အခန်း (၁၁၇)
Vol. 12 Ch. 117
ဒုတိယသား(လင်းကျန်းအန်း)အား ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ပူရန် မလိုသော်လည်း ကျန်သည့် သားနှစ်ယောက်ကိုမူ စိတ်ပူမိသည်။ မည်သည့်ကိစ္စများ ထပ်၍ ဖြစ်လာမည်ကို မသိနိုင်ပေ။
လင်းကျန်းဖူ အနေဖြင့် လင်းမိစုသားစုအိမ်၌ ရက်အနည်းငယ်သာ နေမည်ဆိုလျှင် သူမ၏ ချွေးမများက မည်သို့မှပြောမည်မဟုတ်ပေ။
သို့သော် အချိန်ကြာမြင့်လာလျှင် သူမ၏ သွေးသားရင်းချာ သားသမီးများအတွက်ပင် ပြဿနာများ ဖြစ်လာနိုင်သည်။
သွေးသားရင်းချာမဟုတ်သည့်သူများအတွက်ဆိုလျှင် ပို၍အခြေနေ
ဆိုးပေလိမ့်မည်။
ဤကိစ္စသည်လည်း စိတ်ပူဖွယ်ပင် ဖြစ်နေခဲ့သည်။ သူတို့ထံ၌ တခြားအိမ်တစ်လုံးရှိလျှင် ပိုကောင်းပေလိမ့်မည်။
ဤသို့ဆိုလျှင် မိသားစုများက ပို၍ ပွင့်လင်းစွာ နေထိုင်နိုင်ပြီး ပြဿနာများလည်း လျော့နည်းသွားမည်မှာ သေချာသည်။
ကံမကောင်းစွာပင် လက်ရှိအခြေအနေအရ မည်သို့မှ လုပ်၍ မရသေးပေ။
ထိုအချိန်တွင် အဘွားလင်းက လင်းကျန်းအန်း၏ “အပိုလုပ်ငန်း” အဆင်ပြေရန် ရုတ်တရက်
မျှော်လင့်မိလာသည်။
ထိုအလုပ်သာ အဆင်ပြေသွားခဲ့လျှင် သူတို့မိသားစု၏ အခြေအနေမှာ များစွာတိုးတက်လာပေလိမ့်မည်။
သို့သော် ယခုအချိန်တွင်မူ စတုတ္ထသမီး၏ ကိစ္စကို ဦးစွာရှင်းရပေဦးမည်။
နောက်တစ်နေ့၌ လင်းကျန်းဖူ၏ ကိစ္စအား အဘွားလင်းက ကျန်သည့် လင်းမိသားစုအား
ပြောပြလိုက်သည်။
လင်းမိသားစုတစ်ခုလုံး ဤသတင်းကြောင့် တုန်လှုပ်သွားကြပြီး စိုးရိမ်ပူပန်မှုနေခဲ့ကြလေ၏။ သို့သော် ပူပန်မှုအပြင် တခြားအသံတစ်ခုလည်း ထွက်လာလေသည်။
“ကျန်းဖူက လော်ပင်းနဲ့ ကွာရှင်းမှာဆိုတော့ အဲဒီကိစ္စပြီးရင် စျေးကွက်ရှာဖွေထောက်ပံ့ရေးနဲ့ သမဝါယမဈေးကွက်မှာ ရှိတဲ့ သူမရဲ့အလုပ်ကို ဆက်ပြီးထိန်းသိမ်းထားနိုင်ပါ့မလား”
ဤစကားအား မည်သူပြောလိုက်သည်ကို မော့မကြည့်ဘဲ ခန့်မှန်း၍ ရပေသည်။
လင်းရန်က အစာတစ်လုပ်စားနေရင်းဖြင့် သူမ၏တတိယအဒေါ် ယင်းဖန်ဘက်သို့ မော့ကြည့်လိုက်သည်။
ထင်သည့်အတိုင်းပင် ယင်းဖန်မှပြောလိုက်ခြင်းသာဖြစ်ပြီး ကျန်သည့် လင်းမိသားစုများကလည်း သူမအား
တစ်ချက်ကြည့်လိုက်ကြသည်။
ဤသည်ကို ယင်းဖန်က သတိထားမိပြီး သူမ၏အသံမှာ ပို၍ တိုးကာ မှေးမှိန်သွားသော်လည်း ဆက်၍ ပြောလာနေဆဲပင် ဖြစ်ပေသည်။
“ကျွန်မက နှမြောစရာ ကောင်းတယ်လို့ ခံစားရလို့ပါ၊ စျေးကွက်ရှာဖွေထောက်ပံ့ရေးနဲ့ သမဝါယမဈေးကွက် အလုပ်က အရမ်းကောင်းတယ်လေ၊ တကယ်လို့ သူမ ကွာရှင်းလိုက်တဲ့အတွက် အလုပ်ပျောက်သွားရင် ဘယ်လောက်နှမြောဖို့ကောင်းလိုက်လဲ”
သူမပြောသည်ကို နားလည်နိုင်သော်လည်း ထိုအလုပ်ကဲ့သို့ ကိစ္စများမှာ သူတို့လင်းမိသားစု၏ ပျော်ရွှင်ရမှုနှင့် နှိုင်းယှဉ်၍ မရပေ။
“အဲဒီအလုပ်ပြုတ်သွားလည်း ဘာဖြစ်လဲ၊ ရှေ့လျှောက် ဒီထက်ကောင်းတဲ့ အလုပ်တွေ သေချာပေါက် ရှိလာမှာ၊
ပြီးတော့ လော်ပင်းရဲ့ မိသားစုက ခုတောင် ဒီလိုလုပ်နိုင်ရင် နောက်ကျရင်ရော စတုတ္ထလေးကို ကောင်းကောင်းဆက်ဆံမယ်လို့ မျှော်လင့်လို့ရပါ့မလား”
အဘွားလင်းက ယင်းဖန်ကို စူးစူးစိုက်စိုက်ကြည့်ကာ ပြောလိုက်သည်။
ဤချွေးမသည်ကား အမြင်ကျဉ်းပြီးပြဿနာကို အလွန်အမင်းပင် ပေါ့ပေါ့တန်တန် သဘောထားသည်ဟု သူမ ခံစားရသည်။
အမြင်ကျဉ်းလွန်း၍ တုတ်နှင့်ပင် ထောက်ကာ ဖွင့်၍ရမည်မဟုတ်ပေ။
ယင်းဖန်သည်ကား အဘွားလင်း ဆူသည်ကို ခံလိုက်ရသည့်အခါ မည်သို့မှ မပြောရဲတော့ပေ။
“တော်ပြီ၊ ဒီကိစ္စကို နင်တို့ စိတ်ထဲမှာပဲ ထားကြ၊ နင်တို့မိသားစုထဲမှာ သိရင်ရပြီ၊ ဒီအကြောင်းကို ထပ်ပြီး
ပြောရဲတဲ့သူ ပြောကြည့်၊ ပြောတဲ့သူ ဘယ်သူလဲဆိုတာ ငါသိရင်တော့ မလွယ်ဘူးမှတ်လိုက်!”
သူမ၏မိသားစုကို သတိပေးပြီးသည့်နောက်၌ အဘွားလင်းသည်လည့် ထပ်၍ မပြောတော့ဘဲ “လင်းမိသားစု၏ မိသားစု၀င်မဟုတ်သည့်သူ”ဖြစ်သည့် စုန့်ရှီးယန်အား တစ်ချက်ကြည့်လိုက်သည်။
စုန့်ရှီးယန်ကိုမူ သီးသန့် သတိမပေးတော့ပေ။
စုန့်ရှီးယန်သည်ကား ဧည့်သည်ဖြစ်သည့်အတွက် မိသားစုဝင်များအား သတိပေးဆုံးမသည့် လေသံနှင့် သူ့အား ဆုံးမရန် မဖြစ်နိုင်ပေ။
ထို့အပြင် စုန့်ရှီးယန်သည် မကြာမီ ထွက်သွားတော့မည်ဖြစ်သည့်အပြင် တစ်ဖက်လူ အဓိပ္ပာယ်မရှိသည့် စကားများ ပြောတတ်သည့်သူမျိုး မဟုတ်၍ ဤကိစ္စနှင့်ပတ်သက်၍ သီးသန့်သတိပေးရန် မလိုအပ်ပါချေ။
သို့သော် မိသားစု၏အရှုပ်အထွေးများကို အခြားသူရှေ့၌ ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်နေသည့်အတွက် အဘွားလင်း အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။
သူမ စုန့်ရှီးယန်ကို လှမ်းကြည့်လိုက်သည့်အချိန်တွင် ထိုသူက အစားကိုသာ အာရုံစိုက်နေပြီး သူတို့အား ခေါင်းမော့၍ပင် မကြည့်သည်ကို တွေ့ရသည့်အတွက်က် အဘွားလင်း စုန့်ရှီးယန်အပေါ် ပို၍ စိတ်ကျေနပ်လာသည်။
ဤ လူငယ်သည်ကား ဆင်ခြင်တုံတရားနှင့်စဉ်းစားဉာဏ်ရှိပေသည်။
ထမင်းစားပြီးသည့်နောက် လင်းမိသားစုက သူတို့၏ အလုပ်များကို လုပ်ရန် ထွက်သွားကြသည်။
အချိန်စောသေးသည်ဖြစ်၍ လင်းရန်ကတော့ ကွန်မြူနတီသို့ သွားရန် အလျင်မလိုပေ။ ထိုအစား သူမက သူမ၏ဖခင်ဆီသို့ နီးကပ်စွာကပ်သွားခဲ့ပြီး ယမန်နေ့က ခရိုင်မြို့သို့ သွားခဲ့သည့် ခရီးစဉ်အကြောင်းကိုမေးမြန်းခဲ့သည်။
ယမန်နေ့ညက အိမ်ကိုပြန်ရောက်သည့်အခါတွင် သူမ၏ဖခင်က သူယူသွားသည့် ဆေးဖက်၀င်ပစ္စည်းများကို ပြန်၍ သယ်လာသည်ကို မြင်ခဲ့ရသည်ပင်။ ထို့အတွက် ယမန်နေ့က ခရိုင်မြို့တွင် အဆင်မပြေသည်ကို သူမ ခန့်မှန်းမိပြီးသားဖြစ်သော်လည်း အခြေအနေကို ပို၍ သိချင်နေဆဲပင်ဖြစ်သည်။
သူမ သိချင်နေသည်ကို မြင်သည့်အတွက် လင်းကျန်းအန်းကလည်း မနေ့က ဖြစ်ပျက်ခဲ့သည်များကို သူမအား ပြောပြလိုက်သည်။
စကားဆုံးသည့်အခါ လင်းကျန်းအန်းသည် သူ့ကိုယ်သူ လှောင်ပြောင်သည့်သဘောဖြင့် အားမလိုအားမရ ပြုံးပြလိုက်မိသည်။
“အဖေက အတော်လေး အသုံးမကျဘူးလို့ သမီး မထင်ဘူးလား၊ ဒီလောက်ကြာနေပြီကို၊ ခုချိန်ထိ ပိုက်ဆံတစ်ပြားမှတောင် မရသေးဘူး”
ပွင့်လင်းစွာ ပြောရလျှင် ဤပစ္စည်းများကို ရောင်းသည်မှာ ယခင်က သူထင်ထားသည်ထက် များစွာ ပို၍ခက်ခဲလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ပစ္စည်းများမှာ လွန်စွာ ကောင်းမွန်ပြီး ထုတ်လိုက်သည်နှင့် ရောင်းထွက်လိမ့်မည်ဟု ထင်မှတ်ထားခဲ့မိသည်။ သို့သော်လည်း တကယ်တမ်းတွင် သူထင်ထားသကဲ့သို့ မလွယ်ကူခဲ့ပေ။ သူသည်ကား ယခင်က ကိစ္စများကို အလွန်ရိုးရှင်းစွာ တွေးခဲ့မိခဲ့ခြင်းသာ ဖြစ်ပေသည်။
လင်းရန်တစ်ယောက် အဖေဖြစ်သူ၏ ထိုစကားကြားသည့်အခိုက်တွင် ချက်ချင်းပင် ခေါင်းတခါခါနှင့် ငြင်းလိုက်မိကာ လင်းကျန်းအန်းကို အလေးအနက်ထား၍ ပြောလိုက်သည်။
“အဖေ ဘာတွေပြောနေတာလဲ၊စီးပွားရေးလုပ်တယ်ဆိုတာကသာ
အဲဒီလောက်ထိ အရမ်းလွယ်နေမယ်ဆိုရင် ကမ္ဘာပေါ်မှာ ဆင်းရဲတဲ့လူတွေ ရှိမှာတောင် မဟုတ်ဘူး၊ အဲလိုဆိုရင် လူတိုင်းက စီးပွားရေးလုပ်ငန်းကိုပဲ လုပ်နေကြတော့မှာပေါ့”
မှန်ပေသည်။၊ ယခုနှစ်များ၏ အထူးအခြေအနေအပြင် ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာကို ပြန်သွားကြည့်လျှင်လည်း
မည်သည့်စီးပွားရေးလုပ်ငန်းပင်ဖြစ်စေ အစဦးကတည်းက ကြီးထွားနေပြီး ခြေလှမ်းကျဲကြီးများနှင့် အောင်မြင်မှုကို ချက်ချင်းရခဲ့သည်မဟုတ်ပေ။
ထိုကဲ့သို့အောင်မြင်မှုရနေခဲ့လျှင်လည်း ထိုလုပ်ငန်းများမှာ
ဘိုးဘွားပိုင် စီးပွားရေးလုပ်ငန်းများ ဖြစ်ပြီးသား၊ သို့မဟုတ် ကံကောင်း(ကြက်ကန်း ဆန်အိုးတိုး)၍ အောင်မြင်ခြင်းသာ ဖြစ်သည်။
လုပ်ငန်းအများစုမှာ တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်းသာလျှင်
လုပ်သွားကြခြင်းဖြစ်သည်။
သူမ ကိုယ်တိုင် စီးပွားရေးစလုပ်ခဲ့သည့် သူတစ်ယောက်အနေဖြင့် လင်းရန်သည်ကား ထိုအမှန်တရားကို ကောင်းစွာ နားလည်ပေသည်။
ထို့အပြင် လက်ရှိစျေးကွက်အခြေအနေမှာ အနည်းငယ် ခက်ခဲနေပြီး ဤကဲ့သို့သော အခြေနေမှာ စီးပွားရေးလုပ်ငန်းများကို ပို၍ ဆိုးရွားစေရန် လုပ်လိုက်သကဲ့သို့ ဖြစ်နေသည်။
သို့ဖြစ်၍ ဤကဲ့သို့သောအခြေအနေတွင် သူမ၏ ဖခင်သာ သူ၏ အပိုလုပ်ငန်းကို လျင်မြန်စွာ အောင်မြင်ရန် လုပ်ဆောင်နိုင်ခဲ့ပါက တစ်ခုခု မှားယွင်းနေခြင်းသာ ဖြစ်ရပေမည်။
“အဆင်ပြေပါတယ် အဖေ၊ ဘာပဲဖြစ်ဖြစ် သမီးတို့ အချိန်ယူပြီး စောင့်နိုင်ပါသေးတယ်၊ ပြီးတော့ မြို့နဲ့ ခရိုင်က ဆရာဝန်တွေကတောင်
ဒီဆေးဖက်ဝင်ပစ္စည်းတွေက ဈေးကောင်းရသင့်တယ်လို့ ပြောနေကြတယ်မလား၊
အဲဒါက ဒီဆေးဖက်ဝင်ပစ္စည်းတွေက အလားအလာ အရမ်းကောင်းတယ်ဆိုတာ သက်သေပြနေတာပဲ ၊ ဟုတ်တယ်မလား၊ အခုချိန်မှာ သမီးတို့က ဒီပစ္စည်းတွေ ဘယ်လောက်တန်ဖိုးမြင့်လဲဆိုတာကို ပြရမယ်လေ”
လင်းရန်၏ စကားကြောင့် လင်းကျန်းအန်းမှာ များစွာ ပို၍သက်တောင့်သက်သာရှိလာသကဲ့သို့ ခံစားရသည်။
သူ၏သမီး မျက်လုံးများထဲမှ ယုံကြည်မှုကို မြင်ရသည့်အတွက် လင်းကျန်းအန်းတစ်ယောက် ကိုယ့်ကိုယ်ကို ထပ်မံပြီးကြိုးစားလုပ်ကိုင်သင့်သည်ဟု အကြိမ်ကြိမ်အခါခါပင် ပြောနေမိသည်။
“စိတ်မပူပါနဲ့ ရန်ရန်၊ သမီးရဲ့အဖေက ဒီလောက်လွယ်လွယ်နဲ့ အရှုံးမပေးပါဘူး!”
သူ၏သမီးအတွက်အိမ်ထောင်ပစ္စည်းများ စုရန် လိုသေးသည့်အတွက် သူ ပို၍ ကြိုးစားရပေမည်။
လင်းရန်နှင့် စကားပြောပြီးသည့်နောက်တွင် လင်းကျန်းအန်းသည်ကား စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး ဆက်လက်၍ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ မြို့ကြီးသို့ ထွက်ခွာရပေလိမ့်မည်။
မြို့ကြီးသည်ကား သူတို့၏ တပ်မဟာနှင့် အတော်လေးပင် ဝေးသည်။
မြို့ထဲမှ တည်းခိုခန်းတွင် အနည်းဆုံး တစ်ရက်ခန့်မျှ အနားယူပြီးမှသာ ပြန်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြို့ကြီးသို့ သွားလိုပါက တပ်မဟာ ခေါင်းဆောင်ထံသို့ သွားကာ လက်မှတ်ထုတ်ပြီး၊ အိမ်မှကိစ္စများလည်း စီစဉ်ရပေလိမ့်မည်။
လင်းရန်က လင်းကျန်းအန်းအား အားပေးလိုသည့်အတွက် ချက်ချင်းပင် ပြောလိုက်သည်။
-“အဖေ၊ စိတ်အေးအေးနဲ့ သွားလို့ရပါတယ်၊ အဘွားလည်း သမီးကို စောင့်ရှောက်ပေးနေတာပဲ၊
ပြီးတော့ အိမ်မှာလည်း လူတွေ အများကြီးပဲရှိနေတာဆိုတော့ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး!”
လင်းကျန်းအန်းလည်း ထိုစကားကိုကြားသည့်အခိုက်တွင် မည်သို့ပင်ဖြစ်စေ အိမ်၌ စုန့်ရှီးယန် ရှိနေသေးသည်ဟု တွေးလိုက်သည်။
စုန့်ရှီးယန်သည်ကား ယုံကြည်စိတ်ချရသည့် လူငယ်လေးတစ်ယောက်ဖြစ်ပေသည်။ ထိုသို့တွေးလိုက်သည့်အချိန်တွင် လင်းကျန်းအန်းမှာ လုံးလုံးလျားလျားပင် စိတ်သက်သာရာရသွားခဲ့လေသည်။
“ကောင်းပြီ၊ ဒါဆို အဖေ ဒီနေ့ လက်မှတ်ထုတ်ပြီး မနက်ဖြန် ထွက်လိုက်မယ်”
ပွင့်လင်းစွာ ပြောရလျှင် သူသည်ကား ဤနှစ်ပေါင်းများစွာအတွင်း မြို့ကြီးသို့ တစ်ကြိမ်မျှသာ သွားခဲ့ဖူးသည်။
ထိုအကြိမ်မှာ သူ၏တူ လင်းကွမ်းချင်းကို ပထမဆုံးအကြိမ် စစ်မှုထမ်းခေါ်စဉ်က ရထားဘူတာသို့ လိုက်ပို့ပေးခဲ့ခြင်းဖြစ်ပေသည်။
ထိုနောက်ပိုင်းတွင် မြို့ကြီးသို့ တစ်ကြိမ်မျှ မရောက်ဖြစ်တော့ပေ။
ယခုဆိုလျှင် နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်၍ မြို့ကြီးနှင့်ပတ်သက်သည့် သူ၏မှတ်ဉာဏ်များမှာ မှေးမှိန်နေလေပြီ။ သူ မှတ်မိသည့် တစ်ခုတည်းသောအချက်မှာ မြို့သည်ကား အလွန်ကြီးမားပြီး သူ၏သမီးလင်းရန်သည်လည်း မြို့ထဲ၌ နှစ်ပေါင်းများစွာ နေခဲ့ဖူးသည်ကိုပင် ဖြစ်ပေသည်။
သို့သော် လင်းကျန်းအန်းက လင်းရန်အား မြို့သို့ လိုက်ပါကာ သူ့အား လမ်းပြပေးဖို့ ခိုင်းစေရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ယခုအချိန်တွင် သူက လင်းရန်အား မြို့နှင့် ဝေးနိုင်သမျှ ဝေးနေစေချင်သည်။ မြို့ကြီး၌ သူမ၏ ပထွေးစုန့်ဝေ့နှင့် မိခင် လီရှို့လီတို့ ရှိနေသေးသည်မဟုတ်ပါလား။
အကယ်၍ သူ၏သမီးသာ မြို့သို့သွားပြီး သူတို့နှင့်တွေ့မိလျှင် သူမ၏ စိတ်ခံစားချက်ကို သေချာပေါက် ထိခိုက်စေလိမ့်မည်။
ထို့ကြောင့် လင်းရန်အား ထိုဇနီးမောင်နှံနှင့် ထိတွေ့ခွင့် မပေးသည်မှာပို၍ကောင်းပေလိမ့်မည်။