အပိုင်း ၄၂၁-၄၂၃
Vol. 29 Ch. 421-423
အခန်း (၄၂၁) နှစ်ယောက်တစ်ယောက်!သခင်အဆင့်တိုက်ခိုက်သူနှစ်ယောက်အားအနိုင်ပိုင်းခြင်း!
ကျန်းထောင်းက တကယ်ရှုံးသွားပြီလား
ရှိနေသောသူအားလုံးသည် မိမိတို့ရှေ့မှ သစ်ပင်ပင်စည်ကြီးကိုကြည့်ကာ ပင်စည်အဆုံး၌ မြုပ်နေသောကျန်းထောင်းကို ခေါင်းထောင်ကြည့်ကြပြီး အံ့ဩသင့်နေကြလျက် ပြောစရာစကားပျောက်ဆုံးနေသည်။
ကျန်းထောင်း....
သခင်အဆင့်တိုက်ခိုက်သူ....
သခင်အဆင့်တိုက်ခိုက်သူတစ်ယောက်က ကမ္ဘာမြေက ရောက်လာတာမကြာသေးတဲ့လူသစ်ဆီကနေ တစ်ချက်တည်းနဲ့အနိုင်ယူခံလိုက်ရတာလား
ဘယ်လိုဆင့်ကဲပြောင်းလဲခြင်းကြီးလဲ
ကျန်းထောင်းဖြင့်တိုက်ရာတွင် ရှုံးသည်ထက် နိုင်သည်က ပိုများသော ကျောက်ချင်းရှန်သည် ပထမဆုံးတုန်လှုပ်သွားရသူဖြစ်ကာ ပြောလိုက်မိသည်။
"မကောင်းဆိုးဝါး"
'ဒီလင်းဇီချန်က မကောင်းဆိုးဝါးဖြစ်နေမယ်လို့ ထင်မထားမိဘူး။'
'သူက ကမ္ဘာသားဆိုတာကို မယုံနိုင်ဘူး။'
အဖွဲ့၏နံပါတ်တစ်ဖြစ်သော ကျောက်ချင်းရှန်သည် လင်းဇီချန်က ကျန်းထောင်းကို တစ်ချက်တည်းဖြင့် အနိုင်ပိုင်းလိုက်သည်ကို လက်မခံနိုင်သေးပေ။ ကျန်းထောင်းကသာ တစ်ချက်တည်းဖြင့် ချက်ချင်းရှုံးသွားလျှင် အားညီမျှသောမိမိသည်လည်း ထိုသို့ပင် ရှုံးလိမ့်မည်ဟု ဆိုလိုပေသည်။ လူသစ်လေးဆီမှ ချက်ချင်းအနိုင်ပိုင်းခံရမည်ဟုသောအမှန်တရားကို လက်မခံနိုင်သေးပေ။ မိမိ၏ဆင့်ကဲပြောင်းလဲခြင်းဂုဏ်သိက္ခာကို အတော်အတန်ထိခိုက်စေသည်။
မင်းတို့အားလုံးက ထိပ်တန်းပါရမီရှင်တွေလေ။ ဘာလို့ကြောင့်များ (၁၉) နှစ်သားလေးက ချက်ချင်း ငါတို့ကို သတ်နိုင်ရတာလဲ
ဆင့်ကဲပြောင်းလဲခြင်းလုံးဝမဟုတ်နိုင်ပေ။ ကျောက်ချင်းရှန်၏စိတ်အခြေအနေက ပေါက်ကွဲထွက်လုနီးပါးဖြစ်နေစဉ်တွင် ဂြိုလ်သားဖြစ်သော လော့ချန်းရွှယ်က ဘဝကို သံသယဝင်နေမိသည်။
သူမကိုယ်သူမ အဖွဲ့ထဲတွင် ပြိုင်ဘက်ကင်းပြီး အားအကောင်းဆုံးသူဖြစ်သည်ဟု ယုံကြည်ထားခဲ့သည်။ တစ်ဆင့်ချင်းဆက်ကြိုးစားနေလျှင် အဖွဲ့ထဲ၌ ပထမဖြစ်လာမည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့်ပင်လျှင် ကမ္ဘာမှအရာအားလုံးကို အထင်သေးတတ်သည့်မာန်မာနမျိုးဝင်တတ်ပြီး သူမ၏ပေါင်းသင်းဆက်ဆံရေးက မည်မျှပင် ညံ့ဖျင်းပါစေ နောင်တွင် သူမ၏အင်အားကြီးထွားလာသည်နှင့်အမျှ မည်သူနှင့်မဆို ဆက်ဆံရေးကောင်းနိုင်မည်ဟု ယုံကြည်ခဲ့မိသည်။ အနည်းဆုံးတွင် အပေါ်ယံကထိုသို့ဖြစ်နိုင်သေးသည်။ နေ့တိုင်း အတင်းအဖျင်းပြောခံနေစရာမလိုပေ။ သို့သော်လည်း ယနေ့တွင် လင်းဇီချန်၏လုပ်ဆောင်ချက်ကို မြင်လိုက်ရသည့်အခါ၌ သူမစိတ်ထဲမှ မာနသည် တစ်စစီကျိုးပဲ့သွားကာ ထပ်ပြီးဘဝမလွတ်ရဲတော့ပေ။ ကောင်းကင်ထက်ပင်သာလွန်သော၊ အခြားလူများထက်သာလွန်သောသူများရှိသေးသည်ဟုသောအမှန်တရားကို လက်ခံလိုက်ပေသည်။
သို့သော်လည်း သူမ နားမလည်နိုင်သည်မှာ လင်းဇီချန်က အဘယ့်ကြောင့် ထိုမျှအားကောင်းနေရပါသနည်း။
ဘာကြောင့်လဲ
ဖြစ်နိုင်သည်မှာ....သူကရော ကမ္ဘာကမဟုတ်ဘူးလား
လော့ချန်းရွှယ်သည် ရုတ်တရက်ထိုအကြောင်းကို စဉ်းစားမိသွားပြီး စိတ်ခံစားချက်တို့ ယိမ်းယိုင်သွားရကာ တိုင်းတစ်ပါးမှ အပေါင်းအပါတစ်ယောက်ကို တွေ့လိုက်ရသကဲသို့ ခံစားမိပေသည်။
....
တစ်ဖက်တွင်မူ မြို့လယ်ရှိ အစည်းအဝေးခန်းမ၌ ချင်ချွမ်းသည် မြို့၏ခေါင်းဆောင်များဖြင့် လွန်စွာအရေးကြီးသောအချက်အလက်များကို ဆွေးနွေးနေကြသည်။ မြင့်မြတ်သူအဆင့်ကျွမ်းကျင်သူနှစ်ယောက် အနစ်နာခံသွားသည်ဟုသောအကြောင်းနှင့်အတူ ရောက်လာသောစာတစ်စောင်ပင်ဖြစ်သည်။
"ပိုလာရေခဲအသူရာချောက်နက်ထဲမှာ ရှေးဟောင်းကျောက်စာတွေပေါ်လာတယ်လို့ ပြောထားတဲ့ဒီစာနဲ့ပက်သက်ပြီး အားလုံးဘယ်လိုထင်ကြလဲ။"
ချင်ချွမ်းက ဘေးဘီမှခေါင်းဆောင်များကို ကြည့်၍ မေးလိုက်သည်။
ဘေးတွင်ထိုင်နေသောရှန်ကွမ်းယွဲ့ဟွာက ခေတ္တမျှစဉ်းစားလိုက်ပြီးနောက်တွင် ပြောလိုက်သည်။
"အသူရာချောက်နက်က အသက်ဓာတ်တားမြစ်နယ်မြေဖြစ်လို့ အန္တရာယ်အရမ်းများတယ်။ ငါတို့ ဒီစာကိုလျစ်လျူရှုပြီး တည်ငြိမ်အောင်လုပ်တာကိုပဲ ဦးစားပေးသင့်တယ်ထင်တယ်။"
"မြို့အရှင်ရှန်ကွမ်း ခင်ဗျားပြောတာ အတော်လေးမမှန်ကန်တာပဲ။"
မုတ်ဆိတ်မွေးဖြင့်လူကြီးသည် သူ၏မီးခိုးရောင်မုတ်ဆိတ်မွေးကို သပ်ရင်းဖြင့် ငြင်းလိုက်သည်။
"ဒီစာကို ကျုပ်တို့ရဲ့အရာရှိနှစ်ယောက်ကိုရင်းပြီးမှ ရထားတာ။ ဝင်ဖို့မကြိုးစားဘူးဆိုရင် သူတို့ အနစ်နာခံတာက အလဟဿဖြစ်သွားမှာပေါ့။"
"အဲ့ဒါအပြင် အသူရာချောက်နက်ထဲမှာ ရှာတွေ့ခဲ့တဲ့ အမွေအနှစ်တွေမှာ ကျုပ်တို့စိတ်ကူးထားတာထက် ပိုတဲ့ ဆင့်ကဲပြောင်းလဲခြင်းအရင်းအမြစ်တွေပါတယ်။ ရှေးဘိုးဘေးအဆင့်တွေက အသူရာချောက်နက်အမွေအနှစ်တွေကနေ ပေါက်ဖွားလာကြတာ။ အခု မူလမြေမှာ အရေးမသာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီဆိုတော့ ပိုပြီးများတဲ့ရှေးဘိုးဘေးအဆင့်တွေကို မွေးထုတ်ပေးနိုင်ဖို့ ကျုပ်တို့ စွန့်စားကြရမယ်။"
မည်သူမှ ချက်ချင်းမထောက်ခံသော်လည်း အချင်းချင်းကြည့်ကာ အခြားသူများ မည်သို့တုံ့ပြန်မှုကို စောင့်နေကြသည်။
ထိုအချိန်တွင် ရှန်ကွမ်းယွဲ့ဟွာကဲ့သို့ ဒုမြို့အရှင်ဖြစ်သော ပိုင်ဝူပျံ့က ဦးစွာ ပြောလာသည်။
"စစ်သူကြီးချန်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ကျွန်တော်ခုအခြေအနေက မရှင်းမလင်းဆိုတော့ သေချာဆင်ခြင်ကြည့်မယ်ဆိုရင် ဖြည်းဖြည်းချင်းသေနေတာပဲ။ အံ့ဩစရာကောင်းတဲ့တစ်ကျော့ပြန်လာတာမျိုးကို လုပ်ချင်ရင် စွန့်စားရမှာပေါ့။"
တစ်ယောက်က ထောက်ခံလိုက်သည်နှင့် ဒုတိယ၊ တတိယနှင့်စတုတ္ထတို့ကလည်း နောက်မှပြောလာကြသည်။
"စစ်သူကြီးချန်းနဲ့ မြို့အရှင်ပိုင်ပြောတာကို ထောက်ခံပါတယ်။ ကျုပ်တို့လက်ရှိအခြေအနေက ခက်ခဲနေတာ။ အခြေအနေကို ပြောင်းလဲဖို့ ဖြတ်ကျော်တာမျိုးလုပ်ရမယ်။ မဟုတ်ရင် မျိုးတုံးမှာက အချိန်ကိစ္စတစ်ခုပဲဖြစ်လာလိမ့်မယ်။"
"ကျုပ်တို့မှာက ဘိုးဘေးအဆင့်သက်ရှိက နည်းနည်းလေးပဲရှိတာ။ အားလုံးက စွန့်လွှတ်အနစ်နာခံရင်းနဲ့ တစ်ယောက်ချင်းစီဆုံးရှံးနေရတဲ့ ရှေးဟောင်းမသေမျိုးတွေ။ ကျုပ်တို့တွေ အားလုံးကို ယုံကြည်ချက်ရှိသွားအောင် ဘိုးဘေးအဆင့်သူတွေကို မွေးထုတ်ပေးဖို့လိုနေပြီ။"
"ရိုးရိုးသားသားပြောရရင် အသူရာချောက်နက်အမွေအနှစ်တွေက အန္တရာယ်များတယ်ဆိုပေမဲ့ အဲ့ထဲကိုဝင်တဲ့ ဒဏ္ဍာရီအဆင့်ဆယ်ယောက်မှာ ကိုးယောက်လောက်သေတဲ့စွန့်စာမှုမျိုးလုပ်ရမယ်ဆိုပေမဲ့ အသက်ရှင်မဲ့အခွင့်အရေးတစ်ခုတော့ကျန်သေးတယ်လေ။ ကျုပ်တို့သာ ဘေးကင်းကင်းနဲ့ဆက်လုပ်နိုင်မယ်ဆိုရင် အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်မရှိတော့တာမျိုးမဟုတ်ဘူး။ နည်းနည်းလောက်ပဲကြာမှာ။"
"...."
ခေါင်းဆောင်များ၏ သုံးပုံပုံနှစ်ပုံသည် ထိုဘက်မှရပ်တည်ကာ စွန့်စားရန် ရွေးချယ်လိုက်ကြသည်။
ထို့ကြောင့် မြို့အရှင်ချင်ချွမ်းက ဆုံးဖြတ်လိုက်သည်။
"အများစုက စွန့်စားဖို့လိုတယ်လို့ ထင်တယ်ဆိုမှတော့ လုပ်ကြတာပေါ့။ အမွေအနှစ်မပွင့်ခင်အချိန်အတွင်း တိကျသေချာတဲ့အစီအစဉ်တစ်ခုလုပ်ဖို့ ဆွေးနွေးကြမယ်။"
ဒဏ္ဍာရီအဆင့်ဖြစ် နှစ်ရာချီတံ့နေပြီး ရှေးဘိုးဘေးအဆင့်ရောက်ချင်လွန်းနေသောသူသည် ရလဒ်တစ်ခုရရန်အတွက် နည်းလမ်းရှာမည်မှာသေချာသည်။
"မြို့အရှင် တစ်ခုခုဖြစ်သွားပြီ။"
ရုတ်တရက်ပင် အမျိုးသမီးအရာရှိတစ်ဦးရောက်လာသည်။
တစ်ခုခုဖြစ်သည်ကို ကြားလိုက်သောအခါတွင် ချင်ချွမ်းက မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာဖြစ်တာလဲ။"
အမျိုးသမီးအရာရှိက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ဂြိုလ်လူသားအဆင့်ပါရမီရှင်အဖွဲ့ အသစ်ရောက်လာတဲ့ကလေး လင်းဇီချန်က သခင်အဆင့်ဖြစ်တဲ့ ကျန်းထောင်းကို ချက်ချင်းသတ်ပစ်လိုက်နိုင်တယ်။"
ဘာ
ထိုစကားကိုကြားလိုက်ရသောအခါတွင် အစည်းအဝေးခန်းမထဲမှသူအားလုံးသည် ခေတ္တမျှကြောင်သွားကြပြီး နားကြားမှားသည်ဟု ထင်လိုက်မိသည်။ ဂြိုလ်လူသားအဆင့်ပါရမီရှင်အဖွဲ့သို့ ဝင်ခါစပင်ရှိသေးသောလူသစ်က သခင်အဆင့်ထိဆင့်ကဲပြောင်းလဲထားသောကျန်းထောင်းကို အနိုင်ယူလိုက်တယ်တဲ့လား
အခန်း (၄၂၂) နှစ်ယောက်တစ်ယောက်!=သခင်အဆင့်တိုက်ခိုက်သူနှစ်ယောက်အားအနိုင်ပိုင်းခြင်း!(၂)
မည်သို့ဖြစ်နိုင်မည်နည်း။
အမှတ်မှားတာဖြစ်နိုင်မလား
ခေါင်းဆောင်များက အမှန်ဆိုသည်ကို မယုံနိုင်ကြပေ။ တစ်ယောက်ချင်းစီသည် အလွယ်မယုံတတ်သောသဘောထားရှိကြသည်။
"သွားကြစို့။ အဲ့မြင်ကွင်းကို သွားကြည့်ရအောင်။"
ချင်ချွမ်းက ထ၍ ထိုစကားကိုပြောကာ နောက်တွင် သူ၏ပုံရိပ်သည် ပျောက်ကွယ်သွားတော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ၌ အခြားခေါင်းဆောင်များကလည်း အမြန်ပင် လိုက်သွားကြသည်။
....
ကြီးမားလှသည့် သစ်သားအခန်းကြီးထဲတွင် လူအုပ်သည် ဖြည်းဖြည်းချင်း အသိဝင်လာကြပြီး သဘောတူထားကြသည့်အတိုင်း လင်းဇီချန်ကို မကောင်းဆိုးဝါးတစ်ကောင်မြင်လိုက်ရသကဲ့သို့ လှည့်ကြည့်မိကြသည်။ ယခုအထိ အစစ်မဟုတ်ဟု ခံစားနေမိကာ လင်းဇီချန်ကဲ့သို့ကမ္ဘာမြေသားက ကောင်းကင်ဖီဆန်နိုင်သည့်အစွမ်းရှိသည်ကို ယုံကြည်ရန်ခက်ခဲနေလေသည်။
အသက်ရှင်လာသည့်တလျှောက် ဂြိုလ်လူသားများထက် ဆင့်ကဲပြောင်းလဲခြင်းပါရမီပိုသာသော ကမ္ဘာသားတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အိပ်မက်မက်နေသကဲ့သို့ပင် ဖြစ်၏။
"ဘုန်း...."
ရုတ်တရက်ပင် နားကွဲမတတ်ဆူညံသံကို ကြားလိုက်ရသည်။
လျှိုအစွန်းမှ ကောင်းကင်ထိထိုးတက်နေသည့်သစ်ပင်ကြီးက ပေါက်ကွဲသွားသည်။ ပင်စည်ထဲတွင် ပိတ်မိနေသောကျန်းထောင်းသည် မျောက်ဘုရင်စွန်းဝူခုံး ပြန်လည်မွေးဖွားလာသကဲ့သို့ သစ်သားအပိုင်းအစများအလယ်တွင် ကောင်းကင်ပေါ်သို့ ခုန်ပျံသွားကာ အားလုံးရှေ့ရှိ မြေကြီးပေါ်သို့ ကျလာသည်။
လက်တစ်ဖက်ကျိုးသွားသော သုံးမီတာရှိသည့်ဘီလူကြီးအဖြစ် ပြောင်းသွားကာ တိုက်ခိုက်နိုင်စွမ်းက မဆုံးရှုံးသေးပေ။ မတ်တတ်ရပ်နိုင်နေဆဲဖြစ်သည်။ လင်းဇီချန်သည် မလှမ်းမကမ်းမှ ကျန်းထောင်းကိုကြည့်၍ အနည်းငယ်မျှအံ့ဩမိသည်။ သူ၏နောက်ဆုံးတံတောင်တွတ်ချက်က အနည်းဆုံး ခွန်အားငါးဆယ်ရာခိုင်နှုန်းကို လျော့သွားစေနိုင်သည်။ သခင်အဆင့်သို့ ဆင့်ကဲပြောင်းလဲစဖြစ်သော ကျန်းထောင်းတစ်ယောက် အတော်အတန်အထိနာသွားပြီဟု ထင်မိကာ မတ်တတ်ပင်မရပ်နိုင်တော့ဟု ထင်လိုက်မိသည်။ သို့သော် ယခုတွင်မူ မိမိဘာသာ အတော်လေးအထင်ကြီးမိသွားသည့်ပုံပေါ်သည်။ မဟုတ်လျှင်လည်း တစ်ဖက်သူ၏အင်အားကို အထင်သေးမိခဲ့ခြင်းပင် ဖြစ်မည်။
"စောနက ငါမင်းကို အထင်သေးမိသွားတယ်။ ထပ်စလိုက်ရအောင်။"
သွေးဆာနေသောမျက်လုံးများဖြင့် ကျန်းထောင်းက လင်းဇီချန်ကို ကြည့်ကာ ပြောလိုက်သည်။ ထို့နောက်တွင် အကြင်နာကင်းမဲ့သောနှလုံးသားဖြင့် သူသည် ခန္ဓာကိုယ်တွင်းမှ ဆန်းကြယ်သားရဲမျိုးစိတ်ကို အဆီအနှစ်သွေး ကျွေး၍ ကြီးမားသော ခန္ဓာကိုယ်ဖြစ်အောင် ပြောင်းလိုက်သည်။
"ဘတ်"
"ဘတ်"
"ဘတ်"
ထိုအသံနှင့်အတူ မာကျောသောအရာများက အသားကိုထိုးဖောက်သွားသောအသံများ ထွက်လာသည်။ ကျန်းထောင်း၏ခန္ဓာကိုယ်သည် ပို၍ကျယ်ပြန့်သွားကာ အရပ်က လေးမီတာနီးပါးဖြစ်သွားပြီး ဆူးကဲ့သို့အရိုးတန်းကြီးက နောက်ကျောဘက်တွင် ပေါက်လာပြီး ကြီးမားသော လူသားပုံစံ မကောင်းဆိုးဝါးကြီးအဖြစ် အသွင်ပြောင်းသွားသည်။
"ဒီလောက်အားကောင်းတဲ့အငွေ့အသက်နဲ့ဆိုရင် သခင်အဆင့်ပထမအဆင့် ပြီးပြည့်စုံခြင်းပဲဖြစ်ရမယ်။"
ကျန်းထောင်းကိုယ်မှထုတ်လွှတ်သောပြင်းထန်သည့်အငွေ့အသက်ကို ခံစားမိသော ဆရာဖြစ်သူလန်ထျန်ပိုင်က အံ့ဩသွားသည်။ သခင်အဆင့်ဖြစ်သောကျန်းထောင်းသည် သခင်အဆင့်ပထမအဆင့် ပြီးပြည့်စုံခြင်းအဆင့်အထိ ခုန်တက်သွားနိုင်မည်ဟု ထင်မထားမိပေ။ ထိုပါရမီက လွန်စွာချဲ့ကားလွန်းရာကျပေသည်။
ကျောက်ချင်းရှန်လည်း အံ့ဩသင့်နေမိသည်။ ထိုအချိန်တွင် သူ၏မျက်နှာ၌ ဘဝတစ်ခုလုံးနှင့်ပက်သက်၍ ပြန်လည်မေးခွန်းထုတ်နေဟန်ပေါက်သည်။ မိမိ၏စွမ်းအားက အမြဲတမ်းကျန်းထောင်းထက် သာသည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း ယခုတွင်မူ မှားသွားလေပြီ။ မိမိဆိုလျှင်ပင် သခင်အဆင့်ဆင့်ကဲပြောင်းလဲပြီးခါစ၌ သခင်အဆင့်ပထမအဆင့်ပြီးပြည့်စုံခြင်းသို့ ချက်ချင်းမရောက်နိုင်ပေ။ သို့တိုင် မိမိရှေ့က ကျန်းထောင်းက ထိုသို့လုပ်နိုင်ခဲ့သည်။
ထိုအချက်က ရိုက်ချက်ကြီးကဲ့သို့ပင်ဖြစ်ကာ လက်ခံရန် ခက်ခဲပေသည်။
"ဝှစ်"
နားပေါက်ကွဲမတတ်ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ကြည့်နေသူများ၏အံ့ဩသောအကြည့်အောက်တွင် ကျန်းထောင်းသည် ငရဲမှတက်လာသောမကောင်းဆိုးဝါးကဲ့သို့ ပြောင်းလဲသွားပြီး လင်းဇီချန်ဆီသို့ ကျောချမ်းမတတ်ကြောက်စရာကောင်းသောအရှိန်မျိုးဖြင့် ပြေးဝင်သွားသည်။
"ဇီချန် သတိထား။"
ရှန်ချင်းဟန်က စိုးရိမ်တကြီးဖြင့်လှမ်းအော်လိုက်သည်။
အငွေ့အသက်က ကြောက်စရာကောင်းလွန်းနေသောကျန်းထောင်းကို မြင်သည့်အခါတွင် သူမသည် လင်းဇီချန်ကို ယုံကြည်ချက်ရှိသော်လည်း စိတ်ပူသွားမိသည်။ လင်းဇီချန်က ဘာမှမပြောဘဲ တိတ်တဆိတ်ပင် သူ၏ချီသွေးစွမ်းအားကို ရှစ်ဆယ်ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်ပြီး ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ထိုးနှက်ရန် အဆင်သင့်ဖြစ်နေသည်။
နောက်တွင်မူ ဘုန်းခနဲအသံကို ကြားလိုက်ရသည်။
လေးမီတာရှည်သည့်ပုံရိပ်သည် အမြန်ဆုံးနှုန်းဖြင့် နောက်သို့လွင့်စင်သွားကာ ဆယ်မီတာရှည်သည့်တောင်ကုန်းတွင် ဆူညံသံကြီးထွက်ပေါ်လာပြီး ဖုံမျာထလာကာ တိမ်ပွင့်ပုံပင် ပေါ်သွားသည်။ အားလုံးသည် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားဖြင့် အံ့ဩနေကြသည်။
သခင်အဆင့်ပြီးပြည့်စုံခြင်းက ချက်ချင်းကန်ခံလိုက်ရသည်လား
မဖြစ်နိုင်ဘူး....
လင်းဇီချန်က ဘယ်လိုမကောင်းဆိုးဝါးပါလိမ့်
"ဘုန်း...."
ဆယ်မီတာရှည်သည့်တောင်ကုန်းက မိုးခြိမ်းသံတမျှ ပေါက်ကွဲထွက်သွားသည်။
သားရဲတစ်ကောင်အဖြစ် ပြောင်းသွားသောကျန်းထောင်းသည် ခုန်ထွက်လာပြီး လူအုပ်၏မြင်ကွင်းရှေ့သို့ ရောက်လာသည်။ ယခုတစ်ခေါက်တွင် လက်မောင်းတစ်ဖက်သာ ကျိုးခြင်းမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ဝက်လုံး စုတ်ပြတ်သွားကာ ဒဏ်ရာအပြင်းအထန်ရထားပြီး အသက်ပင်မနည်းရှုနေရသည်။ ဒဏ်ရာက ပြင်းထန်သော်လည်း ဒဏ်ရာတွင်ရှိသည့်ဆဲလ်များက လျင်မြန်စွာကုစားသောကြောင့် မျက်စိဖြင့်အနီးကပ်ကြည့်ကြည့်လျှင် တွေ့နိုင်ကာ မကြာခင်တွင်ပင် အပြည့်အဝပြန်ကောင်းသွားသည်။
"ငါ့ရဲ့ချီသွေးရှစ်ဆယ်ရာခိုင်နှုန်းသုံးလိုက်တာတောင်မှ သူ့ကို မတ်တပ်မရပ်နိုင်အောင်လောက်အထိ ဒဏ်ရာမပြင်းစေဘူးလား။"
'ဒီဂြိုလ်သားပါရမီရှင်ကျန်းထောင်းက တကယ်ကို ခန္ဓာကိုယ်ကြံ့ခိုင်တာပဲ။"
လင်းဇီချန်သည် စိတ်ထဲမှ ကျန်းထောင်းကို ချီးကျူးနေမိသည်။
မွေးကတည်းက အသက် (၁၉) နှစ်အတွင်း ထိုမျှထိ ခန္ဓာကိုယ်ကြံ့ခိုင်သည့်ပြိုင်ဘက်ကို မတွေ့ခဲ့ဖူးပေ။
"လင်းဇီချန် ငါရှုံးတာဝန်ခံပြီ။ ငါမင်းကို မနိုင်နိုင်ဘူး။"
မောနေသောကျန်းထောင်းသည် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ သူသည် အရှုံးနှင့်အနိုင်နှစ်မျိုးလုံးကို ကိုင်တွယ်နိုင်သည်။ မိမိထက်သာလျှင် မိမိထက်သာသည်။ ခေါင်းမာနေစရာအကြောင်းမရှိပေ။ ကျန်းထောင်းက ဝန်ခံလိုက်သည်ကို မြင်သောအခါတွင် ဂြိုလ်လူသားပါရမီရှင်များက မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။ အချိန်တိုအတွင်းတွင်ပင် ဂြိုလ်လူသားပါရမီရှင်တစ်ဖွဲ့လုံး ဗြောင်းဆန်သွားသည်။ အမှန်ပင်ရုတ်တရက်ဆန်လှပေသည်။ မည်သူမှ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခြင်းမရှိပေ။
ထိုအချိန်တွင် ဆရာဖြစ်သူလန်ထျန်ပိုင်က မလှမ်းမကမ်းမှ ကျောက်ချင်ရှန်းကိုကြည့်၍ အော်ပြောလိုက်သည်။
"ချင်ရှန်း ကျန်းထောင်းနဲ့ နှစ်ယောက်တစ်ယောက်ပေါင်းပြီး လင်းဇီချန်ဘယ်လောက်အားကောင်းလဲ စမ်းကြည့်ကြ။"
"အမ်"
ကျောက်ချင်ရှန်းသည် ထိုစကားကို ကြားသောအခါတွင် ခေတ္တမျှကြောင်သွားသည်။ ကလေးဘဝကတည်းကပင် ပြိုင်ဘက်မရှိအားကောင်းခဲ့သောသူသည် ယခုတွင် သနားစဖွယ်အခြေအနေဖြင့် အသစ်လေးအတွက်အစမ်းသပ်ခံလုပ်ပေးရတော့မည်ဖြစ်သည်။
အဖွဲ့ထဲမှာ နံပါတ်တစ်ဆိုတဲ့ဂုဏ်သိက္ခာကို တက်နင်းရန် လိုလို့လား
စိတ်ထဲ၌ စဉ်းစားနေစဉ်တွင်ပင် မကြာခင်တွင်ပင် အဆီအနှစ်သွေးကို ထပ်၍ရင်းကာ ခန္ဓာကိုယ်တွင်းမှဆန်းကြယ်သားရဲမျိုးစိတ်ကို ကျွေးလိုက်ပြန်သည်။ ထို့နောက်တွင် ခန္ဓာကိုယ်မှ ရွှေရောင်အမွှေးများထွက်လာပြီး မည်းမှောင်နေသောမျက်ဝန်းအိမ်ကလည်း ရွှေရောင်အလင်းတန်းထွက်လာကာ ချီသွေးနှင့် ဝိညာဉ်စွမ်းအားနှစ်ခုလုံးကလည်း သခင်အဆင့်ပြီးပြည့်စုံခြင်းအထိ တိုးမြင့်လာသည်။
နီးပါးမျှသာ ဖြစ်ကာ အပြည့်အဝမဟုတ်ပေ။ ကျန်းထောင်းဖြင့်ယှဉ်လျှင် အားနည်းနေဆဲဖြစ်သည်။
"ချင်ရှန်း သွားကြမယ်။"
ကျောက်ချင်ရှန်းက ဆန်းကြယ်သားရဲမျိုးစိတ်ကို အပြည့်အဝအသက်သွင်းပြီးနောက်တွင် ကျန်းထောင်းက အော်ပြောလိုက်၏။ ကျောက်ချင်ရှန်းနှင့်ကျန်းထောင်းနှစ်ယောက်ဆိုလျှင် လင်းဇီချန်နိုင်မည်မဟုတ်ဟု ယုံထားလိုက်သည်။ ထိုစကားကို ကြားသောအခါတွင် ကျောက်ချင်ရှန်းက ခေတ္တမျှပင် တွန့်ဆုတ်မနေပင်။ ချက်ချင်းပင် ခြေထောက်တွင် အားထည့်ကာ ကျန်းထောင်း၏ခြေလှမ်းနောက်မှလိုက်ပြီး လင်းဇီချန်ရှိရာသို့ ပြေးဝင်သွားသည်။ ပြေးဝင်လာသောသူနှစ်ယောက်နှင့် မျက်နှာချင်းဆိုင်မိသောအခါတွင် လင်းဇီချန်က ခပ်ရေးရေးလေး ပြုံးလိုက်သည်။
"ငါ့ရဲ့ခန္ဓာကိုယ်အားကိုပဲပြလာတာ။ ခုက မတူတဲ့အရာမျိုးပြရမဲ့အချိန်ပဲ။"
ပြောပြီးသည်နှင့် အဆင့်မြင့်ဝိညာဉ်ကို အမြင့်ဆုံးထိ တင်လိုက်သည်။ ထို့နောက်တွင် တောအရှင်စွမ်းအားကို အသက်သွင်းကာ တစ်ကီလိုမီတာအချင်းဝက်မှ အပင်အားလုံးကို နှိုးလိုက်၏။
"ဘုန်း"
တောအရှင်အစွမ်းအောက်တွင် မိုးထိထောင်နေသောသစ်ပင်ကြီးများက ၎င်းတို့ဘာသာ အမြစ်မှထွက်လာပြီး အားလုံးစုစည်းရာနေရာသို့ ရွေ့လာကြသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် သစ်ပင်ကြီးများ ဝိုင်းလိုက်ပြီး အားလုံးရှိနေသောနေရာက သစ်ပင်လှောင်ချိုင့်ဖြစ်သွားသည်။ တစ်ချိန်တည်းတွင်ပင် ကြက်သွေးနီရောင်နွယ်ပင်တို့က မြေကြီးထဲမှထွက်လာပြီး ချက်ချင်းပင် ကောင်းကင်သို့ရောက်သွားကာ ကွန်ရက်ကြီးဖြစ်လာပြီး သစ်ပင်လှောင်ချိုင့်အောက်ခြေကိုပါ ပိတ်သွားပြီး အားလုံးသည် အထဲတွင် ပိတ်မိသွားတော့သည်။
"ရန်သူတိုက်ခိုက်ကြ...."
"ဂမ္ဘီရသစ်ပင်ဂိုဏ်းက မိစ္ဆာဒိဌိတွေက မြို့ထဲကိုဝင်ပြီး တိုက်ခိုက်လာပြီ။"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
သစ်ပင်လှောင်ချိုင့်မှသူအားလုံး အော်ဟစ်နေကြသည်။ ကျန်းထောင်းက အမြန်ပင် ခြေလှမ်းတို့ရပ်သွားသည်။
'မင်းတို့နှစ်ယောက် ငါ့ကို လာတွေ့စမ်းပါ'
အားလုံးက လန့်သွားကြကာ ဂမ္ဘီရသစ်ပင်ဂိုဏ်း၏တိုက်ခိုက်မှုဟု ထင်နေကြသည်။ လင်းဇီချန်၏အစွမ်းဖြစ်သည်ကို သိလိုက်သောအခါတွင် အားလုံး အံ့ဩသွားကြသည်။
အခန်း (၄၂၃) မြို့၏အကြီးအကဲများ အံ့ဩသွားမှု
"ဘာတွေဖြစ်နေတာလဲ။"
"သစ်တောထဲမှာဘာတွေဖြစ်နေတာလဲ။"
"ဂမ္ဘီရသစ်ပင်ဂိုဏ်းတိုက်ခိုက်တာလား။"
မြို့ထဲတွင် လူများစွာသည် လင်းဇီချန်ဖန်တီးလိုက်သောသစ်ပင်လှောင်ချိုင့်ကြီးက မျက်စိတစ်မှိတ်အတွင်းပေါ်လာသည်ကို သတိထားမိလိုက်သည်။
ထိုမြင်ကွင်းဖြင့် ရင်ဆိုင်လိုက်ရသည့်အခါတွင် အားလုံး၏အမူအရာက အံ့ဩမှုဖြင့် ပြည့်နှက်သွားကာ ခေတ္တခဏအထိ မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ မြို့နံပါတ်တစ်၏ခုခံရေးသည် ယင်တစ်ကောင်မဝင်နိုင်အောင်အထိ တင်းကြပ်လှသည်။ သို့တိုင် ဂမ္ဘီရသစ်ပင်ဂိုဏ်းက မြို့ထဲ၌ ထိုမျှကြီးမားသောတိုက်ခိုက်မှုမျိုး လုပ်နိုင်သည်ဆိုသည်မှာ မိမိတို့ထဲမှ အဆင့်မြင့်အရာရှိများ ပေါင်းကြံ၍သာဖြစ်မည်။ အခြေအနေက ပြင်းထန်လှ၏။
ယနေ့တွင် တိုက်ပွဲကြီးဖြစ်ရန် ကံပါလာပြီးဖြစ်သည်။ ကပ်ဘေးများစွာဖြစ်နိုင်သောတိုက်ပွဲပင်ဖြစ်ရမည်။
"မြန်မြန် အရေးပေါ်ခေါင်းဆောင်တွေ မင်းတို့လူတွေကို စုစည်းပြီး အခြေအနေကို သွားစစ်ဆေးချည်။"
အမိန့်ပေးလိုက်သည်နှင့် မြို့ထဲမှ အားကောင်းသောသူများစွာသည် ကောင်းကင်ထက်သို့ ပျံဝဲသွားကြပြီး သစ်ပင်လှောင်ချိုင့်ကြီးဆီသို့ ဦးတည်သွားကြသည်။ အးလုံးသည် တင်းမာနေသောအမူအရာမျိုးရှိကာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေလေသည်။
....
တစ်နေရာရာတွင်မူ ချင်ချွမ်းနှင့် အခြားသောမြို့ခေါင်းဆောင်များသည် သစ်ပင်လှောင်ချိုင့်အပေါ်သို့ ရောက်လာပြီး လေးနက်သောမျက်နှာထားများဖြင့် မြင်နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။ သစ်ပင်လှောင်ချိုင့်ပုံမပေါ်ခင် လင်းဇီချန်နှင့်အခြားသူများရှိသည့်နေရာအပေါ်သို့ ရောက်သွားကာ လင်းဇီချန်က ဝိညာဉ်စွမ်းအားသုံး၍ သစ်ပင်ကြီးများနှင့် ကြက်သွေးနီရောင်နွယ်ပင်များကို ဆင့်ခေါ်သည်ကို ကိုယ်တိုင်တွေ့လိုက်ကြသည်။
ထိုမြင်ကွင်းကြောင့် လုံးဝအံ့ဩသင့်နေကြပေသည်။
"ဘာဖြစ်နေတာလဲ။ ဘာလို့ လူသစ်က သစ်ပင်တွေကို ထိန်းချုပ်ပြီး နွယ်ပင်တွေကို ဆင့်ခေါ်နိုင်ရတာလဲ။"
"ဂမ္ဘီရသစ်ပင်ဂိုဏ်းက မိစ္ဆာဒိဌိများလား။"
"မဖြစ်နိုင်ဘူး။ သူက မိစ္ဆာဒိဌိမဖြစ်နိုင်ဘူး။ သူက သွေးသန့်လူသားပဲ။ သူ့ခန္ဓာကိုယ်ထဲမှာ ဆန်းကြယ်သားရဲမျိုးစိတ်မရှိဘူး။ ဘယ်လိုလုပ် အပင်နဲ့နွယ်ပင်တွေကို ထိန်းချုပ်နိုင်မှာလဲ။"
"သူ့ရဲ့ဝိညာဉ်စွမ်းအားက အားကောင်းလွန်းလို့ အပင်တွေကို ထိန်းချုပ်နိုင်တာများလား။"
"မဖြစ်နိုင်ဘူး။ သူ့ဝိညာဉ်စွမ်းအားက အားကောင်းတယ်ဆိုရင်တောင်မှ ငါတို့လောက် အားကောင်းပါ့မလား။ ငါတို့တောင် မလုပ်နိုင်တာ သူက ဘယ်လိုလုပ်လုပ်နိုင်မှာလဲ။"
"အဲ့လိုဆို သူက ဘာလဲ။"
ခေါင်းဆောင်များက အချင်းချင်းပြောနေကြပြီး တစ်ယောက်ကမှ လက်ရှိအခြေအနေနှင့်ပက်သက်၍ ရှင်းရှင်းလင်းလင်း မသိပေ။
မြို့အရှင် ချင်ချွမ်းတစ်ယောက်သည်သာ နက်နက်နဲနဲတွေးနေလေ၏။
လင်းဇီချန်သည် ဆင့်ကဲပြောင်းလဲသူမဟုတ်ပေ။ သို့တိုင် ဂမ္ဘီရသစ်ပင်ဂိုဏ်းမှမိစ္ဆာဒိဌိကဲ့သို့ အပင်နှင့်နွယ်ပင်များကို ထိန်းချုပ်နိုင်သည်။ ထိုအခြေအနေကို ရှင်းပြရန် ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။ ပထမတစ်ခုသည် လင်းဇီချန်မှာ နတ်ဘုရားများခေတ်မှ ယနေ့အထိ ရှင်ကျန်ခဲ့သော မသေမျိုးသခင်ဖြစ်ပေမည်၊ မဟုတ်လျှင် ဆင်းသက်လာသူဖြစ်ပေမည်။ ဒုတိယဖြစ်နိုင်ချေမှာ လင်းဇီချန်က ကမ္ဘာမှမဖြစ်နိုင်ခြင်းပင် ဖြစ်၏။ ဖြစ်နိုင်ချေနှစ်ခုလုံးသည် အံ့ဩတုန်လှုပ်ဖွယ်ကောင်းလှသည်။
....
သစ်ပင်လှောင်ချိုင့်ထဲတွင် လန်ထျန်ပိုင်၏ဦးဆောင်မှုဖြင့် ဂြိုလ်သားပါရမီရှင်တို့သည် အမြန်ပင် လေ့ကျင့်ထားသည့်အတိုင်း နေရာယူလိုက်ကြပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည်။ ထိုအချင်းအရာကိုမြင်သော ရှန်ချင်းဟန်က ပြောလိုက်ချင်မိသည်။ ဂမ္ဘီရသစ်ပင်ဂိုဏ်းကတိုက်ခိုက်မှုမဟုတ်ဘဲ လင်းဇီချန်လုပ်နေခြင်းသာဖြစ်ကြောင်း ပြောချင်သည်။ သို့သော်လည်း သူမ ဘာမှမပြောနိုင်ခင်တွင်ပင် လင်းဇီချန်က ခေါင်းခါပြကာ ထုတ်မပြောရန် အချက်ပြလိုက်သည်။ လင်းဇီချန်သည် မိမိတစ်ယောက်တည်းဖြင့် ဂြိုလ်လူသားတစ်ဖွဲ့လုံးကို နိုင်မည်လားကို စမ်းကြည့်ချင်နေသည်။ ရူးလောက်စရာပင်ဖြစ်သည်။ သို့သော်လည်း အမှန်ပင် ထိုသို့စမ်းကြည့်ချင်နေမိ၏။ အင်အားအပြည့်ထုတ်သုံးလိုက်သည့်အခါတွင် မည်မျှအားကြီးမည်ကို မြင်ချင်နေမိသည်။
"ဟမ်"
"ဟမ်"
"ဟမ်"
လေကိုခွင်းလာသောဝှစ်ခနဲအသံကို ကြားလိုက်ရသည်။ သစ်ပင်လှောင်ချိုင့်ထိပ်ပိုင်းမှ နွယ်ကွန်ရက်၏များလှစွာသောကြက်သွေးနီရောင်နွယ်ပင်တို့က ကျလာပြီး လန်ထျန်ပိုင်နှင့်အခြားသူများကို အားဖြင့်ပစ်ခတ်လေတော့သည်။ ကြောက်စရာကောင်းသောနွယ်ပင်များဖြင့် ရင်ဆိုင်ရသည့်အခါ၌ လန်ထျန်ပိုင်၏ချီသွေးက ချက်ချင်း တိုးမြင့်လာပြီး လက်ထဲမှဓားရှည်ကြီးကို ကိုင်ကာ ရှိသမျှအားဖြင့် စစ်သည်ထောင်ချီ၏အရှိန်အဟုန်မျိုးဖြင့် တိုက်ခိုက်တော့သည်။ ချီသွေးဓားက တိုက်ခိုက်လိုက်သည်နှင့် လေထုသည် လှိုင်းလုံးကဲ့သို့ မြင့်တက်လာပြီး ကြောက်စရာကောင်းသောအဟုန်မျိုးဖြစ်သွားသည်။ မကြာခင်တွင်ပင် နွယ်များပြတ်တောက်သွားသံကို ကြားလိုက်ရသည်။
ကြက်သွေးနီရောင်နွယ်ပင်များသည် ချီသွေးဓားကြောင့် အမှုန်များစွာဖြစ်သည်အထိ အပိုင်းပိုင်းပြတ်သွားကာ ဆောင်းရာသီ၏နှင်းပွင့်များကဲ့သို့ ကျလာသည်။
"ဘုန်း"
"ဘုန်း"
"ဘုန်း"
အဆက်မပြတ်အသံများ ထွက်ပေါ်လာသည်။ လန်ထျန်ပိုင်၏ခြေထောက်အောက်၌ ရုတ်တရက်ပင် မြေကြီးထဲမှ ကြက်သွေးနီရောင်နွယ်ပင်များ ထွက်လာတော့သည်။ နွယ်ပင်များ ပေါ်လာသည့်အခိုက်အတန့်တွင် အမြန်ပင် လန်ထျန်ပိုင်၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး လေထဲတွင် တွဲလောင်းချထားလိုက်သည်။
တစ်ချိန်တည်းတွင်ပင် လင်းဇီချန်နှင့်ရှန်ချင်းဟန်မှလွဲ၍ အခြားသော ဂြိုလ်လူသားပါရမီရှင်များကို ကြက်သွေးနီရောင်နွယ်ပင်များကရစ်ပတ်ထားလိုက်ပြီး လန်ထျန်ပိုင်ကဲ့သို့ပင် လေထဲတွင် တွဲလောင်းထားက လွှဲယမ်းနေသည်။
တစ်ချက်ကြည့်လိုက်လျှင် မိမိဘာသာ သတ်သေသွားကြသည့်အလောင်းများကဲ့သို့ပင် မြင်လိုက်ရသည်နှင့်ပင် ကျောချမ်းစရာကောင်းလှသည်။
'ပြန်တောင်မတိုက်နိုင်ဘဲ အားလုံးရှုံးသွားပြီ....'
ရှန်ချင်းဟန်သည် မိမိရှေ့မှ ထိတ်လန့်ဖွယ်မြင်ကွင်းကို ငေးကြည့်နေမိကာ စိတ်ထဲ၌လည်း အကူအညီမဲ့သည့်ခံစားချက်က မြင့်တက်လာသည်။ သူမသည် လင်းဇီချန်ကိုအမှီလိုက်နိုင်သည် ထင်ခဲ့မိသော်လည်း လက်ရှိကွာဟချက်သည် အတော်လေးစိတ်ဓာတ်ကျသွားစေမိသည်။
ယခုတွင် လင်းဇီချန်သည် အဆင့်မြင့်သတ္တမအဆင့်ဖြစ်သော်လည်း စက္ကန့်ပိုင်းအတွင်းတွင်ပင် ဂြိုလ်လူသားပါရမီရှင်တစ်ဖွဲ့လုံးကို သုတ်သင်လိုက်နိုင်သည်။ ထိုအင်အားသည် နောက်မှလိုက်ရန်ပင် ဆန္ဒမရှိအောင် လုပ်လိုက်ခြင်းဖြစ်သည်။
'ငါတော့ ပြိုင်ဘက်ကင်းစုံတွဲထပ်ပြီး မလုပ်ချင်တော့ဘူး။ ဇီချန်ဘေးက အရမ်းလှတဲ့ကောင်မလေးလုပ်တာပဲကောင်းမယ်....'
ရှန်ချင်းဟန်သည် စိတ်ပျက်ပျက်ဖြင့် မိမိဘာသာ တွေးနေမိသည်။
"ရွှတ်..."
ဆုတ်ဖြဲလိုက်သံတစ်သံထွက်ပေါ်လာသည်။
နွယ်ပင်များဖြင့်ရစ်ပတ်ခံထားရသော လန်ထျန်ပိုင်ဆီကပင် ဖြစ်၏။