အခန်း (၁၁၀)
Vol. 11 Ch. 110
လင်းကျန်းအန်း၏ စကားကိုကြားလိုက်ရလျှင် အဘွားလင်း၏ မျက်လုံးများက ပြူးကျယ်သွားသည်အထိ အံ့သြသွားပြီး အခြေအနေကို အလျင်အမြန်မေးမြန်းခဲ့သည်။
လင်းကျန်းအန်းသည်လည်း ယနေ့ ဆေးရုံ၌ သူကြုံတွေ့ခဲ့ရသည်များကို သူ၏မိသားစုအား ပြောပြခဲ့သည်။
မနက်ပိုင်းတွင် သူနှင့်သူ၏အစ်ကိုအကြီးဆုံး လင်းကျန်းဖင်းတို့က တောင်ပေါ်တွင် ဆေးပင်များကို အဆင်ပြေစွာပင် တူးဖော်နိုင်ခဲ့ကြသည်။
သူတို့က တောဂျင်ဆင်းသုံးပင်အပြင် အခြားဆေးဖက်ဝင်ပစ္စည်းအနည်းငယ်ကိုလည်း တူးဖော်ရရှိခဲ့သည်။
ဥပမာအားဖြင့် Dendrobium နှင့်Gastrodia elata (ဦးနှောက်အားဆေး) ကဲ့သို့ ရှားပါးသည့် ဆေးဖက်ဝင်ပစ္စည်းများ ၊ Bupleurum နှင့် Plantain (မြက်ပင်) ကဲ့သို့ အသုံးများသည့် ဆေးဖက်ဝင်ပစ္စည်းများလည်းပါ၀င်သည်။
ထိုပစ္စည်းများအား ထုပ်ပိုးပြီးသည့်နောက်တွင် သူတို့က ဆေးရုံသို့ အလျင်အမြန်ယူသွားခဲ့ကြသည်။
သူတို့အနေဖြင့် ဆေးရုံမှ ပေးလာမည့် ဈေးနှုန်းမှာ အလွန်မများလောက်သော်လည်း အဆင်ပြေနိုင်လောက်မည့်ဈေးနှုန်းဟုထင်ခဲ့သော်လည်း အမှန်တကယ် ဈေးနှုန်းပြောပြသည့်အခါ လင်းကျန်းအန်းတစ်ယောက် အလွန်ပင်စိတ်ပျက်သွားခဲ့ရသည်။
ဥပမာအားဖြင့် Bupleurum, Plantain, Anomatis စသည်များမှာ ပေါများသည့်အတွက် ဈေးနှုန်း ချိုသာသည်ကို လင်းကျန်းအန်း လက်ခံနိုင်သည်။
သို့သော် ယနေ့ သူ ဆေးရုံသို့ ယူလာသည့် တောဂျင်ဆင်းသုံးပင်အပြင် Dendrobium နှင့် Gastrodia elata တို့သည်ကား အလွန်ကောင်းသည့် ဆေးဖက်ဝင်ပစ္စည်းများဖြစ်ပေသည်။
အထူးသဖြင့် တောဂျင်ဆင်းသုံးပင်အနက် နှစ်ပင်မှာ အလွန်ပင်သက်တမ်းရင့်နေ၍ ဆေးရုံမှ ဆရာဝန်ပင် အံ့သြသွားပြီး သက်တမ်းမှာ အနှစ်ငါးဆယ်ကျော်ဖြစ်ရမည်ဟု ပြောခဲ့သည်ပင်။
လင်းကျန်းအန်းသည်ကား ဆေးရုံမှ ပေးမည့်ဈေးကို မြင့်လိမ့်မည်ဟု မထင်ထားခဲ့သော်လည်း သူထင်ခဲ့သည်ထက် အဆပေါင်းများစွာ ပိုနိမ့်နေခဲ့သည်။
စိတ်ပျက်ဖွယ်ကောင်းစွာပင် ဆေးရုံသည်ကား ဂျင်ဆင်းသုံးပင်အတွက် ဆယ်ယွမ်ပမာဏကိုသာ ပေးနိုင်ခဲ့သည်။
ဤသည်မှာ တစ်ပင်လျှင် သုံးယွမ်နီးပါးဈေးသာ ရှိနေခဲ့ပေသည်။
ထိုဈေးနှုန်းကြောင့် လင်းကျန်းအန်းတစ်ယောက် အတော်ပင် စိတ်ပျက်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဂျင်ဆင်းတစ်ပင်သည်ကား တစ်နှစ်လျှင်၂ ဂရမ် ၃ ဂရမ်မျှသာ ကြီးထွားခြင်းဖြစ်ပြီး၊ သူတို့တူးခဲ့သည့် ဂန်ဂျင်းများအားလုံးပေါင်းလျှင် ၇-၈ တဲလ် (264_302ဂရမ်)လောက်ရှိမည်ဖြစ်သည်။
သို့သော် ထိုအတွက် ဆယ်ယွမ်ပမာဏသာ ရမည်ဟု သိရသည့်အခါ အမှန်တကယ်ပင် သူ့အား စိတ်ပျက်သွားစေသည်။
သို့သော် ဆရာဝန်မှ ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။ ဤပမာဏသည် တောဂျင်ဆင်း၏
တန်ဖိုးနှင့် မကိုက်ညီသည်ကို သူသိသော်ငြားလည်း သူတို့မြို့လေး၏ ဆေးရုံမှာ သက်ဆိုင်ရာ စည်းမျဉ်းများရှိပြီး ဆယ်ယွမ်သည်ကား အမြင့်ဆုံးဈေးဖြစ်ကြောင်း ပြောပြသည်။
နောက်ပိုင်းတွင် လင်းကျန်းအန်းထံ၌ပိုက်ဆံသုံးရန် အလျင်မလိုသည်ကို သိသည့်အခါ ဆရာဝန်က ကြင်နာစွာဖြင့် နည်းလမ်းတစ်ခု ပေးခဲ့သည်။
“မင်းသာ ပိုက်ဆံကို အလျင်မလိုဘူးဆိုရင် ခရိုင် ဒါမှမဟုတ် မြို့ကို သွားကြည့်ပါလား၊ အဲဒီက ဆေးရုံတွေနဲ့ နိုင်ငံပိုင်ဆေးဆိုင်တွေက ဈေးပိုပေးနိုင်တာ သေချာတယ်၊ တခြားဘာမှမရှိရင်တောင် ဒီဂျင်ဆင်းတွေကို ယွမ် ၃၀ ဒါမှမဟုတ် ၅၀ လောက်နဲ့ ရောင်းနိုင်မှာပါ”
ယခုခေတ်တွင် လူတစ်ဦးချင်းစီ၏ သုံးစွဲနိုင်မှုစွမ်းအားမှာ မမြင့်မားသေးပေ။ လူအများစုမှာ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံနေကြရဆဲဖြစ်၍ ဤဆေးဖက်ဝင်ပစ္စည်းများကို ဈေးကြီးပေးကာ ၀ယ်မည်မဟုတ်ပေ။
ဂျင်ဆင်းတစ်ပေါင်လျှင် ယွမ် ၄၀-၅၀ ဆိုသည်မှာ အတော်လေးပင် မြင့်မားသည့် ဈေးနှုန်း ဟု သတ်မှတ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် ဤခေတ်တွင် လူတိုင်း၏ လစာမှာ ၂၀-၃၀ မျှသာ ရှိသည်ဖြစ်၍ ထိုဈေးနှုန်းမှာ သာမန်လူတစ်ဦး၏ နှစ်လစာနှင့် ညီမျှနေသောကြောင့် ဖြစ်သည်။
မြို့ဆေးရုံမှ ပေးသည့်ဈေးနှုန်းကြောင့် လင်းကျန်းအန်း အနည်းငယ် စိတ်ပျက်သွားခဲ့သော်လည်း ဆရာဝန်၏ အကြံဉာဏ်ကို
ကြားပြီးသည့်နောက် စိတ်ပြန်လည် တည်ငြိမ်သွားခဲ့သည်။
မှန်ပေသည်။ဆေးဖက်ဝင်ပစ္စည်းဝယ်သည့် ဆေးရုံမှာ ဤဆေးရုံတစ်နေရာတည်းသာ ရှိသည် မဟုတ်ပေ။
ပိုဝေးသည့်နေရာများတွင် ကြိုးစား၍ သွားမေးကြည့်လျှင် သူစိတ်ကျေနပ်သည့် ဈေးနှုန်းရနိုင်ပေလိမ့်မည်။
လင်းကျန်းအန်း ပြောသည်ကို ကြားရသည့်အခါ အဘွားလင်းက ထပ်၍ ဒေါသထွက်ချင်သော်လည်း
သူမအနေဖြင့် မည်သို့မှလုပ်၍ မရနိုင်ပါချေ။
အဘယ်ကြောင့်ဆိုသော် ဆရာဝန်သည်ကား အခြေအနေကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးဖြစ်သည်။ သူတို့အနေဖြင့် ဈေးမြင့်မြင့် ပေးချင်သော်လည်း ပေး၍ မရနိုင်ခြင်းသာဖြစ်ခဲ့သည်။
ဘေးမှ နားထောင်နေသည့် လင်းရန်က ယခုခေတ်၏ ပစ္စည်းဈေးနှုန်းများကို တွေးမိသည့်အခါ အနည်းငယ် ဝမ်းနည်းသွားမိသည်။
နောင်လာမည့်ခေတ်တွင် ဤကဲ့သို့ အရည်အသွေးရှိသည့် ဂျင်ဆင်းတစ်ပင်သည်ကားယွမ်ငါးသောင်းခန့်အထိ တန်ဖိုးရှိလိမ့်မည်ကို ဘုရားသာ သိနိုင်ပေလိမ့်မည်။
သို့သော် ယွမ် ၄၀-၅၀ ရနိုင်ရင်လျှင်ပင် မဆိုးတော့ပေ။
ဤတန်ဖိုးမှာ သာမန်အလုပ်သမားတစ်ယောက်၏ နှစ်လစာနှင့် ညီမျှနေသည်မဟုတ်ပါလား။
“အဖေ၊ ကိစ္စမရှိပါဘူး၊ သမီးတို့မိသားစုက အလျင်စလို ပိုက်ဆံသုံးရမယ့် အကြောင်းကိစ္စမှ မရှိတာ၊ အဖေ ဒါကို ခက်ခက်ခဲခဲနဲ့ တူးခဲ့ရတာလေ၊ ဒီအတွက် သူ့တန်ဖိုးအတိုင်း အပြည့်အဝရသင့်တာပေါ့!”
သို့မဟုတ်လျှင် အမှန်တကယ်ပင် တန်ဖိုးမရှိဖြစ်ပေလိမ့်မည်။
သူမအဖေ၏ ခြေထောက်ဒဏ်ရာအပြင် သူမတို့မြေးအဘွားနှစ်ယောက်သည်လည်း ချန်ကျားယန်ထံသို့ ယူသွားပေးသည့် သကြားလုံးနှစ်ထုပ်ကိုပါ ရင်းခဲ့ရသည်ဖြစ်၍ အကယ်၍သာ ဤဂျင်ဆင်းသုံးပင်ကို ဆယ်ယွမ်နှင့်သာ ရောင်းခဲ့ရလျှင် နောင်တစ်ချိန်တွင် သူမ အမှန်တကယ်ပင် စိတ်ထိခိုက်မိပေလိမ့်မည်။
လင်းကျန်းအန်းသည်လည်း ထိုကဲ့သို့ပင် တွေးနေမိသည်။
မည်သို့ပင်ဖြစ်စေ သူ၏အရံအလုပ်မှာ ပထမတစ်ကြိမ်ကတည်းက အလွန်အောင်မြင်လိမ့်မည်ဟု မည်သည့်အခါကမှ ထင်ထားခဲ့ခြင်းမဟုတာပေ။
အနည်းငယ် စိတ်ပျက်စရာကောင်းကာ ခက်ခဲသော်လည်း ဤသည်မှာ သူ့အား ပို၍ စိတ်ချမ်းသာစေသည်။
အရာရာတိုင်းကသာ အလွန်အမင်းချောမွေ့အဆင်ပြေနေပါက သူ့အား ပုံမှန်မဟုတ်ဟု ခံစားရစေနိုင်ပေလိမ့်မည်ပင်။
လင်းကျန်းအန်းတွင် ကိုယ်ပိုင်အစီအစဉ်များရှိနေသည်ကို မြင်သည့်အတွက် အဘွားလင်းကလည်း ဝင်ပြောလိုက်သည်။
“ကောင်းပြီ၊ မင်းဘာသာမင်း စီစဉ်လိုက်တော့၊ မင်းရဲ့အမေက ဒီကိစ္စအတွက် သိပ်ပြီးမကူညီနိုင်ဘူး”
“ဒါနဲ့ မင်း နေ့လည်စာ မစားရသေးဘူးမလား၊ ခေါက်ဆွဲတစ်ပန်းကန် သွားယူလာပေးရမလား?”
ဤစကားကို ကြားသည့်အတွက်လင်းရန်က သူမကိုယ်တိုင် လုပ်ပေးမည်ဟု ပြောတော့မည့်ဆဲဆဲတွင်
လင်းကျန်းအန်းက အလျင်အမြန်ပြောလိုက်သည်။
“မလုပ်ပါနဲ့တော့ အမေ၊ ကျွန်တော် မြို့မှာ စားခဲ့ပြီးပြီ”
စားပြီးပြီ?
အဘွားလင်းက သူမ၏ သားဖြစ်သူကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။ သူတို့မြို့၌ နိုင်ငံပိုင်ဟိုတယ်များ မရှိသည်ကို သူမ သိသည်။
စားသောက်ဆိုင်မရှိပါဘဲ လင်းကျန်းအန်းသည် မည်သည့်နေရာ၌ စားခဲ့သနည်း။
အဘွားလင်း နှင့် လင်းရန်တို့၏ ရှုပ်ထွေးနေသည့် မျက်နှာများကို မြင်သည့်အတွက် လင်းကျန်းအန်းက ပြုံးပြကာ ပြောလိုက်လေသည်။
“လေးယောက်မြောက်ညီမလေးလည်း မြို့ပေါ်မှာ ရှိနေတာကို အမေ မေ့သွားပြီလား?”
အဘွားလင်းက ထိုစကားကိုကြားသည့်အခိုက်တွင် လျင်မြန်စွာပင်သဘောပေါက်သွားခဲ့သည်။
“မင်း နေ့လည်စာကို ရှောင်စစ်(လေးယောက်မြောက်လေး)ဆီမှာ သွားစားခဲ့တာလား၊ ဘယ်လိုလဲ ၊ သူမရော အခုတလော အဆင်ပြေရဲ့လား”
သူမ၏ လေးယောက်မြောက်သမီး လင်းကျန်းဖူကို နောက်ဆုံးသွားတွေ့ခဲ့သည်မှာ လင်းရန် ပြန်ရောက်လာပြီး နှစ်ရက်ခန့်က ဖြစ်လေသည်။
သူမက လင်းရန်ကို လေးယောက်မြောက်သမီးဖြစ်သူ လင်းကျန်းဖူနှင့် မိတ်ဆက်ပေးရန် ခေါ်သွားပြီး လင်းရန်အတွက် အလုပ်အကြောင်းကို မေးမြန်းခဲ့သေးသည်။
ထိုအချိန်က လင်းကျန်းဖူမှာ အဘွားလင်းနှင့်လင်းရန်ကို သူမ၏အိမ်၌ နေ့လည်စာစားရန် ခေါ်ခဲ့သော်လည်း အဘွားလင်းက နောက်တစ်ကြိမ်မှ
လာမည်ဟု ဆိုကာ ငြင်းခဲ့သည်။
ယခုတွင်မူ နောက်တစ်ကြိမ်ဆိုသည်မှာ ရက်များစွာ ကုန်သွားလေပြီ။
သူမ၏သမီးဖြစ်သူ စိတ်ဆိုးနေမည်လား မသိပေ။
ထိုသို့ တွေးမိသည့်အခါ အဘွားလင်း၏ရင်ထဲ၌ အနည့်ငယ် ခံစာစချက်မကောင်းသကဲ့သို့ ခံစားရသည်။
လင်းကျန်းအန်းက အဘွားလင်းပြေယသည်ကိုကြားသည့်အခါ ခေါင်းခါပြလိုက်သည်။
သူက လင်းကျန်းဖူ အဆင်ပြေသည်ဟု ပြောလိုခြင်းဖြစ်လေ၏။ သို့သော် ရုတ်တရက် သူ မည်သည်ကို တွေးမိသွားသည် မသိပေ။
သူ၏မျက်နှာအမူအရာမှာ စကားပြောရန် အနည်းငယ် တွန့်ဆုတ်နေသကဲ့သို့ ဖြစ်သွားသည်။
“ကျွန်တော် သူမရဲ့ အိမ်မှာ ခဏထိုင်ခဲ့တယ်၊ ဒါပေမဲ့ အိမ်မှာ သူမတစ်ယောက်တည်း ရှိနေတာကို တွေ့ခဲ့ရတယ်၊ လော်ပင်းက ဒီရက်ပိုင်း အိမ်ကနေ ထွက်သွားပုံရတယ်၊
အမေ အရင်တစ်ခေါက်တုန်းက သူမဆီကို သွားခဲ့တော့ သူမ
အမေ့ကို ဘာမှ ပြောပြပြခဲ့ဘူးလား?”
လင်းကျန်းဖူ၏ ခင်ပွန်းသည်ဖြစ်သူလော်ပင်းသည်ကား ခရိုင်ရှိ စက်ရုံ၌ အလုပ်လုပ်နေခဲ့သည်။
သူတို့၏မိသားစု၌ စက်ဘီးရှိသည်ဖြစ်၍ မြို့မှ ခရိုင်သို့ စက်ဘီးနှင့် စီးသွားလျှင် တစ်နာရီကျော်မျှသာ ကြာမြင့်ပေလိမ့်သည်။
ထို့ကြောင့် လော်ပင်းသည်ကား မနက်တိုင်း စက်ဘီးနှင့်သွားကာ ညနေဘက်ဆိုလျှင် ပြန်လာလေ့ရှိသည်။ ထို့ကြောင့် ခရီးဝေး၍ ပြန်မလာချင်သည်မျိုးတော့ မဖြစ်နိုင်ပေ။
သို့ဖြစ်၍ လင်းကျန်းအန်း တွေးနေသည်မှာ လော်ပင်းက အလုပ်ပြောင်းသွားသည်များလား၊ သို့မဟုတ် ခရိုင်တွင် မရှိတော့သည်များလားဟူသည်ကိုပင် ဖြစ်ချေသည်။
အဘွားလင်းတစ်ယောက် ထိုစကားကိုကြားသည့်အခါ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဘာလဲ? လော်ပင်း အိမ်မပြန်တာ ကြာပြီလား၊ သူက အိမ်ကို မပြန်ဘဲ ဘယ်ကို သွားနိုင်မှာလဲ?”
“အဲဒီနေ့က ငါ လင်းကျန်းဖူကို တွေ့ခဲ့တယ်၊ သူမ ငါ့ကို ဘာမှမပြောပြခဲ့ဘူး!”
ထိုသို့ တွေးမိသည့်အခိုက်တွင် အဘွားလင်း စိတ်ပူပန်လာသည်။
“ဒီကောင်မလေးကတော့ .. သူမရဲ့ မိသားစုမှာ ဘာမှမဖြစ်ရင်တော့ ကိစ္စမရှိဘူး၊ ဒါပေမဲ့ တစ်ခုခုဖြစ်နေပြီး ငါ့ကို မပြောပြဘူးဆိုရင်တော့ ဆုံးမပစ်ဦးမယ်!”
နောက်ဆုံးတစ်ကြိမ်တုန်းက သူမနှင့်လင်းရန်တို့ ကုန်တိုက်ကို သွားစဉ်က လင်းကျန်းဖူက ပြုံးရယ်ကာဖြင့် သူတို့နှင့် စကားပြောနိုင်သေးသည်။ သူမ ပြန်လည်း တွေးကြည့်သော်လည်း မည်သည့် သဲလွန်စကိုမှ မရခဲ့ပေ။
သို့သော် အမြဲတစေ အချိန်မှန်စွာ အိမ်ပြန်လာတတ်သည့် လော်ပင်းက အိမ်သို့မပြန်ခြင်းသည်ကား တစ်ခုခုဖြစ်နေခြင်းကြောင့်သာလျှင် ဖြစ်ရမည်။
အဘွားလင်း ထိုသို့စိတ်ပူနေစဥ် ဘေးနားမှာ ရှိနေခဲ့သော လင်းရန်ကတော့ နောက်ဆုံး၌ ကိစ္စများ ပေါ်လာတော့မည်ဟု ခံစားလိုက်ရသည်။
သူမ၏အန်တီလေး လင်းကျန်းဖူနှင့် နောက်ဆုံးတွေ့စဉ်အချိန်ကတည်းက သူမ အိမ်တွင် တစ်ယောက်တည်းနေရခြင်းဖြစ်လိမ့်မည်။
သူမနှင့် အဘွားလင်းတို့ နေ့လည်စာစားရန်အတွက် အိမ်သို့ မလာနိုင်ကြောင်း ပြောသည်ကို ကြားသည့်အခိုက်တွင် သူမ၏ မျက်နှာအမူအရာမှာ တစ်ခုခုမှားယွင်းနေသည်ဟု လင်းရန် သတိထားမိခဲ့သည်။
သူမ၏ပုံစံအရ သူမသည်ကား အလွန်အထီးကျန်နေပုံရကာ စိတ်ဓာတ်ကျနေပုံရပြီး ပုံမှန်မဟုတ်နေခဲ့ပေ။
ယခု သူမ၏အဖေ ပြောသည့်ပုံအရဆိုလျှင် ဤသည်မှာ သူမ၏ခင်ပွန်းနှင့် ပတ်သက်သည့် ပြဿနာကြောင့်ပင်ဖြစ်ပေလိမ့်မည်။
လင်းရန်မှာ သူမ၏ သံသယကို အဘွားလင်းကို အဘယ်ကြောင့် စောစီးစွာ မပြောပြခဲ့မိသနည်း ဟု နောင်တရမိသည်။
သို့သော် ယခုဆိုလျှင်လည်း
နောက်မကျသေးပါချေ။