အပိုင်း ၄၁၅-၄၁၇
Vol. 28 Ch. 415-417
အခန်း(၄၁၅) အတွေ့အကြုံရှိ စီနီယာကို စိန်ခေါ်နေတာလား
“နားကန်းနေလား”
“ဒါမှမဟုတ် ငါပြောတာကို နားမလည်တာလား”
“မင်္ဂလာပါ စီနီယာ လို့တောင် မပြောနိုင်ဘူးလား။”
လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့ နှစ်ယောက်သား နှုတ်ဆိတ်နေကြသည်ကို မြင်လိုက်ရသောအခါ လျို့ရှင်းယီ၏ ရန်စသောအသံသည် ပိုမိုပြင်းထန်လာကာ သိသိသာသာ ကျယ်လောင်လာသည်။
“ဒီနှစ်ရောက်လာတဲ့ အသစ်တွေက ကိုယ့်နေရာကို မသိတတ်ကြတာပဲ။” သူ့နောက်မှ ကောင်းကျန်းယင်က ပြော၏။
၎င်းတို့နှစ်ဦးသည် ဦးနှောက်မရှိသော ရန်ဘက်များသဖွယ် လင်းဇီချန်နှင့် ရှန်ချင်းဟန်တို့အား အဆက်မပြတ် ရန်စပေးနေကြကာ ရှားလျို့ က သူရဲကောင်းဇာတ်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြသည်။
အနီးအနားတစ်နေရာတွင် ဖုကျုံးသည် လျို့ရှင်းယီ၊ ကောင်းကျန်းယင် နှင့် ရှားလျို့ တို့အားလုံးသည် တစ်ဖက်တည်းတွင်ရှိကြောင်း သိရှိသော်လည်း သူနှင့် လုံးဝမသက်ဆိုင်သော လူသစ်နှစ်ယောက်အား ကာကွယ်ပေးရန်မလိုဟု တွေးထင်ခဲ့သည်။ ထို့ကြောင့် သူသည် တိတ်တိတ်ဆိတ်ဆိတ်ပင် မတ်တပ်ရပ်ကာ အနှောင့်အယှက်ပင် မပေးပေ။
တစ်ဖက်တွင် လော့ချန်းရွှယ်က သူတို့သုံးဦးစလုံး ပူးပေါင်းဆောင်ရွက်နေကြောင်း မသိဘဲ သာမန်ပေါင်းသင်းခင်မင်ကြသူများဟူ၍သာ သိထားသူဖြစ်သည်။ ပူးပေါင်းဆောင်ရွက်နေလိမ့်မည် ဟူ၍လည်း မထင်တားသဖြင့် ခဏမျှ တုံ့ဆိုင်းနေပြီးနောက်မှ သူမက မတ်တပ်ရပ်ကာ ၎င်းတို့ကို တားလိုက်သည်။
“နင်တို့တွေ လွန်နေပြီ”
အကယ်၍ အခြားသူတစ်ယောက်ယောက် အနိုင်ကျင့်ခံရပါက သူမ ဝင်ရောက်စွက်ဖက်ခြင်း မပြုသော်လည်း ယခုမှာ လင်းဇီချန်နှင့် ရှန်ချင်းဟန်ဖြစ်နေ၍ ထူးခြားသည်။ ထိုနှစ်ယောက်အကြောင်းကို အခုအချိန်တွင် သူမမှတ်မိသော်လည်း သူတို့ကို သူမ သိကျွမ်းကြောင်းကို သိသည်။ အကယ်၍ သူမတို့ မသိကြလျှင်ပင် ရှန်ချင်းဟန်က ယွမ်သုန်ကျီ၏ လောလောလတ်လတ်လက်ခံထားသော ဆရာတူညီမဖြစ်သောကြောင့် သူမ ယနေ့ ရှေ့တိုးရန် လိုအပ်သည်။
“ခဏ၊ နင်ဝင်ပါချင်လို့လား” ကောင်းကျန်းယင်က လော့ချန်းရွှယ်ကို ရန်လိုသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
စင်စစ်အားဖြင့် ကောင်းကျန်းယင်၏ မိသားစု တစ်ဝက်ခန့်သည် ဂြိုလ်သားများ၏ သတ်ဖြတ်ခြင်းကို ခံရသဖြင့် သူမတွင် နက်နဲသော အမုန်းတရားများရှိသည်။ လော့ချန်းရွှယ် သည်လည်း ဂြိုလ်သားတစ်ဦးဖြစ်၍ သူမကို အမြဲတစေ အထင်သေးခဲ့သည်။
“ငါ သူတို့ကို သိတယ်၊ ငါဝင်ရှုပ်နေတာ မဟုတ်ဘူး။” လော့ချန်းရွှယ်က အေးစက်စွာပြောလိုက်သည်။
သူမစကားပြောနေစဥ်၌ပင် အအေးဓာတ်သည် သူမထံမှ ဖြာထွက်ကာ သုံးမီတာအတွင်း မြေပြင်သည် နှင်းခဲအလွှာအဖြစ်သို့ အေးခဲသွားပြီး ပတ်ဝန်းကျင်လေထုသည်လည်း အနည်းဆုံး ဆယ်ဒီဂရီ ကျဆင်းသွားသည်။ လင်းဇီချန်သည် လော့ချန်းရွှယ်ကို တိတ်တဆိတ် အကဲခတ်နေခဲ့၍ သူမ၏ ခြေထောက်များမှ ပြန့်ကျဲနေသော ရေခဲပုံစံများကို ကြည့်ကာ
စိတ်ထဲတွင် အတွေးများဖြင့် ပြည့်နှက်နေသည်။
သူမထံတွင် ဆန်းကြယ်သားရဲတို့၏ အရိပ်အယောင်မရှိသော်လည်း ထူးခြားလှသော စွမ်းအားများကို အသုံးချနိုင်ခဲ့သည်။ ထို့အပြင် စွမ်းရည်များကိုအသုံးပြုသောအခါတွင်လည်း သူမ၏ သွေးစွမ်းအင်နှင့် ဝိဉာဥ်ကား အတက်အကျမရှိဘဲ တည်ငြိမ်နေသည်။
“ဂြိုလ်သားဖြစ်ရတာ အဲ့လိုမျိုးပါလား။” လင်းဇီချန်သည် ကြည့်လျက် မှင်သက်မိသည်။
ကောင်းကျန်းယင်သည် လော့ချန်းရွှယ်တစ်ယောက် တိုက်ခိုက်ရန် အသင့်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် အရှက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
“လော့ချန်းရွှယ်၊ မင်းရဲ့ သွေးမျိုးဆက်စွမ်းအားအဆင့်က အဆင့်မြင့်အဆင့် သတ္တမအဆင့်ပဲရှိသေးတာနော် မင်းငါ့ကို ဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲ။”
အဘယ့်ကြောင့်ဆိုသော် သူမ၏ လက်ရှိသွေးမျိုးဆက်စွမ်းအားအဆင့်မှာ အဆင့်မြင့်အဆင့် အဌမအဆင့်တွင်ရှိ၍ သတ္တမအဆင့်သာရှိသော လော့ချန်းရွှယ်က သူမအား စိန်ခေါ်နေခြင်းသည် ပါးရိုက်ခံရခြင်းထက် အထိနာသည်။
တစ်ဖက်တွင် လော့ချန်းရွှယ်က ရေသေကဲ့သို့ တည်ငြိမ်နေသည်။
“နင်အရင်စတိုက်လို့ရတယ်”
“တစ်ဖက်လူကို အထင်သေးလှပါလား” ကောင်းကျန်းယင်သည် ဒေါသတကြီးဖြင့် အော်လိုက်သည်။
သူမ၏အသံ တိုးသွားသောအခါ သူမ၏ပုံရိပ်က မှုန်ဝါးသွားကာ သာမန်မျက်စိဖြင့်မမြင်နိုင်သော အရှိန်ဖြင့် လော့ချန်းရွှယ်ဆီသို့ ပြေးသွားခဲ့သည်။ ကောင်းကျန်းယင်၏ သွေးမျိုးဆက်စွမ်းအားအဆင့်သည် အဆင့်မြင့်အဆင့် အဌမအဆင့်တွင်ရှိသော်လည်း ဤရုတ်တရက်တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် လော့ချန်းရွှယ်၏ မျက်နှာက တည်ငြိမ်လျက်ပင်ဖြစ်သည်။
နောက်တစ်စက္ကန့်အတွင်းတွင် အေးခဲနေသောအရာတစ်ခု၏ ရုတ်တရက် အက်ကွဲသော အသံတစ်ခုကို ကြားလိုက်ရသည်။ လော့ချန်းရွှယ် ရှေ့ တစ်မီတာခန့်အကွာတွင် လူပုံစံ ရေခဲရုပ်တစ်ခုသည် လေဟာနယ်ကြားမှ ရုတ်တရက်ပေါ်ထွက်လာသည်။ အနီးကပ်ကြည့်ရာ ထိုရုပ်ထုသည် ကောင်းကျန်းယင် ဖြစ်၍ မြေပြင်ပေါ်တွင် လုံးဝ မလှုပ်မယှက်ဘဲ အေးခဲနေသည်။
သတ္တမအဆင့်ရှိသော လော့ချန်းရွှယ်သည် အေးအေးဆေးဆေးပင် အဌမအဆင့်ရှိ ကောင်းကျန်းယင်ကို ချက်ချင်းအနိုင်ယူခဲ့သော ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းဇီချန်ပင် အံ့သြသွားရသည်။
‘ဒါဂြိုလ်သားတစ်ယောက်ရဲ့ စွမ်းအားလား’
‘ချန်ယိဖေးနဲ့ အပေါင်းအပါတွေ ငါ့ကို စိန်ခေါ် ပြီး ရှုံးသွားတုန်းကလည်း သိမ်ငယ်နေသလို ခံစားနေရမလား၊ ဒီလိုဆိုရင် ဂြိုလ်သားတွေက တကယ်အင်အားကြီးပြီး သွေးမျိုးဆက်စွမ်းအားအဆင့်တစ်ဆင့်မြင့်တဲ့ ကောင်းကျန်းယင် လို လူမျိုးကို အနိုင်ယူနိုင်တာပေါ့’ လင်းဇီချန်ကတွေးသည်။
ထပ်မံပြီး ရေခဲများ ရုတ်တရက် အက်ကွဲပြန်သည်။
ထို့နောက် ချက်ချင်းပင် မြေပြင်ပေါ်တွင် အခဲခံထားရသော ကောင်းကျန်းယင်သည် ရေခဲအစိုင်အခဲထဲမှ ထွက်လာကာ သူမ၏ကျောဘက်တွင် ကြောက်မက်ဖွယ်ကောင်းသော မြွေနဂါး ဝိညာဉ်တစ်ကောင်ထွက်လာ၍ လော့ချန်းရွှယ်ဆီသို့ တွားသွားကာ ကိုက်လိုက်သည်။ မြွေနဂါး ဝိညာဉ်၏ ပါးစပ်သည် ပင်လယ်နီးပါး ကျယ်ဝန်း၍ လော့ချန်းရွှယ် အား သေမင်းထံ ခေါ်ဆောင်သွားနိုင်သည်။
သေခြင်းတရား၏ ရနံ့ရလိုက်သောအခါမှပင် လော့ချန်းရွှယ်က လှုပ်ရှားတော့သည်။ သူမ၏ အနီရောင် ဓားလှံကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ရှေ့သို့ လျင်မြန်စွာ ခြေတစ်လှမ်းတိုးလိုက်ပြီးနောက် ရုပ်သွင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ဤအခိုက်အတန့်အတွင်း၌ပင် အဖြူရောင်နှင်းခဲများဖြင့် ဖုံးအုပ်ထားသည့် အနီရောင်လှံတစ်စင်းသည် မြွေဝိညာဉ်၏ အရေးကြီးသောနေရာသို့ဖောက်ထွင်းကာ ကောင်းကျန်းယင်ကိုလည်း သစ်ပင်တစ်ပင်တွင် ခိုင်မြဲစွာ သံမှိုရိုက်ထားသကဲ့သို့ ချိတ်ထားလိုက်သည်။
“ဘယ်လောက်တောင် အင်အားကောင်းလိုက်သလဲ။”
ဤအခိုက်အတန့်တွင် လင်းဇီချန် အပါအဝင် လူတိုင်းသည် လော့ချန်းရွှယ်၏ စွမ်းပကားကြောင့် အလွန်တုန်လှုပ်သွားကြသည်။
ဒါက ဂြိုလ်သားပဲ၊
ဒါက မကောင်းဆိုးဝါးပဲ၊
အဆင့်တစ်ဆင့်မြင့်တာကို အနိုင်ယူလိုက်နိုင်တယ်၊ လုံးဝကြောက်စရာပါလား။
ဘမ်း
ကောင်းကျန်းယင်သည် သွေးစွမ်းအင် အမြောက်အမြားကို စွန့်လွှတ်ခဲ့၍ သူမ၏ ခွန်အားကို အဆင့်မြင့်အဆင့် အဌမအဆင့်အထွတ်အထိပ်သို့ ခေတ္တ မြှင့်တင်ကာ အတွေးတစ်ခုဖြင့်သာ သူမ၏ ရင်ဘတ်ထဲသို့ စိုက်နေသော အနီရောင်လှံကို ဆွဲထုတ်လိုက်သည်။
“ရှင်းယီ၊ ငါ့ကို ကူတိုက်ပေး”
သူမ၏ အဆင့်မြင့်အဆင့်အဌမအဆင့် အထွတ်အထိပ်ကို မထိန်းထားနိုင်သည်ကို နားလည်သောကြောင့် လော့ချန်းရွှယ်ကို ထပ်မံတိုက်ခိုက်ရန် ခွန်အားချင်းညီမျှသော လျို့ရှင်းယီ နှင့် ပူးပေါင်းရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။
အပိုင်း (၄၁၆) အတွေ့အကြု့ရှိ စီနီယာကို စိန်ခေါ်တာလား (၂)
လျို့ရှင်းယီသည် ခေတ္တမျှပင် တုံ့ဆိုင်းမနေဘဲ သူ၏သွေးစွမ်းအင်ကို ချက်ချင်းစတေးကာ အဆင့်မြင့်အဆင့် အဌမအဆင့်အထွတ်အထိပ်သို့ ယာယီမြှင့်တင်၍ ကောင်းကျန်းယင်နှင့်အတူ လော့ချန်းရွှယ်ကို တိုက်ခိုက်လိုက်သည်။
“ဒီနှစ်ယောက်က အားနည်းတဲ့သူကို အနိုင်ကျင့်ရုံမကသေးဘူး၊ တစ်ဖက်တည်းကနေ အတူတူပူးပေါင်းတိုက်နေကြတယ်၊ မတရားလိုက်တာ။” ရှန်ချင်းဟန်သည် အလွန်ဒေါသထွက်သွားကာ မိမိကိုယ်ပင် မထိန်းနိုင်ဘဲ တိုးတိတ်စွာ ရေရွတ်လိုက်သည်။
“ဥပဒေနဲ့ အုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းမှာ တရားမျှတမှု ဆိုတာရှိတယ်၊ ဒါပေမယ့် ဒီလိုမျိုး ကမ္ဘာမှာတော့၊ အထူးသဖြင့် အပြိုင်အဆိုင်များတဲ့နေရာမှာတော့ တရားမျှတမှု ဆိုတာပြောလို့မရဘူး၊ ပြိုင်ဖက်က မတရားဘူးလို့ ဘယ့်တော့မှ မပြောနဲ့” လင်းဇီချန်က ပြော၏။
“အားနည်းသူကို အနိုင်ကျင့်နိုင်ရင် အနိုင်ကျင့်လိုက်၊ အင်အားကြီးအောင်လုပ်နိုင်သေးရင် ပိုပြီး အင်အားကြီးအောင်လုပ်လိုက်၊ မင်းအနိုင်ရနိုင်သရွေ့ တရားမျှတမှုက အရေးမကြီးဘူး။ နားလည်ရဲ့လား” လင်းဇီချန်သည် ရှန်ချင်းဟန်ဘက်သို့ ခေါင်းလှည့်လျက် သူမ၏ မျက်ရည်များဝိုင်းနေသော မျက်ဝန်းတစ်စုံကို ကြည့်၍ပြောသည်။
ရှန်ချင်းဟန်သည် ခေါင်းညိတ်ကာ နာခံစွာဖြင့်ဖြေလိုက်သည်။
“အင်း ငါနားလည်ပြီ”
စင်စစ်အားဖြင့် လင်းဇီချန် ပြောသမျှသည် အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့အပေါ်တွင် အတိုင်းထက်လွန်ယုံကြည်သောကြောင့် သဘောတူလက်ခံရမည်ဖြစ်သည်။
တစ်ဖက်တွင် လော့ချန်းရွှယ်သည် လျို့ရှင်းယီ နှင့် ကောင်းကျန်းယင်တို့ကို စတင်တိုက်ခိုက်နေပြီဖြစ်သည်။ ဖုန်မှုန့်များနှင့် ကျောက်တုံးများ ပျံ့လွင့်ကာ မြက်ပင်များနှင့် သစ်ပင်များပင် ပြန့်ကျဲနေသည်အထိ တိုက်ပွဲက အလွန်ပြင်းထန်သည်။
ကောင်းကျန်းယင်သည် သွေးစွမ်းအင်အပြည့်အပြင်ဖြင့် ပို၍ အန္တရာယ်များသော မြွေနဂါးဝိဉာဥ်တစ်ခုကို စိတ်ကူးဖြင့် ခေါ်ဆောင်လိုက်ရာ ထိုမြွေ၏ ကြီးမားသော ပါးစပ်သည် လော့ချန်းရွှယ်ကိုအရူးအနှမ်းစုတ်ဖြဲပစ်ရန်ပြင်နေသည်။ လျို့ရှင်းယီက ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဘက်ပါသော သူကိုယ်တိုင်ပင် အမည်မတပ်နိုင်သည့် လူသားပုံစံသတ္တဝါကို ဆင့်ခေါ်ခဲ့ရာ အစူးများဖြင့် ဖုံးအုပ်နေသည့် လက်သီးများက လော့ချန်းရွှယ်ဆီသို့ ဦးတည်နေသည်။
သူတို့၏ ပြင်းထန်လှသော တိုက်ခိုက်မှုအောက်တွင် လော့ချန်းရွှယ်သည် လျင်မြန်စွာ တုန်လှုပ်လာသည်။ အခြေအနေတစ်ခုလုံးသည် သူမအား နောက်သို့ ဆုတ်စေလျက်ရှိသည်။ သို့သော် သူမ၏ လွန်ကဲသော အားစိုက်ထုတ်မှုကြောင့် ပါးစပ်ထောင့်မှ သွေးများ စိမ့်ထွက်နေသည်။ ထိပ်တန်းအဆင့် ဂြိုလ်သားတစ်ယောက်ဖြစ်သောကြောင့် သန်မာသော်လည်း အဌမအဆင့်အထွတ်အထိပ် ပြိုင်ဘက်နှစ်ဦးလုံးအား တစ်ပြိုင်တည်း ခုခံတိုက်ခိုက်ရန် မလွယ်ကူသည့်အပြင် လုံလောက်သော အားအင်မရှိပေ။ ထို့ကြောင့် အချိန်တိုအတွင်း ရှုံးနိမ့်သွားနိုင်သည်။
“ဇီချန်၊ ပိုင်ရွှယ်က ဆက်မထိန်းထားနိုင်တော့ဘူးထင်တယ်။ နင်သွားကူသင့်တယ်” ရှန်ချင်းဟန်က လင်းဇီချန်၏ အင်္ကျီကို ဆွဲကိုင်လိုက်ကာ စိုးရိမ်မှုအပြည့်ဖြင့် ပြောသည်။
လင်းဇီချန်၏ အမူအရာက တည်ငြိမ်နေသည်။
“မလောပါနဲ့၊ သူထိန်းထားနိုင်မှာပါ၊ ခဏလောက် စောင့်ကြည့်ကြတာပေါ့။”
သူအကူအညီမပေးလိုသောကြောင့်မဟုတ်ဘဲ ဂြိုလ်သားတစ်ယောက်၏ ခံနိုင်ရည်ကို ပိုမိုစောင့်ကြည့်လိုသောကြောင့်ဖြစ်သည်။
အန္တရာယ်ကင်းလှသော မြို့တွင်းတွင် ဂြိုလ်သားတစ်ယောက်၏ လှုပ်ရှားမှုနှင့် ခံနိုင်ရည်ကို စောင့်ကြည့်ရခြင်းသည် ရှားပါးသောအခွင့်အရေးဖြစ်သည်။ သူသည် ဤအခွင့်အရေးကို ကောင်းစွာအသုံးချ၍ ဂြိုလ်သားများကို ပိုမိုနားလည်သဘောပေါက်ရန် လိုအပ်သည်။ လင်းဇီချန်သည် ဤသို့တွေးနေသော်လည်း အဝေးမှ ဖုကျုံးသည် လင်းဇီချန်၏ အတွေးကိုမသိပေ။ ဖုကျုံး သာမက ရှားလျို့ လည်း မသိပေ။ ၎င်းတို့နှစ်ဦးသားလုံးက လင်းဇီချန်သည် တိုက်ပွဲတစ်ခုကို မျက်မြင်တွေ့ရသောကြောင့် ကြောက်စိတ်ဝင်နေသည်ဟု မှတ်ထင်ကြသည်။
မကြာခင် မိနစ်ဝက်ကျော်သွားသောအခါ လော့ချန်းရွှယ်သည် တောင့်ခံမထားနိုင်တော့ပေ။ နဂိုမူလကရှိခဲ့သော သူမ၏ စွတ်စွတ်ဖြူသော ဆံသားများသည်လည်း သွေးစများဖြင့် ရှုပ်ပွနေသည်။ သူမ၏ စွမ်းအားများကို အလွန်အကြူးအသုံးပြုခဲ့မိပြီဖြစ်သည်။ သူမ၏ သွေးမျိုးဆက်စွမ်းအား အဆင့်မြင့် အဌမအဆင့်ဖြင့် ပိုမိုအားကောင်းသော ရန်သူနှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို မကိုင်တွယ်နိုင်ဘဲနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမ မြေပြင်ပေါ် ထိုးနှက်ခံရခါနီးတွင် လင်းဇီချန်၏ ပြတ်သားသောအသံထွက်ပေါ်လာသည်။
“ဝင်ပါဖို့အချိန်တန်ပြီ”
သူ့စကားများ အဆုံးထိ မကြားလိုက်ရခင်၌ပင် လင်းဇီချန်က နေရာမှပျောက်ကွယ်သွားကာ ခြေရာပင်မမြင်ရတော့ပေ။
ထို့နောက် သူပြန်ပေါ်လာသောအခိုက်၌ သူက လက်သီးကိုမြှောက်နှင့်နေပြီဖြစ်ကာ သွေးစွမ်းအင်များ ဝိုင်းရံနေသည့် ကြီးမားသော လက်သီးကြီးက လျို့ရှင်းယီ၏ မျက်နှာတည့်တည့်သို့ ကျရောက်သွားသည်။
ဘမ်း
ကျယ်လောင်သော အသံကြီးတစ်ခုကြားလိုက်ရသောအခိုက်အတန့်၌ လျို့ရှင်းယီသည် အရူးတစ်ယောက်နီးပါး လော့ချန်းရွှယ်ကို တိုက်ခိုက်နေချိန်တွင် စွန်တစ်ကောင်ဝင်ရောက်သုတ်ချီခံရသည့်အလား ခံစားလိုက်ရသည်။ မည်သူမည်ဝါမှ မတုံ့ပြန်နိုင်သေးခင်တွင် လျို့ရှင်းယီတစ်ယောက်သည် ဧရာမသစ်ပင်ကြီးပေါ်သို့ ပြုတ်ကျသွားသည်။
ဘမ်း
နောက်ထပ် ကျယ်လောင်သောအသံတစ်ခု ထပ်မံကြားရပြန်သည်။
ကောင်းကျန်းယင်သည်လည်း လျို့ရှင်းယီနည်းတူ ခန္ဓာကိုယ် တစ်ကိုယ်လုံး ချက်ချင်းနောက်ပြန် လွင့်ထွက်သွားကာ ကောင်းကင်ထိ ထိုးထွက်နေသော ဧရာမသစ်ပင်ကြီး၏ ပင်စည်သို့ ပြုတ်ကျသွားသည်။
“ဘာတွေဖြစ်နေတာလဲ”
လင်းဇီချန်၏ လက်စွမ်းကို မျက်မြင်တွေ့လိုက်ရသော ကျန်လေးယောက်စလုံးက အလွင်အမင်း အံ့သြသွားကြသည်။ ရှန်ချင်းဟန်ကား အတိုင်းထင်လွန်ပင် အံ့သြသွားသည်။ သူမသည် လင်းဇီချန် အင်အားကောင်းသည်ကို သိထားသော်လည်း ဤမျှလောက် အားကောင်းလိမ့်မည်ဟု မထင်ထားမိပေ။ မကြာသေးမီကပင် “ငကြောက်” ဟူ၍ စိတ်အတွင်းတွင် လှောင်ပြောင်နေကြသော ဖုကျုံး နှင့် ရှားလျို့ တို့လည်း ကြောက်လန့်တုန်လှုပ်နေကြသည်။
နှစ်မိနစ်အတွင်းမှာပင် လင်းဇီချန်သည် လျို့ရှင်းယီ နှင့် ကောင်းကျန်းယင်တို့ကို ချက်ချင်း ချေမှုန်းပစ်လိုက်နိုင်ခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသောအချက်မှာ ဖုကျုံး နှင့် ရှားလျို့ တို့သည် လင်းဇီချန်တစ်ယောက် မည်သို့မည်ပုံလှုပ်ရှားခဲ့လိုက်သည်ကိုပင် မသိလိုက်ရဘဲ လျို့ရှင်းယီ နှင့် ကောင်းကျန်းယင်တို့၏ အသံများကြားမှသာ သတိထားမိလိုက်ခြင်းဖြစ်သည်။
“သူက ဘာလို့ ဒီလောက်တောင် သန်မာရတာလဲ။”
အားဖျော့နေသော လော့ချန်းရွှယ်သည် သူမရှေ့တွင် ရုတ်တရက်ပေါ်လာသော လင်းဇီချန်ကို စိုက်ကြည့်လျက် အနည်းငယ် ကြောင်အသွားရသည်။
သူမ၏ အေးစက်သော လှပသော မျက်လုံးမှာကား ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။ သူမထက်အားကောင်းသော အသက်တူရွယ်တူကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။ သူမ၏ ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်သည် ပတ်ဝန်းကျင်ရှိ လူများကြားတွင် အမြဲတမ်း အသန်မာဆုံးဖြစ်ကာ အထက်မှ အကြီးအကဲအများအပြား၏ ချီးကျူးမှုကို ရရှိသည်။
အားလုံးထိတ်လန့်နေကြသောအခါတွင် လင်းဇီချန်က ရှားလျို့ကို အေးဆေးတည်ငြိမ်စွာမေးလိုက်သည်။
“မင်းလည်း သူတို့နှစ်ယောက်နဲ့ တစ်ဖက်တည်းလား။”
သူသည် လျို့ရှင်းယီ နှင့် ကောင်းကျန်းယင်တို့ အဘယ်ကြောင့် သူ့အား ရန်လာစသည်ကို နားမလည်နိုင်ပေ၊ သို့သော် ၎င်းတို့နှစ်ဦးက ရှားလျို့ နှင့် ဆက်တိုက် မျက်လုံးချင်းဆုံကာ အချက်ပေးနေကြသည်ကို သတိထားမိသည်။ ထို့ကြောင့် ဤရန်ပွဲတစ်ခုလုံးသည် ရှားလျို့ နှင့် ဆက်စပ်နေမည်ဟု ခန့်မှန်းနိုင်သည်။
“မင်းဘာပြောနေတာလဲ၊ ငါနားမလည်ဘူး။”
ရှားလျို့ သည် ဤဇာတ်တစ်ခုလုံးကို မစီစဥ်ထားသည့်အလား ရူးချင်ယောင်ဆောင်နေခဲ့သည်။ လင်းဇီချန်သည် မယုံကြည်နိုင်လောက်အောင် အင်အားကောင်းသောကြောင့် ဤသို့သောလူမျိုးနှင့် ပြဿနာမတက်စေချင်ပေ။
“စိတ်မပူပါနဲ့၊ မင်းနားလည်လာမှာပါ”
ထိုအချိန်တွင် လင်းဇီချန်၏ ခန္ဓာကိုယ်အတွင်းမှ အားကြီးသော သွေးစွမ်းအားသည် သမုဒ္ဒရာတစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာကာ သခင်အဆင့်သို့ အရှိန်ပြင်းစွာဖြင့် ရောက်ရှိလျက် ရှားလျို့ကို ထိုးနှက်လိုက်သည်။ နားမလည်သည်ထက် အခုကဲ့သို့ ကိစ္စအပြတ်ရှင်းလိုက်သည်က ပိုကောင်းသည်ဟု ခံယူလိုက်သောကြောင့် ဖြစ်သည်။ ရှားလျို့ သည် လင်းဇီချန်က ဤကဲ့သို့ ထိပ်တိုက်တွေ့မည်ဟု မမျှော်လင့်ထားပေ။
ဘမ်း
အသံထပ်မံကြားရပြန်ပြီးနောက် ရှားလျို့သည် ပြန်ခုခံရန် အချိန်ပင်မရှိဘဲ ဝမ်းဗိုက်အတွင်း ပြင်းထန်သော နာကျင်မှုကို ခံစားလျက်ပင် သူ၏ ခန္ဓာကိုယ်သည် လေထဲသို့ လွင့်ပျံသွားခဲ့ကာ သစ်ပင်၏ ပင်စည်အတွင်းတွင် နစ်မြုပ်သွားသည်။
လေထုထဲမှ စူးရှသောအသံတစ်ခုထွက်ပေါ်လာပြီးနောက် လင်းဇီချန်က ထပ်မံပေါ်လာ၍ ကန်ချလိုက်ရာ ရှားလျို့တစ်ယောက် ထပ်မံလွင့်ပျံသွားပြန်သည်။
ထို့နောက်
‘ဘမ်း’
‘ဘမ်း ဘမ်း ဘမ်း’
‘ဘမ်း’ ‘ဘမ်’’
အသံများစွာက ဆက်တိုက်ပဲ့တင်ထပ်လာသည်။
လင်းဇီချန်၏ သွေးစွမ်းအင်များဖြင့် ပြင်းထန်လှသော လက်သီးသည် မထင်မှတ်ထားသောအလျင်ဖြင့် ရှားလျို့ ကို ထိမှန်သွားကာ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည့်အလား ခံစားလိုက်ရသည်။
ရှားလျို့ သည် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်လည်လိမ့်ဆင်းလာသောအခါ သွေးများဖြင့် ရွှဲနစ်လျက် အသိစိတ်က ဝေဝါးနေပြီဖြစ်သည်။
ထိုအချိန်တွင် လင်းဇီချန်သည် လုံးဝ မချုပ်တည်းထားတော့ဘဲ မေးလိုက်သည်။
“ပြောလေ၊ မင်းတို့ ဘာလို့ ရန်လာစနေတာလဲ”
အပိုင်း (၄၁၇) လူသားမြို့ပြများအပေါ် အစွမ်းကုန်တိုက်ခိုက်မှု
ချွေးစေးများက ရှားလျို့ ၏နဖူးကို ဖုံးလွှမ်းသွားကာ သူ့ခန္ဓာကိုယ်သည် အဆက်မပြတ် နာကျင်ကိုက်ခဲနေ၍ သူ့စိတ်သည်လည်း ကြေမွပျက်စီးနေသည်။ သူသည် အနှစ်နှစ်ဆယ်ကျော်အရွယ် ရှိခဲ့ပြီဖြစ်ကာ ဘဝတစ်လျှောက်လုံး အခြားသူများ၏ အားကျမနာလိုခြင်းကိုသာခံခဲ့ရသည်။
အခုတွင်ကား လူသစ်တစ်ယောက်၏ ထိုးနှက်ချက်ကြောင့် မြေပြင်ပေါ်တွင် လဲနေရပြီဟုတွေးနေမိသည်။ သူအထင်သေးခဲ့သော၊ လှောင်ပြောင်ခဲ့သော၊ မေးခွန်းများထုတ်ခဲ့သော လူသစ်တစ်ယောက်ဖြစ်သည်။ ထိုမျှမကသေး ကမ္ဘာမြေပေါ်မှလာသော အသက် ၁၉ နှစ်အရွယ် လူငယ်လေးတစ်ဦးသာ ဖြစ်သည်။ ဤအရာများသည် သူ၏မာနကို မြေမှုန့်ထဲသို့ နင်းချေပစ်လိုက်သည်။
သို့ရာတွင် သူသည် မကျေနပ်သည်ကိုပင် မပြတော့ဘဲ ပြင်းထန်သော ဝေဒနာကိုသာ ခံနိုင်ရည်ရှိရန် ကြိုးပမ်းနေရသည်။ ထို့နောက် တုန်ရီစွာဖြင့် ပြောလိုက်၏။
“ငါမင်းကို ဒုက္ခပေးဖို့ မရည်ရွယ်ပါဘူး၊ ဟိုလူနှစ်ယောက် မင်းကိုရန်စတာနဲ့ ငါလည်း လူစွမ်းကောင်းဝင်လုပ်ပြီး ကူညီချင်ခဲ့တာ၊ အဲဒါမှပဲ မင်းငါ့ကို မင်းရဲ့အစ်ကိုကြီးအနေနဲ့ အသိအမှတ်ပြုမယ်လို့ မျှော်လင့်ခဲ့လို့ပါ၊ အဲ့လောက်လေးပါပဲ။”
ပြောလိုသည်များ အားလုံးလုပ်ပြီးနောက်တွင် ထပ်မံ၍ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်ကို ငါ့လက်အောက်မှာပဲ ထားချင်ခဲ့တဲ့အကြောင်းက မင်းတို့ရဲ့ ဆင့်ကဲဖြစ်စဥ်စွမ်းအင်တွေကို တွေ့မြင်ထားတာကြောင့် အနာဂတ်မှာ မင်းကို အားကိုးဖို့မျှော်လင့်ထားတယ်။”
အဖွဲ့တွင် တတိယအဆင့်ရှိသော ရှားလျို့ သည် လင်းဇီချန်၏ ခံစားချက်မဲ့သော အကြည့်အောက်တွင် သူ၏ရည်ရွယ်ချက်အားလုံးကို ဝန်ခံလိုက်ခြင်းဖြစ်သည်။ လင်းဇီချန်သည် အဆိုးဆုံးအထိ တွေးယူလိုက်ကာ သူ့ကို အပြတ်ရှင်းပစ်လိုက်မည်ကို ရှားလျို့က စိတ်အပူနေဆုံးဖြစ်သည်။
လင်းဇီချန်သည် ရှင်းပြချက်အားလုံးကို နားထောင်ပြီးနောက်တွင် သူသည် စကားများများစားစား မပြောတော့ဘဲ ပြင်းထန်စွာ ဆောင့်ကန်လိုက်သည်။ ထိုကန်ချက်အပြီးတွင်လည်း သူ ရပ်တန့်မနေသေးဘဲ လော့ချင်းရွှယ် နှင့် ဖုကျုံး တို့၏ရှေ့တွင်ပင် ရှားလျို့ ၏ ခန္ဓာကိုယ်ကို ကြိမ်ဖန်များစွာရိုက်နှက်သကဲ့သို့ သူ့မျက်နှာကိုလည်း မမှတ်မိနိုင်အောင် ထိုးနှက်ခဲ့သည်။
ရှားလျို့ ကို ရိုက်နှက်ပြီးနောက်တွင် သူသည် သစ်ပင်ပင်စည်တွင်နစ်မြုပ်နေသော လျို့ရှင်းယီ နှင့် ကောင်းကျန်းယင် တို့ကိုလည်း ဆွဲထုတ်ရိုက်နှက်ခဲ့ရာ နောက်ဆုံးတွင် သုံးယောက်သား အော်ဟစ်၍ တောင်းပန်ကြသည်။
၎င်းတို့သုံးယောက် မည်မျှပင် တောင်းပန်စေကာမူ လင်းဇီချန်သည် မရပ်တန့်ခဲ့ပေ။ ရှားလျို့ ပြောသမျှ မှန်၊မမှန်ကိုလည်း သူသေချာမသိပေ။ သူသိသည်မှာ
ထိုသုံးယောက်ကို အပြင်းအထန် တုံပြန်၍ ပညာပြရန်သာ ဖြစ်သည်။ မိမိအား သွေးတိုးစမ်းသော ၎င်းတို့အားလုံးကို တန်ပြန်သက်ရောက်မှုသဘောတရားကို သင်ပြပေးလိုခြင်းဖြစ်သည်။ သို့မှသာ နောင်တွင် မလိုအပ်သောပြဿနာများကို ရှောင်ရှားနိုင်မည် ဖြစ်သည်။
…
တခြားတစ်နေရာတွင်မူ
မြို့ရိုးပေါ်ရှိ အစောင့်တပ်သားများနှင့် မြို့လယ်ရှိ အစောင့်များသည် လင်းဇီချန် ၏ အခြေအနေကို သတိပြုမိခဲ့သည်။ လင်းဇီချန်သည် ရှားလျို့၊ လျို့ရှင်းယီ နှင့် ကောင်းကျန်းယင်တို့ကို အလွယ်တကူ ရှင်းလင်းလိုက်ပုံကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရသောကြောင့် အားလုံးမှာ တုန်လှုပ်ချောက်ချားပြီး မယုံကြည်နိုင်လောက်သော အမူအရာများဖြင့် ဆွံ့အနေကြသည်။
လင်းဇီချန် တိုက်ခိုက်ရှင်းလင်းလိုက်ပုံမှာ လက်တွေ့ကျကျ သေရွာအထိ ပို့ပေးနိုင်ခြင်းမျိုး ဖြစ်သည်။ သို့သော် ယခုတွင် သေရွာအထိ ပို့ပေးခြင်းမျိုး မဟုတ်ဘဲ အိပ်ရာထဲတွင် ရက်သတ္တပတ်အတော်ကြာအောင် နေနိုင်သည်အထိတော့ ဖြစ်နိုင်သည်။
မြို့လယ်ရှိ ရုံးခန်းတစ်ခုတွင် လက်ထောက်မြို့တော်သခင် ရှန်ကွမ်းယွဲ့ဟွာက လင်းဇီချန်၏ ရန်လိုသော အကျင့်စရိုက်ကို စိတ်ပျက်ဟန်ဖြင့် ခေါင်းယမ်းနေမိသည်။
“ဒီလူငယ်က သဘောထားသေးသိမ်လိုက်တာ”
အခြား လက်ထောက် မြို့တော်သခင် ပိုင်ဝူပျံ့ကလည်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ သူက နည်းနည်းတော့ သဘောထားသေးသိမ်တယ်၊ အနာဂတ်မှာ ဒီအကျင့်စရိုက်ကို ပြင်မှဖြစ်မယ်၊ မဟုတ်ရင် တခြားသူတွေနဲ့ ပေါင်းသင်းဖို့ ခက်လိမ့်မယ်”
မြို့သခင်ချင်ချွမ်းက စကားဝိုင်း အစအဆုံးတွင် တိတ်ဆိတ်နေ၍ လင်းဇီချန်အား တိတ်တဆိတ် စောင့်ကြည့်ကာ အတွေးနယ်ချဲ့နေလေသည်။ သူ့အတွက် လင်းဇီချန်တစ်ယောက် သဘောထားကြီးမြတ်သည်ဖြစ်စေ၊ သဘောထားသေးသိမ်သည်ဖြစ်စေ မသက်ဆိုင်ပေ။
လူတစ်ယောက် သန်မာကြံ့ခိုင်နေသရွေ့ သူသည် လူများနှင့် လိုက်လျောညီထွေဖြစ်ရန် ကြိုးစားနေနိုင်ဦးမည်ဖြစ်သည်။ သူဂရုစိုက်သော အဓိက အကြောင်းအရာမှာ လင်းဇီချန် ပြသခဲ့သော ခွန်အားပင်ဖြစ်သည်။
ကမ္ဘာမြေပေါ်တွင် ကြီးပြင်းလာခဲ့သည့် အသက် ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်သည် ဆန်းကြယ် သားရဲများနှင့် မျိုးစပ်ခြင်းမရှိဘဲ သွေးသန့်လူသားလမ်းးကြောင်းကို လျှောက်လှမ်းခဲ့သူဖြစ်သည်။ ယုတ္တိကျကျပြောရပါက၊ ဤအချက်နှစ်ခုနှင့် ကိုက်ညီနေသောသူ၏ ဆင့်ကဲပြောင်းလဲခြင်းအရည်အချင်းသည် ဤမျှမမြင့်မားသင့်ပေ။
လင်းဇီချန် ဟူသော မွန်းစတား တစ်ကောင်နီးပါး အားကောင်းသောသူသည် မည်သို့ပေါ်ပေါက်လာသနည်း။
သူနားမလည်နိုင်ခဲ့ဘဲ ပဟေဠိ ဖြစ်နေဆဲပင် ဖြစ်သည်။ ထို့ကြောင့် ချင်ချွမ်းက အတွင်းရေးမှူးဘက်လှည့်ကာ ပြောလိုက်၏။
“လီကျွမ်ရေ လင်းဇီချန်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ယူခဲ့စမ်းပါ။ ငါ အသေးစိတ်လေ့လာရမယ်”
မူလမြေတွင် ကွန်ပျူတာများမရှိသောကြောင့် အချက်အလက်ရှာလိုပါက တစ်စုံတစ်ဦးအား မော်ကွန်းတိုက်သို့ ပို့ဆောင်ရသည်။ မကြာခင်တွင် အတွင်းရေးမှူးသည် ရုံးခန်းမှ မော်ကွန်းတိုက်သို့ ထွက်လာခဲ့သည်။
ထို့နောက် နာရီဝက်အတွင်းပင် အတွင်းရေးမှူးက အထူးထူးထူးခြားခြား အပင်မျှင်များမှ ပြုလုပ်ထားသော ဖိုင်အိတ်တစ်အိတ်ကို ရှန်ကွမ်းထံ လေးစားစွာ လွှဲပြောင်းပေးအပ်ပြီး ပြန်သွားခဲ့သည်။
ရှန်ကွမ်းသည် ဖိုင်အိတ်ကိုယူကာ အဝါရောင်သန်းနေသော စာရွက်တစ်ရွက်ကိုထုတ်၍ စကားလုံးတစ်လုံးစီကို ဂရုတစိုက်ဖတ်လိုက်သည်။ တစ်ချိန်တည်း၌ပင်၊ သူသည် ဝိဉာဉ်စွမ်းအားကို ဖြန့်ကြက်ကာ ရုံးရှိအခြားသူများကို စာဖတ်ခွင့်ပြုလိုက်သည်။
“ဘာလိုဖြစ်တာလဲ၊ လင်းဇီချန်ရဲ့မိဘတွေက သာမန်လူတွေပဲပါလား”
“ဒါက ဖြစ်ရိုးဖြစ်စဥ် ထုံးလမ်းစဥ်လာတွေနဲ့ လုံးဝကိုက်မနေဘူး။”
“အချက်အလက်မှားနေတာပဲ ဖြစ်ရမယ်”
“...”
လင်းဇီချန် ၏ အချက်အလက်ကို ပြန်လည်သုံးသပ်ပြီးနောက် ရုံးခန်းထဲတွင် သံသယများသည် လှိုင်းလုံးသဖွယ် ဖြစ်လာသည်။ သာမာန်စုံတွဲတစ်တွဲသည် ပါရမီရှင်တစ်ဦးအား မမွေးဖွားနိုင်သောကြောင့် တစ်ခုခုလွဲမှားနေသည်ကို အားလုံးသည် ထင်မြင်ယုံကြည်ကြသည်။ နဂါးများကသာ နဂါးကို မွေးဖွားနိုင်သကဲ့သို့ ဖီးနစ်ငှက်များကသာ ဖီးနစ်ငှက်ကို မွေးဖွားနိုင်သည်။ ဤသည်မှာ ဇီဝမျိုးရိုးဗီဇ၏ အခြေခံသဘောတရားဖြစ်သည်။
…..
မြို့တံခါးတွင် ဖြစ်သည်။
လင်းဇီချန်သည် ရိုက်နှက်ခြင်းနေခြင်းကို ရပ်တန့်လိုက်သည်။ ရိုက်နှက်နေရသည်ကို အားရစိတ်ကျေနပ်သွား၍ မဟုတ်ဘဲ အရိုက်ခံရသူ သုံးယောက်လုံး သတိမေ့သွားသောကြောင့်ဖြစ်သည်။
ဆက်လက်၍ ရိုက်နှက်နေပါက သုံးယောက်စလုံး အသက်ထွက်သွားနိုင်သည်။ လင်းဇီချန်က ရက်စက်ကြမ်းကြုတ်လွန်းလှသောကြောင့် ဖုကျုံးသည် မြေပြင်ပေါ်တွင် သတိမေ့နေကြသောသူသုံးဦးကို ကြည့်လိုက်ကာ လင်းဇီချန်အား မည်သည့်အခါမှ ပြဿနာမရှာသင့် ဟူ၍ သူ့ကိုယ်သူ သတိပေးလိုက်သည်။