← Chapters

အခန်း (၁၄၈၉-၁၄၉၁)

Vol. 100 Ch. 1489-1491

အခန်း (၁၄၈၉-၁၄၉၁)

Vol. 100 Ch. 1489-1491

အခန်း(၁၄၈၉)

ငွေရောင်သွေးနယ်မြေ၏ အင်ပါယာမြို့တော်ရှိ ခန်းမတစ်ခုထဲတွင် ပုံရိပ်နှစ်ခုသည် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။

ထိုအထဲမှ တစ်ယောက်မှာ သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဖြစ်သည့် သွေးဝိညာဥ် မျိုးနွယ်စု၏ သွေးအင်ပါယာအသစ် ရွှယ်ဟောင်ကန်း ဖြစ်သည်။

ရွှယ်ဟောင်ကန်း၏ တစ်ဖက်တွင်မူ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ထိုင်နေခဲ့၏။

ထိုအမျိုးသားက လျှို့ဝှက်ဆန်းကြယ်သော သွေးသင်္ကေတကို ချည်ထိုးထားသည့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

၎င်းက အသားဖြူပြီး နူးညံ့သိမ်မွေ့သော ရုပ်ရည်သွင်ပြင်ရှိကာ စာပေပညာရှင် တစ်ဦးနှင့်ပင် ဆင်တူနေ၏။

သို့သော်လည်း သင်က သွေးဝိညာဥ်မျိုးနွယ်စု အကြောင်းကို သိရှိထားမည်ဆိုလျှင် ဤလူလတ်ပိုင်းအရွယ် အမျိုးသားက သွေးဝိညာဥ် မျိုးနွယ်စုတွင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိလိမ့်မည် ဖြစ်သည်။

ဆိုရလျှင် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် တခြားသူ မဟုတ်ပေ။

သွေးဝိညာဥ်မျိုးနွယ်စု၏ တစ်ဦးတည်းသော နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ရွှယ်ယွိရှန့်ပင် ဖြစ်၏။

"ဟောင်ကန်း.. မင်း ဒီနေ့ သိပ်စိတ်မပါဘူးထင်တယ်.. မင်းက သွေးကျတ်တီးနယ်မြေရဲ့ အခြေအနေကို စိုးရိမ်နေတာလား"

ရွှယ်ယွိရှန့်က စိုးရိမ်သော မျက်နှာအမူအရာ ဖြစ်နေသည့် ရွှယ်ဟောင်ကန်းကို ကြည့်ကာ ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

"ဦးရီးတော် ကျွန်တော်တို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နယ်မြေနှစ်ခုကို လူသားမျိုးနွယ်စုက သိမ်းပိုက်ထားခဲ့တယ်.. ဒီလို အခြေအနေမျိုးက ကျွန်တော်တို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့သမိုင်းမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး.. ဒါကြောင့်လည်း ကျွန်တော်သွေးကျတ်တီးနယ်မြေရဲ့ အခြေအနေကို စိုးရိမ်နေမိတာပါ"

ရွှယ်ဟောင်ကန်းက မချိပြုံးပြုံး၍ ပြန်ဖြေလိုက်သည်။

"ဟွမ်ဝူကျီတစ်ယောက် သွေးကျတ်တီးနယ်မြေကို ပြန်သွားတာ ဘယ်လိုအခြေအနေ ဖြစ်နေလဲ မသိရသေးဘူး"

"ဟောင်ကန်း မင်းအဲဒီလောက်ထိ မစိုးရိမ်ပါနဲ့.. ဟွမ်ဝူကျီက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက မဟာအင်ပါယာ ဖြစ်လာတဲ့သူပဲ လူသားမျိုးနွယ်စု တစ်ခုလုံးမှာ သူ့ကို ယှဥ်နိုင်တာ အနည်းစုလောက်ပဲရှိတယ်.. ကျီဝူရွှမ်နဲ့ လူသားမျိုးနွယ်စုရဲ့ မဟာအင်ပါယာတွေ မလှုပ်ရှားသရွေ့ ဘယ်သူကမှ ဟွမ်ဝူကျီကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး.. မစိုးရိမ်ပါနဲ့.. ဟွမ်ဝူကျီကို လူသားမျိုးနွယ်စုက ဘာမှတတ်နိုင်မှာ မဟုတ်ဘူးဆိုတာ ငါပြောရဲတယ်"

ရွှယ်ယွိရှန့်က ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။

သူက ဟွမ်ဝူကျီ၏ အရည်အချင်းကို လုံးဝ ယုံကြည်နေခဲ့၏။

"ဦးရီးတော် ပြောသလို ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်"

ရွှယ်ဟောင်ကန်းက သက်ပြင်းကို ညင်သာစွာချကာ ‌ရေရွတ်လိုက်သည်။

ပုံမှန်အခြေအနေဆိုလျှင် ရွှယ်ယွိရှန့်၏ ခန့်မှန်းချက်သည် မည်သည့်ပြဿနာမှ မရှိပေ။

သို့သော်လည်း ဟွမ်ဝူကျီ ထွက်သွားကတည်းကပင် ရွှယ်ဟောင်ကန်း၏ စိတ်နှလုံးထဲတွင် တစ်စုံတစ်ရာ ဖြစ်ပျက်တော့မည့်ကဲ့သို့ ဆိုးရွားသော ခံစားချက်တစ်ခုကို အကြောင်းအရင်းမည်မည်ရရ မရှိဘဲ ခံစားမိခဲ့သည်။

"အရှင်မင်းကြီး အေးစက်သော သွေးနယ်မြေက သွေးဘုရင်ဟန်ကျင့်ရွှယ်က တွေ့ခွင့်တောင်းနေပါတယ်"

ထိုအချိန်တွင် အစောင့်တစ်ဦးသည် ခန်းမထဲသို့ အလျင်အမြန် ဝင်ရောက်လာခဲ့ပြီး ရွှယ်ဟောင်ကန်းကို သတင်းပို့လိုက်သည်။

ထိုစကားကိုကြားလျှင် ရွှယ်ဟောင်ကန်းသည် ထိုင်နေရာကနေ ရုတ်တရက် ထရပ်လိုက်ကာ ခပ်သွက်သွက် ပြောလိုက်၏။

"ဟန်ကျင့်ရွှယ်ကို ချက်ချင်း ခစားခိုင်းလိုက်"

မကြာခင်မှာပင် အေးစက်သော သွေးနယ်မြေမှ သွေးဘုရင်ဟန်ကျင့်ရွှယ်သည် ထိတ်လန့်တကြား အမူအရာဖြင့် အပြင်ဘက်ကနေ ဝင်ရောက်လာခဲ့သည်။

ဟန်ကျင့်ရွှယ်၏ အမူအရာကိုမြင်လျှင် ရွှယ်ဟောင်ကန်း၏ စိတ်ထဲတွင် ရုတ်တရက် လေးလံသွားခဲ့၏။

"ဟန်ကျင့်ရွှယ်.. ငါမင်းကို ဟွမ်ဝူကျီရဲ့ အ‌ခြေအနေနဲ့ ပတ်သက်ပြီး လူလွှတ်စုံစမ်းခိုင်းထားတယ် မဟုတ်လား.. မင်းဘယ်လိုသတင်းတွေ ရလာလဲ ဆိုတာ ငါ့ကို လျှောက်တင်ပါဦး"

"အရှင်မင်းကြီး သတင်းဆိုးပါ"

ဟန်ကျင့်ရွှယ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်နှလုံးထဲမှ ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်ကာ အလျင်အမြန်ပင် ပြောလိုက်သည်။

"ဟွမ်ဝူကျီနဲ့ တခြားသူတွေအားလုံး သွေးကျတ်တီး နယ်မြေမှာကျဆုံးသွားပြီ ဆိုတဲ့သတင်းကို ကျွန်တော် အခုလေးတင် ရရှိခဲ့တယ်"

ဟန်ကျင့်ရွှယ်၏ စကားကိုကြားလျှင် ရွှယ်ဟောင်ကန်း၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားရုံသာမက ရွှယ်ယွိရှန့်၏ မျက်နှာထက်တွင်လည်း မယုံကြည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဒါမဖြစ်နိုင်ဘူး,. လူသားမျိုးနွယ်စုရဲ့ အစွမ်းထက်ကျင့်ကြံသူတွေက နန်ဝူနယ်မြေမှာ စုစည်းနေခဲ့တယ်.. လူသားဧကရာဇ်နန်းတော်က လူသားမျိုးနွယ်စုက တည်ထောင်ထားတဲ့အင်အားစုဆိုရင်တောင် ဟွမ်ဝူကျီလို မဟာအင်ပါယာတစ်ပါးကို ဘယ်လိုလုပ်ပြီး အလွယ်တကူ သတ်ဖြတ်နိုင်မှာလဲ"

ရွှယ်ယွိရှန့်က မယုံကြည်နိုင်သော အမူအရာဖြင့် ဟန်ကျင့်ရွှယ်ကို စူးစိုက်ကြည့်ကာ သေချာအောင် မေးမြန်းလိုက်သည်။

"ဟန်ကျင့်ရွှယ်.. မင်းရဲ့သတင်းက မမှားဘူးဆိုတာ သေချာရဲ့လား"

ဤအချိန်တွင် ရွှယ်ယွိရှန့်၏ အမူအရာသည် အလွန်တရာပင် သုန်မှုန်နေခဲ့သည်။

သူက ယခုလေးတင် ဟွမ်ဝူကျီနှင့် ပတ်သက်၍ ဘာမှမစိုးရိမ်ရန် ရွှယ်ဟောင်ကန်းကို ပြောဆိုခဲ့သေးသည် မဟုတ်ပါလော။

"ဒီဖြစ်ရပ်ကို ကျွန်တော်တို့ အေးစက်သော သွေးနယ်မြေက သူလျှိုတွေကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရတာပါ.. ဒီသတင်းက လုံးဝအမှန်ပါပဲ"

ဟန်ကျင့်ရွှယ်က အလေးအနက် ပြောလိုက်သည်။

"ဟွမ်ဝူကျီက အင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူလေးဦးကို ဦးဆောင်ပြီး သွေးကျတ်တီးနယ်မြေကို ပြန်လာခဲ့တယ် ဒါပေမဲ့ တစ်ခဏလေး အတွင်းမှာ လူသားမျိုးနွယ်စုက ကျင့်ကြံသူတစ်ယောက်ကြောင့် သူတို့အားလုံး အသတ်ခံခဲ့ရတယ်"

"အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေတဲ့ မဟာအင်ပါယာတစ်ပါးနဲ့ အင်ပါယာနယ်ပယ်အလယ်အလတ် အဆင့်ကျင့်ကြံသူတွေက တစ်ခဏအတွင်းမှာပဲ အသတ်ခံလိုက်ရတယ်လား"

ဤအချိန်တွင် ရွှယ်ဟောင်ကန်းနှင့် ရွှယ်ယွိရှန့်တို့၏ မျက်ဝန်းထဲ၌ အံ့သြထိတ်လန့်သော အရိပ်အယောင်တစ်ခု ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူတို့နှစ်ဦးစလုံးက ဟွမ်ဝူကျီ၏ ခွန်အားကို အလွန်ပင်ရှင်းရှင်းလင်းလင်း သိထားကြသည်။

လူသားမျိုးနွယ်စု၏ ဧကရီဖြစ်သည့် ဧကရီကျီ ကိုယ်တိုင် ဦးဆောင်ခြင်း မရှိလျှင် သို့မဟုတ် လူသားမျိုးနွယ်စု၏ ထိပ်တန်း မဟာအင်ပါယာများစွာ ပူးပေါင်းတိုက်ခိုက်ခြင်း မရှိလျှင် ဤမျှ တိုတောင်းသောအချိန်အတွင်း ဟွမ်ဝူကျီကို သတ်ဖြတ်နိုင်သူ မရှိသလောက်ပင်။

ယခု ဤအင်အားကောင်းသည့် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူ အားလုံးသည် သူတို့၏ မျက်စိအောက်တွင် ရှင်းရှင်းလင်းလင်း ရှိနေခဲ့သည်ဖြစ်ရာ လူသားမျိုးနွယ်စုတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူတစ်ဦး မည်ကဲ့သို့ ရှိနိုင်ပါအံ့နည်း။

"ဟန်ကျင့်ရွှယ် ဟွမ်ဝူကျီတို့ကို သတ်ဖြတ်ခဲ့တဲ့လူက ဘယ်သူလဲဆိုတာ မင်းစုံစမ်းနိုင်ခဲ့လား"

ရွှယ်ဟောင်ကန်းက မှင်တက်နေရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။

သူစိုးရိမ်ခဲ့သောအရာသည် အမှန်တကယ် ဖြစ်ပျက်လာခဲ့ချေပြီ။

ယခု အခြေအနေသည် သူတို့ သွေးဝိညာဥ်မျိုးနွယ်စု အတွက် ပိုမိုဆိုးရွားသောအခြေအနေဆီသို့ ဦးတည်လာသည်မှာ အမှန်ပင်။

"ကျွန်တော်ရဲ့ လူတွေက သွေးကျတ်တီးနယ်မြေရဲ့ တော်ဝင်မြို့တော်ကို အဝေးကနေပဲ စောင့်ကြည့်နေခဲ့ကြတာပါ.. သူတို့က သွေးကျတ်တီးနယ်မြေဆီ အရမ်းနီးနီးကပ်ကပ် မသွားရဲကြတဲ့အတွက် အဲဒီလူက ဘယ်သူလဲဆိုတာ မသိခဲ့ကြပါဘူး"

ထိုစကားကို ပြောနေရင်း ဟန်ကျင့်ရွှယ်သည် တစ်စုံတစ်ရာကို စဥ်းစားမိပြီး အလေးအနက် ပြောလိုက်သည်။

"ဒါပေမဲ့ အဲဒီလူကို တစ်စုံတစ်ယောက်က ဧကရာဇ်လို့ခေါ်လိုက်တာကို ကျွန်တော့်ရဲ့ သူလျှိုတစ်ယောက်က နားစွန်နားဖျား ကြားလိုက်ရတယ်"

"ဧကရာဇ်လား"

ရွှယ်ဟောင်ကန်း၏မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

"လူသားဧကရာဇ်အသစ်ဖြစ်တဲ့ ကျန်းချန်က အရင်လူသားဧကရာဇ် ကျန်းဝူရရဲ့ ပျောက်ဆုံးနေတဲ့ သားတော်လို့ ဆိုကြတယ်.. ဒီဧကရာဇ်က နန်ဝူနယ်မြေမှာ တစ်ခါမှ ထွက်ပေါ်မလာတာ အံ့သြစရာမရှိတော့ဘူး လူသားဧကရာဇ်နန်းတော်ကို ဦးဆောင်ပြီး သွေးကျတ်တီးနယ်မြေကို တိုက်ခိုက်ခဲ့တာ သေချာပေါက် သူပဲဖြစ်ရမယ်.. ငါတို့တွေ ဒီထက်ပိုပြီး သတိကြီးကြီးထားမှ ဖြစ်တော့မယ် ဒီလိုကိစ္စတွေက လူသားမျိုးနွယ်စုရဲ့ လူသားဧကရာဇ်အသစ် လုပ်ဆောင်နိုင်တဲ့ ကိစ္စမဟုတ်ဘူး"

ရွှယ်ယွိရှန့်၏ မျက်ဝန်းများက တလက်လက် တောက်ပသွားခဲ့သည်။

ထို့နောက်တွင် သူက လေးနက်သောအသံဖြင့် ပြောလိုက်၏။

သူတို့ရရှိထားသည့် သတင်းအရဆိုလျှင် လူသားမျိုးနွယ်စု၏ ဧကရာဇ်အသစ်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။

ထိုလူသားမျိုးနွယ်စု၏ ဧကရာဇ်အသစ်သည် ပြောင်မြောက်သော ဗျူဟာများကို ခင်းကျင်းပြီး သွေးကျတ်တီးနယ်မြေကို သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ဟွမ်ဝူကျီကို သတ်ဖြတ်နိုင်သည့်ခွန်အားမျိုး မည်သို့မှ မရှိနိုင်ပေ။

"အရှင်မင်းကြီး ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ သွေးကျတ်တီးနယ်မြေဖျက်ဆီးခံခဲ့ရပြီး ဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့အေးစက်သောသွေးနယ်မြေကလည်း အန္တရာယ်ရှိနေပါပြီ.. အေးစက်သော သွေးနယ်မြေကို ကာကွယ်ဖို့အတွက် သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို အရှင်မင်းကြီးစေလွှတ်ပေးပါ"

ထိုအချိန်တွင် ဟန်ကျင့်ရွှယ်သည် အလျင်အမြန်ပင် တောင်းဆိုလိုက်သည်။

"မင်းရဲ့အေးစက်သော သွေးနယ်မြေက ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အဓိကနယ်မြေပဲ ဒါပေမဲ့ ငါတို့သွေးဝိညာဥ်မျိုးနွယ်စုက လူသားမျိုးနွယ်စုနဲ့ ဒီနေရာမှာ တစ်ဖက်ကို တစ်ဖက် ရင်ဆိုင်နေကြတယ်.. ဒီလိုအချိန်မှာ မင်းအတွက် စစ်ကူလွှတ်ပေးဖို့ မဖြစ်နိုင်ဘူး"

ရွှယ်ဟောင်ကန်းက အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်ပြီးနောက်တွင် ဟန်ကျင့်ရွှယ်ကို လေးနက်စွာကြည့်လိုက်သည်။

"ဟန်ကျင့်ရွှယ်.. ငါမင်းအတွက် စစ်ကူမလွှတ်ပေးနိုင်တဲ့ အတွက် တောင်းပန်ပါတယ်"

ထိုစကားကိုကြားလျှင် ဟန်ကျင့်ရွှယ်က မချိပြုံးပြုံးကာ ပြောလိုက်သည်။

"အရှင်မင်းကြီး ဒီတစ်ကြိမ်ကျူးကျော်လာတဲ့ လူသားမျိုးနွယ်စုက သာမန်မဟုတ်ဘူး.. ဟွမ်ဝူကျီလိုလူမျိုးတောင် သူတို့လက်ထဲမှာ အလွယ်တကူ သတ်ဖြတ်ခံလိုက်ရတယ်"

"မင်း သူတို့နဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့မလိုပါဘူး.. အေးစက်သောသွေးနယ်မြေကိုပဲ သူတို့လက်ထဲမကျအောင် ကာကွယ်ပါ.. ငါသိရသလောက်တော့ မင်းတို့ အေးစက်သော သွေးနယ်မြေရဲ့ ပထမမျိုးဆက် သွေးဘုရင်က ကိုယ်ခံပညာရပ်မှာ ထူးချွန်တဲ့အပြင် ပြိုင်ဘက်ကင်း အစီအရင်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားတယ်လို့ သိရတယ်.. သူက မင်းတို့ရဲ့ အေးစက်သောသွေးနယ်မြေမှာ အင်အားကြီးမားတဲ့အထွတ်အထိပ်အစီအရင်တစ်ခုကို တစ်ခါတုန်းက စီရင်ထားခဲ့ဖူးတယ်"

ထိုစကားကိုပြောနေရင်း ရွှယ်ဟောင်ကန်း၏ မျက်လုံးများက တောက်ပလာခဲ့သည်။

"မင်းက အေးစက်သော သွေးနယ်မြေရဲ့ မှော်ဆန်တဲ့ အစီအရင်နဲ့ အေးစက်သောသွေးနယ်မြေကို တစ်လလောက် အချိန်ပြီး ကာကွယ်ထားပါ တစ်လပြည့်တာနဲ့ ငါက လူသားမျိုးနွယ်စုကို တစ်ချက်တည်းနဲ့ အနိုင်ယူမယ်"

ရွှယ်ဟောင်ကန်း၏ စကားများကိုကြားလျှင် ဟန်ကျင့်ရွှယ်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

သူတို့အေးစက်သော သွေးနယ်မြေတွင် နတ်အဆင့်အစီအရင်ရှိပြီး ထိုအစီအရင်ကို ဖွင့်လှစ်လိုက်သည်နှင့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူပင် အလွယ်တကူ ချိုးဖျက်ရန် ခက်ခဲမည်ဖြစ်သည်။

ဤအစီအရင်ကိုသာ သုံး၍ခုခံနေမည်ဆိုလျှင် အေးစက်သောသွေးနယ်မြေကို အချိန်တစ်လလောက် ကာကွယ်ရန် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။

"ကောင်းပါပြီ အရှင်မင်းကြီး.. အချိန်မနှောင်းခင် ကျွန်တော် အေးစက်သောသွေးနယ်မြေကို ပြန်လိုက်ပါဦးမယ်"

ဟန်ကျင့်ရွှယ်က ရွှယ်ဟောင်ကန်းတို့ နှစ်ဦးကို နှုတ်ဆက်လိုက်ပြီးနောက်တွင် ချာခနဲလှည့်ကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

အခန်း(၁၄၈၉)ပြီး၏။

အခန်း(၁၄၉၀)

သွေးဝိညာဥ်မျိုးနွယ်စု၏ ပုံမှန်မဟုတ်သော အပြုအမူများသည် နန်ဝူနယ်မြေမှ လူသားမျိုးနွယ်စု၏ အစွမ်းထက်ကျင့်ကြံသူများအာရုံကို ဆွဲဆောင်သွားခဲ့သည်။

နန်ဝူနယ်မြေရှိ စစ်ဦးစီးချုပ်၏အိမ်တော်။

"ဧကရီကျီ.. ဟွမ်ဝူကျီ ထွက်သွားပြီးတော့ ဟန်ကျင့်ရွှယ်ကလည်း အေးစက်သော သွေးနယ်မြေကို သူ့ရဲ့လူတွေနဲ့ ထွက်သွားပြီလို့ ခုလေးတင် သတင်းရတယ်"

ကျန်းမျိုးနွယ်စု၏ အကြီးအကဲချုပ်ဖြစ်သူ ကျန်းရှင်းပိုင်က ထိုသတင်းကို ကျီဝူရွှမ်ထံ သတင်းပို့လိုက်သည်။

"သွေးဝိညာဥ်ဘုရင်တစ်ပါး ထပ်ပြီး ထွက်သွားပြန်ပြီလား ဒါက ချန်အာ အခြေအနေကောင်းနေတဲ့ အဓိပ္ပါယ်ပဲ"

ကျီဝူရွှမ်က ပြုံးကာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းရှင်းပိုင်၏မျက်နှာထက်တွင် လေးနက်သော အမူအရာတစ်ခု ဖျတ်ခနဲ ဖြစ်ပေါ်လာခဲ့၏။

"ဧကရီကျီ.. သွေးဝိညာဥ်မျိုးနွယ်စုက မဟာအင်ပါယာအဆင့် သွေးဘုရင်နှစ်ပါးကို ဆက်တိုက် စေလွှတ်လိုက်တာ ဆိုတော့ အရှင်မင်းကြီးကို စစ်ကူပေးဖို့အတွက် မဟာအင်ပါယာတွေကို စေလွှတ်လိုက်ရမလား"

"ဧကရီကျီ.. သတင်းကောင်း ရောက်လာပြီ အရှင်မင်းကြီးက သွေးကျတ်တီးနယ်မြေကို သိမ်းပိုက်လိုက်ပြီ.. ဟွမ်ဝူကျီကိုလည်း သတ်ဖြတ်ပစ်လိုက်ပြီ"

ထိုအချိန်မှာပင် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် သတင်းပို့ခဲ့သည်။

"သိပ်ကောင်းတယ်.. ချန်အာက ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ"

ကျီဝူရွှမ်၏ လှပသောမျက်လုံးများက တလက်လက် တောက်ပသွားခဲ့သည်။

"အကြီးအကဲချုပ်ရှင်းပိုင်.. ငွေရောင်သွေး နယ်မြေကို အချိန်မရွေး တိုက်ခိုက်နိုင်မဲ့ အနေအထားထိ စစ်ပြင်ထားလိုက်ပါ.. သွေးဝိညာဥ်မျိုးနွယ်စုက နောက်ထပ် မဟာအင်ပါယာတွေကို ထပ်ပြီး စေလွှတ်ရဲတယ် ဆိုရင် ငါတို့ ချက်ချင်း သွေးဝိညာဥ်မျိုးနွယ်စုဆီ ချီတက် တိုက်ခိုက်မယ်"

ယခုအခါတွင် ကျန်းချန်သည် သွေးကျတ်တီး နယ်မြေကို လုံးဝသိမ်းပိုက်လိုက်ပြီ ဖြစ်၏။

သွေးကျတ်တီးနယ်မြေနှင့် နယ်နမိတ်ချင်း နီးစက်နေသော အေးစက်သော သွေးနယ်မြေမှ သွေးဘုရင် ဖြစ်သည့် ဟန်ကျင့်ရွှယ်သည်လည်း အေးစက်သော သွေးနယ်မြေကို ပြန်သွားခဲ့ချေပြီ။

ကျီဝူရွှမ်က နန်ဝူနယ်မြေတွင် ထိုးစစ်ဆင်ရန် ပြင်ဆင်ထားခြင်းမှာ သွေးဝိညာဥ်မျိုးနွယ်စုကို ဟန့်တားဖို့သာ ဖြစ်၏။

အဓိကအချက်မှာ သွေးဝိညာဥ်မျိုးနွယ်စုက မဟာအင်ပါယာများကို ကျန်းချန်ထံ မစေလွှတ်စေရန် ဖြစ်သည်။

ဤအတိုင်းဆိုလျှင် ကျန်းချန်သည် သွေးဝိညာဥ်မျိုးနွယ်စု၏ နယ်မြေများကို တစ်ဆထက် တစ်ဆ သိမ်းပိုက်နိုင်လိမ့်မည်မဟုတ်ပါလော။

သွေးကျတ်တီးနယ်မြေ၏ အင်ပါယာမြို့တော်။

ကျန်းချန်က ဟွမ်ဝူကျီကို သတ်ဖြတ်ပြီးနောက်တွင် အလျင်အမြန် လူစုကာ အေးစက်သော သွေးနယ်မြေကို တိုက်ခိုက်ရန် မသွားခဲ့ဘဲ သွေးကျတ်တီးနယ်မြေ၏ အင်ပါယာမြို့တော်တွင်သာ သွေးဝိညာဥ် မျိုးနွယ်စု၏ တုံ့ပြန်လာမှုကို စောင့်ဆိုင်းခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ် သူသည် သွေးကျတ်တီးနယ်မြေကို သိမ်းပိုက်လိုက်ပြီး သွေးဘုရင် ဟွမ်ဝူကျီကို သတ်ဖြတ်လိုက်သောကြောင့်ပင်။

ဤသည်က သွေးဝိညာဥ်မျိုးနွယ်စု၏ ဒေါသကို ကျိန်းသေပေါက် လှုံ့ဆော်နိုင်လိမ့်မည် ဖြစ်၏။

ထို့ကြောင့် ကျန်းချန်က သွေးဝိညာဥ်မျိုးနွယ်စု အနေဖြင့် သူ့ကို ကိုင်တွယ်ရန် မည်ကဲ့သို့သော ကျင့်ကြံသူကို စေလွှတ်မည်မှန်း မသိရ၍ အလျင်စလို မလုပ်ဆောင်ခဲ့ပေ။

ယနေ့တွင် ကျန်းချန်သည် စိတ်အပန်းဖြေရန် အတွက် မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာကို ခေါ်ကာ သွေးကျတ်တီး နယ်မြေ၏ အင်ပါယာမြို့တော်တွင် လည်ပတ်နေခဲ့သည်။

သို့ရာတွင် စန်းယွမ်လုံက သူ့ဆီသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။

"အရှင်မင်းကြီး.. သူလျှိုတွေဆီကနေ သတင်းရလာပြီ.. အေးစက်သော သွေးနယ်မြေရဲ့ သွေးဘုရင် ဟန်ကျင့်ရွှယ်က အေးစက်သော သွေးနယ်မြေကို ပြန်ရောက်လာခဲ့ပါပြီ"

"သူတစ်ယောက်ပဲလား.. တခြားသွေးနယ်မြေက စစ်ကူတွေရော ပါသေးလား"

ကျန်းချန်က မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။

"တခြားဘယ်သူမှ မပါဘူး အရှင်မင်းကြီး.. ဟန်ကျင့်ရွှယ်က သူ့ရဲ့ လက်အောက်ခံတွေနဲ့ပဲ အေးစက်သော သွေးနယ်မြေကို ပြန်လာခဲ့တာပါ.. ဟန်ကျင့်ရွှယ်က အေးစက်သော သွေးနယ်မြေကို ပြန်ရောက်လာပြီးနောက်မှာ အေးစက်သော သွေးနယ်မြေရဲ့ အင်အားစုအားလုံးကို အင်ပါယာမြို့တော်ဆီ ဆင့်ခေါ်ခဲ့တယ်.. ကြည့်ရတာ အေးစက်သော သွေးနယ်မြေရဲ့အင်အားစုအားလုံးကို စုစည်းပြီး ကျွန်တော်တို့ ထိုးစစ်ဆင်လာမှာကို ကာကွယ်ချင်နေတဲ့ပုံပဲ"

"ဟားဟား ဒါဆိုလည်း ဟန်ကျင့်ရွှယ်က အေးစက်သောသွေးနယ်မြေရဲ့ အင်ပါယာမြို့တော်ကို ဘယ်လို ကာကွယ်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့"

ကျန်းချန်က အေးစက်စက်ပြုံးကာ ‌ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားခဲ့၏။

"အကြီးအကဲစန်း.. စစ်တပ်ကို ပြင်ဆင်ထားလိုက်တော့.. ငါတို့ မနက်ဖြန်ကျရင် အေးစက်သော သွေးနယ်မြေကို စစ်ချီပြီး အေးစက်သော သွေးနယ်မြေရဲ့ တော်ဝင်မြို့တော်ကို တိုက်ခိုက်ကြမယ်"

သူက ဟွမ်ဝူကျီကို သတ်ဖြတ်လိုက်ပြီးနောက်တွင် သွေးဝိညာဥ်မျိုးနွယ်စုက ဒေါသ အလွန်အမင်းထွက်ကာ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများကို ဟန်ကျင့်ရွှယ်နှင့်အတူ စစ်ကူထည့်ပေးလိမ့်မည်ဟု မူလက ထင်မှတ်ထားခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ သွေးဝိညာဥ်မျိုးနွယ်စုသည် ဟန်ကျင့်ရွှယ်ကို စစ်ကူ မထည့်ပေးဘဲ ပြန်လည် စေလွှတ်လိုက်၏။

ကြည့်ရသည်မှာ သူ၏အမေက ငွေရောင်သွေးနယ်မြေတွင် ရှိသည့် သွေးဝိညာဥ်မျိုးနွယ်စုကို ထိန်းထားသောကြောင့် သွေးဝိညာဥ် မျိုးနွယ်စုသည် သူ့ကို ကိုင်တွယ်ရန်အတွက် မဟာအင်ပါယာအဆင့် ကျင့်ကြံသူများကို လက်လွှတ်စပယ် စေလွှတ်ရဲပုံမရပေ။

သို့ဖြစ်ရာ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ တစ်ယောက်သာရှိသည့် အေးစက်သော သွေးနယ်မြေကို ကျန်းချန်သည် အဘယ်ကြောင့် ကြောက်နေရပါမည်နည်း။

နောက်တစ်နေ့နံနက်စောစောတွင် ကျန်းချန်သည် ယွင်ယွဲ့ကို သွေးကျတ်တီးနယ်မြေအား စောင့်ရှောက်ရန် အမိန့်ပေးခဲ့သည်။

သူကမူ စန်းယွမ်လုံနှင့် တခြားသူများကို ခေါ်ဆောင်ကာ အေးစက်သောသွေးနယ်မြေ ဆီသို့ စစ်ချီသွားခဲ့၏။

ဟန်ကျင့်ရွှယ်က အင်အားစုအားလုံးကို အေးစက်သောသွေးနယ်မြေ၏ အင်ပါယာမြို့တော်တွင် စုစည်းထားသောကြောင့် ကျန်းချန်တို့ လူစုသည် လမ်းတစ်လျှောက်တွင် မည်သည့်အခက်အခဲမှ မရှိခဲ့ပေ။

သုံးရက်မပြည့်ခင်မှာပင် ကျန်းချန်တို့လူစုသည် အေးစက်သောသွေးနယ်မြေ၏ တော်ဝင်မြို့‌တော် ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

"လူသားဧကရာဇ်ကျန်းချန်.. နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီကိုး"

ဟန်ကျင့်ရွှယ်က ကျန်းချန်တို့လူစုကို မထီမဲ့မြင် ကြည့်လိုက်သည်။

သူ၏ အေးစက်စက်အသံသည် လေထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။

ကျန်းချန်က မြို့ရိုးပေါ်တွင် ရှိနေသည့် ဟန်ကျင့်ရွှယ်ကို ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ဟန်ကျင့်ရွှယ်.. မင်းရဲ့ အရည်အချင်းလောက်နဲ့ ငါ့ကိုတားနိုင်မယ်လို့ ထင်နေလား"

"လူသားဧကရာဇ် ကျန်းချန်.. ဟွမ်ဝူကျီကို မင်းဘယ်လိုသတ်ဖြတ်ခဲ့လည်း ဆိုတာ ငါမသိပေမဲ့ ငါရှိနေသရွေ့တော့ ငါ့ရဲ့လက်အောက်မှာရှိတဲ့ တော်ဝင်မြို့တော်ကို ကျူးကျော်လို့မရစေရဘူး"

ကျန်းချန်က ဘာစကားမှ ထပ်မပြောတော့ဘဲ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏လက်မှ ဓားစွမ်းအင်ကို ထုတ်ဖော်ကာ ဟန်ကျင့်ရွှယ်ကို တိုက်ခိုက်လိုက်သည်။

ဓားစွမ်းအင်က ချက်ချင်းဆိုသလိုပင် လေထုကို ဖြတ်သန်းသွားခဲ့၏။

သို့သော်လည်း ဓားစွမ်းအင်က တော်ဝင်မြို့တော်နှင့် ပေတစ်ရာခန့်အကွာသို့ ရောက်လာသောအခါတွင် တော်ဝင်မြို့တော်၏ ပတ်ပတ်လည်၌ လျှို့ဝှက်ဆန်းကြယ်သော သွေးရောင် အတားအဆီးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ဓားစွမ်းအင်ကို အလွယ်တကူပင် ခုခံလိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ မျက်လုံးက အနည်းငယ်မှေးကျဥ်းသွားခဲ့၏။

"ဟန်ကျင့်ရွှယ် လတ်စသတ်တော့ မင်းက အစီအရင်ကိုအားကိုးပြီး ငါ့ကို ရင်ဆိုင်ဖို့ သတ္တိရှိနေတာကိုး"

"မင်းပြောတာ မှန်တယ်.. ငါတို့ အင်ပါယာမြို့တော်ရဲ့ အစီအရင်က ပထမမျိုးဆက် သွေးဘုရင် ကိုယ်တိုင် ခင်းကျင်းထားတဲ့ နတ်အဆင့်အစီအရင်ပဲ ဒီအစီအရင်ကို နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတွေတောင် အလွယ်တကူ မဖျက်ဆီးနိုင်ဘူး"

ဟန်ကျင့်ရွှယ်က ကျန်းချန်ကို အထင်သေးစွာ ကြည့်၍ ပြောလိုက်သည်။

"မင်းက နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ မဟုတ်သရွေ့ ငါတို့မြို့ရဲ့ အစီအရင်ကို ဘယ်လိုနည်းနဲ့မှ ချိုးဖျက်နိုင်မှာမဟုတ်ဘူး"

ကျန်းချန်၏ မျက်လုံးများက အလွန်ပင် တည်ငြိမ်နေခဲ့သည်။

"ဟန်ကျင့်ရွှယ်.. မင်းရဲ့ နတ်အဆင့် အစီအရင်က ငါ့ကို တားဆီးနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"

"မင်းကို တကယ်ပဲ တားဆီးနိုင်မနိုင် ဆိုတာသိချင်ရင် စမ်းကြည့်လိုက်လေ.. လူသားဧကရာဇ် ကျန်းချန်.. ငါမင်းကို အင်ပါယာမြို့တော် ထဲမှာ စောင့်နေမယ်.. မင်းမှာ မြို့‌စောင့် အစီအရင်ကို ဖျက်ဆီးနိုင်တဲ့ အစွမ်းအစရှိရင် ငါ့ဆီကိုလာခဲ့လိုက်"

အေးစက်စက် ကြုံးဝါးပြီးနောက်တွင် ဟန်ကျင့်ရွှယ်သည် ကျန်းချန်ကို လျစ်လျူရှုလိုက်ကာ မြို့ရိုးထက်ကနေ လျှပ်တစ်ပြက် ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် စန်းယွမ်လုံက အသက်ကို ခပ်ပြင်းပြင်းရှူကာ ပြောလိုက်၏။

"အရှင်မင်းကြီး ဒီအစီအရင်ကို ကျွန်တော် တိုက်ခိုက်ကြည့်ဖို့ ကြိုးစားပါရစေ.. ကျွန်တော်တို့ရှေ့က အစီအရင်က ဒီလောက်အထိ အားကောင်းလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး"

"အကြီးအကဲစန်း.. ဟန်ကျင့်ရွှယ် ပြောတာက အမှန်ပဲ.. ဒါက နတ်အဆင့် အစီအရင်တစ်ခုပဲ.. နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူ မဟုတ်သရွေ့ မဟာအင်ပါယာတောင်မှ ဒီအစီအရင်ကို ဖြိုခွင်းဖို့ အရမ်းခက်ခဲလိမ့်မယ်"

ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

သူ၏အစီအရင် ကျွမ်းကျင်မှုအရ သူ၏ ရှေ့မှ အစီအရင်၏ အစွမ်းအစသည် နတ်တစ်ပိုင်းအဆင့် အောက်ရှိ ကျင့်ကြံသူများ ချိုးဖျက်နိုင်သည့် အစီအရင် မဟုတ်မှန်း မြင်နိုင်ရန် မခက်ခဲပေ။

"ဒါဆို ကျွန်တော်တို့ အခု ဘာဆက်လုပ်ရမလဲ"

စန်းယွမ်လုံ၏ မျက်နှာက ရုတ်တရက် မကြည်မလင် ဖြစ်သွားခဲ့သည်။

ဟန်ကျင့်ရွှယ်က ဤကဲ့သို့ အစွမ်းထက်သော နတ်အဆင့် အစီအရင်ထဲတွင် ရှိနေခဲ့ရာ သူတို့အနေဖြင့် အေးစက်သောသွေးနယ်မြေကို ကျူးကျော်ရန် ခက်ခဲနေသည် မဟုတ်ပါလော။

"စိတ်မပူပါနဲ့ ဒီဧကရာဇ်မှာ ဖြေရှင်းနိုင်မဲ့ နည်းလမ်း ရှိပါတယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် ပဟေဠိဆန်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ဟန်ကျင့်ရွှယ်က အေးစက်သော သွေးနယ်မြေမှ အင်အားစုများကို‌ တော်ဝင်မြို့တော်တွင် စုစည်းပြီး နတ်အဆင့် အစီအရင်ကို အသုံးချကာ သူ့ကို ဟန့်တားရန် ကြိုးစားခဲ့သည်။

သာမန် မဟာအင်ပါယာတစ်ပါး ဆိုလျှင်ပင် ထိုအစီအရင်နှင့်ရင်ဆိုင်ရလျှင် အမှန်တကယ် ခက်ခဲနေလိမ့်မည် ဖြစ်၏။

သို့သော်လည်း ကျန်းချန်က မည်သူနည်း။

သူက အဆ ၁၀၀ စနစ်ကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်ဖြစ်ပြီး အဆ ၁၀၀ နားလည်မှုကို တိုက်ရိုက် လှုံ့ဆောာ်ကာ ဤနတ်အဆင့် အစီအရင်ကို နားလည်နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။

ဟန်ကျင့်ရွှယ်က အရာရာကို ကြိုတင် ပြင်ဆင်ထားနိုင်ခဲ့လျှင်ပင် သူ့ထံ၌ အဆ ၁၀၀ စနစ်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော စနစ်တစ်ခု ရှိနေလိမ့်မည်ဟု တွက်ချက်နိုင်လိမ့်မည် မဟုတ်ပေ။

အခန်း(၁၄၉၀)ပြီး၏။

အခန်း(၁၄၉၁)

"မင်းငါ့ကို ကာကွယ်ပေးထားပါ.. ငါ ဒီအစီအရင်ကို ဖျက်ဆီးဖို့ လေ့လာလိုက်ဦးမယ်"

ကျန်းချန်က ညင်သာစွာပြောလိုက်ပြီး ချက်ချင်းဆိုသလို ခြေချိတ်၍ ထိုင်ချလိုက်သည်။

သူ၏ စူးရှ‌သောအကြည့်ကာ အင်ပါယာမြို့တော်၏ အစီအရင်ပေါ်ကို ရောက်ရှိနေခဲ့သည်။

"ဒင်.. သင်က နတ်အဆင့်အစီအရင်ဖြစ်တဲ့ နတ်ဘုရားတားမြစ် အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က နတ်ဘုရားတားမြစ် အစီအရင်၏ အနှစ်သာရကို ၁၀၀၀၀ပုံ၁ပုံ နားလည်သွားခဲ့ပါပြီ"

"ဒင်.. သင်က နတ်အဆင့်အစီအရင်ဖြစ်တဲ့ နတ်ဘုရားတားမြစ် အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က နတ်ဘုရားတားမြစ် အစီအရင်၏ အနှစ်သာရကို ၁၀၀၀၀ပုံ၁ပုံ နားလည်သွားခဲ့ပါပြီ"

"..........."

ကျန်းချန်က နတ်ဘုရားတားမြစ် အစီအရင်ကို အပြည့်အဝနားလည်ရန် ကြိုးစားနေသောအချိန်တွင် ဤထူးဆန်းသည့်အခြေအနေကို အင်ပါယာမြို့တော်၏ အစောင့်သည် ဟန်ကျင့်ရွှယ်ထံ အလျင်အမြန်ပင် သတင်းပေးပို့ခဲ့သည်။

ဟန်ကျင့်ရွှယ်၏ မျက်နှာထက်တွင်‌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဒီလူသားဧကရာဇ် အသစ်က အစီအရင် ပညာရပ်ကို နားလည်တဲ့အတွက် ငါတို့ အေးစက်သောသွေးနယ်မြေရဲ့ မြို့စောင့် အစီအရင်ကို ချိုးဖျက်ချင်တယ်နဲ့ တူတယ်"

ထိုအချိန်တွင် သတင်း လာရောက်ပေးပို့သည့် အစောင့်က အလျင်အမြန်ပင် ပြောလိုက်သည်။

"သွေးဘုရင်.. မြို့စောင့် အစီအရင်ကို မချိုးဖျက်နိုင်အောင် ကျွန်တော်တို့ အနှောင့်အယှက်ပေးသင့်လား"

"စိတ်မပူပါနဲ့ ဆက်လက် စောင့်ကြည့်ထားပါ.. ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ သတိထားမိတာနဲ့ ချက်ချင်း သတင်းပို့ပါ"

ဟန်ကျင့်ရွှယ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားခဲ့ပြီး အဆုံးသတ်တွင် ခေါင်းခါရမ်းကာ ပြောလိုက်သည်။

ဟန်ကျင့်ရွှယ်က ကျန်းချန်သည် အစီအရင် ချိုးဖျက်နေသည်ကို သိသော်လည်း သွားရောက်တိုက်ခိုက်ရန် မဆုံးဖြတ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤသည်က ရန်သူကို မျှားခေါ်ရန်အတွက် ကျန်းချန်၏ ဗျူဟာ ဟုတ်မဟုတ် သူအသေအချာ မသိသောကြောင့်ပင်။

လူသားဧကရာဇ်အသစ်သည် သူက မြို့တော်၏ အစီအရင်ထဲတွင် ရှိနေ၍ အပြင်သို့ ထွက်လာစေရန် ထောင်ချောက်ဆင်နေခြင်းလည်း ဖြစ်နိုင်လောက်၏။

မြို့တော်၏ အစီအရင်နှင့် ပတ်သက်၍မူ ဟန်ကျင့်ရွှယ်သည် ပြောနေစရာ မလိုလောက်အောင်ပင် လုံးဝကို ယုံကြည်မှု ရှိခဲ့သည်။

ဤနတ်အဆင့် အစီအရင်သည် သူတို့ အေးစက်သောသွေးနယ်မြေ၏ ပထမမျိုးဆက် သွေးဘုရင်မှ ဖန်တီးခဲ့ခြင်း ဖြစ်ပြီး မပြည့်စုံသော နတ်အဆင့် အစီအရင် တစ်ခုအပေါ် အခြေခံကာ တီထွင်ခဲ့ခြင်း ဖြစ်သည်။

ဤအစီအရင်၏ စွမ်းအားသည် တကယ် နတ်အဆင့် အစီအရင်လောက် အားမကောင်းသည့်တိုင် သာမန် အစီအရင်များ ယှဥ်၍မရပေ။

နဝမအဆင့် အစီအရင်သခင် ပင်လျှင် တစ်လအတွင်း ဤအစီအစဥ်ကို ချိုးဖျက်ရန် မဖြစ်နိုင်ပေ။

လူသားဧကရာဇ် ကျန်းချန်က အစီအရင်ပညာရပ်ကိုကျွမ်းကျင်လျှင်ပင် နဝအဆင့် အစီအရင်သခင်နှင့် မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။

မည်သို့ပင်ဖြစ်စေကာမူ သူက ယခုအခါတွင် သွေးအင်ပါယာ၏ ညွှန်ကြားချက်ကို လိုက်နာပြီး အစီအရင်ကို အသုံးပြုကာ အေးစက်သော သွေးနယ်မြေကို တစ်လခန့် ထိန်းထားဖို့သာ လိုအပ်၏။

သို့ဖြစ်ရာ စွန့်စွန့်စားစား မြို့ပြင်သို့ ထွက်ရန် တိုက်ခိုက်နေရန် မလိုအပ်ချေ။

ဤသည်ကပင် ကျန်းချန် အတွက် နတ်ဘုရားတားမြစ် အစီအရင်ကို နားလည်စေရန် အခွင့်ကောင်း တစ်ခုကို ရရှိစေခဲ့သည်။

ဤနတ်ဘုရား တားမြစ် အစီအရင်သည် မပြည့်စုံသည့် နတ်အဆင့် အစီအရင်တစ်ခုကို အခြေခံ၍ ဖန်တီးထားခြင်းသာ ဖြစ်၍ ကျန်းချန်အတွက် နားလည်အောင်လုပ်ရန် သိပ်မခက်ခဲပေ။

ဤသည်က အင်ပါယာ ချောက်နက်ထဲတွင် သူနားလည်အောင် ကြိုးစားခဲ့ရသည့် ရွှမ်းဝူကောင်းကင် အစီအရင်ထက်ပင် များစွာပို၍ လွယ်ကူနေခဲ့၏။

နတ်ဘုရားတားမြစ် အစီအရင်ကို နားလည်အောင် ကြိုးစားရင်း ကိုးရက်အကြာတွင် စနစ်၏ သာယာသော သတိပေးချက်က ကျန်းချန်စိတ်ထဲတွင် အဆုံးသတ်၌ ထွက်ပေါ်လာခဲ့သည်။

"ဒင်.. သင်က နတ်အဆင့်အစီအရင် ဖြစ်တဲ့ နတ်ဘုရားတားမြစ် အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင်က နတ်ဘုရားတားမြစ် အစီအရင်ကို ၁၀၀၀၀ပုံ၁ပုံ နားလည်သွားခဲ့ပါပြီ"

"ဒင်.. သင်က နတ်ဘုရားတားမြစ် အစီအရင်ကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"

သူ၏စိတ်ထဲမှ သတိပေးချက်ကို ကြားပြီးနောက်တွင် ကျန်းချန်၏ မျက်လုံးအကြည့်သည် ကောင်းကင်ယံသို့ ရောက်ရှိသွားခဲ့သည်။

သူက ခန္ဓာကိုယ်ကို မြေပြင်ကနေ ရုတ်တရက် ထရပ်လိုက်သည်။

ယခုအခါတွင် သူသည် သူ၏ ရှေ့တွင် ရှိနေသည့် နတ်ဘုရားတားမြစ် အစီအရင်ကို လုံးဝ နားလည်သွားပြီ ဖြစ်သည်။

ထို့ကြောင့် ယနေ့မှာပင် ဤအစီအရင်ကို ချိုးဖျက်ပြီး အေးစက်သောသွေးနယ်မြေကို သိမ်းပိုက်မည် ဖြစ်၏။

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်ယံ အထက်တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူ၏ရှေ့တွင်ရှိနေသည့် နတ်ဘုရားတားမြစ် အစီအရင်ကို စူးစိုက်၍ ကြည့်လိုက်ပြီး လေးနက်သော အမူအရာများဖြင့် ဆန်းကြယ်သော လက်ဟန်များကို စတင်ပြုလုပ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လျှင် အစောင့်သည် ထိုကိစ္စကို ဟန်ကျင့်ရွှယ်ထံ အလျင်အမြန် သတင်းပေးပို့ခဲ့သည်။

"သွေးဘုရင်.. လူသားဧကရာဇ်ကျန်းချန်က အစီအရင်ကို ချိုးဖျက်ဖို့ စတင် ပြုလုပ်နေပါပြီ"

ထိုစကားကိုကြားလျှင် ဟန်ကျင့်ရွှယ်သည် တစ်ခဏမျှ အံ့အားသင့်သွားခဲ့သော်လည်း ရုတ်တရက် မထီမဲ့မြင် ပြုံးလိုက်၏။

"လူသားဧကရာဇ်က ငါတို့ အေးစက်သော သွေးနယ်မြေရဲ့ အစီအရင်ကို ချိုးဖျက်နိုင်မယ်လို့ သူ့ကိုယ်သူ ထင်နေတဲ့ပုံပဲ"

ဤအစီအရင်ကို နဝမအဆင့် အစီအရင်သခင် ပင်လျှင် သုံးလကနေ ငါးလအထိ အာရုံစိုက်ကာ လေ့လာလျှင်ပင် အစီအရင်ကို ချိုးဖျက်ရန် နည်းလမ်းကို ရှာဖွေရန် လွယ်ကူမည် မဟုတ်ပေ။

သို့ရာတွင် လူသားဧကရာဇ် ကျန်းချန်ကမူ ဆယ်ရက်ပင် မပြည့်သေးသော အချိန်မှာပင် အစီအရင်ကို ချိုးဖျက်ချင်နေခဲ့၏။

ဤသည်မှာ အလွန်ပင် စိတ်ကူးယဥ်လွန်းနေခြင်း မဟုတ်ပါလော။

သို့သော်လည်း ဟန်ကျင့်ရွှယ်၏ စကားဆုံးသည်နှင့် အေးစက်သော သွေးနယ်မြေ၏ အင်ပါယာမြို့တော် ကောင်းကင်ယံထက်တွင် ကျယ်လောင်သော ဆူညံသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

အေးစက်သော သွေးနယ်မြေ၏ အင်ပါယာမြို့တော်ကလည်း ငလျင်လှုပ်သလိုပင် ပြင်းထန်စွာ တုန်ခါလာခဲ့၏။

"မဟုတ်သေးဘူး.. အင်ပါယာမြို့တော်ရဲ့ အစီအရင်က ပျက်စီးတော့မဲ့ လက္ခဏာတွေ ပြသနေပြီ"

ဟန်ကျင့်ရွှယ်၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။

သူ၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင် တစ်ခုသည် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

လူသားဧကရာဇ် ကျန်းချန်က အစီအရင်ကို မချိုးဖျက်နိုင်ဟု ခုနလေးတင် သူ အထင်သေးစွာ ပြောဆိုခဲ့၏။

သို့သော်လည်း သူပြောဆိုပြီး မကြာမီမှာပင် လူသားဧကရာဇ် ကျန်းချန်က အစီအရင်ကို ချိုးဖျက်နိုင်မည်ဟု မည်သူက ကြိုတင် သိနိုင်ပါအံ့နည်း။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဟန်ကျင့်ရွှယ်က သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။

သူ၏ပုံရိပ်က ချက်ချင်းဆိုသလိုပင် အင်ပါယာမြို့တော်၏ အထက် ကောင်းကင်ယံတွင် လျှပ်တစ်ပြက် ပေါ်ပေါက်လာခဲ့၏။

သူက လေထုထဲကို လှမ်းကြည့်လိုက်ရာ အစီအရင်၏ ရှေ့တွင် လူသားဧကရာဇ် ကျန်းချန်သည် လက်ဟန်များ အဆက်မပြတ် ပြုလုပ်နေသည်ကို တွေ့လိုက်ရ၏။

ကျန်းချန်၏ လက်ဟန်များနှင့် အတူ အင်ပါယာမြို့တော်၏ အစီအရင်သည် ပြင်းပြင်းထန်ထန်ပင် တုန်ခါလာခဲ့သည်။

အဆုံးသတ်တွင် အင်ပါယာမြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားသည့် အစီအရင်သည် မှန်ကဲ့သို့ အက်ကွဲသော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက် ဝုန်းခနဲ ပေါက်ကွဲထွက်သွားသည်ကို ဟန်ကျင့်ရွှယ် မြင်လိုက်ရ၏။

"ဒါမဖြစ်နိုင်ဘူး.. ဘယ်လိုလုပ်ပြီး အင်ပါယာမြို့တော်ရဲ့ အစီအရင်ကို အလွယ်တကူ ချိုးဖျက်နိုင်ရတာလဲ"

ဟန်ကျင့်ရွှယ်က သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မှင်တက်နေခဲ့သည်။

သူ၏ မျက်ဝန်းတွင်လည်း မယုံကြည်နိုင်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

ဤသည်က မပြည့်စုံသော နတ်အဆင့် အစီအရင်တစ်ခုအပေါ် အခြေခံပြီး တီထွင်ထားသည့် မြို့စောင့် အစီအရင်တစ်ခု ဖြစ်သည်။

သို့ရာတွင် လူသားဧကရာဇ် ကျန်းချန်က ဆယ်ရက် မပြည့်ခင်မှာပင် ဤအစီအရင်ကို လုံးဝ ချိုးဖျက်နိုင်လိမ့်မည်ဟု ဟန်ကျင့်ရွှယ် တစ်ခါမှ မတွေးခဲ့ဖူးပေ။

သူ၏ရှေ့မှ လူသားဧကရာဇ် အသစ်သည် ကိုယ်ခံပညာရပ်တွင် ထူးချွန်ရုံသာမက အစီအရင် စွမ်းရည်တွင်လည်း နဝမအဆင့် အစီအရင် ပညာရှင်ထက်ပင် ကျော်လွန်နေသည်မှာ ထင်ရှားနေ၏။

"ဒါက နတ်အဆင့် အစီအရင်လေး တစ်ခုပါပဲ.. ဘယ်လောက်များ ခက်ခဲနေလို့လဲ"

ကျန်းချန်က ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။

"မပြည့်စုံတဲ့ နတ်အဆင့် အစီအရင်ကနေ အခြေပြုတီထွင်ထားတဲ့ အစီအရင်က ငါ့ကိုဘယ်လိုလုပ်ပြီး တားမြစ်နိုင်မှာလဲ"

"ဟမ့် လူသားဧကရာဇ်ကျန်းချန်.. မင်းက ငါတို့ အင်ပါယာမြို့တော်ရဲ့ အစီအရင်ကို ဒီလောက် အချိန်တိုလေးအတွင်းမှာ ချိုးဖျက်နိုင်တာ တကယ်ပဲ ငါ့ကို အံ့အားသင့်စေခဲ့တယ်.. ဒါပေမဲ့ အစီအရင်ကို မင်းချိုးဖျက်နိုင်ခဲ့ရင်တောင် ဒီဘုရင်ရဲ့ အေးစက်သော သွေးနယ်မြေကို မင်းစိတ်ကြိုက် ဖျက်ဆီးလို့ရမှာ မဟုတ်ဘူး"

ဟန်ကျင့်ရွှယ်က ကျန်းချန်ကို ခက်ထန်စွာ ကြည့်ကာ အေးစက်စက် ကြုံးဝါးလိုက်သည်။

သူ၏ရှေ့မှ လူသားဧကရာဇ် ကျန်းချန်သည် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်တွင်သာ ရှိပြီး နံဘေးတွင်လည်း မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်မှ မရှိပေ။

ထို့ကြောင့် လူသားဧကရာဇ် ကျန်းချန်က ရှားပါးသော ပါရမီရှင် ဖြစ်နေလျှင်ပင် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့် သူကဲ့သို့ မဟာအင်ပါယာ တစ်ပါးကို အလွယ်တကူ သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

ဟွမ်ဝူကျီက မည်ကဲ့သို့ ကျဆုံးသွားမှန်း ဟန်ကျင့်ရွှယ် မသိသော်လည်း လူသားဧကရာဇ် ကျန်းချန်ကို ပေ့ါဆ၍ ရှုံးနိမ့်သွားခဲ့သည်ဟု သူမှန်းဆခဲ့သည်။

ထို့ကြောင့် သူ့ဘက်ကနေ သတိကြီးကြီး ထားနေသရွေ့ လူသားဧကရာဇ် ကျန်းချန်သည် သူ့ကို မည်သို့မှ သတ်ဖြတ်နိုင်မည် မဟုတ်ချေ။

"တကယ်လား"

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ဟန်ကျင့်ရွှယ် ဆီသို့ တည်ငြိမ်သောအမူအရာဖြင့် ဖြည်းဖြည်းချင်း လှမ်းလာခဲ့သည်။

"ကောင်းပြီလေ ဒီလိုဆိုမှတော့ ငါမင်းရဲ့ စွမ်းရည်ကို လေ့လာရသေးတာပေါ့"

ကျန်းချန်က ခြေလှမ်းကို လှမ်းနေရင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါသည် သူ့ကို ဗဟိုပြု၍ ဆယ်မိုင်ပတ်လည် အထိ ပျံ့နှံ့သွားခဲ့သည်။

ဤအချိန်တွင် ကျန်းချန်သည် ဓားနတ်ဘုရားတစ်ပါး ကဲ့သို့ပင် ကမ္ဘာကြီးကိုပင် လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် ဟန်ကျင့်ရွှယ်ကို ဖိနှိပ်လိုက်၏။

အခန်း(၁၄၉၁)ပြီး၏။

All Chapters