← Chapters

အပိုင်း ၃၀၁-၃၀၃

Vol. 21 Ch. 301-303

အပိုင်း ၃၀၁-၃၀၃

Vol. 21 Ch. 301-303

အပိုင်း (၃၀၁) တိုင်းပြည်တစ်ခွင် ကျော်ကြားမှု

လီမော်ယွီက ခေတ္တမျှစဥ်းစားပြီးနောက် လေးနက်စွာပြောလိုက်သည်။

“ဒါဟာ အပြန်အလှန်သက်ရောက်တဲ့ အောင်မြင်မှုမျိုးဖြစ်သင့်တယ်”

"တက္ကသိုလ်စတက်တုန်းကတော့ သူက ဒီလောက်ထိ လူထူလူဆန်းမျိုး မဟုတ်သေးပါဘူး၊ ငါနဲ့လည်း သူ ပွဲတွေ အကြိမ်ကြိမ် နွှဲခဲ့ကြသေးတာပဲ”

"သူ သွေးသန့်လူသားလမ်းစဥ်ကိုလိုက်ပြီးမှ ရုတ်တရက် အရမ်းသန်မာလာခဲ့တယ်"

“....”

ခေါင်းရင်းထိုင်ခုံတွင် ထိုင်နေကြစဥ် လီမျိုးနွယ် ဘိုးဘေးသည် ၎င်းတို့၏ တတိယသားဖြစ်သူ၏ စကားအား ကြားရပြီးနောက် လေးလေးနက်နက်ဖြင့် အတွေးနယ်ချဲ့ထွင်ကြတော့သည်။

သွေးသန့်လူသားလမ်းစဥ်သည် စင်စစ်အားဖြင့်‌ သေခြင်းတရားမှလွဲ၍ မည်သည့်နေရာကိုမျှ ဆောင်ကြဥ်း မပေးနိုင်သော လမ်းဆုံးတစ်ခုဖြစ်ကြောင်း သက်သေပြပြီးဖြစ်သည်။ မည်သို့သောအကြောင်းများကြောင့် ပါရမီရှင်တစ်ယောက်ကဲ့သို့ သက်တူရွယ်တူပြိုင်ဘက်များအား ထူးဆန်းအံ့ဩဖွယ်ကောင်းစွာ ယှဥ်ပြိုင်အံတု ချေမှုန်းနိုင်ပါသနည်း။

ထို့အပြင် အဘယ့်ကြောင့် မြင့်မြတ်သော အပင်ကိုးကွယ်ရေးဂိုဏ်း၏တည်နေရာသည် လင်းဇီချန်အမည်ရှိ သွေးသန့်လူသားလမ်းစဥ်လိုက်သူ ပါရမီရှင်တစ်ဦးအတွက် အလွန် အရေးပါသနည်း။

သွေးသန့်လူသားလမ်းစဥ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထူးခြားဆက်နွယ်မှုများရှိနိုင်မည်လော။

သွေးသန့်လူသားလမ်းစဥ်အား ရှေ့လျှောက်တွင် ပိုမိုဂရုပြုစောင့်ကြည့်ရမည့် အနေအထားတွင်ဖြစ်သည်။

အလားတူစွာပင်၊ ရှန်ဟိုင်းတက္ကသိုလ်ရှိ နှစ်ရှည်လများ စွန့်ပစ်ထားသော သွေးသန့်လူသားလမ်းစဥ် သုတေသန အဖွဲ့အစည်းကိုလည်း ပြန်လည်စတင်ရန် လိုအပ်သည်။ ဤသို့ဖြင့် လီမျိုးနွယ် ဘိုးဘေးသည် တစ်ဦးတည်း တိတ်တဆိတ် အတွေးနယ်ချဲ့နေတော့သည်။

…

နန်ကျန်းရှိ ယွမ်မျိုးနွယ်။

ယွမ်သုန်ကျီက ဖခင်နှင့်အတူ ထိုင်နေစဥ်တွင် ဦးလေးဖြစ်သူ မျိုးနွယ်ခေါင်းဆောင်သည် လင်းဇီချန်၏အကြောင်းကို အခြား တစ်ဒါဇင်မျှသော အကြီးအကဲများနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိသည်။

လင်းဇီချန်၏ အထူးလေ့ကျင့်ရေးကာလအတွင်း စွမ်းဆောင်မှုနှင့် ဂမ္ဘီရသစ်ပင်ဂိုဏ်းတို့မှ သူ့အပေါ် ရူးသွပ်မှုတို့အကြောင်း ဆွေးနွေးစဥ်တွင် အာလုံးသည် အင်မတန် ပဟေဠိဖြစ်ခဲ့ကြသည်။

“သုန်ကျီရေ၊ ချွမ်ဝူတစ်ယောက် သွေးသန့်လူသားလမ်းစဥ်အကြောင်း အထူးပြုပြီး လေ့လာနေတာပဲ။ ပြီးတော့ မင်းကိုယ်တိုင်လည်း သူနဲ့အတူတူ နှစ်ပေါင်းများစွာ နေထိုင်လာတော့ သွေးသန့်လူသားလမ်းစဥ်နဲ့ ပတ်သက်ပြီး အများကြီးသိထားမှာပေါ့။ နောက်ပြီး ဒါတစ်ခုလုံးက လက်တွေ့မှမကျတာ။ ဆိုတော့ ဖြေပါဦး။ လင်းဇီချန်နဲ့ ပတ်သက်မှုကဘာလဲ။ ဘယ်လိုမျိုး အပေးအယူတွေရှိနေတာလဲ” ယွမ်မျိုးနွယ် ခေါင်းဆောင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ကျွန်မလည်း ဒါကို အလုံးစုံ ရှင်းရှင်းလင်းလင်း နားမလည်ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း စစ်ဆေးကြည့်ပြီးပြီ။ ထူးထူးခြားခြား ဘာမှမတွေ့ခဲ့ရပါဘူး”

“ကျွန်မထင်တာတော့ သွေးသန့်စင်ခြင်းကျင့်စဥ်နဲ့ အတူ သူ့ရဲ့လိုက်လျောညီထွေ သဟဇာတဖြစ်မှုက အင်မတန်အားကောင်းမြင့်မားလွန်းတာပဲ။ ဒါ့ကြောင့်လည်း လေ့ကျင့်ရေးမှာ သူ့ရလဒ်ဟာ သူ့အားစိုက်မှုရဲ့ နှစ်ဆဖြစ်သွားတာပေါ့”

“ဒါ့ကြောင့်ပဲ သွေးသန့်လူသားလမ်းစဥ်မှာ သူ့ရဲ့ အားကောင်းအစွမ်းထက်တဲ့ဘက်ခြမ်းကို ပြသနိုင်ခဲ့သလို ကျွန်မတို့နှစ်ရှည်လများရှိခဲ့တဲ့ ပုံစံခွက်ထဲက အမြင်ဟောင်းတွေကို ချိုးဖျက်ပစ်လိုက်နိုင်တာပဲ”

“.....”

ခေတ္တခဏမျှ ချင့်ချိန်စဥ်းစားပြီးနောက် ယွမ်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သူသည်က မေးခွန်းထုတ်သည်။

“ဒါဆို ဘာကြောင့် ဂမ္ဘီရသစ်ပင်ဂိုဏ်းက သူ့ကို ဘာလို့ အဲဒီလောက်တန်ဖိုးထားနေရတာလဲ”

ယွမ်သုန်ကျီလည်း “ကျွန်မသေချာမသိဘူး” ဟု ဦးခေါင်းကို အနည်းငယ် ခါယမ်းရင်း ဖြေကြားသည်။

စင်စစ်အားဖြင့် သူမ အသေအချာ ရေရေလည်လည် နားလည်ပါသည်။ သို့သော်လည်း မည်သည့်အကြောင်းနှင့်မျှ သူမ ဖွင့်ဟရှင်းပြမည်မဟုတ်ပေ။ ယုတ်စွအဆုံး သူမရင်းနှီးသော ဦးလေးဖြစ်သူကိုလည်းကောင်း၊ သို့မဟုတ် သူမ၏ ဖခင်ကိုလည်းကောင်း သူမပြောပြမည်မဟုတ်ပေ။

လင်းဇီချန်၏ လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းပေးရမည်မှာ သူမ၏ တာဝန်ဝတ္တရားတစ်ခုဟု ခံစားရကာ လင်းဇီချန်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းခြင်းသည် အဓိကသော့ချက်ဖြစ်ကြောင်းကိုလည်း သူမ သိနားလည်သည်။

သူမ လက်ခံယုံကြည်ထားသည်မှာ မျိုးနွယ်ခေါင်းဆောင်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းခြင်းထက် လင်းဇီချန်သို့သော ပါရမီရှင်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းခြင်းက တစ်ဆယ်ဆမက၊ တစ်ရာဆမကဘဲ အဆတစ်ရာ၊ အဆတစ်ထောင်အထိ အရေးကြီးသည်။

“သုန်ကျီ၊ မင်း ချွမ်ဝူနဲ့ လျှို့ဝှက်အဆက်အသွယ်ရှိနေတုန်းလား”

“ရံဖန်ရံခါပါပဲ”

“အဲ့လိုဆိုရင်၊ သူ့ကို အိမ်မှာ ထမင်းစားဖိတ်ဖို့ ဖိတ်ရအောင်။ နှလုံးသားချင်း စကားစမြည်ပြောကြည့်ရင်း စေ့စပ်နိုင်မလားကြည့်ကြတာပေါ့” ယွမ်မျိုးနွယ်စုခေါင်းဆောင်က အားတက်သရောပြောသည်။

“နောက်ဆုံးတော့ ပဋိပက္ခက မင်းတို့နှစ်ယောက်ကြားမှာ ရှိခဲ့တာမှမဟုတ်တာ၊ မင်းတို့ကွဲသွားရတာတော့ စိတ်မကောင်းစရာပါပဲ”

“တတ်နိုင်သလောက် စေ့စပ်ညှိနှိုင်းပေးပါ”

မျိုးနွယ်ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် သွေးသန့်လူသားလမ်းစဥ်သည် မည်သည့်နည်းနှင့်မျှ မရိုးရှင်းသည်ကို ခံစားမိသည်။ သို့မဟုတ်လျှင် ဂမ္ဘီရသစ်ပင်ဂိုဏ်းက လင်းဇီချန်းအား ဤမျှ တန်ဖိုးထားမည်မဟုတ်ပေ။

ယခုအချိန်သည် ရင်းနှီးမြှုပ်နှံရန် အချိန်ဖြစ်သည်။

သွေးသန့်လူသားလမ်းစဥ်အပေါ် ရင်းနှီးမြုပ်နှံခြင်းသည် ၎င်းကို အထူးပြုလေ့လာထားသော ချွမ်ဝူအား အနိုင်ရရန် ရည်ရွယ်သည်။

….

စက်နတ်ဘုရားအဖွဲ့အစည်း

ကျန်းခိုင်သည် လင်းဇီချန်အကြောင်းကို ထိပ်တန်းအမှုဆောင်အဖွဲ့ဝင်များအား ရှင်းပြနေသည်။

ထိပ်တန်းအမှုဆောင်အရာရှိတစ်ဦးသည် သူ့လက်တွင်ကိုင်ထားသော လင်းဇီချန်၏ အကြောင်း အချက်အလက်များကို ငုံ့ကြည့်ကာ နားထောင်နေခဲ့သည်။

အချက်အလက်များက ပြသနေသည်မှာ လင်းဇီချန်၏ သွေးမျိုးဆက်အဆင့်မှာ အခြေခံ အဆင့်(၈) တွင်သာရှိ၍ ၎င်းတွင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်း ရှိကြောင်း သိရသည်။ ဆန်းကြယ်သားရဲများနှင့်

သွေးမျိုးစပ်ခြင်းမရှိဘဲ ယခုကဲ့သို့ စွမ်းအင်များ ပိုင်ဆိုင်ထားခြင်းမှာ ငြင်းဖွယ်မရှိသော သူ၏ အရည်အချင်းဖြစ်သည်။

သို့သော် နန်ကျန်းပြည်နယ် စစ်ဒေသဌာနချုပ်တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော လျှို့ဝှက်အေးဂျင့်များကို သူနှင့်အတူ လိုက်ပါသွားစေသည်အထိ ဂမ္ဘီရသစ်ပင်ဂိုဏ်းက လင်းဇီချန်အပေါ် ဤမျှကြီးမားသောတန်ဖိုးကို မထားနိုင်သေးပါ။

တစ်ခုတည်းသော ရှင်းလင်းချက်မှာ သွေးသန့်လူသားလမ်းစဥ်တွင် လျှို့ဝှက်ချက်များရှိနေခြင်းဖြစ်သည်။

“လင်းဇီချန်ဖြစ်စေ၊ သွေးသန့်လူသားလမ်းစဥ်ဖြစ်စေ အနာဂတ်မှာ အနီးကပ် စောင့်ကြည့်မှုတွေ ထားထားရမယ်”

အုပ်စုခေါင်းဆောင်သည် လက်ထဲရှိ အချက်အလက်များအား ကြည့်ရှုကာ ရေရွတ်ပြောဆိုသည်။

…..

ကျီကျိုး၏စစ်ဌာနချုပ်

နားထင်မွှေးဖြူဖြူနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် သူ၏ အတွင်းရေးမှုး စုဆောင်းထားသည့် စာရွက်စာတမ်းများကို ရှာဖွေနေသည်။ စာရွက်စာတမ်းအားလုံးသည် လင်းဇီချန်၏ အကြောင်းဖြစ်သည်။

စာတမ်းများကို ဖတ်ပြီးနောက် ထိုသူက လေသံတိုးတိုးဖြင့်ပြောလိုက်၏။

“ကိုယ်ပိုင်ဂျက်လေယာဥ်ပြင်ထားပါ။ မနက်ဖြန်မင်းနဲ့အတူတူ ရှန်ဟိုင်းတက္ကသိုလ်ကို သွားမယ်”

“ဟုတ်ကဲ့၊ နားလည်ပါပြီ” အတွင်းရေးမှူးက ခေါင်းညိတ်လျက် ဖြေကြားသည်။

စကားပြောပြီးနောက် အတွင်းရေးမှူးသည် ကိုယ်ပိုင်ဂျက်လေယာဉ်ကို စီစဉ်ရန် ရုံးခန်းမှ လှည့်ထွက်ခဲ့သည်။

သက်လတ်ပိုင်း ထိုအမျိုးသားက မတ်တတ်ထရပ်၍ ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ရှန်ဟိုင်းတက္ကသိုလ်၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်သည်။

“သွေးသန့်လူသားလမ်းစဥ်တဲ့လား”

"ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းလိုက်လဲ..."

ဤအခိုက်အတန့်တွင် သူသည် သွေးသန့်လူသားလမ်းစဥ်ကို လျှောက်လှမ်းခဲ့သူ လင်းဇီချန်ကို စိတ်ဝင်စားမှုများနှင့် ပြည့်နှက်နေကာ ဤပါရမီရှင်သည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကို သိလိုခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် အနှစ်တစ်ထောင်ကျော်နေထိုင်ခဲ့ပြီးနောက် ဂမ္ဘီရသစ်ပင်ဂိုဏ်းသည် ပါရမီရှင်တစ်ဦးကို ဤမျှမြင့်မားစွာတန်ဖိုးထားသည်ကို မမြင်ဖူးသောကြောင့်ဖြစ်သည်။

…..

ရှန်ဟိုင်းမြို့အောက် အနက်မီတာ ၂၀,၀၀၀

ကျယ်ဝန်းသော မြေအောက်နန်းတော်အတွင်း ကလိုဗာအရွက်သုံးရွက်ဖြင့် မျက်နှာဖုံး ဝတ်ဆင်ထားသူတစ်ဦးသည် ကလိုဗာအရွက်လေးရွက်ဖြင့် မျက်နှာဖုံး ဝတ်ဆင်ထားသော လူတစ်ဦးထံ သတင်းပို့နေသည်။

“လူကြီးမင်း၊ အစီအစဥ် မအောင်မြင်ဘူး”

“ကျွန်တော်တို့ လင်းဇီချန်ကို ပြန်မခေါ်လာနိုင်ခဲ့ဘူး”

“နောက်ပြီးတော့ ကျွန်တော်တို့နဲ့ နှစ်ပေါင်းများစွာ ဆက်သွယ်ခဲ့တဲ့ နန်ကျန်းပြည်နယ် စစ်ဒေသဌာနချုပ်က လျှို့ဝှက်အေးဂျင့်တွေ အားလုံးနီးပါးကိုလည်း ဖော်ထုတ်ခံခဲ့ရပြီ”

“ပြီးတော့… နဝမမြောက်အကြီးအကဲလည်း သေပြီ”

“ငါသိခဲ့ရသလောက်တော့ ယွမ်သုန်ကျီရဲ့လက်ထဲမှာ သူသေသွားပုံရတယ်”

“.....”

ကလိုဗာအရွက်လေးရွက်ဖြင့် မျက်နှာဖုံး ဝတ်ဆင်ထားသော လူက တုန်လှုပ်ခြင်းမရှိဘဲ “ကောင်းပြီ၊ ငါနားလည်ပြီ” ဟု ပြောသည်။

စကားပြောပြီးနောက်၊ သူသည် သူ့ရှေ့မှ တည်ငြိမ်သော သွေးမျိုးဆက်စွမ်းအားပို့ဆောင်ရေးလမ်းကြောင်းကို ကြည့်ရှု၍ ပြောလိုက်သည်။

"အချိန်အတန်ကြာလို့ လမ်းကြောင်းပိုတည်ငြိမ်လာရင် အဆင့်မြင့်အဆင့်တ္တဝါတွေကို သယ်ဆောင်နိုင်ပြီ”

"ဒီကာလအတွင်း လင်းဇီချန်ကိုဖမ်းဆီးတာအပါအဝင် အခြားပြင်ပ လုပ်ဆောင်ချက်အားလုံးကို ရပ်ထားရမယ်”

"လောလောဆယ်မှာ သွေးမျိုးဆက်စွမ်းအားပို့ဆောင်ရေးလမ်းကြောင်း အဆင့်မြှင့်တင်ရေးကိုပဲ ငါတို့အားစိုက်ထားရမယ်”

“.....”

“ငါတို့ မကြာခင် အဆင့်မြင့် သတ္တဝါတွေကို သယ်သွားနိုင်တော့မှာလား”

“အဲဒါသိပ်ကောင်းတယ်”

“ကမ္ဘာမြေပေါ်မှာ အခြေစိုက်စခန်းတစ်ခု ထူထောင်ဖို့ဆိုတာ အချိန်တစ်ခုပဲ”

“ရှန်ဟိုင်းမြို့က ငါတို့ရဲ့ လက်ထဲ ရောက်နေပြီ”

“ဂမ္ဘီရသစ်ပင်ဂိုဏ်းက ထာဝရတည်ရှိလိမ့်မယ်”

ဤတဒင်္ဂတွင် မြေအောက်နန်းတော်အတွင်းတွင် ဂမ္ဘီရသစ်ပင်ဂိုဏ်းသားအားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ တက်ရောက်သူတိုင်းက ရဲရင့်စွာ ကျဆုံးခဲ့‌သော နဝမမြောက်အကြီးအကဲအတွက် ဝမ်းနည်ပူဆွေးခြင်းမဟုတ်ဘဲ သွေးမျိုးဆက်စွမ်းအားပို့ဆောင်ရေးလမ်းကြောင်း အဆင့်မြှင့်တင်ရေးအတွက် ဂုဏ်ပြုကြသည်။

…..

ထိုညတွင် လင်းဇီချန်ဟူသောအမည်သည် ဤသြဇာကြီးသောပုဂ္ဂိုလ်များ၏စိတ်ထဲတွင် နက်နဲစွာ စွဲထင်ကျန်ရစ်ခဲ့သည်။

ထိုအချိန်တွင် ရှန်ချင်းဟန်သည်မူ လင်းဇီချန်နောက်အား အမြဲလိုက်နေသော မထင်မရှားပုဂ္ဂိုလ်အဖြစ် ဆက်လက်ရှိနေခဲ့သည်။

အပိုင်း (၃၀၂) လိုက်ဖက်မှုမရှိတဲ့ သူရဲကောင်းအတွဲ အမှန်စင်စစ် ဖြစ်လာခြင်း

နောက်တစ်နေ့ မိုးလင်းတွင် လင်းဇီချန်သည် ကန့်လန့်ကာများအတွင်းမှ ထိုးဖောက်ဝင်ရောက်လာသော အလင်းရောင်မှိန်ဖျော့ဖျော့က သူ့အား အချိန်မီ နိုးထလာစေခဲ့သောကြောင့် အနည်းငယ် ထိုင်းမှိုင်းနေသည်။

သူ၏မျက်လုံးကို ဖွင့်လိုက်ရာ ကနဦးက လက်မောင်းပေါ်တွင် အိပ်ပျော်နေရာမှ အခုသူ့ကိုယ်ပေါ်တွင် အိပ်ပျော်နေသော ရှန်ချင်းဟန်ကို တွေ့လိုက်ရသည်။

သူမ၏ခေါင်းသည် သူ့ရင်ခွင်ပေါ်တွင် မှေးဆက်နေလေသည်။ သူမ၏ လက်မှာ သူ့လက်နားတွင်၊ သူမ၏ သွယ်လျသောခြေထောက်များက သူ၏ခါးတွင်နွယ်လျက်ရှိသည်။

သူမ၏ တစ်ကိုယ်လုံးနီးပါးကား သူ၏ကိုယ်ပေါ်တွင် လဲလျောင်းနေသယောင်ပင်ဖြစ်၏။

အိပ်နေသည့် အနေအထားက သက်တောင့်သက်သာဖြစ်မနေသော်လည်း ဆွဲဆောင်မှုရှိသည်မှာ အမှန်ပင်ဖြစ်သည်။

“သူက ငါ့ကို ခေါင်းအုံးလိုကို သုံးနေတာ” ရယ်လျက်ပြောကာ ရှန်ချင်းဟန်ကို နိုးမသွားစေဘဲ သူမ၏ လက်များ ခြေထောက်များကို ဖယ်ပေးရန်ကြိုးစားသည်။

သို့သော်လည်း ရှန်ချင်းဟန်သည် အိပ်မောကျနေခြင်းမျိုးမဟုတ်သောကြောင့် တစ်ချက်အထိတွင်ပင် ယုန်သူငယ်လေးတစ်ကောင်အသွင် တုန်လှုပ်ထိတ်လန့်သွားသည်။ ထို့နောက် သူမက မျက်လုံးကိုပင်မဖွင့်ဘဲ စိုးရိမ်သောကနှင့် ကြောက်လန့်တကြား အော်လိုက်သည်။

“မသွားနဲ့ ရှောင်ချန် မသွားပါနဲ့”

သူမသည် လင်းဇီချန်ကို လွှတ်မပေးဘဲ တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။

လင်းဇီချန်သည်လည်း ဤမိန်းမဆိုးလေးသည် အိပ်မက်ဆိုးများမက်နေသည်ဟု ထင်မှတ်သောကြောင့် သူမပုခုံးကို ငြင်သာစွာ ပွတ်သပ်ကာ နူးညံ့သိမ်မွေ့စွာပြောလိုက်သည်။

“ကိုယ် ဒီမှာ၊ ဘယ်မှမသွားဘူး”

“.....”

ရှန်ချင်းဟန်သည် ထိုစကားကိုကြားပြီးနောက် မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်ကာ လင်းဇီချန်ကိုမြင်သည်နှင့် သူမ စိတ်သက်သာရာရသွားလေသည်။သူမက အချိန်ခဏယူကာ လင်းဇီချန်၏မျက်လုံးများကိုကြည့်လျက် ကြောက်ရွံ့ထိတ်လန့်စွာပြောလိုက်သည်။

“နင့်ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းက ပြန်ပေးဆွဲသွားပြီလို့ အိပ်မက်မက်တာ… ကြောက်တယ်ဇီချန်”

“အဲဒီလောက်လည်းမဟုတ်ပါဘူး၊ ပြန်ပေးပဲဆွဲခံရတာပဲ၊ သေသွားတာမှ မဟုတ်တာ၊ သေချာ‌‌ပေါက် နောက်တစ်ချိန်ပြန်တွေ့မှာပေါ့၊ ဒီလိုကြေကွဲဖို့မှမလိုတာ”

ရှန်ချင်းဟန်သည် နှုတ်ခမ်းကို ခပ်ဖွဖွစူကာ‌ ကြေကွဲစွာပြောလိုက်သည်။

“နင့်ကို သူတို့ခေါ်သွားရင် ငါတို့ နောက်တစ်ကြိမ် ပြန်ဆုံတွေ့ဖို့ အချိန်တော်တော်ကြာလိမ့်မယ်၊ ငါ နင်နဲ့ တစ်ရက်တောင် မခွဲချင်ဘူး…”

“ဒါဆို တစ်ရက်မှ မခွဲဘဲ နေရအောင်” လင်းဇီချန်သည် ရှန်ချင်းဟန်၏ ပါးပြင်လေးကို နူးနူးညံ့ညံ့ ပွတ်သပ်ကာ ပြောလိုက်သည်။

“တစ်ရက်မှ ခွဲမသွားဘူး”ဟု သူပြောခဲ့သော်လည်း လက်တွေ့မကျသည်ကို သူကောင်းစွာသိလျက်ဖြင့် ရှန်ချင်းဟန်အား နှစ်သိမ့်ရန်အတွက်သာ ပြောခဲ့ခြင်းဖြစ်သည်။

ရှန်ချင်းဟန်က သူ့လက်ကို ကိုင်ထားသည်။

"အခု နင်ကဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ ပစ်မှတ်ဖြစ်နေပြီ၊ နောက်ဆိုသတိထားမှရမယ်။ ပြင်ပ တိုက်ခိုက်ရေးလေ့ကျင့်မှုတွေနဲ့ ကျောင်းပြင်ပ မစ်ရှင်တွေလို အရာတွေကို နင်ရှောင်နိုင်ရင် ရှောင်ပါ”

“ကောင်းပြီ၊ ငါဘာကိုမှ ပါဝင်မှာ မဟုတ်ဘူး”

ရှန်ချင်းဟန်က သက်ပြင်းချလိုက်သည်။

“ပါရမီရှင်တစ်ယောက်ဖြစ်ရတာ အံ့သြဖို့ကောင်းတယ်လို့ ငါထင်ခဲ့ပေမဲ့ တစ်ယောက်ဖြစ်ပြီးနောက်မှသိရတာက ဒါဟာ ဘာမှမဟုတ်ဘူးပဲ။ ပါရမီရှင်တစ်ယောက်ဖြစ်တာဟာ ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ ပစ်မှတ်ထားခံရဖို့ပဲလို့တွေးကြည့်ရင် ပါရမီရှင်မဖြစ်တာက ပိုကောင်းပါတယ်။ ငါ့မိဘတွေလို ကျောင်းမှာ နေ့တိုင်း စာသင်ပေးပြီး အလုပ်ပြီးရင် အိမ်မှာ စာအုပ်ဖတ်ရတာ ပိုကောင်းပါတယ်”

“.....”

“သာမန်လူတစ်ယောက်ဖြစ်ရတာကောင်းပါတယ်၊ ဒါပေမယ့် လုံခြုံတဲ့ ပတ်ဝန်းကျင်တို့ဖြစ်ရမှာပေါ့၊ တစ်ရက်မှာများ ပတ်ဝန်းကျင်တစ်ခုလုံး ကြမ်းတမ်းခက်ထန်နေမယ်၊ ဆန်းကြယ်သားရဲတွေလည်း နေရာအနှံ့ဖြစ်နေမယ်ဆိုရင်တော့ သာမန်လူတစ်ယောက်ရှင်သန်ဖို့ ခက်ခဲတာပေါ့”

“ဆန်းကြယ်သားရဲတွေ နေရာအနှံ့ဖြစ်နေမယ်၊ အဲတာမဖြစ်နိုင်ဘူးမလား”

“မဖြစ်နိုင်တာ မဟုတ်ဘူး၊ တစ်နေ့မှာ သေချာပေါက်ဖြစ်လာမယ့်ဟာပဲ” လင်းဇီချန်က သူ၏ အဆိုးမြင်ဝါဒကိုဖော်ပြရာ ရှန်ချင်းဟန်က “ဘယ်လိုလုပ်ပြီးဖြစ်လာမှာလဲ” ဟူ၍ မျက်မှောင်ကြုတ်ကာ တွေးတောနေသည်။

လင်းဇီချန်သည် အထွေအထူးရှင်းမပြတော့ပေ။

“အခု ကမ္ဘာမြေပြင်ပေါ်မှာ ငြိမ်သက်နေပုံရပေမယ့် ရေလှိုင်းတွေက ဝေ့ဝဲနေပါတယ်။ ကြောက်စရာကောင်းတဲ့ ဆန်းကြယ်သားရဲဘေးဆိုးကြီး ပေါက်ကွဲတော့မယ်ဆိုတာ ဘယ်သူသိလဲ။ အရပ်သားတွေ သေကြေပျက်စီးခဲ့ရတဲ့ ဆာခူရာပင်လယ်နိုင်ငံအကြောင်း ကလေးတွေက သတင်းတွေထဲမှာ တွေ့ခဲ့ရသလိုပါပဲ။ ဒီတော့ သာမန်လူတစ်ယောက်ဖြစ်ဖို့ စိတ်ကူးတာ ဘယ်လောက်ကောင်းလိုက်လဲ၊ စိတ်မကူးရင် ပိုကောင်းပါတယ်။ အဆိုးဆုံးအတွက် ငါတို့တွေ ကြိုတင်ပြင်ဆင်ထားရမယ်။ သဘာဝဘေးအန္တရာယ်မကျရောက်မီ၊ ငါတို့ တတ်နိုင်သမျှ ဖွံ့ဖြိုးတိုးတက်ဖို့၊ ခွန်အားကို မြှင့်တင်ဖို့နဲ့ မိမိကိုယ်ကိုအပါအဝင်မိသားစုကို ကာကွယ်နိုင်စွမ်းရှိရဖို့ ကြိုးပမ်းရမယ်”

“.....”

လင်းဇီချန်၏စကားကိုကြားပြီးနောက် ရှန်ချင်းဟန်၏အမူအရာက လေးနက်လာသည်။

“ကောင်းပြီလေ၊ နားလည်ပါပြီ။ နည်းနည်းလေးတောင် မလျှော့ဘဲ အခုကနေစပြီး တိုးတက်အောင် ကြိုးစားသွားမှာပါ”

မိန်းမဆိုးလေးက ရုတ်တရက်တည်ငြိမ်သွားသောကြောင့် လင်းဇီချန်က ပြောလိုက်သည်။

“မင်းအရမ်းစိုးရိမ်နေစရာမလိုပါဘူး။ ငါပြောခဲ့တာတွေဟာ ငါ့ရဲ့ကိုယ်ပိုင်ထင်မြင်ချက်တွေချည်းပဲ၊ သေချာပေါက် တိကျမှာမဟုတ်ဘူး”

ရှန်ချင်းဟန်က တည်ငြိမ်လေးနက်စွာဖြင့်ပြောလိုက်သည်။

“အဲ့တာတွေက တိကျလိမ့်မယ်။ ငါနင့်ကို ယုံတယ်”

လင်းဇီချန်ကဆွံ့အသွားသည်။

“စကားကို သတိထားပြီးမှပြောပါ။ ဒီလိုအရာတွေက အမှန်အတိုင်းမဟုတ်ရင် အကောင်းဆုံးပါပဲ”

ထိုစကားကိုကြားသောအခါ ရှန်ချင်းဟန်သည် သူမစကားမှားကြောင်း ရုတ်တရက်သိလိုက်ကာ ချက်ချင်းပင် သူမ၏ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။

“အဲ့တာတွေကမတိကျဘူး။မယုံဘူး”

“မင်းက အရမ်းရယ်ရတာပါလား”

လင်းဇီချန်က ရယ်မောကာ ဤမိန်းမဆိုးလေးကို ချစ်စဖွယ်မိန်းကလေးအဖြစ်မြင်မိသည်။

ထိုအချိန်တွင် ရှန်ချင်းဟန်က ပြော၏။

“ရှောင်ချန်၊ နင် ဒီလောက်စွမ်းတဲ့ ပါရမီရှင်တစ်ယောက်ဆိုတော့ အန်တီရှင်း မွေးတော့မယ့် ကလေးက နင့်လို ပါရမီရှင်ဖြစ်မယ်ထို့ ထင်လား”

ထိုမေးခွန်းကြောင့် လင်းဇီချန်သည် အံ့အားသင့်သွားကာ မည်သို့ဖြေရမည်ကို မသိဘဲ ခေတ္တမျှ တွေဝေနေ၍ သူ့စွမ်းအားများသည် သူ့မိဘများ လက်ဆင့်ကမ်းထားခဲ့ခြင်းလားဟု တွေးမိသည်။

သို့သော် ဖြစ်နိုင်ခြေမရှိပေ။

ဤသို့ မဟုတ်ပါက ညီလေးဖြစ်စေ ညီမလေးဖြစ်စေ၊ မမွေးသေးသော သူ၏မွေးချင်းများသည် သူ၏ စွမ်းအားကို စိန်ခေါ်နေပေလိမ့်မည်။ သို့သော်လည်း အရေးမကြီးလှပေ။

ကလေးလေးသည် စွမ်းအားရှိသော အစ်ကိုကြီးနှင့် မရီးထံတွင် ကြီးပြင်းလာမည်ဖြစ်ရာ ဆင့်ကဲပြောင်းလဲခြင်း အရင်းအမြစ်များစွာဖြင့် ကလေးတစ်ယောက်ကို ပျိုးထောင်နိုင်မည်မှာ သေချာသည်။ အစာရှိပါက ဝက်တစ်ကောင်ပင်လျှင် နတ်ဘုရားအဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်သည်။

ဤသည်ကိုတွေးတောနေလျက် လင်းဇီချန်က ပြန်ဖြေလိုက်၏။

“သူတို့လည်း ပါရမီရှင်ဖြစ်သင့်တာပေါ့”

အပိုင်း (၃၀၃) လိုက်ဖက်မှုမရှိတဲ့ သူရဲကောင်းစုံတွဲ အမှန်စင်စစ် ဖြစ်လာခြင်း (၂)

“ငါလည်း အဲ့လိုပဲ ခံစားရတယ်”

“မနေ့ညက ငါ့ခြေထောက်တွေကို နင်နွေးအောင်လုပ်ပေးထားတာ အပြန်အလှန်အနေနဲ့ နင့်ကိုငါ ပြန်နွေးအောင်လုပ်ပေးမယ်”

သူမစကားမဆုံးခင်၌ပင် သူမက စောင်ကို လွှမ်းခြုံထားသော လင်းဇီချန်ကို ပိုမိုကျွမ်းကျင်သောနည်းများဖြင့် စတင်နွေးထွေးစေခဲ့သည်။ သူမ၏ စေ့စေ့စပ်စပ် ဂရုစိုက်မှုများကြောင့် လင်းဇီချန်က မျက်လုံးများကို မှိတ်ထားလိုက်ကာ မကြာမီတွင် သူ့မျက်နှာ၌ ပျော်ရွှင်မှုများ ဖြာထွက်လာသည်။

…..

နာရီဝက်ကျော်ခန့်ကြာသွားသည်။

ပြတင်းပေါက်အပြင်ဘက်ရှိ မိုးကောင်းကင်တစ်ခုလုံးကား တောက်ပဆဲပင်ဖြစ်သည်။ အချိန်တန်နေပြီကိုမြင်သောကြောင့် လင်းဇီချန်သည် ရှန်ချင်းဟန်နှင့်အတူ အိပ်ယာမှထကာ ရေချိုးပြီးနောက် ဧည့်ခန်းသို့ နံနက်စာစားရန် သွားခဲ့သည်။ ကျန်းဝမ်ရှင်းမှ စောစောပြင်ဆင်ထားသော နံနက်စာသည် ပဲနို့၊ ကြက်ဥ၊ ယာဂု၊ ပေါင်မုန့်၊ ဝက်အူချောင်းကင် နှင့် အခြားအရာများနှင့်အတူ ပဲနို့သုပ်ဖြင့် ဖွယ်ဖွယ်ရာရာရှိသည်။

ကလေးနှစ်ယောက်သည် မကြာခဏ လေ့ကျင့်ခန်းလုပ်သောကြောင့် စွမ်းအင်များ လောင်ကျွမ်းသည်ကို သိထားသောကြောင့် အားဖြည့်ရန် အစားများများစားရန်လိုကြောင်း သူမနားလည်သည်။ ထို့ကြောင့် ကလေးနှစ်ယောက် ဆာလောင်မည်ကို စိုးရိမ်သောကြောင့် တစ်နေ့လျှင် ထမင်း ၃ နပ်ကို ပိုပိုလျှံလျှံပြင်ဆင်ထားတတ်သည်။

“ဒီမှာ၊ အန်တီရှင်းရဲ့ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ ပဲနို့ကို စမ်းသောက်ကြည့်ပါဦး”

ကျန်းဝမ်ရှင်းသည် ဖန်ခွက်ကိုယူ၍ လတ်ဆတ်သော အဝါရောင်ရှိသည့် ပဲနို့ရည်အပြည့်ကို သောက်ကာ ရှန်ချင်းဟန်အား ပြုံးပြလိုက်သည်။

ရှင်ချင်းဟန်သည်လည်း ပဲနို့ကိုယူကာ သောက်လိုက်သည်။ ပဲနို့အရသာသည် အလွန်ချိုသောကြောင့် နှလုံးသားထဲ အနည်းငယ် တုန်ယင်သွားကာ အနည်းငယ်ညစ်ထေးသော အတွေးတချို့ကို တွေးလိုက်မိသည်။

မနက်စာစားပြီးမကြာခင်၌ပင် ရှင်ချင်းဟန်သည် မိဘများကို အဖော်ပြုရန် အိမ်သို့ပြန်သွားလိုက်သည်။

ရှင်ချင်းဟန် ပြန်သွားပြီးမကြာမီ၌ပင် လင်းဇီချန် မှာယူထားသော ကြွက်သားကို အကြီးတန်း ကျောင်းသူတစ်ဦးမှ ယူဆောင်၍ လာပို့ပေးသည်။ ဤအကြီးတန်းကျောင်းသူက ဆောင်းရာသီပိတ်ရက်တွင် အိမ်မပြန်ဘဲ ကျောင်းတွင်နေမည့်အစား အချိန်ပိုင်းလုပ်ရန် ရွေးချယ်ခဲ့သည်။

ကျန်းဝမ်ရှင်းသည် ပို့ဆောင်ပေးသူမှာ ကျောင်းသူဖြစ်နေ၍ ကြင်နာစွာပြုံးကာမေးလိုက်သည်။

“မနက်စာစားပြီးပြီလား”

“မစားရသေးဘူးရှင့်” ဟုကျောင်းသူက ပြန်ဖြေသောကြောင့် ကျန်းဝမ်ရှင်းက သူမကို ကြက်ဥ၊ ပေါင်မုန့်

ပဲနို့နှင့် ဝက်အူချောင်းကင်အချို့ကို နွေးထွေးစွာ ပေးခဲ့သည်။ ကျောင်းသူလေးက လက်မခံခင် ကျေးဇူးတင်ကြောင်းပြောလိုက်သည်။

လင်းဇီချန်သည် “ကျန်းဝမ်ရှင်း” ကဲ့သို့ ဧည့်ဝတ်မကျေပေ။

ပေးပို့ခြင်းကိုအတည်ပြုရန်အတွက် သူလက်မှတ်ထိုးပြီးသည်နှင့် ကြွက်သား၏အသွင်အပြင်ကို စစ်ဆေးရန် အထုပ်ကို ယူဆောင်လာခဲ့သည်။ တစ်ချက်ကြည့်လိုက်ရာ အသားမှာ နူးညံ့ပြီး သာမန်ဝက်သား၊ အမဲသား ဒါမှမဟုတ် သိုးသားနှင့် အများကြီး မကွာခြားဟု ခံစားရသည်။ ရုတ်တရက် လင်းဇီချန် အကြံတစ်ခုရခဲ့သည်မှာ အငမ်းမရ ဖျက်ဆီးဝါးမြိုစားသောက်ခြင်းဖြစ်သည်။

[ကြွက်သားစွမ်းအားတိုးတက်မှု- ၁%]

မျိုချပြီးနောက် လင်းဇီချန်သည် အခြားလုပ်စရာမရှိသည့်အတွက် သွေးသန့်စင်ခြင်းကျင့်စဥ်ကို လေ့ကျင့်ရန် အပေါ်ထပ်သို့တက်သွားသည်။ ရှန်ချင်းဟန်သည် သူ့အိမ်သို့ တစ်ဖန်ပြန်ရောက်လာသောအခါတွင်လည်း သူသည် သူမနှင့်အတူ ခဏမျှသာ ထိုင်နေခဲ့သည်။ သူ့နေရာတွင် သူတစ်ဦးတည်းထိုင်နေရသည်ကို ပျင်းရိလာသောကြောင့် သူ၏ ရဲရင့်သော မိန်းမဆိုးလေးသည် သွေးသန့်စင်ခြင်းကျင့်စဥ်ကို လေ့ကျင့်ရန် အပေါ်ထပ်ကို ရောက်လာခဲ့သည်။

လူငယ်တစ်ဦးနှင့် အပျိုစင်စုံတွဲလေးသည် တစ်ခန်းတည်းတွင် သွေးသန့်စင်ခြင်းကျင့်စဥ်လေ့ကျင့်ခဲ့ကြသည်။

ချွေးများ ပြိုက်ပြိုက်ကျသည်အထိ တစ်မနက်ခင်းလုံး လေ့ကျင့်ကြသည်။ ထို့နောက် လင်းဇီချန်သည် ခန္ဓာကိုယ် သန့်စင်ခြင်းဆိုင်ရာ တိုးတက်မှုဘားကို စစ်ဆေးခဲ့ရာ အချက်အလက်မှာ အောက်ပါအတိုင်းဖြစ်သည် ။

[စတုတ္ထအဆင့် အရေပြားသန့်စင်ခြင်း - ၁၀၀%]

[စတုတ္ထအဆင့် အသားသန့်စင်ခြင်း - ၄၁%]

[စတုတ္ထအဆင့် အရိုးသန့်စင်ခြင်း - ၀%]

အသားသန့်စင်ခြင်း (စတုတ္ထအဆင့်) ၏တိုးတက်မှုသည် လမ်းတစ်ဝက်နီးပါး ပြီးမြောက်ခဲ့သည်။

ထိရောက်မှုမှာ အထူးမြင့်မားသည်။

ဤစွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်သရွေ့ ကျောင်းမစတင်မီ စတုတ္ထအဆင့် ခန္ဓာကိုယ်ကို ပြန်လည်သန့်စင်ခြင်းသို့ ရောက်ရှိခြင်းသည် ပြဿနာမဟုတ်ပေ။ သူ့ကိုယ်ခန္ဓာ သန့်စင်ခြင်းဆိုင်ရာ တိုးတက်မှုအဆင့်ကို ပြန်လည်သုံးသပ်ပြီးနောက်၊ လင်းဇီချန်သည် ရှန်ချင်းဟန် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“လာပါ၊ မင်းရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရအောင်၊ မင်းရဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း တိုးတက်မှု ဘယ်လောက်အထိ ရှိနေပြီလဲ”

ရှန်ချင်းဟန်တွင် စနစ်မရှိသောကြောင့် လင်းဇီချန် ကဲ့သို့ တိုးတက်မှုအဆင့်များကို သူမ မမြင်နိုင်ပေ။ သူမ၏ ကိုယ်ခန္ဓာ သန့်စင်ခြင်း တိုးတက်မှုကို သူမ သိလိုပါက သူမသည် အထိအတွေ့ကို အားကိုးရပေမည်။ ဝိညာဉ်ရေးစွမ်းအားဖြင့် စကင်န်ဖတ်ခြင်းသည်လည်း ရွေးချယ်စရာတစ်ခုဖြစ်သော်လည်း သူမ၏ ဝိညာဉ်ရေးစွမ်းအားသည် လင်းဇီချန်ကဲ့သို့ မလုံလောက်ပေ။

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းဇီချန် သည် ရှန်ချင်းဟန်၏ ခန္ဓာကိုယ်အနှံ့ကို ခံစားကြည့်ခဲ့ရပြီး သူမ၏ ခန္ဓာကိုယ် သန့်စင်မှု တိုးတက်မှုကို အကြမ်းဖျင်း အကဲဖြတ်ခဲ့သည်။ တိုးတက်မှုကား အံ့ဩစရာပင်။ သူမသည် ဒုတိယအဆင့် အရိုးအပူချိန် နီးပါးတွင် ရှိနေသည်။

တစ်ချိန်တည်းမှာပင်၊ သူမ၏ဇီဝဗေဒအဆင့်သည် သာမန်သတ္တမအဆင့် ဆင့်ကဲဖြစ်စဉ်ဆီသို့ သိမ်မွေ့စွာ လမ်းကြောင်းပြောင်းနေသည်ကို လင်ဇီချန်သိရှိသောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သွေးသန့်စင်ခြင်းကျင့်စဥ်တွင် ရှန်ချင်းဟန်၏ စွမ်းဆောင်ရည်မှာ မြင့်မားလွန်းသည်။ သူမသည် ရက်ပေါင်းများစွာ မလေ့ကျင့်ခဲ့ရသကဲ့သို့ ခံစားခဲ့ရသော်လည်း မယုံနိုင်လောက်အောင် မြန်ဆန်စွာ ဒုတိယအဆင့် ခန္ဓာကိုယ် သန့်စင်မှု ပြီးစီးရန် နီးကပ်နေပြီဖြစ်သည်။ ဤနှုန်းအတိုင်းသာ သူမ အင်အားကြီးလာပါက သူမသည် သူနှင့် အတူယှဥ်တွဲနိုင်သော တွဲဘက်တစ်ဦးအဖြစ် မကြာမီပင် သိလာကြတော့မည်။

“ရှောင်ချန်၊ ခန္ဓာကိုယ် သန့်စင်ခြင်းနဲ့ ငါ့ရဲ့တိုးတက်မှုက ဘယ်လိုလဲ”

လင်းဇီချန်သည် ရပ်တန့်ပြီး လက်မလွှဲတော့ရာ ရှန်းချန်ဟန်က မျှော်လင့်တကြီး မေးလိုက်သည်။

ထို့နောက် လင်းဇီချန်သည်

“မင်းဟာ ဒုတိယအဆင့် အရိုးအပူချိန်နဲ့ နီးနေပြီ” ဟူ၍ တည်ငြိမ်စွာ ပြန်ဖြေခဲ့သည်။

“အဲဒီလောက်တောင် တိုးတက်လာတာလား” ဟု ရှန်ချင်းဟန်က အံ့သြတကြီးမေးသည်။

ရှန်ချင်းဟန် အံ့သြသွားသည်။ ဤကဲ့သို့သော တိုးတက်မှုကို သူမ မမျှော်လင့်ထားပါ။

လင်းဇီချန်သည် မြေပြင်ပေါ်တွင် မတ်တပ်ပြန်ရပ်လိုက်ပြီး

“နေ့လည်စာစားချိန်နီးနေပြီ၊ သွေးလှုံ့ဆော်ခြင်းဗျူဟာကို လေ့ကျင့်နေတဲ့အတွက် ချွေးစေးတွေလည်းထွက်ကုန်ပြီ။ အိမ်ပြန်၊ ရေချိုးပြီး တစ်ခုခုစား”

“ကောင်းပြီ၊ ငါ အခု သွားတော့မယ်”

ရှန်ချင်းဟန်သည် ကြမ်းပြင်မှထကာ အခန်း၏ထွက်ပေါက်ဆီသို့ လှမ်းပြောသည်။

အခန်းထဲက ထွက်ခါနီးမှာပင် ရပ်လိုက်ပြီး လင်းဇီချန်ကို ပြန်ကြည့်၍ ပြော၏။

“မေ့တော့မလို့၊ အမေက မင်းကို နေ့လယ်စာစားဖို့ ဖိတ်တယ်။ မင်းအတွက် အရသာရှိတာတွေ အများကြီး ချက်ပေးမယ်လို့ ပြောတယ်”

“ကောင်းပြီ ငါရေချိုးပြီးရင် လာခဲ့မယ်”

လင်းဇီချန်သည် ဗီရိုထဲမှ အဝတ်အစားများကိုယူကာ ခန်းမတစ်ဖက်ရှိ ရေချိုးခန်းဆီသို့ ဦးတည်သွားခဲ့သည်။ လင်းဇီချန် သည် သူ့အိမ်ကို ရှန်ချင်းဟန်အား အမြဲတမ်း မဖိတ်ခေါ်နိုင်ခြင်းကို ကောင်းကောင်းသိသည်။ သူ့ယောက္ခမများရှိရာ သူမ၏အိမ်ကိုလည်း သူလည်ပတ်သင့်သည်။ မိသားစု နှစ်ခု ရင်းနှီးပြီး ပေါင်းသင်းဆက်ဆံကြသောကြောင့် များသောအားဖြင့် ထိုသို့သော ကိစ္စအသေးအဖွဲများကို အာရုံမစိုက်ကြပေ။ သို့သော်လည်း ၎င်းမှာ အချိန်တိုအတွင်းအတွက်သာ လက်ခံနိုင်သည်။ ရေရှည်တွင် အချိန်တိုင်း ကြုံလာရပါက မူလက စိတ်မ၀င်စားသောသူများပင် အာရုံစိုက်မိနိုင်ပြီး စိတ်ခုလာနိုင်ကာ နောက်ဆုံးတွင် ဆုံးရှုံးမှုများဖြစ်လာနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် လူမှုရေးဆိုင်ရာ ပွဲအခမ်းအနားများကို တက်ရောက်ရမည်။

…..

မွန်းတည့်ချိန်အနည်းငယ်အလွန်တွင် ရေချိုးခန်းထဲမှ လန်းဆန်းတက်ကြွစွာထွက်လာသော လင်းဇီချန်သည် ဖိနပ်တစ်ရံစီး၍ နေ့လည်စာစားရန် ရှန်ချင်းဟန်၏အိမ်သို့သွားသည်။ စားသောက်ပွဲကား ဝိညာဉ်အသီးများ၊ ဆန်းကြယ်သားရဲအသားများဖြင့် ခမ်းနားသည်။ ၎င်းတို့မှာ ဝယ်ထားခြင်းမျိုးမဟုတ်ဘဲ ကျောင်းမှထောက်ပံ့ပေးထားခြင်းဖြစ်သည်။ ဤသည်မှာ စင်စစ်အားဖြင့် ပြည်နယ် ထိပ်တန်း ပညာရှင်ဖြစ်သော ရှန်ချင်းဟန်၏ အခွင့်ထူးတစ်ခု ဖြစ်သည်။

All Chapters