အခန်း (၁၁၁)
Vol. 12 Ch. 111
လင်းရန်က တွေးတောရင်းနှင့်
အဘွားလင်းကို ပြောလိုက်သည်။
“အဘွား၊ မနက်ဖြန် နေ့လည် မြို့ထဲကိုသွားပြီး ဒေါ်လေးကို သွားကြည့်ရအောင်လေ”
ယခုအချိန်တွင် အဘွားလင်းသည်လည်း အလွန်စိတ်ပူနေလေပြီ။ ဤအချိန်က နောက်ကျသွားသည်ကြောင့်သာမဟုတ်လျှင် သူမက ယခုချက်ချင်းပင် မြို့သို့ သွားလိုက်မိပေမည်။
“ကောင်းပြီ၊ မနက်ဖြန် မနက် သမီးနဲ့အတူ ကွန်မြူနတီကို လိုက်ခဲ့ပြီး သမီးကို ကူညီပေးမယ်၊ သမီးအလုပ်ပြီးတာနဲ့ အဘွားတို့ တန်းပြီး မြို့ကို သွားကြမယ်”
လင်းရန်က မကန့်ကွက်သောကြောင့် ထိုအစီအစဉ်ကို သဘောတူလိုက်ကြသည်။
သူမ၏အဒေါ် လင်းကျန်းဖူ၏ ကိစ္စ ပြောပြီးသွားသည့်နောက်တွင် လင်းရန်၏ မျက်လုံးများက သူမ၏ ဖခင်နှင့်အတူ အိမ်သို့ ပြန်ရောက်လာသည့် စုန့်ရှီးယန်ဆီသို့ ရောက်သွားခဲ့သည်။
သူမ အခန်းထဲတွင် ရှိနေစဉ်
အဘွားလင်းမှ “မင်းတို့ နှစ်ယောက် အတူ ပြန်လာကြတာလား” ဟု ပြောသည်ကို ကြားခဲ့ပြီး စုန့်ရှီးယန်ကို ရည်ရွယ်ကာ ပြောသည်မှန်း သူမ သိသည်။
သို့သော် နောက်ပိုင်း၌ သူမ၏ ဖခင်ကအရေးကြီးသည့် ကိစ္စများ ပြောနေသည်ကို နားထောင်နေရ၍ သူ့အား သတိမထားမိခဲ့ပေ။
သူမ စုန့်ရှီးယန်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏လက်ထဲမှ အထုပ်ဆီသို့ မသိစိတ်အရ ရောက်ရှိသွားခဲ့ သည်။
စုန့်ရှီးယန်၏ မိသားစုထံမှ မည်သည်ပစ္စည်းကို များ ပို့လိုက်သည်ဖြစ်ကြောင်းကို မသိပေ။ သို့သော် အထုပ်သည်ကားအလွန်ပင် ကြီးမားပြီး လေးလံပုံရသည်။
ထိုအချိန်တွင် လင်းကျန်းအန်းလည်း သူ၏ဘေးမှ စုန့်ရှီးယန်ကို သတိရသွားပြီး လျင်မြန်စွာ သူ့ဘကငကို ကြည့်လိုက်လေသည်။
“ရှောင်စုန့်၊ မင်းရဲ့ ပစ္စည်းတွေ ယူပြီး အိမ်ထဲကို သွားထားလိုက်ပါလား။ မင်း ဒီ အထုပ်တွေ သယ်ထားရတာ မပင်ပန်းဘူးလား?”
ထိုသို့ပြောပြီးနောက် လင်းကျန်းအန်းက အဘွားလင်းနှင့် လင်းရန်ကို ရှင်းပြလာသည်။
သူ ဆေးရုံမှ ထွက်လာသည့်အချိန်တွင် လမ်း၌ ကွန်မြူနတီသို့ လာသည့် စုန့်ရှီးယန်နှင့် တွေ့ခဲ့လေသည်။
သို့နှင့် သူတို့ ရွာသို့အတူပြန်လာရန် ချိန်းဆိုထားခဲ့ကြသည်။ သို့သော်
လင်းကျန်းအန်းသည်ကား သူ၏ညီမထံသို့ သွားလည်ရဦးမည်ဖြစ်၍ စုန့်ရှီးယန်အား သမဝါယမနှင့် စျေးကွက်ရှာဖွေရေးစျေးသို့ ခေါ်သွားခဲ့သည်။
ထို့နောက် လင်းကျန်းဖူ၏ ဖိတ်ခေါ်မှုဖြင့် စုန့်ရှီးယန်နှင့်အတူ နေ့လည်စာ သွားစားခဲ့ကြသည်။
ထို့ကြောင့် စုန့်ရှီးယန်က မနက်ကတည်းက အပြင်သို့ထွက်သွားရသော်လည်း နောက်ကျမှသာ ပါဆယ်ထုပ်နှင့်အတူ ပြန်လာရခြင်းဖြစ်ချေသည်။
စုန့်ရှီးယန်မှ ထိုစကားကြားသည့်အခါတွင် ခေါင်းခါပြကာ ပြောလာခဲ့လေသည်။
“မပင်ပန်းပါဘူး”
ထိုသို့ ပြောပြီးနောက် သူ၏ မျက်လုံးများက လင်းရန်ဆီသို့ မသိစိတ်မှ ရောက်သွားခဲ့ပြန်သည်။ သူ့အနေဖြင့် ပါဆယ်ထုပ်ကို လင်းမိသားစုထံသို့ အထူးသဖြင့် လင်းရန်ဆီသို့ တိုက်ရိုက် ပေးချင်ခဲ့သော်လည်း ပြန်တွေးကြည့်လျှင် သူ၏အဒေါ်ဖြစ်သူမှ မည်သည့်အရာများကို ပြင်ဆင်ပေးထားသည်ကို သူ သေသေချာချာမသိထားသေးပေ။
ထို့ကြောင့် မလိုအပ်သည့် ပစ္စည်းများ ပါလာကာ ပြဿနာ ဖြစ်လာမည်ကိုလည်း စိုးရိမ်ရသေးပေသည်။
ဤသို့ တွေးမိသည့်နောက်တွင် စုန့်ရှီးယန်ျစ်ယောက် စိတ်ချရစေရန်အလို့ငှာ သူကိုယ်တိုင် ဦးစွာ ဖွင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူ အလျင်အမြန် စကားပြောင်းလိုက်လေသည်။
“ဒါပေမဲ့ ကြာကြာကိုင်ထားရတော့
နည်းနည်းလောက် လက်ညောင်းတာပေါ့၊ ကျွန်တော် အိမ်ထဲကို သွားပြီး ပစ္စည်းတွေ အရင်ထားလိုက်ဦးမယ်၊ ဦးလေးတို့အရင်ပြောကြလေ”
ထိုသို့ ပြောပြီးနောက် စုန့်ရှီးယန်က သူ၏ပစ္စည်းများသယ်က လင်းကွမ်းချင်း၏ အိမ်ထဲသို့ ဝင်သွားသည်။
လင်းကျန်းအန်းနှင့် အဘွားလင်းတို့မှာ စုန့်ရှီးယန်၏ လက်ထဲမှ အထုပ်ကြီးကိုသာ ကြည့်ပြီး ဤပစ္စည်းကို ပို့ပေးလိုက်သည့်သူမှာ သူ့အား အလွန်ချစ်သည့်သူဖြစ်ရမည်ဟု ခံစားမိလိုက်ကြသည်။
စုန့်ရှီးယန်တစ်ယောက် အိမ်ထဲသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် အထုပ်ကို ဖွင့်ကြည့်လိုက်သည်။
ကံကောင်းစွာပင် သူ၏အဒေါ် ပြင်ဆင်ပေးထားသည်များကို ကြည့်ပြီးသည့်နောက် သက်ပြင်းချနိုင်ခဲ့သည်။
အထုပ်ထဲတွင် ပစ္စည်းများစွာ ပါဝင်ခဲ့သည်။ ယခင်ကတည်းက သူ၏အဒေါ်ကို ပြင်ဆင်ခိုင်းထားသည့် ဆံပင်အလှဆင်ပစ္စည်းများ၊ နှုတ်ခမ်းနီ၊ မျက်ခုံးမွှေးခဲတံ၊ ရေခဲမုန့်၊ ရေဓာတ်ဖြည့်ခရင်မ်၊ ခရုဆီ စသည်များအပြင်၊ ဂါဝန်အချို့နှင့် သားရေဖိနပ်လက်မှတ် နှစ်ခုလည်း ပါရှိသေးသည်။
စုန့်ရှီးယန်အနေဖြင့် ထိုဂါဝန်နှစ်ထည်ကို လင်းရန် ကြိုက်၊ မကြိုက် မသိသော်လည်း သူ ကြည့်လိုက်သည့်အချိန်တွင် လင်းရန်၏ ကိုယ်လုံးနှင့် အတော်ပင် လိုက်ဖက်လောက်သည်ကို တွေ့လိုက်ရသည်။
ဖိနပ်မှာမူ သူ့အနေဖြင့် ယခင်က လင်းရန်၏ ဖိနပ်ဆိုဒ်ကို မေးခဲ့လျှင် သူ၏အဒေါ်က နှစ်ရံ တိုက်ရိုက်ဝယ်ကာ ပို့လိုက်ပေလိမ့်မည်။ သို့သော် ယခုကဲ့သို့ လက်မှတ်ပေးလိုက်ခြင်းသည်လည်း ကောင်းပေသည်။
သူမကိုယ်တိုင် စိတ်ကြိုက်၀ယ်၍ရနိုင်ပေသည်။
ဤသို့ ခြုံငုံကြည့်လိုက်လျှင် ဤပစ္စည်းများမှာ ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားသည်ဟု ယူဆ၍ ရပေသည်။
မိန်းကလေးတစ်ယောက် သုံးနိုင်သည့် ပစ္စည်းများ အားလုံး ပါ၀င်နေသည်။
စုန့်ရှီးယန်တစ်ယောက် ဤသည်ကိုမြင်သည့်အခါတွင် အလွန် ကျေနပ်သွားသော်လည်း အနည်းငယ်လည်း တွန့်ဆုတ်သွားသည်။
သူ ဤပစ္စည်းများ အားလုံးကို ယူကာ လင်းရန်အား ပေးလိုက်လျှင် သူမက လက်ခံနိုင်မည်လား။
ပစ္စည်းနည်းလျှင် လူများကို စိတ်မကောင်းဖြစ်တတ်ပြီး ပစ္စည်းများလျှင်လည်း ဖိအားများတတ်သည်။
စုန့်ရှီးယန် ရုတ်တရက် မည်သို့လုပ်ရမည်မှန်း မသိတော့ပေ။
စုန့်ရှီးယန် စဉ်းစားပြီးနောက် ဤပစ္စည်းများကို လင်းရန်အား တစ်ခါတည်း အကုန်မပေးဘဲ အနည်းငယ်ချင်းစီ ခွဲ၍ ပေးရန် ဆုံးဖြတ်လိုက်သည်။
သို့မှသာ သူမအပေါ် ဖိအားနည်းပေလိမ့်မည်။
ညနေစာ စားပြီးနောက် လင်းရန် အခန်းထဲပြန်ပြီး ဟင်းလျာများအား အပြီးသတ်ရန် စီစဉ်နေစဉ်
စုန့်ရှီးယန်က သူမအား တားဆီးလိုက်လေသည်။
သူမ၏ ရှေ့၌ ပိတ်ရပ်နေသည့် အမျိုးသားကို ကြည့်ရင်း လင်းရန် မျက်မှောင်ကြုတ်လိုက်မုပြီး သူ့အား မော့ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ?”
စုန့်ရှီးယန် ဤကဲ့သို့ပစ္စည်းများ မိန်းကလေးတစ်ယောက်အား ပေးသည်မှာ ယခုမှသာ ပထမဆုံးအကြိမ်ဖြစ်သည်။
သူ၏စိတ်ထဲ၌ ဤပစ္စည်းများမှာ လင်းမိသားစုတွင် ခဏတာနေ
ထိုင်ခွင့်ရသည့်အတွက် ကျေးဇူးတင်ကြောင်း လက်ဆောင်ဟု သူ့ကိုယ်သူ ပြောထားသော်လည်း ယခု လင်းရန်၏ မျက်လုံးဝိုင်းလေးများကို ရင်ဆိုင်နေရသည့်အခါ အနည်းငယ် စိုးရိမ်နေမိသည်။
သူသည်ကား စစ်မြေပြင်၌ ရန်သူကို မျက်နှာမပျက်ဘဲ သတ်နိုင်သော်လည်း ယခုအချိန်တွင် စိတ်မသက်မသာ ခံစားနေရသည်ကို ဘုရားသခင်သာလျှင် သိပေလိမ့်မည်။
ဤသည်ကို တွေးမိသည့်အခါ
စုန့်ရှီးယန်ကိုယ်တိုင် မိမိ၏ အဖြစ်အား ရယ်ချင်နေမိရသည်။
သို့သော် လင်းရန်၏ မျက်လုံးထဲမှ သံသယများ ပိုများလာသည်ကို မြင်သည့်အခါ စုန့်ရှီးယန် လျင်မြန်စွာ သတိပြန်ဝင်လာပြီး သူ၏လက်ထဲမှ ပစ္စည်းများကို ထုတ်ယူလိုက်သည်။
“ဒီပစ္စည်းတွေက မင်း သုံးလို့ရတယ်၊ ဒါ ကိုယ် မင်းကို ပေးတာ”
ထိုသို့ ပြောပြီးနောက်တွင် လင်းရန်ထံမှ တုံ့ပြန်မှုကို မစောင့်ဘဲ ပစ္စည်းကို သူမ၏ လက်ထဲသို့ အတင်းအကြပ်ထည့်ပေးလိုက်သည်။
လင်းရန်တစ်ယောက် သူ့အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီးနောက် သူမ၏လက်ထဲမှ ပစ္စည်းကို ငုံ့ကြည့်လိုက်မိချိန်တွင် အတော်လေး
အံ့သြသွားခဲ့ရသည်။
နှုတ်ခမ်းနီနှင့် မျက်ခုံးမွှေးခဲတံလား?
သူမ စုန့်မိသားစုမှ ထွက်လာစဥ်က ဤသို့သော ပစ္စည်းများကို ယူလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းလှပနေစေရန်အတွက်ဆိုလျှင် ဤအလှကုန်ပစ္စည်းများကလည်း မပါမဖြစ်သောကြောင့်ဖြစ်သည်။
လင်းရန်က မိတ်ကပ်လိမ်းရသည်ကို အနည်းငယ် မကြိုက်သော်လည်း
ဗီရိုထဲ၌ ဤပစ္စည်းများ အကုန်ရှိနေသည့်အတွက် မယူသွားခဲ့လျှင် အသုံးမဝင်မည်ကို စိုး၍ ကျေးလက်သို့ သွားစဉ်က အကုန် ယူခဲ့သည်။
သူမ၏ အခန်းထဲ၌ ယခု မျက်ခုံးမွှေးခဲတံနှင့်နှုတ်ခမ်းနီများ ရှိနေဆဲပင် ဖြစ်သည်။ သို့သော် ဤသည်မှာ အရေးကြီးကိစ္စများ မဟုတ်ပေ။
အရေးကြီးသည်မှာ အဘယ်ကြောင့် စုန့်ရှီးယန်မှ သူမအား ဤပစ္စည်းများကို ရုတ်တရက် ပေးရသနည်း။
လင်းရန်၏ သံသယများကို မြင်ပုံရသည့်အတွက် စုန့်ရှီးယန်က အလွန် လေးလေးနက်နက် ရှင်းပြလိုက်သည်။
“ကိုယ်က မင်းတို့ရဲ့အိမ်မှာ နေတာလေ၊ ဒါကြောင့် မင်းအတွက် ဘာတစ်ခုကိုမှ မဝယ်ပေးဘူးဆိုရင် မကောင်းဘူးမလား၊ ဒါကြောင့် ဒါက မင်းအတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ပါ၊ မင်း စိတ်မကောင်းဖြစ်စရာ မလိုပါဘူး၊ ဒါတွေကို ယူထားလိုက်ပါ”
ဒီလိုမျိုးလား?
စုန့်ရှီးယန် ပြောသည်မှာ အနည်းငယ် မှန်သကဲ့သို့ရှိသော်လည်း လင်းရန်၏ စိတ်ထဲ၌ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားနေရသည်။
လင်းရန်က ပစ္စည်းများအား လက်ခံလိုက်သည်ကိုမြင်သည့်နောက်တွင် စုန့်ရှီးယန်သည်လည်း သူမ စိတ်ပြောင်းပြီး ပြန်ပေးမည်ကို စိုးရိမ်သည့်အတွက် ဆင်ခြေတစ်ခု ပေးကာ အလျင်အမြန်ပင် ထွက်ခွာသွားခဲ့လေသည်။
လင်းရန်တစ်ယောက် စုန့်ရှီးယန်၏ နောက်ကျောပြင်က သူမ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်ကို
ကြည့်နေခဲ့ပြီး ရုတ်တရက် သတိဝင်လာခဲ့ရကာ တစ်စုံတစ်ခု မှားယွင်းနေသည်ကို နောက်ဆုံး၌ သဘောပေါက်သွားသည်။
စုန့်ရှီးယန်အနေနှင့် လင်းမိသားစုကို ကျေးဇူးတင်ကြောင်း လက်ဆောင်အဖြစ် ပွင့်ပွင့်လင်းလင်း ပေးတာဆိုရင် ဘာအတွက်ကြောင့် သူမတစ်ယောက်တည်းကိုပဲ
ပေးလာရတာလဲ?
တခြားသူတွေအတွက် လက်ဆောင်မပါဘူးလား။
လင်းရန်တစ်ယောက် စုန်းရှီယန်မှာ သူမအတွက်သာ တမင် ပြင်ဆင်ထားသည်လားဟု သံသယဝင်လာရသည်။
ပြောရပါလျှင် မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ လက်ဆောင်ရရှိလိုက်လျှင် လူများ၏ စိတ်ခံစားချက်မှာ မသိစိတ်မှတဆင့် ပို၍ကောင်းလာတတ်သည်။
ထို့အပြင် စုန့်ရှီးယန် ပေးလိုက်သည့် ပစ္စည်းများမှာလညား စဉ်းစားတွေးခေါ်မှုရှိနေခဲ့ပြီး မိန်းကလေးများကြိုက်တတ်သည့် အရာကိုလည်း သိပုံရသည်။
ရုတ်တရက် လင်းရန်၏ နှုတ်ခမ်းထောင့်လေးများက ကော့ညွတ်တက်သွားမတတ် တောင့်ခနဲ ဖြစ်သွားခဲ့သည်။
မဟုတ်သေးဘူး!
စုန့်ရှီးယန်က ဒီပါဆယ်ထုပ်ကို သူ့ရဲ့မိသားစုဆီကနေ ပို့လိုက်တာလို့ ပြောခဲ့တာမဟုတ်ဘူ့လား?
ဒီဆိုရင် ဒီပစ္စည်းတွေကို သူ့ရဲ့မိသားစုက ရွေးထားတယ်ဟု ဆိုလိုနေတာမဟုတ်ဘူးလား?
တစ်နည်းအားဖြင့် သူ့မိသားစုက သူမ ရှိနေသည်ကို သိနေသည်များလား။
ထိုအကြောင်းတွေးမိသည့်နောက်တွင် လင်းရန်တစ်ယောက် အနည်းငယ်စိတ်မသက်မသာ ဖြစ်သွားရသည်။
စုန့်ရှီးယန်သည်က သူ၏မိသားစုထံသို့ သူမ၏ အခြေအနေအကြောင်းကို စောစောစီးစီး ပြောပြမည်မဟုတ်သည်ကို သူမ သိသည်။
သို့မဟုတ် “ကျေးဇူးတင်ကြောင်း” ခေါင်းစဉ်နှင့် သူ၏မိသားစုကို ပစ္စည်းများကိာ ပြင်ဆင်ခိုင်းခဲ့ခြင်း ဖြစ်နိုင်သည်။
သူ့အနေဖြင့် ဤကိစ္စနဲ့ ပတ်သက်၍ လူတိုင်းအား သူ့ကဲ့သို့ နှေးကွေး(ညံ့ဖျင်း)သည်ဟု ထင်နေသည်များလား။
သူ၏မိသားစုဝင်များသည်က သူမအား စုန့်ရှီးယန် စိတ်ဝင်စားနေသည်ကို မသိလျှင်ပင် သူမကို သေချာပေါက် အာရုံစိုက်မိပေလိမ့်မည်။
စုန့်ရှီးယန်၏ မိသားစုဝင်များသည်ကား သူမ၏ အခြေအနေကို အာရုံစိုက်နေကြပြီး သူမနှင့် စုန့်ရှီးယန်ကိုပင် စနောက်နေကြသည်များလားဟုတွေးမိသည့်အချိန်တွင် လင်းရန်တစ်ယောက် ရှက်ရွံ့မိသွားရသည်။
ထိုသို့ စဉ်းစားမိပြီးသည့်နောက်တွင် လင်းရန်တစ်ယောက် သူမ၏လက်ထဲမှပစ္စည်းများကို ငုံ့ကြည့်လိုက်မိပြီး ရုတ်တရက် ပင်လယ်ဓားပြသင်္ဘောပေါ် ရောက်သွားသကဲ့သို့ စိတ်ခံစားချက်တစ်မျိုးကို ခံစားလိုက်ကြရသည်။
*