← Chapters

အပိုင်း ၃၄၉-၃၅၁

Vol. 24 Ch. 349-351

အပိုင်း ၃၄၉-၃၅၁

Vol. 24 Ch. 349-351

အခန်း (၃၄၉) နေဝင်ဆည်းဆာ

လျှပ်တစ်ပြက်အတွင်းပင် ချီသွေးစွမ်းအားများက လင်းဇီချန်၏လက်ဝါးမှတစ်ဆင့် စီးဆင်းသွားသည်။ အခိုးအငွေ့နှင့် အမျှင်အတန်းများ ထွက်ပေါ်လာသည်။ ခေါင်းတလားဆီသို့ ရွေ့လျားသွားသည်။ ခေါင်းတလားသည် ချီသွေးဖြင့် ထိတွေ့လိုက်သောအခါတွင် ရှေးခေါင်းတလားမျက်နှာပြင်မှ ကျောက်စာများသည် ချက်ချင်းပင် အနီရောင်အလင်းခပ်ရေးရေးလေး ထွက်ပေါ်လာသည်။

ချီသွေးဖြင့် ပို၍ထိတွေ့လေလေ ကျောက်စာပေါ်မှအနီရောင်အလင်းက ဖြည်းဖြည်းချင်း တောက်ပလာလေလေပင် ဖြစ်သည်။ ရှေးဟောင်းကြေးခေါင်းတလားမှကျောက်စာကိုကြည့်ကာ လင်းဇီချန်သည် ထိုနေ့က ကမ်းရိုးတန်းတောအုပ်တွင် ရှန်ချင်းဟန်ဘေး၌ ပေါ်လာသည့် ရေစက်များမှကျောက်စာများကို အမှတ်ရသွာသည်။

ကောင်းကင်လူသားသခင်သည် လက်ရှိအချိန်ဖြင့် အလှမ်းဝေးသောကြောင့် သူမသည်ဟန်ဟန်၏ထိုစာများကို သိကောင်းသိနိုင်သည်။ နောင်တွင်မှ အခွင့်အရေးရှာကာ မေးကြည့်ရမည်။

ရုတ်တရက်ပင် ခန္ဓာကိုယ်တွင်းမှချီသွေးသည် အမြန်ပင် လျော့ကျသွားသည်ကို လင်းဇီချန်သတိထားမိသည်။ သိသိသာသာ လျော့ကျသွားသော်လည်း အသက်ဝင်လာြခင်းမျိုးမရှိပေ။ လက်ဝါးအောက်မှရှေးဟောင်းကြေးခေါင်းတလားသည် လင်းဇီချန်ထုတ်လွှတ်လိုက်သောချီသွေးကို လျင်မြန်စွာစုပ်ယူလိုက်ကာ လင်းဇီချန်ကိုယ်တွင်းမှ ချီသွေးစွမ်းအားကိုပင်လျင်မြန်စွာ စတင်စုပ်ယူလေသည်။ စုပ်ယူခြင်းကလျင်မြန်လှသည်။ လေဟာနယ်တစ်ခုကဲ့သို့ လင်းဇီချန်ကိုယ်တွင်းမှချီသွေးတစ်ဝက်ကို ချက်ချင်းပင် စုပ်ယူလိုက်နိုင်သည်။ ချီသွေးစွမ်းအား လျင်မြန်စွာ ကုန်ဆုံးသွားသောကြောင့် လင်းဇီချန်သည် အနည်းငယ်မျှ နေမကောင်းဖြစ်လာပြီး ခန္ဓာကိုယ်သန့်စင်ခြင်းပြီးကာစခန္ဓာကိုယ်ကလည်း အားနည်းလှသည်။

ခေါင်းတလားအတွင်းမှ ကောင်းကင်လူသားသခင်သည် လောဘကြီးလွန်းလှသည်။ အမြန်ပင်စုပ်ယူကာ ကြမ်းတမ်းလှသည်။ ခင်ပွန်းကို နှစ်ရှည်လများမတွေ့ရသည့်ဇနီးသည်နှင့်တူပေသည်။ ထို့ကြောင့် လင်းဇီချန် မျက်မှောင်ကြုတ်လိုက်မိသည်။ သို့သော်လည်း ချီသွေးထုတ်လွှတ်ခြင်းက ရပ်မသွားပေ။ သိုလှောင်ခန်းလေဟာနယ်ထဲမှ အဆင့်မြင့်ပြန်လည်သက်ဝင်ဆေးလုံးကို ထုတ်ယူလိုက်ပြီး ချီသွေးအားဖြည့်ရန် ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ပြန်လည်သက်ဝင်ဆေးလုံးစားပြီးနောက်တွင် လင်းဇီချန်အတန်ငယ်နေကောင်းသွားသည်။ ကောင်းကင်လူသားသခင်ကို စိတ်တိုင်းကျ စုပ်ယူခွင့်ပေးထားသည်။ တစ်ခါတည်းဖြင့် မခမ်းခြောက်သွားလျှင် အဆင်ပြေပေသည်။ ထိုသို့ဖြင့် လင်းဇီချန်သည် ချီသွေးစွမ်းအားကို ဆက်စုပ်ယူခွင့်ပေးထားကာ ပြန်လည်သက်ဝင်ဆေးလုံးများကိုလည်း ဆက်စားနေသည်။ မိနစ်များစွာကုန်ဆုံးသွားသည်ကိုမြင်ပြီးနောက် ရှန်ချင်းဟန်က စိုးရိမ်သောအမူအရာဖြင့် ဝင်ပြောလိုက်လေသည်။

"ကျောင်းအုပ် တော်တော်ကြာနေပြီ။ ချီသွေးလွှဲပေးတာက ခုထိ မပြီးသေးဘူးလား။ ဆက်လုပ်နေရင် ဇီချန်က ချီသွေးအများကြီးဆုံးရှုံးသွားလို့ ခန္ဓာကိုယ်ကို ထိခိုက်သွားနိုင်တယ်။"

"ကောင်းပြီ။ သခင်နဲ့ ဇီချန်က ဘာလုပ်နေလဲဆိုတာကို ငါသိပါတယ်။ သူတို့ဆက်လုပ်နေနိုင်တာနဲ့အမျှ ကိစ္စကြီးမဟုတ်ပါဘူး။"

လျို့ချွမ်ဝူက ပြောလိုက်သည်။ ရှန်ချင်းဟန်သည် စိတ်ပူနေဆဲဖြစ်သော်လည်း ဘာမှမပြောတော့ပေ။ သူမသည် လင်းဇီချန်ကိုကြည့်၍သာ ခန္ဓာကိုယ်အခြေအနေကို စောင့်ကြည့်နေ၏။ တစ်ခုခုမှားနေသည်ကို ထောက်လှမ်းမိသည်နှင့် ချက်ချင်းပင် ဝင်တားမည်ဖြစ်သည်။

ရှေးဟောင်းကြေးခေါင်းတလားရှေ့တွင် လင်းဇီချန်သည် အဆင့်မြင့်ပြန်လည်သက်ဝင်ဆေးလုံးသုံးလုံးကို ထုတ်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်ကာ ချီသွေးကို အမြန်ပင်ပြန်အားဖြည့်လိုက်သည်။ စိတ်ထဲတွင်မူ ကောင်းကင်လူသားသခင်က လောဘကြီးလွန်းသည်ဟု ထင်မိသည်။ ဆယ်မိနစ်ကုန်သွားသော်လည်း သူမက ပြင်းထန်စွာပင် စုပ်ယူနေဆဲဖြစ်၏။ မစုပ်ယူခင်က သူမသည် ယဉ်ကျေးစွာ တောင်းဆိုခဲ့ကာ အထင်နှင့်အမြင်တလွဲစီဖြစ်ခဲ့သည်။ သူမသည် ဆွဲဆောင်ရာတွင် ကျွမ်းကျင်သောသူဖြစ်ပေမည်။

ထွေရာလေးပါးကို စဉ်းစားရင်းဖြင့် မျက်စိတစ်မှိတ်အတွင်းပင် မိနစ်နှစ်ဆယ်ကုန်ဆုံးသွားသည်။ ထိုအချိန်တွင် ကြေးခေါင်းတလားပေါ်မှကျောက်စာများက ဖြည်းဖြည်းချင်းအရောင်မှိန်လာသည်။ ထို့နောက်တွင် လင်းဇီချန်၏ခန္ဓာကိုယ်မှ ချီသွေးစုပ်ယူခြင်းကလည်း ရပ်သွားသည်။ သူမသည်လည်း အာသာပြေသွားလောက်လေပြီ။

ထို့နောက်တွင် အထဲမှ ပွတ်တိုက်သည့်ဆူညံသံများ ထွက်ပေါ်လာပြီး ကြေးခေါင်းတလားအဖုံးက ရုတ်တရက်ပင် ရွေ့လျားလာသည်။ လင်းဇီချန်က ချက်ချင်းပင် လက်ကိုပြန်ရုပ်ကာ နောက်သို့ ဆုတ်သွားသည်။ အကြည့်တို့က ကြေးခေါင်းတလားဆီတွင်သာ ရှိနေသည်။ နောက်မှသုံးဦးကလည်း အတူတူပင် ဖြစ်သည်။ သို့သော်လည်း ခေတ္တမျှကြာသောအခါတွင် ကြေးခေါင်းတလားထဲမှ လှုပ်ရှားမှုကို ဆက်မတွေ့ရတော့ပေ။ ခေါင်းတလားထဲမှ လျင်မြန်စွာထွက်ပေါ်လာရန်ကို မျှော်လင့်မထားကြပေ။ ပြန်ကောင်းရန် အချိန်ယူရပေဦးမည်။

ရှေးဟောင်းကြေးခေါင်းတလားက အတော်ကြာအောင် တိတ်ဆိတ်နေသည်ကို မြင်သောကြောင့် ရှန်ချင်းဟန်က လင်းဇီချန်ဘေးသို့ အသာလျှောက်လာသည်။ သူမသည် ခြေဖျားလေးထောက်ပြီး လင်းဇီချန်နားနားလေးသို့ကပ်ကာ တီးတိုးပြောလိုက်သည်။

"ဘယ်လိုနေလဲ။ မသက်မသာဖြစ်တာမျိုးရှိလား။"

ကောင်းကင်လူသားသခင်က နာရီဝက်ကြာအောင် စုပ်ယူခံလိုက်ရသောကြောင့် တစ်ခုခုဖြစ်မည်ကို စိတ်ပူနေလေသည်။

"ကောင်းပြီ။ နည်းနည်းလေးနားဖို့ပဲလိုတာပါ။"

ထိုသို့ပြောကာ လင်းဇီချန်၏အကြည့်များက ရှေးကြေးခေါင်းတလားဆီမှလုံးဝမခွာပေ။

မိနစ်ဝက်ခန့်ကြာပြီးနောက်တွင် ရှေးဟောင်းကြေးခေါင်းတလားက လှုပ်လာသည်။ အစကလှဲနေသောခေါင်းတလားက ၎င်းဘာသာ မတ်တတ်ရပ်လာသည်။ ထောင်မတ်လာသောရေခဲသေတ္တာကြီးကဲ့သို့ လူလေးဦးရှိရာသို့ လှည့်လာသည်။ ထို့နောက်တွင် အဖုံးကြီးက ဖြည်းဖြည်းရွေ့လျားသွား၏။

ရှေးဟောင်းအနံ့အသက်တစ်ခုနှင့်အတူ ရှေးဟောင်းတာအိုဝတ်စုံကိုဝတ်ဆင်ထားသောအမျိုးသမီးတစ်ဦးသည် ခေါင်းတလားထဲမှ ထွက်ပေါ်လာ၏။

ဆံပင်များက ပခုံးထက်တွင် ကျနေပြီး ခါးထိရောက်နေသည်။ မျက်နှာက လှပသောဘဲဥပုံမျက်နှာလေးဖြစ်ပြီး အကြည့်တို့က နက်ရှိုင်းကာ နူးညံ့သိမ်မွေ့သောနှာခေါင်းနှင့် မနက်ခင်းနှင်းမြူဖြင့် ရောနှောနေသည့် မက်မွန်ပန်းပွင့်လေးနှင့်တူသည့် နှုတ်ခမ်းလေးတို့က လွန်စွာတင့်တယ်လှသည်။

အောက်ပိုင်းသို့ ဆက်ကြည့်လျှင် ဝတ်ရုံက လျော့ရဲနေကာ ပျက်စီးနေသည့်အရိပ်အယောင်မျိုး ပြနေသည်။ သာသာလေးထိလိုက်လျှင်ပင် အပိုင်းပိုင်းဖြစ်သွားမည်ဟု ထင်ရကာ လှပဖြူဖွေးသောခန္ဓာကိုယ်လေးက လှစ်ဟာနေသည်။

ပျက်စီးနေသောဝတ်စရုံအောက်တွင်ပင် သူမသည် ရှေးဟောင်းတာအိုဆရာအငွေ့အသက်နှင့်တူကာ ဆန်းကြယ်တရုတ်ဝတ္ထုများထဲမှ မသေမျိုးနတ်ဘုရားနှင့် တူလှသည်။ လင်းဇီချန်က ကောင်းကင်လူသားအရှင်၏အလှတရားကို ခံစားနေခြင်းမဟုတ်ပေ။ သူမ၏ ပျက်စီးနေပြီဖြစ်သောဝတ်ရုံကိုသာ အာရုံစိုက်နေမိသည်။

လင်းဇီချန်စဉ်းစားနေမိသည်မှာ သူမသည် သွေးသန့်စင်ခြင်းကျင့်စဉ်၏ဘိုးဘေးဘီဘင်ဖြစ်ကာ ကောင်းကင်လူသားသခင်၏အဆင့်အတန်းဆိုသည်ကလည်း လွန်စွာမြင့်မားလှသည်။ ထိုမျှမြင့်သောအဆင့်အတန်းဖြင့်ဆိုလျှင် ထိုအဝတ်အစားသည်လည်း သေချာ‌ပေါက်အရည်အသွေးကောင်းရပေမည်။

အခန်း (၃၅၀) နေဝင်ဆည်းဆာ (၂)

ထိုသို့ဆိုလျှင်ပင် အဖိုးဖြတ်မရအောင် ထိုက်တန်သောရတနာဖြစ်ပေမည်။ ရတနာဖြစ်သဖြင့်သာ ထိုအတိုင်းရှိနေခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် နှစ်ထောင်ချီသောင်းချီကြာသွားသည်ကိုပင် အကောင်းအတိုင်းရှိနေသေးသည်။ သို့သော်လည်း မိမိရှေ့မှ ကောင်းကင်လူသားသခင်သည်ပင် အနည်းငယ်မျှ ထိလိုက်လျှင်ပင် တစ်စစီဖြစ်သွားမည်ဟု ထင်ရ၏။ သူမသည် ရှေးခေါင်းတလားထဲတွင် ရှိနေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

လင်းဇီချန်သည် ဆက်မစဉ်းစားနေတော့ဘဲ အမြန်ပင် အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းကိုသုံးကာ သူမ၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို ထောက်လှမ်းလိုက်သည်။ သို့သော်လည်း မျှော်လင့်ထားသည့်အတိုင်းပင် ဘာကိုမှ ထောက်လှမ်း၍ မရပေ။ ကောင်းကင်လူသားအရှင်၏အဆင့်သည် လွန်စွာမြင့်လွန်းသောကြောင့် အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်း၏အလွန်တွင် ရှိနေသည်မှာ ထင်ရှားပေသည်။

ထိုစဉ်တွင် ကြေးခေါင်းတလားရှေ့၌ ရပ်နေ‌သော ချီချင်းမော့သည် တစ်ယောက်ယောက်က သူမ၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို အာရုံခံနေသည်ကို သတိထားမိသည်။ ထိုအာရုံလာရာအရပ်ကိုကြည့်လိုက်သောအခါတွင် လင်းဇီချန်ရှိနေကာ သူမက တီးတိုးလေးပြောလိုက်သည်။

"အဆင့်မြင့်အဆင့်နဲ့များ အခြားသူတွေရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်ကို ထောက်လှမ်းရဲတယ်ပေါ့လေ။ ချီးကျူးလောက်စရာသတ္တိပဲ။"

'သူက သတိထားမိသွားတာလား'

လင်းဇီချန်တစ်ယောက် မျက်လုံးပြူးကျယ်သွားကာ အံ့ဩသင့်သွားသည်။ ချက်ချင်းပင် အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းကို ရပ်လိုက်ပြီး ကောင်းကင်လူသားအရှင် မကျေမနပ်ဖြစ်သွားမည်ကို စိုးသောကြောင့်ပင် ဖြစ်၏။ ချီချင်းမော့ကမူ မကျေမနပ်ဖြစ်ခြင်းမျိုး မရှိပေ။ လင်းဇီချန်၏အားသာချက်ကို ချီးကျူးလိုက်ခြင်းသာဖြစ်ကာ သတိပေးခြင်းမဟုတ်ပေ။

"ကျောင်းအုပ်လျို အခု ကောင်းကင်လူသားအဖွဲ့အစည်းမှာ အဖွဲ့ဝင်ဘယ်နှစ်ယောက်လောက်ရှိလဲ။"

ချီချင်းမော့က လျို့ချွမ်ဝူကိုမေးလိုက်သည်။ သူမ၏အပြုအမူသည် သာမန်ပင်ဖြစ်ကာ စိတ်ကူးထားသည့်အတိုင်း စာတစ်သံပေတစ်သံမျိုး မဟုတ်ပေ။ လွန်ခဲ့သောနှစ်များက လျို့ချွမ်ဝူဖြင့် အပြန်အလှန်များစွာဆက်သွယ်ခဲ့ခြင်းကြောင့် ဒေသခံများအတိုင်း လိုက်လျောညီထွေရှိအောင် နေလိုသောဆန္ဒကြောင့်ပင် ဖြစ်၏။

လျို့ချွမ်ဝူက ရိုသေစွာဖြင့် ပြန်ပြောလိုက်သည်။

"အရှင်အပါအဝင် ခြောက်ယောက်ရှိပါတယ်။"

"ခြောက်ယောက်တည်းလား။ အတန်ငယ်နည်းတာပဲ။"

ချီချင်းမော့က ဆက်မေးလိုက်သည်။

"ကျန်တဲ့တစ်ယောက်ကရော"

လျို့ချွမ်ဝူက ပြန်ဖြေလိုက်သည်။

"သူက လိုက်မလာပါဘူး။ သူက လွန်ခဲ့တဲ့ရက်ပိုင်းကမှ ကောင်းကင်လူသားအဖွဲ့အစည်းထဲဝင်ခဲ့တာမလို့ ခုထိ သေချာအဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒါကြောင့် သူ့ကို ခေါ်မလာတာပါ။"

ချီချင်းမော့က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ထပ်မမေးတော့ပေ။

သူမက ထိုလေးဦးကို ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့အားလုံးက အခုလောက်ဆို သွေးသန့်စင်ခြင်းကျင့်စဉ်ကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်အားကတော့ အတန်ငယ်သာနေလောက်ပြီ။ အခု မင်းတို့ကို အတွင်းကြောမှတ်ဖွင့်တဲ့နည်းလမ်းကို ပေးလိုက်မယ်။"

ထိုသို့ပြောကာ သူမက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသွယ်လျသောလက်လေးကို မြှောက်လိုက်ပြီး လက်ချောင်းထိပ်လေးဖြင့် တစ်ဦးချင်းစီ၏နဖူးကို တို့ကာ ထိုနေရာမှ အလင်းတန်းလေးထွက်ပေါ်လာသည်။

အလင်းလေးက နဖူးထဲသို့ ဝင်သွားသောအခါတွင် လင်းဇီချန်သည် တစ်ခုခုက ထိုးဖောက်ဝင်ရောက်သွားသည်ဟု ခံစားရကာ နဖူးသည် ရှေ့တိုးနောက်ဆုတ်ဖြစ်သွားမိကာ မသက်မသာရှိလှသည်။

ကံကောင်းစွာဖြင့် ထိုမသက်မသာဖြစ်မှုက ကြာရှည်မခံလိုက်ပေ။ ဦးနှောက်တုန်ခါသွားရုံမျှသာဖြစ်ပြီး အရာအားလုံးက မကြာခင်ပင် စိတ်ဝင်စားစရာမကောင်းတော့ပေ။ ထိုအချိန်တွင်ပင် ထူးဆန်းသောမှတ်ဉာဏ်တစ်ခုက စိတ်ထဲတွင် ထွက်ပေါ်လာသည်။ လင်းဇီချန်က ထိုမှတ်ဉာဏ်ကို အာရုံစိုက်ကြည့်လိုက်သည်။ ချီချင်းမော့ပြောသည့်အတိုင်းပင် သွေးသန့်စင်ခြင်းကျင့်စဉ်၏နောက်ဆုံးအပိုင်းဖြစ်သော အတွင်းကြောမှတ်ဖွင့်နည်းလမ်းပင် ဖြစ်လေသည်။

ချီချင်းမော့ပေးသည့် အတွင်းကြောမှတ်ဖွင့်သည့်နည်းလမ်းသည် ရှန်ချင်းဟန်ရှာတွေ့ထားသောနည်းလမ်းဖြင့် အတန်ငယ်တူသည်ကို သိလိုက်သည်။ ရှန်ချင်းဟန်၏နည်းလမ်းက အတိမ်ကိုးချက်နှင့် အနက်တစ်ချက်ဖြစ်သည်။ ဝိညာဉ်စွမ်းအားကိုးချက်နှင့် ချီသွေးတစ်ချက်ပင် ဖြစ်ကာ နှလုံးနားမှ အတွင်းကြောမှတ်များကို ပစ်မှတ်ထား၍ ထိုးနှက်ခြင်းဖြစ်သည်။

သို့သော်လည်း ချီချင်းမော့က နှလုံး၊ ဦးနှောက်နှင့် ခန္ဓာကိုယ်နှင့်ဆိုင်သည့် အသီးသီးသော အတွင်းကြောမှတ်ဖွင့်သည့်နည်းလမ်းသုံးမျိုးကို ပေးခြင်းဖြစ်သည်။

(၁) နှလုံးအတွင်းကြောမှတ်များကိုဖွင့်သည့်နည်းလမ်း _ ချီသွေးကို အပ်ပုံစံပြောင်းပြီး ပြင်းအားကို အားပျော့ရာမှအားများရာထိပြောင်း၍ ဆယ်ကြိမ်ဆယ်ခါ အတွင်းကြောမှတ်များကို ထိုးနှက်ခြင်း။

(၂) ဦးနှောက်အတွင်းကြောမှတ်များကိုဖွင့်သည့်နည်းလမ်း _ ဝိညာဉ်စွမ်းအားကို အပ်ပုံစံပြောင်းပြီး ပြင်းအားကို အားပျော့ရာမှအားများရာအထိပြောင်း၍ သုံးကြိမ်သုံးခါ အတွင်းကြောမှတ်များကို ထိုးနှက်ခြင်း။

(၃) ခန္ဓာကိုယ်အတွင်းကြောမှတ်များကိုဖွင့်သည့်နည်းလမ်း _ ချီသွေးနှင့်ဝိညာဉ်စွမ်းအားကို အပ်ပုံစံပြောင်းပြီး ပြင်းအားကို အားပျော့ရာမှအားများရာအထိပြောင်း၍ လေးကြိမ်လေးခါ အတွင်းကြောမှတ်များကို ထိုးနှက်ခြင်း။

ပြောရမည်ဆိုလျှင် အတွင်းကြောမှတ်ဖွင့်သည့်နည်းလမ်းသည် စည်းချက်ကျကျထိုးနှက်ခြင်းမျိုးသာ ဖြစ်၏။

တစ်ချက်ကြည့်လိုက်လျှင်ပင် အခက်အခဲမရှိဘဲဖြင့် နားလည်နိုင်ပေသည်။ အခက်အခဲကိုပြောရမည်ဆိုလျှင် ကျင့်ကြံရန်က ခက်ခဲနေခြင်းသာဖြစ်၏။ သွေးသန့်လူသားကသာ လေ့ကျင့်၍ရသည်။ ထို့အပြင် သွေးသန့်လူသား၏ခန္ဓာကိုယ်ကြံ့ခိုင်နိုင်စွမ်းအားက အားကောင်းရန်လိုအပ်သည်။ မဟုတ်လျှင် ချီသွေးနှင့် ဝိညာဉ်စွမ်းအားကို အပ်ပုံစံပင် ပြောင်းနိုင်မည်မဟုတ်ပေ။ အတွင်းကြောမှတ်ဖွင့်ရန် မဆိုထားနှင့် ခန္ဓာကိုယ်ကိုပင် သန့်စင်နိုင်မည်မဟုတ်ပေ။

လတ်တလောတွင် ကောင်းကင်လူသားအဖွဲ့အစည်း၏ အဖွဲ့ဝင်ငါးယောက်သည် ခန္ဓာကိုယ်ကြံ့ခိုင်နိုင်စွမ်းတွင် အလွန်အားကောင်းကြကာ သာမန်လူများထက် အတန်ငယ်သာသည်။

လျို့ချွမ်ဝူဆိုလျှင် ကိုယ်ခံပညာရှင်မိသားစုမှ မွေးဖွားလာခြင်းဖြစ်သည်။ စုန့်ယွီယန်သည် မြို့တော်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၏ဒုတိယအဆင့်ဖြစ်သည်။ မာရှိဝေသည် မြို့တော်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၏ စတုတ္ထအဆင့်ဖြစ်သည်။ လင်းဇီချန်ကမူ ကမ္ဘာပေါ်တွင် ကြံ့ခိုင်နိုင်စွမ်းအကောင်းဆုံးဟုပြောလျှင် ချဲ့ကားနေခြင်းမဟုတ်ပေ။ ရှန်ချင်းဟန်သည်မူ ခန္ဓာကိုယ်ကြံ့ခိုင်နိုင်စွမ်းတွင် မထူးချွန်သော်လည်း ထူးခြားသောခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသည့်အတွက် ချီသွေးကို အလွယ်လေးပင် ထိန်းချုပ်နိုင်သည်။ ဝိညာဉ်စွမ်းအားကလည်းမြင့်သောကြောင့် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဉ်ကျင့်ရန် အတန်ငယ်သင့်တော်ပေသည်။

"ချီသွေးလွှဲပေးတာကို ပြန်အကြွေးဆပ်တဲ့အနေနဲ့ နေဝင်ဆည်းဆာယင်းယန်အသီးကို မင်းကိုပေးမယ်။ စားလိုက်ရင် ချီသွေးနဲ့ဝိညာဉ်စွမ်းအားကို တိုးတက်စေတယ်။"

ချီချင်းမော့သည် အဖြူနှင့်အနက်စပ်သစ်သီးတစ်လုံးကို အင်္ကျီလက်ထဲမှ မှော်ဆန်ဆန်ထုတ်ယူလိုက်ပြီး လင်းဇီချန်ကို ပေးလိုက်သည်။ လင်းဇီချန်သည်မူ စိတ်ထဲတွင် အံ့အားသင့်နေသည်။ ချီချင်းမော့က ထိုအသီးကို မည်သို့ထုတ်လိုက်သည်ကို သတိမထားမိပေ။ သယ်ယူပို့ဆောင်လိုက်သည့်အရိပ်အယောင်မျိုးကိုလည်း မတွေ့ရပေ။ ချီချင်းမော့၏သယ်ယူပို့ဆောင်သည့်နည်းက မြန်လွန်းသောကြောင့် မျက်စိဖြင့် မမြင်နိုင်ခြင်းဖြစ်ပေမည်။ မဟုတ်လျှင် ချီချင်းမော့သည် လေထဲမှပင် ယူလိုက်ခြင်းဖြစ်ပေမည်။

"ယူလိုက်"

လင်းဇီချန်က ကြောင်၍ငေးကြည့်နေသည်ကို တွေ့ရသောကြောင့် ချီချင်းမော့က တိုက်တွန်းလိုက်ရသည်။ လင်းဇီချန်လည်း သတိကပ်လာပြီး အမြန်ပင် သစ်သီးကိုယူလိုက်ပြီး ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ကောင်းကင်လူသားအရှင်"

"ကျေးဇူးတင်ဖို့မလိုဘူး။ ဒါက ကျေးဇူးပြန်ဆပ်တာပဲ။ ဆုချတာမဟုတ်ဘူး။"

ထိုသို့ပြောပြီးနောက်တွင် ချီချင်းမော့သည် ချက်ချင်းပင် ရှေးဟောင်းကြေးခေါင်းတလားရှိရာသို့ သွားသည်။ သူမက ခေါင်းတလားကို ထိလိုက်သည်။ နောက်တွင် ခေါင်းတလားသည် နေရာတွင်ပင် ပျောက်သွားကာ နေရာတွင်ပင် လေး‌ထောင့်ကွက်တစ်ခုသာ ကျန်နေခဲ့သည်။

"ငါ့မှာ လုပ်စရာတွေရှိသေးတယ်။ အဲ့ဒါကြောင့်မလို့ အရင်သွားလိုက်ဦးမယ်။ နောက်ကျမှ မင်းတို့ကို လာရှာမယ်။"

ထိုစကားကိုပြောပြီးနောက်တွင် ချီချင်းမော့၏ပုံရိပ်သည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

'သူဘယ်ရောက်သွားတာလဲ။'

လေးဦးသား ကြောင်နေကြကာ ချီချင်းမော့က လေထဲတွင် မည်သို့ပျောက်သွားသည်ကို နားမလည်နိုင်ပေ။ လင်းဇီချန်က အမြန်ပင် ပြန်ဆုတ်လိုက်ပြီး ချက်ချင်းပင် ဝိညာဉ်စွမ်းအားဖြန့်ကျက်က မီတာတစ်ထောင်အထိ ‌ထောက်လှမ်းကြည့်သည်။ ချီချင်းမော့၏တည်ရှိမှုကို လိုက်ရှာကြည့်သည်။ ဆယ်စက္ကန့်မျှရှာပြီးနောက်တွင် ချီချင်းမော့၏အရိပ်အယောင်ကို မတွေ့ရတော့ပေ။ သူမသည် နေရာတွင်မရှိသကဲ့သို့ လုံးဝပျောက်ကွယ်သွားသည်။

"ကျောင်းအုပ်လျို့ ကောင်းကင်လူသားသခင်က အဆင့်ဘယ်လောက်လဲဆိုတာသိလား။ သူက တော်တော်လေးကို အားကောင်းသလိုပဲ။"

စုန့်ယွီယန်က လျို့ချွမ်ဝူကို မေးလိုက်သည်။

လျို့ချွမ်ဝူက ခေါင်းခါပြလိုက်ကာ

"ငါလည်းမင်းနဲ့အတူတူပဲ။ ကောင်းကင်လူသားအရှင်ရဲ့သွေးမျိုးဆက်စွမ်းအားအဆင့်ကို မသိဘူး။"

ထိုသို့ပြောကာ ထပ်ပြောလိုက်သည်။

"စောနက ကောင်းကင်လူသားသခင်ပြသွားတဲ့အားနဲ့ဆိုရင် အနည်းဆုံးတော့ မြင့်မြတ်သူအဆင့်ပဲမဟုတ်ဘူး ဒဏ္ဍာရီအဆင့်တောင်ဖြစ်နိုင်လောက်တယ်။"

"ဒဏ္ဍာရီအဆင့်လား"

စုန့်ယွီယန်က ပြောလိုက်သည်။

"ပြည်နယ်ဝန်ကြီးနဲ့အဆင့်အတူတူပဲဆိုရင် ချဲ့ကားလွန်းရာကျမှာပဲ။"

လျို့ချွမ်ဝူက သဘောမတူပေ။

"ဘာကို ချဲ့ကားရမှာလဲ။ ကောင်းကင်လူသားသခင်က အနန္တစွမ်းအားရှင်ဖြစ်တဲ့ ရှေးဘိုးဘေးအဆင့်တောင် ဖြစ်မယ်လို့ ထင်တာ။"

စုန့်ယွီယန်က ဝင်ပြောလိုက်သည်။

"ကျောင်းအုပ် အခုဆို ပိုပြီးတောင်ရဲလာတယ်နော်။ လက်ရှိထက်ကို ပိုပြီးအတိတ်ကို အရောင်တင်နေသလိုမျိုးပဲ။"

လျို့ချွမ်ဝူက မုတ်ဆိတ်မွေးကိုသပ်ကာ ပြောလိုက်သည်။

"အတိတ်ကို အရောင်တင်နေတာမဟုတ်ဘူး။ လူသားသမိုင်းကသာ လက်ရှိထက် အတိတ်ကို အရောင်တင်နေတာ။"

"အပျက်အစီးထဲက မှတ်တမ်းတွေအရဆိုရင် ရှေးခေတ်တုန်းက မသေမျိုးနတ်ဘုရားတွေကြားမှာ လူသားအရေအတွက် အမြင့်ဆုံးပဲ။ အားအကောင်းဆုံးမသေမျိုးနတ်ဘုရားတွေကလည်း လူသားတွေပဲ။"

"ဘာကို နဂါးတွေဖီးနစ်တွေလဲ။ အကုန်လုံးက လူသားတွေလုပ်ကြံပြောထားတာတွေ။"

ထိုသို့ပြောကာ လျို့ချွမ်ဝူက စုန့်ယွီယန်ကို မေးလိုက်၏။

"ငါက အတိတ်ကို အရောင်တင်တယ်လို့ ထင်နေတုန်းလား။"

စုန့်ယွီယန်က ပြန်မဖြေဘဲ အတွေးထဲတွင်သာ နစ်မြောနေသည်။ လင်းဇီချန်သည်လည်း အတွေးထဲတွင် နစ်မြောနေသည်။ လျို့ချွမ်ဝူ၏စကားကို ကြားသည့်အခါတွင်ချီချင်းမာ့သည် မည်သည့်ခေတ်က ဖြစ်သည်ကို စဉ်းစားနေမိသည်။

'မသေမျိုးနတ်ဘုရားများကရော တကယ်ရှိတာလား'

ဒဏ္ဍာရီပုံပြင်တွေထဲကလိုမျိုး နတ်ဘုရားတွေက ကြယ်တွေကိုဆွတ်ခူးနိုင်ပြီး လကိုဖမ်းနိုင်တယ်ဆိုတာ တကယ်များလား

အခန်း (၃၅၁) လော့ချန်းရွှယ်ကပိုင်ရွှယ်ပဲ! ဂမ္ဘီရသစ်ပင်ဂိုဏ်းကစလှုပ်ရှားပြီ!

ရှာ၍ပင်မရတော့သောရှေးဟောင်းအပျက်အစီးပုံများကြားတွင် ချီချင်းမော့သည် ပတ်ဝန်းကျင်အလွတ်ကြီးကိုကြည့်ကာ အသာမျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအပျက်အစီးများသည် ကောင်းကင်လူသားအဖွဲ့အစည်း၏ရတနာမြေအောက်ခန်းဖြစ်ခဲ့သည်။ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်များသိုလှောင်ရာ လျို့ဝှက်ခန်း ဖြစ်ခဲ့သည်။ သို့သော်လည်း ယခုတွင်မူ ဗလာကျင်းနေကာ အရင်းအမြစ်တစ်ခုတောင် မကျန်တော့ပေ။ နှစ်ပေါင်းများစွာလျစ်လျူရှုထားသောကြောင့် ပျက်စီးယိုယွင်းနေခြင်းသာ ကျန်ခဲ့၏။ ကောင်းကင်လူသားအဖွဲ့အစည်း၏တပည့်များက သူမဘာသာချိတ်ပိတ်လိုက်စဉ်တွင်ပင် အရင်းအမြစ်များအားလုံးကို ယူသွားခြင်းဖြစ်ပေမည်။ ရှောင်လွှဲ၍ မရသော လူ့သဘာဝသာဖြစ်သည်။ သူမ မျှော်လင့်ထားပြီးဖြစ်၏။

"ကြည့်ရတာတော့ အခြားနည်းလမ်းရှာရတော့မှာပဲ။ ငါတော့ အသက်ရှင်ဖို့အတွက် အငယ်လေးဆီကနေ ချီသွေးပြောင်းသွားတာကိုပဲ အားကိုးရ‌တော့မယ်။"

ချီချင်းမော့က သူမဘာသာ ညည်းတွားမိပေသည်။ ပြောပြီးနောက်တွင် ဆက်ပြောလိုက်မိသည်။

"အပြင်ကိုထွက်ပြီးတော့ပဲ..."

လောကကြီး၏သဘာဝဝိညာဉ်စွမ်းအားသည်လည်း ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်ပြတ်လပ်သောကြောင့် လွန်စွာကုန်ခမ်းနေပြီဖြစ်၏။ ခေတ္တခဏအတွက်မူ သူမသည် အသက်ရှင်ရန်အတွက် အရင်းအမြစ်ရှာရန်က ခက်ခဲပေမည်။ နည်းလမ်းရှာမတွေ့ခင်တွင် လင်းဇီချန်ကိုသာ မှီခိုရတော့မည်ဖြစ်၏။ မကြာခဏ သွေးသွင်းရန်ကလည်း လိုအပ်သည်။ သူမ၏ခန္ဓာကိုဘ်က အားကောင်းလွန်းသည်။ အဆင့်မြင့်လူသားက လွှဲပြောင်းပေးလိုက်သောချီသွေးသည် မကြာခင်အချိန်တွင်ပင် ကုန်သွားပေမည်။ စွမ်းအားများကိုလည်း စိတ်ရှိတိုင်း သုံး၍ မဖြစ်ပေ။ အပြင်ထွက်၍ ရန်သူဖြင့်တွေ့လျှင် သူမ မလှုပ်ရှားနိုင်ခင်တွင် အိပ်မောကျသွားလိမ့်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် သူမအတွက် ထင်ရှားသိသာသောအကန့်အသတ်မျိုး ရှိပေသည်။

....

အဆောင်သို့ ပြန်ရောက်သောအခါတွင် လင်းဇီချန်သည် ဆိုဖာပေါ်တွင် ထိုင်ပြီး နေဝင်ဆည်းဆာယင်းယန်အသီးကို ကြည့်နေမိသည်။ ထိုအသီးသည် နဂါးသီးအရွယ်အစားမျှရှိသည်။ အခွံကာ မြင်းကျားကဲ့သို့ အနီနှင့်အနက်စင်းကြားဖြစ်သည်။ အနံ့ခပ်ရေးရေးရသည်။ လက်ဖြင့်ထိကြည့်လျှင် အပူကောအအေးကိုပါ ခံစားမိသည်။ အနက်ရောင်အခွံအပိုင်းကို ထိကြည့်လျှင် အေးနေသည်။ အဖြူရောင်အပိုင်းကို ထိကြည့်လျှင် ပူနေသည်။ ရေခဲနှင့်မီးတို့ နှစ်မျိုးတည်ရှိနေသည့် မှော်ဆန်မှုမျိုးပင် ဖြစ်၏။ အထဲမှ အသားကို အာရုံခံကြည့်သောအခါတွင် အခွံအောက်၌ ပေါက်ကွဲထွက်မတတ် အားကောင်းနေမှုကို အာရုံခံမိသည်။

အနည်းငယ်မျှ လေ့လာပြီးနောက်တွင် မကြာခင်ပင် လင်းဇီချန်သည် ဆိုဖာပေါ်မှထ၍ သန်းခေါင်ယံယင်းယန်အသီးကိုဆေးရန် မီးဖိုချောင်ဆီသို့ လျှောက်လာသည်။ ထို့နောက်တွင် ဓားဖြင့် ထက်ခြမ်းခြမ်းလိုက်ကာ တစ်ဝက်ကို ရှန်ချင်းဟန်အားကျွေးရန် ဖြစ်၏။ ရှန်ချင်းဟန်ကို မကျွေးခင်တွင် လင်းဇီချန်က အသီး၏အသားကို ကြည့်လိုက်သည်။ အသားကလည်း အဖြူနှင့်အနက်ရောင်အစင်းပင် ဖြစ်၏။ ပုံစံကွက်သည် အခွံပေါ်မှနှင့် အတူတူပင် ဖြစ်သည်။ နေဝင်ဆည်းဆာယင်းယန်သီးဟုသော နာမည်နှင့်လိုက်ပေ၏။

ဧည့်ခန်းထဲသို့ ပြန်လာပြီး လင်းဇီချန်က အသီးတစ်ခြမ်းကို ရှန်ချင်းဟန်ကိုပေးကာ ပြောလိုက်သည်။

"ရော့ ဒီမှာမင်းအတွက် တစ်ခြမ်း။"

ရှန်ချင်းဟန်က ခေါင်းခါပြလိုက်သည်။

"မစားချင်ဘူး။"

"ဘာလို့ မစားချင်ရတာလဲ။"

"ဒါကို ကောင်းကင်လူသားသခင်အတွက် နင့်ရဲံချီသွေးတွေအများကြီးခမ်းအောင်လုပ်ပြီးမှ ရလာတာလေ။ နင်ပဲအကုန်စားသင့်တယ်။"

"မင်းပြောနေတဲ့ပုံစံကိုလည်း ကြည့်ဦး။ ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာဖြစ်သွားပြီလဲ။ ငါ့ဟာက မင်းဟာ မင်းဟာက ငါ့ဟာလေ။ သာမန်လိုမျိုးမှ မဟုတ်တာ။"

"ဆက်ဆံရေးဆိုတာထက် နေဝင်ဆည်းဆာယင်းယန်သီးက နင့်ရဲ့အရင်းအမြစ်တွက်ရလာတာလေ။ ဘာမှမလုပ်ပေးရပဲနဲ့ တစ်ဝက်ကို အလကားမယူချင်ဘူး။"

ရှန်ချင်းဟန်က ပြောလိုက်သည်။ သူမသည် တင်းခံနေခြင်းမဟုတ်ဘဲ အမှန်ပင် ထိုသို့ခံစားနေရခြင်းဖြစ်သည်။ လင်းဇီချန်၏သတို့သမီးဖြစ်နေ‌သောကြောင့်ပိုင်ဆိုင်မှုကို မျှရမည်ဟုသောအခွင့်ကောင်းမျိုးကို မလိုချင်ပေ။ မျှဝေသည်က ကိစ္စမရှိပေ။ သို့သော်လည်း တစ်ဝက်မျှခြင်းက အဆင်မပြေဟု ထင်မိသည်။

"အတွေးလွန်မနေနဲ့။ ငါပေးတာကိုသာ စားလိုက်။ မင်းတကယ် စိတ်မကောင်းဖြစ်နေရင် နောက်မှ အခြားနည်းလမ်းနဲ့ ပြန်ကျေးဇူးဆပ်ပေါ့။"

လင်းဇီချန်က အကြံပြုလိုက်ပြီး နေဝင်ဆည်းဆာယင်းယန်သီးတစ်ခြမ်းကို ရှန်ချင်းဟန်လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ သူမသည် လက်ထဲမှ အသီးတစ်ခြမ်းကို ကြည့်၍ နှုတ်ခမ်းလေးဆူပုတ်ကာ ပြောလိုက်လေသည်။

"ဇီချန် နင် ငါ့ကို ပေးတာတွေက များနေပြီ။ ဒီတစ်သက် ပြန်ပေးလို့ မကုန်တော့ဘူးလို့ကို ခံစားမိတယ်။"

"ငါတို့က ကလေးဘဝကတည်းက သူငယ်ချင်းတွေ။ ငယ်ငယ်ကတည်းက တူတူကြီးလာတဲ့အချစ်ဦးတွေ။ ခုဆို တစ်မိုးအောက်မှခင်ပွန်းနဲ့ဇနီးတောင် ဖြစ်နေပြီ။ အဲ့လောက်ကြီးယဉ်ကျေးနေဖို့မလိုဘူး။"

လင်းဇီချန်က သိမ်မွေ့စွာ ပြောလိုက်ပြီး သူမ၏ခါးလေးကို ဖက်ထားလိုက်သည်။

မေတ္တာသက်ဝင်သောစကားများကို ကြားသည့်အခါတွင် ရှန်ချင်းဟန်သည် စိတ်ထဲတွင် နွေးထွေးသွားရကာ ခေါင်းညိတ်ပြလိုက်၏။

"အင်း။ အဲ့လိုဆို အားနာမနေတော့ဘူး။"

သူမသည် ထိုသို့ပြောကာ နောင်တွင်မှ လင်းဇီချန်ကို ကောင်းကောင်းစောင့်ရှောက်ပေးကာ သူ၏တစ်ကိုယ်တော်ကျေးကျွန်ကဲ့သို့ပင်မရှိ၊မရဟုသောစကားကို မကြားရသည်အထိ ခစားမည်ဟု ဆုံးဖြတ်လိုက်သည်။ သူမနားလည်သွားသောကြောင့် လင်းဇီချန်လည်း ထပ်မပြောတော့ပေ။ လက်ထဲမှ အသီးတစ်ခြမ်းကိုသာ တစ်ကိုက်ကိုက်လိုက်သည်။

တစ်ကိုက်ကိုက်ကြည့်လျှင်ပင် ပါးစပ်ထဲမှ နေဝင်ဆည်းဆာအသီးက ချိုမြစွာပျော်ဝင်သွားသည်။ အပူနှင့်အအေးရောစပ်နေသည့်အရသာက ပါးစပ်ထဲတွင် ရောထွေးနေ၏။ မခန့်မှန်းထားနိုင်သောအရသာအတွေ့အကြုံမျိုးပင် ဖြစ်၏။ စကားလုံးများဖြင့် မဖော်ပြနိုင်သည်အထိ အရသာရှိလှသည်။ အသားက အစာအိမ်ထဲသို့ ‌ရောက်သွားသောအခါတွင် ချီသွေးသည် တိုက်ခတ်တော့မည့်မုန်တိုင်းကဲ့သို့ တိုးမြင့်လာကာ အင်အားကို ကောင်းစေသည်။

တစ်ချိန်တည်းတွင်ပင် သူ၏ဦးနှောက်ထဲမှ အသိစိတ်ပင်လယ်သည်လည်း လျင်မြန်စွာ ကျယ်ပြန့်လာပြီး အနည်းငယ်မျှ ဖောင်းကားသွားသောခံစားချက်မျိုးကို ခံစားလိုက်ရသည်။ ရှန်ချင်းဟန်၏နွေးထွေးသောလက်လေးများက ခေါင်းကို ပွတ်သပ်ပေးနေသကဲ့သို့ပင် ဖြစ်၏။ သက်တောင့်သက်သာရှိလှသောကြောင့် ကောင်းချီးပင်လယ်ထဲတွင် ‌မျောပါနေသည်ဟုပင် ထင်မိသည်။ လင်းဇီချန်က ရှင်းပြမတတ်သောသာယာမှုကို နှစ်သက်နေမိသည်။ ကျန်သောသစ်သီးကို ချက်ချင်းပင် ကုန်အောင်စားလိုက်သည်။ အစေ့များကိုပင် မျိုချပစ်၏။

ထိုသည်ကို မြင်သောအခါတွင် ရှန်ချင်းဟန်ကလည်း သူမကိုင်ထားသောတစ်ခြမ်းကို ဦးစွာ တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ ပထမဆုံးမြည်းစမ်းကြည့်ပြီးနောက်တွင် မျက်လုံးပြူးကျယ်သွားကာ မျက်ဝန်းများက အရောင်တောက်လာပြီး လှပသောမျက်နှာလေးက ဝမ်းသာမှုဖြင့် လင်းလက်သွားသည်။

အချိုနှင့်အချဉ်...အရည်ရွှမ်းမှု...ကိုက်လိုက်တိုင်းပင် ရေခဲနှင့်မီးပေါင်းစပ်ထားသည့်ခံစားမှု.....ပြောမပြတတ်အောင် အရသာကောင်းပေသည်။

ထို့နောက်တွင် သူမ၏မိန်းမပျိုအမူအရာကိုမေ့ထားကာ အငမ်းမရပင် စားလေတော့သည်။ နေဝင်ဆည်းဆာယင်းယန်သီးတစ်ခုလုံးကို မျိုချပြီးနောက်တွင် သူမ၏နူးညံ့သောခန္ဓာကိုယ်လေးက အနည်းငယ်မျှတုန်သွားလေသည်။

All Chapters