← Chapters

အခန်း ၂၈၀-၂၈၂

Vol. 19 Ch. 280-282

အခန်း ၂၈၀-၂၈၂

Vol. 19 Ch. 280-282

အခန်း (၂၈၀) လှိုင်းလုံးကြီးများမြင့်တက်လာပြီ! ယွမ်သုန်ကျီရှုံးသွားပြီ! (၂)

''ဒါက ဘယ်လိုမကောင်းဆိုးဝါးမျိုးပါလိမ့်။"

"သူက တကယ်ပဲ ကမ္ဘာမြေကရော ဟုတ်ရဲ့လား။"

"သူက ဂြိုလ်သားမဟုတ်တာရော သေချာရဲ့လား။"

ခါးကုန်းလူကြီးက မယုံကြည်နိုင်စွာဖြင့် မိမိဘာသာ တီးတိုးရေရွတ်နေမိသည်။ ယွမ်သုန်ကျီကမူ တိတ်ဆိတ်နေသည်။ ထိုအချိန်တွင် သူမသည် တည်ငြိမ်နေဟန်ပေါက်သော်လည်း စိတ်ထဲတွင်မူ လေပွေလှိုင်းထန်နေပြီဖြစ်သည်။ သူမတုန်လှုပ်သွားသည်ကလည်း ခါးကုန်းလူကြီးထက် မလျော့ပေ။ လင်းဇီချန်တွင် ထူးခြားသောခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုရှိသည်ကို သိထားသော်လည်း ထိုမျှထိစွမ်းအားကြီးနေလိမ့်မည်ဟု မျှော်လင့်မထားမိပေ။ အဆင့်မြင့်အဆင့်ဝိညာဉ်စွမ်းအားရှိသောမြေခွေးမိန်းကလေးကိုပင် နိုင်သွားသည်။ ထိုသာလွန်လှသည့်ပါရမီသည်ပင် မူလမြေတွင်ရှိသည်ဆိုလျှင်ပင် တစ်သောင်းတွင် တစ်ယောက်သာရှိပေမည်။

မူလမြေမှအစွမ်းအားကြီးအားလုံးကိုပင် ရူးသွားစေနိုင်သည်။

"ကျောင်းအုပ်ယွမ် အဆုံးသတ်ဖို့အချိန်ကျပြီ။"

ခါးကုန်းလူကြီးက ပြောလိုက်ပြီး အတွေးတစ်ခုတည်းဖြင့် ယွမ်သုန်ကျီဆီသို့ မရေမတွက်နိုင်သောနွယ်ပင်များကို စေလွှတ်လိုက်သည်။ ယွမ်သုန်ကျီက ချက်ချင်းပင် ရေဒိုင်းကာကို အားဖြည့်လိုက်သည်။ သို့သော်လည်း နွယ်ပင်တိုက်ခိုက်မှုက ယခင်ကထက် ပိုများလာသည်။ နွယ်ပင်များ၏စုပ်ယူမှုကြောင့် ရေဒိုင်းကာများသည် စက္ကူကဲ့သို့ ပါးလွှာလာကာ စုတ်ပြဲသွားလေ၏။

ရေဒိုင်းကာအကူအညီမရှိဘဲဖြင့် ယွမ်သုန်ကျီသည် နွယ်ပင်များဖြင့် ရစ်ပတ်ခံလိုက်ရကာ ကြွက်သားပင် မလှုပ်နိုင်တော့ပေ။ ရုန်းကန်နေသည့်အခိုက်အတန့်တွင်ပင် သူမသည် ခန္ဓာကိုယ်တွင်းမှ ဆန်းကြယ်သားရဲမျိုးစိတ်ကို ပို၍အသက်သွင်းရန် ဆုံးဖြတ်လိုက်ရသည်။ ထို့နောက်တွင် ချက်ချင်းပင် စူးရှသောနဂါးကြေးခွံများက တစ်ကိုယ်လုံးတွင်ပေါ်လာသည်။ သို့သော် ရုန်းထွက်နိုင်စဉ်တွင်ပင် နွယ်ပင်များစွာက ထပ်ပေါ်လာပြီး သူမကိုတင်းကျပ်စွာ ချည်နှောင်ထားလိုက်ပြန်သည်။ တောအုပ်သည် ခါးကုန်းလူကြီး၏အိမ်မြေနေရာပင်ဖြစ်သည်။ ရေအရင်းအမြစ်အကူအညီမရှိဘဲဖြင့် ယွမ်သုန်ကျီသည် တောထဲ၌ ထိုသူ၏ပြိုင်ဘက်မဖြစ်နိုင်ပေ။

"ဝှစ်...ဝှစ်...ဝှစ်...ဝှစ်.."

လေကိုခွင်းသည့်ကျယ်လောင်သည့်အသံက ထွက်ပေါ်လာပြန်သည်။ ဆူးပါသည့်နွယ်ပင်ကြီးများက အမြန်ဆုံးနှုန်းဖြင့် ရောက်လာကြပြန်သည်။ ကောင်းကင်နှင့်နေကိုပင်ကာ၍ ယွမ်သုန်ကျီကို ဖုံးအုပ်လိုက်ကာ သူမကို အဆုံးအစမဲ့အမှောင်ထုထဲသို့ ကျရောက်သွားစေသည်။

"ကျောင်းအုပ်ယွမ် နွယ်ပင်တွေနဲ့ ကစားနေလိုက်ဦး။"

ထိုသို့ပြောပြီးနောက်တွင် ခါးကုန်းလူကြီးသည် အမြန်ပင် ပျောက်ကွယ်သွားတော့သည်။ ထို့နောက်တွင် သစ်ပင်ကြီးများထိပ်၍ ခုန်ပျံကျော်လွှားရင်းပြန်ပေါ်လာကာ လင်းဇီချန်ရှိရာသို့ ဦးတည်သွားနေခြင်းဖြစ်သည်။ ယွမ်သုန်ကျီတစ်ယောက် မြင်ကွင်းကြောင့် ပျာယာခတ်သွားသည်။ လင်းဇီချန်ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းက ခေါ်သွား၍မဖြစ်ပေ။ ရှန်ဟိုင်းတက္ကသိုလ်အနေဖြင့် ထိုသို့ဆုံးရှုံးမှုမျိုးကို အဖြစ်မခံနိုင်ပေ။ လူသားမျိုးနွယ်အတွက်လည်း အဆုံးရှုံးမခံနိုင်ပေ။ သူမသည် အားကုန်ထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့၏။

ခက်ထန်သောစိတ်ဓာတ်နှင့်အတူ ယွမ်သုန်ကျီသည် သူမကိုယ်တွင်းမှ ဆန်းကြယ်သားရဲမျိုးစိတ်ကို အစာကျွေးရန် သွေးအဆီအနှစ်အချို့ကို စွန့်လွှတ်လိုက်သည်။ နောက်တွင် နဖူးပေါ်မှသွေးကြောများက ဖောင်းလာပြီး မျက်လုံးများကလည်း သွေးပွက်ပွက်ဆူနေသောအကြည့်မျိုးဖြစ်သည်။ ခေါင်းပေါ်မှနဂါးဦးချိုကလည်း အရွယ်အစားနှစ်ဆဖြစ်သွားသည်။ ချက်ချင်းပင် ကြောက်စရာကောင်းသောအဆင့်ရောက်အောင် မြှင့်တင်လိုက်ခြင်းဖြစ်၏။ ထို့နောက်တွင် အတွေးတစ်ခုဖြင့် တစ်ကီလိုမီတာအကွာမှ ပင်လယ်ရေကို ဆင့်ခေါ်ကာတောအုပ်ကိုပင် လွှမ်းပစ်နိုင်သည့်ရေလုံးကို အမြန်ဆုံးနှုန်းဖြင့် ရောက်လာစေသည်။ သူမသည် ပင်လယ်ရေဖြင့် ထိုတောအုပ်ကို ဖျက်ဆီးရန် ရည်ရွယ်ထားခြင်းဖြစ်ကာ ထိုလူ၏အိမ်ကို ပင်လယ်ရေအောက်ရောက်အောင် လုပ်ပစ်မည်ဖြစ်သည်။

"ဘုန်း"

ကြောက်စရာကောင်းသောရေလှိုင်းက တောအုပ်တစ်ခုလုံးကို ဖုံးလွှမ်းပစ်သည်။ မီတာရာချီမြင့်သည့်သစ်ပင်ကြီးများကလွဲ၍ ကြီးမားသောပင်လယ်ရေလှိုင်းကြီးက လမ်းကြောင်းတွင်ရှိသမျှအရာအားလုံးကို ပြောင်းပြန်လှန်ပစ်သည်။ စိမ်းစိုသောသစ်‌တောအုပ်သည် ချက်ချင်းပင် သမုဒ္ဒရာကြီး၏အစိတ်အပိုင်းတစ်ခု ဖြစ်သွားသည်။

ပင်လယ်ရေဖြင့်အတူ ယွမ်သုန်ကျီ၏အင်အားကလည်း မခန့်မှန်းနိုင်သောအခြေအနေအထိ မြင့်တက်သွားသည်။ ရုတ်တရက်ပင် မျက်လုံးက အာရုံစိုက်ကြည့်လိုက်ပြီး ရေမျက်နှာပြင်ပေါ်၌ မီတာတစ်ရာရှည်လျားသည့်နဂါးတစ်ကောင် အသွင်ပေါ်လာသည်။ နဂါးအော်သံနှင့်အတူ ပင်လယ်ရေနဂါးသည် အမြန်ဆုံးနှုန်းဖြင့် ထိုခါးကုန်းလူကြီးနောက်သို့ လိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ထိုသူကို မှီသွားသည်။ သစ်ပင်ထိပ်မှလူကို တစ်ချက်တည်းဖြင့် ရိုက်ချပစ်ကာ ရေထဲသို့ ပြုတ်ကျသွားစေ၏

"ဖြန်း''

ရေစင်သွားသောအသံမျိုးကို ကြားလိုက်ရသည်။ ခါးကုန်းလူကြီးက ရေထဲမှခုန်ထွက်လာပြီး သစ်ပင်ပေါ်သို့ ပြန်တက်လိုက်ပြန်သည်။ ယွမ်သုန်ကျီကို ကြည့်လိုက်ကာ သူမ၏နဂါးဦးချိုများက အရွယ်အစားအနည်းငယ်ပိုကြီးလာသည်ကို သတိထားမိပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း မပြောနိုင်ခင်တွင်ပင် နဂါးက ထပ်ရိုက်ချလိုက်ပြန်သည်။

"ဖြန်း"

ကျောကုန်းလူကြီးက အမြန်ပင် ရေထဲမှတက်လာပြန်သည်။ သို့သော် ယခုတစ်ခေါက်တွင် ပို၍ပုံပျက်ပန်းပျက်ဖြစ်နေသည်။ မထိန်းနိုင်တော့ဘဲ သွေးများအန်လိုက်ကာ အတွင်းဒဏ်ရာရသွားသည်။

"မင်းရဲ့သွေးအဆီအနှစ်ကို စွန့်လွှတ်လိုက်တာပဲ။ ရူးသွားပြီလား။"

ခါးကုန်းလူကြီးက နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်၍ အတော်လေး‌ဒေါသထွက်နေဟန်ပေါက်သည်။ ယွမ်သုန်ကျီကမူ ပြန်မဖြေပေ။ ထိုသူကိုဖမ်းရန် နဂါးကို ဆက်လက်ထိန်းချုပ်ထားသည်။ ခါးကုန်းလူကြီးက ရှောင်ရန် ကြိုးစားလိုက်သော်လည်း နဂါးကမြန်လွန်းလှသည်။ မရှောင်နိုင်ခင်တွင်ပင် ချက်ချင်းမိသွားကာ ခေါင်းကိုရေထဲသို့နှစ်ပစ်သည်။ ထို့နောက်တွင် ရေထဲတွင်ပင် ရှင်လျက်အနေအထားဖြင့် တစ်စစီဆွဲဖြဲရန် ကြိုးစားနေသည်။ စက္ကန့်အနည်းငယ်မျှ ကုန်ဆုံးသွားပြီးနောက်တွင်

"ဘုန်း"

"ဘုန်း"

"ဘုန်း"

သွေးနီရောင်နွယ်ပင်များစွာသည် ယွမ်သုန်ကျီထံသို့ အလင်း၏နှုန်းဖြင့်ရောက်လာကာ သူမကို တောတွင်းစပါးအုံမြွေကဲ့သို့နှယ် ပတ်ထားလိုက်သည်။ ယွမ်သုန်ကျီက ချက်ချင်းပင် နဂါးအကြေးခွံများကို အသက်သွင်း၍ ထိုသွေးညှီနံ့ရနေသောနွယ်ပင်များကို ဖြတ်တောက်ရန် လုပ်လိုက်သည်။ သို့သော် မဖြတ်နိုင်ခင်တွင်ပင် ထိုပေါ်၌ အရာမျှသာ ချန်ထားလိုက်နိုင်သည်။

ခါးကုန်းလူကြီးလည်း ရေထဲမှထွက်လာကာ သွေးထွက်နေသောဒဏ်ရာအပြည့်ဖြင့်ဖြစ်သည်။ ဒဏ်ရာတစ်ဝက်သည် ယွမ်သုန်ကျီ၏နဂါးလက်ချက်ဖြစ်ပြီး ကျန်တစ်ဝက်ကမူ ထိုသူ၏အသားမှ အ‌ညှောင့်ပေါက်လာသောအပင်များကြောင့်ဖြစ်သည်။ ခါးကုန်းလူကြီးကလည်း မိမိ၏သွေးအဆီအနှစ်ကို စွန့်လွှတ်၍ သွေးနီရောင်နွယ်ပင်များကို ဆင့်ခေါ်ရန် ဆန်းကြယ်သားရဲမျိုးစိတ်ကို အသက်သွင်းလိုက်ရသောကြောင့်ဖြစ်၏။ သို့‌သော်လည်း များများစားစားစွန့်လွှတ်လိုက်ရခြင်းမဟုတ်ဘဲ ယွမ်သုန်ကျီ၏အားကို သာရန်အတွက် အနည်းငယ်သာသုံးလိုက်ရသည်။ ယွမ်သုန်ကျီကဲ့သို့ သခင်အဆင့်တိုက်ခိုက်သူတစ်ယောက်ကို သတ်နိုင်ရန်ကမူ လက်တွေ့မဆန်လှပေ။

အခန်း (၂၈၁) - လှိုင်းလုံးကြီးများမြင့်တက်လာပြီ! ယွမ်သုန်ကျီရှုံးသွားပြီ! (၃)

ယွမ်သုန်ကျီကို သတ်နိုင်မည်ဆိုလျှင်ပင် အ‌တော်လေးအားထုတ်ပြီးမှ သတ်နိုင်မည်ဖြစ်သည်။ ယခုတွင် အခြေအနေက အခွင့်အရေးပေးလာသောကြောင့် ထိုသို့လုပ်ရန်မလိုပေ။ အထိရောက်ဆုံးနည်းလမ်းမှာ ယွမ်သုန်ကျီကို အနည်းငယ်မျှဖိနှိပ်ရန် အင်အားကို အနည်းငယ်မျှ မြင့်တက်အောင်လုပ်ရမည်သာဖြစ်သည်။ ထို့နောက်တွင် နွယ်ပင်များကိုသုံး၍ ခေတ္တမျှအချိန်ဆွဲကာ လင်းဇီချန်ဆီသို့သွားရန် အချိန်ဆွဲပေမည်။

"ကျောင်းအုပ်ယွမ် မင်းရုန်းချင်သလောက် ရုန်းနေလိုက်။ ငါအရင်သွားတော့မယ်။"

ခါးကုန်းလူကြီးက ပြောပြီးသည်နှင့် အမြန်ပင် လင်းဇီချန်ရှိရာသို့ ချည်းကပ်သွားကာ ယွမ်သုန်ကျီကို အာရုံမစိုက်တော့ပေ။ ယွမ်သုန်ကျီသည်မူ ယခုတစ်ခေါက်တွင် အမှန်ပင် ပျာယာခတ်နေပြီဖြစ်သည်။ ထိုသွေးနီရောင်နွယ်ပင်များဆီမှ ရုန်းထွက်ရန် ခက်ခဲလှသည်။ သူမ၏အားပြင်းသောစွမ်းအားအောက်တွင်ပင် သွေးနီရောင်နွယ်ပင်များက ဖြည်းဖြည်းချင်းရစ်ပတ်နေကာ မျက်လုံးကိုပင် မမြင်ရအောင်ဖုံးအုပ်လိုက်လေသည်။ သို့သော် နှေးကွေးစွာဖြင့်သာ ပြန်တိုက်ခိုက်နေရသောကြောင့် အချိန်တိုအတွင်း မလွတ်မြောက်နိုင်ဖြစ်နေသည်။ သူမလုပ်နိင်သည့်အရာမှာ ခါးကုန်းလူကြီး၏ပုံရိပ်က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်ကိုသာ စောင့်ကြည့်နေရခြင်းပင်ဖြစ်၏။

…

အဝေးပြေးလမ်းမ တစ်နေရာတွင်မူ လင်းဇီချန်သည် လက်ထဲမှ မြေခွေးမြီးကိုကြည့်ကာ တွန့်ဆုတ်မနေဘဲ တွေးလိုက်သည်။

"ဝါးမျို။"

နောက်တွင်မူ လေဟာနယ်ထဲ၌ စာနှစ်ကြောင်းပေါ်လာသည်။

(သင်သည် အမြီးကိုးချောင်းမြေခွေးမိစ္ဆာ၏အသက်ဓာတ်တစ်မျှင်ကို ဝါးမျိုပြီးပါပြီ။)

(အမြီးကိုးချောင်းမြေခွေးမိစ္ဆာစွမ်းအား - ၁၀%)

လင်းဇီချန်သည် ထိုစာတန်းများကြောင့် ကြောင်သွားမိသည်။ ထိုမြေခွေးနားရွက်မိန်းကလေးက အမှန်တကယ် မြေခွေးမိစ္ဆာပေလော။

သို့သော် သူမတွင် အမြီးတစ်ချောင်းသာရှိကာ အင်အားကလည်း သာမန်မျှသာဖြစ်ပြီး ပုံရိပ်ယောင်ပညာကသာ လွန်စွာအထင်ကြီးစရာကောင်းလှသည်။ စိတ်ထဲတွင် အမြီးကိုးချောင်းမြေခွေးနှင့် လုံးဝမတူ‌ပေ။ မိမိအ‌တွေးထဲမှ အမြီးကိုးချောင်းမြေခွေးသည် ‌ကောင်းကင်ဘုံမျိုးနွယ်ဖြစ်သည်။ အနည်းဆုံးတွင် ယခင်ဘဝက တိုင်းပြည်များစွာမှ အမြီးကိုးချောင်းနှင့်ပက်သက်သည့် ဒဏ္ဍာရီများကို ကြားဖူးထားသည်။ မည်မျှပင် အမြီးများများရှိသော်လည်း အမြီးကိုးချောင်းမြေခွေးဟုသာ ခေါ်ကြသည်။ လင်းဇီချန်သည် ထိုအကြောင်းကို ကြာကြာတွေးမနေပေ။ အမြန်ပင် ရှန်ချင်းဟန်ဆီသို့သွား၍ အချစ်ဦးလေးဘာလုပ်နေသည်ကို သွားကြည့်ခြင်းဖြစ်သည်။

သူမကို ကြည့်လိုက်သောအခါတွင် မသက်သာသေးသည်ကို တွေ့လိုက်ရသည်။ သူမသည် ထိုနေရာတွင်ပင်ရပ်ကာ လမ်းလျှောက်ရင်းဖြင့် အိပ်ပျော်နေသည်နှင့်တူသည်။

"ဟန်ဟန်"

လင်းဇီချန်က ရှန်ချင်းဟန်၏လက်ကိုကိုင်၍ သိမ်မွေ့စွာဖြင့် ခေါ်လိုက်သည်။ အသံကြားသောကြောင့် ရှန်ချင်းဟန်၏မျက်လုံးများက ဖြည်းဖြည်းချင်းဖြင့် အရောင်ပြန်တောက်လာပြီး အသိတရားက ရှင်းလင်းလာသည်။

"ရှောင်ချန်...."

ရှန်ချင်းဟန်က ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် မေးလိုက်သည်။

"ဘာလဲ စောနက ဘာဖြစ်သွားတာလဲ။"

"နင် စောနက ပုံရိပ်ယောင်အတတ်ထဲ ရောက်သွားတာ။"

"ပုံရိပ်ယောင်အတတ်...."

ရှန်ချင်းဟန်၏မှတ်ဉာဏ်က ပြန်လည်သတိရလာပြီး အတော်လေးတွေဝေနေမိသည်။ သူမက ပြောလိုက်လေ၏။

"ရှောင်ချန် ငါပုံရိပ်ယောင်ထဲမှာ ထူးဆန်းတဲ့ဟာတွေကို အများကြီးမြင်ခဲ့တယ်။ ပျံနေတဲ့ငါးတွေရော၊ ‌ရေကူးနေတဲ့ငှက်တွေရော မြေကြီးကနေထွက်ပြီး လမ်းလျှောက်လာတဲ့အပင်တွေရော အများကြီးပဲ။"

သူမသည် ပြောရင်းဖြင့် မြေကြီးပေါ်မှမြေခွေးမွေးများကို တွေ့သွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ မျက်လုံးအပြူးသားဖြင့် မေးလိုက်လေသည်။

"ရှောင်ချန် မြေခွေးနားရွက်မိန်းကလေးရော။ သူ့ကို မောင်းထုတ်လိုက်ပြီလား။"

"အင်း ငါသူ့ကို မောင်းထုတ်လိုက်ပြီ။"

လင်းဇီချန်က ထိုသို့ပြောလိုက်သော်လည်း အမှန်တွင် ထိုမိန်းကလေးကို လက်သီးတစ်ချက်ဖြင့်ထိုး၍သတ်နိုင်လိုက်သည်လား အမြီးတစ်ချောင်းပြတ်၍ထွက်ပြေးသွားသည်လားကို သေချာမသိပေ။ ထိုလောကကကြီး၏အမြီးကိုးချောင်းမြေခွေးကို အထင်ကြီးမိသောကြောင့် မည်သို့လှည့်ကွက်မျိုးသုံးလိုက်သည်ကိုလည်း မသေချာပေ။ မည်သည့်လိုင်းမှ မရသောကြောင့် အွန်လိုင်းပေါ်သို့လည်း တက်မရ‌ပေ။ မဟုတ်လျှင် အင်တာနက်တွင် အချက်အလက်များကို သွားရှာကြည့်ပေဦးမည်။ အချိန်ကုန်ခံ၍ စဉ်းစားနေမည်မဟုတ်ပေ။

လင်းဇီချန်သည် အတွေးများကိုစုစည်း၍ အမြန်ပင် လီမော်ယွီနှင့်အခြားသူများဆီသို့ လျှောက်လာသည်။ အသံဖြင့် ထိုသုံးဦးကို နှိုးလိုက်ပြီး အသိပြန်လည်လာစေသည်။ အချိန်တိုအတွင်းတွင်ပင် သုံးဦးလုံး စကားပြောနိုင်လာကာ ထိုနေရာတွင် ဆက်ပြီးရပ်မနေတော့ပေ။ ယခုတစ်ခေါက်တွင် မြေခွေးနားရွက်မိန်းကလေးက စိတ်ဖြင့်ထိန်းချုပ်ထားသောလုထျန်းရုန်သည်လည်း အသိစိတ်ပြန်လည်လာကာ အမြန်ပင် အဖွဲ့ရှိရာသို့ ပြန်ပြေးလာသည်။ ၎င်းတို့ရှေ့သို့ ရောက်သည့်အခါတွင် ချက်ချင်းပင် မေးလိုက်၏။

"မြေခွေးမိန်းကလေးရော"

"ကျွန်တော် သူ့ကို မောင်းထုတ်လိုက်ပြီ။"

လင်းဇီချန်က တည်ငြိမ်စွာဖြင့်ပင် ပြောလိုက်သည်။ လုထျန်းရုန်တစ်ယောက်ကမူ မယုံကြည်နိုင်စွာဖြင့် မျက်လုံးအပြူးသားဖြစ်သွားရသည်။

"သူ့ကို တကယ်မောင်းထုတ်လိုက်တာလား။ ဘယ်လိုလုပ်လိုက်တာလဲ။"

မြေခွေးမိန်းကလေးသည် အကြည့်တစ်ချက်ဖြင့်ပင် မိမိကိုထိန်းချုပ်ထားနိုင်ကာ ပြန်တိုက်ရန်ပင် အားမရှိခဲ့ပေ။ မိမိထက် အဆင့်များစွာနိမ့်သောလင်းဇီချန်က ထိုမိန်းကလေးကို မောင်းထုတ်နိုင်ခဲ့သည်။ လင်းဇီချန်က ရိုးရိုးရှင်းရှင်းဖြင့် ရှင်းပြလိုက်လေသည်။

"အဲ့မြေခွေးမိန်းကလေးရဲ့ဝိညာဉ်စွမ်းအားက အားကောင်းလွန်းတယ်။ ဒါပေမဲ့လို့ ခန္ဓာကိုယ်က အရမ်းအားနည်းတယ်။ သူက ပုံရိပ်ယောင်ကို အကြိမ်ပေါင်းများစွာ သုံးခဲ့လို့ ဝိညာဉ်စွမ်းအားတော်တော်သုံးထားရတာ။ တိုက်ပွဲစွမ်းအားကိုကျစေတာနဲ့ အဆုံးမှာ သူ့ကိုမောင်းထုတ်လိုက်နိုင်တာ။"

"အဲ့လိုမျိုးလား။"

"နားထောင်ကြည့်ရတာတော့ ရိုးရှင်းတယ်ထင်ရပေမဲ့လို့ ဖြစ်စဉ်ကတော့ အတော်လေးကြမ်းမှာပဲ။"

"မြေခွေးနားရွက်မိန်းကလေးရဲ့ခန္ဓာကိုယ်က ဘယ်လောက်အားလဲ။"

"အခြေခံနဝမအဆင့်လို့ခံစားမိတာပဲ။"

"သူ့ရဲ့စိတ်စွမ်းအားကရော။"

"အဲ့တာတော့ မသေချာဘူး။ သူနဲ့ရင်ဆိုင်ရတုန်းက ဝိညာဉ်စွမ်းအားပြတ်နေတာကို ရှင်းရှင်းလင်းလင်းခံစားမိတယ်။ အဲ့တာကြောင့် သူက ကျွန်တော့်ကိုခဏလောက်ပဲ ထိန်းချုပ်နိုင်လိုက်တယ်။"

လင်းဇီချန်က အမှန်အတိုင်းပြောနေခြင်းဖြစ်သည်။ သို့သော်လည်း အချို့အချက်များကိုမူ ထိန်ချန်ထား၏။ ထိုစကားများကို နားထောင်ကာ လုထျန်းရုန်က သုံးသပ်လိုက်သည်။

"ငါ့ရဲ့ဝိညဉ်စွမ်းအားက အခြေခံနဝမအဆင့်ရှိတာ။ သူက ငါ့ကို ချက်ချင်းထိန်းချုပ်နိုင်တယ်ဆိုတော့ သူ့ဝိညာဉ်စွမ်းအားက အခြေခံနဝမအဆင့်အထက်မှာတော့ ရှိမှာပဲ။"

"မင်းသူနဲ့တိုက်တာကိုပေါင်းထည့်လိုက်ရင် သူ့ဝိညာဉ်စွမ်းအားက အခြေခံနဝမအဆင့် မဟုတ်ရင် အဆင့်မြင့်ပထမအဆင့်လောက်ရှိနိုင်တယ်။"

"သူငါ့ကို ထိန်းချုပ်နိုင်ဖို့ဆိုရင် ဝိညာဉ်စွမ်းအားတော်တော်သုံးရမယ်။ သူ့အားကို သိသိသာသာကျစေမှာပဲ။"

"အဲ့လိုဆိုရင် မင်းက အခြေခံအဌမအဆင့်ဝိညာဉ်စွမ်းအားနဲ့ သူ့ကို ကျော်လိုက်တာပေါ့။"

"ဟုတ်ကဲ့ အဲ့လိုပဲဖြစ်မှာပါ။"

လုထျန်းရုန်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ဆင်ခြေက အဓိပ္ပာယ်ရှိသည်ဟု ထင်မိသည်။ လင်းဇီချန်က ကျိုးကြောင်းဆီလျော်အောင်ပြောလိုက်ရသော်လည်း လက်တွေ့က ထိုသို့ဟုတ်မနေပေ။ အမှန်တွင် မိမိသည် မြေခွေးမိန်းကလေး၏ဝိညာဉ်စွမ်းအားကို ကျအောင်လုပ်ခဲံခြင်းသာ ဖြစ်သည်။

အခန်း (၂၈၂) - လှိုင်းလုံးကြီးများမြင့်တက်လာပြီ! ယွမ်သုန်ကျီရှုံးသွားပြီ! (၃)

အဆင့်မြင့်ဝိညာဉ်သွေးမျိုးဆက်စွမ်းအားဖြင့်ဆိုလျှင် သူသည် ပုံရိပ်ယောင်အတတ်တော်တော်များများကို ဒဏ်ခံနိုင်ကာ သူမကို လက်သီးတစ်ချက်တည်းဖြင့်ရှင်းပစ်နိုင်ခဲ့သည်။

"ဘုန်း"

ရုတ်တရက်ပင် မြေကြီးတုန်သွားကာ တောင်များပြိုသွားသည့်အသံကို ကြားလိုက်ရသည်။ အားလုံးက ဆူညံသံများလာရာသို့ အပြေးအလွှားကြည့်လိုက်ကြသည်။ သို့သော် မလှမ်းမကမ်းကပင်ဖြစ်သည်ကို သိသော်လည်း ဘာဖြစ်နေသည်ကိုမူ မသိပေ။ ခပ်လှမ်းလှမ်းမှ ဌက်များထပျံသွားကာ သားကောင်များပြေးသွားသည်ကိုသာ တွေ့လိုက်ရသည်။ လင်းဇီချန်က ကောင်းကင်မျက်လုံးအကူအညီဖြင့် အခြားသူများထက် ပို၍ရှင်းရှင်းလင်းလင်းတွေ့နိုင်သည်။ တိရစ္ဆာန်များအဘယ့်ကြောင့် လန့်ပြေးသွားကြသနည်း။ ဌက်များပျံပြေးသွားသည့်နောက်ကွယ်က အကြောင်းရင်းကို သိချင်သောကြောင့် ချက်ချင်းပင် ဝိညာဉ်စွမ်းအားစုစည်းကာ အမြင်အာရုံကို တိုးမြင့်လိုက်သည်။

အမြင်အာရုံရှင်းလင်းသွားသည်နှင့် မြင်လိုက်ရသည်မှာ ကြောက်စရာကောင်းလှသော၊ မိုးထိမတတ်မြင့်လှသည့်ဆူနာမီရေလှိုင်းကြီးပင် ဖြစ်၏။ ဆူနာမီရေလှိုင်းဖြတ်သွားသည့်နေရာတိုင်းတွင် အချို့သောမိုးထိုးနေသည့်သစ်ပင်ကြီးများသာ အသက်ရှင်နိုင်ကာ အခြားအပင်များအားလုံးသည် ချက်ချင်းပင် အမြစ်မှလန်ကာ ရေ‌အောက်သို့ ရောက်သွားရသည်။

"ရှေ့မှာ ဆူနာမီရေလှိုင်းလုံးကြီး လာနေပြီ။"

"အားလုံး သစ်ပင်တွေပေါ်တက်ကြ။"

"မီတာတစ်ရာကျော်မြင့်တဲ့သစ်ပင်တွေပေါ်တက်။"

ထိုဆူနာမီရေလှိုင်းလုံးကြီးကို မြင်သောအခါတွင် ချက်ချင်းပင် လင်းဇီချန်က အခြားသူများကို သတိပေးလိုက်သည်။ အမြန်ပင် ရှန်ချင်းဟန်ကို ပွေ့ချီကာ အနီးဆုံးတွင်ရှိသည့် မီတာတစ်ရာကျော်မြင့်သည့်သစ်ပင်ကြီးထိပ်သို့ အသာလေးတက်သွားသည်။ ကျန်သောလေးယောက်မှာ ခေတ္တမျှကြောင်နေသော်လည်း အခြေအနေကို သဘောပေါက်သည်နှင့် အမြန်ပင် အပင်များပေါ်သို့ တက်ကြသည်။ ဆူနာမီရေလှိုင်းလုံးများ၏အမြန်နှုန်းက အင်မတန်မြန်ဆန်ကာ တစ်နာရီတွင် (၇၀၀ - ၈၀၀) ကီလိုမီတာထိရှိမည်။ စက္ကန့်ဖြင့်တွက်ရလျှင် တစ်စက္ကန့်ကို မီတာနှစ်ရာပင်ဖြစ်၏။

အပြေးမမြန်လျှင် လွတ်နိုင်မည်မဟုတ်ပေ။ ကောင်းကင်သို့ပျံနိုင်သော အချို့သောဆန်းကြယ်သားရဲမျိုးစိတ်ဖြင့်ပေါင်းစပ်ထားသူများကလွဲ၍ ပျံနိုင်ရန်မှာ သာမန်သွေးမျိုးစပ်ဆင့်ကဲပြောင်းလဲသူဆိုလျှင် သခင်အဆင့်ထိ ရောက်ရမည်ဖြစ်သည်။ သခင်အဆင့်ထိရောက်မှသာ ဝိညာဉ်စွမ်းအားဖြင့် ပျံနိုင်မည်ဖြစ်၏။ ထိုအချိန်တွင် ၎င်းတို့ကြား၌ သွေးမျိုးဆက်စွမ်းအားအဆင့်အမြင့်ဆုံးသူမှာ လုထျန်းရုန်ဖြစ်သည်။

သူသည် အဆင့်မြင့်အဆင့်ဆဌမအဆင့်ဖြစ်ပြီး သခင်အဆင့်ရောက်ရန် လိုသေးပေသည်။ ထို့ကြောင့် လှိုင်းလုံးများကိုရှောင်ရန် သစ်ပင်ပေါ်သို့သာ ပြေးတက်ရလေသည်။ ထို့ကြောင့် ၎င်းတို့ လုပ်နိုင်သည်မှာ အပင်ပေါ်သို့ တက်ပြေးခြင်းသာဖြစ်၏။ ထိုသည်မှာလည်း လှိုင်းလုံးဖြတ်သွားသောနေရာတွင် အမြင့်ဆုံးဖြစ်သောသစ်ပင်များသာ ရှင်သည်ကို လင်းဇီချန်က သတိထားမိသောကြောင့်သာဖြစ်၏။ လွတ်မြောက်ရန် မဖြစ်နိုင်လျှင်ပင် လှိုင်းလုံးဖြင့် ရိုက်ချခံရလျှင်လည်း ကိစ္စမရှိပေ။ မြေကြီးပေါ်တွင် ရပ်မနေဘဲ ဆူနာမီ၏အားအနည်းဆုံးထိပ်ပိုင်းဖြင့်ထိတွေ့လျှင် ရှင်အောင် လုပ်နိုင်ပေလိမ့်မည်။

"တကယ့်ကို ဆူနာမီပဲ။"

"မြတ်စွာဘုရား လှိုင်းလုံးတွေက မြင့်လိုက်တာ။"

"သစ်ပင်တွေက ခံနိုင်ပ့ါမလား။"

လှိုင်းလုံးကြီးများ နီးကပ်လာသည့်မြင်ကွင်းကို သစ်ပင်ပေါ်မှ မြင်ကွင်းကျယ်ကျယ်ဖြင့် မြင်နေရကာ မကြာခင်ပင် အခြားသူများလည်း မြင်လာကြသည်။ ဆူနာမီလှိုင်းလုံးများကို မြင်လိုက်သည့်အခါတွင် ပထမတွင် အားလုံးအံ့ဩသွားကြပြီးနောက်တွင် စိတ်ပူသွားကြ၏။ မိမိတို့တက်နေသောသစ်ပင်များက ထိုလှိုင်းလုံးများကို တောင့်ခံနိုင်ပါ့မည်လောဟု စိတ်ပူမိခြင်းဖြစ်သည်။

"ဆူနာမီလှိုင်းလုံးတွေဆိုတာကို ဘယ်လိုလုပ်သိတာလဲ။"

လုထျန်းရုန်က မေးလိုက်သည်။

မိမိကမူ နားမလည်နိုင်ဖြစ်နေသည်။

မိမိသည် အဆင့်မြင့်ဆဌမအဆင့်ဖြစ်နေသော်လည်း မြေပြင်သို့ရောက်လာသည့် ဆူနာမီကို အာရုံမခံမိပေ။ သို့သော် အခြေခံအဌမအဆင့်ရှိသည့်လင်းဇီချန်က မည်သို့သိရသနည်း။ အဓိပ္ပာယ်မရှိ‌ေ၌။ လင်းဇီချန်က စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။

"ဒါက ကမ်းရိုးတန်းတောအုပ်လေ။ ရုတ်တရက်ကြီး ငှက်တွေထပျံပြီး အကောင်တွေထိတ်လန့်ပြီးပြေးသွားကြတယ်ဆိုတာက တစ်ခုခုကြောင့် ပျာယာခတ်ပြီး ပြေးသွားကြတာလေ။ ဆူနာမီဖြစ်ခါနီးရင် အဲ့လိုမျိုးဖြစ်တတ်ကြတာပဲ။" ခန့်မှန်းချက်ပင်ဖြစ်သော်လည်း ကျိုးကြောင်းသင့်လျော်ပေသည်။

"ဘုန်း"

မြေကြီးတုန်ခါသံနှင့် တောင်များပြိုကျသံ ပြင်းထန်လာသည်နှင့်အမျှ မကြာခင်ပင် မီတာဆယ်ချီမြင့်သည့် လှိုင်းလုံးကြီးများက မြင့်တက်လာ၏။ လမ်းကြောင်းတွင်ရှိသမျှအရာအားလုံးကို အားဖြင့် ရှင်းလင်းပစ်ကာ အရာအားလုံးကို ရေအောက်သို့ ဝါးမျိုသွားသည်။

"ရောက်လာနေပြီ သေချာကိုင်ထားကြ။"

လုထျန်းရုန်က အားလုံးကို သတိပေးလိုက်သည်။ အားလုံးသည်လည်း တင်းတင်းကိုင်ထားကြကာ ခန္ဓာကိုယ်များက တတ်နိုင်သမျှအားဖြင့် သစ်ပင်ကို ဖက်ထားကြသည်။ ရှန်ချင်းဟန်ကို ဖက်မထားဘဲ လင်းဇီချန်၏ရင်ခွင်ထဲတွင်သာကွေး၍ တင်းတင်းကျပ်ကျပ်ဖက်ထားသည်။ ခိုင်မာသောသစ်ပင်သစ်ကိုင်းများထက် လင်းဇီချန်ကို ပို၍ယုံကြည်ပေသည်။

"ဘုန်း"

"ဘုန်း"

"ဂျွတ်..ဂျွတ်..."

ပြင်းထန်သောဆူနာမီလှိုင်းက အားလုံးကို ဖျက်ဆီးပစ်ပြီး အရာအားလုံးကိုဖျက်ဆီးလိုက်သံကို ထွက်ပေါ်လာစေသည်။

လူများရှိသောသစ်ပင်ကြီးများသည်လည်း လှိုင်းလုံးကြီးများအောက်တွင် လှုပ်ယမ်းသွားကာ သစ်ပင်ကိုင်း‌ခြောက်များစွာကို ဖျက်ဆီးပစ်လိုက်သည်။ ခြေထောက်အောက်မှတုန်ခါမှုကြောင့် သစ်ပင်ထိပ်မှလူများပင် လန့်ဖျပ်သွားသည်။ ကံကောင်းစွာဖြင့် သစ်ပင်ကြီးများက အားကောင်းလှသောကြောင့် လှိုင်းလုံးကြီးများ၏လက်ချက်အောက်တွင် လဲမသွား‌ပေ။

(သင်သည် ဆူနာမီတိုက်ခတ်ခြင်းတွင် ရှင်သန်ပါပြီ။ ကပ်ဘေးကိုအောင်မြင်စွာဖြတ်ကျော်၍ အသက်ရှင်ပါပြီ။)

(အောင်မြင်မှု _ လွန်စွာပြင်းထန်သောပတ်ဝန်းကျင် သို့မဟုတ် ကပ်ဘေးအမျိုးမိုးတွင် အကြိမ်တစ်ရာရှင်သန်ခြင်း။)

(ဆု _ အသန်မာဆုံးအောင်မြင်မှုသွေးမျိုးဆက်စွမ်းအားရရှိခြင်း။)

(စုစုပေါင်းရှင်သန်မှု - ၂/၁၀၀)

အသန်မာဆုံးအောင်မြင်မှုလော။

လေထဲတွင်ပေါ်လာသောစာသားများကြောင့် ခေတ္တမျှကြောင်သွားမိသည်။ ထိုအောင်မြင်မှုစာသားသည် လွန်ခဲ့သောတစ်နှစ်ခန့်ကပေါ်လာပြီး ထိုစဉ်ကတည်းကပင် မမြင်ရတော့ပေ။ ယခု တစ်နှစ်ကျော်ကြာပြီးတွင် ဒုတိယအကြိမ်ထပ်မံပေါ်လာခြင်းဖြစ်သည်။ ရုန်းကန်နေရသောအခြေအနေများက ပြင်းထန်လှသည်။

"တကယ်ခံနိုင်ရည်ရှိတာပဲ။"

"စောနက ငါတော့ လန့်လို့သေတော့မယ်။"

"ပြင်းအားက တော်တော်လေးအားကောင်းတယ်။ သစ်ပင်ပေါ်မှာမဟုတ်ဘဲ မြေကြီးပေါ်မှာသာဆိုရင် သေနေလောက်ပြီ။ မဟုတ်ရင်လည်း ဒဏ်ရာအပြင်းအထန်ရနေလောက်ပြီ။"

"လွင့်စင်သွားပြီး အပိုင်းပိုင်းပြတ်သွားမှာတော့ သေချာတယ်။"

လီမော်ယွီနှင့်လော်ရုန်ကျန်းတို့က အပြန်အလှန်ပြောနေကြခြင်းဖြစ်ပြီး မျက်နှာများက မကောင်းလှပေ။ မာရှိဝေကလည်း အံ့အားသင့်နေသည်။

"ဘာလို့ ရုတ်တရက်ကြီး ဆူနာမီက ရောက်လာရတာလဲ။"

လုထျန်းရုန်ကလည်း တွက်ဆလိုက်၏။

"ငါမမှားဘူးဆိုရင် ဆူနာမီက ကျောင်းအုပ်ယွမ် လုပ်လိုက်တာဖြစ်မယ်။"

"ကျောင်းအုပ်ယွမ်က အဲ့လောက်အားကောင်းတယ်ပေါ့။ ဒီလောက်ကြောက်စရာကောင်းတဲ့ဆူနာမီတောင် ဖြစ်အောင်လုပ်နိုင်တယ်ပေါ့။"

လော်ရုန်ကျန်းကလည်း အံ့အားသင့်သွားပြီး မယုံကြည်နိုင်ဖြစ်နေသည်။ ထိုသို့ကြောက်စရာကောင်းလှသောဆူနာမီကိုဖန်တီးခြင်းသည် နဂါးဘုရင်ဒဏ္ဍာရီတွင်သာ ရှိသည်။

လီမော်ယွီက ပြောလိုက်လေသည်။

"ကျောင်းအုပ်ယွမ်က သခင်အဆင့်ပဲလေ။ သခင်အဆင့်တိုက်ခိုက်သူက နဂါးဘုရင်မျိုးစိတ်နဲ့ပေါင်းစပ်ထားတာဆိုတော့ ဒီလိုမျိုးလုပ်နိုင်တာမဆန်းပါဘူး။"

များများစားစားရှင်းမပြဘဲ လီမော်ယွီက ပြောလိုက်၏။

"ငါတို့ လီမိသားစုက ကျောင်းအုပ်ယွမ်တို့မိသားစုနဲ့ စီးပွားရေးအချို့ လုပ်နေတာရှိတယ်။ အဲ့တာကြောင့် သူတို့နဲ့ဆက်သွယ်ရတော့ နည်းနည်းလေးသိထားတာ။"

ထိုစကားကို ကြားသောအခါတွင် လော်ရုန်ကျန်းက မနာလိုဖြစ်မိသည်။ မိမိသည် နေရာတိုင်း၌ အဆက်အသွယ်ရှိသည့် ဒုတိယမျိုးဆက်အောင်မြင်သူဟု ထင်ခဲ့သော်လည်း အမျိုးသမီးအတွင်းခံထုတ်ကာ ပိုက်ဆံများစွာရှာထားသောမိသားစုက ထိုသို့အဆက်အသွယ်မျိုးမရှိ‌ပေ။ မိမိတို့မိသားစုသည် ထိုသို့အဆက်အသွယ်မျိုးရရန်မှာ နှစ်ပေါင်းရာချီကြိုးစားမှသာဖြစ်ပေမည်။

"အခု တောအုပ်တစ်ခုလုံးလည်း ရေအောက်ရောက်သွားပြီ။ သခင်အဆင့်တိုက်ခိုက်သူတိုက်ပွဲမှာလည်း ကျောင်းအုပ်ယွမ်နိုင်သွားလောက်ပါပြီ။"

လုထျန်းရုန်က ဆူနာမီလာသောအရပ်ကိုကြည့်၍ ပြုံးလိုက်မိသည်။

လော်ရုန်ကျန်းကလည်း သဘောတူလိုက်သည်။

"သေချာတာပေါ့။ ကျောင်းအုပ်ယွမ်က ဆူနာမီကိုတောင် ဖန်တီးနိုင်တာ။ ဘယ်လိုလုပ်ဂမ္ဘီရသစ်ပင်ဂိုဏ်းက နိုင်နိုင်မှာတဲ့လဲ။"

ဆရာဖြစ်သူက အားကောင်းလွန်းလှသည်ဟု ရှန်ချင်းဟန်စဉ်းစားနေမိသည်။ လှိုင်းလုံးများက ကြောက်စရာကောင်းလာကာ ဒဏ္ဍာရီလာနတ်များကသာ ထိုသို့လုပ်နိုင်ကာ မိမိသည်လည်း ထိုအဆင့်ထိရောက်ရမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ သူမသည်လည်း တစ်နေ့တွင် ဆရာဖြစ်သူကဲ့သို့ ကြောက်စရာကောင်းသောလှိုင်းလုံးကြီးများကို ဖန်တီးနိုင်သည်အထိ အားကောင်းလာမည်လော။

မဟုတ်လျှင်လည်း ဆရာထက်သာမည်လော။

ရှန်ချင်းဟန်သည် ထိုအကြောင်းကိုတွေးမိလေလေ ပို၍မျှော်လင့်မိလေလေပင်ဖြစ်၏။

လုထျန်းရုန်သည် မမြင်ရသောပင်လယ်ရေများကိုကြည့်ကာ စိတ်ပူနေမိသည်။

"အာ အခြားသူတွေလည်း အဆင်ပြေမယ်လို့မျှော်လင့်တယ်။ ဘာမှထိခိုက်မိတာ မရှိလောက်ပါဘူး။ အခြားသူများဆိုသည်မှာ မြို့တော်တက္ကသိုလ်၊ စစ်တပ်နယ်မြေနှင့် စက်နတ်ဘုရားအုပ်စုမှလူများကို ဆိုလိုခြင်းဖြစ်သည်။ မြေခွေးမိန်းကလေးဆီမှ ထိန်းချုပ်ခံရပြီးနောက်တွင် အခြားလူ (၁၅) ဦးကို မမြင်ရတော့ပေ။

"ဝှစ်"

"ဝှစ်"

"ဝှစ်"

ရုတ်တရက်ပင် ခပ်လှမ်းလှမ်းမှ လေကိုခွင်းသောအသံများကို ကြားလိုက်ရသည်။ အမြန်ဆုံးဖြင့်လေကိုဖြတ်၍လာသောအသံမျိုးပင်ဖြစ်၏။ ပထမဆုံးကြားလိုက်သူမှာ လင်းဇီချန်ပင် ဖြစ်၏။ ထိုအသံကိုကြားလိုက်သောအခါတွင် အန္တရာယ်ကြိုတင်သိမြင်ခြင်းစွမ်းအားက မြင့်တက်လာသည်။ ယခင်ကထက်ပင် ပို၍ပြင်းသည်။ ချက်ချင်းပင် မျက်မှောင်ကြုတ်မိကာ မကောင်းသောခံစားချက်မျိုး ရနေသည်။

ပင်လယ်ကမ်းရိုးတန်းတောအုပ်ထဲတွင် သခင်အဆင့်တိုက်ခိုက်သူမှာ ယွမ်သုန်ကျီနှင့် ခါးကုန်းလူကြီးသာရှိကာ ထိုနှစ်ဦးကသာ အန္တရာယ်ကြိုသိမြင်နိုင်ခြင်းစွမ်းအားကို မြင့်တက်စေနိုင်သည်။ ယွမ်သုန်ကျီသည် မိမိတို့ဘက်မှလူဖြစ်သောကြောင့် ထိုသို့မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖြစ်နိုင်ချေက တစ်ခုတည်းသာရှိသည်။ ခါးကုန်းလူကြီး လာနေခြင်းပင်ဖြစ်လေ၏။

ထိုအကြောင်းကို သိလိုက်သည်နှင့် လင်းဇီချန်၏အမူအရာက အနည်းငယ်မျှပြောင်းသွားသည်။ ချက်ချင်းပင် ထိုအသံလာရာကို ကောင်းကင်မျက်လုံးဖြင့် ကြည့်လိုက်သည်။ မိမိ၏အမြင်အာရုံအောက်တွင် သစ်ပင်ကြီးတစ်ပင်မှ တစ်ပင်ပေါ်သို့ ခုန်ပျံကာ မိမိရှိရာသို့ အမြန်ဆုံးနှုန်းဖြင့်လာနေသည့်ပုံရိပ်ကို တွေ့လိုက်ရသည်။ နီးကပ်လာသည်နှင့်အမျှ သိလိုက်ရသည်မှာ အမှန်တကယ်ပင် မျက်နှာဖုံးစွပ်ထားသည့်ခါးကုန်းလူကြီးဖြစ်လေသည်။

All Chapters