အခန်း (၁၃၁)
Vol. 14 Ch. 131
လင်းရန်နှင့် ပတ်သက်သည့်အကြောင်းများတွင် တခြားထူးခြားသည့်သတင်း မရှိတော့သည်ကို
ကြားသည့်အချိန်၌ ရှုကတော်က စိတ်မဝင်စားတော့ပေ။
သူမက ဤမျှပမာဏထက်ပို၍ တခြားသော အသေးစိတ် အချက်အလက်များ ကြားရလိမ့်မည်ဟုထင်မှတ်ထားခဲ့သည်။
လင်းကျန်းအန်းကတော့ စုန့်ဝေ့၏ ဝိုးတိုးဝါးတား စကားများကို အနည်းငယ်မျှပင် မကျေနပ်ပေ။
“စုန့်ဝေ့၊ ခင်ဗျား အဲဒီတုန်းက ဒေါသထွက်လို့ပြောတာပဲဖြစ်ဖြစ်၊ တကယ်စိတ်ရင်းအတိုင်း ပြောတာပဲဖြစ်ဖြစ်
ကျွန်တော် ဂရုမစိုက်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ လင်းမိသားစုရဲ့ ရန်ရန်နဲ့ ခင်ဗျားတို့ကြားမှာ ဘာဆက်ဆံရေးမှ မရှိတော့ဘူး၊
နောက်ပိုင်းကျရင် ခင်ဗျားတို့မိသားစု ရဲ့ အရေးကိစ္စတွေမှာလည်း ရန်ရန်အနေနဲ့ ပါဝင်ပတ်သက်တော့မှာ မဟုတ်ဘူး”
“အထူးသဖြင့် ရန်ရန်ရဲ့ လက်ထပ်ပွဲကိစ္စအတွက်ဆိုရင် ကျွန်တော်က မျက်စိကောင်းကောင်းဖွင့်ပြီး သူမအတွက် အကောင်းဆုံး လက်တွဲဖော်ကို ရွေးပေးမှာ၊ ခင်ဗျားလိုမျိုး ဘယ်တော့မှ မလုပ်ဘူး”
လင်းကျန်းအန်းက တခြားမည်သည်ကိုမျှ မပြောတော့ဘဲ ရှုကျစ်ဝမ်အား အဓိပ္ပာယ်ပါပါဖြင့် ကြည့်လိုက်လေသည်။
ထိုအကြည့်သည်က ရှုကျစ်ဝမ်အား အလွန်အမင်းပင် ဒေါသထွက်စေခဲ့သည်။
အထူးသဖြင့် စုန့်စစ်ယွီ၏ အရှေ့တွင် ဖြစ်နေသည့်အတွက် ပို၍ ရှက်ရွံ့သွားခဲ့လေသည်။
“ရယ်စရာကောင်းလိုက်တာ၊ ကျွန်တော်သေချာ မှတ်မိသလောက်ဆိုရင်ခင်ဗျားတို့ လင်းမိသားစုက ကျေးလက်မှာ နေနေကြတာမလား၊
ကျွန်တော်တို့နိုင်ငံရဲ့ အဖွဲ့အစည်းက တောင်သူလယ်သမားတွေကို ဆွေမျိုးလိုမျိုး ဆက်ဆံကြဖို့ ပညာပေးထားပေမဲ့ တကယ့်အမှန်တရားက ခင်ဗျားတို့ ကျေးလက်က လူတွေမှာ ပိုက်ဆံမရှိဘူး၊ ပညာမရှိဘူး၊ အရည်အချင်းမရှိဘူး၊ ဒါက လူတိုင်းသိတဲ့ အမှန်တရားပဲ၊
ခင်ဗျားက လင်းရန်အတွက် ကောင်းမွန်တဲ့ လက်တွဲဖော်ကို ရှာပေးမယ်လို့ ပြောတယ်၊ ဘာလဲ၊ အကောင်းဆုံး လယ်အလုပ်လုပ်တတ်တဲ့သူကို ရှာပေးမလို့လား”
“လယ်ယာလုပ်ငန်းကို မထီမဲ့မြင် ပြုတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နောက်ပိုင်းကျရင် ကျွန်တော်က
စစ်ယွီကို တိုက်ကြီးတာကြီးမှာ နေစေပြီး နေ့တိုင်း ထမင်းစားရင် အသားဟင်းနဲ့ စားခိုင်းမယ်၊
စတိုးဆိုင်ကြီးတွေတွေကိုပဲသွားအြီး ပစ္စည်းသွားဝယ်စေမယ်၊ လင်းရန်လည်း အရင်တုန်းက အဲဒီလိုဘဝမျိုးကို ကြိုက်ခဲ့တယ်ဆိုတာ ကျွန်တော် မှတ်မိပါသေးတယ်၊
ဟုတ်သားပဲ၊ အဲဒီလိုနေခဲ့ရတဲ့ ဘ၀ကိုတောင် သူမ သတိရနေမလား မသိဘူး”
ရှုကျစ်ဝမ်က စကားဆုံးသည့်အခါ
သူ့ကိုယ်သူ ဂုဏ်ယူစွာ ပြုံးလိုက်လေသည်။
သူ၏မျက်နှာပေါ်၌ အရည်အချင်းရှိသည့်မြို့ပြမှလူတစ်ယောက် ဟူသည့်
စကားလုံးများကို ရေးထိုးထားသကဲ့သို့ပင်ရှိနေခဲ့သည်။
သို့သော် လင်းကျန်းအန်းမှာမူ ရှုကျစ်၀မ်၏ စကားကို လုံးလုံးလျားလျားပင် ဒေါသမထွက်ပေ။
သူသည်ကား ရှုကျစ်ဝမ်၏ စိတ်ရင်းအမှန်ကို တွေ့ မြင်ပြီးသားဖြစ်သည်။
ယခု ရှုကျစ်၀မ်ကို ကြည့်လေလေ၊ အထင်အမြင်သေးမိလေလေဟု ခံစားရသည်။
လင်းကျန်းအန်း တန်ဖိုးအထားဆုံးသည်ကားလူတစ်ဦး၏ အရည်အချင်းပင်ဖြစ်သည်။
ကြိုးစားရုန်းကန်ရန် သတ္တိရှိပြီး အပြုသဘောဆောင်နေသရွေ့ အစဦးပိုင်းတွင် ဘဝ၌ ခက်ခဲနေလျှင်ပင် နောက်ဆုံး၌ ကံကောင်းခြင်းများ
ရရှိလာမည်မှာ အသေအချာပင် ဖြစ်သည်။
သူက သူ၏သားမက်ဖြစ်လာမည့်သူ၏ ပြင်ပအခြေအနေများကို ဂရုမစိုက်ဟုပြောတော့မည့် ဆဲဆဲတွင်
စုန့်ရှီးယန်၏ အသံမှာ သူ၏ဘေးနားမှဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသည်။
“ဘာလဲ၊ တိုက်ကြီးမှာ နေထိုင်ရပြီး အသားစားရတာက အရမ်းကိုကြီးမြတ်တဲ့ ကိစ္စဖြစ်နေခဲ့တာလား၊ မင်းတို့မိသားစုက လုံးချင်းတိုက်အိမ်လေးတစ်လုံးနဲ့ စီးစရာ ကားလေးရှိရင် အဲ့ဒါကို ကြီးပွားအောင်မြင်တဲ့ဘ၀ကြီးလို့မှတ်လိုက်တာများလား “
ရှုကျစ်ဝမ်၏ အပြုံးမှာ အနည်းငယ်
ရပ်တန့်သွားသည်။
လုံးချင်းတိုက်အိမ်လေးမှာနေပြီး အပြင်ထွက်ရင် ကားစီးမယ်ဟုတ်လား?
စက်ရုံရဲ့ အကြီးဆုံးဒါရိုက်တာတစ်ယောက်တောင်မှ ဒီလိုဘဝမျိုး နေနိုင်တာ မဟုတ်ဘူး။ ပြည်နယ်အဆင့်မြင့် ခေါင်းဆောင်တွေပဲ ဒီလိုဘဝမျိုး နေနိုင်တာလေ။
ဒီလူသာ လင်းကျန်းအန်းလို ကျေးလက်ကလူနဲ့ အတူရှိနေတယ် ဆိုတာကို မသိရင် ဒီလူရဲ့တည်ငြိမ်တဲ့ အမူအရာကြောင့် သူ လှည့်စားခံရလောက်တယ်။
ဒီဆင်းရဲသားက ဘယ်ကနေရောက်လာမှန်း မသိပေမဲ့ စကားလေးနည်းနည်းလောက် ပြောတတ်ရုံနဲ့ အနိုင်ကျင့်လို့ ရတဲ့ပုံစံ လုပ်နေတာပဲ။
ထိုသို့ တွေးလိုက်ကာ ရှုကျစ်ဝမ်က သက်ပြင်းချလိုက်ပြီးသည့်နောက်
သရော်လှောင်ပြောင်သည့်စကားများကို ဆက်ပြောလိုက်လေသည်။
“သေချာတာပေါ့၊ ဘာလဲ မင်းက ငါ့ထက်ရော၊လူအများကြီးထက်ပါ
ပိုကောင်းတယ်ဆိုပြီး ပြောချင်နေတာလား၊
ဒါပေမဲ့ မင်း
စကားတစ်ခွန်း ကြားဖူးမလားမသိဘူး၊ စကားကြီးစကားကျယ် ပြောရင်
အလိမ်ခံရဖို့ ပိုလွယ်တယ်တဲ့၊
မင်း လျှာရှည်ပြီး အဲဒီလိုစကားတွေ မပြောခင် ကိုယ့်အနေအထားကို
အရင်စဉ်းစားတာ ပိုကောင်းလိမ့်မယ်၊
စကားနည်းနည်းလောက် ပြောတတ်တာနဲ့ သူများတွေကို ခြောက်လှန့်လို့ ရတယ် ထင်မနေနဲ့၊ ဘယ်သူမှ မင်းကို ကြောက်နေမှာ မဟုတ်ဘူး၊ရယ်စရာဟာသလို့ပဲ ထင်ကြလိမ့်မယ်”
စုန့်ရှီးယန်မှာ စကားကြီးစကားကျယ် ပြောတတ်သည့် ဆင်းရဲသားဟု သတ်မှတ်ခံရသော်လည်း
အနည်းငယ်မျှပင် ဒေါသမထွက်ပေ။
သူသည်က ရှုကျစ်ဝမ်အား အနည်းငယ်ပြုံးလျက်ကြည့်လိုက်သည်။
“ပြောတာ ကောင်းတယ်၊မင်းအနေနဲ့ ဒီလောက်ထိ ကိုယ့်ကိုကိုယ် သိလိမ့်မယ်လို့ မထင်ထားဘူး”
သူ ဘာကို ဆိုလိုတာလဲ။
ရှုကျစ်ဝမ်၏ အပြုံးမှာ ထပ်မံ၍
ရပ်တန့်သွားခဲ့သည်။
စုန့်ရှီးယန်၏ တည်ငြိမ်သည့်
အမူအရာအရ သူသည်က အမှန်တကယ်ပင် ဂုဏ်သိက္ခာရှိသည့်သူများဖြစ်နေသည်လား။
သူထင်ထားသလို ဆင်းရဲသားတစ်ယောက်သာ မဟုတ်လောက်သည်များလား။
သို့သော်လည်း ပြောရလျှင် လင်းကျန်းအန်း၏ ပတ်ဝန်းကျင်၌ မည်သည့် အကြီးအကဲခေါင်းဆောင်မှ မရှိနိုင်ပေ။
ထိုသို့ သံသယများ အပြည့်ရှိနေဆဲမှာပင် လူတစ်ယောက်၏ ပေါ်ထွက်လာခြင်းကရှုကျစ်ဝမ်အား လုံးလုံးလျားလျားပင် အံ့အားသင့်သွားစေခဲ့သည်ာ
“အိုး? ဒီမှာ ဘာလုပ်နေကြတာလဲ၊လောင်စုန့်၊သူတို့က မင်းရဲ့ အသိအကျွမ်းတွေလား”
တံခါးဝမှ ကျိုးကျယ်ပင်းက စုန့်ရှီးယန်အားအံ့သြသည့်မျက်နှာအမူအရာဖြင့် ကြည့်နေခဲ့သည်။
စုန့်ရှီးယန်ထံတွင် ဤနေရာ၌
မိတ်ဆွေလူရင်းများ ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် ယနေ့ည သူတို့နှစ်ဦးသာ ညစာစားရန် သဘောတူထားခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့် ဤမျှလောက် လူများစွာ ရှိနေရသနည်း။
“ဒေါက်တာကျိုးလား”
ကျိုးကျယ်ပင်းအား ပထမဆုံး
စကားစပြောခဲ့သည့်သူမှာ စုန့်ရှီးယန် မဟုတ်ပေ။
ဒါရိုက်တာရှုသာဖြစ်ချေသည်။
ဒါရိုက်တာရှုသည်ကား ဤနေရာ၌
ပေါ်လာသည့် ကျိုးကျယ်ပင်းအား
အံ့သြသည့်မျက်နှာနှင့် ကြည့်လိုက်ပြီးသည့်နောက်၌ စုန့်ဝေ့အား မသိစိတ်မှတဆင့် ကြည့်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ယခုရောက်နေသည် လူများထဲ၌ သူသိသည့် စုန့် ဆိုသည့်အမည်ပါသည့်သူမှာ စုန့်ဝေ့ နှင့် စုန့်စစ်ယွီသာရှိနေ၍ ဖြစ်သည်။
သို့သော် ကျိုးကျယ်ပင်းက စုန့်စစ်ယွီအား”လောင်စုန့် “ ဟု ခေါ်၍ မရပေ။
ထို့ကြောင့် များစွာစဉ်းစားပြီးသည့်နောက်၌ဒါရိုက်တာရှုမှာ ကျိုးကျယ်ပင်းသည် စုန့်ဝေ့အား “လောင်စုန့်”ဟု ခေါ်ခဲ့ခြင်း ဖြစ်သည်ဟုသာ အလျင်အမြန် တွေးလိုက်သည်။
စုန့်ဝေ့မှ ကျိူကျယ်ပင်းနှင့် သိကျွမ်းပြီး ဤကဲ့သို့ဆက်ဆံရေးရှိလိမ့်မည်ဟု ဒါရိုက်တာရှု မည့်သည့်အခါကမှ မမျှော်လင့်ထားခဲ့ပေ။
ကျိုးကျယ်ပင်းဘက်တွင်တော့ တစ်ဖက်မှ သူ့အား ခေါ်သည်ကို ကြားသည့်အခါ အချိန်အတော်ကြာ တွေးလိုက်ပြီးမှ ဒါရိုက်တာရှုထံမှ ရင်းနှီးသည့် အမူအရာတချို့ကို သတိရသွားခဲ့သည်။
သူ့အား ခေါ်ဆိုမှုတ်ဆက်ခဲ့သည့်သူသည် ယခင်က ဆေးရုံသို့ ရောက်ဖူးသည့်လူနာတစ်ယောက်နှင့် ဖြစ်ဟန်တူသည်။
သို့သော်ဒါရိုက်တာရှု၏ အမည်ကို သူ မေ့နေပြီဖြစ်သည့်အတွက် တတ်နိုင်သမျှ တည်ငြိမ်စွာသာ ပြန်၍ ဖြေလိုက်သည်။
“မင်္ဂလာပါ၊ အခုတလော ကျန်းမာရေး အခြေနေ ဘယ်လိုလဲ”
ဒေါက်တာကျိုးသည်က သူ့အား
ကုသပေးခဲ့သည့် ဆရာဝန်ဖြစ်ပြီး လွန်စွာပင် ကျွမ်းကျင်သည်။
ထိုစဉ်က ဒါရိုက်တာရှုမှာ ကျိုးကျယ်ပင်းအား ချီးကျူးမြှောက်ပင့်၍ ပြောဆိုရန် အချိန်မရခဲ့ပေ။
ယခု ကျိုးကျယ်ပင်းမှ သူ၏
ခန္ဓာကိုယ် ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ စတင်မေးမြန်းသည်ကို ကြားသည့်အခါ၌ဒါရိုက်တာရှုက အလျင်အမြန် ပြန်၍ ပြောလိုက်သည်။
“အများကြီး ကောင်းလာပါပြီ၊ကျေးဇူးတင်ပါတယ်၊ အဲဒီတုန်းက ဒေါက်တာကျိုးက ထူးခြားတဲ့ ကုသမှုတွေနဲ့ ကျွန်တော့်ရောဂါကို ပျောက်ကင်းအောင် ကုပေးခဲ့လို့သာပဲ၊ မဟုတ်ရင် ကျွန်တော် ဒီနေ့
ဒီနေရာမှာ ဘယ်ရှိနေနိုင်ပါ့မလဲ”
ထိုအချိန်က ဒါရိုက်တာရှုသည် ရောဂါပြန်ထလာပြီး ဆေးရုံကိုသွားခဲ့စဉ် တာဝန်ကျနေသည့်သူမှာ
ကျိုးကျယ်ပင်း ဖြစ်သည်။
ဤကဲ့သို့ ငယ်ရွယ်သည့် ဆရာဝန်တစ်ယောက်ကို မြင်သည့်အခါ ဒါရိုက်တာရှုအနေဖြင့် ကျိုးကျယ်ပင်း၏ ဆေးပညာကို သံသယ၀င်ကာ မယုံကြည်ခဲ့ပေ။
ကျိုးကျယ်ပင်းသည်က အလွန်ငယ်ရွယ်သည်ဖြစ်၍ ဆေးပညာလည်း ကောင်းမည်မဟုတ် ဟု
သူ ခံစားခဲ့ရသည်။
သို့သော် ကျိုးကျယ်ပင်းသည်ကား
ဒါရိုက်တာရှု၏ နှစ်ပေါင်းများစွာ မပျောက်ကင်းခဲ့သည့် ရောဂါဟောင်းကို ကုသပေးနိုင်သည့် အရည်အချင်းရှိလိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့ပေ။
ထိုအချိန်မှစ၍ ဒါရိုက်တာရှုသည်
ကျိုးကျယ်ပင်းအား ထူးချွန်ပြောင်မြောက်သည့်ဆရာဝန်တစ်ယောက်ကဲ့သို့ သဘောထားကာ သူ၏စိတ်ထဲ၌ လွန်စွာမြင့်မားသည့် သတ်မှတ်ချက်တစ်ခု ပေးထားခဲ့သည်။
နောက်ပိုင်း၌ ဒေါက်တာကျိုးသည် အဘယ်ကြောင့်ဤကဲ့သို့ ထူးခြားကောင်းမွန်သည့် ဆရာ၀န်တစ်ဦး ဖြစ်နေရသနည်း ဟု သူစုံစမ်းကြည့်ခဲ့သည့်အခါ ဒေါက်တာကျိုးသည်ကား ဆရာဝန်မိသားစုမှ မွေးဖွားကြီးပြင်းလာခဲ့ခြင်းဖြစ်ကြောင်း သိခဲ့ရသည်။
ဒေါက်တာကျိုး၏ မိဘများသည်က စစ်ရေးနယ်မြေ၌ ရှိနေကြခြင်းဖြစ်သည့်အတွက် ဒေါက်တာကျိုးကိုလည်း အဆင့်အတန်းမြင့်သည့်သူတစ်ဦးဟု သတ်မှတ်နိုင်ပေသည်။
စစ်ရေးနယ်မြေမှ လူများနှင့်
ဒါရိုက်တာရှုကဲ့သို့ သာမန်လူများသည်ကား အဆက်အဆံလုပ်ရန် အခွင့်အရေးမရှိကြပေ။
ထို့ကြောင့် ကျိုးကျယ်ပင်း၏ မိသားစုနောက်ခံကို သိပြီးသည့်နောက်၌ ဒါရိုက်တာရှုမှာ
ကျိုးကျယ်ပင်းနှင့် ပို၍ ရင်းနှီးရန် တတ်နိုင်သမျှ ကြိုးစားခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် အခွင့်အရေး မရခဲ့ပေ။
ယခု စုန့်ဝေ့နှင့် ကျိုးကျယ်ပင်းတို့သည်တစ်ဦးကိုတစ်ဦး သိနေလိမ့်မည်ဟု ဒါရိုက်တာရှု အမှန်တကယ်ပင် ထင်မထားခဲ့ပေ။
ဤသည်မှာ သူ့အတွက် လွန်စွာပင် အံ့သြဖွယ်ကောင်းလှပေသည်။
ကျိုးကျယ်ပင်းက တစ်ဖက်လူ၏စကားကို ကြားသည့်နောက်တွင် ခေါင်းညိတ်ပြီး သူ၏ရှေ့မှ အခြေအနေကို ကြည့်လိုက်သည်။
သူက ဒါရိုက်တာရှုတို့နှင့် ပြောနေစဉ်မှာပင် စုန့်ရှီးယန်နှင့် စကားပြောရန် ပြင်လိုက်သည်။ သို့သော် သူ မပြောမီမှာပင် ဒါရိုက်တာရှုသည် သူ့အား စိတ်အားထက်သန်စွာ ဖိတ်ခေါ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
“လာပါဦး၊ လာပါဦး၊ ဒေါက်တာကျိုး၊ ဒီမှာထိုင်ပါဦး၊ ကျစ်ဝမ်၊ မြန်မြန်ထပြီး ဒေါက်တာကျိုးအတွက် နေရာဖယ်ပေးလိုက်ပါဦး!”
ထိုသို့ပြောကာ ဒါရိုက်တာရှုက
သူ၏သား ရှုကျစ်ဝမ်အား ချက်ချင်းပင် ထစေကာ ကျိုးကျယ်ပင်းအတွက် နေရာပေးခိုင်းလိုက်လေသည်။
ထို့နောက် ဒါရိုက်တာရှုက ပြုံးရွှင်စွာဖြင့် စုန့်ဝေ့အား ကြည့်ကာ မကျေနပ်သည့် လေသံဖြင့် ပြောလိုက်သည်။
“လောင်စုန့်၊ မင်း တကယ်ကို မသိသလို နေနိုင်တာပဲ၊ ဒေါက်တာကျိုးကို သိတယ်လို့တောင် မပြောဘူး၊ ဒီည မင်းသာ ဒေါက်တာကျိုးနဲ့ ချိန်းထားမှန်း သိရင် ငါ ဟင်းပွဲကောင်းကောင်းတွေ ပိုမှာလိုက်မှာပေါ့”
**