အခန်း (၁၃၆)
Vol. 14 Ch. 136
သူတို့မိသားစုသည်ကား တစ်ဦးနှင့်တစ်ဦး အခြေအနေကို မေးမြန်းကာ ပျော်ရွှင်စွာ နှစ်သိမ့်ပေးနေခဲ့ကြသည်။
ဘေးနားမှ စုန့်ရှီးယန်မှာ ဤသည်ကို မြင်သည့်အခါ အနည်းငယ်မျှ စိတ်ပျက်သွားမိသည်။
သူသည်က လင်းကျန်းအန်းနှင့်အတူ ခရီးထွက်ခဲ့ခြင်း ဖြစ်သော်လည်း လင်းရန်မှ သူ့အား ဂရုစိုက်သည်ကို မတွေ့ရပေ။
စုန့်ရှီးယန်၏ မကျေနပ်မှုများမှာ လွန်စွာ နက်ရှိုင်းနေသည့်အတွက်ကြောင့်လား မသိပေ။
အဘွားလင်းမှာ ဤသည်ကို ခံစားမိလိုက်သည်။
အဘွားလင်းက စုန့်ရှီးယန်ကို လျင်မြန်စွာ လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“ရှောင်စုန့်လည်း ပင်ပန်းနေလောက်ရောပေါ့၊ မနက်စာရော စားပြီးပြီလား၊ မစားရသေးရင် ဘာစားချင်လဲ ပြောလိုက်နော်၊ အဘွား ချက်ချင်းချက်ပေးမယ်”
လင်းရန်သည်က သူ့အား ဂရုစိုက်ခြင်း မရှိသော်လည်း အဘွားလင်း၏ နှစ်သိမ့်စကားများက စုန့်ရှီးယန်အား ပို၍ ခံစားချက်ကောင်းမွန်လာစေခဲ့သည်။
အဘွားလင်း သူ့အား ဂရုစိုက်ခြင်းသည် လင်းရန်၏မိသားစုက သူ့အား ဂရုစိုက်သည်နှင့် ညီမျှသည် မဟုတ်ပါလား။
“အဘွား၊ ကျွန်တော် မစားရသေးပါဘူး၊ အိမ်မှာရှိတာနဲ့ပဲ စားလို့ရပါတယ်”
သူ စကားပြောပြီးသည်နှင့်
လင်းကျန်းအန်းသည်လည်း လျင်မြန်စွာ ထပ်၍ ပြောလိုက်သည်ကို တွေ့လိုက်ရတယ်။
“ဒေါက်တာတုန်၊ မနက်ပိုင်း ဘာစားရတာ ကြိုက်လဲ”
ဧည့်သည်အား အိမ်သို့ ခေါ်လာပြီးပြီဖြစ်၍ သူ့အနေဖြင့် ပေါ့ပေါ့တန်တန် လုပ်၍ မရတော့ပေ။
ဒေါက်တာတုန်သည်က အစားအသောက်မရွေးသည့်သူဖြစ်၍ ပြုံးပြကာ လက်ဝှေ့ရမ်းလိုက်ပြီး ပြောလိုက်သည်။
“ရပါတယ်၊ အဆင်ပြေတာ တစ်ခုခုပဲ လုပ်ပေးပါ၊ ကျွန်တော်က အစားမရွေးပါဘူး”
ဒေါက်တာတုန်မှ ထိုသို့ပြောလိုက်သော်ငြားလည်း လင်းကျန်းအန်းမှာ ဒေါက်တာတုန်အား ပေါ့ပေါ့တန်တန် သဘောထားကာ မကျွေးမွေးနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ
ဒေါက်တာတုန် သူတို့ထံ ပထမဆုံးရောက်လာသည့်အချိန်ဖြစ်၍ ပထမဆုံးစားရမည့် အစားအသောက် မဟုတ်ပါလား။
လင်းကျန်းအန်းမှ ဆရာဝန်တစ်ယောက်အား အိမ်သို့ ခေါ်လာသည်ကို မြင်သည့်အခါ၌
လင်းရန်နှင့်အဘွားလင်းမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။
လင်းကျန်းအန်းက ဒေါက်တာတုန်၏ အကြောင်းနှင့် ယခု သူ၏နောက်သို့ လိုက်လာရသည့်ရည်ရွယ်ချက်ကို အကျဉ်းချုပ်၍ ပြောပြခဲ့သည်။
လင်းရန်နှင့် အဘွားလင်းသည်လည်း ဤအကြောင်းကို ကြားသည့်အခါ၌ ဒေါက်တာတုန်အား ကြည့်ကာ
နွေးထွေးစွာ ကြိုဆိုလိုက်ကြသည်။
“ဒေါက်တာတုန်၊ လာပါ ၊အိမ်ထဲမှာ ၀င်ထိုင်ပါဦး!”
အဘွားလင်းသည်ကား ဒေါက်တာတုန်အား ဧည့်ခန်းထဲသို့စိတ်အားထက်သန်စွာဖြင့် ခေါ်သွားခဲ့သည်။
လင်းရန်သည်လည်း စတင်ချက်ပြုတ်ရန် မီးဖိုချောင်သို့ ကို ပြန်၍ သွားခဲ့သည်။
ဤသည်ကို စုန့်ရှီးယန် မြင်သည့်အခါ
လင်းရန်နောက်မှ မီးဖိုချောင်သို့ လိုက်သွားခဲ့လေဒ။
လင်းရန် မီးဖိုချောင်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူမ၏နောက်မှ ခြေသံများကို ကြားလိုက်ရသည်။
သူမ လှည့်ကြည့်လိုက်သည့်အခါ၌ စုန့်ရှီးယန် မှာ သူမ၏အနောက်မှ မီးဖိုချောင်ထဲသို့ လိုက်လာသည်ကို တွေ့လိုက်ရသည်။
ထို့နောက် စုန့်ရှီးယန်က ၀င်ချင်သော်လည်း မ၀င်ရဲသည့် ပုံစံဖြင့် မီးဖိုချောင်တံခါးဝ၌ ရပ်နေခဲ့သည်။
သူမ အနည်းငယ် မှင်တက်သွားကာ မေးလိုက်သည်။
“ရှင်က ဒီကို ဘာလာလုပ်တာလဲ”
စုန့်ရှီးယန်သည် လွန်စွာဗိုက်ဆာနေသည့်အတွက်ကြောင့် အရင်ဆုံး တစ်ခုခုရှာစားချင်သည်လည်း ဖြစ်နိုင်သည်။
သို့သော် သူနှင့် အဖေလင်းတို့သည်ကားဝေးလံစွာလျှောက်လာခဲ့ကြရပြီး
မနက်စာမစားရသေးသည်ကို ထည့်တွေးကြည့်လျှင် ဤသည်ကို နားလည်ပေး၍ ရပေသည်။
ဤအရပ်ရှည်ရှည်နှင့်ယောက်ျားကသူမအား သနားစဖွယ်ကြည့်နေရှာသည်။
သူ အလွန်ဗိုက်ဆာနေလောက်လိမ့်မည်ဟု တွေးမိသည့်အခါတွင်
အတော်ပင် သနားဖွယ် ကောင်းလှပေသည်။
ထို့ကြောင့် လင်းရန်၏ လေသံမှာ
မသိစိတ်မှတဆင့် အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။
“မနေ့က ကွန်မြူနတီကနေ အမဲသားနည်းနည်းဝယ်ပြီး ညနေက ဟင်းအိုးထဲမှာ တည်ထားတယ်၊ ရှင်တို့အတွက် အမဲသားခေါက်ဆွဲလုပ်ပေးပါ့မယ်၊ ခဏနေရင် စားလို့ရပြီ”
“ဒါဆို ကိုယ် မင်းကို ကူညီပါ့မယ်!”
စုန့်ရှီးယန်မှာ သင့်တော်သည့်အကြောင်းပြချက်
ရှာမတွေ့မည်ကို စိုးရိမ်နေခဲ့သည်။
သူ့အနေဖြင့် ပြီးခဲ့သည့် ရက်များအတွင်း လင်းရန်ကို မတွေ့ရသည့်အတွက်ကြောင့် သူမကိုလွမ်းဆွတ်၍ လာတွေ့သည်ဟု လင်းရန်ကို ပြောလိုက်ရမည်လား။
သူသာ ထိုသို့ပြောလိုက်ပါက
လင်းရန်၏ မျက်စောင်းထိုးခြင်းကို ခံရမည်ဖြစ်ပြီး သူ့အား လူရှုပ်လူပွေဟုပင် အထင်ခံရနိုင်သည်ကို သူ သိပေသည်။
သူသည်က လူရှုပ်လူပွေတစ်ယောက်အဖြစ် အထင်မခံနိုင်သည့်အတွက် ထိုသို့လည်း မပြောရဲပေ။
အပြင်တွင် ရှိနေသည့်ရက်အနည်းငယ်အတွင်း လင်းကျန်းအန်းနှင့်အတူ လျှောက်သွားကာ
အမျိုးမျိုးသော အလုပ်များနှင့်
အလုပ်ရှုပ်နေခဲ့ရပြီး လင်းရန်အား လွမ်းရန် အချိန်မရှိခဲ့ပေ။
သို့သော် သူ ပြန်လာသည့်အချိန်၌
လင်းရန်ကို တွေ့လိုက်ရသည့်အခိုက်အတန့်တွင် သူ၏စိတ်ထဲ၌ လင်းရန်အား မည်မျှနက်ရှိုင်းစွာ လွမ်းဆွတ်နေခဲ့သည်ကို သဘောပေါက်သွားခဲ့သည်။
သူမ ရပ်နေသည်ကို ကြည့်နေရရုံနှင့်ပင် သူ၏ရင်ထဲ၌ ကျေနပ်နေခဲ့သည်။
စုန့်ရှီးယန်သည်ကား ယခင်က တစ်ခါမျှ ချစ်သူရည်းစား မထားခဲ့ဖူးသော်လည်း အချစ်ရေးနှင့်ပတ်သက်၍ မည်သည်ကိုမှ
နားမလည်နိုင်အောင် တုံးအနေသည်မျိုး မဟုတ်ပါချေ။
သူ့အနေဖြင့် လင်းရန်ကို အမှန်တကယ် ချစ်မိသွားပြီဟု ခံစားခဲ့ရပြီး သူမအား နေ့တိုင်းပင် တွေ့လိုသည့်စိတ်မှာ လွန်စွာပြင်းပြနေခဲ့သည်။
စုန့်ရှီးယန်၏ မျက်နှာပေါ်မှ စိတ်အားထက်သန်နေသည့် အမူအရာကို တွေ့သည့်အခါ၌ လင်းရန်တစ်ယောက် ထိုသူမှာ လွန်စွာဗိုက်ဆာနေသည်ဟု ထင်မြတ်လိုက်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“ကောင်းပြီ၊ ဒါဆို ကျွန်မကို မီးမွှေးဖို့ ကူညီပေးလေ”
သူမအား မီးမွှေးရန် ကူညီပေးမည့်သူရှိလျှင် ပို၍ လျှင်မြန်စွာ ချက်နိုင်ပေလိမ့်မည်။
ထို့နောက် သူ၏အိမ်တွင် မီးဖိုချောင်အလုပ် သိပ်မလုပ်ဖူးသည့် စုန့်ရှီးယန်က လင်းမိသားစု၏မီးဖိုရှေ့မှ ခုံပုလေးပေါ်၌ ဆန္ဒအလျောက် ထိုင်လိုက်သည်။
စုန့်ရှီးယန်ကဲ့သို့ ကိုယ်ခန္ဓာကြီးမားသည့်သူက သူ၏ ကိုယ်လုံးကို ကွေးခားပြီး ခုံပုလေးပေါ်ထိုင်ကာ နာခံမှုအပြည့်ဖြင့် မီးမွှေးနေသည်ကို ကြည့်ရသည်မှာ အတော်လေးပင်ရယ်စရာကောင်းလှပေသည်။
လင်းရန်က သူ့အား တစ်ချက်လှမ်းကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။
သူမအနေဖြင့် စုန့်ရှီးယန်၏ ရှေ့၌ သူမ ရယ်မိမည်ကို စိုးရိမ်၍ ဖြစ်ပေသည်။
စုန့်ရှီးယန်မှာမူ ထိုအချိန်၌ ပျော်ရွှင်မှုများထဲတွင် လုံးလုံးလျားလျား နစ်မြောနေခဲ့သည့်အတွက်ကြောင့် လင်းရန် ပြုံးစိစိဖြစ်နေသည်ကို
သတိမထားမိခဲ့ပေ။
သူသည်က ယခင်က မိသားစု၏နွေးထွေးမှုဆိုသည်ကို တစ်ခါမျှပင် မခံစားခဲ့ဖူးပေ။
တပ်ဖွါ့ထဲ၌ သူ၏ရဲဘော်များနှင့် စကားပြောရင်း တစ်ခါတရံ သူတို့၏ မိသားစုနှင့်အတူတူ အလုပ်လုပ်ပြီး ချက်ပြုတ်စားသောက်ကြသည့်အကြောင်း၊ အထူးသဖြင့် တရုတ်နှစ်သစ်ကူးကာလ၌ မိသားစုတစ်စုလုံး မီးဖိုချောင်ထဲ၌ ပြုံတိုးဝှေ့တိုးနှင့်
အလုပ်ကိုယ်စီလုပ်ရင်း ပျော်ရွင်ကြသည့်အကြောင်းများကို ကြားဖူးခဲ့သည်။
ထိုကဲ့သို့ စကားများကြားတိုင်း စုန့်ရှီးယန်မှာ မခံစားတတ်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော်
သူသည်ကား ကလေးဘဝကတည်းကပင် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို အိမ်၌ တစ်ခါမှ
မမြင်ဖူးခဲ့၍ပင် ဖြစ်သည်။
သူ့အတွက် အိမ် ဟူသည်မှာ ပို၍ တိကျစွာပြောရလျှင် သူ စားသောက်အိပ်စက်သည့် နေရာသက်သက်သာဖြစ်သည်။
စစ်တပ်ထဲရှိ စားသောက်ဆောင် သို့မဟုတ် အိမ်ဆောင်နှင့် ကွာခြားခြင်းမရှိပေ။
လင်းမိသားစုထံသို့ ရောက်မှသာ သာမန် မိသားစုတစ်စု၏ နွေးထွေးမှုကို သူခံစားခဲ့ရသည်။
အကယ်၍ လင်းရန်သာ အနာဂတ်၌
ယခုကဲ့သို့ ဆက်၍ ချက်ပြုတ်ပေးနိုင်မည်ဆိုလျှင် သူ့အနေဖြင့် တစ်သက်လုံး မီးမွှေးပေးရန် ဆန္ဒရှိကြောင်း ၀န်ခံလိုက်မည်ဟု တွေးနေမိခဲ့သည်။
စုန့်ရှီးယန်တစ်ယောက် ချိုမြိန်သည့် စိတ်ကူးများဖြင့် နစ်မြောနေစဉ်၌ လင်းရန်မှာ ရေကို အိုးထဲသို့ ထည့်ကာ အလျင်မြန်ဆုံးဆူလာစေရန် တည်၍ ရေဆူလာမည်ကို စောင့်ဆိုင်းရင်း ခေါက်ဆွဲအတွက် လိုအပ်သည့် ဟင်းခတ်အမွှေးအကြိုင်များနှင့် အခြားလိုအပ်သည့် ပစ္စည်းများအားလုံးကို ပြင်ဆင်နေခဲ့သည်။
လင်းမိသားစုသည်ကား မူလက အရသာပျော့သည့် ခေါက်ဆွဲများကိုသာ စားခဲ့ကြသော်လည်း လင်းရန်မှ ခေါက်ဆွဲအစပ်ကို အကြိမ်များစွာလုပ်ကျွေးပြီးသည့်နောက်၌ တစ်အိမ်လုံးမှာ အစပ်အရသာကို ကြိုက်သွားကြသည်။
နောက်ပိုင်း၌ လင်းရန် စဥ်းစားမိသည်မှာ သူမ၏မိသားစုသည်က ယခင်က ခေါက်ဆွဲအပျော့စားသာ စားခဲ့သည်မှာ သူတို့ကြိုက်နှစ်သက်၍ မဟုတ်ဘဲ အစပ်ခေါက်ဆွဲစားရန် အခြေအနေမပေးခဲ့သည့်အပြင် ဟင်းခတ်အမွှေးအကြိုင်မျိုးစုံဖြင့်
မပြင်ဆင်ခဲ့ဖူး၍သာ ဖြစ်နိုင်သည်ဟုတွေးမိသည်။
လင်းရန် ရောက်လာသည့်အတွက်ကြောင့် သူတို့၏ အစပ်ကြိုက်သည့် ဝိညာဉ်မှာ လုံးလုံးလျားလျားပင် နိုးကြားလာခဲ့သည်။
အရသာရှိသည့် အစပ်ခေါက်ဆွဲတစ်ပန်းကန်လုပ်ရန်အတွက် အဓိကပါဝင်ပစ္စည်းများဖြစ်သည့်ပဲငံပြာရည်၊ ရှာလကာရည်၊ ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူရည်၊ ငရုပ်အစပ်ဆီနှင့် ငရုတ်ကောင်းမှုန့်တို့မှာ မပါမဖြစ်ပါပင်ဖြစ်သည်။
အထူးသဖြင့် ခေါက်ဆွဲအစပ်၏ အသက်ဟုပင် တင်စားရသည် ဝက်ဆီမှာ မရှိမဖြစ်ပင်ဖြစ်သည်။
ထို့နောက် ခေါက်ဆွဲဟင်းရည်ထည့်လိုက်သည့်အခါ မွှေးကြိုင်သည့်ရနံ့မှာ တဖြည်းဖြည်းဖြင့် ပန်းကန်ထဲမှ ထွက်လာခဲ့သည်။
ထို့နောက် ချက်ပြုတ်ပြီးသားခေါက်ဆွဲနှင့် ဟင်းသီးဟင်းရွက်များကို ပန်းကန်လုံးထဲ ထည့်ကာ နောက်ဆုံး၌ လင်းရန် ယမန်နေ့ညကချက်ထားသည့် အမဲသားဟင်းတစ်ဇွန်းထည့်လိုက်သည့်အခါ ပူပူနွေးနွေးနှင့် မွှေးကြိုင်လှသည့် အမဲသားခေါက်ဆွဲအစပ်တစ်ပန်းကန်မှာ အသင့်ဖြစ်သွားတော့သည်။
လင်းရန် ခေါက်ဆွဲဟင်းရည်ကို ခပ်နေသည့်အချိန်ကတည်းက စုန့်ရှီးယန်မှာ မွှေးကြိုင်သည့်ရနံ့ကြောင့် သွားရည်ကျနေခဲ့သည်။
အမဲသားဟင်းကို ပေါင်းထည့်လိုက်သည့်အခါတွင်မူ သူ၏ဗိုက်မှာ ဆာလောင်၍ အသံပင် ထွက်လာခဲ့သည်။
သူသည် ခေါက်ဆွဲပန်းကန်ကို မနေနိုင်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။ မစားရသေးလျှင်ပင်
ခေါက်ဆွဲ ပန်းကန်၏ပုံပန်းသဏ္ဍာန်ကို ကြည့်ရုံဖြင့် မည်မျှအရသာရှိမည်ကို သူခန့်မှန်းနိုင်သည်။
အမှန်တကယ်တွင် စုန့်ရှီးယန်သည်ကား အမဲသားခေါက်ဆွဲကို အကြိမ်များစွာ စားဖူးသည်။
တစ်ခါတရံ စစ်တပ်စားသောက်ဆောင်တွင် စားလေ့ရှိပြီး နေရာအနှံ့အပြားမှ နိုင်ငံပိုင် စားသောက်ဆိုင်များတွင်လည်း အမဲသားခေါက်ဆွဲရှိသည်။
ဤသည်မှာ အမဲသားခေါက်ဆွဲက အမှန်တကယ်တွင် သူ့အနေဖြင့် မစားဖူးသည့် ထူးဆန်းသည့် အစားအစာ မဟုတ်ကြောင်း
ပြသနေသည်။
သို့သော် ဤအမဲသားခေါက်ဆွဲကို အရသာပင် မမြည်းစမ်းရသေးဘဲ ဤမျှလောက် စားချင်စိတ်များပြင်းပြနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လင်းရန်သည်လည်း သူမ၏ မျက်လုံးထောင့်မှတဆင့်
စုန့်ရှီးယန်၏ အကြည့်ကို သတိထားမိလိုက်ပြီး မနေနိုင်စွာ ပြောလိုက်သည်။
“ရှင်ဗိုက်ဆာနေရင် အမြန်စားလိုက်ပါလား၊ ကျွန်မ အဖေနဲ့ ဒေါက်တာတုန်ဆီ သွားပို့ပေးလိုက်မယ်”
စုန့်ရှီးယန်သည်ကား အမှန်တကယ်ပင် ဗိုက်ဆာနေပြီး စားချင်နေသော်လည်း ချက်ချင်းပင် သတိဝင်လာကာ ပြန်၍ ပြောလိုက်သည်။
“ကိုယ် ယူသွားလိုက်ပါ့မယ်”
ဤခေါက်ဆွဲများသည်က ယခုမှ အိုးထဲက ထွက်လာသည်ဖြစ်၍ ပန်းကန်နှုတ်ခမ်းများမှာ ပူလောင်နေသည်။
ထို့အပြင် မီးဖိုချောင်မှ ဧည့်ခန်းအထိ သွားရသည့် လမ်းမှာလည်း အနည်းငယ်လှမ်းသေးသည်ဖြစ်၍ လင်းရန်သာ ကိုင်သွားလျှင် မတော်တဆအပူလောင်ခြင်း သို့မဟုတ် ခလုတ်တိုက်မိခြင်း ဖြစ်မည်ကို စိုးရိမ်ရသည်။
ထိုသို့ ပြောပြီးသည်နှင့် စုန့်ရှီးယန်က လင်းရန်ငြင်းဆန်သည်ကို မစောင့်တော့ဘဲ လက်တစ်ဖက်စီဖြင့်
ခေါက်ဆွဲပန်းကန်တစ်လုံးစီကို ကိုင်ကာ ဧည့်ခန်းသို့ လျှောက်သွားတော့သည်။
မသိလျှင် သူ့ထံမှ ခေါက်ဆွဲပန်းကန်ကို လင်းရန်လုယူမည်ကို ကြောက်သကဲ့သို့ပင် ဖြစ်နေပေသည်။
လင်းရန်မှာ မကူညီနိုင်ဘဲ အနောက်မှနေ၍ ခေါင်းကိုခါယမ်းနေရုံသာ တတ်နိုင်ခဲ့သော်လည်း သူမ၏ရင်ထဲတွင်မူ အတော်လေးပင် နွေးထွေးသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော်
စုန့်ရှီးယန်သည်က သူမ မတော်တဆ
ထိခိုက်မည်ကို မလိုလား၍ ဖြစ်ကြောင်းကို သူမသိနေသည့်အတွက်ကြောင့် ဖြစ်သည်။
ဤစုန့်ရှီးယန်သည်ကား ပေါ့ပေါ့ပါးပါးနေတတ်သည်ဟု ထင်ရသော်ငြားလည်း ဤကဲ့သို့သော
အသေးအဖွဲ့ကိစ္စများကို ဂရုစိုက်တတ်သည်မှာ အတော်လေးပင် ပုံမှန်မဟုတ်ဟု ပြော၍ ရပေသည်။