← Chapters

စစ်မေးခြင်း

Vol. 44 Ch. 653

စစ်မေးခြင်း

Vol. 44 Ch. 653

ကျိယောင်ယွဲ့သည် ထိုစကားကို ကြားသော် မျက်မှောင်ချက်ချင်းကျုံ့လိုက်မိသည်။

“တခြားသူတွေလား သူတို့က ဘယ်လိုလုပ်သိရမှာလဲ”

“ဒါက ကျွန်တော် ခင်ဗျားကို ပြောချင်တဲ့ ဒုတိယအချက်ပဲ ခင်ဗျားအတွက် ကျွန်တော် ပေးမယ့် အံ့အားသင့်စရာ လက်ဆောင်တစ်ခုဆိုလည်းဟုတ်တယ်”

ကျိုးဟောင်မှပြောလိုက်သည် ။

ကျိယောင်ယွဲ့သည် ကျိုးဟောင်၏စကားကို နားမလည်နိုင်ဖြစ်ကာ တွေဝေသွားသည်။

“အံ့အားသင့်စရာတဲ့လား ဒါကဝမ်းသာ‌စရာကောင်းတဲ့အံ့အားသင့်စရာ မဖြစ်လောက်ဘူးနော်”

ကျိုးဟောင်က ပြုံးပြပြီးကျိယောင်ယွဲ့အား ခွဲခြမ်းစိတ်ဖြာရေးအခန်းသို့ ခေါ်သွားခဲ့သည်။ ထိုအခန်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ကြိုးဖြင့် တုပ်နှောင်ထားသည်ကို တွေ့မြင်လိုက်ရသည်။

ထိုနှစ်ဦးကို တွေ့မြင်သောအခါ ကျိယောင်ယွဲ့သည် ခဏတာ အံ့အားသင့်သွားပြီးနောက် နှူတ်မှရေရွတ်လိုက်သည်။

“ဟယ်... ကျောက်မုန့်ရွှယ်နဲ့ ကျိုးရိထုံလား သူတို့က ဘာလို့ မင်းနဲ့ အတူရှိနေရတာလဲ”

ကျိယောင်ယွဲ့မှာ အလွန်အံ့ဩသွားခဲ့သည်။ ထိုနှစ်ဦးသည် သူမ၏စစ်နတ်ဘုရားတပ်ရင်းမှ ကောင်းကင်ဘုံအဆင့်ပညာရှင်များ ဖြစ်ကြသည်။ ၎င်းတို့၏စွမ်းအားမှာသာမန် မဟုတ်သော်လည်း ကျိုးဟောင်၏ လက်ထဲသို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို တွေးမရနိုင်ပေ။

“စီနီယာကျိ ဒီနှစ်ယောက်ကို သိတော့ ပိုအဆင်ပြေတာပေါ့”

ကျိုးဟောင် ပြောဆိုပြီးနောက် အချက်အလက်စာရွက်များကို ထုတ်ကာ ကျိယောင်ယွဲ့အား ပေးလိုက်သည်။ ကျိယောင်ယွဲ့သည် စာရွက်ကိုကြည့်ပြီး ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။

“ဘာ... မင်းပြောတာက သူတို့နှစ်ယောက်က လူသားတစ်ပိုင်းသန္ဓေပြောင်းသားရဲတစ်ပိုင်းတဲ့လား သူတို့ကသူလျှိုတွေပေါ့ ဒါ မဖြစ်နိုင်ဘူး ငါတို့စစ်နတ်ဘုရားတပ်ရင်း က သူတို့ရဲ့ အထောက်အထားတွေကို သေချာစစ်ဆေးပြီးသား ငါတို့ဆီမှာ တရုတ်စစ်သည်တော်တိုင်းရဲ့ အချက်အလက်တွေ ရှိနေတာပဲ ဘယ်လိုလုပ်...”

ကျိယောင်ယွဲ့သည် မယုံကြည်နိုင်ဖြစ်နေသည်။ အကြောင်းမှာ သူတို့သည် သူလျှိုများ ဖြစ်သည်ဟူသောအချက်အပြင် ထိုနှစ်ဦးသည် လူသားတစ်ပိုင်းသန္ဓေပြောင်းသားရဲတစ်ပိုင်းဖြစ်သည်ကိုပါ တုန်လှုပ်ဖွယ်ရာ ကြားသိလိုက်ရသောကြောင့်ပင်။

“ကျွန်တော် တားမြစ်ဧရိယာကနေ ထွက်လာတုန်းက ဒီနှစ်ယောက်နဲ့ မတော်တဆ ဆုံမိတာ သူတို့က ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေတဲ့ ပြီးတော့ ကျွန်တော့်ဆီက စွမ်းအင်ကျောက်တုံးကို လိုချင်တယ်လို့ ပြောတယ်”

ကျိုးဟောင်မှ ရှင်းပြလိုက်သည်။

“ဘာ... ငါ သူတို့ကို အဲဒီအကြောင်း တစ်ခါမှ မပြောဖူးဘူး”

ကျိယောင်ယွဲ့သည် ချက်ချင်း ထိတ်လန့်သွားခဲ့သည်။

“စီနီယာကျိကသူတို့ကိုပြောပြမှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ် ဒါပေမဲ့သူတို့က ဒီအကြောင်းကိုသိနေကြတယ် သူတို့မှာစွမ်းအင်ကျောက်တုံးကို သိနိုင်တဲ့ နည်းလမ်းတစ်ခုခု ရှိတယ်လို့ ကျွန်တော်သံသယဝင်မိတယ် ဒါကြောင့်ကျွန်တော်သူတို့ကိုသတိလစ်အောင်လုပ်ပြီးစစ်ဆေးလို့ရအောင်ခေါ်လာခဲ့တာ”

“စီနီယာကျိ ကျွန်တော်တို့ သူတို့ကို အတူတူ စစ်မေးကြမလား”

ကျိုးဟောင်သည် ဤသို့ပြောခြင်းမှာ စစ်မေးသည့်ကိစ္စကို အခြားသူများကို အသိပေးသင့်မပေးသင့်၊ သို့မဟုတ် သူတို့နှစ်ဦးတည်းသာ လျှို့ဝှက်ထားသင့်မသင့်ကို ကျိယောင်ယွဲ့အား မေးမြန်းလိုသောကြောင့်ဖြစ်သည်။

ကျောက်စာတိုင်၏ စွမ်းအင်အရင်းအမြစ်ကို ခိုးယူခြင်းသည် လျှို့ဝှက်လုပ်ဆောင်ခဲ့ရသည်ဖြစ်ရာ ဤနှစ်ဦးကို လူအများရှေ့၌ စစ်ဆေးမေးမြန်းမည်ဆိုပါက ၎င်းတို့၏ ခိုးယူမှု ပေါ်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။ထို့ကြောင့် ကျိုးဟောင်သည် ၎င်းတို့ကို လျှို့ဝှက်စွာ မေးမြန်းလိုခြင်း ဖြစ်သည်။

ကျိယောင်ယွဲ့သည် ချက်ချင်းပင် သဘောပေါက်သွားပြီးပြောလိုက်သည်။

“ဒီနေရာမှာပဲ စစ်မေးမယ် မင်းနဲ့ ငါ နှစ်ယောက်တည်းပဲ သိရမယ်”

ကျိုးဟောင်သည် ခေါင်းငြိမ့်ပြီးချက်ချင်းပင် ငှက်မွေးတစ်ထောင်ချပ်ဝတ်အားခိုင်းလိုက်သည်။

“ရှောင်ယွီ သူတို့ကို နှိုးလိုက်”

သူ့စကားဆုံးသည်နှင့် အဖြူရောင်မြူခိုးတစ်ခု ပေါ်လာပြီး ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့သည်သတိပြန်လည်လာကြသည်။

ထိုနှစ်ဦးသည်သတိရသည်နှင့် ကျိယောင်ယွဲ့အားမြင်လိုက်ရချိန်တွင် မျက်နှာအမူအရာများ ချက်ချင်းပြောင်းလဲကာ အလျင်စလို ပြောဆိုလာကြသည်။

“စီနီယာကျိ ကျွန်မတို့ကို ကယ်ပါ ဒီကျိုးဟောင်က သူလျှိုပါ သူကမျိုးနွယ်ခြားတွေဘက်ကလာတဲ့ သူလျှိုပါ”

“ဟုတ်တယ် စီနီယာကျိ ကျိုးဟောင်ရဲ့ လှည့်စားတာကိုမခံရစေနဲ့ သူက မျိုးနွယ်ခြားရဲ့ သူလျှိုပဲ သူ့ကို မြန်မြန်သတ်လိုက်ပါ”

၎င်းတို့သည် အရှုံးမပေးလိုဘဲ အပြစ်လွှဲချရန် ကြိုးစားနေကြသည်။

ကျိုးဟောင်သည် ပြုံးပြီးမနေနိုင်ဘဲ ပြောလိုက်သည်။

“အပြစ်ရှိတဲ့သူက တခြားသူကို အရင်အပြစ်တင်တယ်ဆိုတာ တကယ်မှန်တာပဲ ဟားးဟားး...စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ”

ကျိယောင်ယွဲ့သည် အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ရာ သူမ၏ အားကောင်းသော စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ထိုနှစ်ဦးအား သွေးအန်သည်အထိဖြစ်သွားစေခဲ့သည်။

“အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောနဲ့တော့ မင်းတို့ရဲ့ သရုပ်မှန်နဲ့ ရည်ရွယ်ချက်ကို ပြောပြ မဟုတ်ရင် သေလိမ့်မယ်”

ကျိယောင်ယွဲ့သည် ဦးနှောက်မရှိသူမဟုတ်ချေ။ သူမသည် ထိုနှစ်ဦးကို အမြဲယုံကြည်ခဲ့သော်လည်း ယခုအခါတွင် ကျိုးဟောင်အား ပိုမိုယုံကြည်ပေသည်။

“စီနီယာကျိ ကျွန်မတို့ကို ဘာပြောစေချင်တာလဲ ကျွန်မတို့... ကျွန်မတို့နားမလည်ဘူး”

ကျောက်မုန့်ရွှယ်၏ မျက်နှာမှာ အနည်းငယ်ပျက်ယွင်းနေသော်လည်း အံကြိတ်ကာ ငြင်းဆိုနေပေသည်။

“ဟဲဟဲ သူတို့က တကယ်ပဲ လက်မလျှော့သေးဘူးပဲ”

ကျိုးဟောင်သည် ပြုံးပြီး လက်ဖျောက်တီးလိုက်ရာ ထိုသုံးဦး၏ တိုက်ပွဲဗီဒီယိုမှာ ချက်ချင်းပေါ်လာခဲ့သည်။ ကျိုးဟောင်သည် တိုက်ပွဲကို မှတ်တမ်းတင်နိုင်သည့် ကိရိယာများကို အမြဲယူဆောင်ထားသူဖြစ်ရာ ထိုသို့ မှတ်တမ်းတင်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

ဤဗီဒီယိုကို မြင်သောအခါ ကျိယောင်ယွဲ့သည် ပို၍ပင် တုန်လှုပ်ပြီး မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ ကျိုးဟောင်က ၎င်းတို့နှစ်ဦးသည် လူတစ်ပိုင်းသန္ဓေပြောင်းသားရဲတစ်ပိုင်းဖြစ်သည်ဟု ပြောခဲ့သော်ငြား သူမ သည်သံသယဝင်နေခဲ့သေးသည်။ သို့သော် ဤဗီဒီယိုကို ကြည့်ပြီးနောက် သူမ လုံးဝယုံကြည်သွားခဲ့သည်။

ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့သည် ဤဗီဒီယိုကို ကြည့်ပြီးနောက် ၎င်းတို့၏ မျက်နှာအမူအရာများမှာ အလွန်ပျက်ယွင်းသွားခဲ့သည်။ ကျိုးဟောင်က ဗီဒီယိုပင် ရိုက်ထားလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားခဲ့ကြပေ။

“တခြားပြောစရာများ ရှိသေးလား မရှိရင် စီနီယာကျိရဲ့ မေးခွန်းကို ရိုးရိုးသားသား ဖြေ”

ဤသို့ပြောပြီးနောက် ကျိုးဟောင်သည် ခုံနှစ်လုံး ယူကာ ကျိယောင်ယွဲ့နှင့်အတူ ထိုင်လိုက်သည်။

ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ပြီး ဘာမှမပြောကြပေ။ သူတို့၏ အမူအရာများကြောင့် ကျိယောင်ယွဲ့၏ မျက်နှာသည် ပို၍ပင် မည်းမှောင်သွားခဲ့သည်။

“မင်းတို့က မပြောချင်ဘူးပေါ့ ဒါဆို ငါ မင်းတို့ကို သတ်ပစ်မယ်”

“ရှင် ကျွန်မတို့ကို သတ်လိုက်ရင်တောင် ကျွန်မတို့ ဘာမှပြောမှာ မဟုတ်ဘူး”

ကျောက်မုန့်ရွှယ်က ခိုင်မာသော စိတ်ဓာတ်ဖြင့် ချက်ချင်းပြောလိုက်သည်။

ကျိယောင်ယွဲ့သည် ထိုစကားကို ကြားသော် ဒေါသထွက်ပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။ ကျိုးဟောင်က ထိုအခြင်းအရာကို မြင်သော် ကျိယောင်ယွဲ့ကို အလျင်အမြန် တားလိုက်၏။

“ စီနီယာကျိ ခင်ဗျား... အရမ်းအလျင်လိုနေတာ မဟုတ်ဘူးလား စစ်မေးတာတောင် မစရသေးဘဲ သူတို့ကို သတ်တော့မလို့လားအဲဒါက တော်တော်နှမြောစရာကောင်းတာပေါ့”

ကျိယောင်ယွဲ့သည် ဒေါသတကြီးဖြင့်ပြန်ပြောလိုက်သည်။

“သူတို့ ဘာမှ မပြောချင်ဘူးဆိုတာ မမြင်ဘူးလား”

“သူတို့က ခင်ဗျားကို မပြောချင်တာပဲ ရှိတယ် မပြောနိုင်တာ မဟုတ်ဘူးလေ ခင်ဗျား သူတို့ကို သတ်လိုက်ရင်တော့ တကယ်ဘာမှ ပြောနိုင်တော့မှာ မဟုတ်ဘူး”

ကျိုးဟောင်သည်ပြောစရာစကားမရှိဖြစ်သွားခဲ့သည်။

ဤစီနီယာကျိသည်ဘာဖြစ်နေပါသနည်း။ သူမသည်စစ်မေးသည်ဟူသောစကား၏အဓိပ္ပာယ်ကိုပင်မသိသည်လော။

“သူတို့ကို ပြောအောင် လုပ်နိုင်တဲ့ နည်းလမ်း မင်းမှာ ရှိလား”

ကျိယောင်ယွဲ့က ချက်ချင်းမေးလိုက်၏။

“ရှိတာပေါ့ စီနီယာကျိ ကြည့်နေလိုက် ကျွန်တော့်မှာ နည်းလမ်းတစ်ခု ရှိတယ် ဒါပေမဲ့ ဒီနည်းလမ်းက နည်းနည်း ထူးဆန်းနိုင်တယ် အဟမ်းအဟမ်း ခင်ဗျား သည်းခံပေးရမယ်”

ကျိုးဟောင်သည်ချောင်းဟန့်လိုက်၏။ ရာဇဝတ်သားများကို မည်သို့မေးမြန်းရမည်ကို သူ ကောင်းစွာသိထားသည်။ သူသည် ကျောင်းတက်စဉ်က စိတ်ပညာကို သင်ယူခဲ့ဖူးသည်။ တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာ ကာကွယ်မှုကို ချိုးဖျက်နိုင်ပါက ကိစ္စများမှာ အလွန်လွယ်ကူသွားမည် ဖြစ်သည်။

“ကောင်းပြီ ငါ ကြည့်မယ်”

ကျိယောင်ယွဲ့သည် ဒေါသတကြီးဖြင့် ဘေး၌ ထိုင်နေ၏။ သူမသည် လူသားမျိုးနွယ်စု၏ အကြီးဆုံးအဖွဲ့အစည်းဖြစ်သောစစ်နတ်ဘုရားတပ်ရင်းကို အုပ်ချုပ်သည့် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောင်နှင့်မတူဘဲ စိတ်ဆိုးနေသည့် မိန်းကလေးငယ်တစ်ဦးနှယ် ဖြစ်နေသည်။

ကျိုးဟောင်သည် ပြုံးပြီး ထိုနှစ်ဦးကို ကြည့်လိုက်သည်။

“ခင်ဗျားတို့ မပြောချင်ဘူးဆိုတာ ကျွန်တော် သိတယ် ခင်ဗျားတို့ရဲ့ အဖွဲ့အစည်းကို ခင်ဗျားတို့က အရမ်းသစ္စာရှိတာပဲ ဒါပေမဲ့ ခင်ဗျားတို့ကျွန်တော့်ကိုမပြောတာနဲ့ အားလုံး အဆင်ပြေသွားလိမ့်မယ်လို့ တကယ်ထင်လား”

“ပြီးတော့ ခင်ဗျားတို့နှစ်ယောက်က ကျွန်တော့်လက်ထဲကို ရောက်နေပြီ ဒီဘဝမှာတော့ လွတ်ဖို့မမျှော်လင့်နဲ့တော့ ခင်ဗျားတို့ကို လာကယ်မယ့်သူ ရှိမယ်လို့ မမျှော်လင့်နဲ့ တကယ်တော့ ခင်ဗျားတို့ရဲ့ အဖွဲ့အစည်းကလည်း ခင်ဗျားတို့ကိုလာကယ်မှာ မဟုတ်ဘူးဆိုတာ ခင်ဗျားတို့လည်း သိမှာပါ”

ဤသို့ပြောလိုက်သည်နှင့် သူတို့၏ မျက်နှာအမူအရာများ ချက်ချင်းပြောင်းလဲသွားသည်။ ၎င်းတို့ အလုပ်လုပ်နေသည့် အဖွဲ့အစည်းသည် မည်မျှ ရက်စက်ပြီး အေးစက်သည်ကို ၎င်းတို့ သိရှိထားကြသည် မဟုတ်ပါလော။

သို့သော်လည်း သူတို့သည်အံကြိတ်ကာ ဘာမှမပြောကြပေ။

“ကောင်းပြီလေ ခင်ဗျားတို့ မပြောချင်ဘူးဆိုရင်လည်း ရပါတယ် ခင်ဗျားတို့ပြောပြအောင်နည်းလမ်းရှာလိုက်ရုံပေါ့ ”

ထိုသို့ပြောပြီးနောက် ကျိုးဟောင်သည် ငှက်မွေးတစ်ထောင်ချပ်ဝတ် ကိုသုံးကာ ၎င်းတို့ကို ချုပ်နှောင်လိုက်ပြီး ချိပ်ပိတ်ထားရန်မူလကျောက်စာ၏ စွမ်းအားကိုလည်း အသုံးပြုလိုက်ရာ ၎င်းတို့သည်ပါးစပ်အားလှုပ်ရှားရုံမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မပြုလုပ်နိုင်တော့ပေ။

“ကျွန်တော်က အရမ်းစိတ်ရှည်တတ်တဲ့သူပါ ခင်ဗျားတို့ကမပြောချင်ဘူးဆိုမှတော့ ကျွနတော်ကနည်းလမ်းတစ်ချို့သုံးရုံပေါ့"

သူ့စကားဆုံးသည်နှင့် ကျိုးဟောင်သည် လက်ဖဝါးများအားပူးကာ အဆုံးမဲ့လှောင်ချိုင့် ကို အသုံးပြုလိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် ကျိယောင်ယွဲ့ကိုပါ အထဲသို့ ဖိတ်ခေါ်လိုက်သည်။

မှောင်မိုက်နေသော နေရာထဲသို့ ရောက်ရှိသွားသောအခါ ကျိယောင်ယွဲ့သည် ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။

“ဒါက စိတ်စွမ်းအားအတက်အကျလား ဒါကမင်းရဲ့ကျင့်ကြံရေးသိုင်းလား ဒါမှမဟုတ် စိတ်ဝိညာဉ်ကျောက်တုံးရဲ့ သိုင်းလား”

ကျိယောင်ယွဲ့သည် အလွန်တုန်လှုပ်နေပြီး မယုံကြည်နိုင်ဖြစ်နေသည်။

....................................................................................

All Chapters