အခန်း ၂၈၃-၂၈၅
Vol. 19 Ch. 283-285
အခန်း (၂၈၃) ဂြိုလ်သားများ၏ထူးချွန်ထက်မြက်မှုကိုပင်ပျောက်ကွယ်သွားစေနိုင်သည့်းကမ္ဘာမြေမှပါရမီရှင်
''ကျောင်းအုပ်ယွမ် ရှုံးသွားပြီ။"
"ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့အကြီးအကဲကိုးက အမြန်ဆုံးနှုန်းနဲ့ ဒီကို ချည်းကပ်လာနေပြီ။"
"သူက ကျွန်တော့်နောက်လိုက်နေတာ။ သူ့ကို အာရုံလွှဲလိုက်မယ်။"
ခါးကုန်းလူကြီးရှိသည်ကို အာရုံခံမိသည်နှင့် လင်းဇီချန်က ချက်ချင်းပင် ဘေးမှလူအချို့ကို ပြောလိုက်သည်။ နောက်ထပ်တစ်ခေါက် ထပ်ပြောမနေတော့ဘဲ ပင်လယ်ရေထဲသို့ ဒိုင်ဗင်ထိုးချကာ ပျောက်ကွယ်သွားသည်။ မြေပေါ်တွင်မူ အခြေခံနဝမအဆင့်ရှိသောမိမိသည် သခင်အဆင့်ရှိသူကို နိုင်နိုင်မည်မဟုတ်ပေ။ ရေထဲတွင်မူ ရေကောင်းချီးဟုသောသွေးမျိုးဆက်စွမ်းအားကိုသုံး၍ လှည့်ကွက်များဖန်တီးနိုင်ပေမည်။ သစ်ပင်ပေါ်က လူအချို့ကမူ လင်းဇီချန်တစ်ယောက် ရေထဲသို့ ဒိုင်ဗင်ထိုး၍ ပျောက်သွားသည်ကိုသာ တွေ့လိုက်ရပြီး ဘာဖြစ်သွားသည်ကိုမူ မသိလိုက်ကြပေ။ လုထျန်းရုန်သည် ခါးကုန်းလူကြီးချည်းကပ်လာသည်ကို အာရုံခံမိမှသာ အားလုံးကို အော်ပြော၍ သတိပေးလိုက်သည်။
"အားလုံး ငါ့နောက်လိုက်ခဲ့ကြ။ လင်းဇီချန်နဲ့ဆန့်ကျင်ဘက်အရပ်ကို ပြေးကြမယ်။"
ပြော၍မဆုံးခင်တွင်ပင် ခါးကုန်းလူကြီးက ဦးတည်ရာပြောင်းသွားသည်ကို သတိထားမိသည်။
ခါးကုန်းလူကြီးသွားရာသို့လိုက်ကြည့်မိသောအခါ၌ အံ့အားသင့်သွားစေသောမြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ လင်းဇီချန်ပင် ဖြစ်၏။ လွန်ခဲ့သောဆယ်စက္ကန့်ကမှ ရေထဲသို့ ဒိုင်ဗင်ထိုးသွားသောလင်းဇီချန်သည် ယခုတွင မီတာရာချီအထိ ကူးခတ်သွားပြီးဖြစ်သည်။ လုထျန်းရုန်သည် မိမိရှေ့မှ မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်နေသည်။ ရေအောက်တွင် ကူးနေခြင်းမဟုတ်ဘဲ ရေမျက်နှာပြင်ပေါ်၌ ကူးနေခြင်းဖြစ်သည်။ မိမိသာဆိုလျှင် ထိုနှုန်း၏တစ်ဝက်သာရှိပေမည်။ စီနီယာြဖစ်သောသူသည်ပင် ထိုသို့နှုန်းဖြင့် ရေမကူးနိုင်ပေ။ မြင်လိုက်ရသောမြင်ကွင်းကို အဓိပ္ပာယ်မရှိဟု လုထျန်းရုန်ထင်မိသည်။
လင်းဇီချန်သည် အခြေခံအဆင့်သက်ရှိသာဖြစ်သော်လည်း ရေထဲတွင် မည်သို့ဖြစ်၍ ထိုမျှမြန်မြန် ကူးနိုင်သနည်း။ ဆန်းကြယ်သားရဲမျိုးစိတ်နှင့် ပက်သက်နေမည်လော။ သို့သော်လည်း မဟုတ်သေးပေ။ သူသည် သွေးသန့်လူသားလမ်းစဉ်လိုက်သူဖြစ်၍ ထိုသို့မဖြစ်နိုင်ပေ။ လုထျန်းရုန်သည် အတွေးထဲတွင်နစ်မျောနေကာ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်မိသည်။
"ဆရာလု ဘာလို့ မသွားသေးရတာလဲ။"
လီမော်ယွီ၏အသံကို ကြားသောအခါမှ လုထျန်းရုန် အသိပြန်ဝင်လာသည်။
"ဒီကနေသွားကြစို့ မြန်မြန်။"
ထိုသို့ဖြင့် မိမိတို့သည်လည်း ပင်လယ်ရေထဲသို့ ဒိုင်ဗင်ထိုးလိုက်ကြပြီး လင်းဇီချန်နှင့်ဆန့်ကျင်ဘက်အရပ်ဆီသို့ ကူးသွားကြသည်။
"ချင်းဟန် ဘာလို့ငေးနေတာလဲ မြန်မြန်ခုန်လေ။"
ရှန်ချင်းဟန်က ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်သောကြောင့် မာရှိဝေက လှမ်းအော်လိုက်၏။ ရှန်ချင်းဟန်သည် လင်းဇီချန်ရှိရာသို့ကြည့်ကာ စိတ်ပူနေခြင်းသာဖြစ်၏။
သူမ၏အမြင်အာရုံ အားမကောင်းလှပေ။ ထို့ကြောင့် လင်းဇီချန်ကို မမြင်နိုင်ပေ။ သို့သော်လည်း ပင်လယ်လှိုင်းလုံးများကြားတွင် လင်းဇီချန်ရှိရာကိုမူ ခန့်မှန်းနိုင်သည်။
"ဒါတွေအားလုံးက ငါအသုံးမကျလို့ဖြစ်ရတာ...."
"ငါသာ အားကောင်းမယ်ဆိုရင် အန္တရာယ်နဲ့ရင်ဆိုင်ရတိုင်း ရှောင်ချန်ကို စွန့်စားခိုင်းရမှာမဟုတ်ဘူး...."
"အားလုံးငါ့အမှားတွေပဲ ငါအသုံးမကျလို့...."
သူမသည် မိမိဘာသာ အဆက်မပြတ်အပြစ်တင်နေမိသည်။ မိမိသည် ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ ခံစားရကာလင်းဇီချန်ကိုလည်း မည်သည့်အခါမှ မကူညီနိုင်ခဲ့ပေ။ သူမ မရှိလျှင် လင်းဇီချန်သည် အန္တရာယ်နှင့်ရင်ဆိုင်ရသည့်အခါ၌ ပို၍အဆင်ပြေမည်ဟု တွေးမိသည်။ ထိုသို့အတွေးများနေစဉ်တွင်ပင်
"ချင်းဟန်...."
"ဘာလုပ်နေတာလဲ"
"မြန်မြန်ဆင်းလာခဲ့လေ။"
ရှန်ချင်းဟန်က ပြန်မဖြေသည်ကို မြင်သောကြောင့် ရေထဲမှမာရှိဝေက လှမ်းအော်ပြောလိုက်သည်။ အော်သံကို ကြားသည့်အခါမှ ရှန်ချင်းဟန်လည်းအသိစိတ်ဝင်ကာ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ငါအခုဆင်းလာပြီ။"
ပြောပြီးနောက်တွင် သိမ်မွေ့စွာဖြင့် ရေထဲသို့ထိုးဆင်းလိုက်သည်။ ရေစင်သွားခြင်းမျိုးလည်းမရှိဘဲ ရေမျက်နှာပြင်ထက်၌ လှိုင်းအနည်းငယ်သာ ထသွားသည်။ မာရှိဝေက မျက်လုံးပွတ်ကြည့်ကာ တစ်ခုခုမှားနေပြီဟု ခံစားမိသည်။ မီတာဒါဇင်ချီမှ ခုန်ချလိုက်သည်ကို မည်သို့ရေမစင်ဘဲနေသနည်း။ သူမသည် ဖြစ်နေသည်များကို နားမလည်ခင်တွင်ပင် လုထျန်းရုန်အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"မင်းတို့ကောင်မလေးနှစ်ယောက် အချိန်ဆွဲမနေနဲ့တော့။ မြန်မြန်ကူးခဲ့။"
"လာပါပြီ။"
မာရှိဝေက ပြန်ဖြေကာ အမြန်ပင် ကူးခတ်သွားသည်။ တိတ်ဆိတ်နေသောရှန်ချင်းဟန်ကမူ နောက်မှလိုက်လာပြီး လင်းဇီချန်ရှိရာသို့ စိတ်ပူနေသောအမူအရာဖြင့် နောက်ပြန်လှည့်ကြည့်လိုက်မိပြန်သည်။
…
တစ်နေရာရာတွင်မူ ရေကောင်းချီး၏အကူအညီဖြင့် လင်းဇီချန်သည် ရေမျက်နှာပြင်ထက်၌ အကောင်းဆုံးကူးခတ်နေသည်။ ရေငုတ်သည်ထက် ရေကူးသည်က ပိုမြန်သည်။ ရေမျက်နှာပြင်ပေါ်တွင် ကူးရသည့်အကြောင်းရင်းသည် ခါးကုန်းလူကြီးကို မြှားခေါ်ရန်သာဖြစ်သည်။ ခါးကုန်းလူကြီးသည် မိမိသာရေငုပ်နေလျှင် အာရုံခံမိမည်လားက မသေချာပေ။ မဟုတ်လျှင် ရှန်ချင်းဟန်အန္တရာယ်များပေမည်။ မီတာရာချီအထိ လက်ပစ်ကူးပြီးနောက်တွင် မိမိရှိရာသို့ ခါးကုန်းလူကြီးလိုက်လာသည်ကို သတိထားမိသည်။ ရှန်ချင်းဟန်ဆီသို့မဟုတ်ဘဲ မိမိဆီသို့ အမြန်ဆုံးဖြင့်ခုန်ပျံလာသည်။ ထိုသည်ကို မြင်သောအခါမှ စိတ်သက်သာရာရသွားပြီး ချက်ချင်းပင် အမြန်ဆုံးဖြင့် လက်ပစ်ကူးတော့သည်။
ခါးကုန်းလူကြီးလိုက်လာသည်ကို သေချာစေပြီးနောက်မှ အောက်ခြေထိ ရေငုပ်ကာ အမြန်ဆုံးနှုန်းဖြင့် ကူးခတ်တော့သည်။ ခါးကုန်းလူကြီးကို အောင်မြင်စွာဖြင့် မြှားခေါ်နိုင်ခဲ့လေပြီ။
အခန်း (၂၈၄) ဂြိုလ်သားများ၏ထူးချွန်ထက်မြက်မှုကိုပင်ပျောက်ကွယ်သွားစေနိုင်သည့်းကမ္ဘာမြေမှပါရမီရှင် (၂)
နောက်ထပ်ခြေလှမ်းသည် ခါးကုန်းလူကြီးကို တုန်လှုပ်အောင်လုပ်၍ အန္တရာယ်ကင်းကင်းဖြင့် ထွက်ပြေးရန်ဖြစ်သည်။ ပြေးမည့်အရပ်ကို လှိုင်းလုံးများတက်လာသောနေရာဆီသို့ ရွေးချယ်ထားပြီးဖြစ်သည်။ ထိုလှိုင်းလုံးများကို ယွမ်သုန်ကျီက စွမ်းအားသုံး၍ လုပ်ထားခြင်းဖြစ်ကာ ထိုလှိုင်းလုံးများလာသောနေရာက ယွမ်သုန်ကျီရှိရာအရပ်ဖြစ်နိုင်သည်။ လင်းဇီချန် ခန့်မှန်းလိုက်ခြင်းဖြစ်၏။ ယွမ်သုန်ကျီရှုံးသွားလျှင်ပင် သေမည်မဟုတ်ပေ။ ထို့အစား လုထျန်းရုန်ကဲ့သို့ နွယ်ပင်များဖြင့် ပိတ်မိနေခြင်းဖြစ်ပေမည်။
ခါးကုန်းလူကြီးလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာမရထားသည်ကို ကြည့်ခြင်းဖြင့် ၎င်းတို့၏တိုက်ပွဲက မပြင်းထန်သည်မှာ ထင်ရှားသည်။ စွမ်းအားမြင့်သူများတိုက်ခိုက်လျှင် မပြင်းထန်သော်လည်း အချင်းချင်းသတ်ရန် ရည်ရွယ်ထားခြင်းမျိုး မရှိကြပေ။ အဆင့်တူသူများဖြစ်ကြသောကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာမရဘဲ တစ်ဖက်သူကို သတ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယွမ်သုန်ကျီသည်တိုက်ပွဲတွင်သေသွားသည်က လုံးဝမဖြစ်နိုင်ပေ။ ခါးကုန်းလူကြီး၏နွယ်ပင်များတွင် ပိတ်မိနေကာ လွတ်မြောက်ရန် ခက်ခဲနေခြင်းသာဖြစ်ပေမည်။
ထိုအချက်ပေါ်မူတည်၍ နောက်အစီအစဉ်မှာ ယွမ်သုန်ကျီကို သွားကယ်မည်ဖြစ်သည်။ ထို့နောက်တွင် ယွမ်သုန်ကျီနှင့်ခါးကုန်းလူကြီးကို ထပ်တိုက်ခိုက်ခိုင်းကာ မိမိကမူ ထွက်ပြေးမည်ဖြစ်သည်။
"ကျောင်းအုပ်ယွမ်တစ်ယောက် သတ်ခံရတာမဟုတ်ဘဲ နွယ်ပင်တွေထဲမှာ ပိတ်မိနေတာမျိုးပဲဖြစ်ပါစေ။"
"သွေးမျိုးဆက်စွမ်းအားအသစ်ဖြစ်တဲ့ တောအရှင်က အဲ့လူကြီးရဲ့နွယ်ပင်တွေကိုပါ ထိန်းချုပ်နိုင်ဖို့မျှော်လင့်မိတယ်။"
"ကျောင်းအုပ်ယွမ်ကို ရှာမတွေ့ခင် အဲ့လူကြီးဆီမှာ မိမသွားဖို့ မျှော်လင့်ရတာပဲ။"
လင်းဇီချန်သည် တတ်နိုင်သမျှအားဖြင့် ကူးခတ်ဖြင့် ကျရောက်လာမည့်အန္တရာယ်ကိုတွေးပူနေမိကာ အဆင်ပြေရန် မျှော်လင့်နေမိသည်။
...
ရေပေါ်တွင်မူ ခါးကုန်းလူကြီးသည် အမြန်ပင် လင်းဇီချန်နောက်သို့ လိုက်နေသည်။ လင်းဇီချန်သည် အမြန်ဆုံးဖြင့် ရေထဲတွင်ငုပ်၍ကူးခတ်နေသည်ကို မြင်လိုက်ရသောအခါတွင် ထိုလူ၏မျက်နှာ၌ အံ့ဩမှုဖြင့် ပြည့်နှက်သွားသည်။ အခြေခံအဆင့်သက်ရှိက မည်သို့ဖြင့် ထိုမျှမြန်နေသည်လော။
ထို့အပြင် အခြေခံအဆင့်သက်ရှိသည် သွေးသန့်လူသားလမ်းစဉ်လိုက်ထားသူဖြစ်ပြီး ရေနှင့်ပက်သက်သည့်ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့်လည်း ပေါင်းစပ်ထားခြင်းမရှိပေ။ ဘာများဖြစ်နေသနည်း။
ခါးကုန်းလူကြီးက မိမိဘာသာ စဉ်းစားလိုက်မိသည်။ မိမိအသက်သည် နှစ်ပေါင်းနှစ်ရာကျော်ရှိပြီဖြစ်၍ ကမ္ဘာပေါ်နှင့် မူလမြေမှ ပါရမီရှင်များစွာဖြင့် တွေ့ခဲ့ဖူးသော်လည်း လင်းဇီချန်ကဲ့သို့ လူမျိုးကိုမူ တစ်ခါမှမတွေ့ဖူးပေ။
သွေးသန့်လူသားလမ်းစဉ်လိုက်သည်။ ဆန်းကြယ်သားရဲမျိုးစိတ်ဖြင့် ပေါင်းစပ်ထားခြင်းမရှိပေ။ သို့တိုင်အင်အားက ဆင့်ကဲပြောင်းလဲသူများ၏အင်အားဖြင့် အတူတူပင်ဖြစ်သည်။ ယခုတွင်မူ ဆင့်ကဲပြောင်းလဲသူများထက်ပင် သာလွန်သော ရေအောက်အရည်အချင်းမျိုးလည်း ရှိနေသည်။ ထိုသို့ထူးချွန်မှုက မိမိ၏ကမ္ဘာကိုနားလည်ထားမှုကို အသစ်တစ်ဖန်ဖြစ်သွားစေသည်။
ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များရှားပါးသောကမ္ဘာမြေသည်ပင် မူလမြေမှဆန်းကြယ်သက်ရှိများထက်သာသည့် ပြိုင်ဘက်ကင်းတစ်ယောက်ကို မွေးထုတ်ပေးနိုင်သည်။
"ဒီကလေးက တကယ်ကို မကောင်းဆိုးဝါးလေးပဲ။"
"ငါတို့ မြန်မြန်ဆုံးဖြတ်ချက်ချပြီး သူ့ကို ဌာနချုပ်ကို ခေါ်သွားရမယ်။"
"မမျှော်လင့်ထားတဲ့ပြောင်းလဲမှုတွေကို နည်းအောင်လုပ်ရမယ်။"
ခါးကုန်းလူကြီးက မိမိဘာသာတွေးနေရင်းဖြင့် လင်းဇီချန်ရှိရာနောက်သို့ အပင်များပေါ်သို့ ခုန်ပျံကျော်လွှားရင်းဖြင့် လိုက်သွားသည်။
စက္ကန့်ပိုင်းအတွင်းပင် လင်းဇီချန်နားသို့ ကပ်လာသည်။သူသည် အတွေးဖြင့် နွယ်ပင်များကို ရေထဲသို့ပို့ကာ လင်းဇီချန်နောက်သို့ လိုက်စေသည်။ နွယ်ပင်များ၏အရှိန်ကလည်း မြန်လွန်းလှကာ လင်းဇီချန်ကို မှီသွားပြီး တစ်ခုပြီးတစ်ခု လိုက်ပတ်နေသည်။ နွယ်ပင်များ ရောက်လာသည်ကို သိသောကြောင့် လင်းဇီချန်က ကျွမ်းကျင်စွာဖြင့် ရေကူးရင်းရှောင်လိုက်သည်။ ရေကောင်းချီး၏အကူအညီဖြင့် ရေသည် မိမိ၏အိမ်ဖြစ်နေသည်။ ဆန့်ကျင်ဘက်အနေဖြင့်မူ ရေထဲမှနွယ်ပင်များ၏အားက သိသိသာသာ လျော့ကျသွားသည်။
"အခြေခံအဆင့်သက်ရှိကာ ဘယ်လိုလုပ် ဒီလောက်အားကောင်းတဲ့ရေအောက်အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားရတာလဲ။"
ခါးကုန်းလူကြီးသည် စိတ်ထဲ၌ ဒွိဟဖြစ်နေမိသည်။ လင်းဇီချန်၏ရေအောက်စွမ်းရည်သည် အဆင့်မြင့်အဆင့်ဆင့်ကဲပြောင်းလဲသူနီးပါးရှိသည်။ အဆင့်မြင့်အဆင့်တွင် အလယ်အလတ်အဆင့်မျှရှိနေသည်။ မူလမြေမှအချို့သူများသည်ပင် လင်းဇီချန်ရှေ့၌ မှေးမှိန်သွားပေမည်။
"ဘုန်း...ဘုန်း...ဘုန်း...."
ခါးကုန်းလူကြီးသည် နွယ်ပင်များကို ထပ်၍ဆင့်ခေါ်ကာ လင်းဇီချန်ရှိရာသို့ မိုးရွာသည့်နှယ် ပစ်လွှတ်လိုက်သည်။ နွယ်ပင်အချို့က မမှီလျှင် နွယ်ပင်ရာချီကမူ မှီပေလိမ့်မည်။ လင်းဇီချန်သည် ရေအောက်တွင် မည်မျှပင် ကျွမ်းကျင်ပါသော်လည်း နွယ်ပင်များနှင့်ရင်ဆိုင်ရသောအခါ၌ ဖမ်းမိသွားပေမည်သာဖြစ်မည်။
...
ရေအောက်တွင်မူ လင်းဇီချန်က သွေးကြောများကို ကြီးထွားစေကာ ချီသွေးစွမ်းအားကိုလည်း မြှင့်တင်လိုက်သည်။ ရေကောင်းချီး၏အကူအညီဖြင့် ယခင်ဘဝက တွေ့ဖူးသည့်ပင်လယ်ငါးများထက်ပင် ပို၍မြန်မြန်ကူးနိုင်သေးသည်။ တစ်စက္ကန့်လျှင် မီတာတစ်ရာခန့်ဖြစ်သည်။ သို့တိုင် နောက်မှလိုက်လာသောနွယ်ပင်များက နီးကပ်လာသေးသည်။ တစ်ယောက်သည်အခြေခံအဆင့်ဖြစ်ကာ ကျန်တစ်ယောက်က သခင်အဆင့်ဖြစ်သည်။ နှစ်ဦးကြားက သွေးမျိုးဆက်စွမ်းအားအဆင့်က ကွာခြားလှသည်။ စွမ်းအားခြားနားချက်ကမူ ရေကောင်းချီးကြောင့်မကွာလှပေ။
တစ်ဖြည်းဖြည်းဖြင့် နွယ်ပင်များက လင်းဇီချန်ကို မှီသွားသည်။ ၎င်းကိုဖမ်းမိသွားသည်နှင့် ချက်ချင်းပင် ရစ်ပတ်လိုက်ကြသည်။ ထို့အစား အချို့က လင်းဇီချန်ရှေ့မှရောက်အောင်သွားသည်။ အရပ်ခြောက်နှစ်မျက်နှာလုံး၌ နွယ်ပင်များရှိနေကာ လင်းဇီချန်၏ပြေးလမ်းအားလုံးကို ပိတ်ထားပြီး ပတ်ချာလည်မှ မြွေကဲ့သို့ ရစ်ပတ်နှောင်တွယ်ထားသည်။ လင်းဇီချန်က ရှောင်ချင်သော်လည်း ပုန်းနေရမည်ဖြစ်သည်။ နွယ်ပင်များက များသောကြောင့် ရှောင်ရန်နေရာမရှိတော့ပေ။ ရုန်းကန်ရန်အခွင့်အရေးမရဘဲ နွယ်ပင်များတွင် ပိတ်မိသွားကာ မလှုပ်ရှားနိုင်ဖြစ်သွားတော့၏။
အခန်း (၂၈၅) ဂြိုလ်သားများ၏ထူးချွန်ထက်မြက်မှုကိုပင်ပျောက်ကွယ်သွားစေနိုင်သည့်းကမ္ဘာမြေမှပါရမီရှင် (၃)
ထို့နောက်တွင် ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုလုံး အပေါ်မြှောက်သွားပြီး ထိုခါးကုန်းလူကြီး၏လက်တွင်းသို့ ကျရောက်တော့မည်ဖြစ်သည်။ အပေါ်သို့ဆွဲတင်ခံလိုက်ရသည်နှင့် လင်းဇီချန်က ချက်ချင်းပင် တောအရှင်စွမ်းအားကိုထုတ်သုံး၍ ခန္ဓာကိုယ်ပေါ်မှနွယ်ပင်များကို ထိန်းချုပ်ရန် ကြိုးစားကြည့်သည်။ နွယ်ပင်များကိုအာရုံခံရသော်လည်း မထိန်းချုပ်နိုင်ပေ။ ခါးကုန်းလူကြီး၏ဝိညာဉ်စွမ်းအားဖြင့် ကွာခြားနေသောကြောင့် မထိန်းချုပ်နိုင်ပေ။ ကံကောင်းစွာဖြင့် အဆင့်မြင့်ဝိညာဉ်စွမ်းအားအကူအညီဖြင့် ဝိညာဉ်စွမ်းအားတိုးအောင်လုပ်လိုက်သည်။ ထို့နောက်တွင် ဝိညာဉ်စွမ်းအားဖြင့် မိမိကိုပတ်ထားသည့် နွယ်ပင်များ၏တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ကြည့်သည်။ ရေထဲမှဆွဲထုတ်မခံရခင်တွင်ပင် နွယ်ပင်များပတ်ထားသည်ကို အနည်းငယ်ခန့် ပြေသွားစေသည်။ ချက်ချင်းပင် ရုန်း၍ ရေပြင်အောက်ခြေအထိသို့ ထိုးဆင်းသွားကာ ထိုသူဖြင့်တတ်နိုင်သမျှဝေးဝေးရောက်အောင် ရှောင်ရှားလိုက်သည်။
...
ရေမျက်နှာပြင်တွင်မူ ခါးကုန်းလူကြီးသည် မိမိဘာသာစဉ်းစားနေမိသည်။ လူက ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာခါနီးဖြစ်သည်။ မည်သို့ ဖြစ်၍ နွယ်ပင်များကို ဆက်ထိန်းမရတော့ဘဲ ပြေလျော့သွားရသနည်း။ ဘာများဖြစ်နေသနည်း။ တွေဝေနေရန်အချိန်မရှိသောကြောင့် ချက်ချင်းလှုပ်ရှားရပြန်သည်။ နွယ်ပင်များကို ဆက်၍ထိန်းချုပ်ကာ လင်းဇီချန်ရှိရာသို့ ဦးတည်လိုက်ပြန်သည်။
ခေတ္တမျှကြာသောအခါတွင် နွယ်ပင်များက လင်းဇီချန်ကို မိသွားပြန်သည်။ ရေမျက်နှာပြင်ဆီသို့ ဆွဲခါနီးတွင် ပတ်ထားသောနွယ်ပင်များက ပြေလျော့သွားပြန်သည်။ လင်းဇီချန်လွတ်သွားသည်ကိုကြည့်၍ မျက်စိတ်တစ်မှိတ်အတွင်းတွင်ပင် မီတာရာချီထွက်ပြေးသွားပြန်၏။
ဘာများဖြစ်နေသနည်း။ နွယ်ပင်များက အဘယ့်ကြောင့် ပတ်ထားသည်က လျော့ကျသွားသနည်း။
ခါးကုန်းလူကြီးသည် မျက်မှောင်ကြုတ်၍ စဉ်းစားနေမိသည်။ သေချာစဉ်းစားကြည့်သောအခါမှသာ အချက်အလက်တစ်ခုကို သဘောပေါက်သွားသည်။ နွယ်ပင်များပြောလျော့သွားသောအခါတွင် ရေထဲမှဝိညာဉ်စွမ်းအားခပ်ရေးရေး မြင့်တက်လာသည်ကို ခံစားမိသည်။ ဖြစ်နိုင်ချေတစ်ခုမှာ ထိုကလေးက ဝိညာဉ်စွမ်းအားဖြင့် နွယ်ပင်များကို ထိန်းချုပ်လိုက်၍ပေလော။ ထိုအတွေးက ခေါင်းထဲတွင် ဖျက်ခနဲပေါ်လာသည်။ မကြာခင်ပင် မိမိဘာသာ ပြန်ဖျောက်ပစ်လိုက်သည်။
လင်းဇီချန်၏ဝိညာဉ်စွမ်းအားသည် ကောင်းလှသော်လည်း မိမိ၏ပြိုင်ဘက်မဟုတ်နိုင်ပေ။ သခင်အဆင့်တိုက်ခိုက်သူဖြင့် နှိုင်းယှဉ်ရလျှင် ဆင်နှင့်ပုရွက်ဆိတ်လောက်ပင် ကွာခြားလှသည်။ လင်းဇီချန်မဆိုထားနှင့် ယွမ်သုန်ကျီဆိုလျှင်ပင် နွယ်ပင်များကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ ယွမ်သုန်ကျီက သစ်သားဓာတ်ဖြင့် ပေါင်းစပ်လျှင်ပင် အပင်များကိုထိန်းချုပ်နိုင်စွမ်းရမည်မဟုတ်ပေ။
ထိုသို့တွေးမိပြီး ခါးကုန်းလူကြီးသည် အခြားနည်းလမ်းဖြင့် ကြိုးစားကြည့်ပြန်သည်။ ယခင်နှစ်ခေါက်က နွယ်ပင်များဖြင့် ပတ်ရန်ကြိုးစားသည်က မအောင်မြင်သောကြောင့် ယခုတွင် ပိုးကောင်အိမ်ကဲ့သို့ဖန်တီးကာ ပိတ်လှောင်မည်ဖြစ်သည်။ နွယ်ပင်များအချင်းချင်းကို ပြန်ပတ်လိုက်ပြီး လွတ်နိုင်ရန် နည်းလမ်းမရှိပေ။ သို့သော်လည်း ပိုးကောင်အိမ်က ရေပေါ်သို့ ပေါ်ကာနီးတွင်ပင် အထဲမှအားပြင်းသောဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသည်။ နောက်တွင်မူ ထိုပိုးကောင်အိမ်က ချက်ချင်းပင် ပြေလျော့သွားပြီး နွယ်ပင်များက ပြန့်ကျဲသွားသည်။ အထဲတွင်ပိတ်မိနေသောလင်းဇီချန်သည်လည်း ချက်ချင်းပင် မြားတစ်စင်းကဲ့သို့ ရေထဲသို့ခုန်ဆင်း၍ ကူးခတ်ရင်းဖြင့် ပျောက်ကွယ်သွားသည်။
ခါးကုန်းလူကြီးသည် တုန်လှုပ်စွာဖြင့်ရပ်နေရင်းဖြင့် မျက်လုံးအပြူးသားဖြစ်နေသည်။ မိမိရှေ့မှမြင်ကွင်းသည် ပုံရိပ်ယောင်လည်းမဟုတ်ပေ။ လင်းဇီချန်သည် ဝိညာဉ်စွမ်းအားသုံး၍ နွယ်ပင်များကိုထိန်းချုပ်နိုင်သည်မှာ အမှန်တကယ်သာဖြစ်သည်။
သို့သော်လည်း မည်သို့ဖြစ်နိုင်မည်နည်း။ မည်သို့လုပ်သွားသနည်း။
ခါးကုန်းလူကြီးသည် မိမိစဉ်းစားနိုင်သည်ထက် ပို၍ကျော်လွန်နေသောကြောင့် အိပ်မက်မက်နေသည်ဟု ထင်လိုက်မိသည်။ သန္ဓေပြောင်းသတ္တဝါဟုပင် မနှိုင်းယှဉ်သာတော့ဘဲ ထို့ထက်ပင် ကျော်လွန်နေပြီဖြစ်သည်။
မူလမြေမှပါရမီရှင်များသည်ပင် လင်းဇီချန်ဖြင့် မနှိုင်းယှဉ်နိုင်တော့ပေ။
"သူ့မှာ လျှို့ဝှက်ချက်ရှိရမယ်။"
"လင်းဇီချန်မှာ သေချာပေါက် လျှို့ဝှက်ချက်ကြီးကြီးမားမားရှိရမယ်။"
"သူ့ကို ဌာနချုပ်ကိုခေါ်သွားပြီး ဂိုဏ်းတစ်ခုလုံးကိုတုန်လှုပ်သွားစေနိုင်တဲ့အောင်မြင်မှုမျိုးဆိုတာကို ပြရမယ်။"
"ဂိုဏ်းထဲမှာ သူ့ကို ပံ့ပိုးပေးရင် မြင့်မြတ်သူအဆင့်ထိတောင်မှ တက်လှမ်းနိုင်ဖို့ အခွင့်အရှေးရှိလာမှာပဲ။"
စဉ်းစားရင်းဖြင့်ခါးကုန်းလူကြီးသည် အသက်ရှုမြန်လာကာ မျက်လုံးများက လောဘကြောင့်တောက်လောင်နေသည်။ ချက်ချင်းပင် ရေထဲသို့ ခုန်ဆင်းသွားကာ လူကိုင်တိုင် လင်းဇီချန်နောက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။
ခါးကုန်းလူကြီးသည် နွယ်ပင်များ မသုံးဘဲ လူကိုယ်တိုင်လိုက်လာသည်ကို မြင်သောအခါ၌ မိမိ၏အစစ်အမှန်အရည်အချင်းဖြင့် ထွက်ပြေးနေရန် မလိုအပ်တော့သည်ကို သိလိုက်သည်။
"ဖျက်ပစ်ဖို့ အချိန်ကျပြီ။ ဟန်ဟန်နဲ့ အခြားသူတွေ ဒီလောက်ဆို ဝေးဝေးရောက်သွားလောက်ပါပြီ။"
စဉ်းစားရင်းဖြင့် လင်းဇီချန်က သဘာဝကိုယ်ယောင်ဖျောက်ခြင်းစွမ်းအားကို အသက်သွင်းကာ မိမိ၏တည်ရှိမှုကို ဖုံးကွယ်လိုက်သည်။ ထို့နောက်တွင် သစ်ပင်ကြီးတစ်ပင်ဆီသို့သွား၍ ထိုသစ်ပင်၏အကာအကွယ်ဖြင့် ထိုလူကြီးဆီမှ ပုန်းနေလိုက်သည်။
ခါးကုန်းလူကြီးကလည်း အမြန်လိုက်လာသည်။ နှစ်စက္ကန့်အတွင်းပင် သစ်ပင်အခြားတစ်ဖက်သို့ ကူးသွားသည်။ ထို့နောက်တွင်မူ လင်းဇီချန်သည် အစအနမရှိပျောက်သွားကာ ရေကူးနေသည့်အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။ ရေအောက်တွင်ရှိသည်မှာ သစ်ပင်များသာဖြစ်၏။
သူဘယ်ရောက်သွားတာလဲ
စက္ကန့်ပိုင်းလေးတည်းနဲ့ ဘယ်ကိုကူးသွားတာလဲ
လေထဲမှာ ပျောက်သွားတာလား
ခါးကုန်းလူကြီးသည် သံသယများဖြင့် အတွေးချာချာလည်နေသည်။ မကြာခင်ပင် ဝိညာဉ်စွမ်းအားဖြန့်ကျက်၍ လင်းဇီချန်ကို လိုက်ရှာကြည့်သည်။ လင်းဇီချန်သည် သစ်ပင်ကြီးများနောက်တွင် ပုန်းနေသည်ဟု ခန့်မှန်းမိသောကြောင့် ဖြစ်လေ၏။