ်မြေမှလေ့ကျင့်ရေးများကမူ ထိုနေရာမှ ပျောက်သွားပြီဖြစ်ကာ ကားထဲမှဆင်းလျှင်ဆင်းချင်းပင် အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးသွားကြပြီဖြစ်သည်။
မြေခွေးနားရွက်မိန်းကလေးစိတ်ပြောင်းသွားကာ မိမိတို့ကို အလွတ်မပေးမည်ကို စိုးသောကြောင့်ပင် ဖြစ်လေ၏။