ဆိုးယုတ်သောအမှောင်နတ်ဘုရားများ
Vol. 44 Ch. 655
ကျိုးဟောင်သည် ဤအရာကို မြင်သောအခါ ပြုံးလိုက်သည်။ ကျိယောင်ယွဲ့သည်လည်း သူမ၏စိတ်ထဲတွင် ကျိုးဟောင် သည် တကယ်ကိုခန့်မှန်းရခက်သည့်လူဖြစ်သည်ဟု တွေးပြီး မနေနိုင်ဘဲ ခပ်ဟဟ ရယ်မောလိုက်သည်။
“ကောင်းပြီ ခင်ဗျားတို့ ပြောချင်ပြီဆိုတော့ အားလုံး အဆင်ပြေသွားပြီ”
ကျိုးဟောင်မှာပြောပြီးနောက် ပြုံးပြီး ထိုနှစ်ဦးကို ကြည့်လိုက်သည်။
“ကျွန်တော်က တခြားသူတွေကိုလွယ်လွယ်မယုံတတ်ဘူး ဒါကြောင့် ကျွန်တော် ခွဲပြီး စစ်မေးမယ် ခင်ဗျားတို့ ပြောတာ မတူဘူးဆိုရင် ကျွန်တော်လည်း ဘာမှ မတတ်နိုင်တော့ဘူး နှစ်ယောက်လုံး သေမှာပဲ ပြောတာ မှန်ရင်တော့ ခင်ဗျားတို့ကို လွှတ်ပေးဖို့ စဉ်းစားပေးမယ်”
ဤစကားကို ပြောလိုက်သောအခါ ကျောက်မုန့်ရွှယ်နှင့် ကျိုးရိထုံ တို့မှာအံ့အားသင့်သွားကြသည်။
ဒီကောင်လေးသည် တကယ်ကိုကောက်ကျစ်ပေသည်။ သူတို့သည် အစက လိမ်ညာရန် စဉ်းစားထားကြသော်လည်း ကျိုးဟောင် ဤသို့လုပ်မည်ဟု မမျှော်လင့်ထားကြပေ။
ကျိုးဟောင်၏ယခုလုပ်ရပ်သည် သူတို့၏ အစီအစဉ်ကို ချက်ချင်း ဖျက်ဆီးလိုက်သည်။ သူတို့ ဘာမှ မတတ်နိုင်တော့ပေ။
ကျိယောင်ယွဲ့သည်လည်း ပြုံးလိုက်ပြီး ဒီကောင်လေးက တကယ်ကို ဉာဏ်ကောင်းတာပဲဟု တွေးလိုက်သည်။ သူရှိနေသောကြောင့် တကယ်ကို အလုပ်ရှုပ်သက်သာပေသည်။
ကျိုးဟောင် သည် အဆုံးမဲ့လှောင်ချိုင့်ပုံရိပ်ယောင်ကို အဆုံးသတ်လိုက်ပြီး ကျောက်မုန့်ရွှယ် ကို သီးသန့်နေရာတစ်ခုသို့ဆွဲခေါ်ကာ ချက်ချင်းပင်စစ်ဆေးမေးမြန်းမှုကို စတင်လိုက်သည်။
“တခြား ဘာမှ မပြောတော့ဘူး ခင်ဗျားသိသမျှ အားလုံးကို ပြောပြ”
ကျိုးဟောင် သည် ကျိယောင်ယွဲ့နှင့်အတူ ခြေချိတ်ထိုင်လိုက်ကာ ကျောက်မုန့်ရွှယ် ကို ကြည့်နေသည်။
ကျောက်မုန့်ရွှယ် သည် လိမ်ညာရန် အခွင့်အရေးမရှိတော့သည်ကို သိနေပြီဖြစ်သည်။ သူမသည် သေရမည်ကို မကြောက်သော်လည်း ကျိုးရိထုံမှာတော့ကြောက်ပေသည်။
ထို့အပြင် သူမသည် အမှန်တရားကိုသာ ပြောပြနိုင်တော့သည်။ သူမဇာတ်လမ်းဆင်ကာလိမ်ညာလိုက်ပြီး သူတို့ပြောသည့် စကားများ မတူညီပါက အရာအားလုံး ပြီးဆုံးသွားမည်ဖြစ်သည်။
ကျောက်မုန့်ရွှယ်၏မျက်လုံးများတွင် အားကိုးရာမဲ့မှုများ ပြည့်နှက်နေသည်။ ဤအချိန်မှသာ သူမသည် ကျိုးဟောင်မည်မျှ အစွမ်းထက်သည်ကို သိလိုက်ရသည်။
“ကျွန်မက အမှောင်နတ်ဘုရားများအဖွဲ့ခွဲရဲ့ဥက္ကဋ္ဌတစ်ယောက်ပါ”
ပထမဆုံးဝါကျသည် ပြင်းထန်သော ဗုံးတစ်လုံးပမာဖြစ်သည်မှာ သံသယဖြစ်စရာမလိုပေ။ ချက်ချင်းပင် ကျိယောင်ယွဲ့ နှင့်ကျိုးဟောင်တို့၏ အမူအရာများမှာပြောင်းလဲသွားခဲ့သည်။
အမှောင်နတ်ဘုရားများအဖွဲ့ ဤလူသားမျိုးနွယ်၏ကပ်ပါးကောင်များသည်တကယ်ပင်နက်ရှိုင်းစွာအမြစ်တွယ်နေသည်မှာ သူတို့၏ သူလျှိုများမှာ စစ်နတ်ဘုရားတပ်ရင်းထဲသို့ပင် ထိုးဖောက်ဝင်ရောက်နေပေသည်။
ဤအရာသည် ကျိုးဟောင်နှင့်ကျိယောင်ယွဲ့အား အလွန်ထိတ်လန့်သွားစေခဲ့သည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာပေါ်တွင်လည်းထိတ်လန့်နေသောအမူအရာများပေါ်နေခဲ့ကြသည်။
“ဆက်ပြော”
ကျိုးဟောင်မှာ အေးစက်စွာ ပြောလိုက်သည်။ ကျောက်မုန့်ရွှယ်မှာဖြည်းဖြည်းချင်းဆက်ပြောလာသည်။
“ကျွန်မက အမှောင်နတ်ဘုရားအဖွဲ့ခွဲရဲ့ဥက္ကဋ္ဌဖြစ်ပေမဲ့ သူတို့အကြောင်း သိပ်မသိဘူး ကျွန်မ ငယ်ငယ်လေးကတည်းက အချုပ်အနှောင်ခံနေရာတစ်ခုမှာ နေခဲ့ရတာ အခုချိန်ထိ အဲဒီနေရာ ဘယ်မှာလဲဆိုတာ မသိသေးဘူး။”
“ကျွန်မ ငယ်ငယ်ကတည်းက အမှောင်ထုထဲမှာ ကြီးပြင်းလာခဲ့ရတာ အဲဒီအချိန်တုန်းက ကျွန်မ အပေါင်းအသင်းတွေနဲ့ အစားအစာအတွက် အပြိုင်အဆိုင် တိုက်ခိုက်ခဲ့ရတယ် သူတို့ကို သတ်ခဲ့ရတယ် ဒါမှ ကျွန်မတို့ အသက်ရှင်နိုင်မှာ”
“ကျွန်မနဲ့အသက်အရွယ်တူ ကလေးတွေ သွေးအိုင်ထဲမှာ သေဆုံးသွားတာကို အများကြီး မြင်ခဲ့ရတယ် မနာခံတဲ့ ကလေးတွေ နောက်ဆုံးမှာ လက်ခြေအင်္ဂါတွေကျိုးသွားတာကိုလည်း မြင်ခဲ့ရတယ်”
“ကျွန်မတို့ ဘယ်က လာတယ် ကျွန်မတို့မိဘတွေက ဘယ်သူတွေလဲဆိုတာ ကျွန်မ မသိဘူး ကျွန်မသိတာက အမှောင်နတ်ဘုရားအဖွဲ့ရဲ့စကားကို နားထောင်ဖို့ပဲ မဟုတ်ရင် သေလမ်းပဲရှိတယ်”
ဤနေရာအရောက်တွင် ကျောက်မုန့်ရွှယ် ၏ခန္ဓာကိုယ်မှာတုန်ယင်သွားခဲ့သည်။ သူမ၏ ငယ်ဘဝအမှတ်တရများက သူမအားကြောက်လန့်စေပုံပင်။
ယခုအချိန်အထိ သူမသည် ထိုအချိန်က အခြေအနေကို ကြောက်လန့်နေဆဲပင်ဖြစ်သည်။
“ကျွန်မတို့ ကြီးလာတော့ သိုင်းပညာ၊ ကျင့်စဉ်တွေနဲ့ အပြင်လောကရဲ့ ဗဟုသုတတွေကို သင်ယူရတယ် ကိုယ့်ကိုယ်ကို ဘယ်လိုဖုံးကွယ်ထားရမယ်ဆိုတာကိုလည်း သင်ယူရတယ် အတိုချုပ်ပြောရရင် ကျွန်မတို့ အများကြီး သင်ယူခဲ့ရတယ်”
“ကျွန်မတို့ အရွယ်ရောက်လာတဲ့အချိန်ကျ အမှောင်နတ်ဘုရားအဖွဲ့ကို တရားဝင်ဝင်ရောက်တယ်လို့ သတ်မှတ်ခံခဲ့ရတယ် အဲဒီအချိန်တုန်းက သားရဲနှလုံး လို့ခေါ်တဲ့ အရာကို ကျွန်မတို့ စားခဲ့ရတယ် အဲဒါက ကျွန်မတို့ ခန္ဓာကိုယ်ထဲက မျိုးဗီဇတွေကို ပြောင်းလဲပစ်လိုက်ပြီး ကျွန်မတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကိုလည်း မြှင့်တင်ပေးတယ် တစ်နည်းပြောရရင် အဲဒီအချိန်ကစပြီး ကျွန်မတို့ကလူသားတစ်ပိုင်းသန္ဓေပြောင်းသားရဲတစ်ပိုင်း အဖြစ်ပြောင်းသွားခဲ့တာ”
“အဲဒီစွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့နဲ့ အလိုရှိတိုင်း ပြောင်းလဲနိုင်ဖို့ ကျွန်မတို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ် ဒါပေမဲ့ ကျွန်မတို့ အရမ်းဒေါသထွက်လာရင်တော့ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူး”
ကျောက်မုန့်ရွှယ်၏စကားများသည် ကျိုးဟောင်နှင့် ကျိယောင်ယွဲ့ကို ထိတ်လန့်သွားစေခဲ့သည်။ ထိုသို့သော အခြေအနေမျိုးကို သူတို့တစ်ခါမှ မကြားဖူးပေ။
အမှောင်နတ်ဘုရားများအဖွဲ့သည် တကယ်ပင်ဆိုးရွားသောအဖွဲ့တစ်ခုဖြစ်ပေသည်။ သူတို့သည် တကယ်ပင်သိုင်းပညာရှင်များအားငယ်စဉ်ကတည်းကပျိုးထောင်ခဲ့သည့်အပြင် ရုပ်သေးရုပ်များကဲ့သို့ပင်လေ့ကျင့်ပေးခဲ့သည်။
သူတို့၏ နည်းလမ်းများက ကျိုးဟောင် နှင့် ကျိယောင်ယွဲ့တို့၏ ဦးရေပြားများပင်ထုံကျဥ်သွားစေပြီး ကျောရိုးများကိုပင် အေးစက်သွားစေခဲ့သည်။
ကျောက်မုန့်ရွှယ်သည် ခါးသက်စွာ ပြုံးလိုက်သည်။ ဤအကြောင်းများကို ပြောရခြင်းသည် သူမအတွက် လွတ်မြောက်မှုတစ်ခုပင် ဖြစ်သည်။
“ကျွန်မ ကြီးလာတော့ ပိုပြီး စွမ်းဆောင်နိုင်လာပြီး အမှောင်နတ်ဘုရားများအဖွဲ့ထဲဝင်ခဲ့တယ် အဲဒီအချိန်တုန်းကအာဏာနည်းနည်းရလာပြီ ဒါပေမဲ့ ကျွန်မတို့က လူသားနဲ့ သန္ဓေပြောင်း သားရဲတွေရဲ့ မျိုးဗီဇတွေကို သယ်ဆောင်ထားတဲ့ စစ်သည်တွေအဖြစ်ပဲ မွေးမြူခံခဲ့ရတာဆိုတာ ကျွန်မ သိပါတယ် ကျွန်မတို့ရဲ့ အရာရာက မွေးဖွားလာကတည်းက ဆုံးဖြတ်ထားပြီးသားပဲ”
“အမှောင်နတ်ဘုရားများအဖွဲ့မှာ အဲဒီလို စစ်သည်တွေ အများကြီး ရှိတယ် ကျွန်မတို့က အဲဒီထဲကနှစ်ယောက်ပဲ ပြီးတော့ ကျွန်မတို့ကအမှောင်နတ်ဘုရားများအဖွဲ့ခွဲရဲ့ ဥက္ကဋ္ဌတွေ ဖြစ်ပေမဲ့ ကျွန်မတို့ရဲ့ ဥက္ကဋ္ဌကို တစ်ခါမှ မမြင်ဖူးဘူး သူ ဘယ်သူလဲဆိုတာ လုံးဝ မသိဘူး”
“ကျွန်မတို့ကို အမိန့်တစ်ခုခု ပေးတိုင်း ကွန်ယက်ကနေတစ်ဆင့်ပဲပေးတာ ပြီးတော့ သူတို့က ကျွန်မတို့ကို အမြဲတမ်း စောင့်ကြည့်နေပုံပဲ ကျွန်မတို့တစ်ခုခုဖြစ်တာနဲ့ သူတို့က မတွန့်ဆုတ်ဘဲ ကျွန်မတို့ကို စွန့်ပစ်လိုက်မှာပဲ"
ကျောက်မုန့်ရွှယ်သည် အမှန်တရားကို ပြောနေခြင်းဖြစ်သည်။ အမှောင်နတ်ဘုရားများအဖွဲ့သည် မြေအောက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၎င်းတို့၏သရုပ်အားဖော်ထုတ်ခံရမည်ကိုသေချာပေါက် မလိုလားပေ။ ထို့ကြောင့် သူတို့အစိုးရိမ်ဆုံးကိစ္စမှာ ဖော်ထုတ်ခံရခြင်းပင်ဖြစ်သည်။ ဖော်ထုတ်ခံရသည်နှင့် သူတို့အတွက် ဘေးအန္တရာယ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
“ကျွန်မ ပြောပြနိုင်တာကတော့ အမှောင်နတ်ဘုရားများအဖွဲ့က ရှင်တို့ ထင်ထားတာထက် အများကြီး ပိုအစွမ်းထက်တယ် သူတို့ရဲ့ သူလျှိုတွေက ကမ္ဘာပေါ်က ဘယ်အဖွဲ့အစည်းကိုမဆို ထိုးဖောက်ဝင်ရောက်နိုင်တယ် ပြီးတော့ သူတို့မှာ လူသားတွေရဲ့ မျိုးဗီဇကို ပြောင်းလဲနိုင်တဲ့ နည်းပညာလည်း ရှိတယ် သားရဲနှလုံးကို စားလိုက်တာနဲ့ သန္ဓေပြောင်းသားရဲရဲ့စွမ်းအားကို ရမှာပဲ”
“လူအများကြီးက အဲဒီစွမ်းအားကို ရဖို့အတွက် အမှောင်နတ်ဘုရားများအဖွဲ့ကိုသူတို့ဘက်ကစဝင်ကြတယ်”
ဤသည်မှာ အလွန်ခက်ခဲသော ပြဿနာတစ်ခုဖြစ်သည်။ ကျိုးဟောင်၏အမူအရာမှာမကောင်းသလို ကျိယောင်ယွဲ့သည်လည်း ထိုနည်းတူပင်။
အမှောင်နတ်ဘုရားများအဖွဲ့သည် နက်ရှိုင်းစွာအမြစ်တွယ်နေပြီး အလွန်ကြီးမားလှသည်။ ဤအခြေအနေသည် သူမ မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်သည်။ သို့သော်လည်း မစဉ်းစားဘဲနှင့်ပင် သူမသည် သူတို့ မည်မျှကြီးမားလာသည်ကို နားလည်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ သူမတို့သည် အမှောင်နတ်ဘုရားများအဖွဲ့အား အချိန်အတော်ကြာအောင်လွှတ်ထားခဲ့မိပေသည်။
ကျိုးဟောင်သည် ကျောက်မုန့်ရွှယ်ကို ကြည့်လိုက်သည်။ သူမသည် အရေးမပါသည့် သဲလွန်စအချို့ကို ဆက်လက်ရှင်းပြခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ သူတို့သည် ဖော်ထုတ်ခံရပြီးပြီဖြစ်သည်။ သူတို့သည် အမှောင်နတ်ဘုရားများအဖွဲ့ နှင့် အစကတည်းက အဆက်အသွယ် သိပ်မရှိခဲ့ပေ။ အဖွဲ့ခွဲ ဥက္ကဋ္ဌများ ဖြစ်သော်လည်း သူတို့၏ အထက်လူကြီးများနှင့်သာ ဆက်သွယ်ခဲ့ကြပြီး တခြားမည်သူနှင့်မျှ အဆက်အသွယ်မရှိခဲ့ကြပေ။
အမှောင်နတ်ဘုရားများအဖွဲ့၏ အတိုင်းအတာနှင့် တင်းကျပ်မှုသည် ကျိယောင်ယွဲ့နှင့် ကျိုးဟောင်တို့အား စိုးရိမ်သွားစေသည်။
ထိုအချိန်တွင် ကျောက်မုန့်ရွှယ်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ချက်ချင်း ပြောလာခဲ့သည်။
“ဪ ဟုတ်သားပဲ အမှောင်နတ်ဘုရားများအဖွဲ့နဲ့ သန္ဓေပြောင်းသားရဲမဟာမိတ်အဖွဲ့က ကျောက်စာတိုင်အကြောင်းကို သိနေကြပြီ ပြီးတော့သူတို့ကကျောက်စာတိုင်ကိုလုယူဖို့ အစီအစဥ်ဆွဲထားပြီးပြီ ကျွန်မတို့ ဒီနေ့လာတာ အခြေအနေကို လေ့လာဖို့ပဲ ဒါပေမဲ့ ရှင်တို့နဲ့ တွေ့မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
ဤသို့ပြောပြီးနောက် ကျိုးဟောင်နှင့် ကျိယောင်ယွဲ့တို့၏ မျက်နှာများမှာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။
“ပြီးတော့ သူတို့က ကျောက်စာတိုင်ရဲ့စွမ်းအင်ရင်းမြစ်ကို ရှာဖွေနိုင်တဲ့ ကိရိယာတစ်ခုကိုလည်း ဖန်တီးထားပြီးပြီ အဲဒါက ကျွန်မတို့ ကျောပိုးအိတ်ထဲမှာထည့်ထားတဲ့ဟာပဲ အဲဒါနဲ့ဆိုရင် ကျွန်မတို့ကျောက်စာတိုင်ကို ရှာလို့ရတယ်”
ကျိုးဟောင်မှာ ဤစကားကို ကြားသောအခါ ရေဒါနှင့်တူသည့် ပစ္စည်းသေးသေးလေးတစ်ခုကို အလျင်အမြန် ထုတ်လိုက်သည်။
“ဒါ ဘယ်လိုသုံးရတာလဲ”
ကျိုးဟောင်မှာ ချက်ချင်း မေးလိုက်သည်။
....................................................................................