အခန်း (၁၀၈)
Vol. 11 Ch. 108
ညနေစောင်း အမှောင်ကျသည့်အချိန်တွင် စုန့်ရှီးယန်နှင့်လင်းကျန်းအန်းတို့သည်လည်း မြို့ဆေးရုံမှ ဆင်းလာခဲ့ကာ လင်းမိသားစုဆီသို့ ပြန်ရောက်လာကြသည်။
လင်းကျန်းအန်း၏ ခြေထောက်တွင် ခြစ်ရာများရခဲ့သော်လည်း ကြီးကြီးမားမား ပြဿနာဟု သူ
မထင်ခဲ့ပေ။
လင်းကျန်းအန်းသည်ကား ယခုအချိန်တွင် တောင်ပေါ်မှ အဖိုးတန်ဆေးပင်များ အကြောင်းကိုသာ တွေးနေမိခဲ့သည်။
သူ၏မိသားစုသာ သူ့အား ယခုချက်ချင်း တောင်ပေါ်တက်ရန် ခွင့်ပြုပေးလျှင် သူက အိမ်ကို ပြန်ရောက်သည်နှင် တောင်ပေါ်သို့ ပြေးတက်သွားမိပေလိမ့်မည်။
တောင်ပေါ်မှ ထိုနေရာကို သူတစ်ဦးတည်းသာ သိသည်ဖြစ်၍ ဂျင်ဆင်းကို တူးရန်အတွက် တစ်စုံတစ်ယောက်အား တောင်းဆိုရန်လည်း မဖြစ်နိုင်ပေ။
သို့သော် လင်းကျန်းအန်းသည်ကား ထိုအကြောင်းကို ကျန်သည့် လင်းမိသားစုများအားလည်း လျှို့ဝှက်ထားရန် မရည်ရွယ်ခဲ့ပေ။
ညနေစာ စားကြစဉ်အချိန်တွင်လင်းကျန်းအန်းမှ ထိုကိစ္စများကို လင်းမိသားစုအားပြောပြခဲ့လေ၏။
ထို့အကြောင်းကို ကြားသိခဲ့ရသည့်နောက်တွင် သူတို့၏ တုံ့ပြန်မှုမှာလည်း အံ့အားတကြီး ဖြစ်နေခဲ့ကြသည်။
ဂျင်ဆင်းသည်ကား အမှန်တကယ် ကောင်းမွန်သည့် ဆေးပင်ဖြစ်ကြောင်း မမြင်ဖူးသည့် သူများပင်သိသည်။
ထို့နောက် တတိယမြောက်သား လင်းကျန်းရှီက မေးလာသည်။
“ဒါပေမဲ့ ဒုတိယအစ်ကို၊ ဒီပစ္စည်းတွေကို ပိုက်ဆံနဲ့လဲဖို့ ဘယ်နေရာကို ပို့ရမလဲဆိုတာကိုရော စဉ်းစားဖူးလား”
လင်ကျန်းအန်းအနေဖြင့် ဤပြဿနာကို စဉ်းစားဖူးသည်။ ထို့အပြင် ညနေပိုင်းအချိန် ဆေးရုံမှ ဆင်းသည့်အခါတုန်းက မြို့ဆေးရုံမှ ဆရာဝန်များ၊ သူနာပြုများနှင့်ပင် တိုင်ပင်ခဲ့သေးသည်။
ထို့ကြောင့် သူက ပြုံးကာ
ရှင်းပြသည်။
“မြို့ဆေးရုံက ဆရာဝန်တွေကို မေးကြည့်တော့ သူတို့ရဲ့ မြို့ပေါ်ကဆေးဆိုင်က ဆေးဖက်ဝင်ပစ္စည်းတွေ စုဆောင်းတယ်လို့ သိရတယ်”
လူများ မသိကြ၍သာ ဖြစ်သည်။
ဆိုရလျှင် ထိုအနီးအနားမှ ကွန်မြူနတီ ထုတ်လုပ်ရေးအဖွဲ့များမှာ အဓိကအားဖြင့် စားသောက်၍ရသော ကောက်ပဲသီးနှံပင်များကိုသာ စိုက်ပျိုးကြသည်။
မည်သူကမှ ဆေးဖက်ဝင်ပစ္စည်းရှာရန်အတွက် ဆိုသည့်အတွေးမျိုးနှင့် တောင်ပေါ်သို့ မတက်ခဲ့ကြပါချေ။
ထို့ကြောင့် သူတို့၏ဆေးရုံတွင်ရှိနေသော ဆေးဖက်ဝင်ပစ္စည်းအများစုသည်ကား တခြားသောမြို့များမှ တင်ပို့လာရခြင်းဖြစ်သည်။
သို့သော် ကွန်မြူနတီအဖွဲ့ထဲမှ တစ်ဦးဦးကသာ ဆေးဖက်ဝင်အပင်များအား စုဆောင်းကာ ရောင်းချလိုသည်ဆိုပါက သူတို့ကလည်း သက်ဆိုင်ရာ နိုင်ငံတော်စံနှုန်းများအတိုင်း ဝယ်ချေယူယူပေးကြလိမ့်မည်ဖြစ်သည်။
ထိုအကြောင်းကြားသည့်အခါ ကျန်ရှိနေသည့် လင်းမိသားစု၀င်များကလည်း စိတ်လှုပ်ရှားလာကြရသည်။
“ဒါဆို ဂျင်ဆင်းအမြစ်နည်းနည်းလောက်ကို တူးထုတ်လိုက်တာနဲ့ ကျွန်တော်တို့ မိသားစု ချမ်းသာသွားမယ်လို့ ဆိုလိုတာ မဟုတ်လား”
အနည်းဆုံးတော့ အမြတ်ရပေလိမ့်မည်။
ဂျင်ဆင်းသည်ကား ဆေးဖက်ဝင်တန်ဖိုး မြင့်မားသည်ဖြစ်၍ ဈေးပေါမည်မဟုတ်ပေ။
လင်းကျန်းရှီ ထိုသို့ တွေးမိသည့်အခါ
သူ၏ဒုတိယအစ်ကို လင်းကျန်းအန်းက ဤလုပ်ငန်းကို ကူးပြောင်းလုပာကိုင်လိုချင်သည်က မှန်ကန်သည့်အရာကို လုပ်ခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ကံမကောင်းစွာပင် သိပ်မကြာမီ၌ လင်းကျန်းအန်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်ရသည်။
“ဒါပေမဲ့ ငါ မေးကြည့်ခဲ့တာတော့ ဆေးရုံရဲ့ဝယ်ဈေးက အရမ်းကြီးမြင့်မှာ မဟုတ်ဘူး”
မြို့ငယ်လေးမှ ဆေးရုံဖြစ်၍ အခြေခံအဆောက်အအုံမှာ အပြည့်အဝ တည်ဆောက်ထားခြင်း မရှိသေးသည့်အပြင် ဆေးဖက်ဝင်ပစ္စည်းများကို ဈေးကြီးပေး ဝယ်ရန်အတွက်လည်း အပိုရန်ပုံငွေဟူ၍ များစွာ မရှိပါချေ။
“ အဲဒါဆို ဘယ်လိုလုပ်ရမလဲ ၊ဈေးနိမ့်နိမ့်နဲ့ ရောင်းရမှာလား”
လင်းကျန်းရှီ၏ မျက်လုံးများက ပြူးကျယ်သွားကာ ဆေးပင်များကို မြို့ဆေးရုံသို့ ရောင်းရမည်ကို သဘောမကျသကဲ့သို့ ခံစားလာရသည်။
လင်းကျန်းအန်းက ဟုတ်သည် မဟုတ်သည်၊ မပြောဘဲ ကူရာမဲ့စွာ ပြောလိုက်လေသည်။
“ မြို့ဆေးရုံကို အရင်ဆုံးသွားကြည့်ရအောင်”
အကယ်၍ ဈေးနှုန်းသည်က အမှန်တကယ်ပင် အလွန်နည်းလွန်းနေပါက သူတို့အနေဖြင့် ဆေးပင်များကို တခြားနေရာများတွင် ရောင်းရန် နည်းလမ်းရှာရပေတော့မည်။
ဘေးနားမှ လင်းရန်သည်လည်း သူမ၏ဖခင်မှာ ဤကိစ္စနှင့် ပတ်သက်ကာ စိုးရိမ်နေသည်ကို မြင်သည့်အတွက် ကူညီပေးချင်သော်လည်း သူမသည်ကား ဆေးပညာအကြောင်းနှင့်ပတ်သက်လျှင် များစွာမသိသည့် အတွက်ကြောင့်
ဖခင်ဖြစ်သူအား တစ်ဆင့်ချင်း လုပ်ဆောင်ရန် ခွင့်ပြုလိုက်ရတော့သည်။
ဤသို့ဖြင့် ရက်အနည်းငယ်ကြာသည့်နောက်တွင် လင်းကျန်းအန်းတစ်ယောက် သူ၏ခြေထောက်ဒဏ်ရာမှာနာကျင်ခြင်းမရှိဟု ခံစားရသည်ဖြစ်၍ တောင်ပေါ်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။
သူ၏ စိတ်ဓာတ်က ဤမျှ ပြင်းထန်လေးနက်နေသည်ကို မြင်သည့်အချိန်တွင် သူ၏ မိသားစုဝင်များမှာလည်း တစ်ခွန်းမျှ မပြောနိုင်တော့ပေ။
သူတို့ကိုယ်တိုင်သည်လည်း ဂျင်ဆင်းအား အလဟဿ ဆုံးရှုံးလိုစိတ်မရှိသည်ဖြစ်၍ တောင်ပေါ်သို့ တက်ရန် သဘောတူလိုက်ကြတော့သည်။
သို့သော် တောင်ပေါ်သို့ မတက်မီတွင်
အဘွားလင်းက သူ၏ သားအကြီးဆုံးကို လင်းကျန်းအန်းနှင့်အတူ တောင်ပေါ်သို့ လိုက်ခိုင်းခဲ့သည်။
ညီအစ်ကိုနှစ်ယောက် ရှိနေသည်ဆိုပါက အပြန်အလှန် ဂရုစိုက်နိုင်လိမ့်မည်ဟူ၍ သူမ တွေးထားခဲ့သည်ပင်။
လင်းကျန်းအန်းသည်လည်း ထိုအကြောင်းကိုကြားသည့်အခါတွင် မငြင်းခဲ့ပေ။
အစ်ကိုအကြီးဆုံးမှ သူ၏မရီးအား တစ်ရက်နားခွင့်ယူရန် တပ်မဟာကို သွားခိုင်းသည်ကို မြင်ပြီးသည့်နောက့တွင် သူလည်း သူ၏အစ်ကိုအကြီးဆုံး လင်းကျန်းဖင်းနှင့်အတူ ထွက်သွားခဲ့လေသည်။
ဘေးနားမှ အငယ်ဆုံးညီဖြစ်သူ လင်းကျန်းရှီကား ဤသည်ကိုမြင်သည့်အခါ စိတ်ထဲ၌ ချဉ်တူးလာခဲ့သည်။
သူသည် အဘွားလင်းကို ကြည့်ကာ ထပ်၍
စိတ်မထိန်းနိုင်တော့သည်ဖြစ်၍ မကျေနပ်စွာဖြင့်
ရေရွတ်လိုက်သည်။
“အမေ၊ ဘာလို့ ကျွန်တော့်ကို ဒုတိယအစ်ကိုနဲ့ တောင်ပေါ်ကို မသွားခိုင်းတာလဲ၊ကျွန်တော်လည်း ကူညီလို့ရတာပဲကို၊”
အစ်ကိုအကြီးဆုံးကိုမူ သွားခွင့်ပြုပြီး သူ့အား သွားခွင့်မပြုသည်မှာ သူ့အား ခွဲခြားဆက်ဆံသည်မဟုတ်ပါလား။
သူ၏ထံမှ မည်သည့် ကောင်းမွန်သော အရာမျိုးကိုမှ မိခင်ဖြစ်သူက မမျှော်လင့်ခဲ့သည်များလား။
သူသည်က အမှန်တကယ် အဘွားလင်း၏ သားအရင်းပင် ဟုတ်ပါလေသလား။
အဘွားလင်းကမူ သူ၏မျက်လုံးထဲမှ
စွပ်စွဲမှုများကို မမြင်သကဲ့သို့
တည်ငြိမ်အေးဆေးသည့် လေသံနှင့် ပြောခဲ့သည်။
“မင်းက ဘာလို့ တောင်ပေါ်ကို လိုက်တက်မှာလဲ၊ မင်းလိုက်မယ်ဆိုရင် ပြဿနာရှာဖို့ လိုက်တက်သလိုဖြစ်နေမှာပေါ့၊ မင်းက တောင်ပေါ်ကိုတောင် ကောင်းကောင်းမရောက်ဖူးသေးဘူးလေ ၊ မင်းရဲ့ဒုတိယအစ်ကိုတို့ ဘာလုပ်မယ်ဆိုတာလည်း မင်း မသိဘူး၊
မင်းက ဘယ်လောက်မှ ဝေးဝေး လျှောက်နိုင်တာလည်း မဟုတ်ဘူး၊ လမ်းတစ်ဝက်မှာ မလျှောက်နိုင်တော့ရင် သူတို့ကို ဒုက္ခပေးသလိုဖြစ်သွားမိလိမ့်မယ်”
ထိုချန်ပညာတတ်လူငယ်ကဲ့သို့ပင် ဖြစ်သွားလိမ့်မည်မဟုတ်ပါလား။
ထိုအကြောင်း တွေးမိသည့်နောက်တွင် အဘွားလင်းသည်ကား တတိယသားဖြစ်သူ လင်းကျန်းရှီကို သွားခွင့်မပြုရန် ဆုံးဖြတ်ချက်က ပို၍ ခိုင်မာလာသည်။
အဘွားလင်း၏ ဆူပူသည်ကိုခံရပြီးနောက်တွင် လင်းကျန်းရှီ၌ ပြောရန်ပင် စကားမရှိတော့ပါချေ။
သူသည်ကား တောင်ပေါ်တက်ရသည်ကို မကြိုက်နှစ်သက်ဟု မည်သူ ကများ ပြောခဲ့သနည်း။
သို့သော် အစ်ကိုကြီးဖြစ်သူက လင်းကျန်းအန်းနှင့်အတူ သွားရသည်ဖြစ်၍ နောက်ပိုင်း လင်းကျန်းအန်း ဂျင်ဆင်းရောင်းချပြီးလျှင် ရရှိလာမည့် ငွေများကိုလည်း အစ်ကိုကြီးဖြစ်သူအား ပေးကောင်းပေးလိမ့်မည်ဟု တွေးမိလိုက်သည်။
ထိုသို့ တွေးမိသည့်အခါ လင်းကျန်းရှီတစ်ယောက် ကြောင်တစ်ကောင်ထံမှ ခြေသည်းနှင့် အကုတ်ခံနေရသကဲ့သို့ အလွန်အမင်းပင် မသက်မသာ ခံစားလိုက်ရလေသည်။
လင်းရန်သည်ကား သူ၏ဘေး၌ ထိုင်နေသော်လည်း ထိုကိစ္စ၌ ပါဝင်ခဲ့ခြင်း မရှိပေ။
သူမ၏ တတိယဦးလေး
လင်းကျန်းရှီသည်ကား ထိုအလုပ်မျိုးနှင့် အမှန်တကယ်ပင်မသင့်တော်ဟု သူမ ခံစားရသည်။
သူမ၏ တတိယဦးလေးသည် ဉာဏ်အလွန်ကောင်းသည်။ သို့သော် မြေပြင်အလုပ်မျိုးကို လုပ်မည်ဆိုပါက မဖြစ်နိုင်ပေ။
ဤအခြေအနေမျိုးတွင် သူ၏ အားသာချက်များကို ထည့်သွင်းစဉ်းစားကာ မည်သို့ကူညီနိုင်မည်ဆိုသည်ကိုသာ သူ့အနေဖြင့် ပို၍ ကြည့်သင့်သည်
လင်းရန်အနေဖြင့် သူမ၏အဖေလည်း ယခုကဲ့သို့ပင်တွေးခဲ့မည်မှာ သေချာသည်ဟု ခံစားရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ မထွက်မီတွင် သူမ၏အဖေသည် သူမ၏ တတိယဦးလေး
လင်းကျန်းရှီအား တစ်စုံတစ်ပြောလိုသကဲ့သို့ ကြည့်နေသည်ကို သူမ သတိထားမိခဲ့သည်။
သူက ရှင်းပြချင်သော်လည်း အချိန်မရှိတော့သည်ဖြစ်၍ စကားတစ်ခွန်းမျှ ထပ်၍မပြောတော့ဘဲ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ သူမ၏အဖေသည်က ဤကိစ္စကို မုချ ကိုင်တွယ်နိုင်မည်ဟု ယုံကြည်သည်။
အဘယ်ကြောင့်ဆိုသော် အဘွားလင်းမှ သူမ၏သားသုံးယောက်ကြား၌ ပဋိပက္ခအကြီးအကျယ် ဖြစ်ဖူးသည်ဟု မပြောဖူးခဲ့၍
ဖြစ်သည်။
မနက်စာစားပြီးသည့်နောက်တွင်
လင်းရန်သည် ကွန်မြူနတီစားဖိုဆောင်၌ ဆက်၍ အလုပ်သွားလုပ်ခဲ့သည်။ မမျှော်မထားသည်မှာ
ယနေ့လည်း စုန့်ရှီးယန်သည်က သူမနှင့်အတူ လိုက်ပါလာခဲ့ပြန်သည်။
ရက်များကို ရေတွက်ကြည့်လျှင် စုန့်ရှီးယန် မြို့စာတိုက်ကို နောက်ဆုံးသွားခဲ့သည်မှာ လေးရက်နီးပါး ရှိပြီဖြစ်သည်။ ကျိုးကြောင်းဆီလျော်စွာဆိုလျှင် သူ မှာထားသော အထုပ်သည်ကား သူ့ထံသို့ ရောက်သင့်နေလေပြီ။
စုန့်ရှီးယန်တစ်ယောက် မျှော်လင့်တကြီးနှင့် စိတ်လှုပ်ရှားသည်ကို လင်းရန် မြင်သည့်အခါ နောက်ဆုံး၌ မထိန်းနိုင်တော့ဘဲ သူ့အား ပေါ့ပေါ့ပါးပါးဟန်ဖြင့် မေးလိုက်မိသည်။
“ရှင် အဲဒါကို ဒီလောက်တောင် အပူတပြင်း လိုချင်နေတာ၊ အဲဒီပစ္စည်းတွေက ဘယ်သူ ပို့ပေးတာများလဲ”
လင်းရန် မေးလိုက်သည့်အချိန်တွင် စုန့်ရှီးယန်သည်ကား စဉ်းစားခဲ့ခြင်းမရှိပါဘဲ “မိသားစု” ဟုသာ ဖြေလိုက်သည်။
သို့သော် ထိုစကားပြောပြီးသည့်နောက်၌ သူမအတွက် လက်ဆောင်တစ်ခုပါသည်ဟု မူလက ပြောချင်ခဲ့သော်လည်း အံ့အားသင့်စရာကို နောက်မှ ချန်ထားသည်မှာ ပို၍ ကောင်းမည်ဟုထင်သောကြောင့် မည်သည့်စကားကိုမှ မပြောတော့ဘဲ နေလိုက်လေသည်။
သို့သော် သူ၏မျက်လုံးများက လင်းရန်ဆီသို့ အဓိပ္ပာယ်ပြည့်ဝသည့် အပြုံးဖြင့် ကြည့်လာခဲ့သည်။
လင်းရန်- “?”
စုန့်ရှီးယန်၏မိသားစုမှ သူ့ဆီသို့ ပစ္စည်းထုပ် ပို့ပေးခဲ့သည်။ ထိုသည်ကို ညအဘယ်ကြောင့် သူမထံသို့ ဤကဲ့သို့ကြည့်နေသနည်းဟု သိချင်စိတ်ဖြစ်လာခဲ့ရသည်။
အထုပ်ထဲမှ ပစ္စည်းက သူမနှင့်တော့ ဘာတစ်ခုမှ မပတ်သက်နိုင်လောက်ဘူးမလား?
ထိုအကြောင်း တွေးမိပြီးနောက် လင်းရန်တစ်ယောက် ခေါင်းကို အလျင်အမြန်ရမ်းလိုက်မိသည်။
စုန့်ရှီးယန်မှ သူမအား သဘောကျနေသည်ဟု ခန့်မှန်းမိသော်လည်း စုန့်ရှီးယန်အနေဖြင့် သူမအတွက် အထူးတလည် လက်ဆောင် ပြင်ဆင်ပေးလာလိမ့်မည်ဟု မထင်ပေ။
အထူးသဖြင့် သူ၏ မိသားစုက ပြင်ဆင်ပေးလိမ့်မည်မဟုတ်ပေ။
သို့သော်သူမအား စိတ်ချမ်းသာစေသည့် အချက်မှာ စုန့်ရှီးယန်၏ ဖြေကြားချက်အရ တစ်စုံတစ်ယောက်မှ ပို့ပေးသည့် ပါဆယ်ထုပ်မဟုတ်ဘဲ မိသားစုဝင်တစ်ယောက်မှ ပို့ပေးခြင်းပင်ဖြစ်သည်။
ဤအချက်အား ကြည့်လျှင် စုန့်ရှီးယန်ထံတွင် ချစ်သူမရှိလောက်ဟုသတ်မှတ်၍ ရနိုင်သည်မဟိတ်ပါလား။
ဤကဲ့သို့ နားမလည်နိုင်သလောက်သည့် ကောင်းမွန်သည့် စိတ်ခံစားမှုများဖြင့် လင်းရန်တစ်ယောက်
ကွန်မြူနတီစားဖိုဆောင်အဝင်ဝ၌ စုန့်ရှီးယန်နှင့် လမ်းကြောင်းခွဲခဲ့ကြသည်။
**