အပိုင်း ၂၉၈-၃၀၀
Vol. 20 Ch. 298-300
အခန်း (၂၉၈) ငါကိုယ်ဝန်ရှိနေပြီ သမီးလေးဖြစ်ဖို့မျှော်လင့်ပါတယ် (၂)
ညီလေးလိုချင်လား ညီမလေးလိုချင်လား
‘အမေက ဒုတိယကိုယ်ဝန်လွယ်ထားရတာလား’
လင်းဇီချန် သဘောပေါက်သွားကာ ချက်ချင်းပင် ကျန်းဝမ်ရှင်း၏ဗိုက်ကို ကြည့်လိုက်သည်။ ပြားချပ်နေပေသည်။ ကိုယ်ဝန်ရှိနေသည့်အရိပ်အယောင်မျိုးကို မတွေ့ရပေ။
"အမေ ဒုတိယကိုယ်ဝန်ရှိနေတာလား။"
"အင်း နှစ်ပတ်ရှိပြီ။ လွန်ခဲ့တဲ့ရက်ပိုင်းကမှ သိတာ။"
ကျန်းဝမ်ရှင်းသည် ပြောရင်းဖြင့် မိမိ၏ပြားချပ်နေသောဗိုက်ကလေးကို ကျေကျေနပ်နပ်ဖြင့် ပွတ်သပ်လိုက်သည်။
"ငါတို့အိမ်မှာ ကောင်လေးတစ်ယောက် ရှိပြီးသားဆိုတော့ ဒီတစ်ခေါက် ကောင်မလေးဖြစ်ဖို့ မျှော်လင့်တယ်။"
သူမသည် အမှန်ပင် ဒုတိယကိုယ်ဝန်ဆောင်နေခြင်းဖြစ်သည်။
ရှန်ချင်းဟန်က ကိုယ်ဝန်ရှိနေသည်ဟု ကြေညာသည်ထက်ပင် ပို၍ရုတ်တရက်ဆန်သည်ဟု ခံစားမိသည်။ ကျန်းဝမ်ရှင်းသည် လေးဆယ်ကျော်ဖြစ်ကာ အဘွားဖြစ်သည်အထိပင် အသက်ကြီးနေပြီဖြစ်၏။ သို့သော် အံ့ဩစရာကောင်းစွာဖြင့် ဒုတိယကိုယ်ဝန်ရှိနေသည်။ ကလေးမွေးသောအခါ၌ လင်းဇီချန်သည် အသက်နှစ်ဆယ်ကျော်ရှိမည်ဖြစ်သည်။ ထိုမျှအသက်ကွာနေလျှင် မိမိက အဖေအရွယ်မျှပင် ရှိနေပြီဖြစ်၏။
လင်းယန်ရှောင်းက စွပ်ပြုတ်သောက်ရင်းဖြင့် သာမန်ကာလျှံကာပင် ပြောလိုက်သည်။
"မင်းနဲ့ဟန်ဟန်တို့က ကောလိပ်သွားကြတော့ အိမ်က ခြောက်ကပ်နေပြီး ငါတို့အသားမကျခဲ့ဘူး။"
"မြေးချီဖို့ကျလည်း အဝေးကြီးလိုသေးတယ်လို့ ခံစားရတယ်။"
"အဲ့တာကြောင့် အမေနဲ့ငါက ချက်ချင်းသဘောတူခဲ့ကြတာ။ ငါတို့ လေးဆယ်အစောပိုင်းပဲရှိသေးတော့ ဖြစ်နိုင်သေးတယ်လေ။ အဲ့တာကြောင့် ဒုတိယကလေးယူဖို့ ဆုံးဖြတ်ခဲ့ကြတယ်။"
"ပြီးတော့ နှစ်လခွဲလောက် ကြိုးစားပြီးတော့ နောက်ဆုံး ကိုယ်ဝန်ရသွားကြတယ်။"
"...."
"သားသိပြီ။"
လင်းဇီချန်က ခေါင်းညိတ်ပြကာ မအံ့ဩတော့ပေ။ မိဘများ စိတ်ချမ်းသာသည်နှင့် ဒုတိယကလေးဖြစ်စေ တတိယ၊ စတုတ္ထဖြစ်စေ ကိစ္စမရှိပေ။ မိသားစုသည် ငွေမပြတ်သောကြောင့် မိဘများက မိသားစုကိုထောက်ပံ့ရန် အလုပ်လုပ်စရာမလိုပေ။ ကလေးအချို့ကို မွေးမြူပျိုးထောင်နိုင်ပေသည်။ အိမ်တွင် ကလေးရှိခြင်းကလည်း လွန်စွာကောင်းပေသည်။
....
ည (၁၁) နာရီကျော်တွင် ဖြစ်သည်။ လင်းဇီချန်သည် ညစာစားပြီးသည်နှင့် ရေချိုးသည်။ ထို့နောက်တွင် ဖုန်းဖွင့်ကာ အိပ်ရာထက်တွင် သတင်းဖတ်၍ အနားယူနေသည်။ မကြာခင်ပင် ညစာစားရေချိုးပြီးသော ရှန်ချင်းဟန်က ပန်းရောင်ညအိပ်ဝတ်စုံလေးဝတ်၍ အတူတူလာအိပ်လေသည်။
"ရှောင်ချန် ဒေါ်လေးရှင်းက ဒုတိယကိုယ်ဝန်ရှိနေပြီ။"
ရှန်ချင်းဟန်သည် ဖိနပ်ပါးကိုချွတ်၍ အိပ်ရာပေါ်တွင်ထိုင်ကာ အံ့ဩစရာကောင်းသောသတင်းကို လင်းဇီချန်အား မျှဝေလိုက်သည်။ လင်းဇီချန်က ရယ်လိုက်ပြီး
"ငါ့မိဘတွေက ငါတို့နှစ်ယောက်ကိုစောင့်ပြီး မြေးချီရမှာကို မစောင့်နိုင်ကြတော့လို့လေ။ အဲ့တာကြောင့် သူတို့ဘာသာပဲ ဖန်တီးလိုက်တာ။"
ရှန်ချင်းဟန်က စပ်စုစွာဖြင့် မေးလိုက်သည်။
"ရှောင်ချန် နင်က ညီလေးလိုချင်တာလား ညီမလေးလိုချင်တာလား။"
"ဦးလေးလင်းနဲ့ ဒေါ်လေးရှင်းကတော့ သားရှိပြီဆိုတော့ သမီးလိုချင်မှာပဲ။ ကောင်မလေးကိုသာ ပြုစုပျိုးထောင်ရရင် သူတို့လည်း မတူတဲ့အတွေ့အကြုံမျိုးရမှာပဲ။"
ရှန်ချင်းဟန်က ဆက်ပြောလိုက်သည်။
"ရှောင်ချန် နောင်ကျ ငါတို့လက်ထပ်တဲ့အခါကျရင် အရင်ဆုံး သာလေးယူမလား သမီးလေးယူမလား။"
လင်းဇီချန်က ပြန်ဖြေလိုက်သည်။
"အမွှာဆိုပိုကောင်းမယ်။ သားလေးနဲ့သမီးလေးဆို ပိုကောင်းတာပေါ့။"
ရှန်ချင်းဟန်က ပြောလိုက်လေသည်။
"အစ်ကိုကြီးနဲ့ညီမလေးကမှ ချစ်စရာကောင်းတာ။ ဒါပေမဲ့လို့ အစ်မကြီးနဲ့ မောင်လေးဆိုလည်း ကောင်းပါတယ်။ ဆုံးဖြတ်ဖို့ခက်တယ်။"
"အဲ့ဒါထက် သားနဲ့သမီးအတွက် နာမည်ရွေးမယ်ဆိုရင် တကယ်ကို တွေးစရာတွေအများကြီးရှိတာပဲ။"
"အထူးသဖြင့် ကလေးကိုစောင့်ရှောက်ရတဲ့အခါကျရင် အတော်လေးခက်ခဲမဲ့ပုံပဲနော်။"
"ငါငယ်ငယ်လေးတုန်းကဆိုရင်လည်း တောက်လျှောက် ဘောင်းဘီကစိုနေပြီး အမေက ငါ့ကိုစောင့်ရှောက်ပေးဖို့ အတော်လေးဒုက္ခများခဲ့မှာပဲ။"
"...."
"ကလေးမဟုတ်တော့တာတောင်မှာ ဘောင်းဘီက ခဏခဏစိုနေတုန်းပါ။"
"နင်ဟာလေ ရိုက်ခံရအောင်လုပ်နေတာပဲ။"
ရှန်ချင်းဟန်က ဒေါသတကြီးဖြင့် လင်းဇီချန်ကို ဖြန်းခနဲမြည်အောင် ရိုက်ပစ်သည်။ ထို့နောက်တွင်သူမက ညည်းတွားလိုက်လေသည်။
"ဒေါ်လေးရှင်းက နှစ်ကုန်ခါးနီးမွေးမှာဆိုတော့ ငါလည်း အမေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိအောင် ကြိုသင်ထားရမယ်။"
သူမသည် အနည်းငယ်မျှ အတွေးလွန်နေမိသည်။ တက္ကသိုလ်ပထမနှစ်ပင်ရှိသေးသော်လည်း မိခင်ဖြစ်ရန် စဉ်းစားနေ၏။ လင်းဇီချန်က ပြုံး၍ ပြောလိုက်သည်။
"မင်းအမေဖြစ်လာတဲ့အခါကျရင် လေ့ကျင့်နေစရာကိုမလိုပါဘူး။ မင်းဘာသာမင်း ကလေးကိုစောင့်ရှောက်ပေးတတ်သွားမှာ။ ပြီးတော့ ငါ့မိဘနဲ့မင်းမိဘတွေက ကလေးကိုစောင့်ရှောက်ပေးမှာပဲကိုး။"
"တကယ်လား။"
"မြေးလိုချင်တဲ့သူတွေရဲ့ဆန္ဒကို သံသယမဖြစ်လိုက်နဲ့။ အထူးသဖြင့် ကလေးတစ်ယောက်ပဲရှိတဲ့မိသားစုတွေမှာပေါ့။ မိဘတွေက အသက်ကြီးလာပြီး အနားယူလိုက်တာနဲ့ မြေးချီဖို့ကို တိုက်တွန်းတော့မှာ"
မိမိ၏မိဘနှစ်ပါးကမူ ကလေးယူရန်ဖိအားမပေးဟု ရှန်ချင်းဟန်ထင်မိသည်။ သူမသည် လင်းဇီချန်လက်ထဲသို့ မိမိ၏နူးညံ့သောခြေထောက်လေးကို ထည့်ပေးကာ ချိုသာစွာပြောလိုက်သည်။
"ဒယ်ဒီ သမီးရဲ့ခြေထောက်လေးတွေကို နွေးအောင်လုပ်ပေးပါဦး။"
"လူလည်မလေး ငါ့ကို ဒယ်ဒီလို့ခေါ်တာကို ကြိုက်နေတဲ့ပုံပဲ။"
လင်းဇီချန်က ရယ်လိုက်ပြီး ရှန်ချင်းဟန်၏ခြေထောက်လေးကိုဆုပ်ကိုင်ကာ ချီသွေးစွမ်းအားထုတ်ပေး၍ နွေးအောင်လုပ်ပေးလိုက်သည်။
ရှန်ချင်းဟန်က သူမဘာသာအတွက် ငြင်းဆန်လိုက်သည်။
"ငါ့ကို လျှောက်ပြောမနေနဲ့။ အဲ့လိုခေါ်ရတာကို စွဲလမ်းနေတာမဟုတ်ဘူး။ ကောင်လေးတွေက ကောင်မလေးတွေ အဲ့လိုခေါ်တာကိုကြိုက်လို့ ငါက အဲ့လိုခေါ်နေတာ။"
လင်းဇီချန်က ကျီစယ်လိုက်သည်။
"နင့်ပါးစပ်ကတော့ အတော်လေးအပြောချိုတာပဲ။ စကားကတော့ တကယ်ကိုပြတ်တယ်။"
....
ထို့နောက်တွင် နှစ်ဦးသား ခေတ္တစကားပြေနေကြသည်။ ကလေးဘဝမှ လက်ရှိအချိန်၊ လက်ရှိအချိန်မှ နောင်ရေးအထိ စိတ်ထဲတွင် ပေါ်လာသာမျှကို မနားမနေပြောနေကြသည်။ ပြောနေရင်းဖြင့်ပင် စကားများက ဂမ္ဘီရသစ်ပင်ဂိုဏ်းဖြင့် ရင်ဆိုင်ခဲ့ရသည့်အကြောင်းကို ရောက်သွားသည်။ ရှန်ချင်းဟန်တီးတိုးကြားရသည့်ကိစ္စ၊ ပင်လယ်ထဲမှ ရေလက်တံကြီးပေါ်လာသည့်ကိစ္စနှင့် အကြီးအကဲကိုးကျသွားသည့်ကိစ္စ၊ ရှန်ချင်းဟန်ပတ်ချာလည်တွင် ရေစက်များပေါ်လာသည့်ကိစ္စများကို ပြောဆိုနေကြသည်။ လင်းဇီချန်သည် ရှန်ချင်းဟန်ရေစက်များနှင့်ပက်သက်၍ လွန်စွာဂရုစိုက်မိသည်။ ထိုရေစက်များသည် ရှန်ချင်းဟန်နားမှ ဖြတ်သွားကာ စကားလုံးပုံများနှင့်တူသောပုံစံသို့ ပြောင်းသွားကြသည်။ ယခုမှပြန်စဉ်းစားကြည့်လျှင် ထိုရေစက်များသည် ရှန်ချင်းဟန်ကို သတင်းပေးချင်၍လော။
စဉ်းစားမိကာ လင်းဇီချန်သည် အိပ်ရာမှထ၍ ဘောပင်နှင့်စာရွက်ကိုယူလိုက်သည်။ သူ၏မှတ်သားနိုင်စွမ်းဖြင့် ရေစက်များ၏ပုံစံကို ပြန်လည်ချရေးသည်။ ထင်ရှားသောပုံပေါ်အောင် ရေးပြီးနောက်တွင် ပုံရိုက်၍ အွန်လိုင်းပေါ်တွင် တစ်ခုခုရှိမည်လားဟု ရှာကြည့်မိသည်။ ကံမကောင်းစွာဖြင့် အင်တာနက်ပေါ်တွင် ဘာမှရှာမတွေ့ပေ။
ထိုအရာများက တစ်ခုခုရေးထားခြင်းမဟုတ်လျှင် ဘာဖြစ်မည်နည်း။ ဒီအတိုင်းပုံစံပြောင်းနေခြင်းသက်သက်ပေလော။ ထိုသို့မဖြစ်နိုင်ပေ။ တစ်ခုခုကို ပြောချင်နေခြင်းဖြစ်ရမည်။
အင်တာနက်တွင် ဘာမှရှာမတွေ့သောကြောင့် ဗဟုသုတရှိသောသူများဆီသို့ပို့ပေးကာ မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အွန်လိုင်းပေါ်တွင်မူ ရသောသတင်းက များများစားစားမရှိပေ။ မကြာခင်တွင်ပင် လင်းဇီချန်သည် ထိုပုံများကို ယွမ်သုန်ကျီ၊ စုန့်ယွီယန်နှင့် လျို့ချွမ်ဝူတို့ဆီသို့ ပို့လိုက်သည်။ ထိုသုံးဦးသည် ထူးခြားသောမိသားစုမှဆင်းသက်လာကြကာ ဗဟုသုတအရာတွင်လည်း များပြားစွာသိထားသည်။ ထိုထူးဆန်းသောစကားလုံးများကို သိနိုင်ပေမည်။ သုတေသနတက္ကသိုလ်မှနှစ်ဦးသည် သုတေသနပြုခြင်းတွင်ကျွမ်းကျင်ကာ ရှေးဟောင်းပစ္စည်းများစွာကိုလည်း လေ့လာခဲ့ဖူးကြသည်။ ထိုသူများက ထူးဆန်းသောစကားလုံးများကို သိနိုင်ပေမည်။
....
မိနစ်ပိုင်းမျှကြာပြီးနောက်တွင် ယွမ်သုန်ကျီနှင့် စုန့်ယွီယန်တို့က စာပြန်ပို့ကြသည်။ အမြန်ပင် စာပြန်ကြသော်လည်း အဖြေကမရပေ။ နှစ်ဦးလုံးက ထိုစကားလုံးများကို မသိကြပေ။
"ဌာနမှူးပဲကျန်တော့တယ်။"
လင်းဇီချန်က မိမိဘာသာ ပြောလိုက်မိသည်။
တစ်နာရီခန့်ကြာပြီးနောက်တွင် ရှန်ချင်းဟန်လည်း အိပ်ပျော်သွားပြီဖြစ်ကာ လင်းဇီချန်၏ရင်ခွင်ထဲတွင် ကွေးကွေးလေးအိပ်နေလေသည်။ မနက် တစ်နာရီခွဲခန့်ရှိပြီဖြစ်သည်။ ထိုအခါမှသာ လျို့ချွမ်ဝူက စာပြန်လေသည်။ သူသည် အမြန်ပင် စာကိုဖွင့်ကြည့်လိုက်ကာ မက်ဆေချ့်မဟုတ်ဘဲ အသံဖိုင်ဖြစ်နေသည်။ (၃၈) စက္ကန့်ကြာသောအသံဖိုင်တစ်ခုပင် ဖြစ်၏။
အသံဖိုင်က ကြာသောကြောင့် အဖြေတစ်ခုရမည်မှာ သေချာပေသည်။ အိပ်နေသောရှန်ချင်းဟန်ကိုလည်း မနိုးသွားစေချင်သောကြောင့် နားကြပ်တပ်ကာ နားထောင်လိုက်သည်။ ထို့နောက်တွင် လျို့ချွမ်ဝူပို့လာသောအသံဖိုင်ကို အမြန်ပင်ဖွင့်ကာ နားထောင်ကြည့်လိုက်သည်။
"အဲ့စကားလုံးတွေက ဘယ်ကစကားလုံးတွေလဲ။ တော်တော်လေးရင်းနှီးနေသလိုပဲ။ ဒါပေမဲ့ ဘယ်မှာမြင်ဖူးတယ်ဆိုတာကို မမှတ်မိဘူး။ သေချာစဉ်းစားကြည့်လိုက်တော့မှ သုတေသနတက္ကသိုလ်က ရှေးဟောင်းပစ္စည်းအချို့ပေါ်မှာ မြင်ဖူးတာ။ ဒီလိုလုပ်ရအောင်။ မနက်ဖြန် သုတေသနတက္ကသိုလ်ကိုသွားပြီး မင်းအတွက်ရှာပေးကြည့်မယ်။ တစ်ခုခုရှာတွေ့ရင် ဝီချက်ကနေ ဆက်သွယ်လိုက်မယ်။"
လျို့ချွမ်ဝူသည် မနားမနေပြောလိုက်ခြင်းဖြစ်သည်။ သေချာနားထောင်ကြည့်လျှင် လက်ခုပ်တီးသံများနှင့် အားပေးနေသောမိန်းကလေးအသံများကို ကြားနေရသည်။
"လုပ်လိုက် လောင်လျို့ အကုန်သောက်လိုက်။ တစ်ချက်ကို တစ်သန်း။ ဆယ်ချက်ဆို သန်းနှစ်ဆယ်။"
ထိုအသံများကို နားထောင်ကြည့်ရုံဖြင့် လင်းဇီချန်၏နှုတ်ခမ်းကကွေးတက်သွားလေသည်။ သူသည် လုပ်လက်စကိစ္စများကိုပင် မရပ်ဘဲ အသံဖိုင်ပို့လိုက်သည်လော။ တစ်ချိန်တည်းဖြင့် အလုပ်နှစ်ခုလုပ်နိုင်သည်လော။
စိတ်ထဲတွင် ရယ်လိုက်မိကာ မကြာခင်ပင် လျို့ချွမ်ဝူကို အားကျစပြုလာသည်။ ဌာနမှူးသည် စံပြပုဂ္ဂိုလ်ဟု ဆိုရပေမည်။ သုတေသနတက္ကသိုလ်၏ငွေရေးကြေးရေးထောက်ပံ့မှုအတွက် ညတိုင်း အမျိုးသမီးကြီးများဖြင့် လေ့ကျင့်ခန်းထွက်လုပ်တတ်သည်။ တိတ်ဆိတ်နေသောယောက်ျားများက အမျိုးသမီးများကို မျက်ရည်သုတ်ပေးတတ်သည့်ဇာတ်လမ်းမျိုးသည် ကျိုကျုံး၏ပြည်သူများကိုပင် စိတ်ထဲတွင် ခံစားသွားရစေနိုင်လေသည်။
အခန်း (၂၉၉) တိုင်းပြည်တစ်ခွင်တွင်နာမည်ကြီးလာခြင်း
"ရှောင်ချန် ဘာလို့ ခုထိမအိပ်သေးတာလဲ။"
လင်းဇီချန်သည် လျို့ချွမ်ဝူ၏ အသံဖိုင်ကို နားထောင်နေစဉ်တွင်ပင် ရင်ခွင်ထဲတွင် အိပ်နေသောရှန်ချင်းဟန်က နိုးလာသည်။ အသံဆူသောကြောင့် နိုးလာခြင်းမဟုတ်ဘဲ သူမဘာသာ နိုးလာခြင်းဖြစ်သည်။
"ငါမအိပ်ချင်သေးလို့လေ။ နောက်ကျမှ အိပ်တော့မယ်။"
"အဲ့လိုဆို ငါလည်းမအိပ်တော့ဘူး။"
ရှန်ချင်းဟန်သည် မီးဖွင့်လိုက်ကာ သူမဖုန်းကိုကောက်ယူ၍ လင်းဇီချန်ဖြင့် ညဉ့်နက်အောင် နေရန်ပင် ဖြစ်သည်။ လင်းဇီချန်က သူမကို သိမ်မွေ့စွာ ပြောလိုက်သည်။
"မင်းအိပ်ချင်နေရင် အရင်အိပ်နှင့်လေ။ ငါနဲ့ ညဉ့်နက်အောင်ထိ နေစရာမလိုဘူး။"
"ရပါတယ်။ အခုက ကျောင်းပိတ်ရက်ပဲ။ မနက်ဖြန်ကျမှ ငါအိပ်ချင်တဲ့အချိန် ပြန်အိပ်လိုက်မယ်။"
ရှန်ချင်းဟန်က ပြောရင်းဖြင့် ဗီဒီယိုအက်ပ်တစ်ခုကိုဖွင့်ကာ အွန်လိုင်းဒရာမာကြည့်ရန် ပြင်လိုက်သည်။ အွန်လိုင်းဒရာမာစစ်စစ်သာ ဖြစ်သည်။ ပညာပေးဗီဒီယို လုံးဝမဟုတ်ပေ။ လင်းဇီချန်က ကြည့်နေမိသည်။ ရှန်ချင်းဟန်သည် ပညာပေးဗီဒီယိုများကို ကြည့်နေခြင်းမဟုတ်ဘဲ ထို့အစား ကျိုကျုံးမှ ရှေးခေတ်နန်းတွင်းကားကို ကြည့်နေသောကြောင့် ပြောလိုက်မိသည်။
"ညစ်ပတ်တဲ့ကောင်မလေးက ခုတော့ ပညာပေးဗီဒီယိုတွေ မကြည့်တော့ဘူးပေါ့။ ငါ့ရဲ့ငယ်ရွယ်မှုတွေတော့ သွားပါပြီ။"
"ညစ်ပတ်တာက နင်လေ။"
ရှန်ချင်းဟန်က လင်းဇီချန်ကို တစ်ချက်ကြည့်ကာ နားကြပ်တပ်လိုက်ပြီး လျစ်လျူရှုထားလိုက်၏။ လင်းဇီချန်ကလည်း သူမနှင့်အတူ ဒရာမာလိုက်ကြည့်ကြည့်သည်။
ခေတ္တမျှကြည့်ပြီးနောက်တွင် အမျိုးသမီးဇာတ်ကောင်ကို ဦးစားပေးလွန်းထားသဖြင့် သူ၏အကြိုက်နှင့်မကိုက်သောကြောင့် မကြည့်တော့ပေ။ ထို့အစား ကျောင်းအက်ပ်ကိုဖွင့်၍ ကျောင်းအမှတ်စတိုးမှ ဆန်းကြယ်သားရဲအပိုင်းကိုဖွင့်ကာ ဆန်းကြယ်သားရဲသားများ ရှိမရှိ ကြည့်ကြည့်သည်။ လျှောက်ရှာကြည့်ရင်းဖြင့် မိမိစာရင်းသွင်းထားစဉ်ကတည်းကပင် ပစ္စည်းပြတ်နေသည့် ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်းသားက ပို၍များလာသည်ကိုတွေ့လိုက်ရကာ ဈေးကလည်း သိသိသာသာကျသွားသည်။
နောက်ဆုံးတစ်ခေါက် ကြည့်ခဲ့စဉ်က ဈေးသည် တစ်ပေါင်လျှင် ကျောင်းအမှတ်ငါးဆယ်ဖြစ်သည်။ ယခုတွင်မူ တစ်ပေါင်လျှင် ကျောင်းအမှတ်လေးဆယ်ဖြစ်သည်။ နှစ်ဆယ်ရာခိုင်နှုန်းကျသွားခြင်းဖြစ်သည်။ ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်နေရာကို တွေ့သွားသဖြင့် ထုတ်လုပ်နှုန်းမြင့်မားလာခြင်းဖြစ်ပေမည်။
ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်သားကိကြည့်ရင်းဖြင့် လင်းဇီချန်သည် ပြဿနာတစ်ခုကို တွေးမိသွားသည်။ ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်သည် မူလမြေမှ ဆန်းကြယ်သားရဲမျိုးစိတ်အသစ်ဖြစ်ပြီး ရှာတွေ့ထားသည်မှာ မကြာသေးကြောင်း၊ လွန်စွာရှားပါးကြောင်း ပြထားသည်။ သို့သော်လည်း ဂမ္ဘီရသစ်ပင်ဂိုဏ်းမှ မျက်နှာဖုံးစွပ်လူများ၏ခန္ဓာကိုယ်ကို ဝါးမျိုခဲ့စဉ်ကမူ ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်အသက်ဓာတ်များစွာကို စုပ်ယူခဲ့မိသည်။
အပြင်အရင်းအမြစ်တစ်ခုနှင့်ပေါင်းစပ်၍ ဆန်းကြယ်မျိုးစိတ်သားရဲပမာဏများစွာ ရယူထားခြင်းက ညတွင်းချင်းလုပ်ဆောင်နိုင်သောအရာမျိုး မဟုတ်ပေ။ ရှေရှည်စီမံကိန်းကြီးမျိုးသာ ဖြစ်၏။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ရာစုနှစ်မဟုတ်လျှင် နှစ်ရာချီမျှ ကြာနိုင်သည်။ ဆန်းကြယ်သားရဲမျိုးစိတ်၏အဆင့်ကပိုမြင့်လေလေ အချိန်ပို၍လိုအပ်လေလေပင်ဖြစ်၏။ ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်သည် ဝိညာဉ်စွမ်းအား အားကောင်းသည့် ရှားပါးသောသားရဲဖြစ်ကာ အဆင့်မြင့်အဆင့်ဖြစ်ပေမည်။ ထိုမျိုးစိတ်နှင့် ပေါင်းစပ်ရန်အတွက် ရာစုနှစ်တစ်ခုမျှအားမထုတ်ဘဲဖြင့် ရမည်မဟုတ်ပေ။ ထိုရှုထောင့်မှကြည့်လျှင် ဂမ္ဘီရသစ်ပင်ဂိုဏ်းမှလူများသည် ထိုမျိုးစိတ်ဖြင့် ပေါင်းစပ်ထားကြသည်မှာ အနည်းဆုံး ဆယ်နှစ်ကျော်ကြာပြီဖြစ်မည်။
ဂမ္ဘီရသစ်ပင်ဂိုဏ်း၏ မူလမြေကို နားလည်ထားမှုက ကမ္ဘာမြေထက် လွန်စွာသာလွန်နေပြီဖြစ်ကြောင်း ပြသနေသည်။ ကမ္ဘာမြေကမူ ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်ကို ရှာတွေ့ထားသည်မှာ မကြာသေးပေ။ ဂမ္ဘီရသစ်ပင်ဂိုဏ်းတွင်မူ အားနည်းနည်းရှိသောမည်သည့်အဖွဲ့ဝင်မဆို ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်သားဖြင့် ပေါင်းစပ်ပြီးဖြစ်နေကြသည်။ အနှစ်ချုပ်ဆိုရလျှင် အသိဉာဏ်၊ အရင်းအမြစ်နှင့် အမွေဆက်ခံမှုများအရ ကမ္ဘာမြေ၏အင်အားသည် ဂမ္ဘီရသစ်ပင်ဂိုဏ်းဖြင့် ယှဉ်ပြိုင်နိုင်ရန် အတန်ငယ်လိုသေးပေ၏။ စိတ်ဓာတ်ကျစရာကောင်းသောအကြောင်းအရာပင် ဖြစ်၏။
ကမ္ဘာမြေ၏အင်အားသည် မူလမြေမှ ဖောက်ဝင်လာသော မိစ္ဆာဒိဌိဂိုဏ်းတစ်ခုဖြင့်ပင် မယှဉ်သာလျှင် မူလမြေဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ ကမ္ဘာကြီး၏အကာအကွယ်အားကြောင့်သာမဟုတ်လျှင် ကမ္ဘာမြေ၌ မူလမြေမှသက်ရှိများဖြင့် နေရာယူသွားသည်မှာ ကြာပြီဖြစ်တော့မည်။ အရေးကြီးဆုံးကိစ္စကမူ မသိရသေးသောအကြောင်းရင်းကြောင့် မူလမြေမှသက်ရှိများကို ဖိနှိပ်ထားသည့်အားကလည်း နှစ်တိုင်းပင် လျော့နည်းလာပြီဖြစ်သည်။ ကမ္ဘာမြေ၏အသာစီးမရသောအခြေအနေများကြောင့် သစ္စာဖောက်များစွာပေါ်လာခြင်းဖြစ်၏။ သစ္စာဖောက်များကမူ ကမ္ဘာသည် အနာဂတ်မရှိတော့ဟု ထင်မိသောကြောင့် မူလမြေ၏အင်အားဖြင့် ပေါင်းစပ်ရန် ရွေးချယ်လိုက်ကြကာ အသက်ရှင်နိုင်ရန်အတွက် သစ္စာဖောက်ခဲ့ကြသည်။ အသက်ရှင်နိုင်ရန်ဟုပြောလျှင် အတန်ငယ်မမှန်ပေ။ သစ္စာဖောက်များအရဆိုလျှင် အမှောင်ထဲမှအလင်းကို ထွက်သွားရုံသာမက ပို၍ကောင်းသောဘဝကို နေနိုင်ရန်ပင် ဖြစ်၏။
မူလမြေသည်ဆင့်ကဲပြောင်းလဲခြင်းအတွက် ပို၍ကောင်းသောအရင်းအမြစ်များရှိပြီး ပို၍အဆင့်မြင့်သောဘဝကို ဆင့်ကဲပြောင်းလဲနိုင်သည်။ ထိုကိစ္စကို ခေတ္တမျှစဉ်းစားကြည့်ပြီးနောက်တွင် လင်းဇီချန်သည် ဖုန်းစခရင်ကို နှိပ်လိုက်သည်။ သူသည် ကျောင်းအမှတ်ရှစ်ရာကိုသုံး၍ ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်သား ပေါင်နှစ်ဆယ်မှာလိုက်သည်။
ကမ်းရိုးတန်းတောအုပ်တွင် ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်သားကို ဖွင့်ပြီးဖြစ်ကာ အဆင့်မြင့်ဝိညာဉ်စွမ်းအားကို ရရှိထားလေသည်။ ထိုအသားကို ဝယ်ရခြင်းက အဆင့်မြင့်ဝိညာဉ်စွမ်းအားကို တိုးမြှင့်စေရန်ပင် ဖြစ်၏။ အသန်မာဆုံးအောင်မြင်မှုသွေးမျိုးဆက်စွမ်းအားသည် ထိုသို့မျိုး အလုပ်လုပ်လေသည်။ ဆန်းကြယ်သားရဲများ၏အသက်ဓာတ်ကိုဝါးမျိုလိုက်လျှင် ထိုသားရဲ၏ထူးခြားသောသွေးမျိုးဆက်စွမ်းအားကိုရသည်။ နောင်တွင် အသက်ဓာတ်များကို ပို၍စုပ်ယူနိုင်လေလေ သွေးမျိုးဆက်စွမ်းအားက ပို၍တိုးလေလေပင် ဖြစ်၏။
မြေခွေးမိန်းကလေးနှင့်တိုက်ပွဲဖြစ်စဉ်က လင်းဇီချန်သည် တစ်စုံတစ်ခုကို နားလည်လိုက်သည်။ ခန္ဓာကိုယ်အားကောင်းပြီး ဝိညာဉ်စွမ်းအားကင်းမဲ့နေခြင်းက ခန္ဓာကိုယ်စွမ်းအားကောင်းသောပြိုင်ဘက်များဖြင့် ရင်ဆိုင်ရသည့်အခါတွင် အရေးမသာနိုင်ပေ။ အားနည်းသည်ကို ဖယ်ရှားရန်အတွက် ဝိညာဉ်စွမ်းအားတိုးတက်အောင် အာရုံစိုက်ရပေမည်။ အားနည်းချက်ကို အားကောင်းအောင်လုပ်ရန် လိုအပ်သည်သာမက ထိုအရာက မိမိကိုကျရှုံးအောင် လုပ်ခွင့်မပေးနိုင်ပေ။
ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်သားကို ဝယ်ပြီးနောက်တွင် လင်းဇီချန်သည် ကျောင်းအမှတ်ဆိုင်ကို ဆက်ကြည့်နေသည်။ မိနစ်အနည်းငယ်မျှကြည့်ပြီးနောက်တွင် တစ်ခါမှ မမြင်ဖူးခဲ့သောဆန်းကြယ်သားရဲသားတစ်မျိုးကို တွေ့သွားသည်။
ထုတ်ကုန် - ရှုထောင့်ကြွက်အသား
ဈေးနှုန်း - တစ်ပေါင်လျှင် ကျောင်းအမှတ်တစ်ရာ။
ငွေဖြင့်တွက်ကြည့်ရလျှင် တစ်ပေါင်လျှင် တစ်သန်းပင်ဖြစ်သည်။ ဈေးကြီးလွန်းပေသည်။ ဈေးကြောင့် အနည်းငယ်မျှစိတ်ပျက်သွားရသည်။ တန်သည်မတန်သည်မူ အချက်အလက်များကိုဖတ်ကြည့်လျှင်သိနိုင်သည်။ ဈေးကြီးသည်ဆိုခြင်းက ဈေးကြီးရမည့်အကြောင်းရင်းရှိသောကြောင့် ဖြစ်၏။ ထိုသို့စဉ်းစားမိပြီး လင်းဇီချန်သည် ထုတ်ကုန်၏အချက်အလက်များကို ကြည့်ရန် နှိပ်လိုက်လေသည်။
အခန်း (၃၀၀) တိုင်းပြည်တစ်ခွင်တွင်နာမည်ကြီးလာခြင်း(၂)
အချက်အလက်များကို ဆယ်စက္ကန့်ခန့်မျှ ဖတ်ကြည့်ပြီး ရှုထောင့်ကြွက်ကို အကြမ်းဖျင်းနားလည်သွားသည်။ ကိုးမျိုးလှည့်ဝိညာဉ်ပိုးကောင်ကဲ့သို့ပင် ရှုထောင့်ကြွက်သည် လွန်ခဲ့သောနှစ်များကမှ လူသားများရှာတွေ့ထားသည့် ဆန်းကြယ်သားရဲမျိုးစိတ်ဖြစ်သည်။ ရှဉ့်နှင့်အတန်ငယ်တူကာ အကျင့်များကလည်းတူသည်။ ရှဉ့်များသည် အစားအသောက်များကို သိုလှောင်တတ်ကာ ရှုထောင့်ကြွက်ကလည်း ထိုသို့ပင်ဖြစ်၏။ တစ်ခုတည်းသောမတူသောအချက်က ရှဉ့်သည် သစ်ပင်အခေါင်းပေါက်များထဲ၌ အစားအသောက်သိုလှောင်ကာ ရှုထောင့်ကြွက်ကမူ အိတ်များထဲတွင် မဟုတ်လျှင် ပါးစပ်ထဲမှာ သိုလှောင်တတ်ကြသည်။ အရွယ်ရောက်ပြီးသားရှုထောင့်ကြွက်တစ်ကောင်သည် ပါးစပ်နှစ်ဖက်လုံးတွင် ခန္ဓာကိုယ်အလေးချိန်ထက် အဆတစ်ရာမကသောအစားအသောက်များကို သယ်နိုင်သည်။ ပါးစပ်ထဲတွင် ပစ္စည်းများထည့်နိုင်သည့် ရှုထောင့်လေဟာနယ်တစ်ခုရှိသည်။
အချက်အလက်များကို ဖတ်ပြီးနောက်တွင် သိုလှောင်လေဟာနယ်ဟုသောစကားလုံးက လင်းဇီချန်စိတ်ထဲသို့ ရောက်လာသည်။ ရှုထောင့်ကြွက်ကဲ့သို့ ဆန်းကြယ်သားရဲတွင် ပါးစပ်ထဲ၌ သိုလှောင်လေဟာနယ်တစ်ခု ရှိနေသည်။ ကျင့်ကြံရေးဝတ္ထုများထဲမှ ထည့်စရာအိတ်ကဲ့သို့ ပစ္စည်းများစွာကို ထည့်၍ရသည်။ သိုလှောင်လေဟာနယ်ကို စဉ်းစားမိသောအခါတွင် မြေခွေးမိန်းကလေးကို တွေးမိသွားသည်။ မြေခွေးမိန်းကလေးနှင့် ရင်ဆိုင်ရစဉ်က လေထဲတွင်ပေါ်လာသည့် သားရဲအရေခွံလည်ပတ်ကို မြင်ခဲ့ရသည်။ မြေခွေးမိန်းကလေးသည်လည်း ထိုသို့သိုလှောင်ကိရိယာမျိုးကို ပိုင်ဆိုင်ထားမည်ဟု စဉ်းစားမိသည်။ ဥပမာအားဖြင့်ဆိုရလျှင် သိုလှောင်လက်စွပ်၊ သိုလှောင်အိတ်၊ သိုလှောင်ကျောက်စိမ်းဆွဲပြားကဲ့သို့ပင် ဖြစ်သည်။ သိုလှောင်လေဟာနယ်တစ်ခုသည် အသိဉာဏ်ပင်လယ်ထဲတွင်ရှိသောအရာမျိုးဖြစ်သည်။မဟုတ်လျှင် မြေခွေးမိန်းကလေးသည် ဘာမျှမဟုတ်သည့် သားရဲအရေခွံလည်ပတ်ကို ထုတ်လိုက်သည်မှာ မဖြစ်နိုင်ပေ။
စဉ်းစားကြည့်ပြီးနောက်တွင် လင်းဇီချန်သည် ရှုထောင့်ကြွက်အကြောင်းကို ပြန်စဉ်းစားမိသည်။ ယခင်အတွေ့အကြုံများအရ ရှုထောင့်ကြွက်တါင် သိုလှောင်နိုင်သည့်စွမ်းအားရှိသောသွေးမျိုးဆက်စွမ်းအားမျိုး ရပေမည်။ ထိုသို့သာဆိုလျှင် နောင်တွင် အပြင်ထွက်သောအခါ၌ ပို၍အဆင်ပြေလိမ့်မည်။ မိမိ၏သွားလာမှုကို အကျိုးသက်ရောက်မှုရှိစေသည့် အလေးချိန်ကို စိတ်ပူစရာမလိုဘဲ ပစ္စည်းများစွာကို သယ်သွားနိုင်မည်ဖြစ်သည်။
"တစ်ပေါင်ကို ကျောင်းအမှတ်တစ်ရာ။ စွမ်းအားအပြည့်ဖွင့်ဖို့ဆိုရင် ကျောင်းအမှတ်တစ်သောင်းလိုတာပဲ။"
"ကျောင်းအမှတ်ဒီလောက်များတာကို စုဖို့နည်းနည်းတော့ကြာမှာပဲ။"
"အဲ့ဒါမတိုင်ခင်တော့ဖြစ်စဉ်ဘားကို ဖွင့်ကို တစ်ပေါင်လောက်ဝယ်လိုက်မယ်။"
ထိုသို့တွေးမိကာ လင်းဇီချန်က တွန့်ဆုတ်မနေဘဲ ကျောင်းအမှတ်တစ်ရာသုံး၍ ရှုထောင့်ကြွက်သားတစ်ပေါင်မှာလိုက်သည်။ ပို့ရမည့်လိပ်စာက မိမိ၏အိမ်ပင် ဖြစ်၏။ မြန်လျှင် မနက်ဖြန်မနက်ရောက်လာမည်ဖြစ်သည်။ အော်ဒါတင်ပြီးနောက်တွင် ညဉ့်နက်နေသည်ကို သိလိုက်သဖြင့် လင်းဇီချန်က ဖုန်းချ၍ အိပ်ရန်ပြင်လိုက်သည်။ ထိုအချိန်တွင် ရှန်ျခင်းဟန်က နားကြပ်ချွတ်၍ ဝမ်းသာနေသောလေသံဖြင့် ပြောလိုက်သည်။
"ရှောင်ချန် ရှောင်ချန် ဒီဒရာမာကို ကြည့်ကြည့်။"
"ဒီထဲမှာ မျိုးရိုးနာမည်ရှန်ဆိုတဲ့မိန်းကလေးပါတယ်။ သူ့မှာ ရှောင်လင်းဇီဆိုတဲ့မိန်းမစိုးလေးတစ်ယောက်ရှိတယ်။ ငါတို့နာမည်တွေနဲ့ ကွက်တိပဲလေ။ တိုက်ဆိုင်လိုက်တာ။ ဟားဟားဟား"
သူမသည် ရယ်နေရင်းဖြင့် ဖုန်းကို လင်းဇီချန်အား ဝမ်းပန်းတသာဖြင့် ပြလိုက်သည်။
လင်းဇီချန်သည် ဖုန်းကိုကြည့်လိုက်သောအခါတွင် သူမပြောသည့်အတိုင်းပင် ရှန်မိန်းကလေးရှိကာ ရှောင်လင်းဇီဟုသောမိန်းမစိုးလေးလည်းရှိသည်။ အမှန်ပင် တိုက်ဆိုင်လိုက်၏။
"ရှောင်ချန် အခုကစပြီး ငါက မိန်းမလှလေးရှန်ပဲ။ နင်ကတော့ ငါ့ရဲ့မိန်းမစိုးရှောင်လင်းဇီပဲ။"
ရှန်ချင်းဟန်သည် မက်မွန်ပွင့်ပုံမျက်လုံးလေးကွေးသွားသည်အထိ ပြုံး၍ ပြောလိုက်သည်။ လင်းဇီချန်က သူမ၏ပါးလေးကို လက်ဖြင့်အသာပုတ်ကာ
"စောနကကျ ငါ့ကို ဒယ်ဒီလို့ခေါ်တယ်။ မကြာပါဘူး။ မိန်းမစိုးလုပ်ခိုင်းနေပြန်ပြီ။ မင်းက တကယ်ကို တော်တော်လည်းတတ်နိုင်တဲ့ကောင်မလေးပဲ။"
"နင့်ကို ဒယ်ဒီလို့မခေါ်တော့ဘူး။ ငါခေါ်တိုင်း ငါကညစ်ပတ်တယ်လို့ပဲ နင်ကပြောနေတာ။"
"အခုကစပြီး ရှောင်လင်းဇီလို့ပဲခေါ်တော့မယ်။"
"ရှောင်လင်းဇီ"
"ရှောင်လင်းဇီ"
"နင်က နန်းတော်ထဲက ရှောင်လင်းဇီပဲ။"
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါက နင်ရဲ့မိန်းမစိုးလေးရှောင်လင်းဇီပါ။ ဒီနေတော့ နင့်ကို ပုန်ကန်ပြီး အပြစ်ပြုတော့မယ် မမလေး။"
ပြောပြောဆိုဆိုဖြင့်ပင် လင်းဇီချန်သည် ရှန်ချင်းဟန်ကို အိပ်ရာထက်တွင် ဖိထားကာ သူမဖြင့် ကစားနေလေသည်။ ရှန်ချင်းဟန်လည်း ရုန်းကန်မနေတော့ဘဲ သူမ၏သေးသွယ်သောခြေထောက်လေးက တင်းသွားကာ ကျေနပ်နေသောမျက်နှာဖြင့် နှစ်သက်နေမိ၏။
"တော်တော့။ ဒယ်ဒီ ဒယ်ဒီ။ ငါမှားသွားပါပြီ။ တော်တော့။"
လင်းဇီချန်ကမူ မရပ်ပေ။ မိမိအောက်မှမိန်းမလှလေးကို ဆက်လက်ပုန်ကန်နေကာ သူမကို ရှောင်လင်းဇီဟု ထပ်မခေါ်အောင်လုပ်နေခြင်းသာဖြစ်သည်။ သူမသည် သင်ခန်းစာပေးခံသင့်သည်။ မိန်းမစိုးစိတ်တိုလာလျှင် သခင်မလေးသည် ထိုသို့အပြစ်ပေးခံရသည်ဟု ဆိုလိုခြင်းပင်ဖြစ်၏။
နှစ်ဦးသား မြူးတူးပျော်ပါးနေစဉ်တွင် ကျင်းသုရှိလီအိမ်၊ နန်ကျန်းရှိ ယွမ်အိမ်၊ စက်နတ်ဘုရားအုပ်စု၊ ကျိုကျုံးစစ်တပ်နယ်မြေဌနာချုပ်နှင့် ရှန်ဟိုင်းမြို့အောက်ဘက် မီတာနှစ်သောင်းအနက်ရှိ မြေအောက်နန်းတော်တွင်မူ အားကြီးသောသူများက ကိစ္စတစ်ခုတည်းသာ ပြောဆိုဆွေးနွေးနေကြသည်။ စစ်တပ်လေ့ကျင့်ရေးလုပ်ခဲ့စဉ်က လင်းဇီချန်၏အကြောင်းကိုပင် ဖြစ်ကြသည်။ ဂမ္ဘီရသစ်ပင်ဂိုဏ်းက စိတ်ဝင်စားနေသည့်အကြောင်းလည်း ပါသည်။
....
ကျင်းသု လီအိမ်တွင်မူ လက်ရှိအိမ်ထောင်ဦးဏီး လီချန်းရှန်၊ မြို့တော်မှ ပါရမီရှင်အကြီးဆုံးသား လီယိကျင်းနှင့် ဒုတိယသားလီမော်ယွီတို့နှင့် အခြားနာမည်ကြီးတော်တော်များများသည် လင်းဇီချန်ကိစ္စကို အတူတကွဆွေးနွေးနေကြသည်။
"မော်ယွီ မင်းတို့ကျောင်းရဲ့ လူသစ်ဘုရင်က ခန္ဓာကိုယ်က အခြေခံနဝမအဆင့်နဲ့ မြေခွေးမိန်းကလေးတိုက်ခိုက်တာခံနိုင်တယ်လို့ပြောတာပေါ့။"
လီအိမ်ခေါင်းဆောင်က ဒုတိယသားဖြစ်သူလီမော်ယွီကိုကြည့်၍ မေးလိုက်သ်ည။ လီမော်ယွီကမူ သေချာပေသည်။
"အမှန်ပဲ အဖေ။ ကျွန်တော်ချဲ့ကားပြောနေတာမဟုတ်ဘူး။"
"အဲ့လိုဆို လင်းဇီချန်ကတကယ်ပဲ လူထူးဆန်းပဲ။"
"သူက ဆန်းကြယ်သားရဲမျိုးစိတ်နဲ့ မပူးပေါင်းဘဲ သွေးသန့်လူသားလမ်းစဉ်လျှောက်တာကို မှော်မျက်လုံးလူဝံကြီးမျိုးစိတ်နဲ့ပေါင်းစပ်ထားတဲ့ ကျွန်တော့်ထက် ခန္ဓာကိုယ်အင်အားက အစပေါင်းများစွာ သာတယ်။"
"လုံးဝကို တရားလွန်ပဲ။"
"...."
ညီဖြစ်သူ၏စကားကို နားထောင်ရင်းဖြင့် လီယိကျင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်မိသည်။
"သွေးသန့်လူသားလမ်းစဉ်ကြောင့်ပဲ တိုးတက်လာတာလား မဟုတ်ရင် သူကပဲ နဂိုကကို အားကောင်းနေတာလား။"