အခန်း (၁၄၃)
Vol. 15 Ch. 143
ချန်ဝမ်သည်လည်း သူ၏ဇနီးကဲ့သို့ပင် လော်ရှင်းဝမ်အပေါ် ကောင်းမွန်သည့် ထင်မြင်ချက်မရှိပေ။
သူ့အနေဖြင့် လူမှုဆက်ဆံရေးကို နားလည်သော်လည်း ယခု လော်ရှင်း၀မ်ဆိုသည့်လူသည်ကား အကူအညီလိုအပ်မှသာ သူ၏ယောက္ခမထံမှ အကူအညီတောင်းရန်လာတတ်သည်။
ဤသည်မှာ မည်ကဲ့သို့သော လူမှုဆက်ဆံရေးမျိုးနည်း။
ထို့ကြောင့် ချန်၀မ်က လင်းကျန်းအန်း၏ အသံကိုကြားလိုက်ရသည့်အတွင် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ပင်ဖြစ်သည်။
“ချက်ပြုတ်တာ အဲဒီလောက်တောင်မြန်တာလား၊ အားလုံး ချက်ပြုတ်ပြီးပြီဆိုတော့ ဟင်းပွဲတွေ ချလိုက်ရအောင်လေ၊ ကျွန်တော့်အထင် အားလုံးလည်း ဗိုက်ဆာနေကြလောက်ပြီ!”
ဗိုက်မဆာလျှင်ပင် လင်းရန် ချက်ပြုတ်ထားသည့် အစားအသောက်များလာချသည်ကို မြင်ကြလျှင်လူတိုင်းက စားချင်စိတ်များ ပေါ်လာကြပေလိမ့်မည်။
လင်းကျန်းအန်းလည်း သူ၏စကားကို ကြားသည့်အခါတွင် ခေါင်းညိတ်လိုက်ပြီး မီးဖိုချောင်သို့ ပြန်၍ လှည့်သွားကာ လင်းရန်နှင့်အတူ အစားအသောက်များ ပြင်ဆင်ရန် စီစဉ်ခဲ့သည်။
လင်းကျန်းအန်းထွက်သွားပြီးသည်နှင့်တစ်ပြိုင်နက် လော်ရှင်းဝမ်တစ်ယောက် သက်ပြင်းချလိုက်မိသည်။
“လာခဲ့ကြ၊ အားလုံးပဲ စားပွဲမှာ ထိုင်ကြလေ၊ အားလုံးက မိသားစုဝင်တွေပဲဆိုတော့ တကူးတက ဖိတ်မနေတော့ဘူး”
ချန်ဝမ်က အနောက်သို့ လှည့်၍ သူ၏ဆွေမျိုးများကို အပြုံးဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ သူ ထို့သို့ ပြောပြီးသည့်နောက်မှသာ လော်ရှင်းဝမ်နှင့် သူ၏ဇနီးဟူသည့်
အပြင်လူနှစ်ဦးရှိနေသည်ကိုရုတ်တရက် သူ သတိရသွားသည်။
သူ ချက်ချင်းပင် ယဥ်ကျေးမှုအရ လော်ရှင်း၀မ်တို့အား ပြောလိုက်သည်။
“ဦးလေးလော်၊ ခင်ဗျားတို့လည်း လာခဲ့ကြလေ၊ အရင်ဆုံး သွားစားကြတာပေါ့”
လော်ရှင်းဝမ်သည်ကား မူလက လင်းကျန်းအန်းထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် သူ၏သားအလုပ်ကိစ္စအတွက် ဖြေရှင်ရန် စဥ်းစားနေခဲ့သည်။
သို့သော် ချန်ဝမ်က သူ့အား အခွင့်အရေးလုံးဝမပေးဘဲ ထမင်းစားရန်အတွက် တိုက်ရိုက်ခေါ်လိုက်သောကြောင့် ပြောလက်စကိစ္စကို
ဆက်ပြော၍ အဆင်မပြေပါချေ။ ထို့အတွက် အောင့်သက်သက်နှင့်ပြုံးပြလိုက်ရကာ ချန်ဝမ်၏ နောက်သို့ လိုက်ခဲ့ရတော့သည်။
ထို့နောက် ချန်၀မ်က ထိုဇနီးမောင်နှံနှစ်ယောက်အား သူ၏ယောက္ခမနှင့် ဝေးကွာပြီး စကားပြောရန် ခက်ခဲသည့်နေရာသို့ ခေါ်သွားခဲ့သည် ။
လော်ရှင်းဝမ်; “...”
လော်ရှင်း၀မ်မှာ သူချပေးသည့် နေရာကို မည်မျှပင် မကြိုက်စေကာမူ နောက်ဆုံး၌ မတတ်သာဘဲ ထိုင်ချလိုက်ရသည်။
သူ၏ဘေးမှ လော်ကတော်မှာလည်း စိတ်ပူနေခဲ့သည်။ သူမသည်က မနေနိုင်ဘဲ လော်ရှင်းဝမ်၏ နားသို့
ကပ်ကာ တီးတိုးပြောလိုက်သည်။
“ဒီကောင်လေးက ကျွန်မတို့အပေါ် မကျေမနပ်ဖြစ်နေတယ်လို့ ရှင် မထင်ဘူးလား၊ မဟုတ်ရင် ဘာလို့ ဧည့်သည်တွေကို ဒီလိုထောင့်ကျတဲ့နေရာကို ခေါ်ခဲ့ရတာလဲ၊ ကျွန်မတို့ကို ဒီလိုချောင်နေရာက ခုံတန်းရှည်ပေါ်ထိုင်ခိုင်းရအောင် သူက ဘယ်သူမို့လို့လဲ”
သူမ ပြောသည့်စကားမှာ လော်ရှင်းဝမ် ယခုတွေးနေသည်နှင့် မတူညီနေခဲ့ပါချေ။
ဤစီစဥ်မှုကို သူတို့ မကျေနပ်လျှင်ပင် ယခုအခြေနေ၌ ချန်ဝမ်နှင့် သွား၍ ငြင်းခုံရန် မဖြစ်နိုင်ပေ။
လက်ရှိအခြေနေအရ ထမင်းစားပွဲ ပြီးသည်အထိ စောင့်ပြီးမှသာလျှင် အဘိုးလီနှင့် စကားပြောရန်
အခွင့်အရေးရှာရပေတော့မည်။
ဤအချိန်၌ လော်ရှင်း၀မ်သည်ကား
လင်းကျန်းအန်း ဤနေရာတွင် ရောက်ရှိနေရသည့်
အကြောင်းရင်းကို ပိုမို၍ စိတ်ဝင်တစား သိချင်နေခဲ့သည်။
မတိုင်ခက်က လင်းကျန်းအန်း ပြောခါ့သည့်စကားများကို
စဥ်းစားကြည့်လျှင် လော်ရှင်းဝမ် မခန့်မှန်း မတွေးတောဘဲ မနေနိုင်ပါချေ။
လင်းကျန်းအန်းက အမှန်တကယ်ကို စားဖိုမှူးတစ်ယောက်ဖြစ်သွားတာလား။ သူက လီမိသားစုအတွက် ထမင်းချက်လာလုပ်နေတာလား?
ဘာတွေဖြစ်နေတာလဲ?
သူ သံသယဖြစ်စွာ တွေးနေစဉ်မှာပင် အဘိုးလီထံမှ အံ့အားသင့်စွာပြောလိုက်သည့် အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။
“ဒီဟင်းရဲ့အနံ့က တကယ်ကိုကောင်းလွန်းတာပဲ၊ သေချာပေါက် အရသာရှိတယ်”
“အို၊ ဒီမှာ ငါအကြိုက်ဆုံး ငါးဟင်း!”
“ကြက်သားစွပ်ပြုတ်ပဲ ၊ ဒါလည်း အရမ်း ကောင်းတယ်၊ ခန္ဓာကိုယ်ကို အားဖြစ်စေတယ်!”
အဘိုးလီမှ ဟင်းပွဲများကို တစ်ခုပြီးတစ်ခု အော်ဟစ်ကာ မိတ်ဆက်လာသောကြောင့် လော်ရှင်းဝမ်၏ စိတ်အာရုံကလည်း စားသောက်စားပွဲဘက်သို့ လှည့်ကြည့်ရန် ဖိအားပေးခံလိုက်ရသည်။
ဤကဲ့သို့ ဟင်းပွဲများအပြည့်ဖြစ်နေသည့် စားပွဲတွင် ရှိနေသမျှ ဟင်းလျာအားလုဲးက အသားဟင်းများတော့ မဖြစ်နိုင်ပေ။ သို့သော်လည်း ယခုအချိန်တွင် တည်ခင်းခားသော ဟင်းလျာပုံစံများကပင် ပန်းချီကား တစ်ချပ်ကို ကြည့်နေရသကဲ့သို့ အလွန်လှပနေခဲ့သည်။
သူ့အနေဖြင့် လောကကြီး၏ မျိုးစုံသောမြင်ကွင်းကို
မြင်ဖူးသည်ဟု မိမိကိုယ်ကို ထင်ခဲ့မိသော်လည်း ယခုကဲ့သို့ မြင်ကွင်းမျိုးကိုတော့ တစ်ခါမျှ မမြင်ဖူးသေးပေ။
ဟင်းအပြင်အဆင်များက လှပရုံမျှနှင့် အဘိုးလီအား ဤမျှလောက်အံ့အားသင့်စေမည် မဟုတ်ပေ။
ဟင်းလျာများ၏ ရနံ့သည်လည်း အလွန်ပင် မွှေးကြိုင်လှပေသည်။
သူတို့ မစားရသေးလျှင်ပင် ဤဟင်းပွဲ အသွင်အပြင်များနှင့် ရနံ့မှတဆင့်
ဤဟင်းလျာများက အရသာရှိမည်မှာ သေချာကြောင်းကို လူတိုင်းသိနေကြလေပြီ။
အဘိုးလီက အစားအသောက်များကို ကြိုက်နှစ်သက်သည့်သူ ဖြစ်သည့်အလျောက် စားပွဲပေါ်၌ သူကြိုက်သည့် ဟင်းလျာချည်းများသာ ဖြစ်နေခဲ့ကာ ထိုဟင်းပွဲများကလည်း အလွန်အရသာရှိမည့်ပုံ ပေါ်နေသည်ကို မြင်တွေ့လိုက်ရချိန်တွင် အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။
အချိန်ကို ကြည့်လိုက်သည့်အခါ ဆယ့်နှစ်နာရီထိုးရန် အနည်းငယ် လိုသေးသည်။ သို့သော်
အဘိုးလီအတွက်မူ အတော်လေးပင်
နောက်ကျနေခဲ့လေပြီ။
ထို့ကြောင့် အားလုံး ထိုင်ပြီးသည်ကို မြင်ရသည့်အခါ၌ သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါတို့အားလုံးက မိသားစုတွေပဲ၊ ဒါကြောင့် တရားဝင်ဓလေ့ထုံးတမ်းတွေကို ဂရုမစိုက်တော့ဘူး၊ မင်းတို့ရဲ့ တူတွေ မြန်မြန်ကိုင်လိုက်ကြတော့၊ မဟုတ်ရင် ခဏနေ အစားအသောက်တွေ အေးကုန်လိမ့်မယ်!”
ထိုသို့ ပြောပြီးသည်နှင့် အဘိုးလီတစ့ယောက် မနေနိုင်တော့ဘဲ သူ၏တူကို လျှင်မြန်စွာ ကောက်ယူလိုက်သည်။
သူသည်က အသားစားရသည်ကို အကြိုက်နှစ်သက်ဆုံးဖြစ်၍
သူနှင့်အနီးဆုံးရှိသည့် အမဲသားနှပ်တစ်တုံးကို တူဖြင့်ယူလိုက်ကာ တစ်ကိုက်ကိုက်လိုက်သည်။
ထို့နောက် ဘေးနားမှ ဆော့အရည် အနည်းငယ်ကို တို့လိုက်သည်။
ပေါင်းစပ်ထားသည့် အရသာမှာ ပြောမပြတတ်အောင်အောင် ကောင်းမွန်လှပေသည်။
အရမ်း အရမ်းကိုအရသာရှိတယ်!
ရနံ့ကမွှေးကြိုင်လွန်းတယ်။ ပါးစပ်ထဲမှာ ဝါးလိုက်တာနဲ့ နူးညံ့နေပြီး ဆော့အရည်လည်း မွှေးပြီး အစပ်အရသာရှိတယ်။
ထမင်းနဲ့ တစ်ခါတည်းစားလို့ရတယ်!အမဲသားနှပ်နဲ့ အလိုက်ဖက်ဆုံးပဲ!
အမဲသားကို တစ်ကိုက် စားပြီးသည်နှင့် အဘိုးလီက အခြားဟင်းပွဲများဘက်သို့ အလျင်အမြန်လှည့်လိုက်သည်။
ဟင်းပွဲတစ်ခုစီကို မြည်းစမ်းလိုက်တိုင်း သူ၏ ပါးစပ်မှ အံ့အားသင့်ချီးကျူးစကားသံများ ထွက်ပေါ်နေခဲ့သည်။
ဤသည်မှာ အဘိုးလီက ဤစားပွဲပေါ်မှ ဟင်းပွဲများအား အတော်လေးပင် ခံတွင်းတွေ့၍ ကျေနပ်နေသည်ကို ပြသနေခြင်းပင်ဖြစ်သည်။
၎င်းအခြေအနေသည်ကို မြင်လျှင် ချန်ဝမ်နှင့် သူ၏ဇနီးတို့မှာ လုံးလုံးလျားလျားပင် စိတ်အေးသွားခဲ့ကြသည်။
သူတို့၏ ဖခင်မှ ဤကဲ့သို့ ပျော်ရွှင်စွာ ထမင်းစားနိုင်ခြင်းက သူတို့၏ ကြိုးစားမှုများ အချည်းနှီးမဖြစ်သည့် လက္ခဏာပင်ဖြစ်သည်မဟုတ်ပါလား။
သို့သော် အလုပ်အရှုပ်ဆုံးမှာ သူတို့ မဟုတ်ပေ။ ထမင်းချက်စားဖိုမှုးဖြစ်သည့် လင်းရန်ပင်ဖြစ်သည်။
မိသားစု၀င်အားလုံးကအစားအသောက်များကို
စားသောက်နေစဉ် ချန်ဝမ်၏ဇနီးသည်က ချန်ဝမ်၏နားအနီးသို့ ကပ်ကာ တီးတိုး ပြောလိုက်သည်။
“ခနနေရင် ရှောင်လင်းကို ဟုန်ပေါင်း
ပေးရမယ်၊ ပိုက်ဆံမလောက်ရင် ကျွန်မဆီ
လာတောင်းလိုက်နော်၊”
(ဟုန်ပေါင်း=အနီရောင်စာအိတ်ဖြင့် ထည့်ထားတဲ့ လက်ဆောင် ၊ မုန့်ဖိုးငွေသား)
ဤကဲ့သို့ ဇနီးဖြစ်သူ၏ ရက်ရောသည့် ပုံစံက ချန်ဝမ်အား မျက်ရည်ကျလုနီးပါး ဖြစ်စေခဲ့သည်။
သူ၏ဇနီးသည်မှ ပိုက်ဆံပေးသည့်အချိန်မျိုးတွင် ဤမျှလောက်
ရွှင်ရွှင်လန်းလန်းရှိနေခဲ့သည့်ကို မမြင်ရသည်မှာ မည်မျှကြာပြီကို သူ မသိနိုင်တော့ပေ။
သို့သော်လည်း သူ့ကို ပိုက်ဆံပေးလျှင်ပင် ငူ ရရှိနိုင်မည်မဟုတ်ဘဲ လင်းရန်အား ပြန်၍ပေးရပေလိမ့်မည်။
“စိတ်မပူပါနဲ့၊ ကိုယ် ရှောင်လင်းကို
သေချာပေါက် ဟုန်ပေါင်း ပေးလိုက်ပါ့မယ် ၊ ပြီးတော့ သူမရဲ့ အဖေအတွက်လည်း ဟုန်ပေါင်း
စီစဥ်ပေးလိုက်မယ်”
ယနေ့ စားသောက်ပွဲသည်က လင်းရန်တစ်ယောက်တည်း၏ ကြိုးစား အားထုတ်မှုချည်းသာ မဟုတ်ဘဲ သူမအဖေ လင်းကျန်းအန်း၏ ကူညီပေးမှုလည်းပါ၀င်ပေသည်။
ထို့ကြောင့် ဖခင်နှင့်သမီး နှစ်ဦးလုံးအတွက် ဟုန်ပေါင်းများအား မပေးမဖြစ် ပေးသင့်သည်။
ချန်၀မ်က လုပ်သည့်သည့်အရာကို သဘောပေါက်နေကြောင်းကို တွေ့လိုက်ရပြီးနောက်
ချန်ဝမ်၏ဇနီးသည်လည်း စကားပြောသည်ကို ရပ်လိုက်ကာ အစားအသောက်များကိုသာ သဘောကျနှစ်ခြိုက်စွာဖြင့် မြိန်ရေယှက်ရေ စားသောက်နေခဲ့တော့သည်။
ချန်ဝမ်လည်း နောက်ကောက်မကျစေဘဲ သူ၏တူများကို အလျင်အမြန်ယူကာ အစားအသောက်ကို အားပါးတရ စားသောက်ခဲ့သည်။
သူတို့က ထမင်းစားခန်းထဲ၌ ထမင်းဟင်းများကို ကျေနပ်စွာ စားသောက်နေကြစဉ် မီးဖိုချောင်ထဲရှိ လင်းရန်နှင့် လင်းကျန်းအန်းတို့သည်ကား အလုပ်များ ပြီးစီးသွားပြီဖြစ်၍ အတော်လေးပင် စိတ်ပေါ့ပါးသွားကြသည်။
လင်းရန်နှင့် သူမ၏အဖေ လင်းကျန်းအန်းတို့က ဟင်းပွဲများကို အတူတကွ သယ်ယူသွားပေးခဲ့ကြပြီး အခန်းထဲ၌ ရှိနေသည့်လူများစွာအတွက် ဖြည့်စွပ်ထည့်ပေးခဲ့ကြသည်။
လင်းရန်အနေနဲ့ ထိုလူများထဲတွင် လော်မိသားစုဝင်များ ရှိ၊မရှိကိုပင် သေချာစွာ လိုက်မကြည့်နိုင်ခဲ့ပေ။
သို့သော်လည်း လင်းကျန်းအန်း၏
မျက်နှာအမူအရာမှာ အနည်းငယ် မကောင်းသည်ကို သူမ မြင်လိုက်ရသည်။
အထူးသဖြင့် သူမ၏ဖခင်က ချန်ဝမ်ထံသို့ သွားစေကာ အစားအသောက်ချမည့်အချိန်ကို မေးမြန်းပြီးသည့်နောက်၌ သူမဖခင်၏ မျက်နှာအမူအရာသည်က တစ်ခုခုမှားယွင်းနေခဲ့သည်။
လင်းရန် စိတ်ထဲ၌ သေချာစွာ သိပေသည်။ လင်းကျန်းအန်းအနေဖြင့် တစ်စုံတစ်ယောက်နှင့်တွေ့ခဲ့ပြီး ထိုလူသည်လည်း သူ မကြိုက်သည့်သူတစ်ဦးသာ ဖြစ်ရပေမည်။
ဤအခြေအနေကို သုံးသပ်ကြည့်လျှင် လော်မိသားစု ဤနေရာတွင် ရောက်နေသည်မှာ သေချာလုနီးပါးဖြစ်နေလေပြီ။
သို့သော်လည်း အခြေအနေကို အတည်ပြုရန် လင်းရန် နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မေးလိုက်သည်။
“အဖေ၊ ခုနက လော်မိသားစုကို မြင်ခဲ့တာလား?”
လင်းကျန်းအန်းအနေဖြင့် လင်းရန်မှ ဤသည်ကိုသိလိမ့်မည်ဟု မထင်ထားခဲ့သည့်အတွက် ခဏတာမျှ တွေဝေသွားခဲ့သော်လည်း ခေါင်းညိတ်လိုက်သည်။
“အင်း၊ မင်း ဒေါ်လေးရဲ့ ယောက္ခမဟောင်းတွေက အထဲမှာ စားသောက်နေကြတယ်”
လော်မိသားစုနှင့် ချန်ဝမ်တို့မိသားစုက ဆွေမျိုးတော်စပ်သည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ယခင်က သူတို့ပြောသည်ကိုလည်း
တစ်ခါမျှ မကြားဖူးပေ။
မူလက လော်ရှင်းဝမ်နှင့်တွေ့သည့်အချိန်တွင် လင်းကျန်းအန်းအနေဖြင့် သူ၏ညီမဖြစ်သူ လင်းကျန်းဖူအကြောင်းကို မေးချင်ခဲ့သော်လည်း ယနေ့သည်က ချန်ဝမ်၏ယောက္ခမမွေးနေ့ဖြစ်နေသည်ကို စဥ်းစားမိသည့်အတွက် နောက်ဆုံး၌
မမေးတော့ရန် ဆုံးဖြတ်ခဲ့သည်။
သူတို့ ဤနေရာမှ ထွက်သွားပြီးသည့်အချိန်မှသာ လော်ရှင်းဝမ်နှင့် စကားပြောရန် အခွင့်အရေးရှာဖို့ တွေးတောခဲ့မည်။
လင်းရန်မှာ ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးသေးသည့်အတွက် ဤအချိန် ခဏတာအတွင်း ပိုမိုကောင်းသည့်
အကြံဥာဏ်များကို မပေးနိုင်ခဲ့ပေ။
ထို့ကြောင့် သူတို့ ဖခင်နှင့်သမီးနှစ်ယောက် ဤနေရာမှာပင် စောင့်ကာ အခွင့်အရေးကို ရှာရန် တွေးတောခဲ့ကြသည်။
*