ဖော်ထုတ်ခံလိုက်ရသော သရုပ်မှန်
Vol. 44 Ch. 647
ကျိုးဟောင်မှာ စွမ်းအင်အရင်းအမြစ်ကို ရလိုက်တဲ့အချိန်တွင် သူ့ကိုယ်ခန္ဓာထဲမှာ ခွန်အားအပြည့် ရလာသလို ခံစားလိုက်ရသည်။
စွမ်းအင်အရင်းအမြစ်ကို အာကာသယာဉ်ပေါ် အမြန်ဆုံးသွားထားတာ အကောင်းဆုံးပဲလို့ သူဆုံးဖြတ်လိုက်သည်။
ထိုသို့တွေးပြီး ကျိုးဟောင်မှာ စွမ်းအင်အရင်းအမြစ်ကို သူ့ကိုယ်ပေါ်မှာ ချက်ချင်းဖွက်လိုက်ပြီးနောက် ဂျယ်လီဖြူကိုကြည့်ပြီးပြောလိုက်သည်။
"ကောင်းပြီ ကျွန်တော်တို့ အခုသွားလို့ရပြီ"
ဂျယ်လီဖြူက ခေါင်းညိတ်ပြီး ကျိုးဟောင်၏ အငွေ့အသက်ကို ချက်ချင်းပြောင်းလဲပေးလိုက်သည်။ ခဏချင်းအတွင်းမှာပဲ ဂျယ်လီဖြူသည် ကျိုးဟောင်နှင့် ဖားကိုချိပ်ပိတ်ထားသောနေရာမှ အပြင်သို့ခေါ်ထုတ်သွားခဲ့သည်။
အပြင်ရောက်တာနဲ့ ကျိုးဟောင်သည် ပတ်ဝန်းကျင်လေဟာနယ် ပိုမိုကျယ်လာတာကို ချက်ချင်းခံစားမိလိုက်သည်။
သူပြုံးပြီး လက်ကို ဆန့်လိုက်ကာသက်ပြင်းချလိုက်သည်။
"ငါတော့ အပြင်လောကနဲ့ ပိုအသားကျတယ် လေက ပိုလတ်ဆတ်တယ်"
ကျိုးဟောင် ထွက်သွားဖို့ ပြင်ဆင်လိုက်တုန်းမှာ ရုတ်တရက် သူ့နောက်မှ တစ်စုံတစ်ယောက်၏ ခေါ်လိုက်သံကို ကြားလိုက်သည်။
ကျိုးဟောင် လှည့်ကြည့်လိုက်တော့ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးမှာ သူ့ဆီကို ယှဉ်တွဲလမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။
"မင်းက အကြီးအကဲကျိရဲ့ လက်အောက်ငယ်သား ကျိုးဟောင် မဟုတ်လား"
အမျိုးသားက ပြုံးပြီး လျှောက်လာသည်။ ကျိုးဟောင်ကို မြင်တာနဲ့ ချက်ချင်းပဲ လက်ဆန့်တန်းပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လာသည်။
"ငါ့နာမည်က ကျိုးရိထုံပါ ဒီတစ်ယောက်ကတော့ ကျောက်မုန့်ရွှယ်ပါ ငါတို့လည်း အကြီးအကဲကျိရဲ့ လက်အောက်ငယ်သားတွေပါ မင်းကို အရင်က မြင်ဖူးတယ်"
ကျိုးရိထုံ သူ့ကိုယ်သူ မိတ်ဆက်တာကိုကြားတော့ ကျိုးဟောင်က မျက်လုံးများအားမှေးလိုက်ပြီး အကြီးအကဲကျိရဲ့ လက်အောက်ငယ်သားဟုဆိုလာသည့် ကျိုးရိထုံအား အကဲခတ်လိုက်သည်။
သူသည် အကြီးအကဲကျိရဲ့ လက်အောက်မှလူအားလုံးကို ကောင်းကောင်းသိပေသည်။
သူ့ရှေ့ကလူသည် အစစ်အမှန်မဟုတ်ဘဲ အယောင်ဆောင် ဖြစ်နိုင်ပေသည်။
ဒီလူတွေက ဘာဖြစ်လို့ ရုတ်တရက် ဒီကိုရောက်လာပြီး သူ့နဲ့တွေ့ကြတာလဲ။ ဘာဖြစ်လို့ သူ့ကို ဦးဆုံးစကားစပြောရတာလဲ။
သူတို့လည်း စွမ်းအင်အရင်းအမြစ်ကို လာယူတာလား။
သံသယရှိသော်ငြား ကျိုးဟောင်မှာအလောတကြီးမလှူပ်ရှားဘဲ မျက်နှာတည်တည်ဖြင့် သူ့ရှေ့က ကျိုးရိထုံကိုကြည့်ကာ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
ကျိုးဟောင်အတွက် သူ့ရှေ့က လူနှစ်ယောက်မှာ ဘယ်လိုလူတွေလဲဆိုသောအချက်မှာ မသေချာသေးချေ။
"ဒါနဲ့ မင်း ဘာဖြစ်လို့ အဲဒီထဲက ထွက်လာတာလဲ"
ကျိုးရိထုံနဲ့ ကျောက်မုန့်ရွှယ်က ကျိုးဟောင်ကို စပ်စုတဲ့မျက်လုံးတွေနဲ့ကြည့်ပြီး သူ ဒီကိုဘာကြောင့် ရောက်နေရသလဲဆိုတာကို မသိသလို ဟန်ဆောင်မေးလိုက်ကြသည်။
ဒီလူနှစ်ယောက် ဘယ်သူတွေလဲဆိုတာ မသိရသေးခင်မှာ ကျိုးဟောင်က ဘာမှပြောမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူစွမ်းအင်အရင်းအမြစ်အားရယူမယ့်ကိစ္စမှာ သူနှင့်အကြီးအကဲကျိကြားက လျှို့ဝှက်ချက်ဖြစ်ကာ အခြားဘယ်သူမှမသိကြပေ။
ကျိုးဟောင်သည် ထိုသူတို့ သည်မည်သူမည်ဝါဖြစ်သည်ကို မသေချာပေ။ ဤသူတို့သည် လူဆိုးများလား သို့တည်းမဟုတ် အခြားအဖွဲ့အစည်းမှ စေလွှတ်လိုက်သော သူလျှိုများလားဆိုသည်ကိုလည်း သူ မသိချေ။
ထို့ကြောင့် ကျိုးဟောင်သည် ထိုလူနှစ်ဦးနှင့်ထိပ်တိုက်တိုက်ခိုက်ရန် အစီအစဉ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မည်သည့်နေရာမှ လာသည်ဖြစ်စေ လူသားများသာဖြစ်သည့်အတွက်ကြောင့်ပင်။
ထို့ပြင် သူတို့သည် အဖွဲ့အစည်းတစ်ခုတည်းကဖြစ်ကြပြီး ပတ်ဝန်းကျင်တွင်လည်း လူအများအပြားရှိနေသည်။ ထို့ကြောင့် ကျိုးဟောင်သူတို့အား သတ်ဖြတ်သည့်သတင်း ပျံ့နှံ့သွားပါက ပြဿနာများဖြစ်လာမည်ဖြစ်သည်။
ကျိုးဟောင်သည် အခြားစကားတစ်ခွန်းမှ မဆိုတော့ဘဲ သူ၏ပစ္စည်းများကို သိမ်းဆည်းကာ ထွက်သွားရန်ပြင်လိုက်သည်။
ကျိုးရိထုံနှင့် ကျောက်မုန့်ရွှယ်တို့သည် ထိုသို့မြင်လိုက်သော် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် စိုးရိမ်တကြီးဖြင့် ရှေ့သို့တိုးကာ ကျိုးဟောင်၏ ဘေးမှ လိုက်လာကြသည်။
"ကျိုးဟောင် မင်းဘာလို့ဘာမှ မပြောတာလဲ အခက်အခဲတစ်ခုခုများ တွေ့ခဲ့လို့လား အခက်အခဲရှိရင် ပြောပြလိုက်ပါ ငါတို့ကူညီပေးနိုင်တယ်"
"ဟုတ်တယ် လူချောလေး"
ကျောက်မုန့်ရွှယ်သည်လည်း ပြုံးလျက် ကျိုးဟောင်အနားသို့ ကပ်သွားသည်။
မွှေးရနံ့တစ်ခုက ကျိုးဟောင်၏နှာခေါင်းထဲသို့ ဝင်လာကာ ထိုရနံ့ပြင်းသောအနံ့ကြောင့် ကျိုးဟောင်မှာမျက်မှောင်ကြုတ်မိလိုက်ကာ ချက်ချင်းပင် ဘေးသို့လှည့်ကာ သူ့ဆီသို့ကပ်လာသော ကျောက်မုန့်ရွှယ်ကို ရှောင်လိုက်သည်။
ကျောက်မုန့်ရွှယ်သည် ဟန်ချက်ပျက်ပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။ သူမ၏မျက်နှာမှာ ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး မျက်မှောင်ကြုတ်လျက် ကျိုးဟောင်ကို မကျေမနပ်ကြည့်ကာအော်လိုက်သည်။
"ကျိုးဟောင်....မင်းဘာလုပ်တာလဲ"
"တောင်းပန်ပါတယ် ကျွန်တော်က မရင်းနှီးတဲ့လူတွေအပေါ်မှာ သဘောထားမကောင်းဘူး ကျွန်တော့်ကိုသိတဲ့သူတိုင်း ဒါကိုသိပါတယ်"
ကျိုးဟောင်သည် ကျောက်မုန့်ရွှယ်ကို အေးစက်စက်ကြည့်ပြီးအားနာဟန်လည်းမပြပေ။ ထို့နောက်ထိုနှစ်ယောက်ကို လျစ်လျူရှုကာနောက်လှည့်ပြီး ဆက်လျှောက်သွားတော့သည်။
ကျောက်မုန့်ရွှယ်မှာ ဒေါသလည်းထွက်၊ စိုးရိမ်လည်းစိုးရိမ်ဖြစ်နေသည်။ သူမသည် ဆိုးဆိုးရွားရွားစော်ကားခံလိုက်ရသည်ဟု ချက်ချင်းခံစားမိလိုက်သည်။ ဤလုပ်ရပ်သည်အမှန်တကယ်ပင် လွန်လွန်းသည်။
သို့ရာတွင် ဤအချိန်၌ သူမသည် ကျိုးဟောင်ကို အမြန်ဆုံး စည်းရုံးရမည်။ မဟုတ်ပါက ယခင်က သူမ၏ ကြိုးစားမှုအားလုံး အချည်းနှီးဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ကျောက်မုန့်ရွှယ်သည် ကျိုးရိထုံနှင့်အတူ ကျိုးဟောင်၏လမ်းကို ချက်ချင်းပင် ပိတ်ရပ်လိုက်ပြီး စိုးရိမ်တကြီးဖြင့်ပြောလိုက်သည်။
"လူချောလေး ပြောပြလိုက်ပါ"
"အကြီးအကဲကျိက ငါတို့ကို ပတ်ဝန်းကျင်ကို စုံစမ်းဖို့ ခိုင်းလိုက်တာ ဘာမှမတွေ့ဘဲ ပြန်သွားရင် အကြီးအကဲကျိဆီကနေ အဆူခံရမှာ သေချာတယ်"
"ငါတို့ကို သနားတဲ့အနေနဲ့ ပြောပြလိုက်ပါနော် လူချောလေး"
ကျောက်မုန့်ရွှယ်မှာ စိုးရိမ်သည့်အမူအရာဖြင့် ကျိုးဟောင်ကို မျက်စိမှိတ်ပြနေသည်။ သူမသည် ကျိုးဟောင်ကိုကြည့်နေပြီး အဖြေတစ်ခုကို အရေးတကြီး လိုအပ်နေပုံပင်။
သူတို့ ဆက်မနှောင့်ယှက်စေရန် ကျိုးဟောင်သည် ပေါ့ပေါ့တန်တန်ဖြင့်သာ ပြောလိုက်သည်။
"ကျွန်တော် မတော်တဆပြုတ်ကျသွားပြီး ဘာမှန်းမသိဘဲ ပြန်ထွက်လာတာ ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်လည်းမသိဘူး"
"အထဲမှာ ဘာရှိလဲ"
သူတို့သည် လက်မလျှော့ဘဲ ဆက်မေးလာကြသည်။
ကျိုးဟောင်သည် မျက်နှာတည်တည်ဖြင့် ခေါင်းခါပြီးညင်သာစွာပြောလိုက်သည်။
"အထဲမှာ ဘာမှမရှိဘူး ဘာမှမမြင်ခဲ့ဘူး အဖြူရောင်အငွေ့တွေနဲ့ ဖုံးနေတဲ့နေရာတစ်ခုသက်သက်ပဲ"
ဤစကားကိုကြားသော် ကျိုးရိထုံသည် ချက်ချင်းဒေါသထွက်သွားခဲ့သည်။ ဤကောင်လေးသူတို့အား လိမ်နေသည်မှာသိသာပေသည်။
ကျောက်မုန့်ရွှယ်သည်လည်း ဒေါသထွက်သွားခဲ့သည်။ သူမက ခါးထောက်ပြီး ကျိုးဟောင်ကို ဒေါသတကြီး လက်ညှိုးထိုးကာအော်လိုက်သည်။
"မင်းကောင်စုတ်လေး မင်းငါ့ကို လိမ်ရဲသေးတာပေါ့ မြန်မြန်လုပ် ကျောက်စာတိုင်ရဲ့ စွမ်းအင်အရင်းအမြစ်ကို လွှဲပေး"
ကျောက်မုန့်ရွှယ်၏စကားတစ်ဝက်တွင် ကျိုးရိထုံက ချက်ချင်းပင် ထိတ်လန့်သွားခဲ့ကာ သူ၏လက်ကို လျင်မြန်စွာဝှေ့ယမ်းကာ သူမကို ရပ်ရန် အချက်ပြလိုက်သည်။
ကျောက်မုန့်ရွှယ်၏မျက်နှာအမူအရာ တုန်လှုပ်သွားခဲ့သည်။ ထို့နောက် သူမက မျက်နှာတည်တည်ဖြင့် ပြောလာခဲ့သည်။
"အဟမ်း အကြီးအကဲကျိကို တင်ပြနိုင်အောင်ပစ္စည်းကို အပ်လိုက်ပါ"
"မဟုတ်လို့ အရေးကြီးတဲ့ကိစ္စတွေကို နှောင့်နှေးစေရင် မင်းမှာ တာဝန်ရှိတယ်"
ကျောက်မုန့်ရွှယ်၏စကားကိုကြားတော့ ကျိုးဟောင်က ချက်ချင်းပင် မျက်လုံးမှေးကာစဥ်းစားလိုက်သည်။
ကျောက်စာတိုင်၏ စွမ်းအင်အရင်းအမြစ်အကြောင်းကို သူနှင့် အကြီးအကဲကျိသာ သိသည်။ တခြားဘယ်သူမှ မသိချေ။
ဤလူနှစ်ယောက်က ဒီအကြောင်းကို ဘယ်လိုသိသွားရပါသနည်း။
မည်သို့ပင်ဖြစ်စေ ဤလူနှစ်ယောက်တွင် သေချာပေါက်မကောင်းသောရည်ရွယ်ချက်ရှိပေသည်။
ကျိုးဟောင်မှာ နှာခေါင်းရှုံ့ပြီး မျက်မှောင်ကြုတ်လျက် သူတို့နှစ်ယောက်အား အကဲခတ်လိုက်သည်။ ထို့နောက် အေးစက်စွာ အော်ပြောလိုက်သည်။
"ကျောက်စာတိုင်ရဲ့ စွမ်းအင်အရင်းအမြစ် အဲဒါက ဘာလဲ ကျွန်တော် ခုနက အဲဒီအကြောင်းပြောခဲ့တာ မမှတ်မိပါဘူး"
ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့သည်လည်းထိတ်လန့်သွားခဲ့သည်။ ထိုအခါမှသာ သူတို့၏ လျှို့ဝှက်ချက်အားဖော်ထုတ်လိုက်မိကြောင်းကို သဘောပေါက်လိုက်သည်။
သို့သော် ကျိုးဟောင်က သူတို့နှင့် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သောအခါ သူတို့နှစ်ယောက်သည်အနည်းငယ် စိတ်အေးသွားကြသည်။
....................................................................................