အခန်း (၁၄၉၅-၁၄၉၇)
Vol. 100 Ch. 1495-1497
အခန်း(၁၄၉၅)
"အရှင်မင်းကြီး အဆုံးဖြတ်တိုက်ပွဲကို အလောတကြီး မဆင်နွှဲပါနဲ့"
သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာတစ်ပါးက အလျင်အမြန်ပင် တားမြစ်လိုက်သည်။
"လူသားဧကရာဇ်ကျန်းချန်က ကျွန်တော်မျိုးတို့ရဲ့ အင်ပါယာမြို့တော်ကို အချိန်မရွေး တိုက်ခိုက်လာနိုင်တယ်.. ကျွန်တော်တို့ ပေါ့ပေါ့တန်တန် တိုက်ပွဲဆင်နွှဲလိုက်လို့ မဖြစ်ဘူး"
"ငါဆုံးဖြတ်ပြီးပြီ.. ထပ်ပြောစရာ မလိုတော့ဘူး"
ရွှယ်ဟောင်ကန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
သူ၏မျက်နှာထက်တွင် ပြတ်သားသော အမူအရာတစ်ခု ရှိနေခဲ့၏။
"ဘိုးဘေးအမွေအနှစ် သွေးကန်ထဲမှာ အဆင့်တက်လာတဲ့ မဟာအင်ပါယာအဆင့် ကျင့်ကြံသူဆယ်ယောက် ငါတို့ဆီရောက်လာတာနဲ့ လူသားမျိုးနွယ်စုကို အဆုံးဖြတ်တိုက်ပွဲ ဆင်နွှဲမယ်.. ချက်ချင်းပြင်ဆင်ထားလိုက်တော့"
လူသားဧကရာဇ်ကျန်းချန်က အင်ပါယာမြို့တော်ကို တိုက်ခိုက်ခဲ့လျှင်ပင် သူက စိုးရိမ်နေမည် မဟုတ်ပေ။
ယခုအခါတွင် သွေးဝိညာဥ်မျိုးနွယ်စု၌ မဟာအင်ပါယာ ဆယ်ပါး တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူက လူသားမျိုးနွယ်စု သတိမထားမိသည်ကို အခွင့်ကောင်းယူကာ ရုတ်တရက် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
လူသားမျိုးနွယ်စုကို ရှေ့တန်း စစ်မျက်နှာပြင်တွင် အနိုင်ယူနိုင်သရွေ့ လူသားဧကရာဇ်ကျန်းချန်ကို စိုးရိမ်စရာမရှိတော့ပေ။
ရက်အနည်းငယ်အကြာတွင် ဘိုးဘေးအမွေအနှစ် သွေးကန်ထဲ၌ မဟာအင်ပါယာအဆင့်ကို တိုးမြှင့်ခံခဲ့ရသော သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာဆယ်ပါးသည် အဆုံးသတ်တွင် လျှို့ဝှက်စွာဖြင့် ငွေရောင်သွေးနယ်မြေသို့ ရောက်ရှိလာခဲ့ကြသည်၊
ထိုအခါ ရွှယ်ဟောင်ကန်းက တုံ့ဆိုင်းမနေတော့ဘဲ သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာများကို ဆင့်ခေါ်ကာ လူသားမျိုးနွယ်စု အထိုင်ချထားသည့် နန်ဝူနယ်မြေဆီသို့ တိုက်ရိုက်ပင် စစ်ချီခဲ့၏။
ထိုသတင်းကို ရရှိပြီးနောက်တွင် ကျီဝူရွှမ်သည် လူသားမျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူအများအပြားကို ဦးဆောင်ကာ နန်ဝူနယ်မြေ၏ ကျယ်ပြောသော လွင်ပြင်တစ်ခုပေါ်တွင် သွေးဝိညာဥ်မျိုးနွယ်စုနှင့် ရင်ဆိုင်ရန် စစ်ပြင်ခဲ့သည်။
"ရွှယ်ယွိရှန့်.. ရှင်က လူသားမျိုးနွယ်စုကို တိုက်ခိုက်ဖို့ သွေးဝိညာဥ်မျိုးနွယ်စုကို ဦးဆောင်လာရဲမယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ဘူး"
ကျီဝူရွှမ်၏ အကြည့်က ပေထောင်ချီ အကွာအဝေးတွင် ရှိနေသည့် ရွှယ်ယွိရှန့်နှင့် ရွှယ်ဟောင်ကန်း ဆီသို့ ရောက်ရှိသွားခဲ့သည်။
သူမ၏ အေးစက်စက်အသံသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။
ရွှယ်ယွိရှန့်က အရေးမစိုက်ဟန်ဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။
"ကျီဝူရွှမ်.. မင်းနဲ့ငါ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးတယ်.. ဒီနေ့တော့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ အချိန်ကျပြီ"
ထိုစကားကိုကြားလျှင် ကျီဝူရွှမ်က လှောင်ပြုံး ပြုံးလိုက်သည်။
"ငါတို့ လူသားမျိုးနွယ်စုရဲ့ ဧကရာဇ်အသစ်က ရှင်တို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ နယ်မြေသုံးခုကို ဆက်တိုက် သိမ်းပိုက်လိုက်တဲ့အပြင် ရှင်တို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အင်ပါယာမြို့တော်ကို သိမ်းပိုက်ဖို့ စစ်ပြင်နေခဲ့ပြီ.. ဒါတောင် ရှင်က ကျွန်မတို့ကို လာတိုက်ဖို့ ဆုံးဖြတ်ရဲတယ်လား"
"ဟမ့်.. ကျီဝူရွှမ်.. လူသားဧကရာဇ်ကျန်းချန်က ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အင်ပါယာမြို့တော်ကို ဖျက်ဆီးလိုက်တော့ရော ဘာဖြစ်လဲ"
ရွှယ်ယွိရှန့်က အေးစက်သောအကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဒီနေ့ ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုတွေ မင်းကို အနိုင်ယူနိုင်သရွေ့ ငါကိုယ်တိုင် လူသားမျိုးနွယ်စုဆီကနေ ဒီအကြွေးကို ၁၀ဆ ပြန်လည်ရယူမယ်"
"မင်းတို့ သွေးဝိညာဥ်မျိုးနွယ်စုရဲ့ လက်ရှိစွမ်းရည်နဲ့ ငါတို့လူသားမျိုးနွယ်စုကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား"
ကျီဝူရွှမ်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
ရွှယ်လင်ကုန်းမြေတိုက်သို့ ကျန်းဝူရ ပြန်ရောက်လာပြီးနောက်တွင် သွေးဝိညာဥ် မျိုးနွယ်စု၏ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့ရာ သွေးဝိညာဥ်မျိုးနွယ်စုနှင့် လူသားမျိုးနွယ်စုတို့၏ မဟာအင်ပါယာအဆင့် ကျင့်ကြံသူ အရေအတွက်သည် တူညီလုနီးပါး ဖြစ်သွားခဲ့သည်။
ယခုအခါတွင် သွေးဝိညာဥ်မျိုးနွယ်စုမှ သွေးဘုရင်နှစ်ပါးကို ကျန်းချန်က သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ အရေအတွက်တွင် လူသားမျိုးနွယ်စုထက်ပင် သွေးဝိညာဥ် မျိုးနွယ်စုသည် အားနည်းနေခဲ့၏။
သို့တိုင် သွေးဝိညာဥ်မျိုးနွယ်စုသည် သူတို့ လူသားမျိုးနွယ်စုကို အနိုင်ယူချင်နေခဲ့သည်။
ယင်းမှာ အခြေခံအားဖြင့် လုံးဝမဖြစ်နိုင်ပေ။
"ဟားဟား ကျီဝူရွှမ်.. ငါတို့ သွေးဝိညာဥ်မျိုးနွယ်စုက လူသားမျိုးနွယ်စုကို တိုက်ခိုက်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ မင်းထင်နေတာလား.. သိပ်မကြာခင် ဒီအင်ပါယာက မင်းတို့အတွက် ဘာတွေ ပြင်ဆင်ထားလဲဆိုတာ မင်းသိလာပါလိမ့်မယ်"
ရွှယ်ဟောင်ကန်းက ရယ်မောလိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။
ထို့နောက် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သူ၏ လက်ဖဝါးကနေ သွေးစွမ်းအားတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
"ဝုန်း.."
သွေးစွမ်းအားက ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
ထို့နောက်တွင် အဝေးရှိ ကောင်းကင်ယံကနေ သွေးပုံရိပ် ဆယ်ခုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ကာ ကျီဝူရွှမ်တို့ ရှိနေသည့် နေရာဆီသို့ လှမ်းလာခဲ့ကြသည်။
ဤမြင်ကွင်းကိုမြင်လျှင် ကျီဝူရွှမ်နှင့် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများ၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ကြ၏။
"မဟာအင်ပါယာအဆင့် ကျင့်ကြံသူတွေပါလား"
ရုတ်တရက် ထွက်ပေါ်လာသည့် သွေးပုံရိပ်အားလုံးသည် အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့် ဖြစ်သည့် မဟာအင်ပါယာအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
"ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. သွေးဝိညာဥ်မျိုးနွယ်စုက မဟာအင်ပါယာ ဆယ်ပါးကို ဘယ်လိုလုပ်ပြီး မွေးထုတ်နိုင်ခဲ့တာလဲ"
ကျန်းရှင်းပိုင်နှင့် လူသားမျိုးနွယ်စုမှ မဟာအင်ပါယာများသည် သူတို့ရှေ့မှ အခြေအနေကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့ကြသည်။
"ဘိုးဘေးအမွေအနှစ် သွေးရေကန်"
ကျီဝူရွှမ်က မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထို့နောက် သူက အလေးအနက် ပြောလိုက်၏။
"ငါတို့ ပေါ့ဆသွားမိပြီ.. သွေးဝိညာဥ်မျိုးနွယ်စုမှာ မဟာအင်ပါယာအဆင့်ကို အဆင့်တက်စေနိုင်တဲ့ ဘိုးဘေး အမွေအနှစ် သွေးရေကန် ရှိတယ်ဆိုတာ ငါတို့ မေ့သွားခဲ့တယ်"
ထိုစကားကိုကြားလျှင် လူသားမျိုးနွယ်စုမှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများ၏ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွားခဲ့ကြသည်။
သွေးဝိညာဥ်မျိုးနွယ်စုမှ ဘိုးဘွားအမွေအနှစ် သွေးရေကန်သည် အလွန်တရာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများရှိပြီး သွေးဝိညာဥ်မျိုးနွယ်စု အတွက် မဟာအင်ပါယာအဆင့်ကျင့်ကြံသူ တစ်ယောက်ကို အချိန်ကာလတစ်ခု အတွင်း ဖန်တီးပေးနိုင်သည်ဟု ဆိုကြသည်။
ဤသည်ကပင် လူသားမျိုးနွယ်စုသည် သွေးဝိညာဥ်မျိုးနွယ်စုနှင့် စစ်ခင်းရာတွင် အမြဲတစေ အားနည်းနေရသည့် အကြီးမားဆုံး အကြောင်းရင်းများမှ တစ်ခု ဖြစ်သည်။
"မဖြစ်နိုင်ဘူး"
အကြီးအကဲချုပ် ကျန်းရှင်းပိုင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"သွေးဝိညာဥ်မျိုးနွယ်စုရဲ့ ဘိုးဘေးအမွေအနှစ် သွေးရေကန်က မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဖန်တီးနိုင်ပေမဲ့ အချိန်ကာလတစ်ခု အတွင်းမှာ မဟာအင်ပါယာအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကိုတော့ ဖန်တီးပေးဖို့ မဖြစ်နိုင်ဘူး"
သူ၏စကားက မမှားပေ။
သွေးဝိညာဥ်မျိုးနွယ်စု၏ ဘိုးဘေးအမွေအနှစ် သွေးရေကန်သာ အချိန်ကာလ တစ်ခုအတွင်း ဤမျှများပြားသည့် မဟာအင်ပါယာအဆင့် ကျင့်ကြံသူများကို ဖန်တီးနိုင်သည် ဆိုလျှင် သူတို့ လူသားမျိုးနွယ်စုသည် သွေးဝိညာဥ် မျိုးနွယ်စု၏ ဖျက်ဆီးခံရသည်မှာ ကြာပြီ ဖြစ်၏။
သူတို့ လူသားမျိုးနွယ်စုသည် ယခုအချိန်ထိ သွေးဝိညာဥ်မျိုးနွယ်စုနှင့် ယှဥ်နိုင်စရာ ဘာအကြောင်းမှ မရှိပေ။
"သွေးဝိညာဥ်မျိုးနွယ်စုရဲ့ ဘိုးဘွားအမွေအနှစ် သွေးရေကန်က မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ကို အချိန်ကာလတစ်ခု အတွင်းမှာ ဖန်တီးနိုင်တယ်.. ဒါက ဘိုးဘွားအမွေအနှစ် သွေးရေကန်ရဲ့ စွမ်းအင်ကို ကန့်သတ်ထားလို့ပဲ"
ကျီဝူရွှမ်က အသက်ကိုခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ သွေးဝိညာဥ်မျိုးနွယ်စုကနေ မဟာအင်ပါယာ တစ်ပါး မွေးဖွားမလာတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ ရှင်တို့ စဥ်းစားဖူးရဲ့လား"
ထိုစကားကိုကြားလျှင် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများ၏ စိတ်နှလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့သည်။
သွေးဝိညာဥ်မျိုးနွယ်စုသည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဖန်တီးရန် ဘိုးဘွားအမွေအနှစ်သွေးရေကန်ကို အသုံးမပြုခဲ့သည်မှာ အချိန်အတော်ပင် ကြာပြီဖြစ်၏။
ဤသည်မှာ တစ်ချိန်တည်းတွင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ အများအပြားကို ဖန်တီးကာ လုံလောက်သောအင်အားကို စုဆောင်းရန်နှင့် သူတို့ လူသား မျိုးနွယ်စုကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းပစ်ရန် ဖြစ်နိုင်သည် မဟုတ်ပါလော။
ဆိုရလျှင် ဤအစီအစဥ်သည် သွေးဝိညာဥ် မျိုးနွယ်စုက အချိန်အတော်ကြာကတည်းကပင် စီစဥ်ခဲ့သည့် အစီအစဥ် ဖြစ်လောက်သည်။
"ဟားဟား ကျီဝူရွှမ်.. ငါပြင်ဆင်ထားတဲ့ လက်ဆောင်က မင်းကို စိတ်မပျက်စေခဲ့ဘူး မဟုတ်လား.. ငါတို့ သွေးဝိညာဥ်မျိုးနွယ်စု အချိန်ယူပြီး စီစဥ်ခဲ့တဲ့ ရည်ရွယ်ချက်က မင်းတို့ လူသားမျိုးနွယ်စုကို အမြစ်ဖြတ် ရှင်းလင်းပစ်ဖို့ပဲ"
ရွှယ်ဟောင်ကန်းက အောင်ပွဲခံသော အမူအရာဖြင့် ရယ်မောကာပြောလိုက်သည်။
ထို့နောက်တွင် သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သွေးဝိညာဥ်မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများကို ကျီဝူရွှမ်နှင့်တခြားသူများအား သတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်။
ထိုမြင်ကွင်းကို မြင်လျှင် ကျီဝူရွှမ်ကလည်း ပြတ်ပြတ်သားသားပင် လူသားမျိုးနွယ်စုမှ ကျင့်ကြံသူများကို အမိန့်ပေးလိုက်သည်။
"ငါတို့ ဒီတိုက်ပွဲကို ရင်ဆိုင်လို့မဖြစ်ဘူး.. နန်ဝူမြို့တော်ထဲကို ပြန်ဆုတ်ကြ.. ပြီးရင် ဒီကိစ္စကို လူလွှတ်ပြီး ကျန်းချန်ဆီ ချက်ချင်း အကြောင်းကြားလိုက်"
ဟွမ်ဝူကျီနှင့် ဟန်ကျင့်ရွှယ် တို့ကို ကျန်းချန်က ဆက်တိုက်ဆိုသလို သတ်ဖြတ်ပစ်ပြီးနောက်တွင် လူသားမျိုးနွယ်စုသည် ရှေ့တန်း စစ်မျက်နှာပြင်တွင် သွေးဝိညာဥ်မျိုးနွယ်စုထက် အားသာချက် ရှိနေခဲ့၏။
သို့သော်လည်း ယခုအခါတွင်မူ သွေးဝိညာဥ် မျိုးနွယ်စုတွင် မဟာအင်ပါယာဆယ်ပါး ထပ်မံ မွေးဖွားလာခဲ့ချေပြီ။
သူတို့၏ လက်ရှိစွမ်းရည်ဖြင့် တိုက်ခိုက်မည်ဆိုလျှင် သွေးဝိညာဥ် မျိုးနွယ်စုကို သေချာပေါက် ရှုံးနိမ့်လိမ့်မည်မှန်း ကျီဝူရွှမ် ကောင်းစွာ သိခဲ့သည်။
ထို့ကြောင့် သူမက နန်ဝူမြို့တော်ဆီသို့ ပြန်လည်ဆုတ်ခွာရန်သာ အမိန့်ပေးလိုက်၏။
နန်ဝူမြို့တော်ထဲတွင် မြို့တော်၏ ကာကွယ်ရေး အစီအရင်အပြင် လူသားမျိုးနွယ်စု၏ အင်အားစုအားလုံးကို စုစည်းပြီး ကာကွယ်နိုင်သည် မဟုတ်ပါလော။
သို့မဟုတ်လျှင် ဤတစ်ကြိမ်စစ်ပွဲတွင် သူတို့ လူသားမျိုးနွယ်စုသည် ရှုံးနိမ့်ရလိမ့်မည် ဖြစ်၏။
ကျီဝူရွှမ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လူသားမျိုးနွယ်စုစစ်တပ် ချောမွေ့စွာ ဆုတ်ခွာနိုင်ရန်အတွက် သူမ ဆီသို့ လှမ်းလာနေသည့် ရွှယ်ယွိရှန့်ကို ဟန့်တားလိုက်သည်။
ထိုအချိန်တွင် သွေးဝိညာဥ်မျိုးနွယ်စုမှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူများသည်လည်း လူသားမျိုးနွယ်စုမှ မဟာအင်ပါယာများကို ဝင်ရောက် တိုက်ခိုက်လိုက်၏။
ဘိုးဘွားပိုင် အမွေအနှစ် သွေးရေကန်ထဲမှ ထွက်လာကြသည့် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ဆယ်ပါးသည်လည်း လူသားမျိုးနွယ်စုမှ မဟာအင်ပါယာများကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
အရေအတွက်ချင်း ကွာဟနေ၍ လူသားမျိုးနွယ်စုမှ မဟာအင်ပါယာများသည် အသေအလဲပင် ခုခံနေကြရ၏။
အဆုံးသတ်တွင် လူသားမျိုးနွယ်စုဘက်မှ မဟာအင်ပါယာအဆင့်ကျင့်ကြံသူ နှစ်ပါးနှင့် အင်ပါယာနယ်ပယ်အဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော် ကျဆုံးပြီးသောအခါမှသာ နန်ဝူမြို့တော် ဆီသို့ ဆုတ်ခွာနိုင်ခဲ့သည်။
တိုက်ပွဲ၏ မဟာဗျူဟာမှာ သွေးဝိညာဥ်မျိုးနွယ်စု အချိန်ကြာမြင့်စွာ ကတည်းက လျှို့ဝှက်စွာ စီစဥ်ထားခဲ့သော အစီအစဥ်ပင် ဖြစ်သည်။
ထိုအစီအစဥ်မှာ ဘိုးဘွားအမွေအနှစ် သွေးရေကန်ကို သုံးပြီး မဟာအင်ပါယာအဆင့် ကျင့်ကြံသူဆယ်ယောက်ကို ဖန်တီးခဲ့ခြင်းပင်။
သွေးဝိညာဥ်မျိုးနွယ်စုက လူသားမျိုးနွယ်စုကို နန်ဝူမြို့တော်ထဲသို့ ပြန်လည်ဆုတ်ခွာစေသည်အထိ ဖိအားပေးနိုင်ခဲ့၏။
ထို့နောက်တွင် သွေးဝိညာဥ်မျိုးနွယ်စုသည် လူသားမျိုးနွယ်စုများ ရှိနေသည့် နန်ဝူမြို့တော်ကို အဖက်ဖက်ကနေ ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။
ကံကောင်းစွာဖြင့် နှစ်ရှည်စစ်ပွဲကြောင့် နန်ဝူမြို့တော်ကို လူသားမျိုးနွယ်စုသည် ခိုင်ခံ့သော ခံတပ်တစ်ခု အဖြစ် တည်ဆောက်ထားခဲ့၏။
ထို့ကြောင့် သွေးဝိညာဥ်မျိုးနွယ်စုများ အနေဖြင့် တစ်ခဏအတွင်း သိမ်းပိုက်ရန် ခက်ခဲနေခဲ့သည်။
သို့သော်လည်း ထိုသို့ ဖြစ်နေလျှင်ပင် လူသားမျိုးနွယ်စု၏ အခြေအနေသည် မတည်မငြိမ် ဖြစ်နေဆဲပင်။
အခန်း(၁၄၉၅)ပြီး၏။
အခန်း(၁၄၉၆)
ကျန်းချန်က ခန်းမကြီးတစ်ခု၏ အလယ်ဗဟိုတွင် ခြေချိတ်၍ တိတ်တဆိတ် ထိုင်နေခဲ့သည်။
သူ၏လက်ထဲတွင် တောက်ပသော ခရစ္စတယ်တုံး တစ်ခု ရှိနေခဲ့၏။
ထိုခရစ္စတယ်တုံးသည် မျက်စိဖြင့်မြင်နိုင်သော နှုန်းဖြင့် လျင်မြန်စွာပင် ကျုံ့ဝင်သွားခဲ့သည်။
အသက်ရှူကြိမ် အနည်းငယ် အချိန်တွင်းမှာပင် ခရစ္စတယ်တုံးသည် ကျန်းချန်၏ လက်ဖဝါးထဲကနေ ခြေရာလက်ရာပင် မကျန်ရှိဘဲ လုံးဝကို ပျောက်ကွယ်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် စနစ်၏ အသံများသည် ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ဒင်..သင်က နတ်ခရစ္စတယ်(၁)တုံးကို စုပ်ယူပြီး အတွေ့အကြုံရမှတ် ၈၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"
"ဒင်.. သင်၏ မူလစွမ်းအား တစ်စိတ်တစ်ပိုင်းက နတ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါပြီ"
နတ်တစ်ပိုင်းအဆင့်၏ အဆီအနှစ်သွေးကို မျိုချပြီးနောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်ထဲ၌ နတ်စွမ်းအား မွေးဖွားလာခဲ့သည်။
ကျန်းချန်က သွေးဝိညာဥ် မျိုးနွယ်စုနှင့် ပတ်သက်၍ နောက်ထပ် လှုပ်ရှားမှုများကို အလျင်အမြန် လုပ်ဆောင်ခြင်းမရှိသေးပေ။
ထိုအစား သူက အေးစက်သော သွေးနယ်မြေ၏ အင်ပါယာမြို့တော်တွင် ကျင့်ကြံနေခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအားများကို နတ်စွမ်းအား အဖြစ်သို့ အဆက်မပြတ် ပြောင်းလဲနိုင်ခဲ့သည်။
ဤရက်ပိုင်းအတွင်း ကျန်းချန်၏ မနားမနေ ကြိုးစားအားထုတ်မှုများကြောင့် ကျန်းချန်၏ ကျင့်ကြံခြင်းအခြေခံသည် များစွာ တိုးတက်လာရုံသာမက အင်ပါယာအထွတ်အထိပ်အဆင့် ဖြစ်သည့် မဟာအင်ပါယာအဆင့်နှင့် တဖြည်းဖြည်း ပိုမို နီးကပ်လာခဲ့ပြီး မူလစွမ်းအားကို နတ်စွမ်းအား အဖြစ် ပြောင်းလဲမှုသည်လည်း ၁၀ပုံ၁ပုံခန့်နီးပါး ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
ဤနှုန်းအတိုင်းဆိုလျှင် နောက်ထပ် နှစ်လ သို့မဟုတ် သုံးလအတွင်း သူ၏ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအားများကို နတ်စွမ်းအားအဖြစ်သို့ လုံးဝ ပြောင်းလဲနိုင်တော့မည် ဖြစ်၏။
"ကျန်းချန်.. ယဲ့ဝူကျီရောက်နေတယ်.. အရေးကြီးကိစ္စတစ်ခုရှိလို့ ရှင်နဲ့ တွေ့ချင်နေပုံပဲ"
ထိုအချိန်မှာပင် မုန့်ချင်းရွှယ်၏ အေးစက်သောအသံသည် ခန်းမအပြင်ဘက်ကနေ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
"ယဲ့ဝူကျီလား"
ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။
ယဲ့ဝူကျီသည် နန်ဝူပြည်နယ်၏ ရှေ့တန်းစစ်မျက်နှာပြင်တွင် ရှိနေသင့်သည် မဟုတ်ပါလော။
သို့ဆိုလျှင် အဘယ်ကြောင့် အေးစက်သော သွေးနယ်မြေကို ရုတ်တရက် ရောက်လာရပါသနည်း။
ကျန်းချန်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
သူက ရုတ်တရက် ထရပ်လိုက်ပြီး ခန်းမဆောင်၏ တံခါးဝတွင် ပေါ်လာခဲ့ကာ မုန့်ချင်းရွှယ်ကို မေးလိုက်သည်။
"ဒီကောင် ငါ့ကို ဘာအတွက် လာရှာတာလဲ ချင်းရွှယ်"
"ကျွန်မ မမေးမိလိုက်ဘူး"
မုန့်ချင်းရွှယ်က ခေါင်းခါရမ်းလိုက်ပြီး လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ သူ့ရဲ့အမူအရာ အရတော့ နန်ဝူပြည်နယ်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပုံပဲ"
ထိုစကားကိုကြားလျှင် ကျန်းချန်က မျက်မှောင်ကြုတ်လိုက်သည်။
သူက သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးဘုရင် နှစ်ပါးကို ဆက်တိုက် ဆိုသလို သတ်ပစ်ခဲ့သည်။
သို့ဖြစ်ရာ သူ့အမေနှင့် တခြားသူများသည် သွေးဝိညာဥ်မျိုးနွယ်စုထက်ပင် အားသာချက်ရှိသင့်သည် မဟုတ်ပါလော။
အဘယ်ကြောင့် တစ်စုံတစ်ရာ ဖြစ်ပျက်သွားရပါသနည်း။
"သွားစို့.. ယဲ့ဝူကျီနဲ့ သွားတွေ့ရအောင်"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းဆိုသလိုပင် အပြင်ဘက်သို့ ထွက်သွားခဲ့သည်။
သိပ်မကြာခင်မှာပင် ကျန်းချန်တို့ နှစ်ဦးသည် ခန်းမတစ်ခု ထဲသို့ ရောက်ရှိလာခဲ့ရာ ခန်းမထဲတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ယဲ့ဝူကျီကို တွေ့လိုက်ရသည်။
"အရှင်မင်းကြီး"
ကျန်းချန်တို့နှစ်ဦး ထွက်လာသည်ကိုမြင်လျှင် ယဲ့ဝူကျီက ဝမ်းသာသွားခဲ့ပြီး ရှေ့သို့တိုးကာ အရိုအသေ ပေးလိုက်သည်။
ကျန်းချန်က သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
"ပြောပါဦး မင်းကိုယ်တိုင် အေးစက်သော သွေးနယ်မြေမှာ ငါ့ကို လာရှာတယ်ဆိုတော့ နန်ဝူပြည်နယ်မှာ တစ်ခုခုများ ဖြစ်ပျက်ခဲ့တာလား"
"ဟုတ်တယ် အရှင်မင်းကြီး.. နန်ဝူပြည်နယ်မှာ တကယ်ပဲ ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့တယ်.. ပထမတော့ အရှင်မင်းကြီးက သွေးဝိညာဥ် မျိုးနွယ်စုရဲ့ သွေးဘုရင်နှစ်ပါးကို သတ်ပစ်လိုက်တဲ့အတွက် ကျွန်တော်တို့ လူသားမျိုးနွယ်စုက သွေးဝိညာဥ်မျိုးနွယ်စုထက် အားသာချက် ရှိသွားခဲ့တယ်.. ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်က သွေးဝိညာဥ်မျိုးနွယ်စုက အဆုံးဖြတ်တိုက်ပွဲကို ဆင်နွှဲဖို့အတွက် ရုတ်တရက် နန်ဝူနယ်မြေထဲကို ဝင်ရောက်လာခဲ့တယ်.. ဒါ့အပြင် သွေးဝိညာဥ်မျိုးနွယ်စုဘက်မှာ နောက်ထပ် မဟာအင်ပါယာအဆင့် ကျင့်ကြံသူဆယ်ယောက် ရှိနေခဲ့တဲ့ အတွက် လူသားမျိုးနွယ်စုက ရှုံးနိမ့်သွားခဲ့ရတယ်"
ယဲ့ဝူကျီက မချိပြုံးပြုံး၍ ပြောလိုက်သည်။
"သွေးဝိညာဥ်မျိုးနွယ်စုမှာ နောက်ထပ် မဟာအင်ပါယာဆယ်ပါး ရှိနေတယ်လား"
ယဲ့ဝူကျီ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မဟာအင်ပါယာအဆင့် ကျင့်ကြံသူ ဆိုသည်မှာ ခွေးတစ်ကောင် ကြောင်တစ်မြီး မဟုတ်ပေ။
ရွှယ်လင်ကုန်းမြေတိုက်တွင် အထွတ်အထိပ်အဆင့် တည်ရှိမှုမျိုး ဖြစ်၏။
သွေးဝိညာဥ်မျိုးနွယ်စုအနေဖြင့် မည်မျှပင် လျှို့ဝှက်ထားပါစေ၊ လူသားမျိုးနွယ်စု၏ မျက်လုံးအောက်တွင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူဆယ်ယောက်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
"သွေးဝိညာဥ်မျိုးနွယ်စုမှာ ဘိုးဘွားပိုင် အမွေအနှစ်သွေးရေကန်တစ်ကန် ရှိတာ အရှင်မင်းကြီး မသိသေးတဲ့ပုံပဲ.. အဲဒီသွေးရေကန်က သွေးဝိညာဥ်မျိုးနွယ်စု အတွက် မဟာအင်ပါယာတစ်ပါးကို အချိန်ကာလတစ်ခု အတွင်း ဖန်တီးပေးနိုင်တယ်.. သွေးဝိညာဥ်မျိုးနွယ်စုက သူတို့ရဲ့ ဘိုးဘွားအမွေအနှစ်သွေးရေကန်ကို အသုံးမပြုခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ.. တကယ်တော့ သူတို့က မဟာအင်ပါယာအဆင့် ဆယ်ပါးကို ဖန်တီးဖို့အတွက် အစီအစဥ်ချခဲ့တာပဲ.. ကျွန်တော်တို့ လူသားမျိုးနွယ်စုက သွေးရေကန်ရဲ့ တည်ရှိမှုကို ပေါ့ဆမိခဲ့တဲ့ အတွက် သွေးဝိညာဥ်မျိုးနွယ်စုရဲ့အနိုင်ယူခြင်းကို ခံလိုက်ရတယ်"
ယဲ့ဝူကျီက သွေးဝိညာဥ်မျိုးနွယ်စု၏ အစီအစဥ်ကို လျင်မြန်စွာရှင်းပြလိုက်သည်။
"သွေးဝိညာဥ်မျိုးနွယ်စုက ဒီလို အစီအစဥ်မျိုးကို သိုသိုသိပ်သိပ် ပြုလုပ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး"
ကျန်းချန်၏ မျက်လုံများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ထို့နောက် သူက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"အခု နန်ဝူနယ်မြေရဲ့ အခြေအနေက ဘယ်လိုရှိလဲ"
"ကျွန်တော်တို့ လူသားမျိုးနွယ်စုက နန်ဝူနယ်မြေရဲ့ အင်ပါယာမြို့တော်ထဲကို တပ်ဆုတ်ပြီး ခုခံနေရတယ်.. အခု သွေးဝိညာဥ်မျိုးနွယ်စုက အင်ပါယာမြို့တော်ရဲ့ ပတ်ပတ်လည်ကို ဝိုင်းရံထားလိုက်ပြီ နန်ဝူနယ်မြေရဲ့ ကာကွယ်ရေးအစီအရင်နဲ့ ဆိုရင် သွေးဝိညာဥ်မျိုးနွယ်စုရဲ့တိုက်ခိုက်မှုကို ယာယီ ပိတ်ဆို့ထားဖို့က ပြဿနာတော့ မရှိဘူး ဒါပေမဲ့ အချိန်ကြာလာရင်တော့ တကယ်ကို အန္တရာယ် ရှိလာနိုင်တယ်"
ယဲ့ဝူကျီက အလွန်တရာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
သွေးဝိညာဥ် မျိုးနွယ်စုတွင် ရုတ်တရက် မဟာအင်ပါယာ ဆယ်ပါး ထပ်မံ တိုးပွားလာခဲ့သည်။
ထို့ကြောင့် ထိုတိုက်ပွဲတွင် လူသားမျိုးနွယ်စုဘက်မှ မဟာအင်ပါယာအဆင့် ကျင့်ကြံသူနှစ်ယောက် ကျဆုံးသွားခဲ့ရသည်။
လက်ရှိ အခြေအနေသည် လူသားမျိုးနွယ်စု အတွက် သံသယဝင်စရာ မရှိလောက်အောင်ပင် ဆိုးရွားနေခဲ့ပြီ ဖြစ်၏။
"သွေးဝိညာဥ်မျိုးနွယ်စုက အင်ပါယာမြို့တော်ရဲ့ အစီအရင်ကို ယာယီ မချိုးဖျက်နိုင်သရွေ့ ပြဿနာမရှိပါဘူး.. ငါတို့ နန်ဝူနယ်မြေကို အခုပဲ ချက်ချင်းသွားကြစို့"
ကျန်းချန်က သက်ပြင်းချလိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ယဲ့ဝူကျီ အနည်းငယ်အံ့အားသင့်သွားခဲ့၏။
"အရှင်မင်းကြီး နန်ဝူနယ်မြေကို တိုက်ရိုက်သွားမှာလား"
လူသားဧကရာဇ် ကျန်းချန်သည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦးအား အလွယ်တကူ သတ်ဖြတ်နိုင်သည့်စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း လူသားမျိုးနွယ်စုနှင့် သွေးဝိညာဥ်မျိုးနွယ်စုတို့၏ အလုံးစုံခွန်အားသည် အလွန်တရာပင် ကွာဟနေခဲ့သည်။
ထို့ကြောင့် နန်ဝူနယ်မြေသို့ တိုက်ရိုက်သွားမည် ဆိုလျှင် အခြေအနေအား မပြောင်းလဲနိုင်မည်ကို သူစိုးရိမ်နေမိသည်။
အေးစက်သောသွေးနယ်မြေသည် သွေးဝိညာဥ်မျိုးနွယ်စု၏ အတွင်းပိုင်းတွင် တည်ရှိ၍ သွေးဝိညာဥ်မျိုးနွယ်စု၏ အင်ပါယာမြို့တော်ကို တိုက်ရိုက်ပင် ဝင်တိုက်နိုင်သော အခွင့်အရေးရှိနေခဲ့သည်။
သူတို့သာ ယခုအချိန်တွင် သွေးဝိညာဥ်မျိုးနွယ်စု၏ အင်ပါယာမြို့တော်ကို ဝင်ရောက် တိုက်ခိုက်ခဲ့လျှင် နန်ဝူမြို့တော်ကို ဝိုင်းရံထားသည့် သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူများသည် အင်ပါယာမြို့တော်ဆီသို့ ပြန်လှည့်လာလိမ့်မည် ဖြစ်၏။
သို့ဆိုလျှင် နန်ဝူနယ်မြေမှ ပြဿနာကို ယာယီ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါလော။
"မင်းဘာပြောချင်လဲဆိုတာငါသိတယ်.. ဒါပေမဲ့ ငါ့အမြင် အသုံးမဝင်ဘူး.. သွေးဝိညာဥ်မျိုးနွယ်စုက အေးစက်သောသွေးနယ်မြေကို ငါသိမ်းပိုက်ထားတယ်ဆိုတာ သိနှင့်နေပြီးသားပဲ.. ဒါတောင် သူတို့က ဘိုးဘွားပိုင်အမွေအနှစ် သွေးရေကန်ထဲကနေ ဖန်တီးထားတဲ့ မဟာအင်ပါယာအဆင့် ဆယ်ပါးလုံးကို နန်ဝူပြည်နယ်ဆီ စေလွှတ်လိုက်တယ်.. ဒီအချက်ကို ကြည့်ရင် သူတို့အနေနဲ့ အင်ပါယာမြို့တော်ကို ကာကွယ်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိဘူး.. သူတို့မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်.. အဲဒါက လူသားမျိုးနွယ်စုကို ဖျက်ဆီးပစ်ဖို့ပဲ"
ကျန်းချန်က သူ၏ အတွေးကို ရှင်းပြလိုက်သည်။
နန်ဝူမြို့တော်ထဲတွင် ရှိနေသည့် လူသားမျိုးနွယ်စု၏ အမာခံအင်အားစုများကို ရှင်းပစ်နိုင်မှသာလျှင် သွေးဝိညာဥ်မျိုးနွယ်စုသည် လူသားမျိုးနွယ်စုကို အနိုင်ရရှိမည် ဖြစ်သည်။
ဤအတွက် သူတို့၏ အင်ပါယာမြို့တော် ဖျက်ဆီးခံရလျှင်ပင် ပြန်လည် တည်ဆောက်ရန်မှာ ကြီးမားသောကိစ္စတစ်ခု မဟုတ်ပေ။
အင်ပါယာမြို့တော် တစ်ခုကို ရင်း၍ မျိုးနွယ်စုနှစ်ခု ကြားရှိစစ်ပွဲတွင် အောင်ပွဲနှင့် လဲလှယ်သည်မှာ အလွန်ပင် ထိုက်တန်လွန်းသည် မဟုတ်ပါလော။
ကျန်းချန်သာ သွေးဝိညာဥ်မျိုးနွယ်စု၏ အနေအထားတွင် ရှိနေလျှင်လည်း ဤကဲ့သို့ ရွေးချယ်မှုမျိုးကို ပြုလုပ်ရန် တုံ့ဆိုင်းနေမည် မဟုတ်ပေ။
ယဲ့ဝူကျီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"သွေးဝိညာဥ် မျိုးနွယ်စုဆီမှာ ကျွန်တော်တို့ လူသားမျိုးနွယ်စုထက် မဟာအင်ပါယာ(၁၁)ပါး ပိုရှိနေတယ်.. တိုက်ရိုက် တိုက်ပွဲဆင်နွှဲမယ်ဆိုရင် ကျွန်တော်တို့ဘက်က အနိုင်ရဖို့အခွင့်အရေး လုံးဝမရှိသလောက်ပဲ အရှင်မင်းကြီး"
"ပြဿနာမရှိပါဘူး.. လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆိုရင်တော့ သွေးဝိညာဥ်မျိုးနွယ်စုမှာ နောက်ထပ် မဟာအင်ပါယာ တစ်ပါး ပေါ်ထွက်လာတာက တကယ်ကို ပြဿနာဖြစ်နိုင်လောက်တယ်.. ဒါပေမဲ့ ငါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူသားဧကရာဇ်ကျန်းချန် မဟုတ်တော့ဘူး.. မဟာအင်ပါယာအဆင့်ကျင့်ကြံသူ(၁၀)ယောက်လောက်ကို ငါက ဘာလို့စိုးရိမ်နေရမှာလဲ"
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားကို ထုတ်ဖော်လိုက်သည်။
"ဒါ.. ဒါက နတ်တစ်ပိုင်းအဆင့်ကသာ ထုတ်ဖော်နိုင်တဲ့ နတ်စွမ်းအားပဲ"
ကျန်းချန်ထံမှ ထွက်ပေါ်လာသည့် နတ်စွမ်းအားကို ခံစားမိလျှင် ယဲ့ဝူကျီသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
လူသားဧကရာဇ် ကျန်းချန်သည် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့ချေပြီ။
သိထားရမည့် အချက်မှာ သိပ်မကြာမီက သူတို့ လူသားဧကရာဇ် ကျန်းချန်သည် မဟာအင်ပါယာအဆင့်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် စွမ်းရည် ရှိသော်လည်း ကျင့်ကြံခြင်းအဆင့်ကမူ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်တွင်သာ ရှိနေသေး၏။
သို့သော် ယခုအခါတွင်မူ နတ်စွမ်းအားကို မွေးဖွားနိုင်ခဲ့သည့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့ချေပြီ။
ယဲ့ဝူကျီ၏မျက်ဝန်းများတွင် ဝမ်းသာအားရသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
နတ်တစ်ပိုင်းအဆင့်နှင့် မဟာအင်ပါယာအဆင့်၏ စွမ်းရည်သည် လုံးဝကို ကွဲပြားခြားနား၏။
ယခုအခါ သူတို့ လူသားမျိုးနွယ်စုဘက်တွင် ကျန်းချန် ကဲ့သို့ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ပိုရှိလာခဲ့ပြီဖြစ်၏။
သို့ဖြစ်ရာ သူတို့ လူသားမျိုးနွယ်စုအနေဖြင့် သွေးဝိညာဥ်မျိုးနွယ်စုကို ဖိနှိပ်နိုင်တော့မည် မဟုတ်ပါလော။
အခန်း(၁၄၉၆)ပြီး၏။
အခန်း(၁၄၉၇)
ကျန်းချန်တို့ လူစုက နန်ဝူမြို့တော်၏ အနောက်ဘက်ဂိတ်တံခါးနှင့် မိုင်၁၀၀ခန့် အကွာအဝေးသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သူ၏ မျက်နှာက အလွန်ပင် တည်ငြိမ်နေခဲ့ပြီး သူ၏နံဘေးတွင် မိန်းကလေးနှစ်ဦး ရှိနေခဲ့၏။
ထိုနှစ်ဦးတွင် တစ်ဦးက အသက်ကြီးပြီး တစ်ဦးက အသက်ငယ်သည်။
တစ်ဦးက လကဲ့သို့ အေးစက်ပြီး နောက်တစ်ဦးက နေကဲ့သို့ပူပြင်း၏။
သူတို့သုံးဦး၏ အနောက်တွင်မူ ယဲ့ဝူကျီသည် ရိုသေစွာ လိုက်ပါလာခဲ့သည်။
သိပ်မကြာခင်မှာပင် နန်ဝူမြို့တော်၏ အနောက်ဘက်ဂိတ်တံခါးကို ဝိုင်းရံထားသော သွေးဝိညာဥ် မျိုးနွယ်စု၏ အစွမ်းထက် ကျင့်ကြံသူ အုပ်စုတစ်စုသည် ကျန်းချန်၏ မြင်ကွင်းရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ သွေးဝိညာဥ်မျိုးနွယ်စုဆီသို့ ဟန်ပါပါ တစ်လှမ်းချင်း ချဥ်းကပ်လာခဲ့သည်။
ဤသို့ဖြင့် မကြာမီမှာပင် သွေးဝိညာဥ်မျိုးနွယ်စုနှင့် ဆယ်မိုင်အကွာသို့ ရောက်ရှိလာခဲ့သည်။
သူ၏အကြည့်က ခံစားချက် ကင်းမဲ့နေခဲ့သည်။
သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူများကို သူက ကြက်သတ်သကဲ့သို့ပင် ခပ်ပေါ့ပေါ့သာ သဘောထားခဲ့၏။
"အနောက်ဘက်ဂိတ်တံခါးနားကို ချဥ်းကပ်လာတာ ဘယ်ကမလောက်လေး မလောက်စားလဲ"
နန်ဝူမြို့၏ အနောက်ဘက်ဂိတ်တံခါးကို ဝိုင်းရံထားသည့် တာဝန်အား ယူထားရသော ငွေရောင်သွေးဘုရင် ယင်ထျန်းထို့သည် ကျန်းချန်ကို ပထမဆုံး သတိပြုမိခဲ့သည်။
သူ၏ အေးစက်သောမျက်ဝန်းက လင်းလက်သွားခဲ့ပြီး ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"ယင်ဖုန်း ဒီလူသားတွေကို အမြန်ရှင်းပစ်လိုက်"
"အမိန့်အတိုင်းပါ သွေးဘုရင်"
ယင်ဖုန်းအမည်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ယင်ထျန်းထို့ကို ပြန်ဖြေလိုက်ပြီး လျင်မြန်စွာပင် ရှေ့တက်လာခဲ့၏။
ထို့နောက် ယင်ဖုန်းက အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်အရှိန်အဝါဖြင့် ကျန်းချန်ကို တိုက်ရိုက်ပင် ဖိအားပေးလိုက်သည်။
ကျန်းချန်က ထီမထင်ဟန်ဖြင့် လက်တစ်ဖက်ကို အသာအယာဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်သည် ပေထောင်ချီ ကွာဝေးသောလေထုကို ချက်ချင်းဆိုသလို ဖြတ်ကျော်သွားခဲ့ပြီး ယင်ဖုန်း၏ ခန္ဓာကိုယ်ကို ထိမိသွားခဲ့ကာ ယင်ဖုန်း၏ ခန္ဓာကိုယ်သည် လေထဲမှာပင် ပေါက်ကွဲသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် အင်ပါယာ သွေးစက်များသည် လေထုထဲကနေ မိုးစက်များပမာ ကျဆင်းလာခဲ့၏။
"အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ပုရွက်ဆိတ်လေးကများ ဒီဧကရာဇ်ကို တိုက်ခိုက်ရဲတယ်လား"
ယင်ဖုန်းဟု ခေါ်သော သွေးဝိညာဥ် မျိုးနွယ်စုမှ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက်တွင် တစ်ဖက်ရှိ ယင်ထျန်းထို့တို့ လူစုကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။
သူက နတ်ဘုရားတစ်ပါးက သေမျိုးကမ္ဘာမှ လူသားများနှင့်ရင်ဆိုင်ရသကဲ့သို့ပင် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိပေ။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူ၏ရှေ့မှ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းကိုကြည့်ရင်း ယင်ထျန်းထို့က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏နံဘေးမှ ရာနှင့်ချီသော သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူများသည်လည်း မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
ငွေရောင်သွေးနယ်မြေမှ သွေးဘုရင် ယင်ထျန်းထို့၏ လက်အောက်တွင် နံပါတ်(၁) ဗိုလ်ချုပ် ဖြစ်သည့် ယင်ဖုန်းသည် မဟာအင်ပါယာအဆင့်အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ကျင့်ကြံသူ ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးကို ပြိုင်ဘက်က တစ်ကွက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။
ယင်းကဲ့သို့ စွမ်းဆောင်ရည်ကို မဟာအင်ပါယာအဆင့်ကျင့်ကြံသူ တချို့ပင် မလုပ်ဆောင်နိုင်ကြပေ။
သူတို့ရှေ့မှ လူသားမျိုးနွယ်စု၏ လူငယ်လေးက ဤမျှပင် အစွမ်းထက်နေလိမ့်မည်ဟု သူတို့တစ်ခါမှ မတွေးခဲ့ကြပေ။
"မင်း မင်းက လူသားဧကရာဇ် ကျန်းချန်လား"
ယင်ထျန်းထို့က ခဏမျှ မှင်တက်နေပြီးနောက်တွင် တစ်စုံတစ်ရာကို အဆုံးသတ်တွင် တွေးမိသွားခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်သည်လည်း ပြောင်းလဲသွားခဲ့သည်။
ယနေ့အချိန်တွင် လူသားမျိုးနွယ်စု၏ မဟာအင်ပါယာအဆင့် ကျင့်ကြံသူအားလုံး နီးပါးကို သူတို့ သွေးဝိညာဥ်မျိုးနွယ်စုသည် နန်ဝူမြို့တွင် ဝိုင်းရံထားခဲ့သည်။
သူ၏ရှေ့တွင် ရှိသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦးထက် မနိမ့်ကျသောတိုက်ခိုက်ရေး စွမ်းရည်ကို ပိုင်ဆိုင်ထား၏။
ထိုကဲ့သို့သော သူမျိုးသည် သွေးဝိညာဥ်မျိုးနွယ်စု၏ သွေးဘုရင်နှစ်ပါးကို သတ်ဖြတ်ခဲ့သော လူသားဧကရာဇ် အသစ်မှ လွဲ၍ အခြားမည်သူမှ မဖြစ်နိုင်ပေ။
ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။
"သွေးဝိညာဥ်မျိုးနွယ်စုက ငါတို့ လူသားမျိုးနွယ်စုရဲ့ နေရာမှာ ရမ်းကားရဲမှတော့ အသတ်ခံရမှာပဲ"
"လူသားဧကရာဇ်ကျန်းချန်.. မင်းကိုယ်တိုင် သေမင်းတံခါးဝဆီ ရောက်လာလိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ခဲ့ဘူး.. အခုမင်းရဲ့ လူသားမျိုးနွယ်စုက အဆုံးသတ်သွားခဲ့ပြီ.. မင်း တစ်ယောက်တည်းနဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်မယ်လို့ ထင်နေတာလား.. ဗိုလ်ချုပ် နှစ်ယောက် ငါနဲ့အတူ လူသားဧကရာဇ်ကို သတ်ကြရအောင်"
ယင်ထျန်းထို့က ပြုံးလိုက်ပြီး ချက်ချင်းပင် သူ့နံဘေးတွင်ရှိသော မဟာအင်ပါယာအဆင့် ကျင့်ကြံသူ နှစ်ဦးကို အမိန့်ပေးလိုက်ရာ ကျန်းချန်ကို အတူတကွ ဝိုင်းရံတိုက်ခိုက်လိုက်သည်။
လူသားဧကရာဇ်အသစ်သည် ဟွမ်ဝူကျီနှင့် ဟန်ကျင့်ရွှယ်တို့လို သွေးဘုရင်နှစ်ပါးကိုပင် သတ်ပစ်နိုင်ခဲ့သူ ဖြစ်၏။
ထို့ကြောင့် ယင်ထျန်းထို့သည် လူသားဧကရာဇ် ကျန်းချန်ကို တစ်ယောက်ချင်း တိုက်ခိုက်ရန် မစဥ်းစားခဲ့ပေ။
"ဒီလောက်တောင် အတင့်ရဲမှတော့ သွားသေလိုက်တော့"
ကျန်းချန်၏မျက်ဝန်းများက အေးစက်နေခဲ့သည်။
ချက်ချင်းပင် လက်ဟန်များကို ထုတ်ဖော်လိုက်ရာ တောက်ပသော ရွှေရောင်အလင်းသည် ကောင်းကင်ထက်တွင် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပြီး အဆုံးသတ်၌ ကောင်းကင်နှင့်နေကိုပင် ဖုံးလွှမ်းသွားသည့် ရွှေရောင် စည်းတံဆိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုရွှေရောင်စည်းတံဆိပ်သည် အလွန်ပင် ထူထဲကာ တောက်ပနေပြီး "ကျူးရှန်း"ဟူသော စာလုံးကို ရေးထွင်းထားသည်။
စည်းတံဆိပ်က ဆယ်မိုင်အကွာရှိ လေထုကိုပင် တုန်ခါစေခဲ့၏။
ကျန်းချန်က ရွှေရောင်စည်းတံဆိပ်ကို အသုံးပြု၍ ယင်ထျန်းထို့တို့ သုံးဦးကို ဖိနှိပ်လိုက်သည်။
"သတိထားကြ ဒါက လူသားမျိုးနွယ်စုရဲ့ လူသားဧကရာဇ်စည်းတံဆိပ်ပဲ"
ယင်ထျန်းထို့အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူက ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်ပြီး အေးစက်စက် အရှိန်အဝါများကို ထုတ်လွှတ်နေသည့် သွေးနဂါးတစ်ကောင်ကို ထုတ်ဖော်လိုက်သည်။
ထိုသွေးနဂါး၏ ပတ်ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ်သော သွေးရောင်လျှပ်စီးအလင်းက တောက်ပနေခဲ့ပြီး ပတ်ဝန်းကျင်ရှိလေထုကို အနက်ရောင်အက်ကွဲကြောင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်စေခဲ့၏။
ယင်ထျန်းထို့၏ ဘယ်ညာနှစ်ဖက်မှ သွေးဝိညာဥ်မျိုးနွယ်စုဝင် မဟာအင်ပါယာ နှစ်ပါးသည်လည်း အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ကြပေ။
သူတို့က သူတို့၏ဦးခေါင်းအထက်ကို ဖိနှိပ်လာသည့် ကျူးရှန်းစည်းတံဆိပ်ကို ဆန့်ကျင်၍ တိုက်ခိုက်လိုက်ကြ၏။
ထိုအချိန်မှာပင် ဆယ်မိုင်ပတ်လည်ရှိ နေရာလွတ်သည် လုံးဝကို ပြိုကျသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းမုန်တိုင်းတစ်ခု အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
အင်ပါယာအဆင့် ကျင့်ကြံသူများပင် ထိုဖျက်ဆီးခြင်းမုန်တိုင်း၏တိုက်ခိုက်မှုအောက်တွင် ပေထောင်ချီ အကွာအဝေးထိ ဆုတ်ခွာခဲ့ရသည်။
နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်တွင်သာ ရှိသော သွေးဝိညာဥ်မျိုးနွယ်စု၏ စစ်သည်အချို့ကမူ ရှောင်တိမ်းရန် အချိန်မရှိသလောက် ဖြစ်၍ ဖျက်ဆီးခြင်းမုန်တိုင်း၏ တိုက်ခိုက်မှုအောက်တွင် ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့အပြင် တိုက်ပွဲစစ်မြေပြင်၏ ဗဟိုချက်တွင်ရှိသည့် ယင်ထျန်းထို့တို့ သုံးဦးသည်လည်း သူတို့၏ ဦးခေါင်းအထက်ကို ကျဆင်းလာသည့် ရွှေရောင်စည်းတံဆိပ်ကို အားကုန်သုံးပြီး ခုခံသည့်တိုင် ရွှေရောင်စည်းတံဆိပ်၏ ဖိနှိပ်မှုကို ခံနေရဆဲ ဖြစ်နေခဲ့၏။
လူသားဧကရာဇ် စည်းတံဆိပ်သည် လူသားမျိုးနွယ်စု၏ အထွတ်အထိပ် ကိုယ်ခံပညာရပ် ဖြစ်သည်။
စင်စစ် လူသားဧကရာဇ် စည်းတံဆိပ်၏ စစ်မှန်သောစွမ်းအားကို ထုတ်ဖော်လိုလျှင် နတ်စွမ်းအားကို လိုအပ်သည်။
ကျန်းချန်သည် နတ်စွမ်းအားကို မမွေးဖွားမီကပင် ဧကရာဇ်စည်းတံဆိပ်ကို အသုံးပြုပြီး အင်ပါယာအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်စွမ်း ရှိခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် ကံကောင်းထောက်မစွာဖြင့် နတ်စွမ်းအားကို မွေးဖွားလာနိုင်ခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် ကျူးရှန်း စည်းတံဆိပ်၏ စွမ်းအားက အဆများစွာ တိုးတက်လာခဲ့ပြီ ဖြစ်ရာ ယင်ထျန်းထို့တို့ သုံးဦးသည် မည်ကဲ့သို့ ခံနိုင်ရည် ရှိပါအံ့နည်း။
ယင်ထျန်းထို့ တို့သုံးဦးက အင်အား အကုန်အစင် သုံးပြီး ခုခံသည့်တိုင် ရွှေရောင်စည်းတံဆိပ်၏ ဖိနှိပ်မှုကို ခံခဲ့ရပြီး ပါးစပ်ထဲကနေ သွေးများကို အန်ထုတ်လိုက်ရသည်။
"နတ်တစ်ပိုင်း အဆင့်စွမ်းအားပါလား.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
သူတို့၏ မျက်ဝန်းထဲတွင် လျင်မြန်စွာ ကျယ်ပြန့်လာသောရွှေရောင်စည်းတံဆိပ်ကို မော့ကြည့်ရင်း သူတို့၏ မျက်ဝန်းထဲ၌ ကြောက်လန့်သော အရိပ်အယောင်များ မကြုံစဖူးဖြစ်ပေါ်လာခဲ့သည်။
သူတို့က ကျန်းချန်၏ လူသားဧကရာဇ်စည်းတံဆိပ်ကနေ နတ်စွမ်းအားကို ခံစားမိခဲ့သည်။
နတ်စွမ်းအားသည် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူကသာ ကျင့်ကြံနိုင်သော စွမ်းအား ဖြစ်သည်။
လူသားဧကရာဇ်အသစ်က နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။
ယင်ထျန်းထို့တို့ သုံးဦးက သူတို့၏စွမ်းအားများကို အကန့်အသတ်ထိ စုစည်းလိုက်ပြီး သူတို့၏ ဦးခေါင်းအထက်ရှိ ကျူးရှန်း စည်းတံဆိပ်ကို တုံ့ပြန်ရန်အတွက် အင်ပါယာခန္ဓာကိုယ်ကို ထုတ်ဖော်ရန် ပြင်လိုက်သည်။
သို့သော်လည်း အင်ပါယာခန္ဓာကိုယ်ကို မထုတ်ဖော်ရသေးခင်မှာပင် ရွှေရောင်စည်းတံဆိပ်သည် သူတို့ကို ဖိချလိုက်၏။
ထို့နောက်တွင် ယင်ထျန်းထို့တို့ သုံးဦး၏ ခန္ဓာကိုယ်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများသည် မျက်စိဖြင့်မြင်နိုင်သောအမြန်နှုန်းဖြင့် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
အဆုံးသတ်တွင် သူတို့သုံးဦး၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်များသည် တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော သွေးမှုန်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ထက်ကနေ ပျံ့လွင့်သွားခဲ့သည်။
စည်းတံဆိပ် တစ်ခုတည်းဖြင့်ပင် မဟာအင်ပါယာအဆင့် ကျင့်ကြံသူ သုံးယောက်သည် ကျဆုံးသွားခဲ့ရ၏။
သူတို့ရှေ့မှ တုန်လှုပ်ခြောက်ချားဖွယ် မြင်ကွင်းကိုမြင်လျှင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့သည်။
ဖျက်ဆီးခြင်းမုန်တိုင်းကနေ နောက်ဆုတ်ခဲ့ရသော သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူများ၏ မျက်ဝန်းထက်တွင် ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
မဟာအင်ပါယာအဆင့် ကျင့်ကြံသူ သုံးယောက်သည် လူသားမျိုးနွယ်စု၏ ဧကရာဇ်အသစ် ရှေ့တွင် လက်ချောင်းတစ်ချောင်းတည်းဖြင့်ပင် အလွယ်တကူ ကြိတ်ခြွေ၍ရသော ပုရွက်ဆိတ်များ ကဲ့သို့ ဖြစ်နေခဲ့သည်။
ဆိုရလျှင် လူသားဧကရာဇ် အသစ်သည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
အခန်း(၁၄၉၇)ပြီး၏။