← Chapters

အပိုင်း ၃၁၃-၃၁၅

Vol. 21 Ch. 313-315

အပိုင်း ၃၁၃-၃၁၅

Vol. 21 Ch. 313-315

အခန်း (၃၁၃) - ခေါင်းတလားထဲမှအမျိုးသမီး !သွေးသန့်စင်ခြင်းကျင့်စဉ်၏လျှို့ဝှက်ချက်

"ချင်းဟန် မင်းက သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်တဲ့သူပါ။ ဘယ်လိုလုပ် ဒုသမ္မတက သွေးသန့်လူသားလမ်းစဉ်လမ်းကို လျှောက်တဲ့သူလို့ ပြောသွားရတာလဲ။"

"ဟန်ဟန် ဒုသမ္မတက မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းတစ်ကြိမ်ပြီးထားတယ်တဲ့။ အဲ့ဒါကရော ဘာလဲ။ မင်းအရေပြားကတော့ နူးညံ့လွန်းလို့ လက်လေးတောက်လိုက်ရင်ကို တစ်စစီဖြစ်သွားတော့မဲ့ပုံနဲ့။ မင်းကြည့်ရတာ အရေပြားသန့်စင်ထားတဲ့ပုံနဲ့လည်း မတူဘူး။"

လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့သည် ရှန်ချင်းဟန်‌ရှေ့တွင်ရပ်ကာ တွေဝေနေသောအမူအရာဖြင့် မေးခွန်းများကို တစ်ယောက်ပြီးတစ်ယောက် မေးနေကြသည်။ ရှန်ချင်းဟန်ကမူ ဖြေရမည်လား မဖြေရမည်လားကို မသိတော့ပေ။ မည်သို့ဖြေရမည်ကိုလည်း သူမ မသိပေ။ တဖြည်းဖြည်းဖြင့် သူမသည် လင်းဇီချန်ကို အကူအညီမဲ့စွာဖြင့် ကြည့်ကာ အကျပ်အတည်းကို ကူညီဖြေရှင်းပေးရန် မျှော်လင့်နေမိသည်။ လင်းဇီချန်ကမူ အသားကျနေပြီဖြစ်သည်။ အမြန်ပင် ရှန်ချင်းဟန်အတွက် ရှင်းပြပေးလိုက်သည်။

"ဟန်ဟန်ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက အရမ်းထူးခြားတယ်။ ဆန်းကြယ်သားရဲမျိုးစိတ်ကို သူ့ခန္ဓာကိုယ်ထဲကို ထိုးသွင်းလိုက်တာနဲ့ အဲ့တာက သူ့မျိုးရိုးဗီဇနဲ့မပေါင်းသွားဘဲ ထိန်းချုပ်ခံလိုက်ရတယ်။ ထိန်းချုပ်နိုင်သွားပြီဆိုရင် အဲ့ဆန်းကြယ်သားရဲမျိုးစိတ်ကို စိတ်တိုင်းကျ လုပ်လို့ရပြီ။ သူက ဆန်းကြယ်သားရဲမျိုးစိတ်နဲ့မပေါင်းစပ်ဘဲ သွေးသန့်လူသားပဲ ဖြစ်နေသေးတာမလို့ ကျွန်တော်က သူ့ကို သွေးသန့်စင်ခြင်းကျင့်စဉ်ကို သင်ပေးခဲ့တာ။မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်က သူ့ခန္ဓာကိုယ်ထဲမှာရှိပြီး သူ့အမိန့်ပေးတာကို နာခံတယ်။ပြီးတော့ သွေးသန့်စင်ခြင်းကျင့်စဉ်ကို အမြန်သင်ယူနိုင်လို့ သွေးသန့်လူသားလမ်းစဉ်ကိုလျှောက်နိုင်ခဲ့တာ။"

"သူ့ရဲ့စွမ်းအားက အရည်တွေကို ထိန်းချုပ်နိုင်တာလေ။ အဲ့တာကြောင့် သွေးသန့်စင်ခြင်းကျင့်စဉ်ကျင့်ဖို့အတွက် အားထုတ်မှုက အရမ်းကောင်းတယ်။ ကျွန်တော့်လောက်ကို တော်တယ်။"

"သူက တစ်ခါကြိုးစားလိုက်တာနဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းကို အမြန်ပဲ အောင်မြင်သွားတယ်။ ဒါပေမဲ့လို့ သွေးမျိုူးဆက်စွမ်းအားက မမြင့်တော့ ချီသွေးစွမ်းအားကလည်း နိမ့်တယ်။ သွေးသန့်စင်ခြင်းအရည်အသွေးက မလုံလောက်သေးဘူး။ ခန္ဓာကိုယ်သန့်စင်ခြင်းကို တစ်ကြိမ်ပြီးထားပေမဲ့လို့ သွေးမျိုးဆက်စွမ်းအားအဆင့်ကတော့ အခြေခံဆဌမအဆင့်မှာပဲ ရှိတယ်။"

"အဲ့ဒါကြောင့်မလို့...."

"သူက အရည်တွေကို ထိန်းချုပ်နိုင်တာမလို့ ဖြတ်လမ်းနည်းနဲ့ လေ့ကျင့်နိုင်ခဲ့တာ။ ဖြတ်လမ်းနည်းကိုသုံးလို့ ခန္ဓာကိုယ်သန့်စင်နိုင်စွမ်းကတော့ သိသိသာသာကို ‌လျော့ကျသွားတယ်။"

ပြောပြီးနောက်တွင် လင်းဇီချန်က ထပ်ပြောလိုက်သည်။

"သူ့အသားအရေက လက်နဲ့တောက်လိုက်ရုံနဲ့ပဲ့သွားတော့မဲ့ပုံပေါက်နေတာကတော့ သူက အဲ့လိုပုံပေါက်နေကျမလို့ပါ။ တကယ်တော့ သူ့ရဲ့အရေပြားက ဓားတွေလှံတွေကိုတောင် တောင့်ခံနိုင်တဲ့အဆင့်ရောက်နေပါပြီ။"

လင်းဇီချန်ရှင်းပြသည်ကို နားထောင်ပြီးနောက်တွင် လျို့ချွမ်ဝူနှင့် စုန့်ယွီယန်တို့သည် ရှန်ချင်းဟန်၏အခြေအနေကို နားလည်သွားကြသည်။ ရှန်ချင်းဟန်သည်လမ်းကြောင်းနှစ်ခုလုံးကိုလျှောက်နိုင်သည်။ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူ၏အစွမ်းကို ပိုင်ဆိုင်ထားသကဲ့သို့ သွေးသန့်စင်ခြင်းကျင့်စဉ်ကို ကျင့်ကာ သွေးသန့်လူသားလမ်းစဉ်ကိုလည်း လျှောက်နိုင်မည်။ နှစ်ဦးလုံးသည် အမှန်တရားကို လက်ခံရန် ခက်ခဲနေကြသည်။ သို့သော်လည်း အမှန်တရားက မျက်စိရှေ့တွင် ရှိသောကြောင့် ရွေးချယ်စရာမရှိဘဲ ယုံကြည်လိုက်ရသည်။ အတွေးများကို ပြန်လည်စုစည်းပြီးနောက်တွင် စုန့်ယွီယန်က ရှန်ချင်းဟန်ကိုကြည့်၍ ပြောလိုက်သည်။

"ဟန်ဟန် ငါမင်းလက်ကို ကြည့်ကြည့်လို့ရမလား။ မင်းက တကယ်ပဲ ခန္ဓာကိုယ်သန့်စင်ခြင်းတစ်ကြိမ်ပြီးထားလား ကြည့်ကြည့်ရအောင်။"

"ရပါတယ်။"

ရှန်ချင်းဟန်က နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူမခေါင်းညိတ်ပြသည်ကို မြင်သောအခါတွင် စုန့်ယွီယန်သည် လက်တစ်ဖက်ကိုယူကာ အင်အားကို စမ်းကြည့်ရန် လက်ကိုဖျစ်ကြည့်သည်၊ ဆွဲကြည့်သည်။ စမ်းမကြည့်လျှင် ဘာမှမဖြစ်သော်လည်း စမ်းကြည့်ခါမှ ရုတ်တရက်ပင် ဘဝ၏မယုံကြည်နိုင်စရာကောင်းမှုကို ခံစားလိုက်ရသည်။ ရှန်ချင်းဟန်သည် အမှန်ပင် ခန္ဓာကိုယ်သန့်စင်ခြင်းတစ်ကြိမ် ပြီးမြောက်ထားသည်။ အရေပြား၊ ကြွက်သားနှင့်အရိုးများသည် သန့်စင်ပြီးထားသောလက္ခဏာမျိုးကို ပြသနေသည်။ သို့သော်လည်း အဘယ့်ကြောင့် အရေပြားက နူးညံ့နေရသနည်း။ကြွက်သားများကလည်း တောင့်တင်းခိုင်မာခြင်းမရှိဘဲ နူးညံ့နေကာ လွန်စွာခံစားကောင်းလှသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ချီသွေးဖြင့်သန့်စင်ထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများသည် အတိုင်းအတာတစ်ခုအထိ အလှတရားနှင့်ခံစားမှုလျော့ကျကာ စွမ်းအားမြင့်တက်သွားသည့်အတွက် ပေးဆပ်လိုက်ရခြင်းဖြစ်၏။ ထို့ကြောင့် သူမတွင် မေးခွန်းများရှိလာသည်။

ရှန်ချင်းဟန်သည် ခန္ဓာကိုယ်သန့်စင်ခြင်းတစ်ကြိမ်ပြီးမြောက်ထားသော်လည်း အဘယ့်ကြောင့် ခန္ဓာကိုယ်က အနည်းငယ်မျှပင် အလှတရားမ‌လျော့သွားရသနည်း။ အဓိပ္ပာယ်ရှိသည်လော။

စုန့်ယွီယန်သည် နားမလည်နိုင်တော့ဘဲ ရှန်ချင်းဟန်ကိုသာ ပဟေဠိဖြစ်နေသောအကြည့်မျိုးဖြင့် မော့ကြည့်၍ မေးလိုက်သည်။

"ဟန်ဟန် မင်းရဲ့အရေပြားက နူးညံ့နေတာပဲ။ ကြွက်သားကလည်းပျော့တယ်။ အဲ့ဒါကိုတောင်မှ ဘယ်လိုလုပ် ခန္ဓာကိုယ်သန့်စင်ခြင်းတစ်ကြိမ်ပြီးထားတာလဲ။"

ရှန်ချင်းဟန်က မဖြေဘဲ လင်းဇီချန်က ကိုယ်စားဖြေပေးလိုက်သည်။

"သူ့ရဲ့ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကြောင့်လေ။"

"ဘယ်လောက်တောင် ထူးခြားလိုက်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံပါလိမ့်။"

စုန့်ယွီယန်က မနာလိုစွာဖြင့် ရှန်ချင်းဟန်၏လက်လေးကို ဆက်၍ကိုင်ကြည့်နေကာ ပြောလိုက်သည်။

"ငါ့မှာသာ ဒီလိုမျိုးအသားအရေရှိရင် စကင်ကဲတွေအတွက် ငွေကုန်သက်သာမှာသေချာတယ်။"

စုန့်ယွီယန်က ငွေကုန်သက်သာမည်ဟု ပြောသည်ကို ကြားသောအခါတွင် လင်းဇီချန်သည်ပင် မျက်နှာထားတည်ထားရန် ခက်လှသည်။ သွေးနှောအလှလေးသည် မလေးနက်ဘဲ မနေနိုင်သည်လော။

ထူးခြားသောခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် စကင်ကဲဖိုးသက်သာမည်ဟု မည်သို့များစဉ်းစားလိုက်ရသနည်း။

သူမသည် အမြင်၊ အတွေးနှင့်အိပ်မက်သည် မည်သည့်နေရာတွင် ရောက်နေသနည်း။

နှစ်စဉ်လစာယွမ်တစ်သန်းရလျှင်ပင် သူမသည် အိမ်ဌားခနှင့်အသုံးစရိတ်များကို ခြစ်ကုတ်ပြီး ဖရိုဖရဲဖြင့်အိုဟောင်းနေသည့် သုတေသနတက္ကသိုလ်၏အဆောင်တါင်သာ နေနေသည်။ သူမသည် ငွေစုရာတွင် စွဲလမ်းနေဟန်ရှိသည်။

စလင်းဇီချန်သည် စိတ်ထဲမှ စုန့်ယွီယန်အကြောင်းစဉ်းစားနေစဉ်တွင် လျို့ချွမ်ဝူသည် ယွမ်သုန်ကျီကိုကြည့်ကာ ခေတ္တမျှတွန့်ဆုတ်နေပြီးမှ မျက်စိစုံမှိတ်၍ ရှန်ချင်းဟန်ကို ပြောလိုက်သည်။

"ချင်းဟန် မင်း သွေးသန့်လူသားလမ်းစဉ်ကို လျှောက်နေပြီဆိုမှတော့ ဘာလို့ ကောင်းကင်လူသားအဖွဲ့အစည်းထဲ မဝင်ရတာလဲ။"

အားလုံး၏ရှေ့တွင် အထူးသဖြင့် ယွမ်သုန်ကျီ၏ရှေ့တွင် သူမ၏တပည့်ဖြစ်သူကို ကောင်းကင်လူသားအဖွဲ့အစည်းသို့ဝင်ရန် စည်းရုံးနေလေသည်။

"ဘာကိုဆိုလိုတာလဲ လောင်လျို့?"

ယွမ်သုန်ကျီက မျက်မှောင်အသာကြုတ်၍ လျို့ချွမ်ဝူကို မကျေမနပ်ဖြင့်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ ဇနီးဟောင်း၏တပည့်ကို အများ‌ရှေ့တွင် သိမ်းသွင်းရန် ကြိုးစားနေခြင်းဖြစ်သဖြင့် လျို့ချွမ်ဝူတွင် ယုံကြည်ချက်မရှိ‌ပေ။ သို့သော်လည်း ကောင်းကင်လူသားအဖွဲ့အစည်းအားကောင်းလာမည်ကို စဉ်းစားမိကာ အရဲစွန့်၍ မေးလိုက်ခြင်းဖြစ်၏။

"သူက ဆန်းကြယ်သားရဲမျိုးစိတ်နဲ့ မပေါင်းစပ်ရသေးဘူးလေ။ သွေးသန့်လူသားဖြစ်နေတုန်းပဲ။ သူ ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ဖို့က အကြောင်းအကျိုးသင့်လျော်နေတာပဲ။"

အခန်း (၃၁၄) ခေါင်းတလားထဲမှအမျိုးသမီး !သွေးသန့်စင်ခြင်းကျင့်စဉ်၏လျှို့ဝှက်ချက် (၂)

"သူက ကျွန်မတပည့်ဆိုတာကိုတော့ သိတယ်မလား။"

"သူက မင်းတပည့်ပါပဲ။ ဒါပေမဲ့လို့ မင်းတပည့်ဖြစ်နေတာနဲ့ ကောင်းကောင်လူသားအဖွဲ့အစည်းထဲဝင်တာကိုတော့ တားလို့မရဘူးမဟုတ်လား။ သူကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်တာဆိုတာက မင်းတပည့်အဖြစ်ကနေရပ်လိုက်တာမှမဟုတ်တာ။"

"အဲ့လိုဆို ရှင်ကျွန်မသဘောထားကို အရင်မေးသင့်တာပေါ့။"

"ကောင်းပြီ။ အခု မင်းသ‌ဘောထားကို မေးနေပြီလေ။ သူ ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်မှာကို သဘောတူလား မတူဘူးလား။"

ယွမ်သုန်ကျီက စိတ်သဘောထားက အနည်းငယ်မျှနူးညံ့လာသည်ကို မြင်ရသဖြင့် လျို့ချွမ်ဝူက ယုံကြည်ချက်မြင့်တက်လာသည်။

ငယ်ရွယ်စဉ်အခါက မိမိသည် ယွမ်သုန်ကျီရှေ့တွင် အမြဲပင် ယုံကြည်ချက်မြင့်မားတတ်သည်။ အိပ်ရာပေါ်တွင် သူမ၏တင်ပါးကိုပုတ်၍ ပြောလျှင် ပြောသမျှကို လုပ်ပေးသည်။ သူ၏စကားက ဥပဒေဖြစ်ကာ လွန်စွာလွှမ်းမိုးနိုင်သည်။ သူသည် လျှာစောင်းထက်သောဖိုသဘာဝ၏ စံနမူနာမျိုးပင် ဖြစ်သည်။ စောနက ယွမ်သုန်ကျီကို အလျော့ပေးလိုက်ရခြင်းသည် မိမိတို့ကြားမှ သွေးမျိုးဆက်စွမ်းအားအဆင့်ကွာခြားချက်က ကြီးမားသောကြောင့် ဖြစ်သည်။ ထို့အပြင် လွန်ခဲ့သောနှစ်များက မိမိတို့၏အိပ်ရာထက်မှအပြန်အလှန်ကိစ္စများကြောင့် ယွမ်သုန်ကျီ၏စိတ်သဘောထားကို နားလည်နိုင်ကာ သူမသည် အိမ်ထောင်ကွဲပြီးနောက်တွင် ပို၍ခက်ထန်လာသည်။

အများရှေ့တွင် သူမ၏တပည့်မလေးကို ကောင်းကင်လူသားအဖွဲ့အစည်းထဲသို့ဝင်ရန် ပြောလိုက်လျှင် သူမက ရပ်ကြည့်နေမည်မဟုတ်ပေ။ စိတ်ဆတ်သောသဘောထားဖြင့်ဆိုလျှင် မိမိတို့၏အတိတ်ကိုပင် မေ့ထားကာ နေရာတွင်ပင် ရိုက်နှက်ပစ်နိုင်သည်။ ထိုသို့သာဆိုလျှင် ရာစုနှစ်တစ်စုနီးပါး သုတေသနတက္ကသိုလ်၏ဒါရိုက်တာလုပ်လာသောမိမိအဖို့ အရှက်ရဖွယ်ရန်သာ ရှိတော့သည်။

သို့သော်လည်း ယခုတွင်မူ ယွမ်သုန်ကျီသည် စိတ်တည်ငြိမ်နေသည်ကို မြင်ရသဖြင့် ပို၍ရဲတင်းလာကာ ယွမ်အိမ်၌ အိပ်ရာထက်တွင်လွှမ်းမိုးနိုင်ခဲ့သည်များကို ပြန်အမှတ်ရလာသည်။

"ကျွန်မနဲ့လိုက်ခဲ့။"

ယွမ်သုန်ကျီက ထိုစကားကိုသာ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

ပြောပြီးနောက်တွင် သုတေသနတက္ကသိုလ်ထဲသို့ဝင်သွားသည်။ လျို့ချွမ်ဝူသည် ခြိမ်းခြောက်ခံရတော့မည်ဟု ခံစားမိကာ ယွမ်သုန်ကျီသည်ဒေါသထွက်သွားပြီး မိမိကိုအထဲ၌ ရိုက်‌တော့မည်ဟု ထင်ထားသည်။ သို့သော်လည်း အထဲတွင်ရိုက်ခံရသည်က အပြင်ဘက်တွင် ရိုက်ခံရခြင်းထက် ပို၍ကောင်းပေသည်။ ထို့ကြောင့် ခြေကြွကာသာ အနောက်မှလိုက်လာ၏။

"အိုး ဒါရိုက်တာတော့ သွားပြီ။ သူက အကုန်လုံးရှေ့မှာ ကောင်းအုပ်ယွမ်ကို သွားစရဲတာကိုး။ သေချာပေါက် ခြေထောက်တော့ ရိုက်ချိုးခံရတော့မှာပဲ။"

လျို့ချွမ်ဝူနှင့် ယွမ်သုန်ကျီတို့ အထဲဝင်သွားသည်ကို တွေ့သောကြောင့် စုန့်ယွီယန်က ချက်ချင်းပင် ပြောလိုက်သည်။

ရှန်ချင်းဟန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"ရှော်ငချန် ငါ ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ရင် နေ့တိုင်း နင်နဲ့အတူလိုက်လာလို့ရပြီပေါ့။"

လင်းဇီချန်က ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့။"

စုန့်ယွီယန်သည် ရှန်ချင်းဟန်၏လက်လေးကို ကိုင်ထားဆဲဖြစ်ပြီး မလွှတ်သေးဘဲဖြင့် ပြောလိုက်သည်။

"ဟန်ဟန် နင်က သွေးသန့်လူသားလမ်းစဉ်ကို လိုက်မှာဆိုတော့ ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်သင့်တာပေါ့။"

"အဲ့လိုဆိုဒီက အစ်မယန်က မင်းကိုယောဂသင်ပေးပြီး ပို၍ဆွဲဆောင်မှုရှိအောင် လုပ်ပေးမယ်။"

"အာမခံတယ်။ ဇီချန်သာ မင်းရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို တွေ့သွားတာနဲ့ နေ့တိုင်း နှာဘူးကြီးဖြစ်သွားပြီး မင်းကို ထိပဲထိချင်နေပြီး လွှတ်ချင်‌တော့မှာမဟုတ်ဘူး။ သူ့ဘာသာမထိန်းချုပ်နိုင်လို့တောင် ရှက်နေဦးမယ်။"

"...."

စုန့်ယွီယန်၏စကားများကို ကြားသောအခါတွင် ရှန်ချင်းဟန်၏မျက်နှာလေးသည် နီရဲသွားကာ အတော်လေးရှက်သွားရှာသည်။

သွေးနှောအစ်မကြီးသည် စိတ်ထားပွင့်လင်းပြီး ချုပ်တည်းခြင်းမရှိ ပြောတတ်ကာ ထူးခြားလှသည်။ သူမသည် ခန္ဓာကိုယ်ကလည်း လှပပြီး ဆွဲ‌ဆောင်မှုရှိသည်။ ထိုသို့ပွင့်လင်းသောစရိုက်မျိုးဖြင့်ဆိုလျှင် ရှောင်ချန်ကို သွေးဆောင်နိုင်မည်မဟုတ်လော။ မဖြစ်ပေ။ ကောင်းကင်လူသားအဖွဲ့အစည်းသို့ ဝင်မှသာ ဖြစ်ပေမည်။ ရှန်ချင်းဟန်သည် ထိုကိစ္စများကို သူမဘာသာ တွေးနေမိပြီး ကောင်းကင်လူသားအဖွဲ့အစည်းသို့ဝင်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

ကလေးဖြစ်ခဲ့စဉ်က လင်းဇီချန်ကို အခြားမိန်းကလေးများက လုယူသွားမည်ကို စိတ်မပူပေ။ သို့သော်လည်း အရွယ်ရောက်လာသည့်အခါ၌ ပို၍ရင့်ကျက်လှသောလိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုင်ဆိုင်လိုမှုမြင့်မားလာသောကြောင့် ထိုကိစ္စကို စိုးရိမ်တတ်လာသည်။ သူမသည် လင်းဇီချန်၏အကျင့်စရိုက်ကို ယုံသော်လည်း ယောက်ျားများ၏သဘာဝကိုမူ ကြောက်ပေသည်။ သူရဲကောင်းများတွင် အလှတရားဟုသောအားနည်းချက်ရှိတတ်ကြပြီး လူကြီးလူကောင်းများက မိန်းမလှလေးများကို နှစ်သက်တတ်ကြသည်ဟု ပြောတတ်ကြကာ ထိုအချက်ကို လျစ်လျူရှုမထားနိုင်ပေ။ အ‌ရေးကြီးဆုံးမှာ လင်းဇီချန်၏ပတ်ချာလည်တွင် ဆွဲဆောင်နိုင်သည့်အရာများ များနေသောကြောင့်သာ ဖြစ်၏။ မိန်းကလေးတိုင်းနီးပါးက လင်းဇီချန်ကို သဘောကျကြကာ ၎င်းနှင့်နီးစပ်လိုကြပြီး ဆက်ဆံရေးကို တိုးတက်ချင်ကြသည်။ မကြာခဏဖြားယောင်းခံရလျှင် တစ်နေ့တွင် မခံနိုင်တော့သည့်နေ့ ရှိလာမည်မဟုတ်ပါလော။ ထိုသို့အခြေအနေကို ရှောင်ရှားရန်အတွက် သတို့သမီး‌လောင်းဖြစ်သောမိမိက လက်ဦးမှုယူရမည်ဖြစ်သည်။ မြေခွေးမရှင်းလင်းရေးအစီအစဉ် စတင်လေပြီ။

....

မိနစ်အနည်းငယ်မျှ ကြာပြီးနောက်တွင် လျို့ချွမ်ဝူနှင့် ယွမ်သုန်ကျီတို့ ထွက်လာကြသည်။ ယွမ်သုန်ကျီက ရှန်ချင်းဟန်ကိုကြည့်ကာ ပြောလိုက်သည်။

"အခုကစပြီး မင်းက ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီ။"

"ဟမ်?"

စုန့်ယွီယန်ပင် တွေဝေသွားသည်။ စိတ်ထဲတွင်မူ ယွမ်သုန်ကျီသည် အမြဲပင် မျက်နှာထားတည်ကာ စည်းရုံးရန်မလွယ်သော ခက်ထန်သည့်မိန်းမတစ်ယောက်ဖြစ်မည်ဟု ထင်ခဲ့မိသည်။ ယခုတွင်မူ မိနစ်အနည်းငယ်အတွင်းတွင်ပင် လောင်လျို့က သူမကို သဘောတူအောင်လုပ်နိုင်လိုက်သည်။

ဘာဖြစ်သွားသနည်း။

စုန့်ယွီယန်သည် စဉ်းစားနေရင်းဖြင့် ယွမ်သုန်ကျီဘေးတွင်ရှိသော လျို့ချွမ်ဝူကို ကြည့်လိုက်သည်။ လျို့ချွမ်ဝူမျက်နှာထက်မှ ဘဝင်ခိုက်နေသောအမူအရာကို မြင်သည့်အခါတွင် လူကြီးများကြားဖြစ်နိုင်ချေများကို စတင်စဉ်းစားနေမိသည်။ လျို့ချွမ်ဝူသည်များ သူ၏တောင့်တင်းခိုင်မာသောခန္ဓာကိုယ်ဖြင့် ယွမ်သုန်ကျီကို အနိုင်ယူလိုက်သည်လောဟု စဉ်းစားလိုက်မိသည်။ စုန့်ယွီယန် ထိုသို့စဉ်းစားသည်ကလည်း အံ့ဩစရာမရှိပေ။ လျို့ချွမ်ဝူ၏ပုံရိပ်သည် လူများ၏စိတ်ကို အရောင်ဆိုးနိုင်သည်။

သူသည် အမြဲပင် ညဉ့်နက်သည်အထိ အလုပ်များနေပြီး ကြောက်စရာကောင်းသည့်သူများဖြင့် ဆက်ဆံရေးမျိုးရှီသည်။ ထို့နောက်တွင် တစ်ညလုံး သွေးသန့်လူသားလမ်စဉ်ကို မနားမနေလေ့လာသည်။ ဆာကူရာတိုင်းပြည်တွင်မူ ထိုသို့ယောက်ျားမျိုးသည် ပိုက်ဆံချမ်းသာသော လက်ထပ်ပြီးသည့်မိန်းမများ၏ ထိပ်တန်းအဆင့်အပျော်လင်များ ဖြစ်ကြသည်။

ရှန်ချင်းဟန်ကမူ ယွမ်သုန်ကျီကိုတွေဝေနေသော အမူအရာဖြင့်ကြည့်ကာ မေးလိုက်သည်။

"ဆရာ အခု ကျွန်မက ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ရမယ်ဆိုတော့ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကအတန်းတွေကို တက်စရာမလိုတော့ဘူးလို့ ဆိုလိုတာလား။"

ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့ တက်ရခြင်းထက် လင်းဇီချန်ဖြင့်နေရသည်ကို ပို၍သဘောကျသည်။ လုပ်စရာမရှိလျှင် လင်းဇီချန်ဘေးတွင်ထိုင်နေရသည်ကပင် ကောင်းချီးဖြစ်သည်။

ယွမ်သုန်ကျီက ပြောလိုက်၏။

"မင်းက သွေးသန့်လူသားလမ်းစဉ်လျှောက်ပြီဆိုတော့သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲခြင်းအတန်းတွေက မင်းအတွက် အချိန်ဖြုန်းတာသက်သက်ပဲဖြစ်မှာ။"

"ဒါပေမဲ့လို့ ဆန်းကြယ်သားရဲတွေကို ခွဲခြားစိတ်ဖြာတာနဲ့ ဆန်းကြယ်အပင်တွေကို လေ့လာတဲ့အတန်းမျိုးကိုတော့ တက်လို့ရတယ်။"

အခန်း (၃၁၅) - ခေါင်းတလားထဲမှအမျိုးသမီး !သွေးသန့်စင်ခြင်းကျင့်စဉ်၏လျှို့ဝှက်ချက် (၃)

"အဲ့အတန်းတွေက မင်းရဲ့လက်ရှိအခြေအနေအတွက် အတော်လေးအသုံးဝင်တယ်။"

ယွမ်သုန်ကျီက ထပ်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် တက်မတက်က မင်းသဘောပါ။ မင်းတက်ချင်တက်ပေါ့။ မတက်ချင်လည်း မတက်နဲ့ပေါ့။"

ရှန်ချင်းဟန်က ခေါင်းညိတ်ပြလိုက်သည်။

"အင်း ကျွန်မ သိပါပြီ ဆရာ။"

ထိုသို့ပြောကာ နှုတ်ခမ်းထောင့်မှအပြုံးလေးက ထပ်မံဖုံးကွယ်မထားနိုင်တော့ဘဲ ပျော်ရွှင်စွာဖြင့် ပြုံးလိုက်မိသည်။

ထိုနေ့မှစ၍ သူမသည် လင်းဇီချန်နှင့်အတူ သုတေသနတက္ကသိုလ်သို့လိုက်သွားကာ အနားတွင် တစ်ချိန်လုံးကပ်နေနိုင်ပြီဖြစ်သည်။

....

သုတေသနတက္ကသိုလ် ဝင်ပေါက်တွင် ခေတ္တမျှစကားပြောဆိုကြပြီးနောက်တွင် ယွမ်သုန်ကျီသည် အချိန်မရှိတော့သည်ကို တွေ့သဖြင့် လေထဲတွင်ပျံသန်းကာ ပြန်ရန် ပြင်လိုက်သည်။ မပြန်ခင်တွင် ယွမ်သုန်ကျီက မိန်းမများကို မကြာခဏကတိပေးတတ်သော်လည်း ကတိမတည်တတ်သည့်လျို့ချွမ်ဝူကို ကြည့်ကာ အ‌လေးအနက်ဖြင့် ပြောလိုက်သည်။

"ကျောင်းအုပ်လျို့ အထဲမှာကတိပေးခဲ့တာကို သေချာမှတ်ထားပါ။ ကိုယ့်စကားကို တည်ပါစေ။"

"စိတ်ျခပါ။ ငါက မိန်းမတွေကို ဘယ်တော့မှ မလှည့်စားတတ်ဘူး။"

ကမ္ဘာပတ်၍ပင် မိန်းမများကို လိုက်လိမ်နေသောလျို့ချွမ်ဝူက မျက်နှာခပ်တည်တည်ဖြင့် ရင်ဘတ်ကိုရိုက်၍ ပြောလိုက်ခြင်းဖြစ်သည်။ ထိုစကားကိုကြားသည့်အခါတွင် ယွမ်သုန်ကျီက ရယ်လိုက်မိသည်။

"ဟားဟား ဒီစကားကို ဘယ်လိုများ အရှက်မရှိ ပြောနိုင်ရတာလဲမသိဘူး။ ရှင်က ဝက်ထက်တောင်မှ အရေထူသေးတယ်။"

ထို့နောက်တွင် လေပြေတစ်ချက်နှင့်အတူ မြေကြီးကို ခြေဖျားလေးဖြင့်ထိ၍ ချက်ချင်းပင် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

"ကျောင်းအုပ် ကျောင်းအုပ်ယွမ်လိုမျိုး အေးစက်နေတဲ့အလှလေးကို ဘယ်လိုများ ရင်ဆိုင်နိုင်ရတာလဲ။"

ယွမ်သုန်ကျီ ထွက်သွားပြီးနောက်တွင် စုန့်ယွီယန်က ချက်ချင်းပင် မေးလိုက်သည်။

လျို့ချွမ်ဝူက ရယ်လိုက်ပြီး

"သူဘယ်လောက်ခက်ထန်ထန် ကိစ္စမရှိဘူး။ သူက ဘာပဲဖြစ်ဖြစ် မိန်းမတစ်ယောက်ပဲလေ။ မိန်းမတွေကို ရင်ဆိုင်တဲ့အခါကျရင် ငါနည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ ငါ့လက်ထဲမှာ ကြိုက်သလိုလုပ်ဖို့ဆိုတာ အလွယ်လေးပဲ။ သူက ငါနဲ့အရင်က ပက်သက်ဖူးတဲ့ဆိုတော့ ပြောနေစရာကိုမလိုဘူး။ သူ့နောက်ခံက ဘယ်လောက်ပဲကြီးကြီး သူ့စိတ်ထဲမှာ ဘာရှိလဲဆိုတာ ငါသိတယ်။"

"...."

စုန့်ယွီယန်က စပ်စုစွာဖြင့် မေးလိုက်သည်။

"ကျောင်းအုပ် ကျောင်းအုပ်ယွမ်ကို စောနက ဘာကတိပေးခဲ့တာလဲ။"

လျို့ချွမ်ဝူက ရင်ဘတ်ကိုပုတ်၍ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလာသည်။

"များများစားစား ကတိမပေးခဲ့ပါဘူး။ သူ့ဆီလာပြီး ဒီည သူ့ဥယျာဉ်ကို လာပြင်ပေးမယ်လို့ပဲ ကတိပေးခဲ့တာ။"

"အဲ့ဒါပဲလား။"

စုန့်ယွီယန်က သံသယမျက်ဝန်းဖြင့်ကြည့်၍

"သွားလည်ရုံတင်ပဲလား။ ကျွန်မကို အရူးလုပ်နေသလိုပဲ။"

"ရှောင်ယွီယန်လေး မင်းလိုမျိုး ယောက်ျားတစ်ယောက်ရဲ့လက်ကို‌တောင် မကိုင်ဖူးတဲ့မိန်းကလေးက ဒီကျောင်းအုပ်ရဲ့ဆွဲဆောင်မှုကို နားမလည်ပါဘူး။"

အသက်သုံးဆယ်ကျော်ရှိပြီဖြစ်သော်လည်း ပထမအနမ်းပင်မရဖူးသေးသော စုန့်ယွိယန်ကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်၍ ချန်ထားခဲ့သည်။ သူသည် လက်ထပ်ပြီးသားအမျိုးသမီးများကို ဆွဲဆောင်နိုင်သူဖြစ်သည်။ လက်ထက်ပြီးသားမိန်းမများဆိုသည်မှာ လက်ထပ်ပြီးသားပုံသာပေါက်ပြီး လက်မထပ်ရသေးသောအသက်ကြီးအမျိုးသမီးများကို ဆိုလိုခြင်းဖြစ်သည်။ အသက်အရွယ်ကွာခြားချက်က ကြီးလွန်းလျှင်ပင် လျို့ချွမ်ဝူက မထိပေ။ ပုံမှန်ဆက်ဆံခြင်းမရှိသောခန္ဓာကိုယ်ပိုင်းဆိုင်ရာထိတွေ့မှုက အသက်မပါလှပေ။

လျို့ချွမ်ဝူထွက်သွားသည်ကို ကြည့်၍ စုန့်ယွိယန်သည် နှုတ်ခမ်းလေးထော်ကာ ကျန်ခဲ့လေသည်။ ထို့နောက်တွင် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ဘက်ကိုလှည့်၍ ပြောလိုက်သည်။

"ကျောင်းအုပ် ငါ့ကို တစ်ကွက်ပြသွားပြန်ပြီ။"

"မင်းတို့ကို ပြောလိုက်မယ်။ အဲ့အဘိုးကြီးက လေးလုံးထွားရတာကို ကြိုက်တယ်။ မင်းတို့နှစ်ယောက် သူ့ကို မယုံသင့်ဘူး။ ငါကောင်းကင်လူသားအဖွဲ့အစည်းထဲကိုစဝင်တုန်းက သူ့ဆီက အရူးလုပ်ခံရတာ။ သူ့ကို လုံးဝအားကောင်းပြီး ဖုံးကွယ်ထားတဲ့ဆရာကြီးလို့ ထင်ခဲ့တာ။ မင်းတို့သိတဲ့အတိုင်းပဲ။ သူက မိန်းမတွေဆီကနေ ရန်ပုံငွေရှာနေတဲ့အချစ်နတ်ဘုရားကလွဲလို့ ဘာကြီးမှမဟုတ်ဘူး။"

"...."

စုန့်ယွိယန်ပြောသည်ကလည်း မမှားပေ။ လျို့ချွမ်ဝူသည် အမှန်ပင် စောနက် လေလုံးထွားသွားခြင်းဖြစ်သည်။ ယွမ်သုန်ကျီဖြင့်ကတိပေးထားသည်မှာ ယွမ်အိမ်သို့လာ၍ ညစာစားရန်သာ ဖြစ်၏။ သူမ၏ဥယျာဉ်ကို ပြင်ခိုင်းခြင်းမဟုတ်ပေ။

"လာ ဟန်ဟန် အစ်မယန်က မင်းကို သုတေသနတက္ကသိုလ်နဲ့ ရင်းနှီးသွားအောင် လိုက်ပြမယ်။ အခုကစပြီး သုတေသနတက္ကသိုလ်က မင်းသင်ယူလေ့လာဖို့တွက် အဓိကနေရာဖြစ်သွားပြီ။"

စုန့်ယွီယန်သည် ထိုသို့ပြော၍ ရှန်ချင်းဟန်ကို လက်ဆွဲခေါ်သွားသည်။ လင်းဇီချန်ကမူ နောက်မှ လိုက်ပါလာ၏။

....

ရုံးခန်းထဲသို့ ပြန်ရောက်သောအခါတွင် လင်းဇီချန်သည် လျို့ချွမ်ဝူရုံးခန်းသို့သွားကာ စပ်စုစွာဖြင့် မေးလိုက်သည်။

"ကျောင်းအုပ် ကျွန်တော်သာ အဆင့်မြင့်အဆင့်ကို ဆင့်ကဲပြောင်းလဲနိုင်ရင် အားကောင်းတဲ့‌နောက်ခံကိုရှာနိုင်မယ်လို့ စောနက ပြောခဲ့တယ်လေ။ ဘယ်လိုနောက်ခံမျိုးကို ရှာရမှာလဲ။ ဒုသမ္မတထက်တောင်မှ အားကောင်းသေးတယ်လား။"

"မင်းယုံမှာတော့မဟုတ်ဘူး။ ဒါပေမဲ့လို့ ငါလည်း အဲ့ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမသိထားဘူး။"

လျို့ချွမ်ဝူက နှုတ်ခမ်းမွှေးကိုသပ်၍ ပြောလိုက်သည်။

"???"

လင်းဇီချန် တွေဝေသွားသည်။ အားကောင်းသောနောက်ခံကိုလိုချင်သော်လည်း အင်အားနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိထားသည်လော။

လင်းဇီချန်၏အမူအရာကိုကြည့်ကာ လျို့ချွမ်ဝူက အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။ လင်းဇီချန်ပြောသောနောက်ခံသည် လီမိသားစုမြေအောက်ခန်း၌ရှိသည့် ရှေးခေါင်းတလားထဲတွင် လဲလျောင်းနေသည်။ အပျက်အစီးများထဲမှ တူးဖော်ထားခြင်းဖြစ်ပြီး ခေါင်းတလားထဲမှအမျိုးသမီးကို တစ်ခါမှပင် မမြင်ဖူးပေ။ ခေါင်းတလားက ချိတ်ပိတ်ထားသောကြောင့် အဖုံးနှုတ်ခမ်းလောက်သာ ပွင့်နေသည်။ သူမသည် ကောင်းကင်လူသားအဖွဲ့အစည်းတည်ထောင်သူဖြစ်သောကြောင့် လင်းဇီချန်၏အားကြီးသောနောက်ခံဖြစ်လာမည်ဟု လျို့ချွမ်ဝူ ယုံကြည်ထားသည်။ ကောင်းကင်လူသားအဖွဲ့အစည်းကို တည်ထောင်သူအနေဖြင့် သူမ၏စွမ်းအား သေးလှမည်မဟုတ်ပေ။ အနည်းဆုံးတွင် သခင်အဆင့်ရှိနိုင်သည်။

မဟုတ်လျှင် ကောင်းကင်လူသားအဖွဲ့အစည်းကို မည်သို့တည်ထောင်နိုင်မည်နည်း။ ထိုအရာများသည် အပျက်အစီးများကြားမှရသောစာရွက်များနှင့်အကြွင်းအကျန်များမှတစ်ဆင့် သုံးသပ်ချက်များသာဖြစ်သည်။ လက်တွေ့တွင်မူ မည်သူမှသေချာမသိပေ။ လင်းဇီချန်က လျို့ချွမ်ဝူကိုကြည့်၍ မေးလိုက်ပြန်သည်။

"ကျောင်းအုပ် အားကောင်းတဲ့နောက်ခံဆိုတာ ဘယ်သူ့ကိုပြောတာလဲ။"

လျို့ချွမ်ဝူက ပြန်ဖြေလိုက်သည်။

"ကောင်းကင်လူသားအဖွဲ့အစည်းကိုတည်ထောင်သူ။"

"ကောင်းကင်လူသားအဖွဲ့အစည်းကို တည်ထောင်သူ?"

ထိုအဖြေကြောင့် လင်းဇီချန်အံ့အားသင့်သွားသည်။ အမြန်ပင် မေးလိုက်လေသည်။

"ကျောင်းအုပ် ကောင်းကင်လူသားအဖွဲ့အစည်းရဲ့ဒါရိုက်တာက ခင်ဗျားမဟုတ်ဘူးလား။"

"မဟုတ်ဘူး။"

လျို့ချွမ်ဝူက မုတ်ဆိတ်မွေးကိုသပ်လိုက်ရင်းဖြင့် ရှင်းပြလိုက်သည်။

"ငါက ကောင်းကင်လူသားအဖွဲ့အစည်းတည်ထောင်သူကို အပျက်အစီးတွေကြားထဲကနေ တူးခဲ့မိတဲ့ ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်သက်သက်ပဲ။"

ထိုရှင်းပြချက်ကြောင့် လင်းဇီချန် ကြောင်သွားသည်။ ထို့နောက်တွင် အမြန်ပင် မေးလိုက်ရသည်။

"ကျောင်းအုပ် ဘာကိုပြောချင်တာလဲ။"

လျို့ချွမ်ဝူက စားပွဲပေါ်မှ မက်ခွက်ကိုကောက်ကိုင်ပြီး လည်ချောင်းစိုစွတ်အောင် ဘယ်ရီသီးလက်ဖက်ရည်ကို သောက်လိုက်သည်။ ထို့နောက်မှ စတင်ရှင်းပြ၏။

"သွေးသန့်စင်ခြင်းကျင့်စဉ်ကို အပျက်အစီးတွေကြားထဲကနေ ရှာတွေ့ခဲ့တာ။ ဟိုးရှေးရှေးတုန်းက ကမ္ဘာမြေပေါ်က ရှေးခတ်တုန်းက ခန္ဓာကိုယ်ကို သန့်စင်တဲ့နည်းလမ်းပေါ့။ ဒီခန္ဓာကိုယ်သန့်စင်တဲ့နည်းလမ်းက ခုခေတ်မှာတော့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပေါ့။ ကမ္ဘာသားတွေကို ပိုပြီးအဆင့်မြင့်တဲ့သက်ရှိဖြစ်အောင် ဆင့်ကဲပြောင်းလဲပေးတဲ့လမ်းစဉ်ပေါ့။ ခန္ဓာကိုယ်သန့်စင်တဲ့ကျင့်စဉ်ရှိရင် ကျင့်ကြံခြင်းနည်းလမ်းနဲ့ဆင့်ကဲပြောင်းလဲတိုးတက်လာတဲ့အုပ်စုဆိုတာကလည်း သေချာပေါက်ရှိလာမှာပဲ။ အဲ့လိုအုပ်စုတွေစုပြီးတော့ ဆင့်ကဲပြောင်းလဲတာချင်းတူတော့ သူတို့ကို ဂိုဏ်း ဒါမှမဟုတ် ရှေးဟောင်းအဆက်အနွယ်လို့ ရည်ညွှန်းတယ်။ ကောင်းကင်လူသားအဖွဲ့အစည်းကို အဲ့ခေတ်တုန်းက အဲ့လိုခေါ်ကြတာ။ အပျက်အစီးတွေကြားကနေ ရှေးဟောင်းကြေးခေါင်းတလားတစ်လုံးကို ရှာတွေ့ခဲ့တယ်။"

"အဲ့ခေါင်းတလားထဲမှာ သက်ရှိလူသားတစ်ယောက်ရှိနေတယ်။"

"မိန်းမတစ်ယောက်ပဲ။ ကောင်းကင်လူသားအဖွဲ့အစည်းတည်ထောင်သူလို့ ယူဆလို့ရတဲ့မိန်းမတစ်ယောက်ပေါ့။ အခု အဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က အားနည်းတော့ သတိလစ်နေတဲ့အခြေအနေမျိုးမှာပဲ။ အဲ့အခြေအနေမဖြစ်ခင်ကတော့ သူက ငါ့ကို သွေးသန့်စင်ခြင်းကျင့်စဉ်နဲ့ပက်သက်ပြီး အခြေခံကျတဲ့အချက်အလက်တွေကို သင်ပေးခဲ့တယ်။"

"ငါ့ရဲ့သွေးသန့်လူသားခန္ဓာကိုယ်နဲ့သာဆိုရင် အဆင့်မြင့်သက်ရှိအဆင့်ထိ ဖြစ်နိုင်ပြီး ကြေးခေါင်းတလားထဲကို ချီသွေးစွမ်းအားဓာတ်ထည့်ပေးရင် သူ့ကို ချိတ်စည်းဖွင့်ပေးနိုင်မယ်ပြောတယ်။ ဒါပေမဲ့လို့ ငါက သွေးသန့်လူသားလမ်းစဉ်ကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပေမဲ့လို့ အခြေခံနဝမအဆင့်မှာပဲ ပိတ်မိနေတယ်။"

လျို့ချွမ်ဝူက လင်းဇီချန်၏မျက်လုံးများကို ကြည့်၍ ပြောလိုက်သည်။

"ငါလက်လျော့ခါနီးမှာပဲ မင်းပေါ်လာခဲ့တယ်။"

All Chapters