← Chapters

အခန်း (၁၀၇)

Vol. 11 Ch. 107

အခန်း (၁၀၇)

Vol. 11 Ch. 107

အလွားလင်းက ချန်ကျားယန်၏ အဆောင်သို့ ဝင်သွားခဲ့သည်။

သို့သော် မဝင်ခင်၌ လင်းရန်ကို သူမ၏နောက်မှလိုက်ခွင့် မပေးခဲ့ပေ။

မည်သို့ပင်ဖြစ်စေ၊ ဤသည်မှာ အမျိုးသားပညာသင်လူငယ်များ၏ အဆောင်ဖြစ်သည်။

သူမဒမြေးမလေးသည်ကား မိန်းကလေးတစ်ယောက်အနေဖြင့် ဝင်ရန်မသင့်တော်ပေ။

မိမိကိုယ်တိုင်ဝင်စရာ မလိုအပ်သည်ကို မြင်သည့်အတွက် လင်းရန်၏ ဆန္ဒလည်း ပြည့်၀သွားခဲ့သည်။

သူမက တံခါးဝ၌ ရပ်ကာ နာခံစွာဖြင့်

ခေါင်းညိတ်လိုက်လေသည်။

“ဒါဆို အဘွား၊ သမီး အဘွားကို ဒီမှာ စောင့်နေမယ်နော်”

“ကောင်းပြီ၊ အဘွား မကြာခင် ထွက်လာခဲ့မယ်”

ထိုသို့ ပြောပြီးနောက် အဘွားလင်းက အထဲသို့ ဝင်သွားခဲ့လေသည်။

မြေးအဘွားနှစ်ယောက်၏ အသံများမှာ အလွန်ပင်တိုးသော်ငြားလည်း ထိုအချိန်၌ ပညာသင်လူငယ်များ၏ နေရာနားတွင် မည်သူမှ မရှိဘဲ အလွန်တိတ်ဆိတ်နေသည့်အတွက် အခန်းထဲမှ ချန်ကျားယန်သည်လည်း ထိုစကားပြောသံများကို ကြားလိုက်ရသည်။

ဖြစ်နိုင်လျှင် ချန်ကျားယန်သည်ကား လင်းရန်အား သူမ၏ အဘွားနောက်မှ ဝင်လာကာ သူ့ကို ကြည့်စေချင်ခဲ့သည်။

နှမြောရန်ကောင်းသည်မှာ သူ၏ ဆန္ဒကို ထုတ်ဖော်ပြော၍ မရနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြောလိုက်သည်နှင့် ကိစ္စများက အလုံးစုံပေါ်သွားမည်ဖြစ်သောကြောင့်ဖြစ်ပေသည်။

အဘွားလင်း မဝင်ခင်၌ သူ၏ လှုပ်ရှားမှုနှင့် အမူအရာကို အလျင်အမြန်ပြင်လိုက်ပြီး

အဘွားလင်းနှင့် ထိုင်ကာ စကားပြောရန် စီစဉ်လိုက်သည်။

သူ ထိုင်ရသည်မှာ ဤမျှခက်ခဲသည်ကို အဘွားလင်းမြင်သည့်အခါ သူ့အား အလျင်အမြန် တားလိုက်သည်။

“ဪ၊ မထပါနဲ့၊ မြန်မြန် ပြန်လှဲလိုက်ပါ”

အဘွားလင်းမှ သူ၏ ပခုံးကို ကိုင်ကာ ပြောလိုက်သည့်အခါတွင် ချန်ကျားယန်မှ တောင်းပန်သည့် မျက်နှာထားဖြင့် ပြန်၍ လဲလျောင်းနေလိုက်သည်။

“တောင်းပန်ပါတယ် အဘွား၊ အဘွားကို ရယ်စရာတွေ လုပ်ပြနေမိပြီ”

ပထမက အဘွားလင်းသည် ချန်ကျားယန်၏ ခြေကျင်းဝတ်လိမ်ခြင်းက အကြီးအကျယ် မဟုတ်ဟု ထင်ခဲ့မိသည်။ သို့သော် ယခု သူ၏ပုံစံကို မြင်သည့်အခါ၌ ဆေးရုံသွားမည်လားဟု မေးချင်လာသည်။

“မင်းခြေထောက် အခု ဘယ်လိုနေလဲ၊ တကယ်လို့ အဆင်မပြေဘူးဆိုရင် အဘွားရဲ့သားအကြီးကို ခေါ်ပြီး ဆေးရုံကို ခေါ်သွားခိုင်းလိုက်ရမလား”

အဘွားလင်းမှ သူ့အား အနည်းငယ် စိုးရိမ်နေသည့်အတွက် သူ၏ တုံ့ပြန်မှုမှာ များသွားသည်ဟု သိလိုက်ရပြီး ချန်ကျားယန်တ၀်ယောက် ခဏရပ်တန့်သွားကာ ခေါင်းကို အလျင်အမြန်ယမ်းလိုက်သည်။

“ဘာမှ အကြီးအကျယ် မဟုတ်ပါဘူး၊ အဘွားရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါက ရက်နည်းနည်းလောက် ကောင်းကောင်း အနားယူဖို့ပဲ လိုတာပါ”

အဘွားလင်းက မျက်မှောင်ကြုတ်လိုက်ကာစိတ်ထဲ၌ တွေးလိုက်သည်။ သူ၏ပုံစံသည်ကား ယခုအချိန်တွင် ခုတင်ပေါ်မှပင် မထနိုင်သည့်အတွက်ရက်အနည်းငယ်နှင့် ကောင်းသွားမည့်ပုံ မပေါ်ပေ။

ထိုအကြောင်းတွေးလိုက်သည့်အခါ သူမ၏မျက်လုံးများက ချန်ကျားယန်၏ ဒဏ်ရာရနေသည့်ခြေထောက်ပေါ်သို့ မလွဲမရှောင်သာ ရောက်သွားသည်။

“ချန်ကျစ်ချင်း၊ မင်းခြေထောက်ဒဏ်ရာက ဘယ်လိုဖြစ်နေတာလဲဆိုတာ ကြည့်ခွင့်ပေးပါလား၊အဘွား စိတ်အေးရအောင်လို့ပါ”

အဘွားလင်းပြောသည်ကိုကြားရသည့်အခါတွင် ချန်ကျစ်ချင်း၏မျက်နှာမှာ ချက်ချင်း တောင့်တင်းသွားခဲ့ရသည်။

သူ အကြောင်းပြချက်တစ်ခုရှာရန် စဉ်းစားနေစဉ် တံခါးဝမှ လင်းရန်ကပါ ဝင်ရောက်ပြောလိုက်လေသည်။

“ဟုတ်တယ်၊ ချန်ကျစ်ချင်း၊ ရှင်က တောင်ပေါ်မှာ ဒဏ်ရာရခဲ့တာပဲလေ၊ ပြီးတော့ ဒီတစ်ခါ ရှင် တောင်ပေါ်ကို တက်ခဲ့တာကလည်း ကျွန်မရဲ့အဖေကို ရှာဖို့ဆိုတော့ ရှင့်ရဲ့ခြေထောက်ဒဏ်ရာက ကျွန်မတို့မိသားစုနဲ့ ပတ်သက်နေတယ်၊ ကျွန်မရဲ့အဘွားကို ကြည့်ခွင့်ပေးလိုက်တာက ပိုပြီးစိတ်ချရမှာပါ”

ချန်ကျားယန် အသံ၏လာရာကို လိုက်ကြည့်လိုက်သည့်အခိုက်တွင် တံခါးဝ၌ စိုးရိမ်ပူပန်သည့် အမူအရာနှင့်ရပ်နေသည့် လင်းရန်ကို မြင်လိုက်ရသည်။

သို့သော် လင်းရန် ထိုစကားကို ပြောနေစဉ်က သူမ၏ မျက်လုံးများမှာ အပေါ်သို့ လှန်ချင်စိတ်ကို မနည်းထိန်းချုပ်နေရသည်ကို သူ

မသိရှိခဲ့ပေ။

သူမသည်ကား အဘွားဖြစ်သူနှင့်အတူ အထဲသို့မဝင်ခဲ့သော်လည်း တံခါးဝမှနေ၍ အထဲ၌ ဖြစ်ပျက်နေသည်များကို မြင်နိုင်ဆဲပင်ဖြစ်သည်။

ချန်ကျားယန်အား သူမ၏အဘွားက ခြေထောက်ဒဏ်ရာကို ကြည့်ချင်သည်ဟု ပြောသည်ကို ကြားရသည့်အခါ သူ၏မျက်နှာ၌ အပြစ်ရှိသည့်အရိပ်အယောင်ပေါ်လာသည်ကို သူမ မြင်ခဲ့ရသည်။

ထို့ကြောင့် လင်းရန်အနေဖြင့် ချန်ကျားယန်၏ ခြေထောက်ဒဏ်ရာမှာ သူပြသနေသကဲ့သို့ ပြင်းထန်လိမ့်မည် မဟုတ်ဟု မုချ ပြောနိုင်ခဲ့သည်။

ချန်ကျားယန်သည်ကား အဘယ်ကြောင့် သူ၏ဒဏ်ရာအခြေအနေကို ပြင်းထန်သည့်ပုံစံမျိုး ဟန်ဆောင်နေသည်ဆိုသည်ကိုမူ သူမ မသိပေ။

အလုပ်မလုပ်လိုသည်ကြောင့်များလား။

သို့သော် ချန်ကျားယန်၏ ဟန်ဆောင် မျက်နှာဖုံးအား အဘွားလင်း၏ရှေ့၌ တတ်နိုင်သမျှ

အလျင်အမြန် ဖော်ထုတ်ရမည်။

သို့မဟုတ်လျှင် လင်းမိသားစု၏ သဘောထားကောင်းပြီး ကျေးဇူးသိတတ်သည့် စိတ်ထားအရ ချန်ကျားယန်နှင့် ဆက်သွယ်ကာ ကူညီကောင်း ကူညီပေးလိမ့်မည်ကို သူမ စိုးရိမ်မိသည်။

ထိုသို့ တွေးလိုက်သည့်အခါ သူမ၏ အနာဂတ်သည်က မှောင်မိုက်နေသကဲ့သို့ ခံစားလားရသည်။

လင်းရန်၏ အကူအညီဖြင့် အဘွားလင်းသည် ချန်ကျားယန်၏ ခြေထောက် ဒဏ်ရာရထားသည့်အခြေအနေကို ပို၍ ဆုံးဖြတ်ချင်လာသည်။

နောက်ဆုံးတွင် ချန်ကျားယန်တစ်ယောက် အလွန်အမင်း ဝန်လေးနေသော်ငြားလည်း အခြားနည်းလမ်းမရှိတော့သည့်အတွက် သူ၏ဘောင်းဘီကို လှန်ကာ ဒဏ်ရာများကို အဘွားလင်းအား ကြည့်ခွင့်ပြုလိုက်ရသည်။

ရလဒ်အနေဖြင့် အဘွားလင်း၏ မျက်နှာမှာ အလွန်ထိုးထွင်းသိမြင်သည့် အမူအရာ ဖြစ်သွားသည်။

ရိုးသားစွာ ပြောရလျှင် ချန်ကျားယန်၏ ဒဏ်ရာမှာ သူမ ဝါးခုတ်စဉ်က ပုဆိန်မှ ပြန်ကန်ကာ ခြေထောက်ကို ထိသည့်ဒဏ်ရာလောက်မျှပင်

မပြင်းထန်ပေ။

ချန်ကျားယန်၏ ခြေကျင်းဝတ်မှာ အနည်းငယ် ညိုပြီး ရောင်နေသည်ကို မြင်လိုက်ရသည်။

သို့သော် တောင်သူလယ်သမားများသည်ကား ဤအခြေအနေမျိုးကို မကြာခဏ ကြုံတွေ့ရတတ်သည်။

သို့သော် သူတို့၏ အရေပြားက ကြမ်းတမ်းပြီး အသားထူ၍လား၊ သို့မဟုတ် အခြားတစ်ခုခုကြောင့်များလား မသိပေ။

ချန်ကျားယန်ကဲ့သို့ နာကျင်သည့်

မျက်နှာမျိုးနှင့် ခြေထောက်များ သေနေသကဲ့သို့ဖြစ်‌နေသည်ကို သူတို့ထံ၌ မတွေ့ရပေ။

ဤကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရလျှင်ပင် သူတို့သည်ကား အခြားခြေထောက်တစ်ဖက်နှင့် ခုန်ကာခြေတစ်ပေါင်ကျိုးဖြင့် လမ်းလျှောက်တတ်ကြသေးသည်။

အဘွားလင်း၏စိတ်ထဲ၌ ဤကဲ့သို့တွေးနေသော်လည်း ချန်ကျားယန်၏ ရှေ့၌ ထို့သို့ပြောလိုက်ရန်မှာမူ အဆင်မပြေပေ။

သူမက ချန်ကျားယန်၏ ဘောင်းဘီကို ပြန်ချပေးလိုက်ကာ လက်ထဲမှ သကြားလုံးနှစ်ထုပ်ကို

ချန်ကျားယန်၏ ခေါင်းဘေးနားမှ သစ်သားစားပွဲပေါ် တင်ကာ ပြောလိုက်သည်။

“ချန်ကျစ်ချင်း၊ မင်း ကျန်းအန်းကို ကူညီခဲ့လို့ ဒဏ်ရာရခဲ့တယ်၊ ဒီပစ္စည်းတွေက အဘွားရဲ့ စေတနာပါ၊ မင်းတောင်ပေါ်တက်ပြီး ကူညီပေးခဲ့လို့ ကျေးဇူးတင်တာလည်းပါတာပေါ့၊

မင်း မငြင်းနဲ့နော်၊ သကြားညိုရည်က ခန္ဓာကိုယ်ကို အားဖြည့်ပေးတယ်၊ ရေနဲ့ဖျော်ပြီး သောက်ရင် မင်းရဲ့ကျန်းမာရေးက သေချာပေါက် ပိုပြီးမြန်မြန် ကောင်းလာလိမ့်မယ်”

ချန်ကျားယန်၏ စိတ်က ထိုအချိန်၌ အဘွားလင်း၏ စကားများနှင့် စားပွဲပေါ်မှ သကြားလုံးနှစ်ထုပ်ဆီသို့ ရောက်သွားသည်။

သူအနည်းငယ် စိတ်လှုပ်ရှားမိသော်လည်း ဤပစ္စည်းများကို အလွယ်တကူ လက်ခံလိုက်လျှင် ယဉ်ကျေးမှုမရှိဟု ထင်မှတ်သွား‌လေမည်လား ဟုတွေးလိုက်မိပြန်သည်။

“အဘွား၊ ဒါက ကျွန်တော် လုပ်သင့်တဲ့ကိစ္စပါ၊ သကြားတွေက မလိုပါဘူး၊ အဘွား ပြန်ယူသွားလို့ရပါတယ်”

ချန်ကျားယန်က အဘွားလင်းကို ရိုးသားသည့်စိတ်ခံစားမှုမျိုးနှင့် ကြည့်လိုက်သည်။

ကံမကောင်းစွာပင် အဘွားလင်းက သူမ၏ လက်ကို ဝှေ့ရမ်းလိုက်လေသည်။

“မဟုတ်တာ၊ ဒီပစ္စည်းကို ယူထားလိုက်ပါ ချန်ကျစ်ချင်း၊ မင်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဂရုစိုက်လိုက်ဦး၊ ရန်ရန်နဲ့ အဘွား မင်းကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ဘူး”

ထိုသို့ပြောပြီးနောက် အဘွားလင်းက ချန်ကျားယန်၏ အနည်းငယ် မယုံကြည်နိုင်ဖြစ်နေသည့် မျက်လုံးများအောက်မှ ထွက်သွားခဲ့လေသည်။

အဘယ်ကြောင့် ဤကဲ့သို့ ထွက်သွားရသနည်း။

သူ့အား ထပ်မံ၍ စကားအနည်းငယ် ပြောသင့်သည်မဟုတ်ပါလား။

အရေးအကြီးဆုံးမှာ

“နောက်ပိုင်း မင်းဆီမှာ ပြဿနာတစ်စုံတစ်ရာရှိလာရင် လင်းမိသားစုဆီကို လာခဲ့လို့ရတယ်” ဟူသည့် စကားကို သူ မကြားလိုက်ရပေ။

သို့သော် ချန်ကျားယန် စိတ်ပူပန်မှု အပြည့်ဖြင့်ရှိနေခဲ့သည်ကို လင်းရန်နှင့် အဘွားလင်းတို့ မြေးအဘွားနှစ်ဦး နားမလည်နိုင်ခဲ့ကြပါချေ။

ပညာသင်လူငယ်နေရာမှ အတန်အသင့် ဝေးသည့် နေရာသို့ လျှောက်လာပြီးသည့်နောက်တွင် အဘွားလင်းက လင်းရန်ထံတွင် စကားမပြောဘဲ မနေနိုင်တော့ပေ။

“ဒီမြို့ပေါ်က ချန်ကျစ်ချင်းက တကယ်ပို အရမ်းနုနယ်တယ်မဟုတ်ဘူးလား၊ ဒီလောက်လေး ဒဏ်ရာရတာတောင် သူက ခုတင်ပေါ်မှာ လှဲနေပြီး မထနိုင်တော့ဘူး”

စဉ်းစားကြည့်ပြီးသည့်နောက် အဘွားလင်း ရုတ်တရက် သတိရသွားသည်။ သူမ၏ မြေးမလေးသည်လည်း ဤမြို့ကပင်မဟုတ်ပါလား။

အဘွားလင်းက အလျင်အမြန် ဖြည့်စွက်ကာ ပြောလိုက်သည်။

“ရန်ရန်၊ အဘွားက သမီးကို ပြောတာ မဟုတ်ဘူးနော်၊ သမီးက မိန်းကလေးပဲ၊ နဂိုကတည့်က နုနယ်တယ်၊

ဒါပေမဲ့ ချန်ကျစ်ချင်းက အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်လေ၊ ဒီလောက် နာကျင်မှုလေးကိုတောင် မခံနိုင်ဘူးဆိုမှတော့ တကယ်ကို ယောကျ်ားမပီသလှဘူး”

ဤသို့ကြည့်လျှင် ယခင်က သူမ သဘောမကျသည့် သူမ၏ ဒုတိယမြောက်မြေးဖြစ်သူ လင်းကွမ်းရှန်ပင် ယောကျ်ားပီသသည့်သူ ဖြစ်လာပုံရသည်။

လူတိုင်းတွင် မခံနိုင်သည့် အရာများ ရှိကြသည်။ ချန်ကျားယန်သည်ကား နာကျင်မှုကို မခံနိုင်ခဲ့ပေ။

သို့သော် အဘွားလင်း၏ စိတ်ထဲ၌ သူ့ကို မထီမဲ့မြင် မလုပ်ဘဲ မနေနိုင်ခဲ့ပေ။

အထူးသဖြင့် သူမ၏ သား လင်းကျန်းအန်းကို တောင်ပေါ်မှသည် ဆေးရုံအထိ မနားတမ်း ပွေ့ချီလာခဲ့သည့် စုန့်ရှီးယန်နှင့် နှိုင်းကြည့်လိုက်လျှင် ချန်ကျားယန်မှာ ထိုနှိုင်းယှဉ်မှုတွင် လုံးလုံးလျားလျားပင် ရှုံးနိမ့်သွားခဲ့သည်။

လင်းရန်သည်လည်း အဘွားလင်း ပြောသည်ကိုကြားသည့်အခါတွင် အလွန်ပင်ကျေနပ်မိသည်။

ချန်ကျားယန်မှာ မကောင်းသည့် ရည်ရွယ်ချက်များရှိကြောင်း လင်းမိသားစုအား သက်သေပြရန် အခွင့်အရေး ရှာမတွေ့မည်ကို သူမ စိုးရိမ်ခဲ့ရသည်။

သို့သော် ဤအခွင့်အရေးကို ချန်ကျားယန် ကိုယ်တိုင် သူမ၏ တံခါးဝသို့ ယူလာခဲ့သည်။

သူမသည်လည်း အဘွားလင်းကဲ့သို့ပင် သက်ပြင်းချလိုက်သည်။

“ချန်ကျစ်ရှင်းက အရင်က ဒဏ်ရာမရဖူးလို့ ဒီလိုဖြစ်တာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဒေါ်ကြီးဆီကနေ ကြားတာတော့ ရှောင်ဟိုင်နဲ့ ရှောင်ယန်တို့လည်း ခြေကျင်းဝတ် လိမ်ဖူးပေမဲ့ ဒီလောက်ကြီး မနေသာမထိုင်သာ မဖြစ်ဘူးလို့ ပြောခဲ့တယ်၊ ချန်ကျစ်ချင်းက ဘာလို့ သူတို့လောက်တောင် သည်းမခံနိုင်ရတာလဲ”

လင်းရန်သည်ကား နားမလည်ဟန်ဆောင်ကာ ပြောလိုက်သော်လည်း အမှန်တကယ်တွင်

ဤစကားကို ချန်ကျားယန်အား

တိုက်ရိုက်ပြောလိုက်သကဲ့သို့ပင် ဖြစ်သည်။

အဘွားလင်း ထိုအကြောင်းကိုကြားသည့်အခါ အလွန်အမင်း သဘောကျသွားသည်။

သို့သော် ဤသည်မှာ အခြားသူများ၏ ကိစ္စဖြစ်၍ အပြင်လူအနေဖြင့် သူတို့ အများကြီး မပြောနိုင်ပေ။

မည်သို့ပင်ဖြစ်စေ အဘွားလင်း၏ စိတ်ထဲ၌မူ ချန်ကျားယန်သည်ကား

ယောကျ်ားမပီသ၊ သည်းခံမှု မရှိသည့်အပြင် ဒုက္ခ မခံနိုင်ဆိုသည့် ထင်မြင်ချက်မှာ ယတိပြတ် ခိုင်မာသွားခဲ့ပြီဖြစ်သည်။

အနာဂတ်တွင် သူ၏ ဤကဲ့သို့သော

အရည်အချင်းနှင့် ပညာရေးကြောင့် သူမ၏မြေးမလေးနှင့် လက်ထပ်ပေးရမည်လား။

ဆက်၍ အိပ်မက်သာ မက်နေလိုက်ပါ ဟုသာ ပြောလိုက်ချင်ပေသည်။

ချန်ကျားယန်သည်ကား သူနှင့် လင်းရန်ကြားမှ ဆက်ဆံရေး ပြီးဆုံးသွားသည်ကို မသိခဲ့ပေ။

လင်းရန်နှင့် အဘွားလင်း ထွက်သွားပြီးသည့်နောက်၌ သူက သကြားလုံးနှစ်ထုပ်ကို ကြည့်ကာ သူ၏စိတ်ခံစားမှုများ ရုတ်တရက် ကောင်းမွန်လာခဲ့သည်။

သကြားညိုနှင့်သစ်သီးချိုချဉ်များကို နောက်ဆုံး စားခဲ့ရသည့်အချိန်မှာ မည်မျှပင်ကြာခဲ့သည်ကိုဘုရားသာလျှင် သိပေလိမ့်မည်။

ယခု လင်းမိသားစုသည် လူနာလာတွေ့သည်ကိုပင် သကြားလုံးနှစ်ထုပ် ပါလာခဲ့သည်။ ဤသည်မှာ

သူတို့မိသားစုသည် သူ ထင်ထားသည်ထက်ပို၍ များစွာချမ်းသာသည်ဆိုသည့် အချက်အား ပြသနေခဲ့သည်။

လင်းရန်အား လက်ထပ်ကာ လင်းမိသားစု၏ သားမက် ဖြစ်လာရန် သေချာပေါက် နည်းလမ်းရှာရပေတော့မည်။

...

All Chapters