အခန်း (၁၂၈)
Vol. 13 Ch. 128
လီရှိ့လီမှာ သူမ၏ လက်ရှိအခြေအနေကို နားလည်သည်ဖြစ်၍ စုန့်စစ်ယွီ ပြောသည်ကို ကြားသည့်အခါ ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။
“စစ်ယွီ၊ ဒါက နင်မြင်သလို မဟုတ်ဘူးနော်၊သူနဲ့ငါက ဘာမှမဆိုင်ဘူး!”
စုန့်စစ်ယွီ မယုံသေးသည်ကို လီရှိ့လီ မြင်သည့်အခါ သူမက အဖြစ်အပျက်တစ်ခုလုံးကို ပြောပြလိုက်ရတော့သည်။
“သူက လင်းရန်ရဲ့ ဖခင်အရင်းပဲ၊ငါသူ့ကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကွာရှင်းခဲ့တာ၊ ငါသာ တကယ်ပြန်ချိန်းတွေ့ချင်နေခဲ့ရင် အခုချိန်ထိ စောင့်နေပါ့မလား!”
ဘာလါ?
သူမ၏ ရှေ့မှ အမျိုးသားက လင်းရန်၏ဖခင်ဖြစ်နေသည်လား။
ထိုစကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် စုန့်စစ်ယွီမှာ ထိတ်လန့်သွားကာ လင်းကျန်းအန်းကို အံ့သြစွာ ကြည့်မိလိုက်သည်။
မတိုင်ခင်က သူမ သတိမထားမိခဲ့သော်လည်းယခု လီရှိ့လီ ပြောသည်ကို ကြားပြီးသည့်နောက်၌ ထိုအမျိုးသားမှာ လင်းရန်နှင့် အနည်းငယ်ဆင်တူနေသည်ကို သတိပြုမိကာ အံ့အားသင့်သွားသည်။
ဒါပေမယ့် လင်းရန်ရဲ့အဖေက မြို့ထဲမှာ ဘာလာလုပ်တာလဲ?
စုန့်စစ်ယွီသည်ကား လင်းရန်၏ ကိစ္စများနှင့် ပတ်သက်လျှင် မသိစိတ်မှ တင်းမာလာပြီး ပို၍ သတိထားတတ်လာသည်။
“သူက ဒီမှာ ဘာလုပ်နေတာလဲ ပြီးတော့ ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ”
စုန့်စစ်ယွီ မေးမိသွားသည်။
လီရှိ့လီမှာ စုန့်စစ်ယွီ၏ မေးခွန်းကို မည်သို့ဖြေရမည်မှန်း မသိသေးပေ။ ထို့ကြောင့် သူမလည်း စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
“ငါလည်း မသိဘူး၊ ငါဈေးဝယ်ပြီး ပြန်လာတုန်းက သူ့ကို တွေ့လိုက်တာ၊ နင်မယုံရင် သူ့ကို မေးကြည့်!”
လီရှိ့လီမှာ သူမ၏လင်ပါသမီး စုန့်စစ်ယွီရှေ့၌ နိမ့်ကျစွာ ပြောဆိုနေရသည့်ပုံစံကို လင်းကျန်းအန်း မြင်သည့်အခါ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
ဒါက လီရှိ့လီ မြို့ထဲမှာ နေချင်တဲ့ ပုံစံလား၊ ကိုယ့်ထက် အသက်ငယ်တဲ့ လူတစ်ယောက်ရဲ့ ဒီလိုဆက်ဆံတာ ခံရတာတောင်မှ သူမက မျက်နှာပြောင်တိုက်ပြီး တောင်းပန်နေရတယ်။
ကိုယ့်သိက္ခာကိုတောင် ဂရုမစိုက်တော့ဘူးလား။
လင်းကျန်းအန်းမှ ထိုကဲ့သို့ကြည့်နေသည်ကို လီရှိ့လီ မြင်သည့်အခါ၌ သူမထံတွင် နှစ်ပေါင်းများစွာပင် မဖြစ်ပေါ်ခဲ့သည့် ရှက်ရွံ့သည့်စိတ်ပေါ်လာရသည်။
သူမက မျက်နှာကို အလျင်အမြန် လွှဲလိုက်သည်။ လင်းကျန်းအန်း၏ သူမအပေါ် သနားကရုဏာသက်သည့် အကြည့်ကို ထပ်၍ မကြည့်ဝံ့တော့ပေ။
“စစ်ယွီ၊ နင့်အဖေ ညနေစာစားဖို့ ပြန်လာမှာမို့ ငါအရင် သွားချက်လိုက်ဦးမယ်၊ နင်မေးစရာရှိရင် သူတို့ကိုသာ မေးလိုက်တော့!”
ထိုသို့ပြောပြီး လီရှိ့လီသည် သူမ၏ပစ္စည်းများကို သယ်ကာ ပြေးထွက်သွားတော့သည်။
စုန့်စစ်ယွီ၊ လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ကျန်ရစ်ခဲ့ကြလေသည်။
သို့သော် စုန့်စစ်ယွီမှာ လင်းကျန်းအန်းတို့အား မည်သည်များကို မေးရမည်မှန်း မသိပေ။ လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့ကလည်း သူမအား မေးမြန်းရန် အခွင့်အရေးမပေးခဲ့ပေ။
စုန့်စစ်ယွီ အံ့အားသင့်ကာ စိတ်ရှုပ်ထွေးနေစဥ်မှာပင် သူတို့နှစ်ယောက်လည်း လှည့်ထွက်သွားကြသည်။
စုန့်စစ်ယွီမှာ သူတို့နှစ်ဦး ထွက်သွားသည်ကိုသာ ကြည့်နေမိတော့သည်။ သို့သော် မည်သည့်အကြောင်းရင်းမျှ မရှိဘဲ စိုးရိမ်စိတ်များ ၀င်လာကာ စဉ်းစားကြည့်လိုက်သည်။
လင်းရန်၏ဖခင် ဤအချိန်၌ ပေါ်လာသည်မှာ မတော်တဆ မဖြစ်နိုင်ပေ။
လင်းကျန်းအန်းသည်က သူမ၏ အစီအစဉ်ကို တားဆီးရန်နှင့် သူမအား ရှုကျစ်ဝမ်နှင့် မပေါင်းစည်းနိုင်စေရန် ပြုလုပ်လိုသည့်အတွက် သီးသန့်ပြန်လာသည်များလား။
နောက်ဆုံးတစ်ခေါက် ကျေးလက်မှ ပြန်လာပြီးနောက် သူမအဖေ၏ ပြောပြချက်အရဆိုလျှင် လင်းရန်၏ဖခင်သည် အမှန်တကယ်ပင် လင်းရန်အပေါ် ကောင်းသည်။
လင်းမိသားစုကပင် လင်းရန်အပေါ် အရေးတယူ ဆက်ဆံကြသည်။
ဤသို့ဆိုလျှင် လင်းကျန်းအန်းသည်သူ၏သမီးကို အမှန်တကယ်ပင် သနားနေကာ ယခု မြို့သို့ လာပြီး သူ၏သမီးအတွက် နေရာရှာပေးရန် ဖြစ်နိုင်ချေများသည်။
စုန့်စစ်ယွီမှာ စဉ်းစားကြည့်လေလေ၊ သူမ၏ ခန့်မှန်းချက်များမှာ ပို၍ မှန်လေလေဟု ခံစားရသည်။
ထို့နောက် ရုတ်တရက် တစ်ခုခု လွဲနေသည်ဟု ခံစားလိုက်ရပြန်သည်။
သူမနှင့် ရှုကျစ်ဝမ်ကြားမှ ဆက်ဆံရေးက တိုးတက်ပြီး အဆင်ပြေနေသည်။ သူမ၏ အစီအစဉ်အား မည်သူ့ကိုမှ ဖျက်ဆီးခွင့်မပြုနိုင်ပေ။
ထိုအတွေးကို စွဲကိုင်ကာ စုန့်စစ်ယွီသည် နေ့လယ်၌ စုန့်ဝေ့အား ထိုကိစ္စကို ပြောပြခဲ့သည်။
သူတို့နှစ်ဦးသည်က စာကြည့်တိုက်၌ အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြချေသည်။
စုန့်ဝေ့မှာ လင်းကျန်းအန်း မြို့သို့ရောက်လာသည်ကို သိရသည့်အခါ ထိတ်လန့်သွားရသည်။ သူသည်ကား စုန့်စစ်ယွီ လူမှားနေမည်ကို စိုးရိမ်ကာ လီရှိလီအားခေါ်ပြီး ထပ်၍ မေးမြန်းပြန်သည်။
သို့သော် အဖြေမှာ လင်းကျန်းအန်းက အမှန်တကယ်ပင် ဤမြို့၌ ရှိနေခြင်းပင် ဖြစ်သည်။ စုန့်ဝေ့တစ်ယောက် ထိုကိစ္စ၏လေးနက်မှုကို နားလည်သွားရသည်။
သူနှင့် သူ၏သမီး စုန့်စစ်ယွီ တို့မှာ အတွေးချင်းတူညီကြသည်။
လင်းကျန်းအန်းသည်က မြို့သို့ အကြောင်းမဲ့ လာမည် မဟုတ်ပေ။ လင်းရန်ကြောင့် ဖြစ်နိုင်ချေများသည်။
“လင်းကျန်းအန်းက သမီးနဲ့ ရှုကျစ်ဝမ်အကြောင်းကို အဖေတို့ မသိခင်ကတည်းက သိနေတာ ဖြစ်နိုင်တယ်၊သမီးအနေနဲ့ ဒီရက်ပိုင်းမှာ လင်းကျန်းအန်း ပြဿနာရှာမှာကို တားနိုင်ဖို့ ရှုကျစ်ဝမ်ကို အနီးကပ် စောင့်ကြည့်ရမယ်”
စုန့်စစ်ယွီက မျက်မှောင်ကြုတ်ကာ ခိုင်မာသည့် မျက်လုံးများနှင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အဖေ၊ သမီး ဒီရက်ပိုင်း သတိထားလိုက်ပါ့မယ်”
နှစ်ယောက်သား ထိုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးသဘောတူပြီးသည့်နောက်၌ စုန့်စစ်ယွီမှာ လီရှိ့လီ အကြောင်းကို မပြောဘဲ မနေနိုင်တော့ပေ။
“အဖေ၊ အဖေက လီရှို့လီ ကို အိမ်မှာ ဆက်ပြီး ထောက်ပံ့ဖို့ စီစဉ်ထားသေးတာလား”
စုန့်ဝေ့ အံ့သြသွားသည်။
စုန့်စစ်ယွီသည်က ဤကဲ့သို့ ရုတ်တရက်ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
“ဘာဖြစ်လို့လဲ “
“အခု ကျွန်မလည်း အရွယ်ရောက်လာပြီဆိုတော့ လီရှို့လီအနေနဲ့ အိမ်မှာ အရေးကြီးတဲ့ လုပ်စရာတွေ ဘာမှမရှိတော့ဘူးလို့ ခံစားရလို့လေ၊ သူ ဒီအိမ်မှာ ရှိနေတာ သိပ်အဓိပ္ပာယ်မရှိတော့ဘူး ထင်တယ်၊ အဖေ သူမကို ကွာရှင်းလိုက်တာ မကောင်းဘူးလား”
သူ၏သမီး စုန့်စစ်ယွီမှာ လီရှို့လီအား တစ်ခါမျှ သဘောမကျခဲ့သည်ကို စုန့်ဝေ့ သိသည်။ သို့သော် သူ၏သမီးက သူနှင့်လီရှို့လီအား ကွာရှင်းရန် ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည်ကား လီရှို့လီအား အနည်းငယ်မကြိုက်သော်လည်း လုံးလုံးလျားလျားပင် ခံစားချက်မရှိ ဟု ပြော၍ မရပေ။
အဘယ်ကြောင့်ဆိုသော် ခွေးလေးတစ်ကောင် မွေးထားလျှင်ပင် ဆယ်နှစ်ကျော် ကြာပြီးသည့်အချိန်၌ ခွေးလေးအပေါ်သံယောဇဉ် ခံစားချက်များ ဖြစ်ပေါ်လာသည် မဟုတ်ပါလား။
ထို့အပြင် လီရှိ့လီသာ ထွက်သွားလျှင် မိသားစုကိစ္စများကို မည်သူက ဂရုစိုက်မည်နည်း။
ထိုအကြောင်းကို စဉ်းစားပြီးနောက်စုန့်ဝေ့တစ်ယောက် လီရှို့လီ ထွက်သွားမည်ကို အမှန်တကယ်ပင် ဆန္ဒမရှိသကဲ့သို့ ခံစားရသည်။
သို့သော် သူ၏စိတ်ထဲ၌ အရေးအကြီးဆုံးမှာ သူ၏သမီးသာ ဖြစ်ပေသည်။ ထို့ကြောင့် စုန့်ဝေ့ ခဏတာမျှ တွေဝေသွားပြီးသည့်နောက်၌ ပြောလိုက်သည်။
“ဒီကိစ္စကို အဖေစဉ်းစားလိုက်ပါ့မယ်၊ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်သေးဘူး၊ ဒီအချိန်မှာ အဖေတို့မိသားစုက တခြားဘာကိစ္စမှ ဖြစ်လို့မရဘူး၊
မဟုတ်ရင် အဖေတို့ နှစ်ယောက်စလုံးအတွက် မကောင်းဘူး၊ ဒါကြောင့် ဒီကိစ္စအတွက်ကတော့ စောင့်ကြသေးတာပေါ့”
သူမ၏အဖေ စိတ်လျှော့သွားသည်ကိုသိလိုက်ရပြီးသည့်နောက်၌ စုန့်စစ်ယွီသည်လည်စ အောက်ထပ်သို့ ဆင်းသွားသည်။
သို့သော် သူမ အောက်ထပ်မဆင်းမီ၌ ရှုကျစ်ဝမ်မှ သူမတို့၏မိသားစုကို ညစာစားရန် စားသောက်ဆိုင်သို့ ဖိတ်ထားကြောင်းကို စုန့်ဝေ့အား သတိပေးရန် မမေ့ခဲ့ပါချေ။
စုန့်ဝေ့လည်း ထိုကိစ္စကို မမေ့ပေ။
အထူးသဖြင့် လင်းကျန်းအန်းက ဤအနီးအနား၌ ရှိနေသည်ကို သူ သိပြီးသည့်နောက်၌ ညဘက် ရှုမိသားစုနှင့် တွေ့သည့်အခါ ပို၍ သတိထားရန် ဆုံးဖြတ်လိုက်သည်။
လင်းကျန်းအန်းနှင့်စုန့်ရှီးယန်တို့ဘက်တွင်တော့ သူတို့အနေနှင့် ဤမြို့သို့ရောက်ရှိလာခြင်းကြောင့် စုန့်ဝေ့နှင့်စုန့်စစ်ယွီတို့အား နောက်ဆံတင်းစေလိမ့်မည်ဟု လုံးလုံးလျားလျားပင် မထင်ထားခဲ့ကြပေ။
လင်းကျန်းအန်းတို့နှစ်ဦးက စက်မှုမိသားစုခြံဝင်းလမ်းမှ ထွက်သွားပြီးသည့်နောက်၌ တခြားနေရာများသို့ သွားကာ ဈေးဝယ်ထွက်ခဲ့ကြသည်။
လင်းကျန်းအန်းက ယနေ့မနက်ပိုင်းက ဆေးရုံမှရခဲ့သည့် ငွေများကိုသုံးကာ သူ၏မိသားစုအတွက် လက်ဆောင်ပစ္စည်းအချို့ ဝယ်ယူခဲ့သည်။
စုန့်ရှီးယန်သည်လည်း လင်းကျန်းအန်းနှင့်အတူ အဖော်ပြု၍ လိုက်ပေးနေခဲ့လေ၏။
စုန့်ရှီးယန်သည်ကား လင်းရန်အတွက် ပစ္စည်းများကို ၀ယ်လိုသော်လည်း သူ၏အဒေါ် ပို့ပေးသည့် ပစ္စည်းများက ဤနေရာတွင် ရောင်းချနေသည့် ပစ္စည်းများထက် ပို၍ ကောင်းသည်ကို စဉ်းစားမိသည့်အတွက် ၀ယ်ယူရန် လက်လျှော့လိုက်လေသည်။
ထို့အပြင် လင်းကျန်းအန်း၏ ရှေ့၌ ထိုပစ္စည်းများကို ၀ယ်ယူရန်လည်း အဆင်မပြေပေ။
အကယ်၍ သူသာ လင်းရန်အတွက် ပစ္စည်းများ၀ယ်နေသည်ကို လင်းကျန်းအန်း တွေ့၍ မေးလာခဲ့လျှင်လည်း မည်သို့ရှင်းပြရမည်မှန်းကိုသူမသိပါချေ။
ထို့ကြောင့် နောက်ဆုံး၌ စုန့်ရှီးယန်တစ်ယောက် လင်းရန်ကို သူပေးခဲ့သည့် ခရင်မ်နှင့် ဆံထိုးကဲ့သို့သောပစ္စည်းများအား လင်းကျန်းအန်းမှ လင်းရန်အတွက် ဝယ်ယူနေသည်ကိုသာ ကြည့်နေနိုင်တော့သည်။
လင်းရန်ထံတွင် ထိုပစ္စည်းများ ရှိပြီးသားဖြစ်ကြောင်းကို လင်းကျန်းအန်းအား ပြောပြချင်သော်လည်း သူ မပြောရဲပါချေ။
နှစ်ယောက်သား ဈေးဝယ်ပြီးသည့်နောက်၌ ဧည့်ဂေဟာသို့ ပြန်သွားခဲ့ကြပြီး နေ့လယ်ပိုင်း၌ အနားယူခဲ့ကြသည်။
သူတို့က ညနေဘက်တွင် အနီးအနားမှ နိုင်ငံပိုင် စားသောက်ဆိုင်တွင် ညစာစားပြီး ကောင်းစွာအနားယူကာ မနက်ဖြန် မနက်စောစော၌ ဒေါက်တာတုန်အား စောင့်ဆိုင်းပြီးတွေ့ရန် ဆုံးဖြတ်လိုက်ကြသည်။
သို့သော် သူတို့သည်ကား မနက်ပိုင်းက လီရှို့လီနှင့် စုန့်စစ်ယွီတို့အား အကြောင်းမဲ့ တွေ့ခဲ့ရပြီး ယခု ညနေပိုင်းတွင် ထမင်းလာစားသည့်အခိုက်တွင်လည်း ကံဆိုးစွာဖြင့် ထိုနှစ်ဦးနှင့် ထပ်၍တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူတို့ စားသောက်ဆိုင်သို့ ရောက်သွားသည့်အချိန်၌ စုန့်စစ်ယွီနှင့် စုန့်ဝေ့တို့ မရောက်သေးပေ။
လင်းကျန်းအန်းနှင့် စုန့်ရှီးယန်တို့ ပထမဆုံး မြင်လိုက်ရသည့်သူမှာ မနေ့ညက သူတို့အား နေရာဖယ်ပေးရန် တောင်းဆိုခဲ့သည့် ရှုကျစ်၀မ်ကိုပင်ဖြစ်သည်။
ခြေတံများရှည်လျှားပြီး အရပ်ရှည်သည့် သူတို့နှစ်ယောက် တံခါးဝ၌ ပေါ်လာသည့်အခိုက်အတန့်မှာပင် ထိုင်ခုံ၌ ထိုင်ပြီးသားဖြစ်နေသည့် ရှုကျစ်ဝမ်ကလည်း သူတို့နှစ်ယောက်အား မြင်လိုက်ရလေ၏။
ရှုကျစ်၀မ်၏ မျက်လုံးထဲ၌ စိတ်ဆိုးသည့် အရိပ်အယောင်တချို့က ခဏတာမျှ ဖြတ်သန်းသွားခဲ့သည်။
ယနေ့ည ညစာလာစားသည့်အခါ၌
ထိုနှစ်ယောက်နှင့် တိုက်ဆိုင်စွာ ထပ်၍ တွေ့ရလိမ့်မည်ဟု ရှုကျစ်၀မ် မထင်ထားခဲ့ပေ။
သို့သော် ယနေ့ ညစာအတွက် စုန့်မိသားစုအား ဖိတ်ထားသည်ဖြစ်၍ ထိုနှစ်ယောက်နှင့် မငြင်းခုံတော့ဟု ရှုကျစ်၀မ် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ရှုကျစ်ဝမ်က လင်းကျန်းအန်းတို့အား မမြင်ချင်ယောင်ဆောင်ကာ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်လေသည်။
သူတို့နှစ်ယောက်သည်လည်း ရှုကျစ်၀မ်၏အနားသို့ ကပ်မသွားခဲ့ပေ။ သူတို့က ဟင်းနှစ်ပွဲ မှာကာ ဘေးစားပွဲသို့သွား၍ ထိုင်လိုက်ကြသည်။
လင်းကျန်းအန်းတို့နှစ်ဦးက ဦးနှောက်တွင်ပြဿနာရှိသည့် လူငယ်တစ်ယောက်နှင့် မတော်တဆ တွေ့ခဲ့ကြသည်ဟုသာ တွေးခဲ့ကြသည်။
သို့သော် မကြာမီမှာပင် တံခါးဝ၌ ပေါ်လာသည့် စုန့်စစ်ယွီတို့ မိသားစုသုံးဦးထံသို့ ရှုကျစ်ဝမ် လျှောက်သွားလိုက်သည်ကို လင်းကျန်းအန်းတို့နှစ်ဦး မမျှော်လင့်ဘဲ မြင်လိုက်ကြရလေသည်။
သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကာ မျက်ခုံးပင့်မိသွားကြသည်။
ရှုကျစ်ဝမ်က စုန့်စစ်ယွီကို မြင်သည်နှင့်တစ်ပြိုင်နက် မည်သည်ကိုမှ ဂရုမစိုက်တော့ဘဲ ပြုံးရွှင်စွာဖြင့် အလျင်အမြန်ပင် အရှေ့သို့တိုးသွားခဲ့လေ၏။
“စစ်ယွီ၊ ကိုယ် ဒီဘက်မှာ!”
စုန့်စစ်ယွီကလည်း ပြုံးပြလိုက်ပြီးသည့်အနောက်၌ ပါလာသည့် စုန့်ဝေ့နှင့် လီရှိ့လီတို့အား ခေါ်ကာ ရှုကျစ်ဝမ်ထံသို့ လျှောက်သွားလိုက်သည်။
ဆိုရလျှင် လီရှို့လီကတော့ အနောက်ဆုံးမှ နေ၍ တွန့်ဆုတ်စွာဖြင့် လိုက်လာခဲ့ရခြင်းသာ ဖြစ်ပေ၏။