အခန်း (၁၄၅)
Vol. 15 Ch. 145
လော်ရှင်း၀မ်တစ်ယောက် အခြေအနေများကို စဥ်းစားမိလျှင်
အနည်းငယ် စိတ်ပူသွားခဲ့ရပြီး
အချိန် ခဏတာအတွင်း၌ သူ၏ရှေ့မှ ပြဿနာအား မည်သို့ ဖြေရှင်းရမည်မှန်း မသိဖြစ်လာခဲ့ရသည်။
တစ်ဖက်လူမှသာ ရုတ်တရက် ပြောလိုက်လိုက်ပါက သူမတိုင်ခင်က ပြောခဲ့သည့် ကိစ္စနှင့်ပတ်သက်သည့် အမှန်တရားအား ဖော်ထုတ်မိသွားနိုင်သည်။
လင်းကျန်းအန်းနှင့်လင်းရန်မှ
အဘိုးလီကို ဤကဲ့သို့ပျော်ရွှင်အောင်
လုပ်နေသည်ကို ကြည့်နေရသည်မှာ
သူ့အား အလွန်ပင်စိတ်မသက်မသာ ဖြစ်စေသည်။
လော်ရှင်းဝမ်တစ်ယောက် စိုးရိမ်တကြီးဖြင့် ဤအခြေအနေကို မည်သို့ ဖျက်ဆီးရမည်မှန်းမသိ ဖြစ်နေစဉ်မှာပင် လင်းရန်က သူ့ဖက်သို့
ရုတ်တရက် ကြည့်လိုက်ခဲ့ကာ လီမိသားစုရှေ့၌ပင် နှုတ်ဆက်လိုက်သည်။
“ မျိုးဆက်ကို စဉ်လိုက်ပြီးသတ်မှတ်မယ်ဆိုရင် ကျွန်မက ရှင်တို့ကို အဘိုးလော်နဲ့အဘွားလော်လို့ ခေါ်ရမှာပေါ့၊ ဘာလို့လဲဆိုတော့ ရှင်တို့နှစ်ယောက်က ကျွန်မဒေါ်လေးရဲ့ ယောက္ခမတွေ ဖြစ်ခဲ့ဖူးတာကိုး
အခုကတော့ ဒီလိုမျိုးဆက်ဆံရေးမရှိတော့ရင်တောင် ကျွန်မက အငယတစ်ယောက်အနေနဲ့ ယဥ်ကျေးမှုရှိရှိ နှုတ်ဆက်ရမှာပဲ၊ ဟုတ်တယ်မလား?”
လင်းရန်မှ ထိုစကားများကိုပြောလိုက်သည်ကို ကြားသည့်အခါ အခန်းထဲ၌ ရှိသည့်သူများအားလုံးက အံ့အားသင့်သွားကြသည်။
အထူးသဖြင့် လီမိသားစုဝင်များမှာ
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။
လင်းရန် ပြောသည့်ပုံအရဆိုလျှင်
လင်းရန်၏ဒေါ်လေးသည်က မတိုင်ခင်က လော်ရှင်းဝမ်နှင့် သူ၏ဇနီး ပြောခဲ့သည့် အကောင်းအဆိုးကို မသိနားမလည်ဘဲ သူတို့နှင့် သူတို့၏သားကို ဒုက္ခပေးခဲ့သည့်ချွေးမလား?!
လော်ရှင်းဝမ်နှင့် သူ၏ဇနီး ခဏက
ပြောခဲ့သည့် အဖြစ်အပျက်များကြောင့် လီမိသားစု၀င်များသည်က လင်းရန်နှင့် လင်းကျန်းအန်းအား
စကားလုံးများထက် ပိုသည့်အကြည့်များနှင့် ကြည့်နေခဲ့ကြသည်။
လော်ရှင်းဝမ်နှင့် သူ၏ဇနီးသည်တို့မတိုင်ခင်က ပြောသည့် စကားများအရ သူတို့၏ ချွေးမဟောင်းသည် ထူးဆန်းသည့် အမျိုးသမီးဟု သတ်မှတ်နိုင်သည်။
ထိုကဲ့သို့သော အမျိုးသမီးမျိုးနှင့်
ဆွေမျိုးတော်စပ်ချင်သည့်သူ မည်သူမှ ရှိမည်မဟုတ်ပေ။ သို့သော်
ယနေ့ သူတို့ စားသောက်သည့် စားကောင်းသောက်ဖွယ်များမှာ
ထိုထူးဆန်းသည့်ချွေးမ၏ တူမမှ
ချက်ပြုတ်ထားခြင်းဖြစ်ကြောင်း
သူတို့ မထင်မှတ်ထားခဲ့ကြပေ။
အထူးသဖြင့် မတိုင်ခင်အချိန်က သူတို့သည်ကား ဤအစားအသောက်များကို အလွန်ပျော်ရွှင်စွာ စားသောက်ခဲ့ကြသည်။
သို့သော် သူတို့က လင်းရန်၏ဒေါ်လေးအပေါ် မကျေမနပ် ပြောဆိုခဲ့မိကြသေးသည်။ ထိုအကြောင်းကို စဥ်းစားမိသည့်အခါ လီမိသားစု၀င်များမှာ ရုတ်တရက် အနည်းငယ် ရှုပ်ထွေးသွားက အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
လင်းရန်က လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ၌ လော်ရှင်းဝမ်မှ သူမတို့၏ နောက်ကွယ်၌
လီမိသားစု၀င်များအား သူတို့လင်းမိသားစုအကြောင်း မကောင်းပြောထားသည်ကို ရိပ်မိသိရှိလိုက်သည်။
အမှတ်တကယ်တမ်းတွင် လင်းရန်သည်က လော်ရှင်းဝမ်၏မိသားစုနှင့် သူမ၏ဆက်ဆံရေးကို ရုတ်တရက်ဖော်ထုတ်ရသည့် အကြောင်းရင်းမှာ လော်ရှင်းဝမ်နှင့် သူ၏ဇနီးတို့က အဖေလင်းနှင့် သူတို့သိကျွမ်းသည်ကို မဖော်ထုတ်လိုဘဲ တမင်တကာရှောင်တိမ်းနေပုံရသည်ကို သူမ တွေ့မြင်လိုက်သည့်အတွက်ကြောင့်သာ ဖြစ်သည်။
လော်မိသားစုသည်က သူတို့၏သားနှင့်ချွေးမအား ကွာရှင်းစေရန် အတင်းအကျပ် လုပ်ခဲ့မည်မှာ သေချာပေသည်။
လော်ကတော် မေးပြီးသည်နှင့်တစ်ပြိုင်နက် လော်ရှင်းဝမ်က လော်ကတော်အား လျင်မြန်စွာ ကြည့်ခဲ့သည်မဟုတ်ပါလား။ထိုသူမှ သူ၏ဇနီးဖြစ်သူမှ ထိုသို့ပြောသည်ကို မကြိုက်သည်မှာ သေချာပေသည်။
လော်ရှင်း၀မ်ထံ၌ ဤကဲ့သို့ ပုံမှန်မဟုတ်သည့် အကြည့်မျိုးရှိသည်မှာ သူ့ထံတွင် တစ်စုံတစ်ခု မူမမှန်သည့်အတွက်ကြောင့်ဟု လင်းရန် ခန့်မှန်းမိလိုက်သည်။
လင်းရန်သည်ကား အိမ်ထဲသို့ဝင်စဉ်က ချန်၀မ်၏ ညည်းညူသည်ကို ကြားခဲ့သည်။ ချန်၀မ်ဘက်မှ
ထိုဇနီးမောင်နှံနှစ်ယောက်အပေါ်၌ ကောင်းမွန်သည့်အထင်အမြင်မရှိသည်မှာ သိသာပေသည်။
ထို့ကြောင့်သာ လင်းရန်က သူတို့၏ မိသားစုနှစ်စုကြားမှ ဆက်ဆံရေးကို ဖျက်ဆီးရန် ထိုကဲ့သို့ ပြောဆိုဝံ့ခဲ့ခြင်းပင်ဖြစ်သည်။
သူမတို့ကြားမှကိစ္စကို ဖော်ထုတ်လိုက်ခြင်းအားဖြင့် အနာဂတ်တွင် လီမိသားစုအား လော့ရှင်းဝမ်နှင့် သူ၏ဇနီးတို့၏ လှည့်စားမှုမှ ကာကွယ်ပေးနိုင်ပေသည်။
“ရှောင်လင်း၊ မင်းတို့က အရင်က ဆွေမျိုးတွေလား၊ ငါဘာလို့ အရင်ကမကြားဖူးရတာလဲ?”
လင်းရန်အား အချိန်ကြာမြင့်စွာ သိခဲ့သည့်သူတစ်ယောက်အနေဖြင့် ချန်ဝမ်သည်က လင်းရန်နှင့်လော်ရှင်းဝမ်တို့ ကိစ္စ၌ လင်းရန်ဘက်သို့ လုံးဝပင်
ခြွင်းချက်မရှိ ရွေးချယ်ပေလိမ့်မည်။
လော်ရှင်းဝမ်မှ သူ၏ချွေးမဟောင်းအကြောင်းကို မကောင်းကြောင်း အမျိုးမျိုးပြောသည်ကိုကြားသည့်အချိန်၌ ချန်၀မ်မှာ အံ့အားသင့်ခဲ့ရသော်လည်း ယခု လော်ရှင်း၀မ်ပြောသည့် ချွေးမဟောင်းဆိုသည်မှာ လင်းရန်၏ ဒေါ်လေးဖြစ်နေသည့်အတွက် ထိုသို့ ဖြစ်နိုင်သည်၊မဖြစ်သည်ကို သေချာစွာ စဉ်းစားရပေတော့မည်။
လော်ရှင်းဝမ်၏ စကားများသည်က မည်မျှလောက်အထိ ယုံကြည်ရပါမည်နည်း။
အချိန်အတော်ကြာစွာ အတူနေခဲ့ပြီးသည့်နောက် ချန်၀မ်က လင်းရန်၏ အကျင့်စရိုက်ကို နားလည်ခဲ့သည်။
ထို့ပြင် လင်းမိသားစုဆိုသည်မှာ ကွန်မြူနတီ အနီးနားပတ်၀န်းကျင်၌ လူသိများကာ ဖော်ရွေသည့် မိသားစုဖြစ်သည်။
လင်းမိသားစုအနေဖြင့် ဤကဲ့သို့ အကျင့်စရိုက် ထူးဆန်းသည့်သူကို သေချာပေါက်ပင် မွေးထုတ်ပေးခဲ့မည်မဟုတ်ချေ။
လော့်ရှင်းဝမ်နှင့်သူ၏ဇနီးတို့သည်က
သူ၏ ယောက္ခမမွေးနေ့အား
ဂုဏ်ပြုရန် ရောက်လာခဲ့ကြပြီး
သူတို့သား၏ အလုပ်ကိစ္စအကြောင်းကိုပင် မွေးနေ့ပွဲ၌ အကြောင်းမဲ့စွာ ပြောခဲ့ကြသေးသည်။
ထိုနောက်ကွယ်၌ မည်သို့သော ကြံစည်တွက်ချက်မှု များ ရှိနေသည်ကိုမူ ချန်၀မ်မသိနိုင်ပေ။
ချန်၀မ်မေးလာသည်ကို မြင်သည့်အခါ၌ လင်းရန်ကလည်း အခွင့်အရေးကို အရယူကာ ထိုကိစ္စအား
ထပ်၍ ပြောလိုက်သည် ။
“ပိုပြီးတိကျအောင် ပြောရရင်တော့ အရင်က ဆွေမျိုးဟောင်းတွေပါ၊ ဘာလို့လဲဆိုတော့ ကျွန်မဒေါ်လေးက လော်မိသားစုနဲ့ ဘာမှမပတ်သက်တော့ဘူးလေ၊
ဒါပေမဲ့ ဆွေမျိုးမဟုတ်တော့ရင်တောင် ရန်သူတွေတော့ မဟုတ်တဲ့အတွက် အငယ်တစ်ယောက်အနေနဲ့ အကြီးတွေကို တွေ့ရင် ယဉ်ကျေးမှုအရ နှုတ်ဆက်ရမှာပေါ့”
ချန်ဝမ် ဤသည်ကို ကြားသည့်အခါ
ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲလေ”
လင်းရန်ပြောလိုက်သည့် စကားများနှင့် လော်ရှင်းဝမ်တို့လင်မယားမှ သူတို့၏ ချွေးမဟောင်းအား လူရှေ့သူရှေ့၌ မကောင်းပြောခဲ့သည်ကို နှိုင်းယှဉ်ပါက လင်းရန်၏စကားများမှာ အလွန်ပင် ယဥ်ကျေးနေပေသေးသည်။
“ကျွန်မနဲ့ ကျွမ်မရဲ့အဖေလည်း
အဘိုးလော်တို့မိသားစုက ဦးလေးချန်တို့မိသားစု သိနေကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ အစောကတည်းက ဒီလိုမှန်းသာ သိခဲ့ရင် အဘိုးလီကို ကျွန်မချက်တဲ့အစားအသောက်တွေကို စောစောစီးစီးမြည်းစမ်းစေခဲ့မိမှာပဲ”
လင်းရန်က ဤသည်ကို ရယ်စရာသဘောဖြင့်ပြောလိုက်လေသည်။
အဘိုးလီကလည်း မနေနိုင်ဘဲ ပြန်၍ ပြောလိုက်သည်။
“ဟုတ်သားပဲ၊ ဒီလိုဆက်ဆံရေးမျိုးရှိတယ်ဆိုတာသာ သိခဲ့ရင် စားဖိုမှူးလေး ရှောင်လင်း ချက်တဲ့ အစားအသောက်ကို ငါ စောစော စားခဲ့ရမှာပေါ့၊ ဟားဟား”
လော်ရှင်းဝမ်နှင့်သူ၏ဇနီးတို့မှာ
မည်သူက သူတို့အား ဆွေမျိုးများဖြစ်ကြောင်း ပြောချင်မည်နည်းဟု စိတ်ထဲ၌ တီးတိုးရေရွတ်နေကြသည်။
အဘိုးလီပြောသည်ကို ကြားရသည့်အခါ သူတို့ လင်မယားနှစ်ယောက်သည်လည်း ပြုံးပြကာ ပြန်၍ ပြောလိုက်ရသည်။
“ဟုတ်ပါတယ်၊ ဒါပေမဲ့ စကားပုံရှိတယ်လေ၊ အစားအသောက်ကောင်းကို စားတယ်ဆိုတာ ဘယ်တော့မှ နောက်ကျတယ်လို့ မရှိဘူးတဲ့၊ ဒါကြောင့် အခုမှ အချင်းချင်းသိကျွမ်းရင်လဲ နောက်မကျသေးပါဘူး”
လင်းရန်က သူ့အားပြုံးပြကာ ပြန်ဖြေလိုက်သည်။
“မှန်ပါတယ်၊၊ ဒါတော်တော်ကောင်းတဲ့စကားပုံပဲ၊ ကျွန်မဒေါ်လေးရဲ့အိမ်ထောင်ရေးလိုပေါ့၊ အစားအသောက်ကောင်းစားရတဲ့အချိန် နောက်ကျမှာကို စိုးရိမ်စရာ မလိုသလိုဘဲ နောက်ကျရင်သေချာပေါက် ပိုကောင်းတဲ့သူနဲ့ တွေ့မှာပါ၊
စကားမစပ် အဘိုးလော်ရဲ့သားနဲ့ ချွေးမအသစ်တို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့လည်း ကျွန်မ ဆုတောင်းပေးပါတယ်၊ မကြာခင် ဝတုတ်တဲ့ကလေးတစ်ယောက်ကိုလည်း မွေးနိုင်ကြပါစေ”
လင်းရန် ထိုစကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် လော်ရှင်းဝမ်နှင့် ဇနီးတို့၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။
သို့သော် သူတို့သည် မျက်နှာပေါ်မှ အပြုံးများကို ထိန်းထားနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားကာ
ပြန်၍ ပြောလိုက်သည်။
“ဒီကလေးမလေး ဘာတွေပြောနေတာလဲ၊ငါတို့ရဲ့ သားနဲ့ မင်းရဲ့ဒေါ်လေးနဲ့က အခုမှ ကွာရှင်းထားတာလေ၊ ဘယ်လိုလုပ်ပြီး အသစ်တစ်ယောက်ကို ဒီလောက်မြန်မြန် ရနိုင်မှာလဲ၊ အပြင်လူတွေရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို မယုံပါနဲ့”
လော်ရှင်း၀မ်သည်ကား မတိုင်ခင်က လီမိသားစုရှေ့၌ သူ၏သားမှ သူ၏ဇနီးဟောင်းကြောင့် မည်မျှဝမ်းနည်းနေရကြောင်း ပြောထားခဲ့သည်။
သူ၏သားတွင်သာ အိမ်ထောင်ဖက်အသစ်ရှိသည်ကို လီမိသားစု၀င်များ သိသွားပါက ကိစ္စအားလုံးကို ဖော်ထုတ်ခံရမည် မဟုတ်ပါလား။
ထို့ကြောင့် လော်ရှင်းဝမ်တစ်ယောက်
သေရမည်ဆိုလျှင်ပင် ထိုကိစ္စအား ဝန်ခံမည်မဟုတ်ပေ။
လင်းရန်က လော်ရှင်းဝမ်၏ စကားအဓိပ္ပာယ်ကို နားမလည်ခဲ့ပုံရသည်။ သူမသည်က အံ့အားသင့်စွာဖြင့် ပြန်၍ ပြောလိုက်သည်။
“ဟင်.. ဦးလေးလော်ပင်းက ခရိုင်မြို့မှာ ကြင်ဖက်ချိန်းတွေ့ခဲ့တာ အဆင်မပြေခဲ့ဘူးလား”
သူမက သက်ပြင်းချလိုက်ကာ
လော်ရှင်းဝမ်နှင့်သူ၏ဇနီးတို့ကို
နှစ်သိမ့်ဟန်ဆောင်လိုက်သည်။
“အဘိုးလော်၊ အဲဒီလောက်ကြီးလည်း စိတ်ဓာတ်မကျပါနဲ့၊ ဒီတစ်ယောက်နဲ့ အဆင်မပြေရင်လည်း
ကိစ္စမရှိပါဘူး၊ နောက်တစ်ယောက်နဲ့ သေချာပေါက် အဆင်ပြေမှာပါ၊
အဘိုးလော်ရဲ့ အကူအညီနဲ့ မိတ်ဆက်ပေးမှုနဲ့ဆိုရင် ဦးလေးလော်က ရက်အနည်းငယ်အတွင်းမှာ ပိုပြီးသင့်တော်တဲ့အိမ်ထောင်ဖက်ကို ရှာနိုင်မှာ သေချာပါတယ်၊
ပြီးတော့ သူက အဘိုးလော်တို့အတွက် ဝ၀ကစ်ကစ် မြေးလေးတစ်ယောက် အမြန်ဆုံး မွေးပေးနိုင်မှာပါ!”
လော်ကတော်မှာ ဤစကားများကို
ကြားသည့်အခါ မပျော်ရွှင်တော့ပေ။
သူမက လင်းရန်အား အော်ဟစ်ကာ ပြောလိုက်သည်။
“နင် ဘယ်လိုစကားပြောတာလဲ၊ အဆင်မပြေဖြစ်နေတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ နင်စကားရော
ပြောတတ်ရဲ့လား”
သူမ ယခု အမုန်းဆုံးအရာမှာ သူမ၏ သားဖြစ်သူ လော်ပင်း၏အိမ်ထောင်ရေးနှင့်ပတ်သက်၍ မကောင်းသည့်စကားများ ကြားရခြင်းကိုပင်ဖြစ်သည်။
လက်ရှိ၌ သူမ သားနှင့်ယခု တွေ့နေသည့် မိန်းကလေးမှာ အလွန်ကောင်းမွန် သည့်သူတစ်ယောက်ဖြစ်ရုံသာမက အခြေအနေကောင်းသည့်မိသားစုမှလည်း ဖြစ်နေသေးသည်။
ထိုမိန်းကလေး၏ ခန္ဓာကိုယ်၊ ရုပ်ရည်နှင့်ဆိုလျှင် ကလေးတစ်ယောက်ရနိုင်မည်မှာ သေချာပေသည်။
ထိုကိစ္စသာ အဆင်မပြေဖြစ်သွားပါက သူမ ဒေါသအလွန်အမင်းပင် ဒေါသထွက်မိပေလိမ့်မည်။
ထို့ကြောင့် လင်းရန်မှ ထိုသို့ပြောဆိုနေသည်ကို သူမ ကြားသည့်အခါ ဒေါသထွက်သွားခဲ့ခြင်းဖြစ်သည်။
သူမ၏ဘေးမှ လော်ရှင်းဝမ်မှာ သူမ၏စကားများကို ကြားသည့်အခါ၌ လုံးလုံးလျားလျားပင်
စိတ်ပျက်သွားခဲ့သည်။
လော်ကတော်ထံမှ ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လီမိသားစု၀င်များက လော်ဇနီးမောင်နှံနှစ်ယောက်အား တစ်စုံတစ်ခုမှားယွင်းနေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြသည်။
_လော်မိသားစုရဲ့ သားက
ယခုလေးတင်ကမှ ကွာရှင်းထားတာ မဟုတ်ဘူးလား။
_ဘာလို့ လော်ရှင်းဝမ်ရဲ့သားက ဒီလောက်မြန်မြန်ဆန်ဆန် အိမ်ထောင်ဖက်အသစ် တွေ့သွားရတာလဲ?
_ ပြီးတော့ လင်းရန်နဲ့ လော်ကတော်ရဲ့ စကားအရဆိုရင် လော်ရှင်းဝမ်ရဲ့သားက ဒီအိမ်ထောင်ဖက်အသစ်နဲ့ ဆက်သွယ်တာ မကြာသေးဘူးရင်တောင် အနည်းဆုံး ဒီနှစ်ရက်တာအတွင်းမှာတော့ မဟုတ်လောက်ဘူး။
ဒါက......
_သူတို့တွေက မကွာရှင်းခင်ကတည်းက အဆက်အသွယ်ရှိခဲ့တာများလား။
_ဒါဆိုရင် လင်းရန်ရဲ့ ဒေါ်လေး၊ သူတို့ရဲ့ ချွေးမဟောင်းက အရမ်းသနားစရာကောင်းတာပဲမဟုတ်ဘူးလား?
_လော်ရှင်းဝမ်နဲ့ သူ့ဇနီးတို့က သူတို့ရဲ့မေးခွန်းဖြစ်တဲ့ “သူတို့ရဲ့ချွေးမဟောင်းက သူတို့အိမ်မှာ ဒီလောက်ကောင်းကောင်းမွန်မွန် နေရတာကိုတောင် ဘာလို့ကွာရှင်းဖို့ အတင်းအကျပ်လုပ်တာလဲ”ဆိုတာကို ပြန်မဖြေခဲ့တာ အံ့သြစရာမရှိတော့ပါဘူး။
_ဒါက တစ်ဖက်အမျိုးသမီးမှာ ဦးနှောက်ပြဿနာရှိလို့မဟုတ်ဘဲ လော်မိသားစုရဲ့လုပ်ရပ်ကို သည်းမခံနိုင်တော့လို့ ဖြစ်တာပဲ!
_ဘယ်လောက်ပဲ စိတ်သဘောထားကောင်းမွန်ပါစေ၊ ကိုယ့်ရဲ့ခင်ပွန်းက ကိုယ်နဲ့ မကွာရှင်းခင် တခြားမိန်းမတွေနဲ့ တွဲနေတာကို စဥ်းစားမိရင်
ဘယ်သူမှ သည်းခံနိုင်မှာမဟုတ်ဘူး။
_ဒါကြောင့် လင်းရန်ရဲ့ ဒေါ်လေးက အကောင်းအဆိုးကို မသိတာမဖြစ်နိုင်လောက်ဘူး။သူမက သည်းမခံနိုင်လိုကွာရှင်းခဲ့ရတာပဲ ဖြစ်ရမယ်။