အပိုင်း ၄၀၃-၄၀၅
Vol. 27 Ch. 403-405
အခန်း (၄၀၃) စစ်ဆေးခြင်းတွင်ပါဝင်ခြင်း
တောအုပ်၏အစွန်တွင် ကျောက်ကျစ်ရွှမ်၊ ယောင်ယီဝမ်၊ ဟယ်ချူးထောင်း၊ နန်ကုန်းလျိုယွင်၊ ဟွမ်ရှင်း၊ ချန်ယိဖေး၊ ပိုင်ကျဲတို့ ရှိကြသည်။ ယှဉ်ပြိုင်ရမည့်ထိုခုနစ်ယောက်သည် အချင်းချင်းစကားပြောဆိုနေကြ၏။
"နောက်ဆုံးအဆင့်က ဘယ်လိုဖြစ်မယ်ထင်လဲ။"
ဆံပင်ကို ဆံထုံးထုံးထားသော ကျောက်ကျစ်ရွှမ်က မေးလိုက်သည်။
ဟယ်ချူထောင်းက ပြန်ဖြေလိုက်၏။
"ပထမအဆင့်က ဆန်းကြယ်အပင်၊ ဒုတိယအဆင့်က ဆန်းကြယ်သားရဲ၊ တတိယအဆင့်က စဉ်းစားနေစရာတောင်မလိုဘူး။ ဂြိုလ်သားပဲဖြစ်မှာပေါ့။"
ဂြိုလ်သားများသည် ကမ္ဘာမြေ၏အကြီးမားဆုံးရန်သူ ဖြစ်သည်။
မြို့ထဲရှိအားကြီးသူများသည် ဂြိုလ်သားများစွာကို ဖမ်း၍ သုတေသနလုပ်ရန် အထူးထိန်းသိမ်းရေးအခန်းများ၌ ဖမ်းထားကြသည်။ ရံဖန်ရံခါတွင် ထိုဂြိုလ်သားများကို လူငယ်မျိုးဆက်ကို လေ့ကျင့်ပေးရန်အတွက် သုံးတတ်ကြသည်။
"တတိယအဆင့်က ဘာပဲဖြစ်ဖြစ်ကိစ္စမရှိဘူး။ အားလုံးကို ယှဉ်ပြိုင်မယ်။ ငါကပဲ ပထမဖြစ်ရမယ်။"
နန်ကုန်းလျိုယွင်ဟုသောလူငယ်လေးက ထိုစကားကိုပြောလိုက်ပြီး ရုတ်တရက် တောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
"ဟက် ငါရှိနေတာကို ပထမဖြစ်နိုင်မယ်လို့ထင်လား။"
လူငယ်လေးဟွမ်ရှင်းကလည်း လှောင်ရယ်ကာ အမြန်ပင် တောထဲသို့ ဝင်ရောက်သွားလေသည်။ ထိုသည်ကို မြင်သောအခါ၌ အခြားသောငါးယောက်လည်း အသီးသီးတောထဲသို့ဝင်ရောက်သွားကြသည်။
"ငါက အလယ်လမ်းသွားမယ်။"
"ငါက ဘေးလမ်းက သွားမယ်။"
"အဲ့လိုဆို ငါလည်း ဘေးဘက်ကို သွားမယ်။"
ထိုသို့ပြောကာ ဂြိုလ်သားပါရမီရှင်ငါးယောက်သည် မတူညီသောအရပ်များဆီသို့ပြေးထွက်သွား၍ ပျောက်ကွယ်သွားကြလေ၏။
....
ထိုအချိန်တွင် နံရံအနီးဝင်ပေါက်၌ လင်းဇီချန်နှင့်ရှန်ချင်းဟန်နှစ်ဦးသည် စမ်းသပ်ချက်တွင်ပါဝင်ရန် ပြင်လိုက်ကြသည်။ သို့သော်လည်း စဉ်းစားမနေဘဲ အထဲသို့ လျှောက်သွားကြ၏။ သို့သော်လည်း ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးသည်နှင့် လန်ထျန်းပိုင်က နောက်မှ အော်ခေါ်လိုက်သည်။
"ခဏ မင်းတို့နှစ်ယောက်။ အရင်ဆုံး စည်းမျဉ်းတွေကို ငါရှင်းပြမယ်။"
ထိုစကားကို ပြောပြီးနောက်တွင် လန်ထျန်ပိုင်က ဆက်ပြောလိုက်သည်။
"ဒီစမ်းသပ်ချက်မှာအဆင့်သုံးဆင့်ပါတယ်။ ပထမအဆင့်က အပင်အဆင့်။ ဒုတိယအဆင့်က ဆန်းကြယ်သားရဲအဆင့်နဲ့ တတိယအဆင့်က မပြောပြတဲ့အဆင့်ပဲ။ တတိယအဆင့်ကို မဝင်ခင်တော့ အားလုံးက တစ်ယောက်တည်းပဲ လုပ်ဆောင်ရမယ်။ အဖွဲ့ဖွဲ့ခွင့်မပြုဘူး။ စည်းမျဉ်းက ဒီလောက်ပဲ။ သွားတော့။"
ထိုသို့ပြောပြီးနောက်တွင် လန်ထျန်ပိုင်က လက်ဝှေ့ယမ်းပြကာ အထဲဝင်ရန် အချက်ပြလိုက်သည်။ လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့လည်း အချိန်ဖြုန်းမနေတော့ဘဲ အမြန်ပင် နံရံပေါ်မှ ဝင်ပေါက်ထဲသို့ ဝင်သွားကြသည်။ ထိုနှစ်ဦးဝင်သွားသည်ကို ကြည့်ပြီးနောက်တွင် လန်ထျန်ပိုင်က အမိုးထပ်သို့တက်သွားသည်။ တောအုပ်ကိုအပေါ်စီးမှကြည့်ရန် စစ်သုံးမှန်ဘီလူးကိုသုံးကာ ပြိုင်ပွဲဝင်ကိုးယောက်ကို ကြည့်ရန်ပင် ဖြစ်၏။ မူလမြေတွင် စီစီတီဗီမရှိသောကြောင့် လူသားကိုယ်တိုင် စောင့်ကြည့်ရသည်။
မကြာခင်တွင်ပင်
လန်ထျန်ပိုင်သည် အမိုးထပ်သို့ ရောက်သွားသည်။ စစ်သုံးမှန်ဘီလူးကို ကောက်ယူရန် ပြင်လိုက်စဉ်တွင် အခြားသောပုံရိပ်များက ခေါင်းပေါ်မှဖြတ်သွားသည်ကို တွေ့လိုက်ရသည်။ လန်ထျန်ပိုင် မော့ကြည့်လိုက်သောအခါ၌ မြို့အရှင်ချင်ချွမ်းနှင့် အဆင့်မြင့်မြို့အရာရှိအုပ်စုပင် ဖြစ်သည်။ လန်ထျန်ပိုင်က မော့ကြည့်လိုက်စဉ်၌ ချင်ချွမ်းက ငုံ့ကြည့်လိုက်သည်။
ဂြိုလ်သားလူသားပါရမီရှင်များကိုကြည့်ကာ ထိုသူက နောက်မှလူနှစ်ယောက်ကို ပြောလိုက်သည်။
"လောင်ချန် လောင်ပိုင် မင်းတို့မြေတွေက အရင်တစ်ခေါက်က ကောင်းကောင်းမလုပ်နိုင်လို့ အထူးလေ့ကျင့်ရေးအတွက် နေခဲ့ရတယ် ကြားတယ်။"
"မင်းတို့မြေတွေက အခု အောက်ကတောထဲမှာ ပြိုင်နေကြတာ။ ငါတို့အခုအားတယ်ဆိုတော့ အောက်ဆင်းပြီး ကြည့်ကြည့်ကြမလား။"
"...."
"ကြည့်ကြတာပေ့ါ။ ကလေးတွေက တစ်လအတွင်း ဘယ်လောက်များတိုးတက်လာလဲလို့။ သူတို့ဘယ်လောက်တိုးတက်လာလဲမြင်ချင်မိသား။"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့မြေးက သူက ကောင်းကောင်းကြိုးစားထားလို့ ပထမရမှာလို့ ပြောသွားတာ။ ဘာလို့ နှစ်ယောက်မပြိုင်ခိုင်းရမှာလဲ။"
"ကောင်းပြီ။ အရင်းအမြစ်သလင်းကျောက် (၁၀) ဂရမ်လောင်းကြမယ်။"
"ဆယ်ဂရမ်က နည်းလွန်းတယ်။ ဂရမ်တစ်ရာဆိုရင်ရော ဘယ်လိုလဲ။"
"ယူလာခဲ့။"
စကားအနည်းငယ်ပြောပြီးနောက်တွင် ချင်ချွမ်းနှင့်အခြားသူများသည် အောက်မှ အထူးလေ့ကျင့်ရေးအမိုးထပ်သို့ ဆင်းသက်လာကြသည်။ အကြီးအကဲဆင်းသက်လာသည်ကို မြင်လိုက်ရသော လန်ထျန်ပိုင်သည် ကိစ္စရှိမည်ဟုထင်လိုက်သဖြင့် ချက်ချင်းစိတ်ပူသွားမိသည်။ မသက်မသာရှိလှကာ မိမိဘာသာ ပြန်လည်စုစည်းပြီးနောက်တွင် လန်ထျန်ပိုင်က အမြန်ပင် ရှေ့ထွက်၍ အကြီးအကဲတိုင်းကို တရိုတသေဖြင့် နှုတ်ဆက်လိုက်သည်။
"မြို့အရှင်၊ ဒုမြို့အရှင်ချန်၊ ဒုမြို့အရှင်ရှန်၊ ခေါင်းဆောင်ချန်း၊ ကပ္ပတိန်ကျန်း..."
မြို့အရှင်ကို မြို့အရှင်ဟုခေါ်ပြီး အခြားသူများကို ဒုဟုသောစကားလုံးကို တပ်၍သုံးခြင်းသည် အဆင့်မြင့်ကြောင်းပြသရန်ပင် ဖြစ်သည်။ ခေါင်းဆောင်များက ပါးစပ်မှပြန်မဖြေဘဲ ခေါင်းညိတ်ပြလိုက်ကြသည်။ လောင်ချန်သည် အမိုးစွန်းသို့ လျှောက်လာပြီး အောက်မှသစ်တောကို ကြည့်ကြည့်လိုက်သည်။ အခြားသူများ ကြည့်ရလွယ်ကူအောင် ဝိညာဉ်စွမ်းအားဖြင့်ထိုးဖောက်၍ မြင်ကွင်းကို အားလုံးရှေ့၌ ပုံကြီးချဲ့ပြလိုက်သည်။
"လောင်ပိုင် ပိုင်ကျဲက ကောင်းကောင်း လုပ်မနေဘူး။ သူ့လုပ်ငန်းစဉ်က နှေးလွန်းတယ်။ အောက်ဆုံးနီးပါးပဲ။"
ဒုမြို့အရှင်ချန်ဆိုသူသည် မိမိတို့ရှေ့မှတောအုပ်စစ်ဆေးမှုကို ကြည့်ကာ ရယ်၍ ဘေးမှသူကို ပြောလိုက်သည်။
ထိုဒုမြို့အရှင်၏မြေးဖြစ်သူ ချန်ယိဖေးက အမြန်ဆုံးဖြစ်နေသည်။ ထို့အပြင် အမြန်နှုန်းက အခြားသူများထက် သိသိသာသာ မြန်လှသည်။ စမ်းသပ်ချက်ကို ပထမရရန် အခွင့်အရေးများသည်။ ဒုမြို့အရှင်ပိုင်က ပြောလိုက်သည်။
"အစမှာမြန်တာက နောက်ဆုံးထိမြန်နေမယ်လို့ မဆိုလိုဘူး။ လောင်ချန် မင်းအောင်ပွဲခံတာ စောလွန်းပါသေးတယ်။"
မြို့အရှင်ချင်ချွမ်းကမူ ဒုမြို့အရှင်များ၏စကားကို ထောက်ခံကာ ရယ်လိုက်သည်။
"လောင်ပိုင်ပြောတာမှန်တယ်။ အချို့က ဆန်းကြယ်အပင်တွေကို ရင်ဆိုင်ရာမှာ ကျွမ်းကျင်တယ်။ အချို့ကကျ ဆန်းကြယ်သားရဲတွေကို ရင်ဆိုင်ရာမှာ ကျွမ်းကျင်တယ်။ စောစောအောင်ပွဲခံရင် ပြောင်းပြန်ဖြစ်တတ်တယ်။"
"ပြောင်းပြန်ဖြစ်မယ်တဲ့လား။ မဟုတ်တာ။"
ဒုမြို့အရှင်ချန်က မုတ်ဆိတ်မွေးကိုသပ်၍ ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။
"ခင်ဗျားတို့ကို မပြောပြတာတော့မဟုတ်ပါဘူး။ ကျုပ်မြေးက အရင်အပတ်ကမှ သခင်အဆင့်ဆန်းကြယ်သားရဲနဲ့ပေါင်းစပ်ထားတာ။ သူ့အင်အားက အတော်လေးကို ကြောက်စရာကောင်းတယ်။ သူက သေချာပေါက် နံပါတ်တစ်ဖြစ်မှာပဲ။"
ဒုမြို့အရှင်ပိုင်က မျက်ခုံးပင့်၍
"ဪ ကြည့်လိုက်ရင် သိမှာပဲလေ။"
လောင်ပိုင်ကလည်း ပြုံးလိုက်ပြီး
"ပြောရရင်တော့ထူးဆန်းနေမှာ။ မင်းမြေးဘယ်လောက် တိုးတက်နေမလဲကြည့်ချင်မိသား။ နောက်ကျမှ မျက်နှာပျက်အောင်လုပ်တဲ့သူ မဖြစ်စေနဲ့ဦး။"
အခန်း (၄၀၄) စစ်ဆေးခြင်းတွင်ပါဝင်ခြင်း (၂)
ထိုအချိန်တွင် အနီးအနားတွင်ရပ်နေသောဒုမြို့အရှင် ရှန်ကွမ်းဟုအမည်ရသောအမျိုးသမီးခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။
"အခြားသူတွေကို အထင်မသေးလိုက်နဲ့။ ငါ့မြေလေး နန်ကုန်းလျိုယွင်က ရှင်တို့မြေးတွေထက် မနောက်ကျဘူး။"
ထိုစကားကိုကြားသောအခါတွင် လောင်ချန်က ပြုံး၍ မေးလိုက်သည်။
"မြို့အရှန်ရှန်ကွမ်းကော လောင်းချင်သေးလား။"
ရှန်ကွမ်းက ပြုံး၍ ပြောလိုက်သည်။
"ဒီလိုပြောပြီဆိုမှတော့ လောင်းရာပေါ့။ ဒါပေမဲ့လို့ အရင်းအမြစ်သလင်းကျောက်အများကြီးတော့ မတတ်နိုင်ဘူး။ ဒီကို တစ်ရာဂရမ်ပဲပါလာတယ်။"
"...."
လောင်ချန်၊ လောင်ပိုင်နှင့် ရှန်ကွမ်းတို့က အလောင်းအစားလုပ်နေကြစဉ်တွင် မြို့အရှင်ချင်ချွမ်းက တောထဲမှ မရင်းနှီးသောမျက်နှာနှစ်ခုကို သတိထားမိကာ လန်ထျန်ယွင်ကို မေးလိုက်သည်။
"တောထဲက ငါမသိတဲ့နှစ်ယောက်က ဘယ်သူလဲ။"
ထိုစကားကြောင့် အားလုံးသည် ချင်ချွမ်းအကြည့်နောက်သို့ လိုက်ကြည့်ကြသောအခါတွင် ရုပ်ရည်ချောမောသောကောင်လေးနှင့်ကောင်မလေးကိုတွေ့လိုက်ရပြီး စိတ်ထဲတွင် တွေဝေသွားကြသည်။
အဲ့နှစ်ယောက်က ဘာလို့ မရင်းနှီးရတာလဲ
ခေါင်းဆောင်များက စပ်စုနေသဖြင့် လန်ထျန်ယွင်က ရိုသေစွာဖြင့် ဖြေလိုက်သည်။
"မြို့အရှင်ကို ဖြေကြားပါတယ်။ အဲ့နှစ်ယောက်က မြို့အရှင်လွှတ်လိုက်တဲ့ ဂြိုလ်သားလူသားပါရမီရှင်အဖွဲ့ထဲမှာပါလာတဲ့ပါရမီရှင်နှစ်ယောက်ပါ။"
"အရှင်ယဲ့လွှတ်လိုက်တဲ့သူတွေလား။"
ချင်ချွမ်းက အသံတိုးတိုးဖြင့် ပြောကာ ဆက်မေးလိုက်၏။
"သူတို့က ရှန်ဟိုင်းတက္ကသိုလ်ကလား။"
"ဟုတ်ပါတယ်။"
ချင်ချွမ်းက ခေါင်းညိတ်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ ပြသထားသည်မှ လင်းဇီချန်နှင့်ရှန်ချင်းဟန်ကိုသာ ကြည့်နေမိသည်။ ယဲ့ရုန်ရှန်းက ဂြိုလ်သားလူသားစာရင်းထဲပါအောင် လုပ်ပေးထားသောသူနှစ်ယောက်က မည်မျှစွမ်းအားကြီးဖြင့် ယဲ့ရုန်ရှန်းကပင် အာရုံစိုက်မိသည်ကို သိချင်မိသည်။ မိမိကစိတ်ဝင်စားသော်လည်း အခြားသူများကမူ ထိုသို့မဟုတ်ပေ။ လောင်ချန်နှင့်လောင်ပိုင်တို့သည် ကမ္ဘာပေါ်၌ ကြီးပြင်းခဲ့သောပါရမီရှင်များကို သုံးသပ်ကြရင်းဖြင့် လင်းဇီချန်နှင့်ရှန်ချင်းဟန်တို့ကို အထင်သေးနေကြသည်။
လောင်ချန်က ဆိုလိုက်သည်။
"ကမ္ဘာပေါ်မှာ သက်တောင့်သက်သာနဲ့ကြီးပြင်းလာတဲ့ပါရမီရှင်တွေက ဖန်လုံအိမ်ထဲက ပန်းပွင့်လေးတွေလိုမျိုးပဲ။ ကျားမရှိတဲ့တောင်မှာအုပ်ချု်ပနေတဲ့ မျောက်တွေသာသာပဲ။"
"မူလမြေကိုဝင်လာပြီဆိုရင်တစ်ရာရာခိုင်းနှုန်းလောက် နောက်ကျနေတာကို ရင်ဆိုင်ရတော့မယ်။"
"သူတို့တွေ ချက်ချင်းစိတ်ဓာတ်မကျသွားဖို့ပဲ မျှော်လင့်မိတယ်။ အဲ့အစားအရှက်ရတာကနေသင်ယူပြီး အင်အားအဖြစ်ပြောင်းလဲပြီး ပိုကောင်းအောင်လုပ်နိုင်ရင်တော့ ပိုကောင်းမယ်။"
"...."
လောင်ပိုင်က ဟက်ခနဲရယ်ကာ ပြောလိုက်သည်။
"သူတို့က အလွယ်လေးတော့ လဲကျမှာတော့မဟုတ်လောက်ဘူး။ အရှင်ယဲ့ကတောင်သတိထားမိတာဆိုတော့ သေချာပေါက်အားကောင်းရမယ်။ သူတို့ကျရင် အရှက်ရတာကနေ ပြန်ပြီးသင်ယူလို့ရတာပဲ။"
"ဒါပေမဲ့လို့ ကမ္ဘာပေါ်မှာ အရမ်းသာပြီး မရေမတွက်နိုင်တဲ့အောင်မြင်မှုတွေရှိထားတော့ ကလေးဘဝကတည်းက မူလမြေမှာကြီးလာတဲ့ပါရမီရှင်တွေရဲ့အားကို မြင်လိုက်ရရင် အတော်တော့ စိတ်ထိခိုက်သွားကြမှာပဲ။"
"သူတို့က တစ်နှစ် နှစ်နှစ်လောက် အဖွဲ့မှာနောက်ဆုံးဖြစ်နေပြီးမှ ဖြည်းဖြည်းချင်းတိုးတက်လာပြီး ကိုယ့်နေရာကို နားလည်သွားကြမှာကို ပြောနေစရာကို မလိုဘူး။"
"...."
လင်းဇီချန်နှင့်ရှန်ချင်းဟန်ကို အားလုံးက အထင်သေးနေကြသည်။ အခြေအမြစ်မရှိသောအထင်သေးခြင်းမျိုးမဟုတ်ပေ။ သို့သော်လည်း ကြောင်းကျိုးဆက်စပ်၍ သက်သေရှိသောသုံးသပ်ချက်မျိုးသာ ဖြစ်သည်။ ပထမတွင် ထိပ်တန်းပါရမီရှင်များသည် ငယ်စဉ်ကတည်းကပင် အံ့ဩစရာကောင်းသည့်ပါရမီမျိုးပြကာ ဂြိုလ်သားလူသားစာရင်းတွင်ရွေးချယ်ခံရ၍ မူလမြေသို့ ကလေးဘဝကတည်းကပင် ပို့ခံလိုက်ကြရသည်။ မရွေးချယ်ခံရသောသူများက ဆင့်ကဲပြောင်းလဲခြင်းပါရမီကင်းမဲ့နေသောကြောင့်သာ ဖြစ်သည်။ ထိုရှုထောင့်အရ ကမ္ဘာပေါ်မှ ပါရမီရှင်များက အစကတည်းကပင် နောက်ကျနှင့်နေပြီဖြစ်သည်။
ဒုတိယအနေဖြင့် မူလမြေသည် ကမ္ဘာမြေ၏ အဆင့်မြင့်ပုံစံဖြစ်ကာ ကမ္ဘာထက် အခွင့်အရေးများသကဲသို့ အန္တရာယ်လည်းများသည်။ မူလမြေ၌ကြီးပြင်းလာသောသူများက ကမ္ဘာကလူများထက် သာသည်။ ထို့ကြောင့် ကမ္ဘာပေါ်မှ၌ ကြီးလာသောပါရမီရှင်များသည် သာမန်အတန်း၏ထိပ်တန်းကျောင်းသားများသာ ဖြစ်ကြသည်။ မူလမြေ၌ ကြီးလာသောသူများသည် ဆင်းဟွာနှင့်ပီကင်းတက္ကသိုလ်ကကဲ့သို့ လက်ရွေးစင်အတန်းမှာ ကျောင်းသားများ ဖြစ်သည်။ ကွာခြားချက်က မိုးနှင့်မြေလောက်ရှိကာ နှိုင်းယှဉ်စရာအကြောင်းမရှိပေ။
....
တစ်ဖက်တွင်မူ တောအုပ်အစွန်း၌ လင်းဇီချန်သည် မိမိရှေ့မှထွက်သွားသောသူများ၏လမ်းကြောင်းကို သုံးသပ်နေသည်။ ထို့နောက်တွင် ဘေးမှရှန်ချင်းဟန်ကို ပြောလိုက်သည်။
"ဘယ်သူမှ ဒီကနေ ဖြတ်မသွားသေးဘူး။ မင်းက ဒီဘက်ကနေတောထဲကိုဝင်။ ငါက မင်းဘေးကနေ လိုက်ခဲ့မယ်။"
ရှန်ချင်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး
"ကောင်းပြီ။"
"အဲ့လိုဆို အခုသွားကြမယ်။"
"ကောင်းပြီ။"
နှစ်ဦးသား ဘာမှပြောမနေတော့ဘဲ အမြန်ပင် လူခွဲကာ တောထဲသို့ဝင်သွားကြသည်။
တောထဲသို့ဝင်သွားပြီးနောက်တွင် လင်းဇီချန်က ချက်ချင်းပင် ဝိညာဉ်စွမ်းအားကိုဖြန့်ကျက်၍ အခြေအနေကို အာရုံခံကြည့်သည်။ ပန်းတိုင်း၊ မြက်တိုင်းနှင့် သစ်ပင်တိုင်းအပါအဝင် ရှန်ချင်းဟန်ဖြင့်ပင် မဝေးပေ။ ပါရမီရှင်ခုနစ်ယောက်ဖြင့်လည်း မဝေးပေ။ အားလုံးသည် မိမိ၏အာရုံအတွင်းတွင်သာ ရှိသည်။
"၄၃၉၆ မီတာ"
"၃၃၄၈ မီတာ"
"၂၈၀၀ မီတာ"
"၂၂၀၉ မီတာ"
"၂၂၀၀ မီတာ"
"၁၅၅၇ မီတာ"
"၁၀၂၄ မီတာ"
လင်းဇီချန်သည် မိမိဘာသာ ပါရမီရှင်ခုနစ်ယောက်ဖြင့်အကွာအဝေးကို တွက်ဆနေသည်။ အကွာအဝေးက တိကျသည်။
"ဟမ်"
ရုတ်တရက်ပင် လင်းဇီချန် မျက်မှောင်ကြုတ်လိုက်မိသည်။ စောင့်ကြည့်ခံနေရသည်ကို သိလိုက်သည်။ စောင့်ကြည့်နေသည်မှာ မိမိနောက်က လေ့ကျင့်ရေးအဆောက်အဦး၏ခေါင်မိုးထပ်မှ ဖြစ်သည်။
"စောနက ဆရာတင်မဟုတ်ဘူး။ စောင့်ကြည့်တဲ့သူက အားကောင်းလွန်းတယ်။ စောင့်ကြည့်နေတဲ့သူရှိနေပြီ။"
လင်းဇီချန်က ဝိညာဉ်စွမ်းအားဖြင့်ထိုခေါင်မိုးထပ်ကိုကြည့်ကာ အာရုံခံကြည့်လိုက်သောအခါ၌ ချင်ချွမ်းကို တွေ့လိုက်ရသည်။ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်ကာ အန္တရာယ်ကြိုတင်သိမြင်ခြင်းအစွမ်းဖြင့် ချင်ချွမ်း၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို ချောင်းကြည့်လိုက်သည်။ သို့သော်လည်း ခေတ္တမျှကြာပြီးနောက်တွင် ဘာမှရှာတွေ့ပေ။ အဆင့်ကွာခြားချက်က ကြီးလွန်းလှသည်။ လင်းဇီချန်၏အန္တရာယ်ကြိုတင်သိမြင်နိုင်စွမ်းက အလုပ်မဖြစ်ပေ။
.....
တစ်ချိန်တည်းတွင်ပင်ခေါင်မိုးထပ်မှချင်ချွမ်းသည် တုန်လှုပ်သွားရသည်။ မိမိ၏အင်အားသည် ကောင်းလှကာ ချောင်းကြည့်သည့်နည်းလမ်းများက တားဆီးထားသည်။စောနတွင်မူ ဝိညာဉ်စွမ်းအားတစ်ခုက ရောက်လာပြီး လင်းဇီချန်ဆီမှလာခြင်းပင်ဖြစ်သည်။ အတော်လေးမယုံကြည်နိုင်စရာကောင်းလှသည်။
"ဝိညာဉ်စွမ်းအားရှင်လား။"
"စိတ်ဝင်စားဖို့ကောင်းတာပဲ။"
'ယဲ့ရုန်ရှန်းသတိထားမိတဲ့အထိဆို ပါရမီထူးလို့ပဲဖြစ်ရမယ်။'
ချင်ချွမ်းက မိမိဘာသာ တွေးမိကာ ရှန်ချင်းဟန်ဆီသို့ အာရုံပြောင်းသွားသည်။ လင်းဇီချန်၏အင်အားကို မြင်ပြီးနောက်တွင် ရှန်ချင်းဟန်ကိုလည်း ကြည့်ချင်မိသည်။ မိနစ်ပိုင်းမျှ လေ့လာပြီးနောက်တွင်
'ဒီမိန်းကလေးကရော ဝိညာဉ်စွမ်းအားပါရမီရှင်ပဲလား။'
'ဒါပေမဲ့ သူ့ဝိညာဉ်စွမ်းအားက အားမကောင်းဘူး။ ဂြိုလ်သားလူသားစာရင်းထဲပါဖို့မလုံလောက်ဘူး။ အခြားထူးခြားတဲ့တစ်ခုခုရှိလို့ပဲဖြစ်ရမယ်။ သူ့ကို စောင့်ကြည့်ရမယ်။"
"...."
တောထဲတွင်မူ လင်းဇီချန်သည် ဝိညာဉ်စွမ်းအားကို ပြန်ရုပ်သိမ်းကာ စမ်းသပ်ချက်ကို ရှင်းလင်းရန်သာ အာရုံစိုက်ထားလိုက်သည်။ ပထမအဆင့်က ဆန်းကြယ်အပင်အဆင့်ဖြစ်သည်။ ကြည့်လိုက်သည့်နေရာတိုင်းတွင် ဆန်းကြယ်အပင်များရှိနေသည်။ ဘေးတွင်လည်း မြင့်မားသည့်အပင်များရှိ၏။ ဆန်းကြယ်ပန်းပွင့်များလည်းရှိသည်။
ထိုဆန်းကြယ်အပင်များသည် ယခုတွင် ကျားများကဲ့သို့ လမ်းပိတ်နေကြသည်။ လင်းဇီချန်သည် အဆင့်မြင့်ဝိညာဉ်နှင့် တောအရှင်အစွမ်းတို့ကို တစ်ပြိုင်နက်တည်းသုံးကာ ချက်ချင်းပင် မီတာတစ်ရာအကွာမှ ဆန်းကြယ်အပင်များကို ထိန်းချုပ်လိုက်သည်။ လျင်မြန်ဖြတ်လမ်းဖြင့် အတိုဆုံးလမ်းကိုရွေးကာ တောထဲသို့ အမြန်ဆုံးပြေးဝင်သွားတော့သည်။ အတားအဆီးများဖြစ်သော ဆန်းကြယ်အပင်များသည် လင်းဇီချန်ကို ချောချောမွေ့မွေ့ပင် ဖြတ်သန်းသွားစေသည်။
"မီတာလေးထောင်။"
"မီတာသုံးထောင်။"
"မီတာနှစ်ထောင်။"
"မီတာတစ်ထောင်။"
အမြန်ဆုံးနှုန်းဖြင့်ပြေးကာ လင်းဇီချန်က မိမိနှင့်ပထမလူကြားမှ အကွာအဝေးကို တိုင်းတာနေသည်။ တစ်မိနစ်အတွင်းတွင်ပင် အစက (၄၃၉၆) မီတာအကွာမှ မီတာတစ်ထောင်ဖြစ်သွားသည်။ ထိုနှုန်းဖြင့်ဆိုလျှင် စက္ကန့်နှစ်ဆယ်အတွင်းပင် ပထမနေရာကိုယူနိုင်မည်ဖြစ်ကာ ဒုတိယအဆင့်တွင် ပထမဖြစ်လာပေမည်။
အခန်း (၄၀၅) အမြန်ဆုံးဖြတ်ကျော်နိုင်ခြင်း
စက္ကန့်နှစ်ဆယ်အတွင်းပင် လင်းဇီချန်သည် ဆန်းကြယ်အပင်အဆင့်ကို ဖြတ်ကျော်ပြီးဆန်းကြယ်သားရဲအဆင့်သို့ ရောက်သွားသည်။ ထိုအချိန်တွင် လေ့ကျင့်ရေးအဆောက်အဦး ခေါင်မိုးထပ်၌မူ အကြီးအကဲများသည် ထိုမြင်ကွင်းကြောင့် အံ့ဩသင့်သွားကြကာ မျက်လုံးအပြူးသားဖြင့် မယုံကြည်နိုင်ဖြစ်နေကြသည်။ လင်းဇီချန်သည် ဆန်းကြယ်အပင်အဆင့်ကို ခြစ်ရာလေးတစ်ရာပင်မထင်ဘဲ အသာလေးအောင်မြင်သွားသည်။
"ဘာဖြစ်တာလဲ။ တောထဲကအပင်တွေက ဘာလို့ သူ့ကို မတိုက်ခိုက်ရတာလဲ။ လမ်းတောင်ဖယ်ပေးလိုက်ကြသေးတယ်။"
"သူက ဂမ္ဘီရသစ်ပင်ဂိုဏ်းရဲ့ မိစ္ဆာဒိဌိများလား။ မဟုတ်ရင် သစ်သားမှင်စာမျိုးစိတ်နဲ့ပေါင်းစပ်ထားလို့များလား။"
"မဟုတ်သေးဘူး။ သူက သွေးသန့်လူသားပါ။ ဘာဆန်းကြယ်သားရဲမျိုးစိတ်နဲ့မှ ပေါင်းစပ်ထားတာမဟုတ်ဘူး။ အဲ့ဒါကြောင့်မလို့ သစ်သားမှင်စာစွမ်းအားကရှိမှာမဟုတ်ဘူး။"
"...."
အားလုံးတွေဝေကာ သဘောမပေါက်ခင်တွင်ပင်မြို့အရှင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ဝိညာဉ်စွမ်းအားပဲ။ လင်းဇီချန်ဆိုတဲ့တစ်ယောက်မှာ အတော်လေးအားကောင်းတဲ့ဝိညာဉ်စွမ်းအားရှိတယ်။ သူက ဝိညာဉ်စွမ်းအားကိုသုံးပြီး ဘေးနားက ဆန်းကြယ်အပင်တွေကိုနှိမ်နင်းပြီးလမ်းဖယ်ခိုင်းလိုက်တာဖြစ်မယ်။"
"...."
ထိုစကားကို ကြားသည့်အခါတွင် အားလုံးကြောင်သွားကြသည်။ ချင်ချွမ်းပြောသလိုဆိုလျှင် လင်းဇီချန်၏ဝိညာဉ်စွမ်းအားက မည်သည့်အဆင့်လောက် မြင့်နေမည်နည်း။
အဆင့်မြင့်အဆင့်လား။ သခင်အဆင့်နီးပါးလား။
သို့သော်လည်း မည်သို့ဖြစ်နိုင်မည်နည်း။
ဝိညာဉ်စွမ်းအားကောင်းသောဆင့်ကဲပြောင်းလဲသူများသည်ပင် သွေးမျိုးဆက်စွမ်းအားအဆင့်မြင့်အဆင့်တွင် ထိုမျှအားကောင်းသောဝိညာဉ်စွမ်းအားကို မပိုင်ဆိုင်နိုင်ကြပေ။ သွေးသန့်လူသားဖြစ်သောလင်းဇီချန်က ဆင့်ကဲပြောင်းလဲသူများထက် ဝိညာဉ်စွမ်းအားကောင်းနေသည်ကို လက်တွေ့မကျပေ။
"ထူးခြားတဲ့ခန္ဓာကိုယ်ကြောင့်များလား။"
ရှန်ကွမ်းယွဲ့ဟွာက စဉ်းစားလိုက်မိသည်။ အခြားသောခေါင်းဆောင်များကလည်း သဘောတူလိုက်ကြသည်။ ထူးခြားသောဝိညာဉ်စွမ်းအားရှိ၍သာ ထိုမျှထိ အားကောင်းနေခြင်းဖြစ်ပေမည်။
....
တောထဲတွင်မူ လင်းဇီချန်သည် ထိုသူများက မိမိ၏တောအရှင်စွမ်းအားကို ဝိညာဉ်စွမ်းအားဟု အမှတ်မှားနေကြသည်ကိုမသိကြပေ။ သို့သော်လည်း ၎င်းက နည်းနည်းလေးပင် ဂရုမစိုက်ပေ။ ယခုတွင်မိမိ၏အင်အားကို ပြချင်ကာ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်ရချင်သည်ကိုသာ သိသည်။ မိမိသည် ဘာကိုမှဖုံးကွယ်မထားတော့ဘဲ အားလုံးကို ပြသရန် ဆုံးဖြတ်ထား၏။ လွန်စွာအားကောင်းသဖြင့် သစ္စာဖောက်များ အာရုံစိုက်မည်ကိုလည်း စိတ်ပူစရာမလိုတော့ပေ။ မိမိသည် သစ္စာဖောက်များ ပစ်မှတ်ထားခံရပြီးဖြစ်သောကြောင့်ဖြစ်ကာ နောင်တွင်မည်သို့ပင်ဖြစ်စေ တိုက်ခိုက်ခံရမည်သာ ဖြစ်သည်။ ထိုသို့ဖြစ်နေသဖြင့် ရှိသမျှအားကို ထုတ်ဖော်လိုက်သည်ကသာ ပို၍ကောင်းပေသည်။
"သလင်းကျောက်မိစ္ဆာဝက်ဝံ အဆင့်မြင့်ပဥ္ဇမအဆင့်၊ သံမဏိလင်းယုန် အဆင့်မြင့်စတုတ္ထအဆင့်၊ အမည်မသိတဲ့သားရဲ အဆင့်မြင့်တတိယအဆင့်၊ အမည်မသိသားရဲ အဆင့်မြင့်ဒုတိယအဆင့်၊ သေမင်းချည်မျှင်ပင့်ကူ အဆင့်မြင့်ပထမအဆင့်...."
လင်းဇီချန်က ဝိညာဉ်စွမ်းအားဖြင့် ဒုတိယအဆင့်မှ ဆန်းကြယ်သားရဲများ၏သွေးမျိုးဆက်စွမ်းအားအဆင့်ကို အာရုံခံကြည့်သည်။ များပြားလှသောပမာဏကို ရှာတွေ့ထားသည်။ အားလုံးသည် အဆင့်မြင့်အဆင့်သက်ရှိများသာ ဖြစ်ကြသည်။ အားကလည်း ကြောက်ခမန်းလိလိပင်ဖြစ်၏။ ပထမအဆင့်အခက်အခဲက ကြယ်သုံးပွင့်ဆိုလျှင် ဒုတိယအဆင့်က ကြယ်လေးပွင့်ဖြစ်သည်။ အခက်အခဲကတစ်ဆင့်ချင်း မြင့်လာသည်။
"အဆင့်မြင့်သက်ရှိတွေများလိုက်တာ။ ဘယ်စွမ်းအားကို ဖွင့်ရမလဲမသိတော့ဘူး။ မဟုတ်ရင်လည်း တန်ဖိုးရှိတဲ့သားရဲအမြုတေ ဘယ်လောက်များများရနိုင်မလဲ။"
ထိုသို့တွေးမိပြီး စိတ်လှုပ်ရှားသွားကာ ချက်ချင်းပင် မြားတစ်ချောင်းကဲ့သို့ ပြေးထွက်သွားကာ သားရဲများကို စတင်တိုက်ခိုက်တော့သည်။ ဆန်းကြယ်သားရဲများက မည်သို့ပင်ဖြစ်စေ၊ အားပြင်းသောလက်သီးချက်အောက်တွင် သွေးများအဖြစ် ပေါက်ကွဲထွက်သွားရသည်။ ထို့နောက်တွင် သူသည် လက်ဖြင့် သားရဲအမြုတေကို နှိုက်ယူပြီး သိုလှောင်ခန်းနေရာလွတ်ထဲတွင် သိမ်းထားလိုက်သည်။ ထို့နောက်တွင် အတွေးဖြင့် အသက်ဓာတ်ကို ဝါးမျိုသည်။
(သင်သည် သလင်းကျာက်မိစ္ဆာဝက်ဝံအသက်ဓာတ်ကိုရရှိပါသည်။)
(သင်သည် သလင်းကျောက်မိစ္ဆာဝက်ဝံ၏စွမ်းအားဖြစ်သော စွမ်းအားမြင့်အကာအကွယ်ကိုရရှိပါသည်။)
(စွမ်းအားမြင့်အကာအကွယ် - သင်သည် ခန္ဓာကိုယ်မျက်နှာပြင်ပေါ်၌ လွန်စွာခိုင်ခံ့မာကျောသောအကာအကွယ်တစ်လွှာကို ထုတ်လွှတ်နိုင်ပါသည်။)
....
(သင်သည် သေမင်းချည်မျှင်ပင့်ကူအသက်ဓာတ်ကိုရရှိပါသည်။)
(သင်သည် သေမြင်းချည်မျှင်ပင့်ကူ၏စွမ်းအားဖြစ်သော သေခြင်းဖြင့်ငြိခြင်းကိုရရှိပါသည်။)
(မရဏပိုးမျှင် - သားကောင်ကိုဖမ်းရန် သင့်ပါးစပ်မှ စွမ်းအားမြင့်အမျှင်များ ပစ်လွှတ်နိုင်ပါသည်။)
....
(သင်သည် အဆိပ်ပျားနက်အသက်ဓာတ်ကိုရရှိပါသည်။)
(အဆိပ်ပျားနက်၏စွမ်းအားဖြစ်သော သေစေနိုင်သောအဆိပ်စွမ်းအားကို ရရှိပါသည်။)
(သေစေနိုင်သောအဆိပ် - ဆံပင်၊ လက်သည်း၊ သွားစသဖြင့်မာကျောသည့်ခန္ဓာကိုယ်အစိတ်ပိုင်းများမှ သေစေနိုင်သောအဆိပ်ကို ထုတ်လွှတ်နိုင်ပါသည်။)
မိနစ်ပိုင်းအတွင်းတွင်ပင် ဒုတိယအဆင့်ကို တိတ်တဆိတ်ဖြင့်ပင် ဖြတ်ကျော်နို်ငခဲ့ကာ သားရဲများ၏အော်ဟစ်သံများကိုသာ ကြားနေရသည်။
ခေါင်မိုးထပ်တွင်မူ လင်းဇီချန်၏အပြုအမူကိုကြည့်ကာ ခေါင်းဆောင်များအားလုံး အံ့ဩနေကြသည်။ လင်းဇီချန်၏ခန္ဓာကိုယ်အားက ထိုမျှကောင်းနေလိမ့်မည်ဟု ထင်မထားမိပေ။ မည်သည့်သားရဲပင်ဖြစ်စေ လက်သီးတစ်ချက်တည်းဖြင့်အနိုင်ပိုင်းနိုင်သည်။ လောင်ချန်က မယုံကြည်နိုင်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
"အဆင့်မြင့်စတုတ္ထအဆင့်အကောင်တွေကိုတောင် လက်သီးတစ်ချက်တည်းနဲ့ နိုင်နိုင်တယ်။ သွေးသန့်လူသားလမ်းစဉ်က အဲ့လောက်အားကောင်းတာလား။"
လောင်ပိုင်ကလည်း ပြောလိုက်လေသည်။
"စောနက သရုပ်ပြတာကို ကြည့်ရတာတော့ သူ့ရဲ့ထုတ်လိုက်တဲ့အမြင့်ဆုံးစွမ်းအားက အဆင့်မြင့်ပဥ္ဇမအဆင့်လောက်ရှိမယ်။ မဟုတ်ရင်လည်း အဆင့်မြင့်ဆဌမအဆင့်နီးနီးရှိရမယ်။”