အခန်း (၁၁၆)
Vol. 12 Ch. 116
လော်ပင်း၏ မေးခွန်းကို လင်းကျန်းအန်း ခေါင်းခါပြလိုက်သည်။
သူ့အနေဖြင့် လော်ပင်းအား ထိုအလုပ်ကိစ္စများကို ပြောရန် စိတ်ကူးမရှိပေ။
လင်းကျန်းအန်း ဆက်လက်၍ မေးမြန်းလိုက်သည်။
“ငါ ခုနက မေးတဲ့ မေးခွန်းတွေကို မင်း မဖြေရသေးဘူးနော်”
အမှန်တကယ်ပင် ရှောင်လွှဲ၍မရတော့သည်ကို မြင်သည့်အတွက် လော်ပင်းသည်လည်း ထပ်မံ၍ ကွေ့ကောက်ကာ ပြောမနေလိုတော့ပေ။
လင်းကျန်းဖူသည်လည်း လင်းကျန်းအန်းအား သူ၏အကြောင်းနှင့် အခြေအနေအကြောင်း ပြောပြပြီးဖြစ်လိမ့်မည်။
သို့မဟုတ်ပါက လင်းကျန်းအန်းသည်က ယနေ့ ဤနေရာတွင် ရှိနေရန် အကြောင်းမရှိဟု လော်ပင်း တွေးတောခဲ့သည်။
“ ဒုတိယအစ်ကို၊ တကယ်တော့ ကျွန်တော်လည်း ဒီကိစ္စကို ဘာမှ လုပ်လို့မရဘူး၊ခင်ဗျားလည်း ယောက်ျားတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော့်ရဲ့ခံစားချက်တွေကို သေချာပေါက် နားလည်နိုင်မယ်လို့ ထင်ပါတယ်၊
ကျန်းဖူနဲ့ ကျွန်တော် အိမ်ထောင်ပြုခဲ့တာ နှစ်တွေလည်း ကြာပါပြီ ၊သူမ ဘယ်လိုနေခဲ့လဲဆိုတာ ခင်ဗျား မြင်ခဲ့ရမှာပဲ၊ သူမကို ကျွန်တော့်ရဲ့မိသားစုထဲကို လက်ထပ်ယူပြီးကတည်းက ကျွန်တော့်မိသားစုက သူမအတွက် အလုပ်အကိုင်ကောင်းတစ်ခု စီစဉ်ပေးခဲ့တယ်၊
ပြီးတော့ ယောက္ခမနဲ့ ချွေးမကြား ပဋိပက္ခတွေ ရှောင်ရှားဖို့အတွက် သူမကို တစ်ယောက်တည်း နေခွင့်ပေးခဲ့တယ်၊ သူမရဲ့ယောက္ခမတွေကို လုပ်ကျွေးဖို့ကိုလည်း မတောင်းဆိုခဲ့ပါဘူး၊
ကျွန်တော်က သူမရဲ့ ဘဝလေး အေးအေးဆေးဆေး နေထိုင်နိုင်ဖို့အတွက် စဥ်းစားပေးခဲ့တယ်၊ ရှင်းရှင်းပြောရရင် ဒါက ကျွန်တော် သူမအပေါ် အရမ်းကောင်းတယ်လို့ သတ်မှတ်လို့ရတယ်၊
ခင်ဗျားရဲ့ တပ်မဟာတစ်ခုလုံး၊ ဒါမှမဟုတ် မြို့တစ်ခုလုံးကို ရှာကြည့်ရင်တောင် သူမထက် ပိုပျော်ရွှင်ရတဲ့ ဇနီး မရှိလောက်ဘူး
ဒါပေမဲ့ တစ်ခုပဲ ရှိတယ်၊ဘသူမ ဒီလောက်နှစ်တွေ ကြိုးစားခဲ့ပေမဲ့ ဘာမှ မလုပ်နိုင်သေးဘူး....
ကျွန်တော်တို့ နှစ်ယောက်ထက် အများကြီး နောက်ကျပြီး လက်ထပ်ခဲ့တဲ့သူတွေတောင် ၇ နှစ် ၈ နှစ်အရွယ် ကလေးတွေ ရှိနေပြီ၊ ကလေးတစ်ယောက်ထက်မကလည်း ရှိနေပြီ၊
ကျွန်တော်နဲ့ သူမပဲ၊ ကလေးနှစ်ယောက်မပြောနဲ့ တစ်ယောက်တောင် မရှိသေးဘူး၊ ကျွန်တော်က ကျွန်တော်တို့ လော်မိသားစုမှာ တစ်ဦးတည်းသော ယောက်ျားလေးပဲ၊ ဆိုတော့ တစ်သက်လုံး ကလေးမရှိဘဲ နေလို့မရဘူးလေ”
သူသည်ကား လင်းကျန်းဖူကို မည်မျှ မုန်းသည်ဆိုသည်ကိုမူ ပြောရန် မဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးမှာ ကျောင်းသားဘဝမှ စတင်ပြီး ဆယ်နှစ်ကျော် သိကျွမ်းခဲ့ကြသည်ဖြစ်၍ ချစ်ခြင်းမေတ္တာမရှိတော့လျှင်ပင် မိသားစုနှင့် သူငယ်ချင်းဆက်ဆံရေးမှာ ရှိနေဆဲပင်ဖြစ်သည်။
သို့သော် နှစ်ပေါင်းများစွာ ရှိလာခဲ့သည့် ဤခံစားချက်များမှာ သူ၏မိဘများ အဆက်မပြတ်ပြောခဲ့သည့် စကားများအပြင် အသက်သုံးဆယ်နီးပါးရောက်နေပြီဖြစ်သည့် သူ၏ ကလေးလိုချင်သည့် လိုအင်ဆန္ဒနှင့် နှိုင်းယှဉ်လျှင် မည်သို့မှ မဟုတ်တော့ပေ။
သူ ယခုကဲ့သို့ လုပ်လိုက်သည့်အတွက် လင်းကျန်းဖူ စိတ်မကောင်းဖြစ်စေနိုင်သည်ကို သိသော်လည်း သူ့ထံတွင် ရွေးချယ်ရန်လမ်း မရှိတော့ပေ။
လင်းကျန်းဖူ ကလေးမရနိုင်သည်မှာ မည်သူ့ အပြစ်နည်း။
သူသည်ကား လော်မိသားစု၏ သားဖြစ်၍ သူ့အတွက်သူလည်း စဉ်းစားရပေတော့မည်။
“ဒါကြောင့်၊ ဒုတိယအစ်ကို၊ ကျွန်တော်မှာ တကယ်ပဲ ရွေးချယ်စရာ မရှိတော့လို့ပါ၊ ကျွန်တော်က ကျွန်တော့် မိဘတွေအတွက်လည်း သိတတ်လိမ္မာမှု ရှိရဦးမယ်၊
ပြီးတော့ ကျွန်တော့်လော်မိသားစုတစ်ခုလုံးအတွက်လည်း တန်ဖိုးရှိအောင်နေရမယ်၊
အခု ကျွန်တော် ကျန်းဖူနဲ့ အတူတူ ဆက်မနေနိုင်တော့ဘူး၊ ကျွန်တော် နောက်နှစ်ရက်လောက်နေရင် ပြန်ပြီး ကွာရှင်းမဲ့အကြောင်းကို ပြောဖို့ စီစဉ်ပြီးသားပါ...”
လော်ပင်းသည်ကား သူပြောပြသည်မှာ လုံလောက်ပြီဟု ထင်ခဲ့သည်။
ထို့ပြင် လင်းကျန်းအန်းသည်လည်း ယောက်ျားတစ်ယောက်အနေဖြင့် မိမိ၏ ခက်ခဲမှူများကို သေချာပေါက် နားလည်နိုင်မည်ဟု ယူဆသည့်အတွက်ကြောင့် အခြား မည်သည်မှ မပြောတော့ပေ။
“ဒုတိယအစ်ကို၊ စိတ်မပူပါနဲ့၊ ကျန်းဖူနဲ့ ကျွန်တော် ကွာရှင်းပြီးရင်တောင် သူငယ်ချင်းတွေ ဆက်ဖြစ်နေဦးမှာပါ၊
သူမကိုလည်း စျေးကွက်ရှာဖွေရေးနှင့် သမဝါမ ကုန်သည်စျေးမှာ
ဆက်ပြီးအလုပ်လုပ်စေမှာပါ၊ ပြီးတော့ ကျွန်တော့်အဖေဆီကိုလည်း သူမကို ဆက်ပြီး ဂရုစိုက်ပေးထားဖို့ ကျွန်တော် တောင်းဆိုမှာပါ၊
အခုက အချိန်နောက်ကျနေပြီ၊ ကျွန်တော် အလုပ်သွားရဦးမယ်။ဒီတော့ ဒုတိယအစ်ကို၊ အိမ်ပြန်တဲ့လမ်းမှာဘေးကင်းပါစေ”
ထိုသို့ပြောပြီးသည်နှင့် လော်ပင်းက အနောက်ကိုလှည့်ကာ အလျင်အမြန် ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် လော်ပင်း ခေါင်းလှည့်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းကျန်းအန်းက သူ့အား မြေပေါ်သို့လဲကျလုနီးပါးဖြစ်အောင် လက်သီးဖြင့် ထိုးလိုက်လေသည်။
“ခင်ဗျား ဘာလုပ်တာလဲ!”
လော်ပင်းက သူ၏နှုတ်ခမ်းထောင့်မှ ကွဲသွားသည်ကို လက်ဖြင့် အုပ်ပြီး လင်းကျန်းအန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
လင်းကျန်းအန်းသည်ကား မည်သည့် မျက်နှာအမူအရာကိုမှမပြဘဲ သူ့ကိုသာ စိုက်ကြည့်ကာ သွားများကို တင်းတင်းကြိတ်ပြီး ပြောလိုက်သည်။
“ငါ မင်းကို လက်သီးနဲ့ ထိုးတာက အဲဒီနှစ်က ကိစ္စအတွက်ပဲ၊ လော်ပင်း.. မင်းမှာ ဘယ်လောက်ပဲ ဆင်ခြေတွေပဲ ရှိနေပါစေ၊
မင်းကိုယ်တိုင်က ငါ့ရှေ့မှာ နောင်ပိုင်း ကျရင် ဘယ်လိုကိစ္စမျိုးပဲဖြစ်လာပါစေ ငါ့ရဲ့ ညီမကို အမြဲတမ်း ကြင်နာပါ့မယ်လို့ ကျိန်ဆိုခဲ့တယ် ၊ မင်း အဲဒီစကားတွေကို မှတ်မိသေးရဲ့လား?”
လော်ပင်းမှာ မူလက ဒေါသထွက်နေသော်လည်း ထိုစကားကို ကြားသည့်အခါ ခေတ္တမျှတိတ်ဆိတ်သွားသည်။ သူသည်ကား လင်းကျန်းဖူကို အစပိုင်း၌ အမှန်တကယ်ပင် သဘောကျခဲ့သည်။
ထိုစဉ်က သူသည်လည်း ငယ်ရွယ်သေးပြီး သူ၏ဘဝတွင် ချစ်ခြင်းမေတ္တာသာ ရှိသကဲ့သို့ ဖြစ်နေခဲ့ကာ လင်းကျန်းဖူအား လက်ထပ်နိုင်ရန်အတွက် ကတိများစွာ ပေးခဲ့ဖူးသည်။
ယခု ပြန်တွေးကြည့်လျှင် သူ မည်သည့်စိတ်မျိုးနှင့် ထိုစကားလုံးများအား ပြောခဲ့သည်ကို မသိတော့ပေ။
သို့သော်လည်း ထိုစကားများကိုမူ သူ မမေ့ပေ။
ထို့ကြောင့် လင်းကျန်းအန်းအား ပြန်လည်၍ လက်တုံ့ပြန်ခြင်းမပြုဘဲ သူ၏ပါးစပ်ထောင့်မှ သွေးများကိုသာ သုတ်လိုက်သည်။
ထို့နောက် အသက်ကို မှန်မှန်ရှူကာ လင်းကျန်းအန်းကို ပြောလိုက်သည်။
“ကျွန်တော် အဲ့ဒါကို လက်ခံပါတယ်၊ ဒါပေမဲ့ ကျွန်တော် နောက်ထပ် ဘယ်တော့မှ အဲဒီလို မလုပ်တော့ပါဘူး၊ ဒုတိယအစ်ကို.. ပြီးတော့ ဒီကိစ္စက ကျွန်တော့်အမှား မဟုတ်ဘူး၊
ဒီတော့ နောင်ပိုင်းမှာ ခင်ဗျားတို့ လင်းမိသားစုဘက်က ပြဿနာတွေ ရှာတော့မှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မျက်နှာအပျက်ဆုံးဖြစ်ရမှာက လင်းကျန်းဖူပဲ!”
ထိုစကားပြောပြီးနောက် လော်ပင်းက စကားတစ်ခွန်းမျှ ထပ်၍ မပြောချင်တော့သည့်အတွက်ကြောင့် အလျင်အမြန် လှည့်ပြီး ထွက်သွားခဲ့သည်။
လင်းကျန်းအန်းသည်လည်း လော်ပင်း၏ နောက်သို့ မလိုက်တော့ဘဲ ထိုနေရာတွင်သာ ရပ်နေကာ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားခဲ့သည်။
အမှန်တကယ်တွင် လင်းကျန်းအန်း၌ လော်ပင်းအား မေးချင်သည့် မေးခွန်း များစွာရှိသေးသည်။
သို့သော် လော်ပင်း၏ လက်ရှိအမူအရာအရ ထပ်၍ မေးလျှင်လည်း မည်သို့မှ အကြောင်းထူးမည်မဟုတ်သည်ကို လင်းကျန်းအန်း သဘောပေါက်သွားခဲ့သည်။
ယောက်ျားတစ်ယောက်သည်ကား အမှန်တကယ်ဆုံးဖြတ်ချက်ချလိုက်လျှင် သို့မဟုတ် စိတ်ပြောင်းသွားလျှင် ပြန်၍ ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။
ထို့အပြင် သူသည်လည်း ဤအကြောင်းကို မည်သို့ ပြောရမည်ကို မသိတော့ပေ။ သူ၏ညီမနှင့် လော်ပင်းတို့သည်ကား နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြပြီး ကလေးမရနိုင်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
လော်မိသားစုကလည်း ကလေးလိုချင်ခဲ့သည်။ လော်မိသားစုအား ကလေးမယူချင်ရန်၊ သူ၏ညီမနှင့်သာ ဆက်၍ ပေါင်းသင်းနေထိုင်ရန်လည်း အတင်းအဓမ္မ လုပ်ယူ၍ မရပေ။
ဤသို့ဆိုလျှင် မိသားစုနှစ်ဖက်ကြားမှ ပဋိပက္ခများသည်က ပို၍ ဆိုးရွားလာမည်မှာ သေချာသည်။
လင်းကျန်းအန်း လက်မခံနိုင်သည့်
အရာက တစ်ခုတည်းသော ရှိပေသည်။ ၎င်းမှာကား လော်ပင်းသည် သူ၏ညီမနှင့် ကွာရှင်းရသေးသည် မဟုတ်ဘဲ အဘယ်ကြောင့် ယခုကဲ့သို့ အခြားအမျိုးသမီးတစ်ဦးနှင့် ညစာစားရန် သွားရဲရသနည်း။
သူတို့နှစ်ဦး အမှန်တကယ် လမ်းခွဲပြတ်စဲလိုသည်ဆိုလျှင်ပင် ဖြောင့်မတ်မှန်ကန်စွာ ရှင်းလင်းသင့်သည် မဟုတ်ပါလား။
ထိုအကြောင်းကြောင့် လင်းကျန်းအန်းက လော်ပင်းအား လုံးလုံးလျားလျားပင် စက်ဆုပ်ရွံရှာသွားသည်။
သို့သော် ထိုနောက်ပိုင်းတွင် လင်းကျန်းအန်း၏ စိတ်ထဲ၌ အားငယ်မှုတစ်မျိုး ဝင်လာခဲ့ရပြန်သည်။
သူ၏ ညီမဖြစ်သူ လင်းကျန်းဖူနှင့် လော်ပင်းတို့၏ ကိစ္စမှာ မည်သို့မှ ညှိနှိုင်း၍ ပြောင်းလဲမရနိုင်သည့်
အခြေအနေအထိ ရောက်သွားလိမ့်မည်ဟု လင်းကျန်းအန်း ထင်မှတ်မထားခဲ့ပေ။
အထူးသဖြင့် အဘွားလင်းအပါအ၀င် လင်း မိသားစုသာ ဤအကြောင်းကို သိသွားခဲ့လျှင် မည်သည့်အရာများဖြစ်လာမည်ကို သူ မသိတော့ပေ။
ဆေးဖက်ဝင်ပစ္စည်းများကို သင့်တော်သည့်စျေးနှုန်းနှင့် မရောင်းရသည့်အပြင် လော်ပင်းနှင့် လင်းကျန်းဖူတို့ ကွာရှင်းတော့မည်ဆိုသည်ကိုပါ သိလိုက်ရသည့်အတွက် လင်းကျန်းအန်းမှာ နေ့လယ်ပိုင်းတစ်ခုလုံး၌ စိတ်အခြေအနေမကောင်းဖြစ်နေခဲ့သည်။
သူ မြို့ကိုပြန်သည့် ဘတ်စ်ကားကိာ စီးနင်းကာ လိုက်ပါလာခဲ့ပြီး မြို့သို့ ပြန်ရောက်သည့်အချိန်တွင် ညနေစောင်းနေလေပြီ။
သူ ခဏတာမျှ တွေဝေသွားပြီးနောက်တွင်လင်းကျန်းဖူထံသို့ မသွားတော့ဘဲ အချိန်မီ အိမ်ပြန်ရန်သာ ဆုံးဖြတ်လိုက်သည်။
ခရိုင်မြို့မှ ပြန်လာသည့်ကားပေါ်၌ လင်းကျန်းအန်းတစ်ယောက် အချိန်အတော်ကြာ စဉ်းစားကာ ဤသည်မှာ အလွန်အမင်း အရေးကြီးသည့် ကိစ္စဖြစ်သည်ဟု
ခံစားလိုက်ရသည်။
သူ့အနေဖြင့် လင်းမိသားစုအား မည်သို့ပြောရမည်ကို မသိသည့်အတွက် ဤအကြောင်းကို အဘွားလင်းအား ကြိုတင်၍ ပြောပြပြီးမှ အဘွားလင်း မည်သို့လုပ်မည်ကို ကြည့်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
သို့နှင့်လင်းကျန်းအန်း အိမ်သိာ့ပြန်ရောက်သည့်အချိန်တွင် ညစာကို အလောတကြီးစားပြီးသည့်နောက်၌
အဘွားလင်းအား နောက်ဖေးခန်းထဲသို့ခေါ်ပြီး ထိုကိစ္စကို ပြောပြခဲ့သည်။
သို့သော် သူ မထင်မှတ်ထားခဲ့သည်မှာ အဘွားလင်းက သူကိုလက်ကာပြကာ ထိုကိစ္စများအားလုံးကို သူမ သိပြီးသားဖြစ်ကြောင်း တည်ငြိမ်စွာ ပြောလိုက်ခြင်းပင် ဖြစ်ချေသည်။
“ငါ နေ့လယ်က ရန်ရန်နဲ့ မြို့ကိုသွားပြီး ဒီကိစ္စအကြောင်း စုံစမ်းခဲ့တယ်၊
စတုတ္ထသမီးက ဒီကိစ္စကို သူမကိုယ်တိုင် ကိုင်တွယ်နိုင်တယ်၊ ငါတို့ကို စိတ်မပူနဲ့လို့ ပြောခဲ့တယ်”
ထိုစကားကိုကြားလိုက်ရလျှင် လင်းကျန်းအန်း အနည်းငယ် အံ့သြသွားသည်။ အဘွားလင်းနှင့် သူ၏သမီး လင်းရန်တို့သည်လည်း လျင်လျင်မြန်မြန်လှုပ်ရှားကာ ဤကိစ္စများအားလုံးကို လမ်းပေါ်၌တင် ဖြေရှင်းခဲ့မည်ဟု သူ မထင်ထားခဲ့ပေ။
“ဒါဆို ကျန်းဖူက ကွာရှင်းပြီးရင် ဘာဆက်လုပ်မလဲဆိုတာ စီစဉ်ပြီးပြီလား”
လင်းကျန်းအန်း အနည်းငယ်စိတ်ပူနေဆဲပင်ဖြစ်သည်။
အဘွားလင်းက သူ၏မေးခွန်းများကို ကြားသည့်အချိန်တွင် စိတ်မရှည်တော့ပေ။
“နင် နားကန်းနေတာလား၊ စတုတ္ထသမီးက ထွက်လာခဲ့မယ်လို့ ပြောပြီးပြီ၊ သူ့မှာ ခင်ပွန်းသည်လင်ယောက်ျားမရှိဘဲ အဲဒီနေရာမှာ ဘယ်လိုနေမလဲ၊
ပြီးတော့ ငါတို့ လင်းမိသားစုမှာ လူတွေအများကြီးရှိတယ်၊ နင်တို့ ညီအစ်ကိုသုံးယောက်လည်း ရှိတယ်၊ သူမ အိမ်ပြန်လာရင်ရော ဘာဖြစ်လို့
လဲ”
“ဒါမှမဟုတ် နင်က စတုတ္ထလေးကို
ပြန်မလာစေချင်တာလား”
လင်းကျန်းအန်းက အဘွားလင်းမှ ဤအတိုင်း တမင်မရည်ရွယ်ဘဲ ပြောလိုက်မှန်း သိသော်လည်း အလေးအနက်ထားကာ ပြန်၍ဖြေလိုက်သည်။
“ကျန်းဖူ ပြန်လာနေဖို့ ဆန္ဒရှိသရွေ့ သူမရဲ့အစ်ကိုတစ်ယောက်အနေနဲ့ ကျွန်တော် သူမကို သေချာပေါက် ပံ့ပိုးကူညီပေးမှာပါ”
“အင်း၊ ဒါဆို အဆင်ပြေပြီ”
အဘွားလင်းလည်း သားဖြစ်သူ၏ ထိုစကားကြားသည်အခါတွင် အလွန် စိတ်ကျေနပ်သွားသည်။
သူမ၏ဘဝ၌ အထူးသဖြင့် မြင်ချင်သည်မှာ သူမ၏ သားသမီးများက တစ်ဦးကို တစ်ဦး ကူညီပံ့ပိုးကြသည်ကိုပင် ဖြစ်သည်။
**