အခန်း (၉၄)
Vol. 10 Ch. 94
“ လင်းရန်က နောက်ထပ် ပြန်မလာနိုင်တော့ဘူး၊ တောင်းပန်ပါတယ် အစ်ကိုရှူ၊ ကျွန်မ သူ့ကို ပြန်ခေါ်လာဖို့ မကူညီနိုင်ခဲ့ဘူး”
ရှုကျစ်ဝမ်မှာ ဤစကားကို ကြားသောအချိန်တွင် မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏ အကြည့်များတွင် သံသယများနှင့် ပြည့်နေခဲ့သည်။
လင်းရန်က နောင်ဆိုရင် ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ?
သူမ ပြန်မလာဘူးဆိုရင် စုန့်စစ်ယွီက ဘာလို့ သူ့ကို အရင်က ဒီကို လာဖို့ ပြောခဲ့တာလဲ?
သူ့ကို နောက်တစ်ခါ လှောင်ပြောင်ချင်တာလား?
သူက ဒီလိုအရာမျိုးကိုရဖို့အတွက် အဲဒီနေ့က စုန့်မိသားစုကို နောက်ထပ် အခွင့်အရေး ပေးခဲ့တာလား!
ဤအကြောင်း စဉ်းစားမိသောအခါ ရှုကျစ်ဝမ်၏ မျက်နှာက မည်းမှောင်သွားခဲ့သည်။
သူ စုန့်စစ်ယွီကို ဒေါသတကြီး အပြစ်တင်ရန် ပြင်နေစဉ် စုန့်စစ်ယွီ၏ မျက်လုံးများက ရုတ်တရက် နီရဲလာပြီး မျက်ရည်များ ကျဆင်းလာသည်ကို သူ မြင်လိုက်ရလေ၏။
သူမ၏ အလွန် သနားစရာကောင်းသည့် မိန်းကလေးတစ်ယောက်နှယ် ဖြစ်နေခဲ့သည်။
ရှုကျစ်ဝမ်၏ လည်ချောင်းထဲမှ မေးခွန်းစကားလုံးများက ချက်ချင်းပင် ပိတ်ဆို့သွားခဲ့သည်။
အမျိုးသမီးတစ်ယောက်၏ မျက်ရည်များက အမှန်တကယ်ပင် အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်နိုင်သည်။ အထူးသဖြင့် လှပသော အမျိုးသမီးများ၏ မျက်ရည်များက ပိုပြီး အစွမ်းထက်သည်။
အနည်းဆုံးအနေဖြင့် ရွှီကျိဝမ်က ငိုကြွေးနေသော စုန့်စစ်ယွီနှင့် ရင်ဆိုင်ရသောအခါ ဒေါသထွက်သော မျက်နှာကို ဆက်ထား၍ မရနိုင်ခဲ့ပေ။
“မငိုပါနဲ့၊ မဟုတ်ရင် တခြားသူတွေက ငါ မင်းကို တစ်ခုခု လုပ်လိုက်တယ်လို့ ထင်လိမ့်မယ်!”
သူက သူမကို မျက်မှောင်ကြုတ်ပြီး ပြောလိုက်လေသည်။
သူ၏စကားကိုကြားလျှင် စုန့်စစ်ယွီက ပြန်ပြောလိုက်သည်။
“အစ်ကိုရှု၊ တကယ်တော့ ကျွန်မ ဒီတစ်ခါ မလိမ်ခဲ့ပါဘူး၊ အဲဒီနေ့က ကျွန်မ အစ်ကိုရှုကို ဒီကိစ္စ ပြောပြပြီးတဲ့နောက် ကျွန်မရဲ့အဖေက အန်တီရှို့လီနဲ့အတူ ကျေးလက်ဒေသကို သွားပြီး လင်းရန် ကို ပြန်ခေါ်ဖို့ စီစဉ်ခဲ့တယ်၊
အစ်ကိုရှု မယုံရင် စက်ရုံကို သွားမေးလို့ရတယ်၊ ကျွန်မ အဖေ နှစ်ရက်အကြာက ကျေးလက်ဒေသကို သွားဖို့ ခွင့်ယူခဲ့တယ်ဆိုတာ လူအများကြီး သိကြတယ်၊ ဒါပေမဲ့...”
“ဒါပေမဲ့ လင်းရန်က သူတို့တွေ ဘာတွေပဲပြောပါစေ ပြန်မလာခဲ့ဘူး၊ သူမက ကျွန်မတို့ မိသားစုကိုတောင် မလိုချင်တော့ဘူး၊
သူမက လင်း မိသားစုနဲ့ ကျေးလက်ဒေသမှာပဲ နေချင်ခဲ့တာ၊ သူမ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မ မသိဘူး၊ ဒါပေမဲ့ သူမ ဒီတစ်ခါ ကျေးလက်ဒေသကို သွားပြီးနောက် တကယ်ပဲ ပြောင်းလဲသွားပုံရတယ်၊
ကျွန်မ အဖေ ပြောတာကို ကြားရတာတော့ သူမက ကျေးလက်ဒေသမှာ တွေ့ဆုံခဲ့တဲ့ အမျိုးသားတစ်ဦးနဲ့ အရမ်း ခင်မင်နေပုံရတယ်တဲ့...”
ဤသည်ကို ပြောသောအချိန်တွင် စုန့်စစ်ယွီ၏ အသံက အလွန် စိုးရိမ်ပူပန်နေပုံရသည်။ သူမက ခေါင်းကို မော့ပြီး ရွှီကျိဝမ် ကို သေသေချာချာ ကြည့်လိုက်ပြီး သူ့ကို စိတ်မကောင်း မဖြစ်စေချင်သော ပုံစံမျိုးဖြင့် ကြည့်လိုက်ပြန်သည်။
ပထမစကားလုံးများက စုန့်စစ်ယွီ၏ စိတ်ကိုအောက်ခြေအထိ အမှန်တကယ် ရှုပ်ထွေးစေသော စကားလုံးများဖြစ်သော်လည်း လင်းရန်မှာ ကျေးလက်ဒေသမှ အမျိုးသားများနှင့် ခင်မင်နေသည်ဆိုသည့် နောက်ဆုံးစကားလုံးများကတော့ ရှုကျစ်ဝမ်အတွက် သူမက တမင်တကာ ဖန်တီးထားသည့် စကားများသာဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေကာမူ လင်းရန်က ရိုးရှင်းသည့်အကြောင်းပြချက်ဖြင့် ပြန်မလာချင်ဟုဆိုခဲ့ပါလျှင် ရှုကျစ်ဝမ်မှာ အလွန် စိတ်လှုပ်ရှားပြီး လင်းရန်ကို ရှာရန်အတွက် ကျေးလက်ဒေသကိုပင် သွားနိုင်သည်။
သို့သော် ယခုမူကား လင်းရန်က တခြားအမျိုးသားတစ်ယောက်နှင့် ခင်မင်နေသည်ဟု ကြားသောအခါ အမျိုးသားတစ်ယောက်အနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးကို သေချာပေါက် သည်းမခံနိုင်လောက်ပေ။
အမျိုးသမီးတစ်ယောက်က မည်မျှပင် လှပပါစေ၊ အခြားအမျိုးသားတစ်ယောက်နှင့် အတူရှိခဲ့ဖူးပြီဆိုလျှင် မည်သည့်ပုံမှန်အမျိုးသားမှ သူမကို ထပ်ပြီး လက်ခံဖို့ ရွေးချယ်မည် မဟုတ်ပေ။
ဤသည်က စုန့်ဝေ့နှင့် စုန့်စစ်ယွီ တို့ ထိုညက အတူတကွ ဆွေးနွေးပြီးနောက် ထွက်ပေါ်လာသော တန်ပြန်လုပ်ဆောင်မှုများထဲမှ တစ်ခုဖြစ်သည်။
သူတို့က လင်းရန်၏ ပုံရိပ်ကို ရှေ့တွင် တတ်နိုင်သမျှ မှောင်မိုက်အောင် လုပ်ပြီး ရှုကျစ်ဝမ်ကို လင်းရန် အပေါ် လုံးဝ လက်လျှော့အောင် လုပ်ရန် ကြိုးစားခဲ့ကြသည်။
စုန့်စစ်ယွီ ပြောသည်ကို ကြားပြီးနောက် ရှုကျစ်ဝမ်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး သူ၏မျက်လုံးထဲမှာ ရွံရှာမုန်းတီးမှုများက မသိစိတ်အရ ပေါ်ထွက်လာခဲ့လေသည်။
သူ လင်းရန်၏ မျက်နှာကို အမှန်တကယ်သဘောကျခဲ့သည်။ ယခင်က သူမက သူ့အပေါ် စိတ်အားထက်သန်မှု မရှိလျှင် သို့မဟုတ် သူမက အရည်အချင်း တစ်ခုတစ်လေမျှ မရှိလျှင်ပင် ကိစ္စမရှိဟု ထင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူ၏မိသားစုက ချမ်းသာနေသောကြောင့် သူမကို အလှဆင်ပစ္စည်း တစ်ခုအနေနှင့် လက်ထပ်လိုက်ပြီး ကြည့်နေရလျှင်ပင် သူပျော်ရွှင်နေလိမ့်မည်ဖြစ်သည်။
သို့သော် အရာအားလုံး၏ အခြေခံက လင်းရန်မှာ အပြစ်ကင်းစင်သော အပျိုစင်လေးတစ်ယောက် ဖြစ်ရလိမ့်မည်။
သို့သော် ယခု စုန့်စစ်ယွီ ပြောသည့်အတိုင်းဆိုလျှင် သူမ ကျေးလက်ဒေသသို့ ရောက်ပြီး မကြာခင်မှာပင် အမျိုးသားတစ်ဦးနှင့် လျင်မြန်စွာ ရင်းနှီးသွားခဲ့သည်။
ဘယ်သူမှ မမြင်နိုင်တဲ့နေရာမျိုးမှာ အဲဒီလူနှစ်ယောက် ဘယ်လို ဆက်ဆံရေးမျိုးရှိနေကြမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ….
လင်းရန်က အပျိုစင်မဟုတ်တော့တာလည်း ဖြစ်နိုင်တယ်…
ဤအကြောင်း စဉ်းစားလိုက်သည်နှင့် ရှုကျစ်ဝမ်၏ လင်းရန် အပေါ် စိတ်ဝင်စားမှုက ချက်ချင်းပင် တစ်ဝက်ခန့် လျော့ကျသွားပြီး စုန့်မိသားစုက သူ့ကို လိမ်ညာခဲ့သည်ကိုပင် ဆက်လက်ပြောဆိုရန် စိတ်မရှိတော့ပေ။
ရှုကျစ်ဝမ်၏ တုံ့ပြန်မှုက သူမ ယခင်က ခန့်မှန်းခဲ့သည့်အတိုင်း ဖြစ်နေသည်ကို မြင်သောအချိန်တွင် စုန့်စစ်ယွီသည်လည်း တခြားတစ်ခုခု ပြောဆိုရန် အချိန်ရောက်ပြီဆိုသည်ကို သိလိုက်သည်။
“အစ်ကိုရှု၊ တကယ်တော့ စိတ်မကောင်းဖြစ်စရာ မလိုပါဘူး၊ အစ်ကို က အခု အရမ်းတော်နေပြီ၊ လင်းရန် မရှိတော့ရင်တောင် နောင်တစ်ချိန်မှာ ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်ကို ရှာတွေ့မှာပါ၊
တချို့ဆိုရင် အစ်ကို့ကို တိတ်တိတ်လေး ချစ်နေတဲ့တာမျိုးတောင် ဖြစ်နေနိုင်တယ်၊ ဒါပေမဲ့ အစ်ကိုက သူမကို ရှာမတွေ့ခဲ့တာပဲ ဖြစ်လိမ့်မယ်...”
ဤစကားကိုပြောပြီးနောက် စုန့်စစ်ယွီ က ရည်ရွယ်ချက်ရှိရှိဖြင့်ခေါင်းငုံ့လိုက်ပြီး ရှက်ရွံ့နေသည့်အမူအရာကို ပြသလိုက်သည်။
ရှုကျစ်ဝမ်သည်လည်း မိုက်မဲသည့်သူ မဟုတ်ပေ။ သူက စုန်စစ်ယွီ၏ ပြောစကားကို နားထောင်ခဲ့ရပြီး သူမ၏ ခေါင်းငုံ့ကာ ရှက်ရွံ့နေသည့် တုံ့ပြန်မှုကို တွေ့မြင်လိုက်ရသောအချိန်တွင် သူ၏မျက်လုံးများက ရုတ်တရက် လင်းလက်လာခဲ့သည်။
သူမရဲ့ တုံ့ပြန်မှုအတိုင်းဆိုရင်..
သူမ သူ့ကို သဘောကျနေတာ ဖြစ်နိုင်လောက်လား?
မည်ကဲ့သို့သော လူပင်ဖြစ်နေပါစေ၊ တစ်စုံတစ်ယောက်၏ သဘောကျခြင်းကိုခံရသည်က လူများကို ပျော်ရွှင်စေရန် လုံလောက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ဤသည်က သူ အလွန် ဆွဲဆောင်မှုရှိသည်ကို သက်သေပြနိုင်သည်ပင်။
အထူးသဖြင့် စုန့်စစ်ယွီက အလှလေး တစ်ယောက်ဟု သတ်မှတ်လို့ရပြီး သူမ၏အခြေအများက အရာရာတိုင်းတွင် ကောင်းမွန်သည်။
ဤကဲ့သို့သော အမျိုးသမီးတစ်ယောက်က သူ့ကို တိတ်တဆိတ် သဘောကျနေသည်က ရှုကျစ်ဝမ်ကို မထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားစေခဲ့သည်။
ယခုဆိုလျှင် သူ စုန့်စစ်ယွီကို ကြည့်သညာ့အချိန်၌ အမူအရာများက ကွဲပြားသွားခဲ့ချေပြီ။
“စစ်ယွီ၊ မင်း ပြောတာ မှန်တယ်၊ ငါ့အနေနဲ့ ဒီလို မိန်းမတစ်ယောက်အတွက် စိတ်မကောင်းဖြစ်နေစရာ မလိုဘူး၊ ဒီလောကမှာ တခြားကောင်းမွန်တဲ့ မိန်းကလေးတွေ အများကြီး ရှိနေသေးတယ်”
ဥပမာအားဖြင့် ဒီတစ်ယောက်ပေါ့…
သူက စုန့်စစ်ယွီကို အပြုံးတစ်ခုနှင့် ကြည့်လိုက်လေသည်။ သူ ပို၍ ကြည့်လေလေ စုန့်စစ်ယွီက အမှန်တကယ်ကို ပို၍ ကြည့်ကောင်းသည်ဟု ခံစားရလေလေပင်ဖြစ်သည်
ခဏအကြာတွင် သူမက လှပသည့် မျက်နှာတစ်ခုသာရှိသော လင်းရန် ထက် များစွာ ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။
“အစ်ကိုရှု၊ အစ်ကို နားလည်သွားတာ ကောင်းပါတယ်”
စုန့်စစ်ယွီ ခေါင်းမော့ပြီး ရှုကျစ်ဝမ်ကို စိုးရိမ်တကြီး ဆက်ကြည့်နေခဲ့သည်။
သူ နားလည်သွားပြီဆိုတာ သေချာတယ်…
ပြီးတော့ ဒီအချိန်မှာ သူမမှာ ယုံကြည်မှု အပြည့်ရှိနေတယ်…
စုန့်စစ်ယွီက ဤစကားများကို ပြောပြီး ဝမ်းနည်းနေသည့် အမူအရာဖြင့် ပြန်တော့မည့်အချိန်တွင် ရှုကျစ်ဝမ်က ရုတ်တရက် သူ့ကို ပြောလိုက်လေသည်။
“အခုက နေ့လည်ခင်းကိုတောင်ရောက်နေပြီ၊ မင်း ဒီအထိ လာခဲ့တာဆိုမှတော့ နေ့လည်စာ စားပြီးမှ ပြန်ပါလား? ဒီက အစိုးရပိုင် စားသောက်ဆိုင်က အရသာ တော်တော်ကောင်းတယ်၊ ငါ မင်းကိုဝယ်ကျွေးမယ်လေ”
စုန့်စစ်ယွီက အံ့ဩသွားရသကဲ့သို့ ဟန်ဆောင်ပြီး သူ့ကို ပြန်ကြည့်လိုက်လေသည်။
“အစ်ကိုရှု၊ ကျွန်မအတွက် ဒုက္ခခံမနေပါနဲ့”
“ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် သိပ်ကုန်တာမှမဟုတ်တာ”
ရှုကျစ်ဝမ်၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က လင်းရန်ကို ကုန်တိုက်တွင် နောက်ဆုံးတစ်ကြိမ် မြင်ခဲ့ရပြီးကတည်းက များစွာ တိုးတက်လာခဲ့သည်။
ယွမ်ရာဂဏန်းလောက်ကို တစ်နေ့တည်း သုံးနိုင်ခဲ့သည်။
ထမင်းတစ်နပ်က အများဆုံး ဆယ်ယွမ်ပဲ ကုန်မှာလေ။ ဘာများကြောက်စရာ ရှိလို့လဲ?
တစ်ဖက်တွင်လည်း ထိုသူမှ ကျွေးချင်မည်ဆိုပါက စုန့်စစ်ယွီသည်လည်း သေချာပေါက် ငြင်းဆန်မည် မဟုတ်ပါချေ။
သူမက သူမ၏ အရှေ့မှ လျှောက်သွားနေသော ရှုကျစ်ဝမ်ကို ကြည့်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် မာန်မာနအရိပ်အယောက်တစ်ခုက လက်ခနဲ လင်းလက်သွားခဲ့သည်။
သေချာတာပေါ့။ ရှုကျစ်ဝမ်က ဆွဲဆောင်ရ လွယ်ကူမယ်ဆိုတာ သူမ သိခဲ့သားပဲ…
လက်ရှိ တိုးတက်မှုအတိုင်း ဆက်သွားနေသရွေ့ ရှုကျစ်ဝမ်ကို သူမ မကြာမီ ဖမ်းမိနိုင်မည်ဖြစ်သည်။
အချိန်တန်လျှင် ထိုသူက သူမကို အိမ်သို့ခေါ်သွားမည်ကို စောင့်ဆိုင်းပြီး ဒါရိုက်တာရှုအား သူမအတွက် စက်ရုံတွင် အလုပ်စီစဉ်ပေးရရန် ပြောခိုင်းနိုင်လိမ့်မည်ဖြစ်သည်။
ကျေးလက်ဒေသတွင်ရှိနေသည့် လင်းရန်ကတော့ စုန့်စစ်ယွီမှ သူမနှင့် ရှုကျစ်ဝမ်၏ ကြားထဲမှ “အိမ်ထောင်ရေး” ကို ဖြတ်တောက်ရန် အားထုတ်ခဲ့ပြီး သူမ၏နေရာကို အစားထိုးဝင်ရန်အတွက် ကိုယ်တိုင်ပင် ထိုနေရာသို့ သွားခဲ့သည်ကို မသိခဲ့ချေ။
သူမသာ သိခဲ့မည်ဆိုလျှင် သူမက စုန့်စစ်ယွီအတွက် ကျေးဇူးအထူးတင်ကြောင်း ဆိုင်းဘုတ်တစ်ခုပင် ထောင်ပေးလိမ့်မည်ဖြစ်သည်။
**