အပိုင်း ၂၇၄-၂၇၆
Vol. 19 Ch. 274-276
အခန်း (၂၇၄) မြေခွေးမိစ္ဆာနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခြင်း! အသားနဲ့ဝိညာဉ်တိုက်မိခြင်း
ကားထဲတွင် လင်းဇီချန်တစ်ဦးတည်းသာ ကျန်ခဲ့ပြီး မျက်နှာထားခပ်တည်တည်ဖြင့် မြေခွေးနားရွက်မိန်းကလေးဖြင့် မျက်နှာချင်းဆိုင်နေသည်။ သူသည် သူ(မ)၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို အန္တရာယ်ကြိုသိမြင်ခြင်းဖြင့် ချောင်းကြည့်ကြည့်သော်လည်း အခြေခံနဝမအဆင့်ဟုသာ ပြနေသည်။ ထိုသို့ထူးဆန်းသောနည်းလမ်းဖြင့်ဆိုလျှင် သာမန်သက်ရှိမည်သို့ဖြစ်နိုင်မည်နည်း။ ယုတ္တိမရှိလှပေ။ ဇီဝဗေဒဆိုင်ရာအားဖြင့်မူ ဆန့်ကျင်ဘက်ဖြစ်နေသည်။
သူ(မ)၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို ရုပ်ဖျက်ထားသည်လော။ လင်းဇီချန်က ပို၍တွေးမိလေလေ ပို၍စိတ်မသက်မသာဖြစ်လာမိလေပင်ဖြစ်၏။ မြေခွေးနားရွက်မိန်းကလေး၏အင်အားအစစ်အမှန်ကိုသာ သိရလျှင် သူ(မ)၏အဆင့်သည် သခင်အဆင့်နီးပါးမြင့်နေသည်ဆိုလျှင်ပင် ထိုမျှစိတ်မသက်မသာဖြစ်မည်မဟုတ်ပေ။
ယခုတွင်စိတ်ပူနေမိသည်မှာ ထိုကိစ္စတစ်ခုတည်းသာ ဖြစ်၏။ မိမိရှေ့မှမိန်းကလေးသည် ယွမ်သုန်ကျီထက်ပင် အားကောင်းသည်။ အမှန်ဆိုလျှင် ယနေ့သည် စိတ်ကူးထားသည်ထက်ပင် ပို၍အန္တရာယ်များနေလိမ့်မည်။
''အိပ်ရာကျေးကျွန်လေး အခု ငါတို့နှစ်ယောက်တည်းပဲ ကားထဲမှာကျန်ခဲ့တာနော်။"
မြေခွေးနားရွက်မိန်းကလေးက ခုံမှထလာပြီး လင်းဇီချန်ရှိရာသို့ လျှောက်လာကာ ဆွဲဆောင်မှုရှိသောအပြုံးမျိုး ပြုံးပြလိုက်သည်။ လျှောက်လာရင်းဖြင့် လျော့ရဲရဲအင်္ကျီလက်စများက တဖျပ်ဖျပ်လွင့်နေသည်။ ခြေလှမ်းများက ပေါ့ပါးလှသည်။
သူ(မ)သည် လှပစွာ ယိမ်းနွဲ့နေသော ခရမ်းရောင်လိပ်ပြာလေးနှင့်တူကာ မြင်သူတိုင်းကို မျက်စိပဒဿဖြစ်စေသည်။ ထိုမိန်းကလေးခြေဗလာဖြင့် လျှောက်လာသည်ကို ကြည့်၍ လင်းဇီချန်တွေဝေနေမိသည်။ သူ(မ)သည် ခြေထောက်ညစ်ပတ်မည်ကို မကြောက်သည်လော။
တွေးနေစဉ်တွင်ပင် ထိုမိန်းကလေးမှာ ခြေဗလာဖြင့် လမ်းလျှောက်နေခြင်းမဟုတ်ဘဲ လေထဲတွင်လွင့်မျောနေသည်ကို သိလိုက်ရသောကြောင့် အံ့အားသင့်သွားသည်။ အနီးကပ်ကြည့်လိုက်သောအခါတွင် သူ(မ)၏ခြေထောက်သည် မြေကြီးဖြင့် အနည်းငယ်မျှ ကွာဟသေးသည်။ စင်တီမီတာဝက်ခန့် ကွာနေသည်။ အနီးကပ်မကြည့်လျှင် သတိထားမိရန် ခက်ခဲလှသည်။ လင်းဇီချန်က အသာမျက်မှောင်ကြုတ်၍ အမူအရာကလည်း ပို၍ပင် တည်သွားသည်။
မိမိရှေ့မှမိန်ကလေးသည် ဖိနပ်စီးမထားပေ။ သို့သော်လည်း ခြေထောက်များက သန့်ရှင်းကြည်လင်နေဆဲဖြစ်ကာ ဖုန်တစ်စက်ကလေးပင် တင်မနေပေ။
သူ(မ)သည် တစ်ချိန်လုံးလေပေါ်တွင်ဝဲနေကာ မြေကြီးဖြင့်ခြေထောက်မသိဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ဈာန်ပျံခြင်းကို အမြဲထိန်းသိမ်းထားရန်မှာ မည်မျှဝိညာဉ်စွမ်းအားကောင်းရမည်နည်း။ ယွမ်သုန်ကျီ၏ဝိညာဉ်စွမ်းအားသည်ပင် ထိုမျှကောင်းနိုင်မည်လော။
လင်းဇီချန်သည် အတွေးဝဲဂယက်တွင် မျောနေကာ ပို၍စဉ်းစားလေလေ ပို၍အကူအညီမဲ့သည်ဟု ခံစားမိလေလေပင်ဖြစ်သည်။ မိမိရှေ့မှ မိန်းကလေးသည် လွန်စွာအားကောင်းလှပေသည်။ မကြာခင်တွင်ပင် ထိုမိန်းကလေးက လင်းဇီချန်နားသို့ ရောက်လာပြီး သိမ်မွေ့သောလေသံဖြင့် ပြောလိုက်သည်။
''အိပ်ရာကျေးကျွန်လေး ဘာလို့ မျက်မှောင်ကြုတ်နေရတာလဲ။ တို့မင်းကို ကိုက်မစားပါဘူး။ စိတ်အေးအေးထားပါ။"
ထိုစကားကို နားထောင်နေရင်းဖြင့် လင်းဇီချန်သည် ပန်းနံ့ခပ်ရေးရေးကို အနံ့ရသည်။ ထိုမိန်းကလေးဆီမှလာခြင်းပင်ဖြစ်၏။ အနံ့သည် ချိုအီမွှေးနေကာ မူးယစ်စေသောကြောင့် အနံ့ရသူများကို အနားသို့ ပို၍တိုးလာစေချင်မိသည်။ ထိုပန်းအနံ့က မူမမှန်ပေ။ ရာဂစိတ်မြင့်တက်စေသောအာနိသင်မျိုး ရှိစေမည်။ လင်းဇီချန်က ထိုအနံ့၏အာနိသင်ကို ရိပ်မိသောကြောင့် နောက်သို့ ခြေတစ်လှမ်းဆုတ်သွဦးကာ တည်ငြိမ်စွာဖြင့်မေးလိုက်၏။
''အိပ်ရာကျေးကျွန်ဆိုတာ ဘာကိုဆိုလိုတာလဲ။"
မေးလိုက်ရင်းဖြင့်ပင် မိမိဘာသာ လှုပ်ရှားရန် ပြင်ဆင်ထားလိုက်သည်။ ထိုမြေခွေးနားရွက်မိန်းကလေးက သံသယဖြစ်ဖွယ်လှုပ်ရှားမှုမျိုး လုပ်လာလျှင် ထိုးနှက်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ ထိုမိန်းကလေးကို နိုင်ရန်အခွင့်အရေးက နည်းပါးသော်လည်း သေချာသိအောင် လုပ်ရပေမည်။ သူ(မ)ကို နိုင်နိုင်လျှင်မည်သို့လုပ်မည်နည်း။
သူ(မ)သည် ဝိညာဉ်စွမ်းအားပိုင်းဆိုင်ရာသာ အားမြင့်ပြီး ခန္ဓာကိုယ်က အားနည်းနေလျှင်မူ
မည်သို့မဆို ဖြစ်နိုင်ပေသည်။
သက်ရှိများသည် ဝိညာဉ်စွမ်းအားတွင် လွန်စွာအားကောင်းကြသော်လည်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွင်မူ အားနည်းတတ်ကြသည်။ ဆန်းကြယ်သားရဲများစွာသည် ဝိညာဉ်စွမ်းအားတွင်သာ ထူးချွန်တတ်ကြ၏။
''အိပ်ရာကျေးကျွန်ဆိုတာက အိပ်ရာပေါ်ကအစေခံတစ်ယောက်ကိုပြောတာလေ။ တို့ကို ပျော်အောင်လုပ်ပေးရမယ်၊ ဝိညာဉ်စွမ်းအားတွေ အကုန်ခံရမယ်။"
မြေခွေးနားရွက်မိန်းကလေးက ဟက်ကနဲရယ်ကာ ဆက်ပြောလိုက်သည်။
''မင်းရဲ့ခန္ဓာကိုယ်ကြံ့ခိုင်တာနဲ့ ချောမောတဲ့ရုပ်ရည်က တို့လိုအပ်ချက်နှစ်ခုလုံးနဲ့ ကိုက်ညီတယ်။"
"အထူးသဖြင့် မင်းရဲ့ခန္ဓာကိုယ်ပေါ့။ လက်တစ်ဖက်တည်းနဲ့တောင် အဆင့်မြင့်ဆဌမအဆင့်ကိုသတ်ပစ်နိုင်တာက မယုံနိုင်စရာပဲ။"
"ဒီလိုမျိုးခန္ဓာကိုယ်အားနဲ့ဆိုရင် ဝိညာဉ်စွမ်းအားကလည်း ကျေနပ်စရာကောင်းမှာပဲ။ ငါ့ကျေးကျွန်ဖြစ်ဖို့ အရည်အချင်းမှီတယ်။"
ဝိညာဉ်စွမ်းအားကို စားသုံးမည်လော။
ဘာများဖြစ်မည်နည်း
လင်းဇီချန်က တစ်ခုခုကို သဘောပေါက်သွား၍ မေးလိုက်သည်။
''ခင်ဗျားက ဆင့်ကဲပြောင်းလဲသူလား ဆန်းကြယ်သားရဲလား မဟုတ်ရင်လည်း ဆန်းကြယ်လူသားလား။"
ထိုမတိုင်ခင်တွင် မြေခွေးနားရွက်မိန်းကလေးသည် ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့် ပေါင်းစပ်ထားသောသွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူဟု ထင်ခဲ့မိသည်။ ယခုတွင်မူ မိမိအထင်မှားနေကြောင်းသိလာသည်။ သူ(မ)သည် လူမဟုတ်နိုင်ပေ။ မဟုတ်လျှင်လည်း ကမ္ဘာမြေသားမဟုတ်နိုင်ပေ။
အသွင်ပြောင်းထားသောဆန်းကြယ်သားရဲ မဟုတ်လျှင် မူလမြေတွင်နေထိုင်သည်ဟုပြောဆိုကြသော ဆန်းကြယ်လူသားများဖြစ်ပေမည်။ သို့သော်လည်း မြေခွေးနားရွက်မိန်းကလေးပြန်ဖြေလိုက်သည်က မျှော်လင့်မထားသောအဖြေပင် ဖြစ်၏။ သူ(မ)သည် နှစ်ခုတွဲခုံပေါ်တွင်ထိုင်ပြီး ပျင်းရိစွာဖြင့် တင်ပျဉ်ခွေချိတ်ကာ သူ(မ)၏နူးညံ့သောခြေထောက်လေးကိုထိရင်းဖြင့် ပြုံးပြလိုက်သည်။
''တို့က သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူမဟုတ်သလို ဆန်းကြယ်သားရဲလည်းမဟုတ်သလို ဆန်းကြယ်လူသားလည်းမဟုတ်ဘူး။"
''တစ်ခုမှမဟုတ်ဘူးလား။"
လင်းဇီချန်အနည်းငယ်မျှ တွေဝေသွားသည်။
တစ်ခုမှမဟုတ်လျှင် ဘာကြီးဖြစ်မည်နည်း။ သူ(မ)သည် မိမိကဲ့သို့ သွေးသန့်လူသားလမ်းစဉ်လိုက်သူလော။ သို့သော်လည်း သူ(မ)တွင် မြေခွေးနားရွက်နှင့်အမြီးရှီနေသည်။ သေချာပေါက် သွေးသန့်လူသားမဟုတ်နိုင်ပေ။
ထိုမိန်းကလေးက ဆက်ပြောလိုက်သည်။
''တို့က ကမ္ဘာသားတစ်ဝက်ပဲ။"
လင်းဇီချန်က သူ(မ)ဆိုလိုသည်ကို နားမလည်ပေ။ သို့သော် မကြာခင်တွင်ပင် တစ်ခုခုကိုတွေးမိကာ မေးလိုက်မိသည်။
''မင်းက မူလမြေကလား။"
''ဉာဏ်ကောင်းတာပဲ။ မင်းခန့်မှန်းတာမှန်တယ်။"
ထိုမိန်းကလေးက ပြုံး၍ ဆိုလိုက်သည်။
''တကယ်တော့ တို့ကမူလမြေကပဲ။ ဒါပေမဲ့ စိတ်ချပါ။ တို့က အဲ့မှာရှိတဲ့အခြားသက်ရှိတွေလိုမျိုးမဟုတ်ဘူး။ ကမ္ဘာပေါ်ကိုကျူးကျော်ဖို့လည်း မတွေးဘူး။ တစ်ခုခုမကောင်းတာလုပ်ဖို့လည်း စဉ်းစားမထားဘူး။"
''ဘာလို့လဲဆိုတော့ တို့လည်း လူသွေးတစ်ဝက်ပါနေလို့လေ။ တို့လည်း လူတစ်ဝက်ဖြစ်နေလို့ပဲ။"
"တိတိကျကျပြောရရင် ကမ္ဘာက တို့ရဲ့ဒုတိယအိမ်ပဲလေ။"
“…”
လင်းဇီချန်က မေးလိုက်မိသည်။
'' မင်းက လူနဲ့တိရစ္ဆာန်သွေးနှောလား။"
မြေခွေးနားရွက်မိန်းကလေးက ပြောလိုက်သည်။
''လူတိရစ္ဆာန်မဟုတ်ဘူး။ လူမြေခွေး။ မြေခွေးမိစ္ဆာ။"
''သားရဲဆိုတာက ဘာစိတ်ခံစားချက်မှမရှိတဲ့သက်ရှိလေ။"
''တို့အမေက လူစကားပြောနိုင်တယ်။ မမွေးခင် ဆယ်လလောက်လွယ်ခဲ့ရတာ။ ဂီတ၊ ကျားထိုးတာ၊ လက်ရေးလှနဲ့ပန်းချီဆွဲတာလည်း ကျွမ်းကျင်တယ်။ အဲ့တာကိုရော သားရဲလို့ထင်တာလား။"
အခန်း (၂၇၅) မြေခွေးမိစ္ဆာနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခြင်း! အသားနဲ့ဝိညာဉ်တိုက်မိခြင်း! (၂)
ထိုသို့ပြောပြီးနောက်တွင် မြေခွေးနားရွက်မိန်းကလေးသည် အသာသက်ပြင်းချလိုက်မိ၏။
''တို့အမေက အရမ်းတော်တယ်။ ဒါပေမဲ့လို့ ကမ္ဘာမြေသားအဖေက သူ့ကို မမြတ်နိုးခဲ့ဘူး။ အမေက သူ့ကို ချစ်နေတာကို အခွင့်ကောင်းယူပြီး သူ့ကို အကောက်ကြံတယ်။ ငွေနဲ့လိင်အတွက် လှည့်စားခဲ့တယ်။ ပြီးတော့ တို့ကိုလည်း ကိုယ်ဝန်ရရော အစအနမရှိ ပျောက်သွားတာပဲ။"
''သမီးဖြစ်တဲ့တို့က သူ့ကို တစ်ခါလေးတောင်မမြင်ဖူးဘဲ ကြီးပြင်းလာခဲ့တာ။"
"အမေက ရူးမိုက်ပြီးတော့ ဘာမှမဟုတ်တဲ့ယောက်ျားကို အလွယ်ယုံခဲ့တယ်။"
"တို့သဘောထားအရဆိုရင် ယောက်ျားတွေတွေက အိပ်ရာကျေးကျွန်ဖြစ်ဖို့သက်သက်ပဲ။ သူတို့သခင်က လည်ပင်းကိုကြိုးတပ်ပေးထာတဲ့နောက် လိုက်လာရုံပဲ။"
ပြောနေရင်းဖြင့် ထိုမိန်းကလေးက လေထဲတွင် သားရဲအရေခွံလည်ပတ်တစ်ခုကို ဖန်တီးလိုက်သည်။ သူမသည် ဝိညာဉ်ကိုဖမ်းစားနိုင်သည့်အပြုံးလေးမျိုးပြုံး၍ မေးလိုက်သည်။
"တို့ကတော့ မင်းနဲ့ဆို ပွင့်လင်းတယ်။ တို့မင်းအတွက် သေချာပြင်ပေးထားတဲ့ ဒီလည်ပတ်ကိုဝတ်ပြီး တို့ရဲ့အိပ်ရာကျေးကျွန်ဖြစ်လာဖို့ဆန္ဒရှိလား။"
ပစ္စည်းများကို မည်သည့်နေရာကနေမဆို ဆင့်ခေါ်နိုင်သည်လော။ ထိုမိန်းကလေးသည် လေထဲတွင် လည်ပတ်တစ်ခုကို ပေါ်လာစေသောကြောင့် လင်းဇီချန်သည်ပင် အတော်လေးအံ့ဩသွား၏။ ထိုမိန်းကလေး၏လက်များကို ကြည့်ကြည့်လိုက်သည်။ လက်စွပ်များရှိမရှိကြည့်ကြည့်သည်။ မည်သည့်လက်စွပ်မှမရှိပေ။ လက်ဆယ်ချောင်းလုံးသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးချောမွတ်နေပြီး မည်သည့်အဆင်တန်ဆာမှ ဝတ်မထားပေ။
ထိုသို့စဉ်းစားမိသဖြင့် လင်းဇီချန်က မေးလိုက်သည်။
"ငါငြင်းမယ်ဆိုရင်ရော။"
"ငြင်းတာရဲ့နောက်ဆက်တွဲကတော့....."
ထိုမိန်းကလေးက ချိုသာစွာ ပြုံးပြလိုက်သည်။
''မင်းငြင်းဖို့ အကြောင်းရင်းမရှိပါဘူး။ အဲ့လိုလုပ်ဖို့လည်း အရည်အချင်းမရှိဘူး။"
လင်းဇီချန်က တိတ်ဆိတ်သွားပြီးနောက်တွင် ပြောလိုက်သည်။
"ငါ့ကိုစဉ်းစားဖို့အချိန်ပေးပါ။"
သူသည် ထိုမိန်းကလေးကနိုင်နိုင်ရန်အတွက် ယုံကြည်ချက်ကင်းမဲ့နေသည်။ တစ်ခုတည်းသောရွေးချယ်ရန်မှာ စစ်တပ်မှလူများရောက်လာသည်အထိ အချိန်ဆွဲရန်သာဖြစ်သည်။ ယွမ်သုန်ကျီတိုက်ခိုက်ပြီးသည်ကိုလည်း စောင့်ရပေမည်။
''အချိန်ဆွဲနေတာလား။"
မြေခွေးနားရွက်မိန်းကလေးက ရယ်လိုက်ပြီး
''လက်လျော့လိုက်စမ်းပါ။ စစ်တပ်ကလူတွေ ဒီနေရာကို ရောက်လာမှာမဟုတ်ဘူး။"
"သူတို့လာတဲ့အခါကျရင် လီလီပန်းတွေတောင် အေးနေလောက်ပြီ။"
"မဟုတ်ရင်လည်း တို့က မင်းနဲ့စကားအများကြီးအချိန်ကုန်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ။"
ထိုမိန်းကလေးက နဖူးပေါ်မှဆံစများကိုသပ်၍ ဆက်ပြောလိုက်သည်။
''တို့က အခြားသူတွေကိုဖိအားပေးပြီး ဝန်ခံအောင်လုပ်ရတာကိုကြိုက်တယ်နော်။"
"မင်းသာ တို့ရဲ့အိပ်ရာကျေးကျွန်လုပ်မယ်ဆိုရင် တို့အာမခံတယ်။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက မင်းကို ပစ်မှတ်ထားတော့မှာမဟုတ်ဘူး။"
"နောင်ကျရင် သူတို့က မင်းကိုမြင်တဲ့ အရှင်ဆိုပြီးတော့တောင် တလေးတစားနဲ့ ဖြစ်နေဦးမှာ။"
“…”
''ငါတကယ်စဉ်းစားဖို့လိုလို့ပါ။"
လင်းဇီချန်က ပြန်မဖြေဘဲ အကောင်းဆုံးအချိန်ဆွဲရန် ကြိုးစားလိုက်သည်။ ထိုမိန်းကလေးသည် ခုံမှထလာကာ လင်းဇီချန်ရှေ့တွင် ရပ်လိုက်ပြီး နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။
"ပြည်နယ်နဲ့မြို့တွေကိုတောင် ပြောင်းပြန်လှန်ပစ်နိုင်လောက်တဲ့ တို့မျက်နှာကိုကြည့်လိုက်။"
"ကျက်သရေရှိပြီး နှစ်လိုဖွယ်ကောင်းတဲ့ တို့ပုံစံကိုမြင်အောင်ကြည့်ပါ။"
"မူလမြေက အထီးသတ္တဝါ ဘယ်လောက်လောက်က တို့ခန္ဓာကိုယ်ကို တပ်မက်နေလဲသိလား။"
"မင်းတို့ရဲ့အိပ်ရာကျေးကျွန်မဖြစ်ချင်ဘူးဆိုတာသေချာလား။"
“…”
လင်းဇီချန်သည် မိမိရှေ့မှမိန်းကလေးကိုကြည့်ကာ သူ(မ)၏အသွင်အပြင်ကို သတိထားကြည့်လိုက်မိ၏။ ခေါင်းပေါ်မှ စုတ်ဖွားဖွားမြေခွေးနားရွက်လေးများ၊ ပခုံးထက်သို့ ကျဆင်းနေသော တောက်ပပြောင်လက်နေသောဆံပင်များ၊ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသောအသားအရေ၊ သေးငယ်ပြီးချွန်နေသောနှာတံ၊ ချယ်ရီပန်းကဲ့သို့ ဖူးကာရွှန်းစိုနေသောနှုတ်ခမ်းလေး၊ ရှားပါးသောအလှတရားပင်ဖြစ်၏။
မျက်ဝန်းများက ရေကဲ့သို့ ကြည်လင်နေပြီး ရှည်လျားကော့စင်းသောမျက်တောင်များဖြင့်လိုက်ဖက်သော မက်မွန်ပွင့်ပုံမျက်လုံးလေးနှင့် ခရမ်းဖျော့ရောင် မျက်ဝန်းအိမ်တို့က ရှင်းမပြတတ်သောအငွေ့အသက်မျိုးရှိကာ လူတစ်ယောက်၏ဝိညာဉ်ကို ဖမ်းစားတော့မည်လားဟုပင် ထင်ရသည်။ အကြည့်ရောက်မိသူမည်သူမဆို အကြည့်လွှဲမိရန် ခက်ခဲပေလိမ့်မည်။ ညာဘက်မျက်လုံးအောက်မှ မှဲ့လေးကို သူ(မ)၏မျက်နှာလေးတွင် ပို၍ဆွဲဆောင်မှုခြင်းကို ထပ်ပေါင်းထည့်ပေးသည့်နှင့်တူပေသည်။
အကြည့်များက ဖြည်းဖြည်းချင်းအောက်သို့ ရောက်သွားသည်။ သူ(မ)သည် ခေတ်ဟောင်းဆန်သည့် ခရမ်းရောင်ပိုးသားဝတ်စုံကို ဝတ်ထားသည်။ ထိုဝတ်စုံသည် လျော့ရဲရဲဖြင့်ဖြစ်ကာ ကွက်တိကျမနေပေ။ သို့တိုင် ထိုဝတ်စုံအောက်မှပုံရိပ်သည် လှပသေသပ်စွာထွင်းထုထားသည်။ အရာအားလုံးခြုံကြည့်ရလျှင် မြေခွေးနားရွက်မိန်းကလေးအလှသည် ရှန်ချင်းဟန်ထက် မနိမ့်ပေ။ နှစ်ယောက်လုံးသည် မတူညီသောအလှတရားနှစ်ခုကို ကိုယ်စားပြုသည်။
ရှန်ချင်းဟန်သည် အဆော့မက်က ရိုးသားဖြူစင်ပြီး အသက်အရွယ်အားဖြင့် ရာဂစိတ်မျိုးမရှိသော်လည်း ဆန့်ကျင်ဘက်လိင်နှင့်ပက်သက်၍ စူးစမ်းလိုစိတ်ရှိသည်။ အသက်အရွယ်ရလာသည်နှင့်အမျှ ခန္ဓာကိုယ်က တောင့်တင်းပြည့်ဖြိုးလာသော်လည်း လူငယ်ဆန်သေးသည်။ သူ(မ)သည် ဘေးအိမ်မှ ချစ်စရာကောင်းပြီးရိုးသားဖြူစင်သောကောင်မလေးဖြစ်သည်။
မြေခွေးနားရွက်မိန်းကလေးကမူ ဆွဲဆောင်နိုင်သောစိတ်သဘောထားရှိသူဖြစ်သည်။ မျက်နှာက ဆွဲဆောင်နိုင်လှကာ ခန္ဓာကိုယ်က ကြည့်ကောင်းလွန်းသည်။ အသံကလည်း ပျားရည်လောင်းထားသကဲ့သို့ ချိုမြနေသည်။ လွန်စွာဆွဲဆောင်နိုင်သည့်အငွေ့အသက်မျိုးပင်ဖြစ်၏။ ဘေးအိမ်မှ ဒေါင်ကောင်း၍ကြော့ရှင်းသောမိန်းကလေးနှင့်တူသည်။
''မင်းမြင်နေရတာကို ကြိုက်လား။"
မြေခွေးနားရွက်မိန်းကလေးက ပြုံး၍ မေးလိုက်သည်။ လင်းဇီချန် ပြန်မဖြေခင်တွင် သူမက လက်ညှိုးလေးဖြင့် လင်းဇီချန်နှုတ်ခမ်းလေးကို ဖိလိုက်ပြီး
''တို့ရဲ့အိပ်ရာကျေးကျွန်လေးဖြစ်လာရင် နေ့တိုင်းတို့ခန္ဓာကိုယ်ကိုထိလို့ရပြီး မမျှော်လင့်ထားတဲ့အကျိုးကျေးဇူးတွေပါရဦးမှာ။"
''ဘယ်လိုအကျိုးကျေးဇူးမျိုးလဲ။"
''မင်းအိပ်ရာကျေးကျွန်ဖြစ်လာတဲ့အခါကျရင် သိလာပါလိမ့်မယ်။"
မြေခွေးနားရွက်မိန်းကလေးက ပြန်ဖြေကာ မေးလိုက်သည်။
''အဲ့လိုဆို တို့ရဲ့ အိပ်ရာကျေးကျွန်ဖြစ်လာမှာလား။"
လင်းဇီချန်က တွန့်ဆုတ်နေမိသည်။
''စဉ်းစားပါရစေဦး။"
စိတ်ထဲတွင်မူ မွန်းကျပ်နေလေသည်။
မိမိအားကောင်းလျှင် အချိန်ဆွဲနေကာ လာကယ်မည်ကို စောင့်နေစရာမလိုပေ။ ချက်ချင်းပင် ပြန်တိုက်ကာ ထိုမိန်းကလေးကို တစ်ချက်တည်းဖြင့် လွင့်သွားအောင်လုပ်မိပေမည်။ ကံမကောင်းစွာြဖင့် မိမိက အားနည်းလွန်းလှသည်။ ကျောင်းတွင်း၌သာ ဆရာကြီးဖြစ်နိုင်ပေမည်။အပြင်ရောက်သည်နှင့် အဆင့်မြင့်ရန်သူများနှင့်ရင်ဆိုင်ရသည့်အခါတွင် ခေါင်းညိတ်ပြ၍ ဦးညွတ်ရမည်ဖြစ်၏။ လင်းဇီချန်က အချိန်ဆွဲရန်ကြိုးစားနေသည်ကို မြင်သောကြောင့် သူ(မ)၏အပြုံးက ဖြည်းဖြည်းချင်းပျောက်ကွယ်လာသည်။
''တို့က ဒီလောက်ချစ်စရာကောင်းတာကိုး။ မင်းက ဘာလို့သဘောမတူရတာလဲ။"
"တို့နားလည်ပေးနိုင်ပါတယ်။ ကားပြင်က ညီမလေးကြောင့်မလား။"
"အဲ့လိုဆိုရင် ငါသူ့ကို သတ်လိုက်တာပေါ့။"
ပြောပြီးလျှင် ပြောပြီးပြီးချင်းတွင်ပင် ထိုမိန်းကလေးက ချက်ချင်းပျောက်သွားသည်။ ဖြစ်လာတော့မည့်ကိစ္စကို လင်းဇီချန်နားလည်လိုက်သည်။ ထိုမိန်းကလေးသည် ရှန်ချင်းဟန်ရှေ့၌ပေါ်လာပြီး ရှန်ချင်းဟန်၏လည်ပင်းကို မြေခွေးအမြီးဖြင့် ရစ်ပတ်လိုက်၏။
"ဘုန်း"
ပေါက်ကွဲထွက်သွားသောအသံကို ကြားလိုက်ရသည်။ လင်းဇီချန်သည် ကားတံခါးကိုဖြင့် ချေမွပစ်ပြီး ကားတံခါးကို ထိုမိန်းကလေးရှိရာသို့ ကျဉ်ဆံ၏အမြန်နှုန်းဖြင့် ပစ်လွှတ်ပစ်လိုက်သည်။
''ဝှစ်"
လေကိုခွင်းသောအသံထွက်ပေါ်လာ၏။
အရိပ်လောက်သာမြင်ရသောလင်းဇီချန်၏လက်သီးက မြေခွေးနားရွက်မိန်းကလေး၏ခေါင်းကို ထိုးပစ်လိုက်သည်။ လုထျန်းရုန်ကားဖြင့် ဝင်တိုက်သည့်အတိုင်းနှင့်အတူတူပင်ဖြစ်၏။ ထို့နောက်တွင် ထိုမိန်းကလေးက ပျောက်သွားသည်။ ဘာကိုမှမထိလိုက်ရပေ။
''ဘာဖြစ်တာလဲ။"
လင်းဇီချန်သည် မျက်စိရှေ့မှမြင်ကွင်းကို အဓိပ္ပာယ်မရှိဟု ထင်မိသည်။ တွေဝေနေစဉ်တွင်ပင် ရှန်ချင်းဟန်က စိုးရိမ်နေသောအမူအရာဖြင့် မေးလိုက်သည်။
''ရှောင်ချန် ဘာဖြစ်လို့လဲ။"
"ငါကာ ဘာဖြစ်လို့လဲ။"
လင်းဇီချန်က ရှန်ချင်းဟန်ကို တွေဝေစွာဖြင့် မေးလိုက်သည်။
"နင့်ကို ကယ်ဖို့လုပ်နေတာလေ"
ရှန်ချင်းဟန်က တွေဝေသွားသည်။
''ငါ့ကို ကယ်ဖို့။"
ထို့နောက်တွင် လီမော်ယွီကပါ တွေဝေစွာဖြင့် ပြောလိုက်သည်။
''ဇီချန် ဘာလုပ်တာလဲ။"
"ဘာလို့ သရဲလိုမျိုး ပြေးထွက်လာပြီး ချင်းဟန်နောက်ကလေကို ဘာလို့လက်သီးနဲ့ထိုးရတာလဲ။"
"မင်းရဲ့သတို့သမီးလောင်းကိုသတ်ဖို့လုပ်နေတာလား ဘာလဲ။"
လင်းဇီချန် နားလည်သွားပေသည်။ ထိုအချိန်တွင် ရင်းနှီးနေသောအသံက နောက်မှ ထွက်ပေါ်လာသည်။
"မင်းက တကယ်ကို သည်းမခံနိုင်ဘူးပဲ။ တို့ရဲ့ခန္ဓာကိုယ်က အခြေခံနဝမအဆင့်ပဲရှိတာ။ မင်းတို့ကို ထိုးလိုက်တာနဲ့ကို နေရာမှာတင် သေသွားလောက်ပြီ။"
ထိုမိန်းကလေး၏အသံပင် ဖြစ်လေ၏။ လင်းဇီချန်က လှည့်ကြည့်လိုက်သည်။ မြေခွေးမိန်းကလေးသည် ကားထဲတွင်ပင် ရှိသေးကာ ထွက်မသွားသေးပေ။ မိမိသည် ထောင်ချောက်မိလိုက်ခြင်းသာဖြစ်၏။ ပုံရိပ်ယောင်ထဲသို့ ကျရောက်သွားခြင်းပင်ဖြစ်၏။
“…”
လင်းဇီချန်က မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုသို့လှည့်ကွက်မျိုးဖြင့် တစ်ခါမှမကြုံခဲ့ဖူးပေ။
''စောနက တို့က မင်းနဲ့ကစားလိုက်ရုံတင်ပါ။"
ထိုမိန်ကလေးက ကားထဲမှထွက်လာပြီး ကျီစယ်သောအပြုံးမျိုး ပြုံးလိုက်ကာ
''အခု တို့တကယ်ပဲ မင်းချစ်တဲ့ဒီမိန်းမလှလေးကို သတ်တော့မယ်။"
ပြောပြီးသည်နှင့်ပျောက်သွားကာ ချက်ချင်းပင် ကိုယ်ပွားများစွာဖန်တီးလိုက်ပြီး ရှန်ချင်းဟန်ဆီသို့ ပြေးသွားသည်။ ယခုတစ်ခေါက်တွင် လင်းဇီချန်က မလှုပ်ရှားပေ။ စိတ်ထဲတွင် ရှင်းလင်းစွာသိထားပေသည်။ မိမိ၏ဝိညာဉ်သည် မြေခွေးနားရွက်မိန်းကလေးလောက်အားမကောင်းလျှင် လှုပ်ရှားသည်က အလဟဿသာဖြစ်မည်။ ပစ်မှတ်က အစစ်လားအတုလားဆိုသည်ကို မပြောနိုင်ပေ။
ထိုမိန်းကလေးကိုနိုင်ရန် ဝိညာဉ်စွမ်းအားတိုးမြှင့်မှဖြစ်မည်။ ယခုတွင် အဆင့်မြင့်ဝိညာဉ်ကို အသုံးချရန်အချိန်ဖြစ်သည်။ အလုပ်ဖြစ်ရန်မျှော်လင့်မိ၏....
လင်းဇီချန်သည် အတွေးတစ်ခုဖြင့် အဆင့်မြင့်ဝိညာဉ်ကို အသက်သွင်းလိုက်သည်။ ထိုအရာကို အသက်သွင်းလိုက်သည်နှင့်ပင် ခန္ဓာကိုယ်တစ်ကိုယ်လုံးက ဗလာကျင်းသွားပြီး မကြုံစဖူးသောဖောက်ထွင်းမြင်ရသည်အထိဖြစ်သွားသည်။ ထို့နောက်တွင် မြေခွေးနားရွက်မိန်းကလေးကိုယ်ပွားများသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ နှစ်စက္ကန့်အတွင်းတွင်ပင် အစအနမရှိဘဲ ပျောက်သွားသည်။
ထို့နောက်တွင်မူ သူ၏မြင်ကွင်းထဲ၌ အောက်မှလူများပျာယာခတ်နေသည်ကို ကားပေါ်တွင် ထိုင်ကြည့်နေသည့်မြေခွေးနားရွက်မိန်းကလေးတစ်ဦးတည်းသာ ကျန်ခဲ့တော့သည်။ အစစ်ကို ရှာတွေ့လေပြီ။
အခန်း (၂၇၆) ပေါက်ကွဲလက်သီးချက်! မြေခွေးနားရွက်မိန်းကလေးကိုဝါးမျိုခြင်း!
အဆင့်မြင့်ဝိညာဉ်၏အကူအညီဖြင့် လင်းဇီချန်သည် မြေခွေးနားရွက်မိန်းကလေး၏ ပုံစံအစစ်အမှန်ကိုတွေ့လိုက်ရသည်။ သူ(မ)သည် ကားပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။ အစကတည်းကပင် သူ(မ)သည် ခေါင်မိုးပေါ်တွင် ထိုင်နေကာ ထွက်မသွားခြင်းဖြစ်မည်။ အားလုံး၏ဝိညာဉ်စွမ်းအားက သူ(မ)တည်ရှိမှုကို မထောက်လှမ်းနိုင်အောင် အားမကောင်းသောကြောင့် ဖြစ်ပေမည်။ ကားရှေ့တွင် ရုတ်တရက်ပေါ်လာခြင်း၊ ကားထဲတွင်ပေါ်လာခြင်းနှင့် ရှန်ချင်းဟန်နောက်တွင် လှုပ်ရှားနေခြင်းအားလုံးသည် အတုအယောင်ပုံရိပ်များသာ ဖြစ်ပေမည်။ အားလုံးသည် ထိုမိန်းကလေးဖန်တီးထားသောပုံရိပ်ယောင်များသာဖြစ်မည်။ မူလမြေမှမြေခွေးမိစ္ဆာသည် ပုံရိပ်ယောင်ဖန်တီးခြင်းနည်းစနစ်တွင် လွန်စွာထူးချွန်ပေလိမ့်မည်။
''ဘုန်း''
ရုတ်တရက်ပင် မြေကြီးပေါ်သို့ ခြေချလိုက်သောအသံအကျယ်ကြီး ထွက်ပေါ်လာသည်။ လင်းဇီချန် လှုပ်ရှားလိုက်ခြင်းပင်ဖြစ်သည်။
ထိုမိန်းကလေး၏တည်နေရာအစစ်ကို အတည်ပြုပြီးသည်နှင့် ခေတ္တမျှပင် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် ချီသွေးစွမ်းအားကိုထုတ်၍ အားဖြင့် မြေကြီးကိုထောက်ကန်လိုက်သည်။ မြေကြီးတွင်ပင် ချိုင့်ရာထင်သွားကာ ဘေးသို့ ရွှံ့များစင်လာသည်။ ခြေထောက်တွန်းကန်အားကိုသုံး၍ ချက်ချင်းပင် ထိုမိန်းကလေးရှိရာသို့ ခုန်ဝင်သွားသည်။ ချီသွေးစွမ်းအားအပြည့်ဖြင့် လက်သီးချက်ဖြင့် ထိုးပစ်သည်။ ခေါင်းကိုချိန်၍ထိုးခြင်းသာဖြစ်၏။ တစ်ချက်တည်းဖြင့် ကိစ္စဖြတ်ရန် ရည်ရွယ်ထားသည်။
ရန်သူက ရှန်ချင်းဟန်ကို အန္တရာယ်ပေးမည်ပြောထားသဖြင့် သနားနေစရာမလိုပေ။ အသေသတ်ရမည်သာဖြစ်၏။ ထိုလက်သီးချက်ဖြင့်ထိခါနီးတွင်....။
မြေခွေးနားရွက်မိန်းကလေးက ပြုံးလိုကလေသည်။ သူ(မ)သည် ကျီစယ်သောအပြုံးမျိုး ပြုံးခြင်းဖြစ်သည်။ ထိုမြင်ကွင်းကို မြင်သောအခါ၌ လင်းဇီချန်တစ်ယောက် ချက်ချင်းပင် ရင်တုန်သွားသည်။ သူ(မ)က အဘယ့်ကြောင့် ပြုံးနေရသနည်း။ မိမိရှေ့မှ သူ(မ)သည် နောက်ထပ်ပုံရိပ်ယောင်ဖြစ်နေသည်လော။ တွေးနေရင်းဖြင့်ပင် နောက်ထပ်လက်သီးချက်က ထိုမိန်းကလေး၏နဖူးဆီသို့ ရောက်သွားပြန်သည်။ ဝှစ်ခနဲအသံ ထွက်ပေါ်လာပြန်သည်။ လက်သီးချက်က ခေါင်းကိုမထိဘဲ လေကိုသာ ထိသွားခြင်းဖြစ်သည်။
နောက်ထပ်ပုံရိပ်ယောင်တစ်ခုပင် ဖြစ်၏။
လင်းဇီချန်တစ်ယောက် ချောက်ကမ်းပါးမှပြုတ်ကျသွားသည်ဟု ခံစားလိုက်ရသည်။ အဆင့်မြင့်ဝိညာဉ်အကူအညီဖြင့်ဆိုလျှင်ပင် ထိုမိန်းကလေးကို မသတ်နိုင်သေးပေ။ ဒုက္ခများရပေတော့မည်။
ထို့နောက်တွင် နှစ်ခါပြန်မစဉ်းစားဘဲ ရှန်ချင်းဟန်ဘေးသို့ ပြန်ဆုတ်သွားကာ ဘေးပတ်ဝန်းကျင်ကို သတိဖြင့် စောင့်ကြည့်လိုက်သည်။ ထိုမိန်းကလေးက ရှန်ချင်းဟန်ကို သတ်ရန်ရည်ရွယ်ထားသောကြောင့် သူမကို ကောင်းကောင်းကာကွယ်ရန် လိုအပ်သည်။
''စိတ်ဝင်စားစရာကောင်းသားပဲ။ မင်းက ချက်ချင်း ဝိညာဉ်စွမ်းအားတိုးလာပြီး တို့ရဲ့ ပုံရိပ်ယောင်ကိုတောင် ချိုးဖောက်နိုင်တယ်ပေါ့လေ။ မင်းက ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီပဲ။"
မိမိကာကွယ်ပေးနေသောရှန်ချင်းဟန်က နူးညံ့သိမ်မွေ့သောအသံဖြင့်ပြောလိုက်သည်။ လင်းဇီချန် ခေါင်းလှည့်ကြည့်လိုက်သည်။ လန့်ဖျပ်စရာကောင်းစွာဖြင့် ရှန်ချင်းဟန်သည် မြေခွေးမိန်းကလေးအဖြစ် ပြောင်းလဲသွားသည်။ သို့သော် နောက်တွင်မူ အဆင့်မြင့်ဝိညာဉ်၏အကူအညီဖြင့် မိမိရှေ့မှ မြေခွေးနားရွက်မိန်းကလေးသည် ရှန်ချင်းဟန်ပြန်ဖြစ်သွားသည်။
လင်းဇီချန်သည် ခြားနားမှုကို မပြောနိုင်တော့ပေ။ အစစ်နှင့်ပုံရိပ်ယောင်ကို မခွဲခြားနိုင်တော့။
''ရှောင်ချန်...."
ဘေးမှရှန်ချင်းဟန်က သတိထားမိသောကြောင့် ဖျော့တော့သောအသံဖြင့် ခေါ်လိုက်သည်။ အိပ်မက်မှနိုးလာသကဲ့သို့ပင် လင်းဇီချန်က ရှန်ချင်းဟန်လက်ကို ဆွဲယူလိုက်သ်ည။ နွေးထွေးနေသည်။ နူးညံ့နေသည်။ ရင်းနှီးနေသောအထိအတွေ့မျိုးပင် ဖြစ်နေဆဲဖြစ်သည်။ ရှန်ချင်းဟန်အစစ်အမှန်ဆိုသည်ကို အတည်ပြုနိုင်ပေသည်။
ထိုအချိန်တွင် လင်းဇီချန်တစ်ယောက် အကြောက်တရားနှင့် ရောနေသောစိတ်သက်သာမှုကို ခံစားလိုက်ရသည်။ မြေခွေးမိစ္ဆာသည် ကောက်ကျစ်လွန်းလှသည်။ အခြားတစ်ယောက်လက်ဖြင့် သတ်မည့်လှည့်ကွက်မျိုးကို သုံးခြင်းဖြစ်သည်။ မဟုတ်လျှင် ရှန်ချင်းဟန်ကို တိုက်ခိုက်မိတော့မည်ဖြစ်သည်။ စိတ်သက်သာရာရမှုသည် ကြာရှည်မခံဘဲ မကြာခင်တွင်ပင် လွင့်ပါးပျောက်ကွယ်သွားသည်။ လင်းဇီချန်သည် လက်ရှိအခြေအနေကို သဘောပေါက်သွားသည်။ မြေခွေးနားရွက်မိန်းကလေးသည် ဝိညဉ်စွမ်းအား ကောင်းသော်လည်း မကျော်လွှားနိုင်ခြင်းမျိုး မဟုတ်ပေ။ အဆင့်မြင့်ဝိညာဉ်အကူအညီဖြင့်ဆိုလျှင် သူ(မ)၏စိတ်ထိန်းချုပ်မှုကို လျော့ချနိုင်ပေသည်။
ဥပမအားဖြင့် ယခင်နှစ်ခေါက်ရင်ဆိုင်တိုက်ခိုက်ခြင်းမျိုးဖြစ်သည်။ မိမိသည် ပုံရိပ်ယောင်ထဲသို့ ကျဆင်းသွားကာ ချက်ချင်းပင် ချိုးဖျက်နိုင်သည်။ နောက်တစ်ခုကမူ မြေခွေးမိစ္ဆာ၏အင်အားသည် ချိုးဖျက်၍မရနိုင်ခြင်းမျိုးမဟုတ်ဘဲ အမှန်ပင် အခြေခံနဝမအဆင့်တွင် ရှိပုံပေါ်သည်။
မဟုတ်လျှင် တိုက်ရိုက်တိုက်ခိုက်ခြင်းထက် အချိန်ကုန်စေသောပုံရိပ်ယောင်ဖန်တီးခြင်းမျိုးကို ရွေးမည်မဟုတ်ပေ။ ထိုအရာအားလုံးကို နားလည်လိုက်ပြီးနောက်တွင် လင်းဇီချန်သည် ဘာမှပြောမနေဘဲ ရှန်ချင်းဟန်ကို ပွေ့ကာ အမြန်ပင် ပြေးထွက်သွားတော့သည်။ ထိုမိန်းကလေး၏အင်အားသည် အခြေခံနဝမအဆင့်တွင်ရှိလျှင် မိမိကို အပြေးနှုန်းကို လိုက်မှီနိုင်မည်မဟုတ်ပေ။ သို့သော်လည်း သူ(မ)သည် မိမိစဉ်းစားထားသည်ထက် ပို၍ဒုက္ခပေးတတ်သည်။ ရှန်ချင်းဟန်ကို ပွေ့ချီ၍ မီတာတစ်ရာမျှပင် ရောက်သေးသောအချိန်တွင် ကောင်းကင်ကြီးက မည်းမှောင်သွားသည်ကို သတိပြုမိသည်။ စက္ကန့်ပိုင်းတွင်ပင် မွန်းလွဲပိုင်းနေက မည်းမှောင်သွားသည်။ အတိအမှောင်ကျသွားခြင်းမျိုးဖြစ်၏။ မှောင်လွန်းသောကြောင့် မိမိရှေ့မှလက်ကိုပင် မမြင်ရပေ။ အမှောင်ထုပတ်ဝန်းကျင်ကြောင့် မိမိ၏အန္တရာယ်ကြိုသိမြင်ခြင်းလည်း သိသိသာသာလျော့ကျသွားသည်။
အမြင်အာရုံအားနည်းသွားသောကြောင့် လမ်းကိုပင် ရှင်းရှင်းလင်းလင်းမမြင်ရကာ အမြန်ဆုံးနှုန်းဖြင့်လည်း မပြေးနိုင်တော့ပေ။ လင်းဇီချန်သည် ရပ်ရန် ဖိအားပေးခံလိုက်ရခြင်းဖြစ်သည်။ ခေတ္တမျှရပ်လိုက်ပြီး အဆင့်မြင့်ဝိညာဉ်အာနိသင်ဖြင့် မျက်စိရှေ့မှပုံရိပ်ယောင်များ ပျောက်သွားသည်အထိ စောင့်နေသည်။ ဖြည်းဖြည်းချင်းဖြင့် ပြန်မြင်လာရသည်။ သို့သော် ကမ္ဘာတစ်ခုလုံးက မည်းမှောင်နေဆဲဖြစ်ပြီး မိမိရှေ့မှအရာများကို သေချာမမြင်နိုင်ပေ။ ယခုတစ်ခေါက်တွင် ပုံရိပ်ယောင်ကျင့်စဉ်၏အားက ခန့်မှန်းထား၍မရအောင် မြင့်လွန်းသည်။ အဆင့်မြင့်ဝိညာဉ်အကူအညီဖြင့်ဆိုလျှင် အာနိသင်လျော့ကျသွားသော်လည်း ထိုးဖောက်၍မမြင်နိုင်သေးပေ။
''ဇီချန် ချင်းဟန် ဘယ်မှာလဲ။"
''အစ်ကိုချန် မထားခဲ့ပါနဲ့။"
''နင်တို့နှစ်ယောက် အော်တာရပ်ပြီး တိတ်တိတ်နေ။ ဇီချန်ကို နှောင့်ယှက်မနေနဲ့။"
မိမိနောက်မှလာသော လီမော်ယွီ၊ မာရှိဝေနှင့် လော်ရုန်ကျန်းတို့၏အသံများပင် ဖြစ်လေသည်။ ထိုထဲတွင် ယောက်ျားလေးနှစ်ဦးက ပျာယာခတ်နေသည်။ မိန်းကလေးဖြစ်သောမာရှိဝေကမူ ဟန်မပျက်ပင်ဖြစ်၏။ လင်းဇီချန်က ၎င်းတို့ကိုပြန်မဖြေဘဲ ပတ်ဝန်းကျင်ကိုသာ သတိထား၍ စောင့်ကြည့်နေသည်။မြေခွေးနားရွက်မိန်းကလေး၏ပစ်မှတ်သည် မိမိနှင့်ရှန်ချင်းဟန်ဖြစ်သည်။ ထိုသုံးဦးက အလောတကြီးမတုံ့ပြန်သည်နှင့်အမျှ အန္တရာယ်ဖြင့် ရင်ဆိုင်ရလိမ့်မည်မဟုတ်ပေ။