← Chapters

အခန်း (၉၉)

Vol. 10 Ch. 99

အခန်း (၉၉)

Vol. 10 Ch. 99

ချင်းယွင်ကျစ် နှင့် သူမ၏ခင်ပွန်းသည် စုန့်ကျယ်တို့၏ ဆက်ဆံရေးက အမြဲတမ်း ကောင်းမွန်ခဲ့သည်။

ဤနှစ်များတွင်းတွင် အနည်းငယ်မျှ စိတ်ဆိုးဒေါသထွက်တာမျိုးပင် မရှိခဲ့ချေ။ စိတ်သဘောထားမတိုက်ဆိုင်ခဲ့သည်မျိုးက နှစ်ကြိမ်လောက်သာရှိခဲ့ပြီး ၄င်းမှာလည်း  သူတို့သား၏ ပညာရေးနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများသာ ဖြစ်ပေသည်။

ထိုအရာမှလွဲ၍ သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး မည်သည်ကိုမျှ ဖုံးကွယ်ထားခြင်းမျိုး မရှိခဲ့ပေ။

ထို့ကြောင့် အခု ညီမဖြစ်သူ ဤသို့ပြောသည်ကိုကြားသောအခါ ချင်းယွန်ကျစ်တစ်ယောက် သဘာဝအတိုင်း မည်သည်ကိုလုပ်သင့်သည်ဖြစ်ကြောင်း မသိ ဖြစ်သွားခဲ့ရသည်။

ချင်းယွင်လျန်က သူမ၏အစ်မကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။

“အစ်မ၊ အစ်မအတွက်  ခဲအိုနဲ့ ရှီးယန်ကြားမှာ ဘယ်သူက အစ်မအတွက် ပိုအရေးကြီးလဲ။”

ချင်းယွင်ကျစ် ဤသည်ကိုကြားသောအခါ ညီမဖြစ်သူ ပြောမည့်စကားက သူမ၏သား စုန့်ရှီးယန်နှင့် ပတ်သက်နေမည်ဆိုသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ဤအကြောင်းကိုတွေးမိလျှင် သူမက တစ်စက္ကန့်လောက်သာ တုံ့ဆိုင်းနေပြီးတော့မှ အလျင်အမြန် မေးလိုက်သည်။

“ရှီးယန် ဘာဖြစ်တာလဲ၊ မြန်မြန်ပြော!”

ချင်းယွန်ကျစ်က သူမ၏သား စုန့်ရှီးယန်ကို သူမ၏ခင်ပွန်းသည်စုန့်ကျယ် က အနားယူရန် အမိန့်ပေးခဲ့သည်ကို သဘာဝကျစွာဖြင့် သိထားသည်။

သူမ၏သားက သူမခင်ပွန်းသည်၏ လုပ်ရပ်ကို အတော်လေး မကျေနပ်ဖြစ်ခဲ့သည်ကိုလည်း သူမ သိပေသည်။

သားဖြစ်သူမှာ ဆေးရုံတွင်ရှိနေစဉ်က စိတ်ဆိုးလွန်း၍ ဆေးရုံကုတင်ပေါ်ကနေ ခုန်ချတော့မတက် ဖြစ်ခဲ့သည်။

ကံကောင်းစွာနှင့် သူ၏နောက်မှ ရဲဘော်တစ်ဦးက တားဆီးခဲ့ပြီး သူ့ရဲဘော်၏ ကျေးလက်နေအိမ်ကို ခေါ်သွားကာ အနားယူစေခဲ့သည်။

ကျေးလက်ဒေသမှာ သူမရဲ့သား ဘာများဖြစ်ခဲ့တာလဲ…

ဤသို့သောကိစ္စများကို တွေးမိသာအခါ ချင်းယွင်ကျစ် တစ်ယောက်  စိုးရိမ်ပူပန်မှု မရှိဘဲ မည်သို့နေနိုင်မည်နည်း။

သူမရဲ့ ခင်ပွန်းသည်နှင့် တခြားအရာအားလုံးကို ခဏထားလိုက်ပါဦး။

သားဖြစ်သူကသာ အရေးအကြီးဆုံးပဲ!

ကောင်းပြီ၊ သားက ခင်ပွန်းထက် ပိုအရေးကြီးတာ အမှန်ပဲ။

ချင်းယွန်လျန် သူမ၏  အစ်မ၏ တုံ့ပြန်မှုကို မြင်ပြီးနောက် ချက်ချင်း နားလည်သွားသည်။ 

တစ်ချိန်တည်းမှာပင် သူမ၏ခဲအို စုန့်ကျယ်အတွက် နှစ်စက္ကန့်လောက် သနားမိသွားသည်။

သူမ အလွန်စိုးရိမ်နေသည်ကို မြင်ရသဖြင့် ချင်းယွန်လျန် က ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်။

 “စိတ်မပူပါနဲ့၊ ရှီးယန်မှာ အန္တရာယ် မရှိပါဘူး၊ ကြီးကြီးမားမား ဘာမှမဖြစ်ခဲ့ပါဘူး၊ ဒါပေမဲ့ ဒီကလေး ဒုက္ခရောက်မဲ့အခြေအနေကို တွေ့ရမှာကို ကြောက်မိတယ်”

“အခြေအနေ?”

ဘာအခြေအနေလဲ။

ချင်းယွန်ကျစ် မေးခွင့်မရမီမှာပင် ချင်းယွန်လျန် က အတော်လေး စိတ်လှုပ်ရှားတဲ့လေသံနှင့် ရယ်လိုက်လေးသည်။

“အို၊ ဒီကလေး အခုတော့ အသိဉာဏ်ပွင့်သွားပြီ ထင်တယ်”

ဤသို့ပြောပြီး ချင်းယွန်လျန် က စုန့်ရှီးယန် က သူမကို ပြင်ဆင်ခိုင်းတဲ့အရာများ၊ အထူးသဖြင့် စာထဲက လင်းမိသားစု၏ မိန်းကလေးအကြောင်းကို ပြောပြလိုက်သည်။

“အစ်မ၊ အမေတစ်ယောက်အနေနဲ့ အစ်မရဲ့သားက ဘယ်လိုလူမျိုးလဲဆိုတာ ကောင်းကောင်းသိလောက်မှာပါ၊ သူ့လိုလူမျိုးက လင်းမိန်းကလေးအကြောင်းကို ရုတ်တရက်ပြောလာတာက  စိတ်ဝင်စားလို့ မဟုတ်ဘူးလား”

ချင်းယွန်လျန်က သူ့အစ်မလက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။

ချင်းယွန်ကျစ်မူကား မတိုင်ခင်က ကြားလိုက်ရသည့် သတင်းကို နားလည်အောင် လုပ်နေဆဲပင်။

ညီမဖြစ်သူရဲ့ ဆိုလိုရင်းက သူမရဲ့သားမှာ သူကြိုက်တဲ့ ကောင်မလေးတစ်ယောက် ရှိနေတယ်ဆိုတာလား..

ဤသည်ကို သဘောပေါက်လိုက်သည်နှင့် သူမ၏ မျက်နှာပေါ်တွင် မသိမသာသော အပြုံးရိပ်တို့က ပေါ်ထွက်လာခဲ့သည်။

ဒါ ကောင်းတဲ့အရာပဲ!

**

သူမ၏ သားက အရာရာတိုင်းတွင် ကောင်းမွန်သော်လည်း တစ်ခုတည်းသော အချိန်အတော်ကြာ စိုးရိမ်ပူပန်စေခဲ့သည့်အရာက စုန့်ရှီးယန်၏ အိမ်ထောင်ရေးပင် ဖြစ်သည်။

သူမညီမကဲ့သို့ပင် သူမလည်း စုန့်ရှီးယန် အတွက် သင့်တော်သည့် လက်တွဲဖော်ကို မိတ်ဆက်ပေးရန် နည်းလမ်းများစွာကို ကြိုးစားခဲ့ဖူးသော်လည်း ကံမကောင်းစွာနှင့် အမြဲတမ်း မအောင်မြင်ခဲ့ပေ။ နောက်ပိုင်းတွင် စုန့်ရှီးယန် ကလည်း သူမနှင့် တိုက်ရိုက်ပြောဆိုခဲ့ပြီး ဤကိစ္များတွင် သူ စိတ်မဝင်စားကြောင်းနှင့် ဆက်ပြီး ရှာဖွေပေးရန် မလိုကြောင်း ပြောခဲ့သည်။

သူ့သားတွင် ဤသို့ လုပ်ရန် စိတ်ကူးမရှိသည်ကို မြင်သောအခါ မြေးအမြန်ဆုံးရရှိရန် စိတ်ကူးကို နောက်ဆုံးတွင် စွန့်လွှတ်ခဲ့သည်။

တစ်သက်လုံး မြေးမရနိုင်တော့ဟု တွေးနေဆဲတွင် သူ့သားက သတိပြန်လည်လာပြီဆိုသည့် သတင်းကောင်းကို နောက်ဆုံးတွင် ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ 

သို့သော် သူမ ပျော်ရွှင်နိုင်သည်က စက္ကန့်အနည်းငယ်သာ ရှိသေးသော်လည်း ချင်းယွင်လျန်က သူမအပေါ်ကို ရေအေးတစ်ခွက် အချိန်ကိုက် လောင်းချလိုက်သည်။

“အစ်မ၊ အရမ်းစောစော မပျော်ပါနဲ့ဦး။ အဲ့ဒီကောင်မလေးက ကျေးလက်အိမ်ထောင်စုစာရင်း ရှိတယ်။ ယောက်ဖက အလွယ်တကူ သဘောတူမယ် မထင်ဘူးလား”

ဤစကားကိုကြားသောအခါ ချင်းယွင်ကျစ်က ချက်ချင်း သတိပြန်ဝင်လာခဲ့သည်။

သို့သော် စိုးရိမ်ပူပန်သည့်မျက်နှာနှင့် သူ့ညီမ ချင်းယွင်လျန် နှင့်မတူဘဲ သူမက ပြုံးနေပြီး ညီမပြောသည်ကို လုံးဝ စိတ်ထဲမထားခဲ့ပေ။

“သူ လုပ်ရဲလား!”

သူမ၏ ရှေ့မှ ချင်းယွင်လျန်က သူ့အစ်မကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်ပြီး သူမ၏အစ်မဖြစ်သူက သူမပြောသည်ကို သေသေချာချာမကြားသည်လားဟု ပြန်မေးချင်နေခဲ့သည်။

သူမ၏ခဲအိုက ထိုမျှလောက် ကြောက်စရာကောင်းတဲ့လူဖြစ်ချေသည်။

ဒါကို သူမရဲ့အစ်အက ဘယ်လိုလုပ်ပြီး “သူ လုပ်ရဲလား” လို့ ပြောရဲတာလဲ…

ရှကျန်းပန့်ကဲ့သို့သော အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ပင် သူ့ယောက်ဖ

စုန့်ကျယ်၏အကြောင်းပြောလျှင် မျက်နှာမှာ ဝမ်းနည်းထိတ်လန့်သည့်အမူအရာ အမြဲတမ်းရှိနေတတ်လေ့ရှိပြီး စုန့်ကျယ်သည်ကား အလွန် ကြောက်စရာကောင်းသည်ဟု ရိုးသားစွာ ပြောခဲ့သည်ကို ဘုရားသခင်သာ သိလိမ့်မည်။

သူမအစ်မရဲ့ ခန္ဓာကိုယ်နဲ့ စိတ်နေစိတ်ထားက ရှကျန်းပန့်နဲ့ နှိုင်းယှဉ်နိုင်မှာတဲ့လား…

“အစ်မ၊ အဟမ်း.. ဒီကိစ္စနဲ့ပတ်သက်ပြီး အစ်မရဲ့ ခံစားချက်ကို ကျွန်မ နားလည်ပါတယ်.. ဒါပေမဲ့ စိတ်ကို ငြိမ်အောင်ထားရမယ်  ၊ ခဲအိုနဲ့ အရမ်းတင်းမာအောင် မလုပ်ပါနဲ့”

မဟုတ်ရင် နောက်တစ်ကြိမ် သူမရဲ့အစ်မကို ဆေးရုံမှာတွေ့ရမှာကို သူမ တကယ်ကိုကြောက်နေခဲ့တယ်..

သေသေချာချာစဉ်းစားကြည့်ပါက ဤနှစ်များအတွင်း သူမ၏အစ်မနှင့် ခဲအိုကြားတွင် ဘယ်သောအခါကမှ ရန်ဖြစ်ခဲ့ဖူးသည်ကို သူမ မကြားခဲ့ဖူးပေ။

အိမ်ဝင်းထဲမှ အခြားမိသားစုများကဲ့သို့ တစ်နှစ်ပတ်လုံး ရန်ပွဲများ၊ ရန်ဖြစ်မှုများ အမြဲရှိပြီး အိမ်ဝင်းတစ်ဝင်းလုံးက သိနေတာမျိုး မဟုတ်ခဲ့ပါပေ။

သို့သော် အခြားသူများ မမြင်ဖူးရုံနှင့် မဖြစ်ခဲ့ဖူးဘူးဟု မဆိုလိုပေ။

ထို့အပြင် သူမ၏ခဲအိုသည်ကား အမြဲတစေ မျက်နှာအေးတိစက်နှင့်ဖြစ်ကာ တစ်၀ုံတစ်ယောက်မှ သူ့ထံတွင် ပိုက်ဆံ အကြွေးတင်နေသကဲ့သို့ ဖြစ်နေသည်။

သူမ၏ အစ်မကိုတွေ့လျှင်ပင် ပြုံးပြခြင်းမျိုး မရှိသည့်အတွက် ချင်းယွင်လျန်က သူ့အစ်မနှင့် ခဲအိုကြားက ဆက်ဆံရေးက အပေါ်ယံလောက်ကိုသာ ထိန်းသိမ်းထားရုံသုဟု အမြဲခံစားခဲ့ရသည်။

သူမ မမြင်နိုင်သည့်နေရာမှာပင် သူမ၏ခဲအို စုန့်ကျယ်၏ သူမအစ်မအပေါ်ထားရှိသည့် သဘောထားက ပိုမိုအေးစက်ပြီး ပို၍ပင်ဆိုးရွားနေနိုင်သည်။

ဤအကြောင်းကို တွေးမိသာအခါ သူမ၏ အစ်မ ချင်းယွင်ကျစ်ကို ထပ်မံမစည်းရုံးဘဲ မနေနိုင်ခဲ့ပေ။

“အစ်မ၊ အစ်မ စိတ်ငြိမ်အောင်ထားရမယ်!  ကျွန်မက  ဒီကိစ္စကို ခဲအို မသိအောင်ပြောဖို့ အစ်မဆီကို ဒီနေ့လာခဲ့တာရဒီကိစ္စကြောင့် အစ်မတို့နှစ်ယောက်ကို ပြဿနာမတက်စေချင်ဘူး”

“ကျွန်မတို့ ရှီးယန်ကို တိတ်တိတ်လေး အရင်ကူညီနိုင်တယ်လေ၊  အရာရာ အဆင်ပြေသွားတဲ့အချိန်ကျရင် ခဲအိုက တားဆီးချင်ရင်တောင် တားလို့မရတော့ဘူး”

ဒီအချိန်ကျရင် အားလုံးပြီးသွားပြီ။ သူမရဲ့ခဲအိုက ဘယ်လိုတားဆီးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့!

ချင်းယွင်ကျစ်မှဤသည်ကိုကြားသောအချိန်တွင် အဘယ်ကြောင့်မှန်းမသိဘဲ သူမ၏ အပြုံးက ပိုပြီး တောက်ပလာခဲ့သည်။

“အစ်မ၊ ဘာလို့ရယ်နေတာလဲ”

ချင်းယွင်လျန်က ရှုပ်ထွေးသောမျက်နှာနှင့် ကြည့်လိုက်သည်။

ချင်းယွင်ကျစ်က သူမနှုတ်ခမ်းများကို ဖုံးအုပ်ပြီး ခေါင်းခါလိုက်သည်။

“ဘာမှမဟုတ်ပါဘူး၊ နင်ပြောတာ မှန်တယ်လို့ ထင်မိလို့ပါ”

“ဟုတ်တယ်၊ ကျွန်မက အဲဒီကလေးရဲ့ အဒေါ်ပဲ၊ သူ့ကို စိတ်မဆင်းရဲစေချင်ဘူး!”

သူ့ရဲ့အိမ်ထောင်ရေးသာ အတည်ဖြစ်သွားရင် ထိုကောင်လေးက သူမကျေးဇူးတင်လောက်လား…

တွေးရုံနှင့်တင် ချင်းယွင်လျန်က အောင်မြင်မှုအပြည့်အဝကို ခံစားနေရပြီဖြစ်သည်။

ချင်းယွမ်ကျစ်က ရယ်မောပြီးနောက် ဤကိစ္စကို အလေးအနက် စဉ်းစားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ညီမ ချင်းယွင်လျန်ကို တစ်ဖက်မှ မိန်းကလေးအကြောင်းကို ပိုမိုပြောပြခိုင်းရန် မမေ့ခဲ့ပေ။

ကံမကောင်းစွာနှင့် ချင်းယွင်လျန်သည်လည်း လင်းဟုခေါ်သည့် ကောင်မလေးအကြောင်းကို စုန့်ရှီးယန်၏ စာထဲကနေသာ သိခဲ့ရသည်။

သူမ၏ အသက်က ဆယ့်ရှစ်နှစ်လောက်ရှိပြီး ငယ်ရွယ်လှပသည့် မိန်းကလေးများ ကြိုက်သောအရာများကို ကြိုက်တယ်ဆိုသည်ကိုသာ သူမ သိခဲ့သည်။

ဒါဆိုရင် လင်းမိသားစုက ကောင်မလေးကလည်း ငယ်ရွယ်လှပတယ်လို့ ကောက်ချက်ချလို့ရလား…

အချက်အလက်များက ထပ်မံမရှိတော့သည်ကို မြင်သော်လည်း ချင်းယွင်ကျစ်က စိတ်မပျက်ခဲ့ပေ။

သူမက သူမရဲ့သားအကြောင်းကို ကို သေသေချာချာသိတယ်။

တစ်စုံတစ်ခု ဒါမှမဟုတ် လူတစ်ဦးတစ်ယောက်ကို သူ့အတွက်လို့ သတ်မှတ်လိုက်ပြီဆိုရင် သူ ဘယ်တော့မှ တွေဝေမှာမဟုတ်ဘူး။

ပြီးတော့ သူက တစ်ဖက်မှကောင်မလေးကို တကယ်စိတ်မဝင်စားဘူးဆိုရင် သူ့ရဲ့အဒေါ်ကို သီးခြားပြောမှာမဟုတ်ဘူး။

အခုတော့ မြေးလေးရဖို့ဆိုတဲ့ကိစ္စက လုံးဝမျှော်လင့်ချက်မဲ့နေတာတော့ မဟုတ်တော့ဘူးလို့ ထင်ရတယ်။

သတိပြန်ဝင်လာပြီးနောက် ချင်းယွင်ကျစ်က ဤမေးခွန်းကို ချက်ချင်း ထပ်မေးလိုက်သည်။

“မစ္စလင်းရဲ့ လိပ်စာကို မှတ်မိသေးလား”

“ကျွန်မ မှတ်မိတယ်၊ ကျွန်မ အခုလေးတင် ပစ္စည်းတွေကို ပို့ခဲ့တာဆိုတော့ လိပ်စာကို သေသေချာချာမှတ်မိနေတုန်းပဲ”

“ကောင်းပြီ၊ ဒါဆို ငါ့ကို လိပ်စာပြောပြဦး”

ချင်းယွင်လျန်ကတော့ ဤသည်ကိုကြားလျှင် မသိချင်ယောင်ဆောင်၍ မနေနိုင်တော့ပေ။

 “အစ်မက လင်းမိသားစုရဲ့ လိပ်စာကို ဘာလုပ်မလို့လဲ”

မဖြစ်နိုင်လောက်ဘူးမလား။ သူမရဲ့ အစ်မက သူမရဲ့ အနာဂတ်ချွေးမလောင်းကို တွေ့ဖို့အတိပ် လင်းမိသားစုဆီ ကိုယ်တိုင်သွားမလို့လား။

ချင်းယွင်ကျစ် က ဤသည်ကိုကြားသောအခါ ပြုံးလိုက်သည်။

 “သိထားတာ အမြဲတမ်း အသုံးဝင်ပါတယ်၊ အချိန်တန်ရင် ငါ့ဆီမှာ ကောင်းမွန်တဲ့ပစ္စည်းတွေ ရှိမရှိ ကြည့်ပြီး ကောင်မလေးကို ပေးလိုက်မယ်၊ ကျေးဇူးတင်ကြောင်း သက်သေအဖြစ်ပေါ့”

ဤစကားကိုကြားသော် ချင်းယွင်လျန်က သူမ၏ အစ်မမှာ အမှန်တကယ်ကို ကြင်နာတတ်သည်ဟု ခံစားလိုက်ရသည်။

တစ်ဖက်မှ မိန်းကလေး အိမ်ထဲသို့ မဝင်မီကတည်းက သူမအတွက် စဉ်းစားစရာများ၊ လက်ဆောင်များ အမျိုးမျိုးကို စဉ်းစားနေပြီဖြစ်သည်။

အတိုချုပ်ပြောရလျှင် စုန့်ရှီးယန်က ထိုမိန်းကလေးနှင့် အမှန်တကယ်လက်ထပ်ချင်လျှင် သူ့၏အမေဘက်တွင် ပူပန်စရာ မည်သည့်အရာမျှမရှိပေ။

နည်းနည်းလောက် စိုးရိမ်ရတာကတော့ သူ့အဖေဘက်ပဲ ဖြစ်နိုင်တယ်…

ဒါပေမဲ့ ကားက တောင်ပေါ်ကိုမရောက်ခင် လမ်းရှိရမှာပါပဲ၊ တစ်လှမ်းချင်းစီ သွားရုံပါပဲ…

All Chapters