အခန်း (၁၁၅)
Vol. 12 Ch. 115
လင်းကျန်းဖူတစ်ယောက် သူမ၏ ဘဝတွင် ကံအကောင်းဆုံးအရာမှာ လင်းမိသားစု၌ မွေးဖွားလာပြီး ဤကဲ့သို့ သူမအပေါ်ကောင်းသည့် မိခင်တစ်ယောက်နှင့် သူမအား
ချစ်ကြသည့် အစ်ကိုများ ရှိနေခြင်းပင် ဖြစ်သည်ဟု ခံစားခဲ့ရသည်။
သူမ အိမ်ထောင်ပြုပြီးနောက်၌လည်း အိမ်ထောင်သည်ဟု ဆိုကာ သူမ၏မိသားစုထံမှ အပယ်ခံရခြင်းမျိုး တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရပေ။
“ဒေါ်လေး သမီးလည်း ရှိတယ်နော်၊ သမီးလည်း ဒေါ်လေးကို ကာကွယ်ပေးနိုင်တယ်!”
လင်းရန်လည်း အနားသို့လျှောက်လာပြီး လင်းကျန်းဖူ၏ လက်မောင်းကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပြီး အားပေးလိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ အခုကစပြီး ဒေါ်လေးကတော့ ရန်ရန် ကာကွယ်ပေးတာကိုပဲ စောင့်နေတော့မယ်!”
သူတို့သုံးယောက် ဤသို့ ပြောလိုက်သည်နှင့် သူတို့ရှေ့မှ ကိစ္စများမှာ ဤမျှလောက် ခက်ခဲတော့သည် မဟုတ်ဟု ရုတ်တရက် ခံစားလိုက်ကြရသည်။
မည်သို့ပင်ဆိုစေကာမူ မိသားစုသာ ဘေးနားတွင် ရှိနေလျှင် မည်သည့်ပြဿနာမှ မရှိနိုင်တော့ပေ။
လင်းရန်နှင့် သူမ၏ မိခင် ရောက်နေသည်ဖြစ်၍ လင်းကျန်းဖူ အနေဖြင့် သူတို့အား လက်ဗလာဖြင့်
ပြန်လွှတ်ရန် စိတ်ကူးမရှိပေ။
ထို့အပြင် သူမသည်ကား ယခုအချိန်တွင် တစ်ယောက်တည်း နေခြင်းဖြစ်၍ အိမ်၌ ရှိသည့်အစားအသောက်များ အားလုံးကို စားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လင်းရန်နှင့် အဘွားလင်းအား အစားအစာများကို ယူသွားစေကာ စားခိုင်းခြင်းသည်က ပို၍
ကောင်းပေလိမ့်မည်။
အကယ်၍ လော်ပင်း အိမ်သို့ ပြန်လာသည့်အခါ အိမ်မှ ပစ္စည်းများစွာ ပျောက်သွားသည်ကို တွေ့၍ မေးလျှင် သူမ ဤရက်ပိုင်း အိမ်၌ စိတ်မကောင်းဖြစ်ကာ အထီးကျန်နေခဲ့သည့်အတွက် ပစ္စည်း အားလုံးကို မထိန်းနိုင်ဘဲ စားမိလိုက်သည်ဟု ပြောလိုက်မည်။
လင်းရန်နှင့် အဘွားလင်းတို့သည်လည်း လော်ပင်း သို့မဟုတ် လော်မိသားစုအပေါ် ကောင်းသည့်အမြင်မရှိသည့်အတွက်ကြောင့် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံမျှသာ တွန့်ဆုတ်ပြီးနောက် လင်းကျန်းဖူ ပေးသည်များကို ပျော်ရွှင်စွာ လက်ခံလိုက်ကြသည်။
“ငါတို့တွေ အိမ်ကိုပြန်ရောက်ရင် မင်းရဲ့ အစ်ကိုတွေကို ဒီအကြောင်းကို ပြောပြမယ်၊ သူတို့ အားတဲ့အချိန် မြို့ကို လာပြီး မင်းကို လာတွေ့ခိုင်းလိုက်မယ်၊ မိန်းကလေး တစ်ယောက်တည်း ဒီမှာ ကြာကြာနေရတာ မလုံခြုံဘူး၊ သူတို့က ယောက်ျားလေးတွေဆိုတော့
တစ်ခါတစ်လေ လာလည်ကြတာ ကောင်းတယ်”
ပွင့်လင်းစွာ ပြောရလျှင် လင်းကျန်းဖူ၏ လက်ရှိအခြေအနေသည်ကား မုဆိုးမတစ်ယောက်၏ ပုံစံကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေခဲ့ပေသည်။
မုဆိုးမတစ်ယောက်၌ ပြဿနာများစွာ ရှိသည်ဟု ပြောကြသည့် စကားရှိသည်။ သူတို့သည်ကား မုဆိုးမတွင်
ထောက်ပံ့မည့်သူ မရှိဆိုသည့်အချက်ကိုသာ မြင်ကြသည် မဟုတ်ပါလား။
ထို့ကြောင့် လင်းမိသားစုမှ ယောက်ျားလေး တချို့ကို လာ၍ သွားရောက် လှည်ပတ်စေခြင်းသည်ကား စိတ်ဝင်စားသည့်သူများကို ခြောက်လှန့်သည့်
သဘောမျိုးဖြစ်စေလိမ့်မည်။
လင်းကျန်းဖူသည်ကား အဘွားလင်းနှင့်လင်းရန်ကို ထိုကိစ္စပြောပြပြီးနောက် သူမ အနေဖြင့်
ဆက်၍ ဖုံးကွယ်ထားရန် စိတ်ကူးမရှိတော့သည်ဖြစ်၍ ခေါင်းညိတ်ကာ သဘောတူကြောင်း ပြောလိုက်သည်။
မကြာမီ၌ လင်းရန်နှင့်အဘွားလင်းတို့လည်း ပြန်သွားကြသည်။
အိမ်အပြန်လမ်းတွင် လင်းရန်က လော်ပင်းအကြောင်းကို အဘွားလင်းအား ထပ်မံ၍ ပြောလိုက်သည်။
“ဒီလော်ပင်းဆိုတဲ့ သူက ခွေးတစ်ကောင်ကို ကြည့်ကောင်းအောင် မျက်မှန်တပ်ထားသလိုပဲ၊ သမီးက
အရင်က သူ့ကို ယဉ်ကျေးသိမ်မွေ့တယ်လို့ ထင်ခဲ့တာ၊ သူက အလုပ်မှာ သိပ်မတော်ပေမဲ့ သူ့မိသားစုက မြို့ခံတွေဆိုတော့ အလုပ်လုပ်တတ်ဖို့ မလိုဘူးလို့ ထင်ခဲ့တာ၊
ဒါပေမဲ့ အခုကြည့်ရတာ ခင်ပွန်းရှာတဲ့အခါ လက်တွေ့ကျကျ ဘဝကို နေထိုင်တတ်တဲ့သူကို ရှာရမဲ့ပုံပဲ၊ သူ့လိုလူက တန်ဖိုးရှိပေမဲ့ အသုံးမဝင်တဲ့သူပဲ မဟုတ်ဘူးလား?”
အဘွားလင်းလည်စ ထိုစကားကြားသည့်အခါ ချန်ကျားယန်ကို သူမ အဘယ်ကြောင့် ကောင်းသည့်အမြင်မရှိသည်ကို နောက်ဆုံး၌ နားလည်လိုက်သည်။
ချန်ကျားယန်နှင့် လော်ပင်းသည် အမျိုးအစားတူသည့် ယောက်ျားများပင် မဟုတ်ပါလား။
နှစ်ဦးလုံးသည်ကား မျက်မှန်တပ်ထားကာ ယဉ်ကျေးသိမ်မွေ့ကြပြီး အခြားသူများက ပညာတတ်ဟု ခေါ်ဆိုကြသည်။
သို့သော် ယခု အဘွားလင်း တွေးမိသည်မှာ ပညာတတ်ခြင်း၊ မတတ်ခြင်းသည် အရေးမကြီးပေ။
ယောက်ျားတစ်ယောက်သည်ကား အလုပ်လုပ်တတ်မှသာ ဖြစ်ပေမည်။
လင်းရန်ကတော့ လော်ပင်း၏အကြောင်း အချက်အလက်များကို သူမ၏စိတ်ထဲ၌ တိတ်တဆိတ် မှတ်ထားလိုက်သည်။
နောင်တစ်ချိန်၌ သင့်တော်သည့်
အခွင့်အရေးရလျှင် သူမ၏ ဒေါ်လေးအတွက် တရားမျှတမှုကို ရှာဖွေရန် မုချ နည်းလမ်းရှာရမည်။
သူမ၏ဘ၀တွင် အမုန်းဆုံးလူမှာ ဖောက်ပြန်ပြောင်းလဲတတ်သည့် စက်ဆုပ်ရွံရှာဖွယ် ကောင်းသည့်သူ ဖြစ်သည်။ ဒုတိယအနေဖြင့်
ဤသူမှာ လင်းမိသားစုနှင့်ဆွေမျိုးတော်စပ်သည့်သူတစ်ဦးဖြစ်သည့်အတွက် သူမအနေဖြင့် အမှန်တကယ်ပင် လက်လွှတ်ထား၍ မရပေ။
...သူတို့မြေးအဘွားနှစ်ဦး အိမ်သို့ပြန်ရောက်သည့်အချိန်တွင် လင်းကျန်းအန်းသည်ကား ခရိုင်မြို့သို့ ရောက်နေလေပြီ။ ဘေးအန္တရာယ်ကင်းစေရန်အတွက် သူက ဂျင်ဆင်းအမြစ်တစ်ခုတည်းကိုသာ ခရိုင်သို့ ယူလာခဲ့သည်။
ဤခရိုင်ဆေးရုံမှ ဈေးကောင်းပေးလျှင် ကျန်ရှိသည့် ဆေးဖက်ဝင်ပစ္စည်းများကို မနက်ဖြန်တွင် အတူတကွ ရောင်းချမည်ဟု တွေးထားခဲ့သည်။
သူက ယနေ့တွင် ဂျင်ဆင်းများစွာ ယူလာပြီး လမ်း၌ ပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်း
မဖြစ်စေရန် တွေးတောထားခဲ့သည်။
ထိုသို့ဖြစ်ပါက ပြဿနာများပေလိမ့်မည်။
သို့သော် သူ ခရိုင်ဆေးရုံသို့ သွားပြီး မေးမြန်းကြည့်သည့်အခါ ရသည့်ဈေးနှုန်းမှာ မြို့ဆေးရုံထက် အနည်းငယ်သာ များနေခဲ့ပြန်သည်။ ဈေးနှုန်းလည်း သိပ်ပြီးမမြင့်လှပေ။
ထိုဆေးရုံမှ ဆရာဝန်ကလည်း
လင်းကျန်းအန်းကို အချိန်နှင့်အခွင့်အရေးရှိလျှင် ဆေးဖက်ဝင်ပစ္စည်းများကို ဈေးကွက်သမဝါယမသို့ တင်ပို့နိုင်သည်ဟု အကြံပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုဆရာဝန်သည်လည်း ဂျင်ဆင်း၏အရည်အသွေးမှာ အမှန်တကယ်ကောင်းသော်ငြားလည်း အလွန်ဈေးနှိမ်သည်မှာ လက်မခံနိုင်ဖွယ်ပင်ဖြစ်သည်ဟု တွေးမိခဲ့၍သာပင်။
အမှန်တကယ်တွင် လင်းကျန်းအန်းသည်ကား သူ၏စိတ်ထဲ၌ အစီအစဉ်များ ရှိပြီးသားဖြစ်၍ အနည်းငယ်မျှပင် စိတ်မပျက်ခဲ့ပေ။
သူသည်လည်း မနက်ဖြန်၌ မြို့ကြီးကို သွားရန်ပင် စီစဉ်ထားပြီးဖြစ်သည်။ သို့သော် ဘူတာရုံဘက်သို့ လျှောက်သွားသည့်အခါ မလှမ်းမကမ်း၌ အနည်းငယ် ရင်းနှီသည့် ပုံပန်းသဏ္ဍာန်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ဤသည်မှာ သူ၏ စတုတ္ထယောက်ဖ လော်ပင်းပင်။
လင်းကျန်းအန်းက သူ၏ စတုတ္ထညီမ လင်းကျန်းဖူနှင့်လော်ပင်းတို့ကြား မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ယခုအချိန်ထိ ကောင်းစွာ နားမလည်သေးသော်လည်း အချိန်ကို ကြည့်လိုက်သည့်အခါ နေ့လည်စာ စားချိန်နီးနေသည်ကို သိလိုက်ရသည်။
ထို့အပြင် သူတို့သည်ကား ဆွေမျိုးများလည်း ဖြစ်သည့်အတွက် လော်ပင်းအား တွေ့ပြီး နှုတ်ဆက်ရန် မသွားလျှင် မကောင်းပေ။ ထို့ကြောင့် လင်းကျန်းအန်း ပြန်၍ လှည့်လိုက်သည်။
သူက ဘူတာရုံသို့ သွားရန်ပြင်ဆင်နေခြင်းဖြစ်ပြီး ယခုတွင်မူ လော်ပင်းအား မြင်လိုက်ရသည့်အတွက် ထိုသူရှိရာဘက်သို့ လှည့်လိုက်သည်။
သို့သော် လော်ပင်းသည်ကား သူ့အား မြင်ပုံမရပေ။ လင်းကျန်းအန်းက ဤသည်ကို မြင်၍ လော်ပင်းအား ခေါ်တော့မည့်ဆဲဆဲတွင် ရုတ်တရက် လော်ပင်း၏ မျက်နှာတွင် အံ့သြ၀မ်းသာသည့် အပြုံး
တစ်ခုဖြင့် မိန်းမငယ်လေးတစ်ယောက်ထံသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။
လင်းကျန်းအန်း ခေတ္တရပ်လိုက်မိကာ လော်ပင်းနှင့် ထိုမိန်းမငယ်လေးတို့နှစ်ဦး ဘေးနားမှ နိုင်ငံပိုင်ဟိုတယ်ထဲသို့ ဝင်သွားသည်ကို ကြည့်နေလိုက်သည်။
သူတို့နှစ်ယောက်၏ အမူအရာနှင့်လှုပ်ရှားမှုများမှာ အလွန် ရင်းနှီးနေသည့်ပုံစံမဟုတ်သော်လည်း လော်ပင်း၏ မျက်နှာမှ အပြုံးသည် အလွန်အမင်း မျက်စိနောက်ဖွယ် ကောင်းသည်ဟု လင်းကျန်းအန်း ခံစားလိုက်ရသည်။
လင်းကျန်းအန်းသည်လည်း အိမ်ထောင်သည်ဖြစ်၍ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်အား ကြည့်သည့် ပုံစံကို မြင်သည်နှင့် မည်သည့်အနေအထားဆိုသည်ကို ခွဲခြားနိုင်စွမ်း ရှိသည်ပင်။
သို့သော် လင်းကျန်းအန်းက သူ့ကိုယ်သူ အတွေးလွန်နေခြင်းဖြစ်မည်ဟု ယုံကြည်ချင်ခဲ့သည်။
ထိုအမျိုးသမီးငယ်သည်ကား လော်ပင်း၏ ဆွေမျိုးတစ်ဦးဦး ဖြစ်နိုင်သည်။ သူထင်ထားသကဲ့သို့ မဖြစ်နိုင်လောက်ပေ။
ထို့ကြောင့် သူ ဟိုတယ်ထဲ၀င်ကာ လော်ပင်းနှင့်ထိုအမျိုးသမီးကို မေးမြန်းချင်ခဲ့သော်လည်း သူ မှားယွင်းစွာ မှန်းဆမိပြီး
အခြားသူ၏ ဆက်ဆံရေးကို နားလည်မှုလွဲမှားမည်ကို စိုးရိမ်ခဲ့သည်။
ဤသို့ မေးလိုက်လျှင် လော်ပင်းကို အခြေအနေ မကောင်းဘဲ အဆုံးသတ်သွားစေမည်ကိုလည်း စိုးရိမ်သည်။ နောက်ဆုံး၌ သူသည် ခက်ခဲစွာဖြင့် အောင့်အီးခဲ့ရသည်။
လင်းကျန်းအန်း ထိုအနီးအနားတွင် ရပ်စောင်စရာနေရာ ရှာပြီး နာရီဝက်ကျော် စောင့်ပြီးသည့်အခါ လော်ပင်းနှင့် ထိုအမျိုးသမီးတို့ နိုင်ငံပိုင်ဟိုတယ်မှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦးသည်ကား တံခါးဝ၌ ခေတ္တရပ်ကာ စကားအနည်းငယ် ပြောကြပြီးအလုပ်ဆင်းချိန်ရောက်ပြီဖြစ်၍ လမ်းခွဲသွားကြသည်။
လင်းကျန်းအန်းလည်း ဤသည်ကို မြင်သည့်အခါ အလျင်အမြန်ပင် လော်ပင်းနောက်သို့ လိုက်သွားသည်။
“လော်ပင်း!”
လော်ပင်းသည်ကား အရသာရှိသည့် အစားအစာများ စားပြီး စိတ်ကြည်နေခဲ့ကာ ပြန်တော့မည့်အချိန်တွင်
မမျှော်လင့်ဘဲ သူ့အား ခေါ်သည့်အသံကို ကြားလိုက်ရသည်။
သူ၏ မသိစိတ်မှ တုံ့ပြန်လိုက်ပြီးနောက် ထိုအသံ၏ ပိုင်ရှင်မှာ မည်သူဆိုသည်ကို သဘောပေါက်သွားသည်။
“ဒုတိယ.. ဒုတိယအစ်ကို?!”
လော်ပင်း လှည့်ကြည့်ပြီး လင်းကျန်းအန်း ပေါ်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
သို့သော် သူက လျင်လျင်မြန်မြန်ပင် ဖုံးကွယ်လိုက်ပြီး ပြုံးပြလိုက်ပြန်သည်။
“ဒုတိယအစ်ကို၊ ဘာလို့ ခရိုင်ကို လာတာလဲ၊ ကျွန်တော်ကို ဘာလို့အရင်မပြောတာလဲ၊ ကျွန်တော် လာကြိုမှာပေါ့”
လင်းကျန်းအန်းက သူ့အား တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ယခင်ကကဲ့သို့ လော်ပင်း၏ အပြုံးကို ပြန်၍ ပြုံးပြခြင်းမရှိဘဲ သူ့အား မေးလိုက်သည်။
“မင်း ဒီရက်ပိုင်း အိမ်မပြန်ဘူးလား? မင်းနဲ့လင်းကျန်းဖူ ဘာဖြစ်နေတာလဲ? ပြီးတော့ ခုနက မင်းနဲ့ ညစာစားတဲ့ အမျိုးသမီးက ဘယ်သူလဲ?”
ထိုစကားကြားသည့်အခါ လင်းကျန်းအန်းမှ မတိုင်ခင်က ဖြစ်ခဲ့သည့် မြင်ကွင်းကို မြင်ခဲ့ပြီဖြစ်ကြောင်း လော်ပင်း သိလိုက်ရသည်။
တဖြည်းဖြည်းနှင့် သူ၏မျက်နှာပေါ်မှ ဟန်ဆောင်မှုအမူအရာများ ပျောက်ကွယ်သွားခဲ့လဆသည်။
“ဒုတိယအစ်ကို၊ ကျန်းဖူက ခင်ဗျားကို ကျွန်တော့်ဆီ လာခိုင်းတာမလား”
လော်ပင်း သက်ပြင်းချလိုက်သည်။သူ၏အမူအရာမှာ စိတ်သောကရောက်နေပုံရသော်လည်း သေချာစွာ နားထောင်ကြည့်လျှင် အတွင်းထဲတွင် သိုဝှက်ထားသည့် စိတ်မရှည်မှုများကို သိနိုင်သည်။
ဤသည်ကို လင်းကျန်းအန်း သဘောပေါက်သွားခဲ့လျှင် သူ၏ မျက်လုံးများက ပို၍ အေးစက်လာသည်။
“ကျန်းဖူက ငါ့ကို မင်းဆီ လာခိုင်းတာ မဟုတ်ဘူး၊ ငါ ဒီနေ့ ခရိုင်ကို အလုပ်ကိစ္စနဲ့ လာရင်း မင်းကို တွေ့လိုက်တာ”
သို့သော် လော်ပင်းသည်ကား လင်းကျန်းအန်းပြောသည်ကို မယုံကြည်ပေ။ သူသည်ကား လင်းမိသားစုထံသို့ မကြာခဏ သွားလေ့မရှိသော်လည်း လင်းကျန်းဖူ၏
မိဘဘက်မှ မိသားစုကို အတော်လေးပင် သိသည်။
အထူးသဖြင့် လင်းကျန်းဖူ မြို့၌ ကျောင်းတက်စဥ်က သူမ၏အစ်ကိုများသည်ကား သူမထံသို့ တစ်လှည့်စီ အစားအစာများ ယူလာပေးလေ့ရှိသည်။
ထို့ကြောင့် လော်ပင်းသည်လည်း သူမ၏အစ်ကို အများအပြားနှင့်တွေ့ခဲ့ဖူးသည်။ သူတို့ထဲ၌ သူမ၏ ဒုတိယအစ်ကို လင်းကျန်းအန်းက အများဆုံးလာသည်ဖြစ်၍ လော်ပင်းက လင်းကျန်းအန်းကို ကောင်းကောင်းသိထားခဲ့သည်။
လင်းကျန်းအန်းသည်ကား အလွန်လက်တွေ့ကျသည့်သူဖြစ်ကာ စကားပြောရသည်မှာ လွယ်ကူသည်။
အခြားသူများ၏ ကိစ္စများကို သိပ်ဂရုမစိုက်ပေ။
ထို့အပြင် လင်းကျန်းအန်းက တပ်မဟာထုတ်လုပ်မှုအဖွဲ့အစည်းတွင် အဖွဲ့ခေါင်းဆောင်နှင့် အလုပ်လုပ်နေပုံရသည်။ အခြားကိစ္စများမရှိလျှင် အဖွဲ့ထဲမှ အပြင်သို့ ထွက်သည်မှာ ရှားသည်။
ထို့ကြောင့် လော်ပင်းသည်ကား လင်းကျန်းအန်၏ ခရိုင်မြို့သို့ အလုပ်ကိစ္စဖြင့် လာသည်ဟူသည့် စကားမှာ သိပ်မယုံကြည်ရဟု ခံစားလိုက်ရသည်။
သူသည်ကား လင်းကျန်းဖူအတွက် ကြိုးစားပြီး ရှင်းပေးရန် လာခြင်း ဖြစ်နိုင်သည်။
“ဒါဆို ဒုတိယအစ်ကို၊ ခင်ဗျား အလုပ်ပြီးပြီလား?”