အခန်း (၁၁၉)
Vol. 12 Ch. 119
လင်းရန်မှ စုန့်စစ်ယွီနှင့် ရှုကျစ်ဝမ်တို့၏သတင်းကြောင့် အမှန်တကယ် ဝမ်းမနည်းသည်ကို မြင်သည့်အတွက် ကျောက်ရှီလဲ့ သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စက ငါတို့ရဲ့ မိသားစုအိမ်မှာ ပျံ့နေပြီ၊ လူတွေ အများကြီးက နင့်အမေနဲ့ စုန့်ဝေ့တို့အကြောင်းတွေကို နောက်ကွယ်ကနေ မကောင်းကြောင်းတွေ ပြောနေကြတယ်၊ ဟားဟား”
ထိုအကြောင်းကို ပြောရလျှင် ကျောက်ရှီလဲ့ထံမှ သူမ၏မိဘများဆီသို့ ယခင်က ရေးခဲ့သည့် စာအကြောင်းမှာ မပါမဖြစ်ပင် ပြောရလိမ့်မည်ဖြစ်သည်။
သူမသည်ကား စုန့်ဝေ့နှင့်လီရှို့လီတို့ ဇနီးမောင်နှံနှစ်ယောက်မှ လင်းမိသားစုသို့ လာပြီး ဆူပူကြသည့် ကိစ္စများကို စာထဲတွင် ထည့်သွင်းကာ ရေးသား ဖော်ပြခဲ့သည်။
ထို့ကြောင့် ထိုနှစ်ဦး၏ဆိုးရွားသည့် လုပ်ရပ်များမှာ လူအများထံတွင် မေးခွန်းထုတ်ဖွယ်ဖြစ်လာခဲ့သည်။
ထို့အပြင် ကျောက်ရှီလဲ့၏ မိဘများကလည်း အလုပ်သွားအလုပ်ပြန်အချိန်များတွင် သူတို့၏ အချိန်နှင့် အခွင့်အလမ်းအားလုံးကို အသုံးချကာ စုန့်ဝေ့နှင့် လီရှို့လီတို့ လုပ်ခဲ့သည့် ကိစ္စများကို လူအများသိစေရန်အတွက် အပြင်းအထန် “ကြော်ငြာ” ခဲ့ကြသည်။
သို့သော် ထိုသတင်းမှာ မည်သူ့ထံမှ ထွက်ပေါ်လာခဲ့ကြောင်းကိုမူ မည်သူကမှ သတိမထားမိခဲ့ကြပေ။
ထိုအဖြစ်အပျက်များကြောင့် မကြာသေးမီက စုန့်ဝေ့နှင့် လီရှို့လီတို့၏ မိသားစု နာမည်ဂုဏ်သတင်းမှာ
လူအများကြား၌ အလွန်အမင်းပင် ဆိုးရွားသွားခဲ့လေသည်။
လူတိုင်းက သူတို့မိသားစု၏ ရှေ့၌ လက်ညှိုးထိုးကာ မပြောလာကြသော်လည်း နောက်ကွယ်တွင်မူ အတင်စအဖြင်းများက လှိုက်စားစာ ထွက်ပေါ်နေလျှက်ရှိသည်။
ယခု လင်းရန်ဆီမှ ဤသတင်းကိုကြားပြီးသည့်နောက်တွက် ကျောက်ရှီလဲ့က သူမ၏မိဘများအား
ရှုမိသားစုနှင့် လင်းရန်တို့၏ကြားမှ ဆက်ဆံရေးအကြောင်းကို ပြန်လည် ပြောပြရမည်ဟု တွေးလိုက်သည်။
ထို့အပြင် စုန့်ဝေ့၊ သူ၏သမီး စုန့်စစ်ယွီနှင့် ဒါရိုက်တာရှု၏ မိသားစုကြား မှ လက်ရှုဆက်ဆံရေးအကြောင်းကို သေချာပေါက် ပြောပြရမည်ဖြစ်ပြီး လူတိုင်း ထိုအကြောင်းကိုအသေးစိတ် သိရှိစေရန်
ပြုလုပ်ရမည်ဟု တွေးတောလိုက်သည်။
အချိန်တန်လျှင် လူတိုင်းက စုန့်ဝေ့၏
နောက်ကွယ်၌သာ ပြောဆိုကြမည် မဟုတ်တော့ဘဲ သူ့အား မျက်နှာချင်းဆိုင်ကာ ပြောဆိုကြမည်မှာ သေချာသည်။
စုန့်ဝေ့ကဲ့သို့သော လူစားမျိုးသည်ကား သေချာပေါက် ထိုသို့ ခံရသင့်သည်။
လင်းရန်မှာ ကျောက်ရှီလဲ့၏ ထိုစကားကြားပြီးသည့်နောက် စိတ်လှုပ်ရှားသွားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် အနည်းငယ် ရယ်မောမိသွားသည်။
“ကျေးဇူးတင်ပါတယ် ”
လင်းရန်သည်ကား စုန့်ဝေ့နှင့် လီရှို့လီတို့နှင့် မည်သည်မှအကြောင်းအရာနှင့်မှ ထပ်၍ ဆက်သွယ်ဆက်ဆံမှု လုပ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
သို့သော် ကျောက်ရှီလဲ့နှင့် သူမ၏ မိသားစုက သူမအတွက် နောက်ကွယ်မှ တိတ်တဆိတ်ဖြင့် ထုတ်ဖော်ပေးနေလိမ့်မည်ဟု လင်းရန် မထင်ထားခဲ့ပါချေ။
“ရပါတယ်၊ ငါတို့က သူငယ်ချင်းကောင်းတွေပဲကို!”
သူငယ်ချင်းကောင်းတစ်ယောက်အတွက် ဒေါသထွက်သည်မှာ သဘာဝပင် မဟုတ်ပါလား။
ကျောက်ရှီလဲ့ ယူလာသည့်သတင်းနှင့် ကျောက်မိသားစုက သူမအတွက် လုပ်ဆောင်ပေးခဲ့သည့် ကိစ္စများကြောင့် လင်းရန်က ကျောက်ရှီလဲ့ကို သူမ၏ အိမ်၌ ညစာစားရန် ဖိတ်ခေါ်ကာ အရသာရှိသည့် အစားအစာများ ပြင်ဆင်ပေးမည်ဟု ပြောခဲ့သည်။
ထိုသို့ ပြောပြီးနောက် လင်းရန်က
ကွန်မြူနတီ စားဖိုဆောင်သို့ အလျင်အမြန် သွားခဲ့လေသည်။ ကျောက်ရှီလဲ့သည်လည်း လင်းရန်၏ဖိတ်ခေါ်မှုကို ငြင်းဆန်ခြင်းမရှိဘဲ ပျော်ရွှင်စွာပင် လက်ခံကာ ပြန်သွားခဲ့သည်။
ကွန်မြူနတီ စားဖိုဆောင်သို့ သွားသည့်လမ်းတွင် လင်းရန်တစ်ယောက် ကျောက်ရှီလဲ့ ပြောသည်များကို စဉ်းစားကြည့်သည့်အခါ အတော်လေး ဆန်းကြယ်သည်ဟု ခံစားနေရဆဲပင်ဖြစ်သည်။
လင်းရန်သည်ကညး စုန့်ဝေ့နှင့် စုန့်စစ်ယွီတို့၏ ကြံစည်တွက်ချက်မှုများအပြင် စုန့်စစ်ယွီမှ ရှုကျစ်ဝမ်အား ဤကဲ့သို့ လျင်လျင်မြန်မြန် ချည်းကပ်အရယူနိုင်ခဲ့သည့် အကြောင်းကိုလည်း သိချင်မိသည်။
ယနေ့ခေတ် ယောက်ျားမိန်းမ ဆက်ဆံရေးသည်က မိန်းကလေးများက စတင်၍ ပိုးပန်းသည်များ ရှိနေခဲ့ပြီလား။
သူမက တစ်ဖက်မှ ယောက်ျားလေးများ၏ ငွေရှာနိုင်သည့် အရည်အချင်းကို လိုချင်သည်များလား။
ထို့ပြင် စုန့်စစ်ယွီသည်က ရှုကျစ်၀မ်အား ချည်းကပ်နိုင်ခဲ့ပြီးနောက် လက်ထပ်တော့မည်ဟုပင် သတင်းထွက်လာခဲ့သည်။
အမှန်တကယ်ပင် စုန့်စစ်ယွီတွင်
ချည်းကပ်သည့် နည်းလမ်းအချို့ ရှိသည်ဟု ပြောရပေတော့မည်။
သို့သော် စုန့်စစ်ယွီနှင့် ရှုကျစ်၀မ် အတူတူရှိနေလျှင်
ချန်ကျားယန်က မည်သို့လုပ်ရမည်နည်း။
ထိုနှစ်ယောက်သည်ကား အလိုက်ဖက်ဆုံးအတွဲဖြစ်သည်။ သူတို့က ဤကဲ့သို့ ကွဲကွာသွားမည်ကို စဉ်းစားလိုက်သည်နှင့် သူမ အနည်းငယ်ပင် စိတ်မကောင်းဖြစ်မိသွားရသည်။
စုန့်စစ်ယွီက ချန်ကျားယန်ထံသို့ လာရောက်ချည်းကပ်သည်က ပို၍
ကောင်းပေသည်။
သို့မဟုတ်ပါက ချန်ကျားယန်က နောက်ပိုင်း၌ “တစ်ကိုယ်တည်း” ဖြစ်နေပေတော့မည်။ မည်မျှပင် ဆိုးရွားလိုက်သနည်း။
ချန်ကျားယန်နှင့် ရှုကျစ်ဝမ်သာ တွေ့ ခဲ့လျှင် စုန့်စစ်ယွီ ခေါင်းကိုက်သွားမည်လားဆိုသည်ကိုမူ လင်းရန် မသိတော့ပေ။
ထိုအချိန်တွင် မြို့ပေါ်၌ ရှိနေသည့် စုန့်စစ်ယွီမှာ အမှန်တကယ်ပင် ခေါင်းကိုက်(စိတ်ရှုပ်)နေခဲ့သည်။
သူမနှင့် ရှုကျစ်ဝမ်တို့သည်ကား ဤကာလအတွင်း၌ ကောင်းမွန်သည့် တိုးတက်မှုများ ရှိခဲ့သည်။
သူမ၏ ကြိုးစားအားထုတ်မှုများကြောင့် ရှုကျစ်ဝမ်သည်လည်း လင်းရန်ကို လုံးလုံးလျားလျားပင်
စွန့်လွှတ်ခဲ့ပြီး သူမနှင့်သာ ချစ်ခြင်းမေတ္တာများ ပြည့်နှက်ကာ ချိုမြိန်နေခဲ့သည်။
စုန့်စစ်ယွီ ယခင်က တွေးထားခဲ့သကဲ့သို့ပင် ရှုကျစ်၀မ်မှ လင်းရန်ကို မည်မျှပင် သဘောကျသည်ဖြစ်စေ တခြားအမျိုးသမီးတစ်ဦး
သူ၏ အနားသို့ရောက်လာသည်နှင့်တစ်ပြိုင်နက် လင်းရန်အား မေ့သွားခဲ့ပေသည်။
ယခု ရှုကျစ်၀မ်သည် က
သူမ၏အမိန့်ကိုသာ နာခံတတ်သည့် လိမ္မာသည့် ခွေးလေးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ရှုကျစ်၀မ်နှင့် ဆက်ဆံရေးမှာ ကောင်းမွန်သည့် တိုးတက်မှုများရှိခဲ့သော်လည်း ရှုမိသားစုနှင့် ဆက်ဆံရေးမှာမူ စုန့်စစ်ယွီ ထင်ထားသည်လောက် ချောမွေ့ခြင်း မရှိခဲ့ပေ။
ဥပမာအားဖြင့် ရှုကျစ်ဝမ်သည် ယမန်နေ့က သူမအား ယနေ့ သူ၏မိဘများနှင့် တွေ့ပေးရန်
အိမ်ခေါ်သွားမည်ဟု သဘောတူခဲ့သော်လည်း ယနေ့မနက်စောစော သွားသည့်အခါ သူ၏မိဘများမှာ ဤနှစ်ရက်အတွင်း အလုပ်များနေသည့်အတွက် သူမအား လက်ခံတွေ့ဆုံနိုင်မည် မဟုတ်ကြောင်းနှင့် သူမအား နောက် နှစ်ရက်နေမှသာ ထပ်၍ လာခဲ့ရန် ပြောလိုက်သည်ဟု ရှုကျစ်၀မ်က ပြောပြခဲ့လေသည်။
ဒါရိုက်တာရှုသည်ကား ယခု စက်ရုံ၌သာ ရှိနေသည့်အတွက် ညစာအတွက် အိမ်မပြန်နိုင်ရန် အကြောင်းမရှိပေ။
ထို့ကြောင့် စုန့်စစ်ယွီသည် ရှုကျစ်၀မ်၏ စကားများထဲမှ “နှစ်ရက်နေမှ ပြန်လာရန်” ဟူသည့် စကားလုံးမှတဆင့် ရှုမိသားစုသည်ကား သူမအား ကြိုဆိုလက်ခံခြင်းမရှိသည်ကို သဘောပေါက်လိုက်သည်။
သူမ စိတ်ထဲ၌ မပျော်ရွှင်သော်လည်း
စဉ်းစားကြည့်လျှင် ရှုမိသားစုအား နားလည်ပေးနိုင်သည်။
ယခင်က လင်းရန်အတွက်ကြောင့် ရှုမိသားစုအပေါ် မကောင်းသည့် ဖြစ်ရပ်များကို အလွန်နက်ရှိုင်းစွာ ဖြစ်စေခဲ့သည့်အတွက် ရှုမိသားစုက သူတို့မိသားစုအား အပြင်းအထန် မကျေမနပ်ဖြစ်နေမည်မှာ သေချာပေသည်။
ထိုအခြေအနေသည်ကား တစ်လကျော်ဟူသည့် အချိန်အတိုင်းအတာဖြင့် ပြောင်းလဲသွားရန် မလွယ်ကူပေ။
ထိုသို့တွေးမိသည့်အခါ စုန့်စစ်ယွီသည်ကား လင်းရန်အား ကပ်ဆိုးတစ်ခုအဖြစ် မြင်လာကာ စိတ်ထဲ၌
အပြင်းအထန် ဆူပူကျိန်ဆဲပြီးနောက် အခြေအနေကို ကြည့်ကာ အနည်းငယ် ငြိမ်သက်ပေးနေခဲ့သည်။
သို့သော် သူမအနေဖြင့် ဤအတိုင်း ငြိမ်နေ၍ မရပေ။ ရှုကျစ်ဝမ်နှင့် ဤကဲ့သို့ ဆက်ဆံရေးကို စတင်ရသည့် သူမ၏ အဓိက ရည်ရွယ်ချက်မှာ
ဒါရိုက်တာ ရှု၏ စိတ်ကျေနပ်မှုကို ရရှိရန်နှင့် သူမအား အလုပ်တစ်ခုစီစဉ်ပေးစေရန်ပင် ဖြစ်သည်။
ဒါရိုက်တာရှု၏ သူမအပေါ်၌
ထားရှိသည့် မလိုမုန်းထားမှုများကို မဖြေဖျောက်နိုင်ပါက သူမနှင့် ရှုကျစ်ဝမ်တို့ကြားမှ ဆက်ဆံရေး မည်မျှပင် ကောင်းနေသည်ဖြစ်စေ အရေးမပါနိုင်တော့ပေ။
ထို့ကြောင့်စုန့်စစ်ယွီသည်ကား ထိုကိစ္စနှင့် ပတ်သက်၍ ခေါင်းကိုက်နေခဲ့သည်။
ထိုအချိန်က သူမအနေဖြင့် ရှုကျစ်ဝမ်နှင့် အပြင်၌ စားသောက်ပြီးကာစသာ ရှိသေးသည်။
ရှုကျစ်၀မ်က ယနေ့တွင် သူ၏မိဘများနှင့် တွေ့ပေးရန် အဆင်မပြေဟု စုန့်စစ်ယွီအား ပြောပြပြီးသည့်နောက်၌ ရှုကျစ်၀မ်ကိုယ်တိုင်လည်း စိတ်ထဲ၌ သူ၏မိဘများမှာ စုန့်စစ်ယွီကို အလေးမထား ဟု
တွေးကာ စိတ်မသက်မသာ ခံစားခဲ့ရသည်။
“စစ်ယွီ ဒီကိစ္စနဲ့ပတ်သက်ပြီး
စိတ်မဆိုးပါနဲ့နော်၊ ကိုယ့်အဖေက တကယ်ကို လုပ်စရာကိစ္စတချို့ ရှိနေလို့ပါ၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊
ကိုယ် သူတို့ရဲ့ မင်းအပေါ်ထားတဲ့ အမြင်ကို ပြောင်းလဲပြီး မင်းကို မြန်မြန်လက်ခံနိုင်အောင် ကြိုးစားပြီးရှင်းပြပေးပါ့မယ်”
သူသည်ကား ယခင်က စုန့်စစ်ယွီကို
အနည်းငယ်ခန့် မကြိုက်ခဲ့သော်လည်း ဤကာလအတွင်း အတူတူနေပြီးသည့်နောက်၌ စုန့်စစ်ယွီသည်က အလွန်ကောင်းမွန်သည့် မိန်းကလေးဖြစ်ကြောင်း ရှုကျစ်၀မ် သဘောပေါက်သွားခဲ့သည်။
သူမသည်ကား ရုပ်ရည်ချောမောလှပသည်သာမက နူးညံ့သိမ်မွေ့သည်။ အရေးအကြီးဆုံးမှာ
သူမက သူ့အပေါ်၌လည်း အလွန်ကောင်းသည်။
ဤကဲ့သို့သော မိန်းကလေးမျိုးသည် ယခင်က ငွေများစွာသုံးပြီး ပစ္စည်းဝယ်တတ်သည့် လင်းရန်ထက် အဆပေါင်းများစွာ ပို၍ သာသည်ဟု သူထင်မိသည်။
ထို့အပြင် စုန့်စစ်ယွီသည် နေ့စဥ်နေ့တိုင်း သူမ၏အိမ်မှ မြို့လယ်ခေါင်သို့ လာကာ သူ အလုပ်ဆင်းသည့်အချိန်ကို စောင့်နေပေးသည်။
သူမက အလွန် လှပစွာ ဝတ်စားဆင်ယင်ထားခဲ့ကာ သူ၏လုပ်ဖော်ကိုင်ဖက်များရှေ့၌ သူ့အား ဂုဏ်ယူရစေခဲ့သည်။
ဤအခြေအနေအတိုင်းဆိုလျှင်
စုန့်စစ်ယွီအား လက်ထပ်သည်မှာ
ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်နိုင်သည်ဟု ရှုကျစ်၀မ် ခံစားမိသည်။
သို့သော် အရေးကြီးဆုံးမှာ သူ၏မိဘများအနေဖြင့် စုန့်စစ်ယွီအား လက်ခံလာစေရန် ဖြစ်သည်။
စုန့်စစ်ယွီ သတိပြန်ဝင်လာကာ ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် ဖိအားပေး၍ပြုံးပြလိုက်သည်။
“ရပါတယ်၊ ကျွန်မ မလောပါဘူး၊ ဦးလေးနဲ့ အဒေါ်တို့ကလည်း အရင်က လင်းရန်ကိစ္စကြောင့် ကျွန်မတို့မိသားစုကို အထင်အမြင်လွဲနေမှာပဲ၊
ကျွန်မတို့မိသားစုအပေါ် သူတို့ရဲ့ အမြင်ကို ပြောင်းလဲဖို့ ကြိုးစားပါ့မယ်”
စုန့်စစ်ယွီမှ ဤမျှ ဆင်ခြင်တုံတရားရှိသည်ကို မြင်ရသည့်အခါ ရှုကျစ်ဝမ် ပို၍ စိတ်လှုပ်ရှားသွားရပြန်သည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူတို့အား မည်သူမှ အာရုံမစိုက်သည်ကို တွေ့သည်အခါ
စုန့်စစ်ယွီ၏ လက်ကို ကိုင်ကာ ဆက်၍ ပြောလိုက်သည်။
“စစ်ယွီ၊ မင်းသာ ဒီလောက် သိတတ်လိမ္မာမှုရှိမှန်းကို ငါ့ရဲ့မိဘတွေသာသိရင် သူတို့ မင်းကို မြန်မြန် လက်ခံမှာ သေချာတယ်၊ သူတို့ မင်းကို လက်မခံဘူးဆိုရင်တောင် ကိုယ် မင်းနဲ့ သေချာပေါက် မခွဲဘူးနော်”
စုန့်စစ်ယွီမှာ ရှုကျစ်၀မ်၏ လက်ကို ရုန်းကန်လွှတ်ပစ်ချင်သည့်ဆန္ဒကို ထိန်းချုပ်လိုက်ကာ ရှက်ရွံ့ဟန်ဆောင်ပြီး ရှုကျစ်၀မ်အား ပြောလိုက်သည်။
-“ကျစ်ဝမ်၊ ရှင်ပြောတဲ့စကားတွေကြောင့် ကျွန်မ စိတ်အေးရပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ အခု အရင်စားကြရအောင်လေ၊ ဒီမှာက လူတွေ အရမ်းများတယ်။”
ရှုကျစ်ဝမ်သည် စုန့်စစ်ယွီ၏ လက်အား ဆက်၍ ကိုင်ထားချင်ခဲ့သော်လည်း စုန့်စစ်ယွီမှ
ထိုသို့ပြောလိုက်သည့်အခါ သူ၏
လုပ်ဖော်ကိုင်ဖက်များ မြင်သွားမည်ကို စိုးရိမ်သွားခဲ့ပြီး သူ၏လက်ကို မတတ်သာဘဲ ပြန်၍ ရုပ်သိမ်းလိုက်ရသည်။
စုန့်စစ်ယွီအတွက်တော့ ရှုကျစ်၀မ်၏ အကြည့်များအား မြင်ရသည့်အခါ သူမ၏နှလုံးသားထဲမှ ရွံရှာမှုက ရုတ်တရက် ပို၍ တိုးလာသည်။
အကယ်၍ သူမသာ ဒါရိုက်တာ ရှုအပေါ် မှီခိုရန် မလိုအပ်ပါက ရှုကျစ်ဝမ်အား မျက်နှာချင်းဆိုင်ပင် အော်ဟစ်ဆူပူလိုက်ချင်တော့သည်။