← Chapters

အပိုင်း ၃၁၉-၃၂၁

Vol. 22 Ch. 319-321

အပိုင်း ၃၁၉-၃၂၁

Vol. 22 Ch. 319-321

အခန်း (၃၁၉) - ပိုင်ရွှယ်က ဂြိုလ်သားလား (၂)

"ကျွန်မရှက်နေတာမဟုတ်ပါဘူး..."

ရှန်ချင်းဟန်က ဖျော့တော့သောလေသံဖြင့် ပြောလိုက်သည်။ သူမသည် ရှက်နေခြင်းမဟုတ်သော်လည်း လှပသောမျက်နှာလေးက နီရဲနေရှာသည်။ အရေပြားက ပါးသောကြောင့် အနည်းငယ်မျှရှက်လျှင်ပင် နီရဲသွားကာ ကျောင်းအုပ်ယွမ်က ထိုရင်ဘတ်အကြောင်းကို ဆက်မပြောရန် ဆုံးဖြတ်လိုက်သည်။ စိတ်ခံစားချက်အတက်အကျများလျှင် မျိုးရိုးဗီဇကျွန်ပြုခြင်းကို သက်ရောက်မည်စိုးသောကြောင့် ဖြစ်၏။ ပိုးသတ်ပြီးနောက်တွင် ယွမ်သုန်ကျီသည် ရေလိပ်ပြာမျိုးရိုးဗီဇပါဝင်သည့် ဆေးထိုးအပ်ယူကာ အပ်ဖျားဖြင့် ရှန်ချင်းဟန်၏ရင်ဘတ်ကို ချိန်၍ အသာပင် ထိုးသွင်းပေးလိုက်လေသည်။ စက္ကန့်ပိုင်းအတွင်းတွင် ရေလိပ်ပြားမျိုးစိတ်ကို ထိုးသွင်းပြီးဖြစ်သည်။ ထိုးသွင်းနေစဉ်တွင် ရှန်ချင်းဟန်သည် တိတ်တဆိတ်လှဲလျောင်းနေကာ မျက်မှောင်ပင် မကြုတ်မိပေ။

ယွမ်သုန်ကျီသည် ဆေးထိုးအပ်အလွတ်ကို ဘေးတွင် ပြန်ချထားလိုက်ပြီး ပြောလိုက်၏။

"မင်းမသက်မသာခံစားရရင် ချက်ချင်းပြော။ ကြိတ်ပြီးခံမနေနဲ့။"

"ဟုတ်ကဲ့ နားလည်ပါပြီ ဆရာ။"

ရှန်ချင်းဟန်က ပြန်ဖြေလိုက်သည်။

ယွမ်သုန်ကျီက ဘာမှမပြောတော့ဘဲ တိတ်တဆိတ်ဖြင့် ရှန်ချင်းဟန်၏ရင်ဘတ်ပေါ်သို့ လက်တင်ပြီး ဝိညာဉ်စွမ်းအားကို ဖြန့်ကျက်၍ ခန္ဓာကိုယ်တွင်းမှ မျိုးရိုးဗီဇကျွန်ပြုခြင်းကို စစ်ဆေးကြည့်သည်။ စစ်ဆေးနေစဉ်တွင် သူမ၏လက်ကပင် မနာလိုဖြစ်လာမိ၏။ တပည့်လေးသည် ဆင့်ကဲပြောင်းလဲခြင်းတွင် ပါရမီထူးသည်သာမက ခန္ဓာကိုယ်ပိုင်းကောက်ကြောင်းတွင်လည်း အထူးချီးကျူးစရာပင် ဖြစ်သည်။ လွန်ခဲ့သောလပိုင်းအတွင်းပင် ရင်ဘတ်က ပို၍ပြည့်လာပြီး အမှန်ပင် ပါရမီထူးသောလူမျိုး ဖြစ်၏။ တပည့်လေးက ကံကောင်းလှပေသည်။

....

မိနစ်အတော်ကြာပြီးနောက်တွင် ယွမ်သုန်ကျီသည် ရှန်ချင်းဟန်ရင်ဘတ်ပေါ်မှ လက်ကို ပြန်သိမ်း၍ ပြောလိုက်သည်။

"မျိုးရိုးဗီဇကျွန်ပြုခြင်းက အောင်မြင်သွားပြီ။ ရေလိပ်ပြာမျိုးစိတ်ကိုလည်းမင်းရဲ့မျိုးရိုးဗီဇက လုံးဝထိန်းချုပ်နိုင်လိုက်ပြီ။ အချိန်နည်းနည်းလောက်ကြာရင် ရေလိပ်ပြာမျိုးစိတ်ကို ထိန်းချုပ်နိုင်တဲ့အခါကျ ပုံရိပ်ယောင်ကျင့်စဉ်ကိုသုံးပြီး တိုက်ခိုက်လို့ရမလားဆိုတာကို စမ်းကြည့်လိုက်ပေါ့။"

"ဒါပေမဲ့လို့ မင်းကအတွေ့အကြုံမရှိသေးဘူး။ ရေလိပ်ပြာမျိုးစိတ်ကို ထိန်းချုပ်နိုင်တာက သူ့ရဲ့ပုံရိပ်ယောင်တိုက်ခိုက်တာကို အခြေခံအဆင့်ထိ သုံးနိုင်လိမ့်မယ်လို့ မဆိုလိုဘူး။ ပြီးတော့ မျိုးရိုးဗီဇဆိုတာက ရေလိပ်ပြာခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတစ်ခုလောက်ပဲ။ ရေလိပ်ပြာတစ်ကောင်လုံး မဟုတ်သေးဘူး။ မင်းက သူ့ရဲ့မျိုးရိုးဗီဇကိုပဲ ထိန်းချုပ်နိုင်မယ်။ ရေလိပ်ပြာကိုယ်တိုင်လောက်တော့ သူ့အစွမ်းတွေကို ကောင်းကောင်းအသုံးချနိုင်မှာ မဟုတ်သေးဘူး။"

"ဟုတ်ကဲ့ဆရာ။ ကျွန်မနားလည်ပါပြီ။"

ရှန်ချင်းဟန်က ခေါင်းညိတ်ပြ၍ ပြန်ဖြေလိုက်သည်။ သူမသည် ထိုသို့ပင် မရေမတွက်နိုင်အောင် ပြန်ဖြေပြီးဖြစ်သည်။ ' ဟုတ်ကဲ့ဆရာ ကျွန်မနားလည်ပါပြီ'ဆိုသောစကားသည်ပင် ယွမ်သုန်ကျီဖြင့်စကားပြောသည့်အခါ၌ သူမ၏ ရေပန်းစားသည့်စကားမျိုး ဖြစ်နေလေပြီ။ နောက်တွင်မူ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် ရုံးခန်းထဲတွင် နေနေကြပြီး ယွမ်သုန်ကျီနှင့်အတူ စကားပြောနေကြသည်။ မူလမြေအကြောင်း၊ ဂမ္ဘီရသစ်ပင်ဂိုဏ်းအကြောင်း၊ သွေးသန့်လူသားလမ်းစဉ်အကြောင်းနှင့် စိတ်ထဲပေါ်လာသမျှ ပြောဆိုနေကြလေသည်။

စကားပြောရသည့်ရည်ရွယ်ချက်သည် ရှန်ချင်းဟန်ကို နာရီဝက်စောင့်ခိုင်းကာ ခန္ဓာကိုယ်တွင်းမှ မျိုးရိုးဗီဇကျွန်ပြုခြင်းကို စောင့်ကြည့်ရန်ဖြစ်ကာ ရုတ်တရက်ပြောင်းလဲမှုများ ရှိမရှိကို သိချင်သောကြောင့် ဖြစ်၏။ စကားပြောနေသည့်အတောအတွင်းတွင်လင်းဇီချန်ကသာ ယွမ်သုန်ကျီဖြင့် အများဆုံးပြောသည်။ ရှန်ချင်းဟန်ကမူ ဘေးတွင်ထိုင်ကာ ခန္ဓာကိုယ်တွင်းမှ ရေလိပ်ပြာမျိုးစိတ်ကို ဝိညာဉ်စွမ်းအားဖြင့် ဟိုဟိုဒီဒီလုပ်ကြည့်နေသည်။ အသက်သွင်းသည်၊ ငြိမ်စေသည်၊ အသက်ပြန်သွင်းသည်၊ ပြန်ငြိမ်ခိုင်းသည် ....။

ထိုအချိန်တွင်မူ လင်းဇီချန်က ‌မေးခွန်းမေးနေသည်။

"ကျောင်းအုပ်ယွမ် မူလမြေက တပည့်အကြောင်းကို ပြောပြပါ့လား။ သူ့အကြောင်းကို အတော်လေးသိချင်မိသား။"

သူမသည် ဂြိုလ်သားပါရမီရှင်အတန်း၏စာရင်းတွင် လော့ချန်းရွှယ်၏တိုက်ပွဲမှတ်တမ်းကို မြင်မိသောကြောင့် ရှန်ချင်းဟန်၏ဆရာတူအစ်မအကြောင်းကို သိချင်လာသည်။ ရှန်ချင်းဟန်၏ဆရာတူအစ်မက မည်မျှအားကောင်းသဖြင့် အသက် (၁၉) နှစ်ဖြင့် အဆင့်မြင့်ပဥ္ဇမအဆင့်ကို အနိုင်ယူလိုက်သည်ကို သိချင်မိသည်။

ယွမ်သုန်ကျီက ကုလားထိုင်တွင်ထိုင်၍ ခုံပေါ်မှ ကော်ဖီကိုသောက်ကာ မေးလိုက်သည်။

"ဂြိုလ်သားပါရမီရှင်အတန်းစာရင်းမှာ သူ့ရဲ့တိုက်ပွဲမှတ်တမ်းကိုတွေ့လိုက်လို့ သူ့အကြောင်းသိချင်တာလား။"

လင်းဇီချန်က ပြန်ဖြေလိုက်သည်။

"ကျောင်းအုပ်ယွမ်ခန့်မှန်းတဲ့အတိုင်းပါပဲ။"

ယွမ်သုန်ကျီက ကော်ဖီခွက်ကိုချထားပြီး ပြန်စဉ်းစားကြည့်နေသည်။

"တကယ်တော့ ငါလည်း အကြီးဆုံးတပည့်နဲ့ပက်သက်ပြီး အများကြီးမသိထားဘူး။"

"သူ့ကို လွန်ခဲ့တဲ့ (၁၁) နှစ် မူလမြေက နှင်းတောင်ပေါ်မှာ ရှာတွေ့ခဲ့တာ။ အဲ့တုန်းက သူက အသက်ရှစ်နှစ်ပဲရှိသေးတယ်။ သစ်ပင်အောက်လေးမှာ တုန်ယင်နေပြီး အသက်တောင်မနည်းရှုနေရတာ။ နှုတ်ခမ်းတွေကမည်းပြီး အ‌ရေပြားကလည်း ဖျော့တော့နေတာ။ အဆိပ်မိထားတဲ့ပုံပဲ။ သူ့ကြည့်ရတာ အသက်မရှင်တော့ဘဲ မကြာခင်သေတော့မဲ့ပုံမျိုးပေါက်နေခဲ့တာ။"

"သူ့ရဲ့ သနားစရာပုံကိုတွေ့လို့ ငါလည်း စိတ်ကူးပြောင်းပြီး သူ့ကို ကယ်ပြီး ခေါ်လာခဲ့တာ။"

"သူနဲ့အတူအချိန်ဖြုန်းကြည့်ပြီး သူက အတော်လေးအသိတရားရှိတာကိုတွေ့လို့ တပည့်အဖြစ် ပျိုးထောင်ပေးခဲ့တာ။ သုံးလလောက် သူ့ကို ပျိုးထောင်ပေးပြီးတော့ ငါလည်း ကမ္ဘာကို ပြန်ရမဲ့အချိန်ရောက်ပြီမလို့ သူ့ကို မူလမြေက အခြေစိုက်စခန်းတစ်ခုမှ ထားခဲ့လိုက်တ။ အဲ့ကနေစပြီး သူကအဲ့မှာပဲနေတာ။"

"နောင်ကျမှ သူ့ဆီသွားလည်ပြီး လက်ဆောင်လေးဘာလေးယူသွားရမယ်။ သူ့ရဲ့နောက်ကြောင်းကတော့ ငါလည်းမသိဘူး။ သူ့ကို မေးလိုက်တိုင်း ခေါင်းခါပြပြီး ဘာမှမမှတ်မိဘူးလို့ပဲပြောတာ။ ကြည့်ရတာ အတိတ်မေ့သွားပုံပဲ။ဂ

"...."

လော့ချန်းရွှယ်က မူလမြေမှ ကောက်ရထားသည်လော။ ထိုအချက်ကို လင်းဇီချန်အတော်လေးအံ့ဩသင့်သွားကာ တစ်ခုခုကိုတွေးမိသဖြင့် မေးလိုက်မိသည်။

"ကျောင်းအုပ်ယွမ် စီနီယာတပည့်က ဂြိုလ်သားလူသားအဆင့်သက်ရှိများလား။"

"အင်း သူက ဂြိုလ်သားပဲလေ။"

ထိုသို့ပြောပြီးနောက်တွင် ယွမ်သုန်ကျီက ထပ်ပြောလိုက်သည်။

"သူက ဂြိုလ်သားဖြစ်နေလို့ မူလမြေကကင်းစခန်းမှာ စောင့်ကြည့်ပြီးထားထားရတာ။ ကမ္ဘာမြေကို လာလို့မရဘူး။"

"ဂြိုလ်သားက ကမ္ဘာကို လာလို့မရဘူးလား။"

"လာလို့မရဘူး။ သူရဲ့ဂြိုလ်သားအဆင့်အတန်းက အရမ်းထူးခြားနေတယ်။ သူ့ကို ကမ္ဘာကိုဝင်ခွင့်ပြုဖို့က မဖြစ်နိုင်ဘူး။"

ထိုအဖြေကို ကြားသောအခါတွင် လင်းဇီချန်တစ်ယောက် အတွေးပင်လယ်ထဲတွင် မျောပါသွားသည်။ ဂြိုလ်သားများက ကမ္ဘာမြေသို့ လာ၍မရလျှင် လော့ချန်းရွှယ်သည် မူလတန်းကျောင်းဒုတိယတန်းမှ ကျောင်းပြောင်းလာသောကျောင်းသူ ပိုင်ရွှယ်နှင့် အတူတူမဟုတ်ဟု ဆိုလိုသည်လော။သို့သော် နှစ်ဦးက လွန်စွာမှဆင်လွန်းသည်။ နာမည်တွင်လည်း နှင်းဟုအဓိပ္ပာယ်ရသောရွှယ်စကားလုံးပါနေသည်။ နှစ်ယောက်လုံးက ဆံပင်များ ဖြူနေသည်။ အသက်အရွယ်ကလည်း အတူတူပင်ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ပိုင်ရွှယ်သည် လွန်ခဲ့သော (၁၁)နှစ် အသက်ရှစ်နှစ်အရွယ်က ကျောင်းမှထွက်သွားကာ ယွမ်သုန်ကျီကလည်း လွန်ခဲ့သော (၁၁) နှစ် လော့ချန်းရွှယ် ရှစ်နှစ်တွင် ကောက်ရခဲ့ခြင်းဖြစ်သည်။ တိုက်ဆိုင်လွန်းနေသည်မဟုတ်လော။ ထိုသို့စဉ်းစားကြည့်လိုက်လျှင် ပိုင်ရွှယ်သည် ကျောင်းမှထွက်၍ မူလမြေသို့ သွားသည်မဟုတ်ပါလော။

ပိုင်ရွှယ်ကို ကျောင်းထုတ်ရန်လာသောသူသည် စက်ပြုပြင်လူသားဖြစ်သည်ကို လင်းဇီချန် ရှင်းလင်းစွာ မှတ်မိသေးသည်။ ထူးဆန်းသည်မှာ ၎င်းတို့သည်သာ မူလမြေသို့ ဦးတည်သွားပါလျှင် အဘယ့်ကြောင့် ကျောင်းထုတ်သည့်လုပ်ငန်းစဉ်ကို လုပ်နေရသနည်း။ မလိုအပ်သောလှုပ်ရှားမှုသက်သက်သာ ဖြစ်နေသည်။

စည်းမျဉ်းများကို လိုက်နာရန် လိုအပ်သည်လော။

စက်ပြုပြင်လူသားကလည်း မူလမြေသို့ မသွားနိုင်ပေ။ လော့ချန်းရွှယ်သာ ပိုင်ရွှယ်ဖြစ်လျှင် သူမကို လာခေါ်သည်မှာ စက်ပြုပြင်လူသားမဟုတ်ဘဲ သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူသာ ဖြစ်သင့်ပေသည်။ ထို့အပြင် ပိုင်ရွှယ်ကသာ လော့ချန်းရွှယ်ဖြစ်နေလျှင် သူမကဲ့သို့ ဂြိုလ်သားက အဘယ့်ကြောင့် မူလတန်းကျောင်း လာတက်နေရသနည်း။ ကမ္ဘာမြေသို့လာပြီး ကျောင်းလာတက်ရသည့်ရည်ရွယ်ချက်က ဘာဖြစ်မည်နည်း။ မူလမြေမှ ချမ်းသာသောမြေခွေးမိန်းကလေးမူ ကမ္ဘာမြေသို့ စည်းစိမ်ခံစားရန် ရောက်လာသည်မဟုတ်ပါလော။

များစွာစဉ်းစားနေမိကာ အဓိပ္ပာယ်မရှိဟုသာ ထင်မိသည်။ လင်းဇီချန်က စဉ်းစားသည်ကို ရပ်လိုက်ပြီး ပိုင်ရွှယ်နှင့် လော့ချန်းရွှယ်တူသည့်ကိစ္စကို ဆက်ခေါင်းခဲမခံတော့ပေ။

ယွမ်သုန်ကျီက ရှန်ချင်းဟန်ကိုကြည့်၍ ပြောလိုက်သည်။

"အရင်တုန်းက မင်းတို့မူလတန်းကျောင်းမှာ စီနီယာအစ်မနဲ့တူတဲ့ကျောင်းသားတစ်ယောက် ရှိတယ်လို့ ပြောခဲ့ဖူးတယ်မလား။ မင်းစီနီယာအစ်မက အဲ့ကျောင်းသားလို့ သံသယဝင်နေတာမလား။"

"မဖြစ်နိုင်ဘးလို့ပြောခဲ့တာက မင်းစီနီယာအစ်မက ဂြိုလ်သားဖြစ်နေလို့လေ။ သူက ကမ္ဘာမြေမှာ ပေါ်မလာနိုင်ဘူး။"

"သူတို့က အရမ်းတူတယ်လို့ ထင်ရတဲ့အကြောင်းက နှစ်ယောက်လုံးက ဆံပင်ဖြူပြီး အဲ့တုန်းက မင်းတို့လည်းငယ်တော့ သေချာမမှတ်မိလောက်ဘူး။ အဲ့တာကြောင့် တစ်ယောက်တည်းလို့ပဲ ထင်နေတာ။"

"...."

ထိုစကားကို ကြားသည့်အခါတွင် ရှန်ချင်းဟန်က ခေါင်းညိတ်ပြလိုက်သည်။

"အဲ့လိုဆို ကျွန်မ အမှတ်မှားတာဖြစ်မှာပါ။"

လင်းဇီချန်ကမူ အတွေးထဲတွင် နစ်မျောနေဆဲဖြစ်၏။မြေခွေးမိန်းကလေးသာ ကမ္ဘာမြေလာနိုင်ပါလျှင် ဂြိုလ်သားကလည်း မလာနိုင်စရာအကြောင်းမရှိပေ။ ပိုင်ရွှယ်က လော့ချန်းရွှယ်ဖြစ်နိုင်သည်။ သို့သော်လည်း ထိုသို့သာဆိုလျှင် သူမသည် အဘယ့်ကြောင့် မူလတန်းကျောင်းလာတက်၍ ရုတ်တရက်ကြီးကျောင်းထွက်ကာ ပြန်သွားရသနည်း။

ထားပါလေ....ထိုအကြောင်းက စဉ်းစားနေရန် မလိုပေ။

သူမသည် ဒုတိယတန်းမှအတန်းဖော်ဖြစ်ခဲ့ကာ လော့ချန်းရွှယ်ဟုတ်မဟုတ် ဂြိုလ်သားဟုတ်မဟုတ်က အရေးမကြီးပေ။ ထိုအကြောင်းနှင့်ပက်သက်၍ အချိန်ဖြုန်းကာ စဉ်းစားနေစရာမလိုပါပေ။

အခန်း (၃၂၀) - မာရှိဝေက သွေးသန့်လူသားလမ်းစဉ်လိုက်ချင်နေတယ်

ရုံးခန်းထဲတွင် နှစ်နာရီခန့်နေပြီးနောက်တွင် လင်းဇီချန်သည် ပြန်ချိန်တန်ပြီဟု ထင်သောကြောင့် ရှန်ချင်းဟန်ကိုခေါ်၍ အိမ်သို့ ပြန်သွားကြသည်။ နှစ်ဦးသား ထွက်သွားပြီးနောက်တွင် ယွမ်သုန်ကျီက ဖုန်းထုတ်ကာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ ကျောင်းအုပ်မာကျန်းဟယ်ထံ ဖုန်းဆက်လိုက်သည်။ ရှန်ချင်းဟန်သည် သွေးသန့်လူသားလမ်းစဉ်ကို လျှောက်နေကြောင်းရှင်းပြကာ မနက်ဖြန်ကစ၍ သူမသည် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ကျောင်းသားမဟုတ်တော့ဘဲ ကောင်းကင်လူသားအဖွဲ့အစည်း၏ကျောင်းသား ဖြစ်သွားတော့မည်ဖြစ်ကြောင်း ပြောပြလေသည်။ အိမ်၌ထိုသတင်းကို ကြားလိုက်ရသောမာကျန်းဟယ်သည် လုံးဝင်ပင် ကြောင်အမ်းသွားရှာသည်။

အတော်ကြာမှပြန်အသိဝင်လာကာ အံ့ဩတုန်လှုပ်စွာဖြင့် မေးလိုက်၏။

"ချင်းဟန်က ဆင့်ကဲပြောင်းလဲသူပါ။ ဘယ်လိုလုပ် သွေးသန့်လူသားဖြစ်ရတာလဲ။ ဘာတွေဖြစ်နေတာလဲ။"

"ချင်းဟန်က သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူမဟုတ်ဘဲ မျိုးရိုးဗီဇကျွန်ပြုသူ ဖြစ်နေတာပဲ။"

ယွမ်သုန်ကျီက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"မျိုးရိုးဗီဇကျွန်ပြုသူတဲ့လား။ ဘာကို ဆိုလိုတာလဲ။"

မာကျန်းဟယ်က မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်သည်။

"ကျောင်းအုပ်ယွမ် ငါတော့ နားမလည်တော့ဘူး။ သေချာလေးရှင်းပြပေးလို့ရမလား။"

ယွမ်သုန်ကျီက ရှင်းပြလိုက်လေသည်။

"ဆန်းကြယ်သားရဲမျိုးစိတ်ကို ရှန်ချင်းဟန်ခန္ဓာကိုယ်ထဲ ထိုးထည့်လိုက်ရင် သူ့ရဲ့မျိုးရိုးဗီဇနဲ့ မပေါင်းသွားဘဲ အဲ့အစား ကျွန်ပြုခံလိုက်ရတာကို ဆိုလိုတာပါ။"

သူမသည် ရှန်ချင်းဟန်၏လျှို့ဝှက်ချက်ကို အချက်အလက်တစ်ခုပင် မဖုံးကွယ်ဘဲ မာကျန်းဟယ်ကို ပြန်လည်ဝေမျှလိုက်သည်။

ရှန်ချင်းဟန်သည် ဂြိုလ်သားပါရမီရှင်အတန်းတွင် နာမည်ပါလာသောကြောင့် ကျောင်းဖွင့်သည်နှင့် သူမ၏စွမ်းအားများကို ထုတ်ပြရန်လိုလာပေသည်။ ထို့ကြောင့် သူမ၏စွမ်းအားများကို ဖုံးကွယ်ထားစရာမလိုတော့ပေ။

ရှန်ချင်းဟန် လုပ်ရန်လိုအပ်သည်မှာ သူမသည် သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူကဲ့သို့ စွမ်းအားများရနိုင်သော ထူးခြားသည့်ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိသည့် သွေးသန့်လူသားတစ်ဦးသာဖြစ်ကြောင်း ပြသရန် ဖြစ်၏။ သူမသည် ဂြိုလ်သားပါရမီရှင်အတန်းတွင် ပါနိုင်လျှင် ပို၍ကောင်းသောဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များကို ရနိုင်မည်ဖြစ်သည်။

....

နာရီဝက်ခန့်ကြာသည်အထိ မာကျန်းဟယ်သည် ရှန်ချင်းဟန်ကိစ္စကို ယွမ်သုန်ကျီဖြင့် ဆက်လက်ဆွေးနွေးနေသည်။ ဖုန်းချပြီးနောက်တွင်မူ မာကျန်းဟယ်သည် ဧည့်ခန်းထဲမှ ဆိုဖာခုံတွင်ထိုင်ကာ တွေဝေနေသောမျက်နှာထားဖြင့် အစစ်အမှန်မဟုတ်ဟုသာ ခံစားနေရသည်။

မျိုးရိုးဗီဇကျွန်ပြုခြင်း

ထိုသို့ထူးခြားသောဖြစ်တည်မှုမျိုး ရှိသေးသလား။

မဖြစ်နိုင်ပေ။ မိမိကိုယ်တိုင် သွေးသန့်လူသားသုတေသနဌာနသို့ ကိုယ်တိုင်သွား၍ ကြည့်ရပေမည်။ တွေးနေရင်းဖြင့် မာကျန်းဟယ်က မိမိဘာသာ ညည်းတွားလိုက်မိသည်။

"အဘိုးကြီးလျို့ချွမ်ဝူ တကယ်ကို ကံကောင်းတယ်။ တစ်ခါတည်းနဲ့ ထိပ်တန်းအဆင့်ပါရမီရှင်နှစ်ယောက်ကို အမိဖမ်းလိုက်နိုင်တယ်။ အော်ဂလီဆန်ဖို့ကောင်းလိုက်တာ။"

ပြောပြီးနောက်တွင် ရေချိုးပြီးကာစဖြစ်သော မာရှိဝေက ရေချိုးခန်းထဲမှ ထွက်လာသည်။ မာကျန်းဟယ်တစ်ယောက် ပွစိပွစိပြောနေသည်ကို ကြားသောကြောင့် သိချင်စိတ်ပြင်းပျစွာဖြင့် မေးလိုက်လေသည်။

"အဖေ ကျောင်းအုပ်လျို့က ထိပ်တန်းအဆင့်ပါရမီရှင်နှစ်ယောက်ကို လုယူသွားတယ်ဆိုတာ ဘာလဲ။"

မာကျန်းဟယ်က သူမကို ပြောပြလိုက်၏။

"စောနကပဲ ကျောင်းအုပ်ယွမ်က ဖုန်းခေါ်တယ်။ မင်းရဲ့အတန်းဖော် ရှန်ချင်းဟန်က သွေးသန့်လူသားမလို့ သူက ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ကထွက်ပြီး ကောင်းကင်လူသားအဖွဲ့အစည်းထဲ ဝင်တော့မလို့တဲ့။"

"ဟမ်"

မာရှိဝေ အံ့အားသင့်သွားသည်။ သဘောပေါက်သွားပြီးနောက်တွင်မူ သူက ပြောလိုက်လေသည်။

"ရှန်ချင်းဟန်က သွေးသန့်လူသားပါလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ။ အရင်ကတော့ သူ ဆန်းကြယ်သားရဲမျိုးစိတ်ကို သုံးတာ တစ်ခါမှမမြင်ဖူးဘူး။ ဒါပေမဲ့လို့ သူက ဆင့်ကဲပြောင်းလဲသူပါ။"

မာကျန်းဟယ်က ရှင်းပြလိုက်သည်။

"ကျောင်းအုပ်ယွမ်ပြောတာတော့ သူက သွေးမျိုးဆက်ဆင့်ကဲပြောင်းလဲသူမဟုတ်ဘဲ မျိုးရိုးဗီဇကျွန်ပြုသူတဲ့။ သူ့ထဲကို ဆန်းကြယ်သားရဲမျိုးစိတ် ထိုးပေးလိုက်ရင် ပေါင်းစပ်မသွားဘဲ သူ့မျိုးရိုးဗီဇရဲ့ ကျွန်ပြုတာကို ခံလိုက်ရတယ်တဲ့။"

"တကယ်ကြီး အဲ့လိုမျိုးလား။"

မာရှိဝေကမူ တွေဝေနေရှာသည်။ သူမရှေ့မှ မာကျန်းဟယ်လည်း စဉ်းစားမရဖြစ်နေကာ သွေးသန့်လူသားလမ်းစဉ်၏အနာဂတ်ကို စဉ်းစားနေမိသည်။ ထိုသူများ၏ တိုက်ခိုက်နိုင်စွမ်းကလည်း မြင့်မားလှသည်။ သခင်အဆင့်တိုက်ခိုက်သူများကိုပင် ပြန်တိုက်နိုင်သည်။ ထို့ကြောင့် ဂမ္ဘီရသစ်ပင်ဂိုဏ်းက လင်းဇီချန်ကို မျက်စိကျနေခြင်းဖြစ်ပေမည်။ ယခုတွင်မူ ကျောင်းဖွင့်ရန်သာရှိသေးသော်လည်း ယွမ်သုန်ကျီက ရှန်ချင်းဟန်ကို ကောင်းကင်လူသားအဖွဲ့အစည်းဘက်သို့ ပြောင်းပေးလိုက်သည်။ ထိုအပြုအမူများအားလုံးက သွေးသန့်လူသားလမ်းစဉ်သည် မရိုးရှင်းဟု ဆိုလိုခြင်းပင် ဖြစ်၏။ နောင်တွင် သွေးသန့်လူသားသုတေသနတက္ကသိုလ်မှလူအချို့ကို သေချာစောင့်ကြည့်ရန် လိုပြီဖြစ်သည်။ မာကျန်းဟယ်က ထိုသို့စဉ်းစားမိခြင်း ဖြစ်၏။ မိမိရှေ့မှ မာရှိဝေကလည်း အတူတူပင် စဉ်းစားမိသည်။

ခေတ္တမျှတွန့်ဆုတ်နေပြီးနောက်တွင် သူမက မာကျန်းဟယ်ကို ပြောလိုက်သည်။

"အဖေ သမီးခန္ဓာကိုယ်ထဲ ဆန်းကြယ်သားရဲမျိုးစိတ်ကို ဖယ်ချင်တယ်"

ထိုစကားကို ကြားသောအခါတွင် မာကျန်းဟယ်က မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘာတွေစဉ်းစားနေတာလဲ။ မင်းလည်း ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ပြီး သွေးသန့်လူသားလမ်းစဉ်လျှောက်ချင်တယ်လို့ ငါ့ကိုမပြောနဲ့။"

မာရှိဝေက နှုတ်ခမ်းလေးဆူ၍ ပြန်ပြောလိုက်သည်။

"အဖေ လင်းဇီချန်ရဲ့အရည်အချင်းနဲ့ သူ့ကို ဂမ္ဘီရသစ်ပင်ဂိုဏ်းက စိတ်ဝင်စားတာကိုပဲကြည့်လေ။ သွေးသန့်လူသားလမ်းစဉ်က အဲ့လောက်မှမရိုးရှင်းဘဲ။ အခုပြောင်းလိုက်ရင် နောင်ထင်ပေါ်ကျော်ကြားလာတဲ့အခါကျရင် သမီးက အခြားသူတွေထက် ခြေတစ်လှမ်းသာနေမှာမလား။"

မာကျန်းဟယ်က သမီးဖြစ်သူကို ငေါက်လိုက်ရသည်။

"မာရှိဝေ နင်ဘာတွေစဉ်းစားနေတာလဲ။ ခန္ဓာကိုယ်ထဲကနေ ဆန်းကြယ်သားရဲမျိုးစိတ်ဖယ်တာက ဘယ်လောက်တောင်ထိခိုက်စေနိုင်လဲဆိုတာသိလား။ မင်းအသက်ကိုတောင်ထိခိုက်စေနိုင်တယ်။"

ထိုသို့ပြောပြီးနောက်တွင်မူ လေသံမာသွားသည်ကို သိသောကြောင့် သိမ်မွေ့စွာ ဆုံးမလိုက်သည်။

"ဝေဝေ သေချာစဉ်းစားဦး။ လင်းဇီချန် ထူးချွန်တာက သွေးသန့်လူသားလမ်းစဉ်ကြောင့်တိုးတက်တာလား မဟုတ်ရင် သူ့အရည်အချင်းကြောင့်လို့ ထင်လား။"

"သွေးသန့်လူသားလမ်းစဉ်ကသာ တကယ်အားကောင်းတယ်ဆိုရင် ဒီလောက်နှစ်တွေကြာတဲ့အထိ စုတ်ပြတ်နေရတာလဲ။"

"ပြီးတော့ လင်းဇီချန်က ဘယ်လောက်ပဲ စွမ်းဆောင်နိုင်နိုင် သူက ခုထိ အခြေခံသက်ရှိအချုပ်အနှောင်ထဲကနေ မရုန်းထွက်နိုင်သေးဘူးလေ။"

"သူက သွေးသန့်လူသားခန္ဓာကိုယ်နဲ့ အဆင့်မြင့်အဆင့်သက်ရှိအဖြစ် ဆင့်ကဲမပြောင်းလဲနိုင်ရင် သွေးသန့်လူသားလမ်းစဉ်ရဲ့အနာဂတ်က ပြောစရာကိုမရှိဘူး။"

"မင်းစိတ်ငြိမ်ငြိမ်ထားပြီး စိတ်မယိုင်သွားစေနဲ့။ နားလည်လား။"

"...."

မာရှိဝေကမူ မာကျန်းဟယ်၏မျက်လုံးများကိုကြည့်၍ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့လို့ လင်းဇီချန်သာ သွေးသန့်လူသားခန္ဓာကိုယ်နဲ့ အခြေခံသက်ရှိအချုပ်အနှောင်ကို ဖြတ်ကျော်နိုင်ပြီး အဆင့်မြင့်သက်ရှိအဖြစ် အောင်အောင်မြင်မြင်နဲ့ ဆင့်ကဲပြောင်းလဲသွားမယ်ဆိုရင်ရော။"

ထိုအခါတွင် မာကျန်းဟယ်က တွန့်ဆုတ်ခြင်းမရှိ ပြန်ဖြေလိုက်သည်။

"သူလုပ်နိုင်တယ်ဆိုရင် အခြားသူတွေလည်း လုပ်နိုင်မယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။ သွေးသန့်လူသားလမ်းစဉ်ကသာ အချိန်တိုအတွင်း အဆင့်မြင့်သက်ရှိအများကြီးကို မွေးထုတ်ပေးနိုင်မယ်ဆိုရင် မင်းအဲ့လိုလုပ်ဖို့ စဉ်းစားနေစရာကို မလိုဘူး။"

"သမီးနားလည်ပါပြီ အဖေ။ နောက်ကျနေပြီ။ အိပ်တော့မယ်။ အဖေလည်း စောစောအိပ်ရာဝင်ပါတော့။"

မာရှိဝေက ထိုသို့ပြောကာ ထွက်သွားလေ၏။

အခန်း (၃၂၁) - မာရှိဝေက သွေးသန့်လူသားလမ်းစဉ်လိုက်ချင်နေတယ် (၂)

ထိုစကားကို ပြောပြီးနောက်တွင် မာရှိဝေသည် အပေါ်ထပ်ရှိ သူမအခန်းသို့ ပြန်သွားကာ ဖခင်ဖြစ်သူနှင့် သွေးသန့်လူသားလမ်းစဉ်ကိစ္စကို ဆက်မဆွေးနွေးတော့ပေ။ မာကျန်းဟယ်သည် ရှေးရိုးစွဲကာ အစွန်းရောက်ခြင်းမျိုးမူ မရှိပေ။ သူမသည် ပုံမှန်အားဖြင့် ဖခင်ဖြစ်သူနှင့် စကားများများစားစား ပြောလေ့မရှိပေ။

....

နောက်တစ်နေ့ မနက် မနက်ခင်းအရုဏ်တက်ချိန်တွင် ဖြစ်၏။ ရှန်ဟိုင်းတက္ကသိုလ် မိသားစုအိမ်ရာ၌ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ အိပ်ရာထလာကြသည်။

"ရှောင်ချန် အဲ့လောက် အစောကြီးထစရာမလိုဘူးမလား။ ဒီတိုင်းလေး အိပ်ရာထဲမှာ ကြာကြာလေးထပ်လှဲနေရအောင်ပါ။"

လင်းဇီချန်သည် မျက်လုံးပွင့်ပွင့်ချင်းပင် အိပ်ရာမှထမည်ကို မြင်သောကြောင့် ရှန်ချင်းဟန်က လက်မောင်းကိုဆွဲ၍ ပြောလိုက်သည်။ လင်းဇီချန်သည် သူမ၏ချွဲနွဲ့နေသောအမူအရာလေးကိုကြည့်ပြီး ပြန်လှဲနေရန် ဆုံးဖြတ်လိုက်၏။

"ရှောင်ချန်က တော်လိုက်တာ။ ရော ဒီမှာ ဆုအနေနဲ့ မနက်ခင်းအနမ်းလေး။"

ရှန်ချင်းဟန်သည် လင်းဇီချန်မျက်နှာနားသို့ငုံ့ကာ နှုတ်ခမ်းထက်တွင် အကြင်နာပေးလိုက်သည်။ ဆယ်မိနစ်ခန့်ကြာပြီးနောက်မှ နမ်းနေသည်က ရပ်သွားကြသည်။

"ရှောင်ချန် မနက်ခင်းအနမ်းအပြင် အခြားဆုတွေလည်း ရှိသေးတယ်။"

"ဘာဆုလဲ။"

လင်းဇီချန်က ပြုံး၍ မေးလိုက်လေသည်။

ရှန်ချင်းဟန်ကမူ ပြန်မဖြေဘဲ ပြုံး၍သာ အမြန်ပင် စောင်အောက်၌ တိုးဝှေ့ပူးကပ်လိုက်သည်။ လင်းဇီချန်ကမူ တိတ်ဆိတ်နေကာ မျက်လုံးမှိတ်၍ ဇိမ်ခံနေ၏။ အချိန်မည်မျှကုန်သွားသည်ကို မသိ‌တော့ပေ။ ပြတင်းပေါက်အပြင်ဘက်တွင် လင်းနေပြီဖြစ်၏။ ထိုအခါမှသာ ရှန်ချင်းဟန်လည်း အိပ်ရာမှထ၍ လင်းဇီချန်ဖြင့် အတူ ထပေတော့သည်။ သူမသည် ရေချိုးရန် ရေချိုးခန်းသို့ိသွားကာ လင်းဇီချန်ကမူ သွားတိုက်သည်။ ဧည့်ခန်းထဲတွင် မနက်စာအတူစားကြပြီးနောက် အတွင်းကျောင်းဝန်းသို့သွားကြကာ ကျန်းဝမ်ရှင်းက လိုက်ပို့ပေးသည်။

အတွင်းကျောင်းဝန်းသို့ ဝင်ပြီးနောက်တွင် လင်းဇီချန်သည် သုတေသနတက္ကသိုလ်ဘက်သို့ ထွက်သွားပြီး သူမကမူ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်ဆီသို့သွားသည်။ အစက ရှန်ချင်းဟန်သည် သုတေသနတက္ကသိုလ်သို့ အတူတူသွားချင်လေသည်။ သို့သော်လည်း ကျောင်းဖွင့်သည့်ပထမရက်တွင် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့သွား၍ အတန်းဖော်များကို နှုတ်ဆက်သင့်ကြောင်း၊ စာသင်နှစ်ဝက်တစ်ခုလုံးကို အတူကုန်ဆုံးခဲ့ကြသောအတန်း‌ဖော်များအပေါ်တွင် မနှုတ်ဆက်လျှင် အေးစက်သည်ဟု ခံစားနိုင်ကြောင်း လင်းဇီချန်က အကြံပေးသောကြောင့်ဖြစ်၏။ ရှန်ချင်းဟန်ကလည်း အဓိပ္ပာယ်ရှိသည်ဟု ထင်သောကြောင့် လင်းဇီချန်အကြံကိုနားထောင်ကာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့သွား၍ အတန်းဖော်များကို သွားနှုတ်ဆက်လေသည်။

....

ငါးမိနစ်ခန့်ကြာပြီးနောက်တွင် ရှန်ချင်းဟန်သည် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်သို့ရောက်ကာ ပထမထပ်အလယ်ရှိ စာသင်ခန်းကြီးထဲသို့ ဝင်သွားသည်။ ယနေ့သည် စာသင်နှစ်ဝက်၏ပထမဆုံးနေ့ဖြစ်သည်။ ရှန်ဟိုင်းတက္ကသိုလ်၏ ပါရမီရှင်အတန်း၏ထုံးစံအရ ပထမဆုံးသင်ခန်းသည် တွေ့ဆုံပွဲဖြစ်ကာ ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၏ အဓိကစာသင်ခန်းမကြီးတွင် လုပ်တတ်သည်။ ယခင်စာသင်နှစ်ဝက်မှအောင်မြင်မှုများကို အနှစ်ချုပ်၍ လက်ရှိစာသင်နှစ်ဝက်အတွက် ချမှတ်ထားသောပန်းတိုင်များအကြောင်းကို ပြောဆိုကြခြင်းဖြစ်သည်။

"ညီမလေးဟန် ဒီနေ့ ဘာအကြောင်းပြောမှာလဲ။"

ရှန်ချင်းဟန် အတန်းထဲသို့ ဝင်လာသည်နှင့် ပြတင်းပေါက်နားတွင် ထိုင်ကာ ခပ်မိုက်မိုကအထာဖမ်းနေသော လော်ရုန်ကျန်းက ချက်ချင်းပင် သူမနားသို့ ချည်းကပ်လာပြီး ပြောလိုက်သည်။ အခန်းထဲရှိအခြားသူများကို ထိုအသံကို ကြားသောကြောင့် ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ရှန်ချင်းဟန်သည် ကောင်းကင်လူသားအဖွဲ့အစည်းထဲသို့ ဝင်သွားခြင်းဖြစ်သဖြင့် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၌ အတန်းမတက်တော့သည်ကို အားလုံးသိထားကြသည်။ သူမအခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသောအခါတွင် အားလုံး အံ့ဩသွားကြသည်။

"ဒီနေ့ အားလုံးကို နှုတ်ဆက်ဖို့လာခဲ့တာ။"

ရှန်ချင်းဟန်သည် အတန်းဖော်များကိုကြည့်၍ တွန့်ဆုတ်နေသောအသံဖြင့် ပြောလိုက်သည်။ တက္ကသိုလ်မှ အတန်းဖော်များသည် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းမှအတန်းဖော်များနှင့်မတူဘဲ လွန်စွာနှစ်သက်စရာကောင်းသည်ကို သိသည်။ သူမသည် ထိုအတန်းဖော်များကို ထားခဲ့ရန် တွန့်ဆုတ်နေမိသည်။ သို့သော်လည်း အတန်းဖော်များကို လွမ်းသည့်စိတ်ထက် လင်းဇီချန်ဖြင့်အတူ နေ့တိုင်း သုတေသနတက္ကသိုလ်သို့ သွားချင်သည့်စိတ်က ပိုများနေသည်။

"အစ်မဟန် ဒီနေ့ အတန်းထဲမှာ အစ်မက သွေးသန့်လူသားလို့ ဌာနမှူးက ပြောထားတယ်။ အဲ့တာကရော ဘယ်လိုလဲ။"

လော်ရုန်ကျန်းက စပ်စုစွာဖြင့် မေးလိုက်၏။

ရှန်ချင်းဟန်က အခြားသူများကို နှုတ်ဆက်သည်မနှုတ်ဆက်သည်ကို စိတ်မဝင်စားပေ။ မားကျန်ဟယ်က ရှန်ချင်းဟန်သည် သွေးသန့်လူသားဖြစ်သည်ဟု ပြောသွားသောအကြောင်းကိုသာ စိတ်ဝင်စားသည်။ အတန်းထဲမှ အခြားသူများသည်လည်း အတူတူပင်ဖြစ်ကာ ထိုရုတ်တရက်ဆန်မှုကို သိချင်နေကြသည်။ ရှန်ချင်းဟန်သည် ဆံပင်များက ပင်လယ်ပြာရောင်ပြောင်းသွားသည်ကို အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့ကြကာ တစ်ခြားသူ၏ချီသွေးကိုလည်း မိုးပြာဂျယ်လီငါးဘုရင်မျိုးစိတ်အစွမ်းဖြင့် ထိန်းချုပ်နိုင်ပေသည်။ ထို့ကြောင့် ရှန်ချင်းဟန်က သွေးသန့်လူသားဖြစ်သည်ကို လက်ခံရန် ခဲယဉ်းလှသည်။ အတန်းဖော်များ၏စပ်စုချင်စိတ်ဖြင့် ရင်ဆိုင်ရသည့်အခါတွင် ရှန်ချင်းဟန်သည် သူမ၏ ထူးခြားသောခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ၊ မျိုးရိုးဗီဇကျွန်ပြုခြင်းအကြောင်းများကို ထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။

နောက်ရက်များတွင် သူမသည် တစ်ကျောင်းလုံးမှ ဆရာများနှင့် ကျောင်းသားများ‌ရှေ့၌ အရည်အချင်းကို ထုတ်ပြရတော့မည်ဖြစ်ကာ ဂြိုလ်သားပါရမီရှင်အတန်းတွင် ပါဝင်နိုင်ရန် ဖြစ်၏။

အားလုံးကလည်း သိချင်နေကြသောကြောင့် ယခုတွင် ပြလိုက်သည်က ပိုကောင်းပေသည်။ ရှန်ချင်းဟန်၏ မျိုးရိုးဗီဇကျွန်ပြုခြင်းအကြောင်းကို ကြားထားသောကြောင့် အားလုံးက တိတ်ဆိတ်နေကြသည်။ လီမော်ယွီ၏အစ်ကိုကြီးဖြစ်သူ လီယိကျင်းသည် နိုင်ငံအဆင့်ထိပ်တန်း မျိုးရိုးဗီဇပေါင်းစပ်သူဖြစ်ကာ ဆန်းကြယ်သားရဲမျိုးစိတ်ကို ဖိနှိပ်၍ ဆန်းကြယ်သားရဲမျိုူးစိတ်များစွာဖြင့် ပေါင်းစပ်နိုင်လေသည်။ သို့သော်လည်း ရှန်ချင်းဟန်က ပိုထူးခြားကာ ဆန်းကြယ်သားရဲမျိုးစိတ်ကို ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်၏။

ထိန်းချုပ်သည်ဆိုသည်မှာ မည်သို့မျိုး ဖြစ်မည်နည်း။

ဖိနှိပ်သည်ဆိုသောအသုံးအနှုန်းထက် ပိုသည်မဟုတ်ပါလော။ ကွာခြားချက်က ကြီးသောကြောင့် ကောင်းကင်နှင့်မြေကြီးလောက်ကွာသည်ဟု ပြောလျှင် ချဲ့ကားရာမကျ‌ပေ။

ထိုအချိန်တွင် မာရှိဝေက မေးလိုက်လေသည်။

"ချင်းဟန် လင်းဇီချန်မှာရော ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိလား။"

ထိုမေးခွန်းကို မေးလိုက်သောအခါတွင် အားလုံးက နားစွင့်နေကြ၏။

ကျောင်းအစကတည်းကပင် လင်းဇီချန်သည် ပြိုင်ဘက်များဖြင့် ရင်ဆိုင်ရသည့်အခါ၌ အမြဲတမ်းသာလွန်နေခဲ့သည်။ ပြိုင်ဘက်ဟု၍ပင် မဆိုသာပေ။ အကြီးတန်းမှသူများသည်ပင် ၎င်း၏ပြိုင်ဘက်မဟုတ်ကြပေ။ ရှန်ချင်းဟန်က ခေတ္တမျှစဉ်းစားပြီး ဖြေလိုက်သည်။

"ရှောင်ချန်ကတော့ သွေးသန့်စင်ခြင်းကျင့်စဉ်နဲ့ အတော်လေးလိုက်လျောညီထွေရှိတယ်။ ခန္ဓာကိုယ်သန့်စင်တာ ကျင့်ကြံတဲ့အချိန်ဆိုရင် အားက အံ့ဩစရာကောင်းတယ်။ ငါ့ထက်တောင် ဆယ်ဆမက သာတယ်။ အဲ့တာကို ထူးခြားတဲ့ခန္ဓာကိုယ်တည်ဆောက်ပုံလို့ ပြောလို့ရမလားဆိုတာကိုတော့ ငါလည်းမသိဘူး။"

ဆယ်ဆမက သာသည်လော။

ထိုစကားကို ကြားသည့်အခါတွင် လူအုပ်ကြီးက အံ့ဩသွားလေသည်။ ဆယ်ဆကွာခြားခြင်းက ထူးခြားသောတည်ဆောက်ပုံပင် မဟုတ်ပါလော။

"ဇီချန်က နတ်တွေရဲ့ အသွေးအသားနဲ့ ဖန်တီးထားတာပဲ။"

"ချင်းဟန်က မျိုးရိုးဗီဇကျွန်ပြုသူ။ ဇီချန်ကကျ အသွေးအသားထဲက နတ်စွမ်းအားရှိတယ်။ တကယ်ကို ပြိုင်ဘက်ကင်းအတွဲပဲ။"

"ပြိုင်ဘက်ကင်းအတွဲဖြစ်ရုံတင်မကဘူး။ ပါရမီနဲ့အလှတရားမှာလည်း လိုက်ဖက်တယ်။ ချင်းဟန်က ကျောင်းအဆင့်အလှလေး။ လင်းဇီချန်ကကျ ကျောင်းအဆင့်ဆွဲဆောင်မှုရှိတဲ့ကောင်လေး။ ဒီလောက်လိုက်ဖက်တဲ့အတွဲကို ဘယ်သူက အားမကျဘဲနေမလဲ။"

"တစ်ယောက်ကကျ ‌ချောမောပြီး ပါရမီရှိတယ်။ တစ်ယောက်ကကျ လှပြီး တိုက်ခိုက်နိုင်တယ်။ ဘယ်လိုတောင် လိုက်ဖက်ညီလိုက်သလဲ။"

"...."

အတန်းဖော်များ၏ထိုစကားများကို ကြားသောအခါတွင် ရှန်ချင်းဟန်တစ်ယောက် ဝမ်းသာသွားသည်။ သူမ၏ငယ်စဉ်ကတည်းက အိပ်မက်သည် လင်းဇီချန်နှင့်အတူ ပြိုင်ဘက်ကင်းအတွဲဟု ကျော်ကြားရန်ဖြစ်ပြီး အိပ်မက်က ယနေ့တွင်လက်တွေ့ဖြစ်လာလိမ့်မည်ဟု ထင်မထားမိပေ။

"ဒါနဲ့ မနေ့က ငါကွတ်ကီးတွေလုပ်လာတယ်။ အားလုံးပဲ စားကြည့်ကြပါ။"

ရှန်ချင်းဟန်သည် စားပွဲပေါ်သိ့ သူမယူလာသောအိတ်ကို ချပေးလိုက်ပြီး ချိုသာသောအပြုံးလေးဖြင့် အားလုံးကို ပြုံးပြလိုက်သည်။ အတန်းဖော်များအတွက် ခွဲခွာလက်ဆောင်ပင် ဖြစ်သည်။ အိတ်ထဲမှကွတ်ကီးများ ကုန်သွားလျှင် သူမလည်း ပြန်မည်သာဖြစ်သည်။

သူမသည် သွေးသန့်လူသားလမ်းစဉ်ကို ချစ်ရ‌သောသူနှင့်အတူ လျှောက်လှမ်းတော့မည်ဖြစ်ကာ လူသားခန္ဓာကိုယ်၏အံ့ဩဖွယ်ရာများကို ရှာဖွေတော့မည်ဖြစ်သည်။

"ဝိုး ကွတ်ကီးတွေက ချင်းဟန်ကိုယ်တိုင်လုပ်ထားတာပဲ။ အရသာရှိမှာပဲ။ စားကြည့်ရမယ်။"

"ငါ့လည်း တစ်ခုစားကြည့်မယ်။"

"အတော်ပဲ ငါမနက်စာမစားရသေးဘူး။ ကျေးဇူးတင်ပါတယ် ချင်းဟန်။"

"...."

အတန်းထဲမှသူအားလုံး ဝိုင်းလာကြပြီး ကွတ်ကီးများကို စားသွားကြကာ ချင်းဟန်ကိုလည်း ကျေးဇူးတင်ကြောင်း ပြသကြသည်။ ယခင်က ၎င်းတို့သည် သူမကို လင်းဇီချန်၏သတို့သမီးလောင်းအဖြစ် လေးစားခဲ့ကြသည်။ ယခုတွင်မူ သူမဖြစ်နေသည့်အတွက် လေးစားမှုပြခြင်းသာ ဖြစ်သည်။ မျိုးရိုးဗီဇကျွန်ပြုနိုင်သူသည် လေးစားရန် ထိုက်တန်ပေသည်။ မကြာခင်တွင်ပင် ကွတ်ကီးများအားလုံး ကုန်သွားသည်။ သွားရန် အချိန်ကျပြီဖြစ်သဖြင့် ရှန်ချင်းဟန်သည် အခန်းထဲမှပြန်လာကာ သုတေသနတက္ကသိုလ်သို့ ပြန်သွားသည်။

ထိုအချိန်တွင် လော်ရုန်ကျန်းက ပြောလာသည်။

"ချင်းဟန် နင့်မှာအချိန်တွေအများကြီးရှိတာပဲ။ နောက်မှ ဇီချန်နဲ့ သုတေသနတက္ကသိုလ်ကို သွားလည်းရတာပဲ။ ဒီနေ့တော့မသွားနဲ့တော့။ ဒီမှာပဲနေပြီး နောက်ဆုံးရက်အဖြစ် ငါတို့နဲ့အတန်းတက်သွားလိုက်။"

မိန်းကလေးတစ်ဦးကလည်း ပြောလိုက်သည်။

"ဟုတ်သားပဲ ချင်းဟန်။ နောက်ဆုံးတစ်ရက်လောက် ငါတို့နဲ့နေပြီး အတန်းတက်သွားပါ။ အတန်းပြီးတဲ့အခါကျရင် အကုန်စုပြီး ဓာတ်ပုံတူတူရိုက်ကြတာပေါ့။"

"အဲ့လိုဆိုလည်း ကောင်းပြီလေ။ ငါ ရှောင်ချန်ကို ပြောလိုက်မယ်။"

ရှန်ချင်းဟန်သည် သဘောတူလိုက်ပြီး လင်းဇီချန်ဆီသို့ စာပို့ကာ ယနေ့တွင် ဆင့်ကဲပြောင်းလဲခြင်းကောလိပ်၌ နောက်ဆုံးအကြိမ်အဖြစ် အတန်းတက်မည်ဖြစ်ကြောင်း ပြောပြသည်။ မနက်ဖြန်မှသာ သုတေသနကောလိပ်သို့ သွားမည် ဖြစ်၏။

All Chapters