အခန်း ၂၈၉-၂၉၁
Vol. 20 Ch. 289-291
အခန်း (၂၈၉) ရှန်ချင်းဟန်၏ဒေါသပေါက်ထွက်ခြင်း
လင်းဇီချန်ကို လက်လွှဲပေးရမည်လော။ ခါးကုန်းလူကြီးက အပေးအယူလုပ်နေသော်လည်း ယွမ်သုန်ကျီကမူ ခွန်းတုံ့ပြန်ခြင်းမပြုပေ။ သူမ၏တုံ့ပြန်မှုသည် သွေးကို စွန့်လွှတ်ကာ ခန္ဓာကိုယ်တွင်းမှ ဆန်းကြယ်သားရဲမျိုးစိတ်ကို ပိုမိုလှုံ့ဆော်၍ အင်အားကို တိုးမြှင့်လိုက်ခြင်းပင် ဖြစ်၏။
သူမ၏သွေးကို ဆန်းကြည်သားရဲမျိုးစိတ်က ဝါးမျိုသွားသည့်အခိုက်အတန့်တွင် ယွမ်သုန်ကျီ၏အသွင်ပြောင်းမှုက ပို၍သိသာလာသည်။ အညိုရောင်မျက်လုံးသည် အဝါရောင်ပြောင်းသွားပြီး လုံးဝန်းနေသောမျက်စိသူငယ်အိမ်သည် ပို၍ရှည်ထွက်လာကာ အထင်ကြီးစရာကောင်းသောအငွေ့အသက်အပြည့်ဖြင့်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် နဂါးဦးချိုသည်လည်း ခုနှစ်ဆင့်အဖြစ် ပြောင်းသွားကာ ခန္ဓာကိုယ်အကြေးခွံများကလည်း ပို၍ထူထပ်လာပြီး နောက်မှနဂါးမြီးကလည်း ပို၍ရှည်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် အေးစက်လှသောအလှလေးသည် သားရဲဆန်သောနဂါးသတ္တဝါအဖြစ်သို့ ပြောင်းလဲသွားသည်။
"သွေးမတော်စပ်တဲ့သူစိမ်းနှစ်ယောက်ကို ကယ်ဖို့အတွက်နဲ့ ကိုယ့်အနာဂတ်ကို စွန့်လွှတ်တယ်။ သူအသိစိတ်လွတ်နေပြီပဲ။"
ယွမ်သုန်ကျီ၏ခန္ဓာကိုယ်ပြောင်းလဲသွားသည်ကိုကြည့်ကာခါးကုန်းလူကြီးက စိတ်ပျက်သွားဟန်ရှိသည်။
ယွမ်သုန်ကျီသည် နဂါးမျိုးစိတ်ကို အလွန်အကျွံအသက်သွင်းလိုက်ပြီး သူမ၏အဓိကသားရဲမျိုးစိတ်ဖြင့် ပေါင်းစပ်သွားသည်။ နဂါးမျိုးစိတ်ကို အချိန်မှီ မဖိနှိပ်နိုင်လျှင် သူမသည် နဂါးမျိုးစိတ်ဖြင့်သာရှိနေတော့မည်ဖြစ်ကာ အခြားသားရဲမျိုးစိတ်များအတွက် အခန်းကဏ္ဍကျန်မည်မဟုတ်တော့ပေ။ နဂါးမျိုးစိတ်၏အကန့်အသတ်က သူမ၏အကန့်အသတ်ဖြစ်လာမည်ဖြစ်ပြီး ထပ်၍လည်း ဆင့်ကဲပြောင်းလဲ၍ရမည်လည်းမဟုတ်တော့ပေ။
"သူ့ရဲ့ တိုးတက်နိုင်တဲ့အလားအလာအကန့်အသတ်ကို ကန့်သတ်လိုက်တာလား။"
ယွမ်သုန်ကျီကမူ မထုံတတ်သေးဖြင့် ပြန်ဖြေလိုက်သည်။
"ငါ့ရဲ့အလားအလာကို ကန့်သတ်လိုက်တာကြာပြီ။"
သူမ၏အသံက ယခင်ကထက် ပို၍အေးစက်နေသည်။ ပြောင်းလဲသွားခြင်းက သူမ၏လူသားဆန်မှုကို လျော့ကျသွားစေကာ လူသားခံစားချက်ကလည်း ဖြည်းဖြည်းချင်းမှေးမှိန်လာပြီဖြစ်သည်။ ထို့အစား သူမ၏သားရဲဗီဇက ပို၍ပြင်းထန်လာလေသည်။ ခါးကုန်းလူကြီးကမူ မတိုက်ခိုက်သေးဘဲ ဆက်၍သာစည်းရုံးသည်။
"ပါရမီဆိုတာက သေချာပေါက်အရေးကြီးတာပေါ့။ ဒါပေမဲ့ ရွေးချယ်မှုက ပိုပြီးအဓိကကျတယ်။"
"မင်းပြောတဲ့ဆင့်ကဲပြောင်းလဲခြင်းအကန့်အသတ်ဆိုတာက လုံလောက်တဲ့ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်နဲ့ဆို ဖြတ်ကျော်နိုင်သေးတာပဲ။"
"ဥပမာဆိုရင် မင်းရဲ့ နဂါးမျိုးစိတ်ပေါ့။ နာမည်မှာသာ နဂါးပါနေပေမဲ့လို့ နဂါးဘွဲ့ခံဖို့မထိုက်တန်ဘူး။ ကျောင်းလုံနဂါးမျိုးစိတ်နဲ့ပေါင်းစပ်တဲ့သူရဲ့အကန့်အသတ်က နိမ့်လို့ပဲပေါ့။"
"မင်းသာ တကယ့်နဂါးအစစ်ရဲ့မျိုးစိတ်နဲ့ပေါင်းစပ်မယ်ဆိုရင် သခင်အဆင့်ကိုဖြတ်ကျော်ပြီး မြင့်မြတ်သူအဆင့်ကို တက်လှမ်းနိုင်ဖို့က အသာလေးပဲ။"
ခါးကုန်းလူကြီးက ဆက်ပြောပြသည်။
"မင်းပြောင်းသွားတာက သေချာမကောင်းသေးပေမဲ့လို့ မြန်မြန် ခန္ဓာကိုယ်ထဲက သားရဲမျိုးစိတ်ကို ဖိနှိပ်ပြီး လမ်းကြောင်းမှန်ကိုရွေးဖို့ ဂမ္ဘီရသစ်ပင်ဂိုဏ်းနဲ့ ပူးပေါင်းလိုက်ပါ။"
"မင်းသာ ဂမ္ဘီရသစ်ပင်ဂိုဏ်းနဲ့ ပူးပေါင်းလိုက်တာနဲ့ တကယ့်နဂါးအစစ်မျိုးစိတ်နဲ့ပေါင်းစပ်ဖို့ အခွင့်အရေးရမယ်။"
"အဲ့တာအပြင် ဂိုဏ်းက အကြီးအကဲတစ်နေရာကလည်း မင်းအပိုင်ဖြစ်မယ်ဆိုတာ အာမခံတယ်။"
ခါးကုန်းလူကြီးသည် ယွမ်သုန်ကျီကို ဖိတ်ခေါ်နေလေသည်။ စက်ပြုပြင်လူသားများနှင့် စက်များကလည်း အချိန်မရွေးတိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။ ယွမ်သုန်ကျီသာ ရုတ်တရက်လှုပ်ရှားမှုလုပ်လိုက်လျှင် ချက်ချင်းပင် ပစ်ခတ်မည်ဖြစ်သည်။ သူမသည် မလှုပ်ရှားယုံသာမက စိတ်ထဲတွင် ထိုမိစ္ဆာဒိဌိများကို အတန်ငယ်ရွံမုန်းနေမိသည်။ ထို့နောက်တွင် ဝိညာဉ်စွမ်းအားများ ဖြန့်ကျက်ကာ ဘေးနားမှရန်သူများကို အာရုံခံကြည့်သည်။ ထို့နောက်တွင် ဝိညာဉ်စွမ်းအားကို ချက်ချင်းပင် မြှင့်တင်လိုက်သည်။
နောက်တွင်မူ သူမခြေထောက်အောက်မှ တည်ငြိမ်သောပင်လယ်ရေပြင်သည် လှိုင်းထလာသည်။ လှိုင်းလုံးကြီးများသည် နဂါးများစွာအသွင်သို့ ပြောင်းသွားပြီး နေနှင့်လကို မျိုချမတတ်ကြီးမားသောမေးရိုးများကိုဟ၍ အနီးအနားမှရန်သူများကိုဝါးမျိုကာ ချေမွပစ်လိုက်သည်။ မြင်ကွင်းသည် လျှပ်တစ်ပြက်အတွင်းပင် ဖြစ်သွားခြင်းဖြစ်သည်။ ဘေးနားမှမည်သူမှ ရှောင်ချိန်မရလိုက်ပေ။
"မင်းတို့နှစ်ယောက် မြန်မြန်သွားကြတော့။"
ထိုသို့ပြောပြီးနောက်တွင် ယွမ်သုန်ကျီသည် လင်းဇီချန်နှင့်ရှန်ချင်းဟန်ကို အဝေးသို့ ကန်ပို့လိုက်ပြီး တိုက်ပွဲမြေပြင်မှ ရှောင်ရှားစေသည်။ ထိုနှစ်ဦးသည် မီတာရာချီခန့် လွင့်စင်သွားကြပြီးနောက်တွင် ယွမ်သုန်ကျီက တစ်စက္ကန့်မျှပင် အချိန်မဖြုန်းတီးဘဲ ပင်လယ်ရေအောက်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားကာ မိစ္ဆာဒိဌိများကို ဝါးမျိုလိုက်သည်။
တစ်ဖက်တွင်မူ လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကလည်း တစ်စက္ကန့်လေးပင် အချိန်မဖြုန်းတီးရဲပေ။ ရေထဲသို့ပြုတ်ကျသွားသည်နှင့် တိုက်ပွဲမြေပြင်နှင့်ဝေးသို့ အမြန်ဆုံးနှုန်းဖြင့် ကူးခတ်ကာ ထွက်ပြေးသွားကြသည်။ တစ်ခဏအတွင်းပင် မီတာရာချီအထိ ထွက်ပြေးသွားကြသည်။
"ဘုန်း"
ကျယ်လောင်သောဆူညံသံကို ကြားလိုက်ရပြန်သည်။ ခါးကုန်းလူကြီးသည် ရေထဲသို့ဆင်း၍ အမြန်ဆုံးနှုန်းဖြင့်ကူးခတ်ကာ ထိုနှစ်ဦးနောက် လိုက်သွားကြသည်။ သို့သော်လည်း နှစ်စက္ကန့်ခန့်သာ လိုက်ရသေးသည်။ ဘုန်းဟုသောအသံနှင့်အတူ နေကို အရိပ်တစ်ခုက ကာသွားကာ ခြေထောက်အောက်တွင် မီတာတစ်ရာခန့်ရှိသောနဂါးတစ်ကောင်ထွက်လာပြီး ထိုလူကြီးကိုကိုက်ကာ ရေအောက်ခြေအထိ ဆွဲခေါ်သွားသည်။
"ဘုန်း"
နောက်ထပ်အသံအကျယ်ကြီး ကြားလိုက်ရပြန်သည်။ အသံနှင့်အတူ ခါးကုန်းလူကြီးသည် ထပ်မံ၍ ပင်လယ်ပြင်မှထွက်လာကာ ရေမျက်နှာပြင်သို့တက်၍ လင်းဇီချန်တို့နောက်သို့ လိုက်ပြန်သည်။ ဘေးနားတွင် နဂါးတစ်ကောင်ပါလာကာ ယွမ်သုန်ကျီဖြစ်ပြီး ရှန်ဟိုင်းစက်ရုပ်လည်း ပါလာသည်။ ဝါးမျိုခံလိုက်ရသောစက်ပြုပြင်လူသားများကမူ သွေးထွက်နေသောအပိုင်းအစများဖြစ်သွားကာ ပင်လယ်ရေအောက်အနက်ထိတိုင် နစ်မြုပ်သွားကြသည်။
"ဝှစ်....ဝှစ်....ဝှစ်...."
ရှန်ဟိုင်းစက်သည် နောက်မှလိုက်လာပြီး ဒုံးကျည်များပစ်လွှတ်ကာတိုက်ခိုက်သည်။ ယွမ်သုန်ကျီသည် ဒုံးကျည်များကို အာရုံခံမိသည်နှင့် မရှောင်ပေ။ ထို့အစား နဂါးကြီးဖြင့် ထိုဒုံးကျည်များကို ထိန်းချုပ်လိုက်သည်။ ဒုံးကျည်များကို တားနိုင်သည်ကို မြင်သောကြောင့်စက်ရုပ်မောင်းနေသူသည် ရေမျက်နှာပြင်ထက်တွင် အပြိုင်အနေအထားမျိုးဖြင့်ရပ်လိုက်သည်။ ထို့နောက်တွင် သံချပ်ကာသည် ဖျက်ခနဲအလင်းရောင်တောက်သွားကာ ကြောက်စရာကောင်းသောအပူချိန်ကိုထုတ်လွှတ်နေသည်။ နောက်တွင်မူ တစ်မီတာအချင်းဝက်ခန့်ရှိသည့် စွမ်းအင်ရောင်ခြည်တန်းသည် လက်မောင်းမှ ပြင်းထန်စွာ ထွက်လာလေသည်။
အခန်း (၂၉၀) ရှန်ချင်းဟန်၏ဒေါသပေါက်ထွက်ခြင်း
ထိုရောင်ခြည်တန်းသည် နေကိုကာထားသော မီတာရာချီရှည်သည့်နဂါးကြီးကို ထိုးဖောက်သွားသည်။ ထို့နောက်တွင် ယွမ်သုန်ကျီဆီသို့ အမြန်ဆုံးနှုန်းဖြင့် ပြေးဝင်သွားကြသည်။ ယွမ်သုန်ကျီက အန္တရာယ်ကို အာရုံခံမိသည်။ သူမရှောင်လိုက်ချင်သည်။ သို့သော်လည်း အမြန်နှုန်းက လိုက်မမှီပေ။ သူမရှောင်ရန်ပြင်လိုက်စဉ်တွင်ပင် ရောင်ခြည်တန်းက သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွားကာ ကြောက်စရာကောင်းလှသည့်အပူချိန်ကို ခံစားလိုက်ရသည်။ ရောင်ခြည်တန်းသည် စက္ကန့်အတော်ကြာအောင် ထုတ်လွှင့်နေသေးသည်။ ထိုအချိန်တွင် အောက်မှပင်လယ်ရေပြင်သည်ပင် အငွေ့ပြန်သွားကာ မီတာအတော်နက်သည့်မြောင်းတစ်ခုပေါ်လာသည်။
အလင်းရောင်ပျောက်ကွယ်သွားသည့်အခါတွင် ယွမ်သုန်ကျီတစ်ယောက် မြင်ကွင်းတွင် ပြန်ပေါ်လာသည်။ သူမ၏ခန္ဓာကိုယ်သည်ပင် မည်းနက်သွားကာ အဝတ်အစားနှင့်ဆံပင်များက ပြာဖြစ်သွားပြီး ညှော်စော်နံ့လွန်းလှသည်။ သူမ၏အကြေးခွံကြောင့်သာ အဝတ်အစားများလောင်သွားသော်လည်း ခန္ဓာကိုယ်က ပေါ်မလာပေ။
"သူက နည်းနည်းပဲဒဏ်ရာရသွားတာလား။"
စက်ကိုမောင်းသောသူက မယုံကြည်နိုင်စွာဖြင့် ပြောလိုက်မိသည်။ ရောင်ခြည်တန်းသည် ထိုစက်၏အားအပြင်းဆုံးတိုက်ခိုက်မှုဖြစ်သည်။ ယွမ်သုန်ကျီသည် အပြင်းအထန်ဒဏ်ရာမရဘဲ ခံနိုင်ရည်ရှိသေးသည်။ ထိုကြောင့်ပင် ထိုလူက ကြောက်သွားလေသည်။
"တစ်ချက်နဲ့ပစ်တာ မလုံလောက်ရင် နောက်ထပ် ထပ်ပစ်တာပေါ့။"
ထိုသူသည် စိတ်ထဲမှ အကြောက်တရားကို ဖိနှိပ်၍ နောက်ထပ်တစ်ဖန် တိုက်ခိုက်ပြန်သည်။ သို့သော် ယခုတစ်ခေါက်တွင် ရောင်ခြည်တန်းဖြင့် မတိုက်ခိုက်ခင်တွင်ပင် စက်ကို နဂါးကြီးတစ်ကောင်က ချက်ချင်းပင် ရိုက်ချပစ်ပြီး ရေထဲသို့ နစ်မြုပ်သွားကာ အပိုင်းပိုင်းစုတ်ဖြဲခံလိုက်ရသည်။
အထဲမှသတ္ထုအစိတ်အပိုင်းများသည်လည်း တစ်စစီဖြစ်သွားသည်။ တစ်ချိန်တည်းတွင်ပင် အခြားသောနဂါးတစ်ကောင်က ရှေ့တွင်ပေါ်လာကာ ခါးကုန်းလူကြီးကို ပင်လယ်ထဲသို့ ရိုက်ချလိုက်သည်။ ယွမ်သုန်ကျီကမူ ပင်လယ်ထဲသို့ လိုက်မသွားပေ။ သူမသည် ပင်လယ်ရေမျက်နှာပြင်ထက်တွင်သာနေကာ နဂါးနှစ်ကောင်ကို အဝေးမှထိန်းချုပ်ပြီး ပင်လယ်ရေအောက်၌ ထိုသူနှစ်ယောက်ကို တိုက်ခိုက်နေသည်။
ထိုအချိန်တွင် ရောင်ခြည်တန်းဖြင့်ထိထားသောယွမ်သုန်ကျီသည် မိမိဘာသာ လျင်မြန်စွာကုစားနေသည်။ လောင်သွားသောအသားအရေများက ပုံမှန်ပြန်ဖြစ်သွားသည်။ ခေါင်းတုံးအနေအထားမှ ဆံပင်ရှည်များ ပြန်ထွက်လာသည်။ ပြာဖြစ်သွားသောအဝတ်အစားများမှလွဲ၍ ထိခိုက်ဒဏ်ရာအားလုံးကို အမြန်ပင် ကုသနိုင်လိုက်သည်။
"ဘုန်း"
"ဘုန်း"
ပင်လယ်ထဲမှ ပေါက်ကွဲသံနှစ်ချက်က ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်။ ခါးကုန်းလူကြီးသည် ပင်လယ်ထဲမှ ထွက်လာကာ ကြောက်စရာကောင်းသောဒဏ်ရာအပြည့်ဖြင့် သွေးများထွက်နေသည်။ ရေအောက်တွင်ပျက်စီးသွားသောစက်ကမူ လုံးဝပျက်စီးသွားခြင်းဖြစ်သဖြင့် ပြန်သုံး၍မရတော့ပေ။ နဂါးမိန်းမပျိုအဖြစ် အသွင်ပြောင်းသွားသောယွမ်သုန်ကျီက အားကောင်းလွန်းလှသည်။ သခင်အဆင့်တိုက်ခိုက်သူနှစ်ယောက်ဖြင့် ရင်ဆိုင်ရသ်ောလည်း သူမက မဖြုံပေ။ အမှန်တွင် သူမသည် အသာစီးရနေကာ ခါးကုန်းလူကြီးနှင့်စက်ကို နှိပ်ကွပ်ထားနိုင်သည်။
ခါးကုန်းလူကြီးသည် လင်းဇီချန်ခပ်ဝေးဝေးသို့ ကူးခတ်သွားပြီကို အာရုံခံမိသောကြောင့် မိမိ၏သားကောင်က လွတ်တော့မည်ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် ချီသွေးကိုမြှင့်တင်ကာ အမြန်ဆုံးနှုန်းဖြင့် ရေထဲမှ ထွက်လာသည်။ ထိုအချိန်တွင် နောက်တွင်ကျန်ခဲ့သော စက်မောင်းသည့်သူကိုလည်း သေမိန့်ပေးရန် မမေ့ပေ။
"ကိုယ့်ဘာသာဖျက်ဆီးလိုက်။"
"ကိုယ်ဘာသာ့ဖျက်ဆီးဖို့ ဖွက်ထားတဲ့အရံစွမ်းအင်ကိုသုံးပြီး ယွမ်သုန်ကျီကို အချိန်ဆွဲထား။"
"မဟုတ်ရင် မင်းတို့တစ်မိသားစုလုံး အသေပဲ။"
"..."
အသက်ကိုစွန့်ရမည်ဟုသော ရက်စက်သည့်အမိန့်ကို ကြားသောအခါတွင် ထိုသူ၏မျက်နှာက ချက်ချင်းပင် စိတ်ပျက်အားလျော့သွားသည်။ သူသည် ငယ်သေးသည်။ မသေချင်သေးပေ။ သို့သော်လည်း ဇနီးဖြစ်သူနှင့်သမီးလေးအတွက် အသေခံရပေမည်။ တွန့်ဆုတ်နေခြင်းမရှိဘဲ ထိုသူသည် အမိန့်အတိုင်း စက်၏ကိုယ်တိုင်ဖျက်ဆီးခြင်းအတွက် သိုလှောင်ထားသည့် အရံစွမ်းအင်ကို အသက်သွင်းကာ အမြန်ဆုံးနှုန်းဖြင့် ယွမ်သုန်ကျီဆီသို့ ဦးတည်သွားသည်။ ယွမ်သုန်ကျီက ထိုသည်ကို မြင်သောအခါတွင် ချက်ချင်းပင် အကာအကွယ်ယူရန် ရေထဲသို့ ထိုးဆင်းသွားသည်။ သို့သော်လည်း ရေထဲမရောက်ခင်တွင်ပင် စက်က သူမနားသို့ ရောက်နှင့်နေပြီးဖြစ်သည်။
"ဝုန်း"
ကြောက်စရားကောင်းသည့်ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံးသည် မီးများတောက်လောင်သွားပြီး ရေတော်တော်များများက အငွေ့ပျံသွားသည်။ ဘေးမှသစ်ပင်ကြီးများသည်လည်း မျက်စိတစ်မှိတ်အတွင်းပင် ပြာဖြစ်သွားကြသည်။ ပေါက်ကွယ်မှုအလယ်တွင်ရှိသောယွမ်သုန်ကျီသည် အဆိုးဆုံးအခြေအနေဖြင့် ပေါက်ကွဲသွားသည်။ ခန္ဓာကိုယ်ပေါ်မှ ကြေးခွံများကလည်း ကျွတ်ထွက်ကုန်သည်။ ညာဘက်လက်မောင်းက တစ်ဝက်ပြတ်သွားသည်။ ခေါင်း၏သုံးပုံတစ်ပုံကလည်း စုတ်ပြတ်သွားသည်။ တစ်ကိုယ်လုံးသည် ပင်လယ်ရေမျက်နှာပြင်ထက်၌ မီးလောင်သွားကာ အသက်ရှိရုံသည်ဆိုမျှသာဖြစ်ပြီး လုံးဝမလှုပ်နိုင်တော့ပေ။ သို့သော်လည်း သူမသည် အသက်ရှုနိုင်သေးကာ စွမ်းအားရှိသေးသောကြောင့် ခန္ဓာကိုယ်တွင်းမှ မသေမျိုးပက်ကျိမျိုးစိတ်က သူမကို ပြန်လည်ကုစားပေးမည်ဖြစ်သည်။
သို့သော်လည်း ဖြည်းဖြည်းချင်းသာ ပြန်လည်ကုစားမည်ဖြစ်သဖြင့် ထိုသို့ခွင့်မပြုနိုင်ပေ။ ခါးကုန်းလူကြီးက လင်းဇီချန်နောက်သို့ အမြန်ဆုံးနှုန်းဖြင့် လိုက်နေသောကြောင့်ဖြစ်၏။ သူမကသာ ချက်ချင်းမတားနိုင်လျှင် လင်းဇီချန်သည် ထိုသူ၏လက်ထဲသို့ ရောက်ပေတော့မည်။ ထိုအခြေအနေမျိုးဖြင့်ရင်ဆိုင်နေရသော်လည်း တွန့်ဆုတ်ခြင်းမရှိပေ။ သူမ၏သွေးကို ချက်ချင်းစွန့်လွှတ်လိုက်သည်။ မသေမျိုးပက်ကျိကို ကျွေးလိုက်ခြင်းသာဖြစ်သည်။ ထို့နောက်တွင် ခန္ဓာကိုယ်ကို လျင်မြန်စွာဖြင့် ကုသမှုပေး၏။
....
တစ်နေရာရာတွင်မူ ယွမ်သုန်ကျီ၏ဝင်ရောက်နှောင့်ယှက်ခြင်းမရှိသောကြောင့် ခါးကုန်းလူကြီးသည် လျင်မြန်စွာဖြင့်ပင် လင်းဇီချန်ကို မှီသွားသည်။ လင်းဇီချန်ထက်နှေးသောရှန်ချင်းဟန်ကိုပင် ကျေးဇူးတင်ရပေမည်။ လင်းဇီချန်တွင် သဘာဝကိုယ်ယောင်ဖျောက်နိုင်စွမ်းအားရှိသောကြောင့် ဖုံးကွယ်ထားနိုင်ကာ ရှန်ချင်းဟန်ကြောင့် တည်နေရာကိုသိသွားခြင်းဖြစ်သည်။
ပင်လယ်ရေအောက်တွင် လင်းဇီချန်သည် ခါးကုန်းလူကြီး မှီလာသည်ကို သိပေသည်။ တွန့်ဆုတ်မနေဘဲ ကိုယ်ယောင်ဖျောက်နိုင်စွမ်းအားကို ပြန်သိမ်း၍ ရှန်ချင်းဟန်ဖြင့်ဝေးရာသို့ ကူးသွားကာ ဆုံးဖြတ်လိုက်သည်။ လင်းဇီချန်ကို ဒုက္ခပေးမိမည်ကိုစိုးသောရှန်ချင်းဟန်ကလည်း တွန့်ဆုတ်မနေဘဲ လင်းဇီချန်ဖြင့် လမ်းခွဲလိုက်သည်။
"ဘုန်း ဘုန်း ဘုန်း...."
ခါးကုန်းလူကြီးသည် အတွေးတစ်ချက်ဖြင့် ပင်လယ်ရေထဲသို့ နွယ်ပင်များစွာကို စေလွှတ်လိုက်သည်။ မိမိ၏ထိန်းချုပ်မှုအောက်မှ နွယ်ပင်များသည် လင်းဇီချန်နောက်သို့ လိုက်သွားခြင်းမဟုတ်ပေ။ ထို့အစား အုပ်စုနှစ်စုခွဲ၍ တစ်ပိုင်းက လင်းဇီချန်နောက်သို့လိုက်သွားပြီး ကျန်တစ်ပိုင်းက ရှန်ချင်းဟန်နောက်သို့ လိုက်သွားသည်။ ခဏအတွင်းပင် ရှန်ချင်းဟန်သည် နွယ်ပင်များဖြင့် အပတ်ခံလိုက်ရကာ ရေမျက်နှာပြင်ပေါ်သို့ ဆွဲခေါ်ခံလိုက်ရပြီး လေထဲတွင် တွဲလောင်းဖြစ်နေကာ မလှုပ်နိုင်တော့ပေ။ တစ်ဖက်တွင်မူ လင်းဇီချန်သည် တောအရှင်နှင့်အဆင့်မြင့်ဝိညာဉ်စွမ်းအားတို့ပေါ်မူတည်၍ နွယ်ပင်များဆီမှ လွတ်မြောက်နိုင်သောကြောင့် အဖမ်းမခံရပေ။
ခါးကုန်းလူကြီးက ၎င်းကို ဖမ်းရန် ရည်ရွယ်မထားပေ။ ယခင်က အကြိမ်ပေါင်းများစွာကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထို့အစား လင်းဇီချန်ဖြင့် အမြဲအတူရှိနေသာရှန်ချင်းဟန်ကို ဖမ်းလိုက်ခြင်းပင်ဖြစ်သည်။
"လင်းဇီချန် ထွက်လာခဲ့။"
"ထွက်မလာဘူးဆိုရင် သူ့ကို သတ်ပစ်မယ်။"
"သူ့ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းဆီခေါ်သွားပြီး အရှက်ရအောင်လုပ်ပြီး သေအောင်အထိ နှိပ်စက်ပစ်မယ်။"
လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့၏ဆက်ဆံရေးကို သိသွားသောထိုလူကြီးက ရှန်ချင်းဟန်၏အသက်ဖြင့် ခြိမ်းခြောက်ပြောဆိုလိုက်သည်။ ပြောနေရင်းဖြင့်ပင် နွယ်ပင်များက ရှန်ချင်းဟန်ကို ပါးစပ်မဟနိုင်အောင် လုပ်ထားသည်။ ကိစ္စမရှိဘူးပြေးသာပြေးဟုသောစကားမျိုးကို လင်းဇီချန်ကို မပြောနိုင်စေရန်ဖြစ်သည်။
"ဝှစ်"
ခြိမ်ခြောက်ခံလိုက်သည့်အခါတွင် လင်းဇီချန်သည် မိမိဘာသာပေါ်လာပြီး ရေထဲမှထွက်လာကာ ခါးကုန်းလူကြီးရှေ့သို့ ရောက်လာသည်။ တည်ငြိမ်စွာဖြင့်ကြည့်၍ ပြောလိုက်သည်။
"ခင်ဗျားနဲ့လိုက်ခဲ့မယ်။ သူ့ကိုလွှတ်လိုက်။"
ပြောနေစဉ်တွင်ပင် ခံစားချက်များက ယခင်ကလောက်မတည်ငြိမ်တော့ပေ။ နောင်တများရလာမိသည်။ ရှန်ချင်းဟန်ဖြင့်အတူထွက်ပြေးပြီး ယွမ်သုန်ကျီက ထိုနှစ်ယောက်ကို ထိန်းထားနိုင်မည်ဟု ယုံကြည်ခဲ့မိသည်။ ယွမ်သုန်ကျီ ထိန်းမထားနိုင်သည်ကိုသာသိလျှင် ရှန်ချင်းဟန်ဖြင့် ထွက်ပြေးမည်မဟုတ်ပေ။ ကံမကောင်းစွာဖြင့် လောကကြီးတွင် နောင်တတရားအတွက် ဖြေဆေးမရှိပေ။
"ဝှစ် ဝှစ် ဝှစ်...."
ခါးကုန်းလူကြီးသည် လင်းဇီချန်ကို နွယ်ပင်များဖြင့်ပတ်၍ ရေထဲမှဆွဲထုတ်လိုက်သည်။ ထို့နောက်တွင် ရှန်ချင်းဟန်ကိုပတ်ထားသောနွယ်ပင်များကိုဖြည်ကာ လွှတ်ပေးလိုက်သည်။ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အကြီးအကဲတစ်ယောက်အနေဖြင့် လင်းဇီချန်ကို ခေါ်သွားရန်သာဖြစ်ကာ ရန်သူရှာရန်မဟုတ်ပေ။ လင်းဇီချန်၏အံ့ဩစရာကောင်းသည့်ပါရမီမျိုးဖြင့်ဆိုလျှင် ဂမ္ဘီရသစ်ပင်ဂိုဏ်း၏အဖွဲ့ဝင်ဖြစ်လာသည်နှင့် မကြာခင်ပင် အဆင့်မြင့်နေရာကို ရမည်ဖြစ်သည်။ ခါးကုန်းလူကြီးသည် တောက်ပသောအနာဂတ်ရှိသည့်လင်းဇီချန်ဖြင့် ရန်သူမလုပ်လိုပေ။
"ကလေး ဒီနေ့ မင်းကို ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ဌာနချုပ်ကို ခေါ်သွားပြီး မူလနယ်မြေရဲ့ ပြိုင်ဘက်ကင်းနတ်ဘုရားနဲ့ ပေးတွေ့မယ်။ ဒီနေ့ မင်းကိုခေါ်သွားလို့ ကျေးဇူးတင်နေမှာပါ။"
ခါးကုန်းလူကြီးက ရယ်လိုက်ပြီး အချိန်ဆွဲမနေတော့ဘဲ ဆူနာမီကြောင့် ပင်လယ်ဖြစ်သွားသောတောရှိရာသို့ ပြန်လှည့်သွားသည်။ နောက်တွင် လင်းဇီချန်ကို ခါးကုန်းလူကြီးခေါ်သွားသည်ကို ကြည့်နေရသောရှန်ချင်းဟန်သည် အရူးတစ်ပိုင်းဖြင့် ရေကူး၍ လိုက်လာသည်။ အားကုန်ထုတ်၍ကူးခတ်သော်လည်း မမှီတော့ပေ။ သွေးမျိုးဆက်စွမ်းအားအဆင့်က ကွာခြားလွန်းလှသည်။ သူမသည် ရေထဲတွင် မည်မျှပင်တော်သော်လည်း သခင်အဆင့်တိုက်ခိုက်သူကို မှီနိုင်မည်မဟုတ်ပေ။ လင်းဇီချန်၏ပုံရိပ်ကဝေးကွာသွားသည်ကို ကြည့်နေရကာ ရှန်ချင်းဟန်တစ်ယောက် စိတ်ပျက်လက်ဖြင့် ငိုကြွေးမိလေသည်။
"ရှောင်ချန်"
"ရှောင်ချန်"
"ရှောင်ချန်"
မျက်ရည်များသာ အဆက်မပြတ်ကျဆင်းလာပြီး စိတ်ပျက်အားငယ်မှုတို့သာ ရှိနေတော့သည်။ ရုတ်တရက်ပင် နားထဲ၌ ရှေးဟောင်းဆန်သည့်လေသံဖြင့် တီးတိုးပြောသံကို ကြားလိုက်ရသည်။
"နတ်ဘုရား...."
"နတ်ဘုရားကိုစော်ကားရဲတယ်ပေါ့...."
"နတ်ပြစ်ဒဏ်ခတ်မယ်...."
ထိုတီးတိုးသံရပ်သွားသည့်အခါတွင်မူ.....။
အခန်း (၂၉၁) ရေနတ်ဘုရား ဂမ္ဘီရသစ်ပင်ဂိုဏ်းကအကြီးအကဲကိုးကျသွားပြီ
ဘာတွေဖြစ်နေတာလဲ
ခါးကုန်းလူကြီး၏မျက်နှာအမူအရာက ဖြည်းဖြည်းချင်းပြောင်းလဲသွားပြီး လင်းဇီချန်သည်လည်း အမြန်နှုန်းဖြင့်လာနေသောအန္တရာယ်အငွေ့အသက်ကို အာရုံမိသည်။ သို့သော်လည်း အန္တရာယ်ကြိုတင်သိမြင်နိုင်ခြင်းက သတိမပေးပေ။ ထပ်မံစဉ်းစားချိန်မရှိဘဲဖြင့်ပင် တည်ငြိမ်နေသောပင်လယ်က လှိုင်းထန်လာသည်။ ချက်ချင်းပင် ကြောက်စရာကောင်းလှသည့် ကောင်းကင်တမျှမြင့်သောလှိုင်းလုံးကြီးကို တွေ့လိုက်ရသည်။ ထိုလှိုင်းလုံးကြီးသည် ခါးကုန်းလူကြီးကို အပေါ်မှအုပ်မိုးသွားသည်။ လှိုင်းလုံးများ ပေါ်လာခြင်းသည် လွန်စွာမြန်ဆန်လှကာ ခါးကုန်းလူကြီးထက်ပင် ပို၍မြန်သေးသည်။ ထိုသူသည် သတိလွတ်သွားကာ လှိုင်းလုံးကြီး၏ဝါးမျိုခြင်းကို ခံလိုက်ရပြီး ပင်လယ်ရေနက်ထဲသို့ ဆွဲခေါ်ခံလိုက်ရ၏။ ခါးကုန်းလူကြီး၏နွယ်ပင်များဖြင့် ရစ်ပတ်ခြင်းခံထားရသောလင်းဇီချန်သည်လည်း ပင်လယ်ထဲသို့ အတူပါသွားလေသည်။ သို့သော်လည်း နစ်မြုပ်သွားခြင်းမရှိဘဲ ရေပေါ်သို့ ပြန်ပေါ်လာသည်။
"ဗွမ်း...."
လင်းဇီချန်သည် ရေထဲမှ ချက်ချင်းထွက်လာကာ မိမိအောက်မှလှိုင်းလုံးက မီတာရာချီဝေးသောရှန်ချင်းဟန်ရှိရာသို့ တွန်းပို့ပေးလိုက်သည်။ ဖြစ်နေသည်များကို သဘောမပေါက်ခင်တွင်ပင် ရှန်ချင်းဟန်ဘေးသို့ ရောက်သွားပြီဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် မိမိအောက်မှလှိုင်းလုံးကလည်း ပျောက်ကွယ်သွားသည်။
ပင်လယ်သည် ပြန်လည်တည်ငြိမ်သွားပြန်ကာ ဘာမျှမဖြစ်သကဲ့သို့ပင်ဖြစ်သည်။
"ရှောင်ချန်"
ရှန်ချင်းဟန်က ငိုရင်းဖြင့် လင်းဇီချန်ကို ပွေ့ဖက်လိုက်ပြီး မျက်ရည်များအဆက်မပြတ်ကျသောကြောင့် မျက်လုံးများပင် ဖူးယောင်နေပြီဖြစ်သည်။ သူမအသည်းအသန်ငိုနေသည်ကို တွေ့သောကြောင့် လင်းဇီချန်က နှစ်သိမ့်ပေးချင်မိသည်။ သို့သော်လည်း နှစ်သိမ့်ပေးရမည့်အချိန်ဟုတ်မနေသည်ကိုသိသဖြင့် သူမကို ငိုခွင့်ပေးထားကာ အခြေအနေကို စောင့်ကြည့်နေသည်။ စောနက ပေါ်လာသော ကြောက်စရာကောင်းလှသည့် လှိုင်းလုံးကြီးသည် ရုတ်တရက်ဆန်လွန်းလှသည်။ အောက်မှမြင့်တက်လာခြင်းဖြစ်ပြီး ကောင်းကင်ထိတိုင် မြင့်မားလှ၏။ သခင်အဆင့်ရှိသောခါးကုန်းလူကြီးကိုပင် ပင်လယ်ရေနက်ထဲသို့ ဆွဲခေါ်သွားကာ အစအနမရှိ ပျောက်ကွယ်သွားသည။
"ကျောင်းအုပ်ယွမ်လား။"
ထိုနေရာမှ အမြန်ကူးခတ်နေသောလင်းဇီချန်က ချက်ချင်းပင် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ကာ ယွမ်သုန်ကျီကို လိုက်ရှာနေသည်။ စိတ်ထဲတွင်မူ ယွမ်သုန်ကျီသည်သာ ထိုမျှကြောက်စရာကောင်းသောဒီရေလှိုင်းကို ဆင့်ခေါ်နိုင်ရန် စွမ်းအားရှိပေသည်။ သို့သော် ဘေးပတ်ဝန်းကျင်ကို ရှာကြည့်သ်ောလည်း ယွမ်သုန်ကျီကို မတွေ့ပေ။ စောနက လုပ်လိုက်သောလှိုင်းလုံးသည် ယွမ်သုန်ကျီလက်ချက်မဖြစ်နိုင်ပေ။ လင်းဇီချန် တွေဝေနေမိသည်။
ထိုအချိန်တွင် ရှန်ချင်းဟန်၏မျက်ရည်စက်များက ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ကျသွားသည့်အခါ၌ လက်သေးသေးလေးတစ်စုံက ပင်လယ်ထဲမှ မြင့်တက်လာပြီး အောက်မှလက်ဖဝါးခံကာ ရှန်ချင်းဟန်၏မျက်ရည်ကို ရတနာတစ်ပါးကဲ့သို့ ခံယူလိုက်သည်ကို တွေ့လိုက်ရသည်။လက်သည် ကလေးလက်အရွယ်အစားမျှသာဖြစ်ပြီး ရေဖြင့်လုပ်ထားခြင်းဖြစ်ကာ လွန်စွာထူးဆန်းလှသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ရှန်ချင်းဟန်ဆီသို့ တွန်းပို့ပေးလိုက်သောလှိုင်းလုံးများကို အမှတ်ရသွားသည်။ စောနက လှိုင်းလုံးကြီးကို ယွမ်သုန်ကျီကလုပ်ခြင်းမဟုတ်ဘဲ ရှန်ချင်းဟန်ကလုပ်ခြင်းဖြစ်မည်ကို သဘောပေါက်သွားသည်။
ရှန်ချင်းဟန်သည် ငယ်စဉ်ကတည်းကပင် ရေဖြင့်ခွဲခွာမရပေ။ သူမအသက်ကြီးလာသောအခါတွင်လည်း ပင်လယ်ထဲမှအသံများကို အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့သည်။ သူမသည် ပင်လယ်နှင့် နက်ရှိုင်းသောပက်သက်မှုမျိုး ရှိရပေမည်။
ထိုသို့ဆိုလျှင်....
သူမသည် ရေနတ်သမီးလော။
ပင်လယ်နတ်ဘုရားလော။
ရေဝိညာဉ်ပေလော။
မဟုတ်လျှင်လည်း တစ်ခုခုပေလော။
လင်းဇီချန်တစ်ယောက် အတွေးများဖြင့် ယောက်ယက်ခတ်နေသည်။
"ဘုန်း...."
ရုတ်တရက်ပင် ပေါက်ကွဲသွားသံကြီးကို ကြားလိုက်ရသည်။ လင်းဇီချန်သည် အသံလာရာသို့ ကြည့်လိုက်၏။ ထိုအခါတွင် ပင်လယ်ထဲမှထွက်လာသောခါးကုန်းလူကြီးကို ဒဏ်ရာများစွာရထားသောအနေအထားဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ယွမ်သုန်ကျီ....ငါ့ကို ဖိအားပေးနေတာပဲ...."
ခါးကုန်းလူကြီးက ပင်လယ်ပြင်တွင် ထွက်ပေါ်လာသည်နှင့် အော်ပြောလိုက်သည်။ တွန့်ဆုတ်ခြင်းအလျင်းမရှိဘဲ ချက်ချင်းပင် ကိုယ်တွင်းမှ ဆန်းကြယ်သားရဲကို ချီသွေးပမာဏများစွာကျွေးမွေးကာ အလွန်အကျွံအသက်သွင်းလိုက်သည်။ ယွမ်သုန်ကျီ၏တည်ရှိမှုကိုမူ မမြင်မိပေ။ သို့သော်လည်း ယွမ်သုန်ကျီကသာ မိမိကိုတိုက်ခိုက်နေသည်ဟု ထင်မိသည်။
လူအားလုံးကြားတွင် ယွမ်သုန်ကျီမှလွဲ၍ ထိုသို့ကြောက်စရာကောင်းသောလှိုင်းလုံးကြီးကို ထိန်းချုပ်နိုင်သည့်သူမရှိပေ။ ယခုတွင် ယွမ်သုန်ကျီကို အားကုန်သုံးတိုက်ခိုက်ပေတော့မည်။ ချီသွေးပမာဏများစွာစွန့်လွှတ်ထားသဖြင့် အင်အားတိုးလာမည်မှာ သေချာပေါက်ပင် ဖြစ်၏။ ယွမ်သုန်ကျီကို မြန်မြန်နှိမ်နင်း၍ လင်းဇီချန်ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းသို့ ပြန်ခေါ်သွားရပေမည်။ မကြာခင်တွင်ပင် ခါးကုန်းလူကြီး၏ခန္ဓာကိုယ်က ပြောင်းလဲလာသည်။ အရေပြားနှင့်အသားအရေတို့က အစိမ်းရောင်သမ်းလာသည်။ ခြေလက်များက နွယ်ပင်များကဲ့သို့ တွန့်လိမ်သွားပြီး နောက်ကျောဘက်မှ သွေးကြောများပါသည့် အသားတောင်ပံလေးခုထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် ရုပ်ဆိုးအကျဉ်းတန်လှသည့် သစ်သားမှင်စာအဖြစ်သို့ ပြောင်းလဲသွားသည်။
"ဝှစ်....ဝှစ်....ဝှစ်...."
ဝှစ်ခနဲအသံများနှင့်အတူ ခါးကုန်းလူကြီး၏ခြေလက်များသည် ရာဘာကဲ့သို့ရှည်ထွက်လာကာ မရေမတွက်နိုင်သော သွေးနွယ်ပင်များအဖြစ်ပြောင်းသွားပြီး အလင်းကဲ့သို့ အမြန်နှုန်းမျိုးဖြင့် ပင်လယ်ရေမျက်နှာပြင်ထက်သို့ ပစ်လွှတ်လိုက်သည်။
နွယ်ပင်များစွာက ပင်လယ်ရေလှိုင်းကြီးများကို ထသွားစေသည်။ ရေမျက်နှာပြင်ဖြင့်ရိုက်မိသည်နှင့် မြွေဟောက်များအဖြစ်ပြောင်းသွားကာ လမ်းကြောင်းတွင်ရှိသမျှ သက်ရှိအားလုံး၏ချီသွေးကို စုပ်ယူလိုက်သည်။ ခါးကုန်းလူကြီးသည် ယွမ်သုန်ကျီ မည်သည့်နေရာတွင် ပုန်းနေသည်ကို တိတိကျကျမသိပေ။ သို့သော်လည်း ယွမ်သုန်ကျီသည် ပင်လယ်ရေအောက်တစ်နေရာတွင် ပုန်းနေသည်မှာ သေချာသည်။ ထို့ကြောင့် ပင်လယ်ရေထဲမှသက်ရှိအားလုံးကို တိုက်ခိုက်၍ ယွမ်သုန်ကျီပေါ်လာအောင်လုပ်ရန်ဖြစ်သည်။ ယနေ့တွင် လင်းဇီချန်ကို ခေါ်သွားယုံသာမက ယွမ်သုန်ကျီကိုလည်း သတ်ပစ်မည်ဖြစ်သည်။
တစ်ဖက်တွင်မူ ခါးကုန်းလူကြီး ရူးသွားကာ လူ့ဗီဇကို သားရဲဗီဇဖြင့် အစားထိုးသွားသည်ကို သိလိုက်ရသည့်အခါ၌ လင်းဇီချန်သည် တစ်စက္ကန့်မျှပင် အချိန်ဖြုန်းမနေတော့ဘဲ ရှန်ချင်းဟန်ကိုခေါ်ကာ ထိုနေရာမှဝေးရာသို့ ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားလေတော့သည်။