အခန်း (၁၀၉)
Vol. 11 Ch. 109
လင်းရန် ကွန်မြူနတီရုံး၏ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမအား အချိန်အတော်ကြာ စောင့်နေခဲ့သည့် ချန်ဝမ်က ရုတ်တရက် သူမအား တားဆီးလာခဲ့လေသည်။
“ဟေး၊ ရဲဘော်ရှောင်လင်း၊ ခဏလေး စောင့်ပါဦး”
လင်းရန်သည်ကား မူလက စားဖိုဆောင်သို့ တိုက်ရိုက် သွားမည်ဖြစ်သော်လည်း ချန်ဝမ်၏ အော်သံကို ကြားသည့်အခိုက်တွင် ရပ်တန့်လိုက်လေသည်။
သူမသည် ဘေးတစ်ဘက်ကို လှည့်ကာ ချန်ဝမ်အား ကြည့်လိုက်သည်
“ဘာဖြစ်လို့လဲ၊ ဦးလေးချန်”
ချန်ဝမ်သည်ကား ကွန်မြူနတီ၌ အငယ်ဆုံးဖြစ်ချေသည်။ သို့သော် သူက အငယ်ဆုံးဖြစ်နေသည့်တိုင် လင်းရန်အတွက်ဆိုလျှင်မူ သူ့အား ဦးလေးဟု ခေါ်မှသာ နားထောင်ရ အဆင်ပြေနိုင်ပေလိမ့်မည်။
“ဟေး၊ ငါ မင်းကို အကူအညီတောင်းစရာ ရှိတယ် ၊ မင်းကူညီဖို့ ဆန္ဒရှိမရှိတော့ မသိဘူး”
ချန်ဝမ်က ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။
လင်းရန်က သူ့အား ချက်ချင်း တုံ့ပြန်ခြင်းမပြုသေးဘဲ ဂရုတစိုက်ဖြင့် မေးလိုက်လေသည်။
“ဘာများကူညီပေးရလဲဆိုတာ ပြောပြလို့ရမလား ဦးလေးချန်”
စဉ်းစားကြည့်လျှင် ကွန်မြူနတီတွင် သူမ လူများနှင့် ဆက်ဆံပြောဆိုရသည့် တစ်ခုတည်းသော နေရာမှာ စားဖိုဆောင်အတွက်ပင်ဖြစ်သည်။
ထို့အပြင် လူတိုင်း၏အမြင်၌ သူမ၏ လက်ရာသည်ကား အကောင်းဆုံးဟု သတ်မှတ်ထားကြသည်။
သို့ဖြစ်၍ သူမအား အကူအညီတောင်းလိုသည်ဆိုပါက ဟင်းချက်ပေးရန် အကူညီတောင်းခြင်းသာဖြစ်နိုင်သည်။
လင်းရန်၏ ခန့်မှန်းချက် မှန်ကန်ကြောင်း နောက်တစ်စက္ကန့်အတွင်း၌ သိလိုက်ရသည်။
“တကယ်တော့ ကိစ္စက ဒီလိုပါ၊ငါ့ဆီမှာ အသက်ကြီးတဲ့ ယောက္ခမရှိတယ်၊ ဒီတစ်ခါ သူ့ရဲ့ အသက်က ခြောက်ဆယ်ပြည့်ပြီလေ၊ ငါ့ရဲ့ဇနီးနဲ့ ငါက အစက သူ့ကို မြို့နယ်စားသောက်ဆိုင်ကို ခေါ်သွားပြီး စားကောင်းသောက်ဖွယ်တွေနဲ့ ကျင်းပပေးဖို့ စီစဉ်ထားတာ၊
ဒါပေမဲ့ မြို့နယ်ကို သွားဖို့ကကျတော့ အရမ်းဝေးနေတယ်၊ ငါတို့မိသားစုရဲ့ ဟင်းချက်လက်ရာကလည်း အဲဒီလောက် မကောင်းဘူး၊ ဒါကြောင့် ရဲဘော်ရှောင်လင်းအနေနဲ့ ငါတို့အတွက် လာချက်ပေးနိုင်မလားလို့ တွေးမိလို့ပါ”
ထိုသို့ပြောရင်း ချန်ဝမ်က ပတ်ဝန်းကျင်ကို သေချာ ဂရုစိုက်ကြည့်လိုက်သည်။
မည်သူမှ သူ၏စကားကို မကြားသည်ကို မြင်သည့်အခါ ဆက်၍ပြောသည်။
“ သေချာပေါက် အလကား လုပ်ပေးခိုင်းမှာ မဟုတ်ပါဘူး၊ ဒီအတွက် အဖိုးအခကို ပေးပါ့မယ်”
ချန်ဝမ်သည်ကား သူ၏ဇနီးနှင့် ဆက်ဆံရေး အလွန်ကောင်းသည်။
သူ၏ယောက္ခမသည်လည်း သူ့အား
များစွာ ကူညီပေးခဲ့သည်။ ယခု အသက်ခြောက်ဆယ်ပြည့် မွေးနေ့တွင် သူ့အတွက် မွေ့နေ့ပွဲ ကျင်းပပေးကာ ထိုယောက္ခမအား ပျော်ရွှင်အောင် လုပ်ပေးချင်သည်မှာ အသေအချာပင်ဖြစ်ပေသည်။
ယခင်က မြို့နယ်၏ နိုင်ငံပိုင်စားသောက်ဆိုင်များ၌ စားခဲ့ဖူးပြီး ထိုဆိုင်များမှစားဖိုမှူးများ ချက်သည့်
အစားအစာသည် အမှန်တကယ် အံ့ဩဖွယ်ကောင်းလောက်အောင်ပင် အရသာရှိ၍ စားကောင်းလှသည်ဟု တွေးခဲ့ဖူးသည်။
သို့သော် သူတို့ ချက်သည့် ဟင်းလျာများမှာ လင်းရန်၏ လက်ရာဟင်းများကဲ့သို့ မကောင်းပေ။
သေချာတာပေါ့။ ထိပ်တန်း စားဖိုမှူးတစ်ယောက်၏ လက်ရာသည်ကား ထိုသူတို့၏ လက်ရာထက် များစွာ ပို၍ ကောင်းသည်မှာ သေချာပေသည်။
သူ့အနေဖြင့် သူ၏ယောက္ခမအား အရသာရှိသည့် အစားအစာများနှင့် ပျော်ရွှင်အောင် လုပ်ပေးမည်ဟု
သဘောတူထားပြီးသည်ဖြစ်၍ သင့်တော်သည်ကို ရွေးချယ်ရမည်ဖြစ်သည်။
ဥပမာအားဖြင့် လင်းရန် ချက်သည့် ဟင်းလျာများပင်ဖြစ်သည်။
သို့သော် ချန်ဝမ်က လင်းရန် သဘောတူလောက်မည်လားဆိုသည်ကိုမူ သေချာမသိပေ။
အဘယ်ကြောင့်ဆိုသော် ယခုရက်ပိုင်း၌ ထိန်းချုပ်မှုသည် တင်းကြပ်လွန်းသည်။ ဤကဲ့သို့အိမ်တိုင်ရာရောက် ချက်ပြုတ်ခြင်းသည်ကား အတိုင်းအတာတစ်ခုအထိ စီးပွားရေးလုပ်သည်ဟု သတ်မှတ်နိုင်သည်။
လင်းရန်သာ သူမ၏လုံခြုံရေးအတွက် ဟင်းချက်ပေးရန် ငြင်းပယ်လိုက်လျှင်လည်း ချန်ဝမ်အနေဖြင့် မည်သို့မှ ပြောမည်မဟုတ်ပေ။
ချန်ဝမ်အား အံ့သြသွားစေသည်မှာ
ထိုအကြောင်းကြားပြီးသည့်နောက်၌ လင်းရန်သည် ချက်ချင်းပင် ခေါင်းညိတ်ကာ ပျော်ရွှင်စွာ သဘောတူလိုက်ခြင်းပင်ဖြစ်သည်။
“ကောင်းပြီ၊ ဦးလေးချန်၊ ဦးလေးယေက္ခမရဲ့ မွေးနေ့က ဘယ်နေ့လဲ၊ ကျွန်မ ပြင်ဆင်ထားချင်တယ်”
ချန်ဝမ်တစ်ယောက် လင်းရန်မှ သဘောတူလိုက်သည်ကို ကြားလိုက်ရသည့်အတွက် အလွန်ပင် ပျော်ရွှင်သွားခဲ့ရသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ချန်၀မ်က လင်းရန်၏အကြောင်းကို အိမ်၌ များစွာ ပြောခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လင်းရန် ချက်သည့် အစားအစာများမှာ အရသာလွန်းရှိ၍ပင် ဖြစ်သည်။
ကံကောင်းစွာပင် သူ၏ဇနီးက သူ့အား အလွန်ယုံကြည်ထားခဲ့ပေသည်။
ချန်၀မ်သည်ကား အစားအသောက်ကောင်းများကို အလွန်ကြိုက်သည့်လူတစ်ယောက်ဆိုသည်ကို သူမ သိသည်ဖြစ်၍ တခြားသော ရှုပ်ထွေးသည့် ကိစ္စများအား စိတ်ပူပန်မှု မရှိခဲ့ပါချေ။
သို့သော် ချန်ဝမ်က ထိုအကြောင်းကို အိမ်ထဲတွင် မကြာခဏ ပြောနေခဲ့လေ့ရှိသည့်အတွက် ချန်ဝမ်၏ ဇနီးဖြစ်သူ တုကျွမ်းကလည်း
လင်းရန်၏လက်ရာကို စတင်၍ သိချင်စိတ်များဖြစ်လာခဲ့ရသည်။
မူလက သူမအနေဖြင့်ည ချန်၀မ်အား ကွန်မြူနတီစားဖိုဆောင်မှ မကုန်သည့်အတွက် ကျန်ရှိသော ဟင်းလျာများအား ပြန်ယူလာပေးရန် ပြောခဲ့သည်။
သို့မှသာ သူမ မြည်းစမ်းကြည့်၍ ရမည်ဖြစ်သည်။
သို့သော် ချန်ဝမ်က ကွန်မြူနတီမှ လူများသည်ကား အစားအစာများကို ငတ်ပြတ်သည့် သရဲများ ပြန်ဝင်စားလာသကဲ့သို့ အငမ်းမရစားသောက်ကြကြောင်း၊ စားသောက်သည််အချိန်တိုင်းတွင် မည်သည့်ဟင်းမှ မကျန်ခဲ့ကြောင်း၊
ဟင်းချိုရည်ကိုပင် ထမင်းနှင့် ရောနှောကာ ပြောင်တလင်းခါအောင်
စားပစ်ကြကြောင်း သူမအား ပြောပြခဲ့သည်။
ထိုအကြောင်းကြားသည့်အချိန်တွင် တုကျွမ်းသည်ကား ပို၍ပင် စူးစမ်းသိချင်လာရသည်။
ထို့ကြောင့် ချန်ဝမ်မှ လင်းရန်အား
ဟင်းချက်စေရန် အကြံပြုသည့်အခိုက်တွင် သူမသည်ကား အနည်းငယ်မျှသာ တွေဝေပြီး သဘောတူလိုက်ခြင်းဖြစ်ပေသည်။
လူတိုင်းက သဘောတူကြပြီးဖြစ်၍ လင်းရန်မှ လာရောက်ချက်ပြုတ်ကေးသည်ကို စောင့်နေရန်သာ ကျန်ရှိတော့သည်။
လင်းရန်က ချန်ဝမ်ဆီမှ အချိန်အတိအကျအပြင် သူ၏ယောက္ခမနှင့် သူ၏မိသားစု အကြိုက်များကိုပါ လျင်မြန်စွာ မေးမြန်းစုံစမ်းထားခဲ့လေသည်။
ချန်ဝမ်၏ ယောက္ခမ မွေးနေ့က လာမည့်အပတ်ထဲတွင် ဖြစ်၍ လင်းရန်တွင် ပြင်ဆင်ရန် ရက်အနည်းငယ် ရှိသေးသည်။
သို့သော် ဤသည်မှာ သူမ၏ ပထမဆုံး စီးပွားရေးဖြစ်သည့်အတွက် လင်းရန်က သူမ၏
အထူးလက်ရာကို ပြသဖို့ တွေးတောထားခဲ့လေသည်။
သူမက ဤအခွင့်အရေးကို အသုံးချကာ သူမ၏ နာမည်ကို နေရာအနှံ့သို့ ပြန့်သွားစေရန်အတွက်လည်း ကြံရွယ်ထားခဲ့ခြင်းဖြစ်ပေသည်။
ကွန်မြူနတီ၏ ခေါင်းဆောင်များနှင့်သူမ၏ ဆက်ဆံရေးမှာ နက်နဲသည်အထိ ခင်မင်ရင်းနီးခြင်း မရှိသေးသော်လည်း လူတိုင်း၏ အစားအသောက်နှင့် အဝတ်အစား ကုန်ကျစရိတ်များမှတဆင့် ချန်ဝမ်၏မိသားစုသည်ကား ချမ်းသာပုံရပြီး မြို့ထဲ၌ နေထိုင်သည်ကို သူမ သိရှိနိုင်ခဲ့သည်။
ဤသို့ကြည့်လျှင် ချန်၀မ်၏ ဇနီးနှင့် ယောက္ခမသည်လည်း အခြေအနေမဆိုးလောက်ပေ။
ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချကာ သူမ၏ နာမည်နှင့်ပုံရိပ်ကို တည်ဆောက်ရပေလိမ့်မည်။
ထို့အပြင် “စားဖိုမှူးလင်း” ဟူသည့် အမည်ကို ဤလူအုပ်စုကြား၌ ပျံ့နှံ့သွားစေရမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူမ ယခင်ဘဝက အခြားသူများထက် ပို၍အောင်မြင်ခဲ့သည့် အကြောင်းရင်းမှာ “သီးသန့် မှာယူမှု” နှင့် “အကန့်အသတ်ဖြင့် ရောင်းချမှု” ကြောင့်ပင်ဖြစ်ပေသည်။
ထိုအချိန်က သာမန်လူတန်းစားများသည်ပင် ငွေကြေးများ မပြတ်လပ်ကြဘဲ ဈေးကွက်ထဲမှ ကြီးကြီးမားမား အသေးအမွှား အရာအားလုံးကို ဝယ်ယူနိုင်ကြသည်။
ထို့ကြောင့် ရွေးချယ်စရာများ
အလွန်များသည့်အတွက် ဆိုင်အများအပြားသည်ကား ထူးခြားချက် မရှိလျှင် အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် လင်းရန်က နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့ပြီး ဒေသတွင်းနာမည်ကြီး အစားအသောက်ပညာရှင်တစ်ယောက်ကို သွားရှာကာ ရှက်ရွံ့စွာဖြင့် ဟင်းတစ်ပွဲ ချက်ပြုတ်၍ မြည်းစမ်းစေခဲ့သည်။
နောက်ပိုင်း၌ အစားအသောက်ပညာရှင်က သူမ၏ ဟင်းချက်လက်ရာကို အလွန်ကျေနပ်သည်ဟု ပြောခဲ့သည်။
ထို့နောက် လင်းရန်၏ ဆန္ဒအတိုင်းပင် သူ၏သူငယ်ချင်း အသိုင်းအဝိုင်းနှင့် လူတိုင်းကို လင်းရန်၏ လက်ရာအား အကြံပြုပေးခဲ့သည်။
ဤအခွင့်အရေးကြောင့်ပင် လင်းရန်၏ နာမည်ကောင်းများက စတင်ထင်ပေါ် လာခဲ့ခြင်းဖြစ်ပေသည်။
နောက်ပိုင်း၌ သူမကို လူအများ ပို၍သိလာသည့်အချိန်တွင်မူ
သူမ၏ စီးပွားရေးအတွက် စိတ်ပူရန် မလိုတော့ပေ။
သို့သော် သူမ၏ အထူးလက်ရာ၏အရည်အသွေးကိုထိန်းသိမ်းရန်အတွက် သူမ၏ခန္ဓာကိုယ်မှာ မီးဖိုချောင်၌ တစ်ရက်လျှင်ဆယ်နာရီကျော် မတ်တပ်ရပ်နေရခဲ့ရသည်။
နောက်ပိုင်းတွင်တော့ သူမ ထိုဒဏ်ကို မခံနိုင်တော့သည့်အတွက် လင်းရန်တစ်ယောက် နောက်ပိုင်း၌ ကြိုတင်မှာယူမှုနှင့် ကန့်သတ်ထားသည့် ရောင်းချမှုစနစ်ကို စတင်လိုအပ်လာသည်။
သူမအနေဖြင့် မူလတုန်းက ဖောက်သည်များမှာ မစောင့်နိုင်၍ ထွက်သွားလိမ့်မည်၊ သို့မဟုတ် တခြားဆိုင်များကို ရောက်သွားကြလိမ့်မည်ဟု မူလက ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ အော်ဒါအရေအတွက်က ပို၍ တိုးလာခဲ့လေသည်။
ထိုအချိန်မှစ၍ လင်းရန် သိလိုက်ရသည့် အမှန်တရားတစ်ခုမှာ အကောင်းဆုံးသောအရာသည်ကား
မရနိုင်(ရခဲ)သည့် အရာဖြစ်သည်
ဟူ၍ပင်။
ချန်ဝမ်၏ ယောက္ခမအိမ်၌ သွား၍ချက်ပြုတ်ခြင်းသည်ကား သူမ၏ နာမည်ကို တည်ဆောက်ရန် လက်ရှိအခြေနေအရ အကောင်းဆုံး အခွင့်အရေးပင်ဖြစ်သည်။
ထို့ကြောင့် ညနေဘက် အိမ်ကိုပြန်ရောက်သည့်နောက်တွင် ထိုနေ့ ချက်ပြုတ်မည့် ဟင်းလျာများကို သေသေချာချာ စဉ်းစားလိုက်သည်။
သို့သော် အိမ်ပြန်ရောက်သည့်အခါ သူမ၏ အဖေကို မတွေ့ရ၍ ပြန်မလာသေးသည်များလားဟု တွေးမိခဲ့သည်။
နောက်ဆုံး၌ အဘွားလင်းက ပြောမှသာ သူမ စိတ်ချသွားခဲ့တော့သည်။
“မဖြစ်နိုင်ဘူး၊ သမီးရဲ့အဖေ ဘယ်လောက်ပဲ တုံးအ,နေပါစေ၊ တစ်နေရာတည်းမှာ နှစ်ခါကြီးတော့ လဲမကျနိုင်ပါဘူး၊ သူက ဂျင်ဆင်းကို တူးယူပြီးသွာစတော့ မြို့ကို အမြန် သွားပို့ပေးနေတာ ဖြစ်လိမ့်မယ်”
ထို့ကြောင့် သူမ၏အဖေ ယခုအထိ ပြန်မရောက်သေးသည်မှာ မြို့ဆေးရုံမှ လူများနှင့် ညှိနှိုင်းနေခြင်း
ဖြစ်နိုင်သည်။
ထိုအကြောင်း တွေးမိသည့်နောက် လင်းရန်လည်း သူမ၏ အဖေဖြစ်သူ ပြန်လာမည့်အချိန်ကိုသာ
စောင့်မျှော်နေခဲ့တော့သည်။
သို့သော် သူမ အထဲသို့ ထပ်၍ လှည့်ပတ်ကြည့်လိုက်သည့်အချိန်တွင် အဘွားလင်းတစ်ယောက်တည်းသာ အိမ်၌ ရှိနေသည်ကို တွေ့ရသည်။
စုန့်ရှီးယန်သည်လည်း
ယခုအချိန်ထိ ပြန်မရောက်သေးသည်ဖြစ်၍ သူမ အနည်းငယ် စိတ်ရှုပ်သွားခဲ့ရသည်။
သူ၏ ပါဆယ်ထုပ်ယူရန်အတွက် ဤမျှလောက် အချိန်ကြာနေသည်လား။
သို့မဟုတ် အိမ်သို့ ပြန်ရောက်ပြီးမှ ပြန်ထွက်သွားသည်များလား။
မူလက သူမ အဘွားလင်းအား ဤအကြောင်းကို မေးချင်ခဲ့သော်လည်း သူ ပြန်လာသည့်အချိန်ဆိုသည်က သူမနှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိဟု တွေးမိပြန်သည်။
နောက်ဆုံး၌ လင်းရန်ျစ်ယောက်
စုန့်ရှီးယန်၏အကြောင်းကို မမေးတော့ဘဲ သူမ၏အခန်းကိုသာ ပြန်သွားခဲ့ကာ ချက်ပြုတ်မည့် ဟင်းလျာများကို စိတ်ရှည်စွာ စဉ်းစားနေခဲ့လေသည်။
သူမ အိမ်ခန်းသို့ ပြန်ရောက်ပြီး မကြာမီမှာပင် ခြံအပြင်မှ ခြေသံများနှင့်အတူ အဘွားလင်း၏ စကားသံများကို ကြားလိုက်ရတော့သည်။
“မင်းတို့တွေ အတူတူ ပြန်လာကြတာပဲ၊ ဘယ်လိုလဲ ကျန်းအန်း၊ ဆေးဖက်ဝင်ပစ္စည်းတွေ စုဆောင်းလို့ ရပြီလား”
သူမ၏အဖေ ပြန်လာသည်ကိုကြားသည်နှင့်တစ်ပြိုင်နက် လင်းရန်လည်း သူမ၏လက်ထဲမှ ဘောပင်နှင့်စာရွက်ကို အလျင်အမြန်ချကာ အပြင်သို့ထွက်လာခဲ့သည်။
သို့သော် ခြံထဲသို့ ရောက်သည်နှင့် လင်းကျန်းအန်း၏ မျက်နှာပေါ်မှ ခါးသက်သည့် အပြုံးတစ်ခုကို မြင်လိုက်ရလေသည်။
“ရတာက ရတယ်၊ ဒါပေမဲ့ သူတို့ပေးတဲ့ ဈေးနှုန်းက တကယ်ကို အရမ်းနည်းလွန်းတယ်”
“ ဘယ်လို”
**