အပိုင်း ၃၇၃-၃၇၅
Vol. 25 Ch. 373-375
အခန်း(၃၇၃) စက်ရုပ်လူသားမိန်းမပျို၏ အချစ်
မထင်မှတ်ဘဲ မြေငလျင်တစ်ခု လှုပ်ခတ်သွားသဖြင့် အားကစားရုံအတွင်းရှိ လူတိုင်း သတိပြုမိခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ငလျင်က ကြာရှည်မခံခဲ့ဘဲ စက္ကန့်အနည်းငယ်အတွင်း အဆုံးသတ်သွားသည်။
နောက်ဆက်တွဲအနေဖြင့် မြို့လယ်ခေါင်သိုင်းပညာကွင်းတွင် မြို့ထဲမှ မြင်ကွင်းများကို ပြသလျက်ရှိသည်။
၎င်းသည် မောင်းသူဲ့ဒရုန်းယာဥ်မှ မြင်ကွင်းပင်ဖြစ်သည်။
လင်းဇီချန်က ဖန်းသားပြင်ကိုကြည့်လိုက်သောအခါ အနီရောင်သစ်ပင်ကြီးအောက်ခြေရှိ မြေက ဒါဇင်များစွာရှိသော လှိုဏ်ကူများအဖြစ်သို့ ပြိုကျသွားသည်ကိုမြင်လိုက်ရသည်။
လှိုဏ်ဂူများ၏ ဝင်ပေါက်များက ထူထပ်ပြည့်ကျပ်နေရာ အရာအားလုံးကို ဝါးမြိုသွားနိုင်သည့်
အာကာသတွင်းနက်များကဲ့သို့ ထင်ရသည်။ ကောင်းစွာ တပ်ဆင်ထားသော စက်ရုပ်လူသားအုပ်စုသည် စစ်ဆေးရန်အတွက် ရူးရူးမိုက်မိုက် ချဉ်းကပ်ဝံ့ခြင်းမရှိပေ။
၎င်းတို့သည် အဝေးမှ ထောက်လှမ်းနိုင်သော စက်ရုပ်များကိုသာ လွှတ်ထုတ်ကာ စူးစမ်းလေ့လာရန် နက်ရှိုင်းသော လိုဏ်ဂူများအတွင်းသို့ ဝင်ရောက်စေရန် သတ္တိရှိကြသည်။
ထောက်လှမ်းရေးစက်ရုပ်များက ဂူအစွန်းသို့ ချဉ်းကပ်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင် ဒါဇင်နှင့်ချီသည့် အနက်ရောင်လှိုဏ်ဂူများက မီတာပေါင်းများစွာရှည်လျားသည့် အရိပ်ကြီးမားနှင့်အတူ ရုတ်တရက် ပေါက်ကွဲထွက်ကာ လှိုဏ်ဂူထဲသို့ဝင်ချင်သော ထောက်လှမ်းရေးစက်ရုပ်များဆီသို့ အပြေးအလွှားပြေးသွားကြသည်။
၎င်းသည်ကား မျက်စိတစ်မှိတ်အတွင်းသာဖြစ်သည်။ ရုတ်ချည်းပေါ်လာသော အရိပ်များကြောင့် ထွက်လာသော ထောက်လှမ်းရေး စက်ရုပ်များအားလုံး အပိုင်းပိုင်းကွဲထွက်သွားကြသည်။
နောက်တစက္ကန့်တွင် ကျည်ဆန်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။
စက်ရုပ်လူသားများက အရိပ်များထဲသို့ ရောထွေးသွားရာ သို့သော် ဆယ်စက္ကန့်မပြည့်မီတွင် ဖန်သားပြင်ပေါ်ရှိ စက်ရုပ်လူသားများက အဆက်မပြတ်ထွက်ပေါ်လာသည့် အရိပ်များကြား၌ လွှမ်းခြုံသွားရာ မြင်ကွင်းမှ လုံးလုံးပျောက်ကွယ်သွားသည်။ လင်းဇီချန်က ဖန်သားပြင်ပေါ်ရှိ ရင်းနှီးသော အရိပ်များကိုကြည့်ကာ သူ့အမူအရာက အလွန်လေးနက်လာသည်။
ဧရာမ မျိုးပြောင်း ကြွက်ကြီးများဖြစ်သည်။
ဖန်သားပြင်ပေါ်ရှိ အရိပ်များသည် နှစ်အတော်ကြာအောင် ပျောက်ကွယ်နေသော ဧရာမမျိုးပြောင်းကြွက်ကြီးများပင်ဖြစ်၏။
ဤဧရာမမျိုးပြောင်းကြွက်ကြီးများသည် အမှန်တကယ်ပင် ဂမ္ဘီရသစ်ပင်ဂိုဏ်းနှင့် ဆက်စပ်နေသည်။
လင်းဇီချန်က လေးနက်စွာကြည့်နေချိန်၌ ပတ်ဝန်းကျင်ရှိ အခြားသူများ အထိတ်တလန့်ဖြစ်နေကြသည်။
“ဒီလောက် ဧရာမမျိုးပြောင်းကြွက်တွေ အများကြီးရှိနိုင်မှာလဲ”
"ပြီးပြီ၊ ရှန်ဟိုင်းမြို့ကြီး ပျက်သွားပြီ"
"ငါ မသေချင်သေးဘူး..."
တက်ရောက်သူတိုင်းသည် လွန်ခဲ့သော ဆယ်နှစ်က ဆာကူရာပင်လယ်မြို့တော်၏ ကြွက်ဘေးဒုက္ခကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်ခဲ့ကြသဖြင့် နောက်ပိုင်းတွင် ၎င်းကို ပြဌာန်းစာအုပ်များတွင် လေ့လာခဲ့သည်။
ဤအရာက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ၎င်းတို့ သိကြသည်။ ထို့ကြောင့် အသေအပျောက်မည်မျှ ပြင်းထန်ကြောင်းကိုလည်း သိကြသည်။
ဧရာမ မျိုးပြောင်းကြွက်များက မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း ၎င်းတို့သိကြသည်။
ဆာကူရာပင်လယ်မြို့တော် တစ်ဝက်နီးပါးက ၎င်းကြောင့် ပျက်သုဥ်းသွားခဲ့သည်ဟုဆိုလျှင်ပင် ချဲ့ကားပြောခြင်းဟုတ်လိမ့်မည်မဟုတ်ပေ။
ယခု ၎င်းတို့ နေထိုင်ရာမြေသည် ဧရာမမျိုးပြောင်းကြွက်များဖြင့် ဝိုင်းအုံနေသဖြင့် လက်ရှိလူတိုင်းကို
စိတ်ပျက်လက်ပျက်ဖြစ်သွားစေသည်။
“ဧရာမမျိုးပြောင်းကြွက်တွေအများကြီးနဲ့ဆို ရှန်ဟိုင်းမြို့က အရင်တုန်းက ဆာကူရာပင်လယ်မြို့တော်ရဲ့ အပျက်အဆီးတွေလို့ ဖြစ်လာတော့မယ်လို့ ခံစားရတယ်”
ရှန်ချင်းဟန်က အဆိုးမြင်စွာဖြင့်ပြောလိုက်သည်။
“အဆင်ပြေသွားမှာပါ” လင်းဇီချန်က နှစ်သိမ့်စကားပြော၏။
ထို့နောက် သူက စကားကို ရပ်ကာ မြို့လယ်ရှိ အခြေအနေအား ဖန်သားပြင်ပေါ်မှ အဆက်မပြတ်စောင့်ကြည့်နေသည်။ ထိုအချိန်တွင် အားကစားရုံထဲ၌ လူများ ပိုများလာကာ အပေါ်မှ ဖန်သားပြင်ကြီးကို မျှော်ကြည့်နေကြသည်။
မိနစ်အနည်းငယ်ကြာသွားသည်။
ယခင်က အနည်းငယ်ကျယ်ဝန်းသော အားကစားရုံသည် လျှင်မြန်စွာ ကြိတ်ကြိတ်တိုး ဖြစ်လာသည်။
သွေးမျိုးဆက်စွမ်းအားအခြေခံအဆင့် (၅) အထက် ရှိသော ကျောင်းသားကျောင်းသူများအားလုံးနီးပါး အားကစားရုံတွင် စုရုံးခဲ့ကြသည်။ ၎င်းတိုတ့သည် ကယ်ဆယ်ရေးလုပ်ငန်းအတွက် မြို့လယ်သို့သွားမည့် ညွှန်ကြားချက်ကို စိုးရိမ်တကြီး စောင့်နေကြသည်။
"ဥက္ကဌ ဒါကို စီစဥ်သင့်လား”
စက်ရုပ်လူသားအမျိုးသမီးတစ်ဦးက လင်းဇီချန်ထံသို့လျှောက်လာကာ ရိုသေစွာမေးလိုက်သည်။ သူမသည် ယခင်က ကျောင်းသားသမဂ္ဂဥက္ကဌ ကျိုးရွှယ်ဟုန်၏ ကိုယ်ရေးကိုယ်တာအတွင်းရေးမှူးဖြစ်၍
ယခု လင်းဇီချန်၏ကိုယ်ရေးကိုယ်တာအတွင်းရေးမှုးဖြစ်လာကာ သူ့အတွက် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အကူအညီပေးခဲ့သည်။
လင်းဇီချန်က သူ၏ ကိုယ်ရေးကိုယ်တာအတွင်းရေးမှူးကို တစ်ချက်မျှပင် မကြည့်ဘဲ လျစ်လျူရှု့ကာ ပြောလိုက်သည်။
“ဒုဥက္ကဌကို စီရင်ခွင့်ပေးလိုက်”
သူသည် ကျောင်းအမှတ်များရယူရန်အတွက် ကောင်စီဥက္ကဌဖြစ်လာခဲ့ခြင်းဖြစ်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲရန် ဆန္ဒမရှိခဲ့ပေ။
"ကောင်းပြီ ငါနားလည်ပါပြီ”
အတွင်းရေးမှူးကပြောပြီးနောက် ဒုဥက္ကဌဆီသို့လျှောက်သွားသည်။
လင်းဇီချန်ကို စီမံစေရန် သူမ ဘယ်သောအခါကမှ မရည်ရွယ်ခဲ့ပေ။ သူ၏ မေးမြန်းမှုမှာ နောက်ပိုင်းတွင် မကျေနပ်ချက်များကို တားဆီးရန်ဖြစ်ကြောင်း ထင်ရှားသိသာလှသည်။
အတွင်းရေးမှူး ထွက်သွားပြီးနောက်၊
လင်းဇီချန်က ရှိနေသူတိုင်း၏ တည်ရှိမှုကို သတိပြုမိလိုက်သည်။
အားလုံးနီးပါးသည် သွေးမျိုးဆက်စွမ်းအားအခြေခံအဆင့်တွင်ရှိကြကာ အဆင့်မြင့်အဆင့် အယောက်နှစ်ဆယ်သာရှိသည်။ ကျောင်း၏ အဆင့်မြင့်အဆင့်အများစုက သားရဲများဝင်လာခြင်းကို စောစီးစွာ တားဆီးရန် မူလမြေသို့ဝင်ခဲ့ကြသည်။
ဤနေရာတွင် ကျန်ခဲ့သူများမှာ အုပ်ချုပ်ရေးမှူးဝန်ထမ်းများဖြစ်ကြသည်။ အုပ်ချုပ်ရေးဝန်ထမ်းများအပြင် ကျောင်းသားကောင်စီမှ အဆင့်မြင့်အဆင့် ကျွမ်းကျင်သူသုံးဦးဖြစ်သည့် ဥက္ကဌဟောင်း ကျိုးရွှယ်ဟုန်၊ ဒုဥက္ကဌ ထန်ဝမ်ယိနှင့် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ဟန်ဝေ့ဖုန်းတို့ ပါဝင်သည်။
"အားလုံး ငြိမ်ငြိမ်နေ"
သုံးပုံနှစ်ပုံကျော် သတ္တုဖြင့် ဖုံးအုပ်ထားသော ခန္ဓာကိုယ်ရှိသော ပညာရေး ရေးရာရုံး၏ လက်ထောက် အကြီးအကဲသည် အားကစားကွင်းတွင် မတ်တပ်ရပ်ကာ အောက်ရှိ ကျောင်းသားများကို ကျယ်လောင်စွာ မိန့်ခွန်း ပြောကြားခဲ့သည်။
ကျောင်းသားများသည် သူ့စကားကိုကြားသောအခါ ချက်ချင်းငြိမ်သွားကြသည်။
ပညာရပ်ရေးရာရုံး၏ လက်ထောက်အကြီးအကဲက လေးနက်စွာပြော၏။
“စက်ခရင်ကနေပြီး အခု ဖြစ်ပျက်နေတာကို လူတိုင်းမြင်ကြမယ်လို့ ထင်ပါတယ်။”
“ကျုပ်တို့ ရှန်ဟိုင်းမြို့လယ်ခေါင်က ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ တိုက်ခိုက်မှုကို ခံရပြီးတော့ ကြွက်ဘေး အန္တရာယ်ဖြစ်လာပြီ”
“ဒီအရေးကြီးအခိုက်အတန့်မှာ ရှန်ဟိုင်းတက္ကသိုလ်ကျောင်းဝင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကယ်ဆယ်ရေးအတွက် မြို့လယ်ခေါင်သွားဖို့က ကျုပ်တို့ တာဝန်ပဲ”
“ကဲ အားလုံးပဲ ကိုယ့်ရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်အရ တန်းစီပေးကြပါ”
"အဆင့်မြင့်အဆင့်က ဒီမှာ"
“အခြေခံနဝမအဆင့်က ဒီမှာ”
“အခြေခံအဠမအဆင့် ဒီမှာ”
"..."
ဒုဦးစီးချုပ်၏ ကျယ်လောင်သော အမိန့်အောက်တွင်၊
ကျောင်းသူကျောင်းသားများသည် သက်ဆိုင်ရာနေရာများသို့ ရွှေ့ပြောင်းကာ စည်းစနစ်ကျနစွာ ဖွဲ့စည်းခဲ့ကြသည်။
အားလုံးတန်းစီနေကြသည်ကိုမြင်သောအခါ ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူးက ထပ်မံပြောသည်။
"ဒီမစ်ရှင်က အရမ်းအန္တရာယ်များလိမ့်မယ်၊ ဒါပေမယ့်လည်း အခွင့်အရေးတစ်ခုပါ"
"မျိုးပြောင်း ကြွက်တွေက ကြောက်စရာကောင်းတာတော့ သေချာပါတယ်၊ ဒါပေမယ့် ကျုပ်တို့အတွက်ကတော့ ရှားပါးတဲ့ ဆင့်ကဲပြောင်းလဲခြင်း အရင်းအမြစ်တွေပါပဲ"
"ပုံမှန်အားဖြင့်၊ ကျုပ်တို့က မူလမြေကို ဝင်ပြီး ဆန်းကြယ်သားရဲတွေကို ရင်ဆိုင်ဖို့ဆို အဆင့်မြင့်အဆင့် ကို ဆင့်ကဲပြောင်းလဲရမယ်”
အခန်း(၃၇၄) စက်ရုပ်လူသားမိန်းမပျိုရဲ့ အချစ် ၂
“အခုဆိုရင် ကမ္ဘာပေါ်မှာ ဆန်းကြယ်သားရဲတွေအများကြီးကို ကြုံတွေ့နေရပြီဆိုပေမယ့် အားလုံးနီးပါးက အခြေခံအဆင့်မှာရှိနေကြတယ်”
“မူလမြေကိုဝင်ပြီး အရဲစွန့်ရမှာထက် အခု ဆင့်ကဲပြောင်းလဲခြင်း အရင်းအမြစ်တွေကို ဒီမှာရနိုင်မှာက ဘယ်လောက် ကောင်းတဲ့အခွင့်အရေးလဲဆိုတာ အားလုံးကိုသိမယ်ထင်ပါတယ်”
“အန္တရာယ်အနည်းဆုံးဆို ဆင့်ကဲပြောင်းလဲခြင်း အရင်းအမြစ် အမြောက်အမြားရဖို့ လူတိုင်းက ဒီအခွင့်အရေးကို မြတ်နိုးသင့်တယ်”
"ဒီအခွင့်အရေးကို ယူပြီး အမြင့်ကိုတက်ပြီး မင်းတို့ ဘဝကို ပြောင်းလဲလိုက်ပါ"
ပညာရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကျယ်ကျယ်လောင်လောင် အော်ငေါက်၍ တက်ရောက်လာသည့် ကျောင်းသားတိုင်းကို ရူးသွပ်သော အားပေးမှုများကို ပေးခဲ့သည်။
ကျောင်းသားများသည် အစပိုင်းတွင် အနည်းငယ် ထိတ်လန့်သွားသော်လည်း လက်ထောက်ညွှန်ကြားရေးမှူး၏ စကားကိုကြားပြီးနောက်တွင် ရုတ်တရက် ၎င်းတို့အားလုံး၏ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုတို့ ပြည့်နှက်သွားသည်။
ဤသည်ကိုမြင်သောအခါ လင်းဇီချန်က သိုင်းပညာစင်မြင့်ပေါ်မှ လက်ထောက်ဒါရိုက်တာကို စိတ်ရင်းမှန်ဖြင့် လေးစားမိသွားသည်။ ရိုးရှင်းသော စကားတစ်ခွန်းက မူလက အကြောက်တရားကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားခဲ့သည့် ကျောင်းသားများကို တစ်ဟုန်ထိုး စိတ်အားထက်သန်လာစေသည်။
မကြာခင်၌
ဒုတိယညွှန်ကြားရေးမှူး၏ အစီအစဉ်ဖြင့်၊
ဘတ်စ်ကား အစီး ၄၀ ဖြင့် လူ ၂၀၀၀ နီးပါး လိုက်ပါလာသည့် ယာဉ်တန်းသည် ရှန်ဟိုင်းတက္ကသိုလ်မှ အရှိန်ပြင်းပြင်းဖြင့် ထွက်ခွာကာ မြို့လယ်ဘက်သို့ ဦးတည်သွားခဲ့သည်။
…
နာရီဝက်ခန့်အကြာတွင် လင်းဇီချန်လိုက်ပါလာသည့် ဘက်စ်ကားက မြို့လယ်ခေါင်သို့ ဦးစွာရောက်ရှိခဲ့သည်။
ဘတ်စ်ကား ရပ်တန့်သွားတဲ့အခိုက်တွင်
သင်္ဘောပေါ်ရှိ အဆင့်မြင့်ကျွမ်းကျင်သူများသည် အမြန်ဆင်းသက်၍ ဧရာမသစ်ပင်ကြီးဆီသို့ အဖွဲ့များဖွဲ့စည်းကာ နန်းတော်ထဲသို့ ဦးတည်သွားသည်။
လမ်းခရီးတွင် ကြုံတွေ့ရမည့် ပြည်သူများကို ကယ်တင်ရန်နှင့်၊ ၎င်းတို့၏ လမ်းကြောင်းတွင် ကြုံတွေ့ရမည့် ဧရာမမျိုးပြောင်းကြွက်များကို သတ်ပစ်ရန်ဖြစ်သည်။
အားလုံး ဆင်းသက်ကြသောအခါ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသည့် လက်ထောက်ဒါရိုက်တာက ပြောလိုက်၏။
“ကျုပ်တို့ ခံတပ်ကို ကိုယ်တိုင်ကိုယ်ကျ ထိန်းကျောင်းနိုင်တဲ့ အဆင့်မြင့်အဆင့် ကျွမ်းကျင်သူ အနည်းငယ်ထဲပါပါတယ်။ အတူတူလှုပ်ရှားတာက အရမ်းဖြုန်းတီးရာကျလွန်းတယ်"
“ကျုပ်တို့ လူစုခွဲပြီး တစ်ကိုယ်တော်သွားကြမယ် ဒါဆို ကယ်ဆယ်ရေး နယ်ပယ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ တတ်နိုင်သမျှ ကယ်ဆယ်ရေး စွမ်းဆောင်ရည် တိုးတက်အောင် ကြိုးပမ်းနိုင်ကြလိမ့်မယ်"
"ဒါပေမယ့် မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို သတိထားပါ၊ တစ်ချိန်တည်းမှာ ဧရာမမျိုးပြောင်းကြွက်တွေနဲ့ မရင်ဆိုင်နဲ့”
“ဧရာမမျိုးပြောင်းကြွက်တွေရဲ့ တစ်ကောင်ချင်းခွန်အားက မပြင်းပေမယ့် သူတို့ရဲ့ အားသာချက်က အရေအတွက်ပဲ။ အရမ်းများလွန်းတာကြောင့် တစ်ကြိမ်တည်းနဲ့ မိသွားရင် အန္တရာယ်ရှိမှာ ကျိန်းသေပေါက်ပဲ"
ဤသို့ပြောပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“စပြီး လူစုခွဲကြတော့”
ထိုသို့ပြောပြီးသည်နှင့် ၎င်းတို့အားလုံးက ချက်ချင်းလူစုခွဲလိုက်ကြသည်။
မလိုအပ်သောစကားတစ်ခွန်းမျှ အစအဆုံးတွင်မပါပေ။
ပြတ်သားသော ဆောင်ရွက်မှုပင်ဖြစ်သည်။
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့သည် သီးခြားလမ်းလျှောက်ရန် ရွေးချယ်ခဲ့ကြသည်။
သို့သော် မဝေးလှဘဲ မီတာရာဂဏန်းမျှသာ ကွာဝေးသည်။ ဤမျှ မဝေးသော အကွာအဝေးတွင် ရှန်းချင်းဟန်သာ ပြဿနာတစ်စုံတစ်ရာကြုံတွေ့ပါက လင်းဇီချန်သည် သူမအား အချိန်မီကယ်တင်နိုင်မည်ဖြစ်သည်။
...
"ဗွမ်း-"
ရုတ်တရက်ပင် မြေပြင်မှ အမှောင်ရိပ်တစ်ခု ထွက်လာ၍ ရှန်ချင်းဟန်ဆီသို့ အရှိန်ပြင်းပြင်းနှင့် တိုက်ခိုက်လိုက်သည်။
ယင်းသည်ကား မျက်လုံးရှစ်လုံးပါသည့် ဧရာမ မျိုးပြောင်းကြွက်ပင်ဖြစ်၏။ ၎င်း၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အခြေခံအဌမအဆင့်တွင်ရှိရာ ရှန်ချင်းဟန် ပြိုင်ဆိုင်ရန် အလွန်အလှမ်းမဝေးလွန်းပေ။ သို့သော် ရှန်ချင်းဟန်က ဆန်းကြယ်သားရဲနှင့် တစ်ယောက်တည်း ပထမဆုံးအကြိမ်ရင်ဆိုင်ဖူးခြင်းဖြစ်သဖြင့် အနည်းငယ်တော့ တုန်လှုပ်သွားရသည်။
သို့သော် သူမသည် ကြောက်ရွံ့နေသည့်တိုင် ချီတက်လာသော ဧရာမကြွက်ကြီးထံမှ မရှောင်တိမ်းခဲ့ပေ။
ဧရာမမျိုးပြောင်းကြွက်က သူမဆီသို့ပြေးလာကာ ကိုက်ရန် ပါးစပ်ကို ကျယ်လောင်စွာဖွင့်လိုက်သည်။
သူမ၏မျက်လုံးများ မာကျောလာကာ သွေးစွမ်းအင်များကို တိုးမြှင့်လျက် ကြွက်၏ခေါင်းသို့ တိုက်ရိုက်ထိုးနှက်ချလိုက်သည်။
ဘမ်း
ခုနစ်မီတာနီးပါးရှည်သော ဧရာမမျိုးပြောင်းကြွက်သည် နူးညံ့သောလက်သီးချက်ဖြင့် ချက်ချင်းပင် အနီရောင်သွေးများနှင့် အဖြူရောင်အသားများ ပြန့်ကျဲကာ နေရာအနှံ့သို့ လွင့်ထွက်သွားသည်။
‘ရွံဖို့ကောင်းလိုက်တာ…’
ရှန်ချင်းဟန်က သူမအပေါ်တွင် ပြန့်ကျဲနေသော သွေးများကို ကြည့်ကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ ထို့နောက် ချက်ချင်းပင် စိတ်ကို အာရုံစူးစိုက်လိုက်၏။
“အပြာရောင်ဂျယ်လီငါးဘုရင်” ၏ စွမ်းအားကို အသုံးပြုကာ သူမ၏ ခန္ဓာကိုယ်မှ ဧရာမမျိုးပြောင်းကြွက်အားလုံးကို ရှင်းပစ်ခဲ့သည်။
ထို့နောက်
ရှန်ချင်းဟန်သည် သူမ၏ အတွေးများကိုဖယ်၍ တစ်ဖန်ပြန်လည် အာရုံစူးစိုက်ကာ
မျိုးပြောင်းကြွက်၏ ခန္ဓာကိုယ်မှ လတ်ဆတ်သော သွေးများအားလုံးကို ထုတ်ယူ၍ အနှစ်သာရသွေးတစ်စက်အဖြစ် စုစည်းလိုက်သည်။
ထို့နောက် သူမသည် လက်တစ်ချောင်းစာသာရှိသော အိတ်ကပ်ထဲမှ ပလတ်စတစ်ပုလင်းကိုယူကာ ပုလင်းဖွင့်လျက် လေထဲသို့လွင့်နေသည့် အနှစ်သာရသွေးစွမ်းအင်တစ်စက်ကို ထည့်လိုက်သည်။
မြေပြင်ပေါ်ရှိ ဧရာမ မျိုးပြောင်းကြွက်အလောင်းမှ အနှစ်သာရသွေးများကုန်ဆုံးခြောက်သွေ့သွားရာ သူမက တစ်ချက်မျှပင် မကြည့်ဘဲ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
ဤသည်မှာ ယွမ်သုန်ကျီက သင်ကြားပေးခဲ့သည့် ‘ဆုဖလားများ စုဆောင်းခြင်း’ နည်းပညာပင်ဖြစ်သည်။
ဆန်းကြယ်သားရဲများ၏ ခန္ဓာကိုယ်က များသောအားဖြင့် အလွန်ကြီးမားလှသည်။ ထို့ကြောင့်အလောင်းကောင်များကို သယ်သွားရခြင်းက အလွန် ဒုက္ခများလှသည်။
သင်က သယ်ယူရမည့်အခက်အခဲကို စိတ်ထဲမထည့်၍ သယ်သွားရမည်ဆိုလျှင်ပင် များများစားစား သယ်နိုင်မည်မဟုတ်ပေ။ ထိုသို့အလောင်းကောင်များကို မသယ်နိုင်သောအခါတွင် ဤအနှစ်သာရသွေးကို ထုတ်ယူသည့်နည်းလမ်းကိုသုံး၍ သားရဲများ၏ ခန္ဓာကိုယ်ထဲမှ တန်ဖိုးအရှိဆုံး အနှစ်သာရသွေးများကို ထုတ်ယူနိုင်သည်။
၎င်းသည် အဆင့်မြင့်အဆင့်သို့မဟုတ် ထို့ထက် မြင့်မားသော ဆန်းကြယ်သားရဲဖြစ်ပါက ၎င်း၏ အတွင်းအူတိုင်ကိုပင် သင်နှင့်အတူယူသွားနိုင်ပေလိမ့်မည်။ အနှစ်သာရသွေးနှင့် သားရဲအူတိုင်နှစ်ခုလုံးကို ထုတ်ယူခြင်းက ဆန်းကြယ်သားရဲအလောင်းထဲမှ နောက်ဆုံးတန်ဖိုးအားလုံးကို စုပ်ယူခြင်းပင်ဖြစ်သည်။
...
ထိုအချိန်၌
လင်းဇီချန်၏ တိုက်ပွဲက ရှန်ချင်းဟန်ထက်ပင် ပို၍ ကြမ်းတမ်းတိကျသည်။
သူသည် ဧရာမမျိုးပြောင်းကြွက်ကိုပင် ရိုးရှင်းစွာ သေစေပြီးနောက် [အသန်မာဆုံးသော အောင်မြင်မှု] ကို အသုံးပြုကာ အလောင်းတွင်းရှိ အသက်စွမ်းအင်အားလုံးကို စားသုံးပစ်သဖြင့် အနည်းငယ်မျှပင် မချန်ထားခဲ့ပေ။
[သင်သည် "ဧရာမမျိုးပြောင်းကြွက်" ၏အသက်စွမ်းအင် အမြောက်အမြားကို စားသုံးပြီးပါပြီ]
[ဧရာမကြွက်လက်စွဲအနှစ်ချုပ်- ၁၀၀%]
ဤစကားလုံးများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မျက်လုံးရှစ်လုံးပါသည့် ဧရာမမျိုးပြောင်းကြွက်တစ်ကောင်က လေဟာနယ်ထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာကာ မြေဆီလွှာထဲ၌ ကျွင်းတစ်ခု တူးနေ၏။ စက္ကန့်အနည်းငယ်အတွင်း ဧရာမမျိုးပြောင်းကြွက်သည် အောက်ခြေမဲ့သော အပေါက်တစ်ခုကို တူးဖော်နိုင်ခဲ့သည်။
တူးဖော်မှုအရှိန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လွန်းလှသည်။ ထို့ကြောင့် ခဏအကြာ၌ ပုံသည် မှိန်သွားကာ စာသားအသစ်နှစ်ခုထွက်ပေါ်လာသည်။
[သွေးမျိုးဆက်စွမ်းအား - မြေတွင်းတူးခြင်းဗီဇ] ကို သင်ရယူပြီး ဧရာမလက်စွဲအနှစ်ချုပ်ကို အောင်မြင်စွာ ရနိုင်ခဲ့ပါပြီ]
[မြေတွင်းတူးခြင်းဗီဇ - မြေဆီလွှာကို ဖောက်ထွင်းဝင်ရောက်နိုင်စွမ်း သိသိသာသာ တိုးတက်လာပါတယ်]
လင်းဇီချန်သည် [မြေကျွင်းတူးခြင်းဗီဇ] သွေးမျိုးဆက်စွမ်းအား၏ အကျိုးသက်ရောက်မှုများကို ကြည့်လိုက်ပြီးနောက် ၎င်းသည် တွင်းတူးခြင်းနှင့်ပတ်သက်သည့် ကျွမ်းကျင်မှုတစ်ခုသာဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ခေါင်းယမ်းလိုက်မိသည်။
[တွင်းတူးခြင်းဗီဇ] သွေးမျိုးဆက်စွမ်းအားသည် စနစ်က ပေးဆောင်သည့် [အသန်မာဆုံးသောအောင်မြင်မှု] စွမ်းအင်မှရရှိခဲ့သည့် အမှိုက်အဆန်ဆုံးသောအရာတစ်ခုပင်ဖြစ်သည်။
ရုတ်တရက်ပင် ကောင်းကင်ကြီးတွင် စူးစူးရဲရဲတောက်လောင်နေသော လေထုသည် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။
ဆူညံသံက ပိုကျယ်လောင်လာသည်။
တစ်စုံတစ်ခု လျင်မြန်စွာ ချဉ်းကပ်လာသည်မှာ ထင်ရှားသည်။ လင်းဇီချန်က ဆူညံသံကြားသောအခါ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ချက်ချင်းဆိုသကဲ့သို့ပင် စက်ရုပ်လူသားတစ်ယောက်က မြင့်မားသောအရှိန်ဖြင့် ဝင်လာသည်ကိုမြင်လိုက်ရသည်။
စက်ရုပ်လူသားသည် လေဝင်လေထွက် တွန်းကန်အား ဆန့်ကျင်သည့် ကိရိယာအား အမြင့်ဆုံး စွမ်းအားအထိပြောင်းလဲထားသဖြင့် တစ်ခဏချင်းတွင် လင်းဇီချန်၏ ရှေ့ဘက်သို့ ပျံတက်လာရာ ဖုန်မှုန့် တိမ်တိုက်ကြီးထွက်ပေါ်လာသည်။
အမှုန်အမွှားများအနည်ကျသွားသည့်အခိုက်၌ အရပ်ရှည်ရှည်၊ ဆံပင်ရှည်ရှည်နှင့် စွမ်းအင်အူတိုင်ကို ရင်ဘတ်တွင်တပ်ဆင်ထားသော စက်ရုပ်လူသားအမျိုးသမီးတစ်ဦးက လင်းဇီချန်ရှေ့တွင်ပေါ်လာကာ အေးစက်စွာကြည့်နေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် လင်းဇီချန်သည် ဤစက်ရုပ်လူသားအမျိုးသမီးက မည်သူမည်ဝါဖြစ်ကြောင်းသိလိုက်သည်။ ငယ်စဥ်ကတည်းက တီဗီများတွင်ပါလာတတ်သည့် ပါရမီရှင် စက်ရုပ်လူသားမိန်းကလေးမှတပါး အခြားမဟုတ်တော့ပေ။
ယခုမူ မိန်းကလေးဟု ခေါ်၍ မရတော့ပေ။
သူမကို ရင့်ကျက်သော အမျိုးသမီးတစ်ဦးအဖြစ် ခေါ်ဆိုသင့်သည်။
သူမသည် ၁.၇ မီတာနီးပါး အရပ်ရှည်၍ ခန္ဓာကိုယ် ရှေ့နှင့်နောက်ကို သတ္တုပစ္စည်းများဖြင့် ဖုံးအုပ်ထားသောကြောင့် ခန္ဓာကိုယ် ကောက်ကြောင်းများ ပေါ်လွင်လှကာ ရှည်လျားဖြောင့်စင်းသော ခြေထောက်များသည်လည်း အလွန် ဆွဲဆောင်မှုရှိသောပုံပေါ်သည်။
“ကျွန်တော် ကူညီပေးရမလား”
လင်းဇီချန်းက သူ့ရှေ့သို့ ရုတ်တရက်ဆင်းလာသည့် စက်ရုပ်လူသားမိန်းကလေးကိုကြည့်ကာ အံ့သြကာမေးလိုက်သည်။ သူက စက်ရုပ်လူသားမိန်းမပျိုနှင့် အဆက်အသွယ်လုံးဝမရှိခဲ့သဖြင့် ၎င်းတို့ချင်းလုံးလုံလျားလျား မသိခဲ့ပေ။ ထို့ကြောင့် ဤပါရမီရှင်မိန်းကလေးက မည်သို့လုပ်ချင်သည်ကို သူနားမလည်ပေ။
"အမ်... ကျွန်မ နာမည်က လုချင်းယွီပါ၊ ကျွန်မရှင့်ကို အတော်လေး အမြဲလေးစားခဲ့တယ်၊ ရှင်နဲ့သိခွင့်ရှိမလား”
ဤသို့ပြောလျက် စက်ရုပ်လူသားအမျိုးသမီး လုချင်းယွီ၏ ပါးပြင်များက နီမြန်းလာသည်။
"ဘာလဲ”
လင်းဇီချန်က ထိုသို့ပြောလာမည်ဟု မမျှော်လင့်ထားသဖြင့် ခဏတာ အံ့အားသင့်သွားသည်။
"ရှန်ဟိုင်းတက္ကသိုလ်ရဲ့ လူသစ်ဘုရင်ဖြစ်လာပြီးကတည်းက ကျွန်မ ရှင့်နောက်ကိုလိုက်ခဲ့တာ။ ရှင်က အရမ်း အံ့သြဖို့ကောင်းပြီး ချောတယ်လို့ ကျွန်မထင်တယ်။ ပြီးတော့ ကျွန်မမအိပ်ခင်တိုင်း ရှင့်အကြောင်းတွေ တွေးပြီး ရှင့်ရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်လာခဲ့တာ”
‘အဲ့တာ လေးစားတာလား’
‘ကြိုက်နေတာမဟုတ်ဘူးလား’
လင်းဇီချန်က စိတ်ထဲမှ မှတ်ချက်ပေးလိုက်ကာ အလွန် အံ့သြသွားသည်။
ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် အချိန်အတော်ကြာကြည့်ရှုခဲ့သော စက်ရုပ်လူသားမိန်းမပျိုသည် အမှန်တကယ်ပင် သူ၏ပရိသတ်ငယ်တစ်ဦးဖြစ်လာမည်ဟု ဘယ်သောအခါကမှ မတွေးထားခဲ့ဖူးပေ။
"WeChat မှာ ဘယ်လိုအပ်ရမလဲ။ ကျွန်မရှင့်ကို အကြံတောင်းချင်လို့ မေးစရာမေးခွန်းတွေအများကြီးရှိတယ်”
လုချင်းယွီက သူမ၏ ညာဘက်လက်ကို မြှောက်လိုက်ကာ လက်နောက်ဘက်မှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
လင်းဇီချန်က သူနှင့် မိတ်ဆွေဖွဲ့ရန် စိတ်အားထက်သန်မှုမရှိသဖြင့် ယဥ်ကျေးစွာငြင်းဆိုလိုက်၏။
“ကျွန်တော့်ဖုန်းက အားကုန်နေပြီ။ နောက်မှ အပ်ကြတာပေါ့”
"မလိုပါဘူး၊ ကျွန်မရှင့်ကို WeChat မှာအပ်ထားပြီးလို့ ရှင့်ပိုစ့်တွေကိုတောင်ကြည့်လို့ရနေပြီ"
လင်းဇီချန်အနည်းငယ် အံ့ဩသွားသည်။
“ကျွန်တော့်ကို အပ်ပြီးပြီဟုတ်လား”
လုချင်းယွီက ပြုံးလိုက်သည်။
"ကျွန်မ ရှင့်ဖုန်းကို ဟက်ခ်လုပ်ပြီး WeChat ထဲဝင်ပြီး ရှင့်သူငယ်ချင်းအဖြစ် ကိုယ့်အကောင့်ကိုယ် အပ်လိုက်တယ်။ ကျွန်မတို့ မိတ်ဆွေဖြစ်သွားပြီနော်”
“အာ… သိပြီ” လင်းဇီချန်က ခဏတာမျှ ဆွံ့အသွားသည်။
ထိုအချိန်တွင်ပင် မီတာရာနှင့်ချီဝေးသောနေရာမှ ရှန်ချင်းဟန်က ပြေးလာ၍ လင်းဇီချန်ဩလက်ကို ချစ်ခင်စွာ ချိတ်ဆွဲကာ ပြောလိုက်သည်။
“နင်တို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ”
တကယ်တမ်းတွင် ရှန်ချင်းဟန်သည် လင်းဇီချန်နှင့် စက်ရုပ်လူသားမိန်းမပျိုကြားမှ စကားပြောဆိုမှုကို ယခုတင် ကြားလိုက်ရပြီးဖြစ်ရာ စက်ရုပ်လူသားမိန်းမပျိုရှေ့တွင် သူ၏ ပိုင်နက်ကို ကြေညာရန် ရောက်လာခြင်းဖြစ်သည်။
"ဘာမှမဟုတ်ပါဘူး" လုချင်းယွီက လင်းဇီချန်ကို လှမ်းကြည့်ရင်း ပြုံးပြလိုက်သည်။
"ကယ်တင်ပြီးရင် ငါမင်းကိုပြောမယ်"
ထိုသို့ပြော၍ သူမ၏ သူမ၏ တွန်းကန်အား ဆန့်ကျင်ကိရိယာကို ဖွင့်၍ ချက်ချင်း ထွက်ခွာသွားခဲ့သည်။
‘သုံးမီတာရှည်တဲ့ မျက်လုံးသုံးလုံးကြွက်ကြီး’
မျက်လုံးသုံးလုံး သားရဲကြီးက ရုတ်တရက် လေထဲသို့ ခုန်တက်လာကာ စက်ရုပ်လူသားပါရမီရှင် မိန်းမပျိုကို ထက်ခြမ်းပိုင်းပစ်လိုက်သည်။
အခန်း(၃၇၅) မျက်လုံးသုံးလုံး နတ်ဆိုးမျိုးနွယ်စု
ဘာ... ဘာဖြစ်တာလဲ
စက်ရုပ်လူသားမိန်းမပျို လုချင်းယွီသည် သူမ၏ ကွဲနေသော အောက်ပိုင်းတစ်ခြမ်းကို စိုက်ကြည့်ရင်းဖြင့် အံ့ဩထိတ်လန့်စွာ တွေးလိုက်သည်။
သူမကို မည်သူက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သူမ နားမလည်နိုင်ခဲ့ပေ။ သူမ၏ခန္ဓာကိုယ်ရှိ အန္တရာယ် အာရုံခံကိရိယာများသည် တုံ့ပြန်မှုမပြဘဲ တိုက်ခိုက်မှု၏ရင်းမြစ်ကို လုံးလုံးလျားလျားသိရှိနိုင်ခြင်းမရှိပေ။
စူးစူးဝါးဝါး လေတိုက်သံများ ထွက်ပေါ်လာပြန်သည်။
နောက်ထပ်တစ်ခဏတွင် အလင်းတန်းတစ်ခုက သူမဆီသို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးဝင်လာကာ လုချင်းယွီရင်ဘတ်သို့ တည့်တည့် ထိမှန်သွားသည်။
အလယ်ဗဟိုရှိ စွမ်းအင်အူတိုင်ထဲသို့ ဖောက်ထွင်းသွားရာ
အူတိုင်က များပြားလှသော အမှုန်အမွှားအဖြစ် ပေါက်ကွဲသွားသည်။
"ပြီးသွားပါပြီ..."
"သေရတော့မယ်..."
လုချင်းယွီသည် သေခြင်းတရား၏ ထွက်သက်ကို ခံစားလိုက်ရကာ စိတ်ပျက်အားငယ်မှုက သူမ၏မျက်နှာကို ချက်ချင်းပင် ဖုံးလွှမ်းသွားသည်။ ထို့နောက် လေထဲသို့ ဖြတ်သွားသော တစ်စုံတစ်ခု၏ အသံသည် သူမအောက်မှ ထွက်ပေါ်လာသည်။
သူမကို အဆုံးသတ်ရန် တစ်ဖန်ပြန်ထွက်လာသည့် အလင်းတန်းဟု သူမထင်ခဲ့သည်။
သို့သော် အသံ၏ ဦးတည်ရာဆီသို့ စိတ်ပျက်လက်ပျက် ငုံ့ကြည့်လိုက်သောအခါ သူမမြင်လိုက်ရသည်မှာ လင်းဇီချန်ဖြစ်နေသည်။
သူမဘာဖြစ်သွားသည်ကို မသိလိုက်ခင်၌ လင်းဇီချန်သည် သူမ၏ ရင်ဘတ်တစ်လျှောက်စုတ်ပြဲနေသော ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ဝက်ကို ဆုပ်ကိုင်ထားကြောင်း သိလိုက်ရသည်။ ထို့နောက် သူသည် သူ၏ သွေးစွမ်းအင်ကို ထုတ်လွှတ်၍ ဦးတည်ရာကို ချိန်ညှိကာ ရှော့ပင်းမောလ်ကြီး၏ နောက်ဘက်ဆီသို့ ပြေးသွားခဲ့သည်။
ထို့နောင် သူ၏ဝိညာဉ်ရေးစွမ်းအားကို ဖြန့်ကျက်ကာ လုချင်းယွီ၏ သတ္တုစပ်ခြေထောက်နှစ်ချောင်းကို သူ့ဆီသို့ တယ်လီကေနက်စစ်( စိတ်ဖြင့်အရာဝတ္တုများကို ရွေ့လျားစေခြင်း) ကိုသုံး၍ ဆွဲခေါ်လိုက်သည်။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ လုချင်းယွီစိတ်ထဲတွင် အလွန်တုန်လှုပ်သွားသည်။
ပျံသန်းမှု ထိန်းချုပ်ရေး...
ဤသည်မှာ ပျံသန်းရန်အတွက် ပြောင်းပြန်လေ၀င်လေထွက် တွန်းကန်အား ကိရိယာများ တပ်ဆင်ထားသည့် စက်ရုပ်လူသားများကသာ သို့မဟုတ် ဆန်းကြယ်သားရဲ သွေးမျိုးစပ်များကသာ လုပ်နိုင်နည့်အရာဖြစ်သည်။
ဤနှစ်ခုမှတပါး အခြားသူများ ဤသို့လုပ်နိုင်ရန် သခင်အဆင့် ဝိညာဉ်ခွန်အားရှိသူဖြစ်ရမည်။
လင်ဇီချန်က စက်ရုပ်လူသားမဟုတ်သည့်အပြင် သွေးမျိုးစပ်လည်းမဟုတ်ပေ။ သွေးမျိုးဆက်စွမ်းအား အဆင့်မြင့်သူမဟုတ်ပါက သူ၏ သွေးစွမ်းအင်ကို ထုတ်သုံးကာ ဤသို့လုပ်နိုင်မည်ဖြစ်သည်။
သူ့သွေးစွမ်းအင်ကို ဒီလိုနည်းနဲ့ အသုံးချနိုင်တာဆိုတော့ ဘယ်လောက်တောင် အစွမ်းထက်နိုင်မလဲ။
သွေးသန့်လူသားလမ်းစဉ်က မယုံနိုင်လောက်အောင် အစွမ်းထက်သလား။
ဒါက တကယ့်ကို အံ့သြစရာပဲ။
လုချင်းယွီကတွေးလေလေ မယုံကြည်နိုင်လေလေဖြစ်ကာ သူမသည် လင်းဇီချန်ကို သူမ၏နှလုံးသားထဲတွင် ပို၍ပင် လေးစားလာခဲ့သည်။
ချီးမြှောက်ပြီးနောက် မနာလိုစိတ် ပြင်းထန်လာသည်။
လုချင်းယွီသည် အသွေးအသားနှင့် ခန္ဓာကိုယ်ကို စက်ပိုင်းဆိုင်ရာ ပြုပြင်ပစ်ခဲ့ရသည်ကို ဘယ်သောအခါကမှ စဘောမကျခဲ့ပေ။
သို့သော် သူမတွင် ရွေးချယ်ခွင့်မရှိပေ။
သူမ ငယ်စဉ်က မိဘများက သူမကို စက်ပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရန် ခေါ်သွားခဲ့ရာ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ဝက်ကျော်ကို သတ္တုစပ်သတ္တုဖြင့် ပြုလုပ်ထားသည်။
သူမသည် သွေးမျိုးစပ်ခြင်းလမ်းကြောင်းကို မလိုက်နိုင်ခဲ့ရုံသာမက သွေးသန့်လူသားလမ်းကြောင်းကိုပင် မလိုက်နိုင်ခဲ့ပေ။
သူမသည် တစ်သက်တာလုံး စက်ရုပ်လူသားတစ်ဦး ဖြစ်လာရန် ကံကြမ္မာကပြဌာန်းထားခဲ့သည်။
ထိုစဉ်ရုတ်တရက်ပင် လေထုကို ဖြတ်တောက်လိုက်သည့် အသံများ ထွက်ပေါ်လာသည်။
၎င်းတို့နောက်ကွယ်ရှိ အထပ်မြင့် အဆောက်အဦး၏ ခေါင်မိုးပေါ်မှ ပြင်းထန်သော စွမ်းအင်များ လွှမ်းခြုံထားသည့် အလင်းတန်းသုံးချောင်း ထွက်လာသည်။
၎င်းတို့သည် လျှပ်စီးကြောင်းအရှိန်ဖြင့် လေထဲတွင် လင်းဇီချန်ဆီသို့ ဒုံးကျည်ကဲ့သို့ ရွေ့လျားသွားကြသည်။
လင်းဇီချန်၏ တုံ့ပြန်မှုက မယုံနိုင်လောက်အောင် မြန်ဆန်သည်။
အန္တရာယ်ကြိုတင်သိရှိခြင်း စွမ်းရည်ကြောင့် သူသည် သွေးစွန်းအင်ကို အသုံးပြု၍ အချိန်မီ ချိန်ညှိကာ တိုက်ခိုက်မှုကို ခက်ခက်ခဲခဲ ရှောင်ရှားနိုင်ခဲ့သည်။
ပစ်မှတ်ကို လွဲချော်သွားသည့် အလင်းတန်းသုံးချောင်းသည် ရှော့ပင်းမောလ်ကြီးဆီသို့ နောက်တစ်စက္ကန့်အကြာတွင် ထပ်မံ တိုက်ခိုက်ကြပြန်သည်။ နံရံများကို ထိမှန်ပြိုကျကာ အပျက်အစီး အများအပြား ထွက်ပေါ်လာစေသည်။ ရှော့ပင်းမောလ်၏အပြင်ဘက်တွင် ထိတ်လန့်စရာကောင်းလောက်အောင် ကြီးမားသောအပေါက် ၃ပေါက်ကို ချန်ထားခဲ့၏။
လင်းဇီချန်သည် နံရံရှိ အပေါက်များကို ငုံ့ကြည့်လိုက်ပြီးနောက် သူ့နှလုံးသားထဲတွင် ရုတ်ချည်း အေးခဲသွားသည်။ အလင်းတန်းများ၏ အဖျက်စွမ်းအားသည် ပြင်းထန်လွန်းလှသည်။
သူသာ ထိမှန်သွားပါက အပိုင်းပိုင်း ကွဲသွားပေလိမ့်မည်။
လုချင်းယွီ၏ကိုယ်ထည်ပေါ်ရှိ သတ္တုစပ်က လုံလုံလောက်လောက် ထူထဲသောကြောင့်သာ သူမသည် တစ်ဝက်တစ်ပျက်သာ ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
အခြားသော စက်ရုပ်လူသားမှန်သမျှသည် လေထုအလယ်တွင် ပြိုကွဲသွားကာ အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်းလဲသွားနှင့်ပြီဖြစ်သည်။
လင်းဇီချန်သည် ရှော့ပင်းမောလ်ကြီး၏ နောက်ကွယ်သို့ ဘေးကင်းစွာ ဆင်းသက်ခဲ့ကာ စက်ရုပ်မိန်းမပျို၏ ခန္ဓာကိုယ် နှစ်ခြမ်းကို သယ်ဆောင်လာခဲ့သည်။ သူ ဆင်းသက်လာသည်နှင့် တပြိုင်နက် ထိုနေရာတွင် ပုန်းနေသော ရှန်ချင်းဟန်သည် လျင်မြန်စွာ လျှောက်လာကာ စိုးရိမ်မှုအပြည့်ဖြင့်မေးလိုက်သည်။
"ဇီချန် သူအဆင်ပြေရဲ့လား"
လင်းဇီချန်ပြန်မဖြေခင်တွင် သူ့ရင်ခွင်ထဲမှ လုချင်းယွီက "ငါအဆင်ပြေပါတယ်" ဟု ပြန်ဖြေခဲ့၏။
"သေချာလား..ကိုယ့်ကိုကိုယ် ဖိအားမပေး..."
ရှန်ချင်းဟန်သည် လုချင်းယွီ၏ ရင်ဘတ်ရှိ အပေါက်အပြဲကို ကြည့်လျက် ဤမိန်းကလေးက အမှန်တကယ် အဆင်ပြေကြောင်း ယုံရခက်နေခဲ့သည်။
လုချင်းယွီက ပြုံး၍ စကားဖြတ်ပြောလိုက်၏။
"တကယ်ပဲ ခေါင်းမကြေသရွေ့ ငါသေမှာ မဟုတ်ဘူး။"
"ဒါဆို ကောင်းပြီ"
ရှန်ချင်းဟန်က သက်ပြင်းတစ်ချက်ချလိုက်သည်။
သူမသည် လုချင်းယွီနှင့် မည်သည့် ဆက်ဆံရေးမျှ မရှိကာ ၎င်းတို့ချင်း လုံးဝမသိကြသည့်အပြင် သူစိမ်းစစ်စစ်များဖြစ်သော်လည်း သူမက လုချင်းယွီကို ဂရုစိုက်သည်။
ငယ်စဉ်ကတည်းက ရုပ်မြင်သံကြားဖန်သားပြင်များတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သော ပါရမီရှင် စက်ရုပ်လူသား မိန်းမပျို သူမရှေ့တွင် သေသွားမည်ကို မမြင်ချင်ပေ။
ရန်သူများမှလွဲ၍ သူမမျက်စိရှေ့မှောက်တွင် မည်သူမျှ သေဆုံးသည်ကို မမြင်ချင်ပေ။
လင်းဇီချန်သည် လုချင်းယွီ၏ ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ်ကို နံရံနှင့် ထောက်ထားလိုက်ပြီးနောက် ရှန်ချင်းဟန်ဘက်သို့ လှည့်လိုက်သည်။
"ဟန်ဟန်၊ သူ့ကို ခဏလောက် ဂရုစိုက်ထား ကို မှောင်ရိပ်ခိုနေတဲ့ ရန်သူကို ရှာပြီး သတ်လိုက်မယ်"
"ဇီချန် နင် မသွားသင့်ဘူး၊ အန္တရာယ်ရှိမယ်"
ရှန်ချင်းဟန်က စိုးရိမ်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"အန္တရာယ်များရင် ကို့ထက်ဘယ်သူ မြန်မြန်ပြေးနိုင်လဲ စိတ်မပူပါနဲ့"
ထိုသို့ဖြင့် သူက လှည့်၍ အလင်းတန်းများကျလာသည့် အဆောက်အဦးဆီသို့ လျှောက်လာသည်။
ရုတ်တရက် ကြီးမားသော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
၎င်းသည် ပြောင်းပြန်လေ၀င်လေထွက် တွန်းကန်အား ကိရိယာ၏ အသံဖြစ်သည်။
စက်ရုပ် လူသားတစ်ဦး ရောက်လာတော့မည်။
လင်းဇီချန်သည် ထိုအသံကိုကြားလိုက်ရသောအခါ ချက်ချင်းပင် တင်းမာသွားသည်။
ကောင်းကင်ကို မော့ကြည့်လျက် သူ့ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအင်များ တဟုန်ထိုး ခုန်တက်လာသည်။
မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် အဆင်သင့်ပင်ဖြစ်၏။
မှောင်ရိပ်ကြားမှ လုချင်းယွီကို တိုက်ခိုက်ခဲ့သော စက်ရုပ်လူသား ရန်သူသည် ယခုအခါတွင် ကြုံးဝါးကာ ရှော့ပင်းမောလ်အထက်သို့ ပျံတက်တော့မည်ဟု သူခန့်မှန်းမိသည်။
သစ္စာဖောက်အဖြစ်သို့ ပြောင်းလဲကာ ဂမ္ဘီရသစ်ပင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သော စက်ရုပ်လူသားတစ်ဦး။