အခန်း (၁၄၈)
Vol. 15 Ch. 148
လင်းကျန်းဖူတစ်ယောက် မြို့သို့သွားကာ အလုပ်အကိုင်အခွင့်အရေးများ ရှာကြည့်ရန် စဥ်းစားခဲ့သော်ငြားလည်း မြို့၌ သူမ အသုံးချနိုင်သည့် အဆက်အသွယ်များမရှိတော့သည်ကို သတိရလိုက်သည်။
ကိုယ်တိုင် အလုပ်ရှာကာ စက်ရုံအလုပ်ဝင်လုပ်ရန်အတွက်လည်း မည်သို့မှ မဖြစ်နိုင်ပေ။
မြို့မှ လူများအတွက်ပင် အလုပ်နေရာများ မလုံလောက်သည့်အတွက် သူတို့အတွက်ဆိုလျှင် ပို၍ ဝေးပေသေးသည်။
လင်းကျန်းဖူ တိတ်ဆိတ်သွားကာ အနာဂတ်အား စဥ်းစားနေစဉ်မှာပင် လင်းရန်က ချန်ဝမ်ထံမှ ရခဲ့သည့် ဟုန်ပေါင်းကို ရုတ်တရက် ထုတ်လိုက်သည်။
ဟုန်ပေါင်းဟု ပြောသော်လည်း
အမှန်တကယ်တွင် သတင်းစာနှင့်
ထုပ်ထားသည့် စာအိတ်တစ်အိတ်သာဖြစ်ပေသည်။
လင်းရန် ထိုအိတ်ကို ဖွင့်လိုက်သည့်အခါ အထဲ၌ ငွေဆယ်ယွမ်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဤငွေပမာဏသည်ကား တစ်လခွဲစာ လစာထက်ပို၍များပြားသည်။
ချန်ဝမ်၏မိသားစုသည်က အမှန်တကယ်ပင် ပေးကမ်းရက်ရောသည်ဟု ပြောရပေမည်။
ယနေ့သူမပြင်ဆင်ခဲ့သည့်
ကြက်၊ ဘဲ၊ ငါးစသည့် ပါဝင်ပစ္စည်းများ၏ တန်ဖိုးများကို နှုတ်လိုက်ပါက သူမ၏ ယနေ့ စားဖိုမှူး အဖြစ်
သွားလုပ်သည့် လုပ်အားခမှာ ငါးယွမ်ခြောက်ယွမ်မျှ ရခဲ့မည်ဆိုလျှင်ပင် ဤသည်မှာ အတော်လေးပင် ဝင်ငွေကောင်းနေပြီဟု ဆိုနိုင်လိမ့်မည်။ သို့သော် တစ်ဖက်မှ ဆယ်ယွမ် ထည့်ပေးခဲ့သည်။
“ရန်ရန်၊ ဒါက မင်း ဒီနေ့ ရှာလာတဲ့ပိုက်ဆံတွေလား”
သူမ၏ဘေးမှ လင်းကျန်းဖူမှာ ထိုငွေစက္ကူများကို မြင်သည့်အခိုက်တွင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
လင်းရန်က ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။
“တိတိကျကျ ပြောရရင် ဒါက ကျွန်မ တစ်မနက်လုံး ကြိုးစားပြီး ရှာခဲ့တာပါ”
ဤနှစ်များအတွင်း၌ လူတိုင်း၏ စီးပွားရေးအခြေနေမှာ သိပ်ပြီးအဆင်ပြေကြွယ်၀နေကြသည်မဟုတ်ပါချေ။
သို့သော် ပျော်ပွဲရွှင်ပွဲ မင်္ဂလာပွဲများ
ကျင်းပကြသည့်အခါ၌ ပွဲအောင်မြင်မှုအတွက် အပိုထပ်ဆောင်းငွေသားများကို ရက်ရောစွာ ပေးကမ်းကြသည်။
ထို့ကြောင့် ချန်ဝမ်သည်က လင်းရန်၏ပင်ပန်းကြေးအဖြစ် တစ်ဆယ်ယွမ် ထုတ်ပေးရန် ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။
သူမဖခင်၏ ပိုက်ဆံပမာဏကို
လင်းရန် မမြင်ရသေးသော်လည်း ခန့်မှန်းချက်အရ တစ်ယွမ် သို့မဟုတ် ဆင့်ငါးဆယ်ခန့် ဖြစ်ပေလိမ့်မည်။
ဤပမာဏမှာလည်း အတော်များပေသည်။
လင်းကျန်းဖူတစ်ယောက် ဤသည်ကိုကြားသည့်အခါ၌ အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့သည်။
လင်းရန်၏ ငွေရှာနည်းအတိုင်းဆိုပါက တစ်လလျှင် သုံးကြိမ်မှငါးကြိမ်မျှ
မီးဖိုချောင်သို့သွားရုံဖြင့် ယွမ်ဆယ်ဂဏန်းရနိုင်ပေသည်။
ဤသည်မှာ အလုပ်ကြမ်းလုပ်ရသည့် အလုပ်သမားအများစု၏ ဝင်ငွေထက် ပိုများသည် မဟုတ်ပါလား။
အခြားသူများမှာ နေ့တိုင်းအလုပ်သွားနေရသော်လည်း လင်းရန်မှာ ထမင်းတစ်နပ်သာ ချက်ရန် လိုပေသည်။
အချိန်၊ အင်အားသုံးစွဲမှုနှင့် ၀င်ငွေကို နှိုင်းယှဥ်လိုက်ပါက လင်းရန်၏အလုပ်သည်ကား ပို၍လွယ်ကူကာပို၍ အမြတ်ရသည်မှာ သိသာထင်ရှားပေသည်။
ခဏတာအတွင်း၌ လင်းကျန်းဖူမှာ
လင်းရန်အား အနည်းငယ်မျှ မနာလိုအားကျစိတ် ဖြစ်လာခဲ့သည်။
သို့သော် သူမအနေဖြင့် သူမ၏တူမဖြစ်သူ လင်းရန်အား သူမကို အချက်အပြုတ်ကျွမ်းကျင်စေရန် သင်ပေးခိုင်းရလောက်သည်အထိ မျက်နှာပြောင်မတိုက်နိုင်ပေ။
လင်းကျန်းဖူ၏ ချက်ပြုတ်စွမ်းရည်မှာ ငယ်စဥ်ကတည်းက သိပ်မကောင်းခဲ့ပေ။
သူမအနေဖြင့် ထမင်းကိုသာ ချက်တတ်ခဲ့သည်။
ထို့အပြင် သူမသာ အချက်အပြုတ်စွမ်းရည်ကိုသာ သင်ယူလိုက်မည်ပါက လင်းရန်၏ အလုပ်ကို လုရမည် မဟုတ်ပါလား။
ဤသည်မှာ လုံး၀ပင် မဖြစ်နိုင်ပေ။
ထို့ကြောင့် လင်းကျန်းဖူက လင်းရန်အား ထိုစကားမျိုးကို မည်သည့်အခါမှ ပြောမည်မဟုတ်သကဲ့သို့ လင်းရန်နှင့်တူညီသည်လုပ်ငန်းမျိုးကိုလည်း လုပ်မည်မဟုတ်ပေ။
တစ်ဖက်တွင်တော့ လင်းရန်က အနည်းငယ်စဥ်းစားကာ
လင်းကျန်းဖူအား မေးလိုက်သည်။
“ဒေါ်လေး၊ ဒေါ်လေးရဲ့ ချက်ပြုတ်စွမ်းရည်တွေက ကျွန်မအဖေနဲ့ ယှဉ်ရင် ဘယ်လိုအခြေအနေရှိလဲ?”
လင်းကျန်းဖူ မှင်တက်သွားခဲ့သည်။
သူမ၏ ချက်ပြုတ်စွမ်းရည်မှာ မကောင်းမွန်ဟု ပြောတော့မည့်ဆဲဆဲတွင်
လင်းရန်၏ စကားနောက်မှ သူမ၏ အဖေနှင့်ဟု နှိုင်းယှဉ်သည်ကို ကြားလိုက်ရသည်။
သူမ သေချာစွာ စဥ်းစားပြီးသည့်နောက်၌ လင်းရန်အား ပြောလိုက်သည်။
“ မင်းအဖေနဲ့ဆိုရင်တော့ အတူတူလောက်ပဲရှိလိမ့်မယ်”
သူတို့မိသားစုထဲတွင် မီးဖိုချောင်၌ အတော်လေးပင် ကောင်းမွန်စွာ ချက်ပြုတ်တတ်သည့် အဘွားလင်းမှလွဲ၍ ကျန်ရှိနေသည့် လင်းမိသားစုဝင်များမှာ ချက်ပြုတ်ခြင်းနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် စိတ်အားငယ်မှုများကို ခံစားကြရသည်။
ထို့ကြောင့် လင်းကျန်းဖူမှာ မူလတုန်းက သူမအနေဖြင့် မချက်ပြုတ်တတ်ဟု လင်းရန်အား ပြောရန်တွေးခဲ့ခြင်းဖြစ်သည်။
လင်းကျန်းဖူ၏ အဖြေကို ကြားပြီးသည့်နောက်၌ လင်းရန်တစ်ယောက် စိတ်သက်သာရာရသွားခဲ့သည်။
“ ဒါဆို ကျွန်မအဖေလည်း ချက်ပြုတ်နိုင်တယ်ဆိုတော့ ဒေါ်လေးလည်း ချက်ပြုတ်နိုင်မှာ သေချာတယ်!”
လင်းကျန်းဖူတစ်ယောက် စိတ်ရှုပ်ထွေးသွားသည့်ပုံမျိုးဖြစ်သွားသည်ကို မြင်သည့်အတွက် လင်းရန်ထပ်၍ ပြောလိုက်သည်။
“တကယ်တော့ ဒီနေ့ ကျွန်မအဖေ ဒေါက်တာတုန်ကို အိမ်ပြန်ပို့ပြီးတဲ့အချိန်တုန်းက ကျွန်မ ချက်ပြုတ်တဲ့နေရာမှာ လာကူညီခဲ့သေးတယ်လေ၊ ကျွန်မ တစ်ယောက်တည်းဆိုရင် အများကြီး ချက်ပြုတ်ရမှာ ၊
ပြီးတော့ အသေးအဖွဲလုပ်စရာတွေလည်း အများကြီးရှိနေသေးတယ်မလား၊
ဒါပေမဲ့ ကျွန်မရဲ့အဖေ လာကူညီလိုက်တာက ကျွန်မအတွက် ပြဿနာအများကြီး ဖြေရှင်းပေးလိုက်သလိုပဲ”
“ဒါပေမဲ့ အဖေ ကူညီပြီးလုပ်ပေးတာတွေက ရိုးရှင်းရှင်းရှင်းအလုပ်လေးတွေပါ၊ ဥပမာ- ဟင်းသီးဟင်းရွက်လှီးတာ၊ ဟင်းသီးဟင်းရွက်ရွေးတာ ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေ ပြင်ဆင်တာတွေပေါ့၊
သူလည်း ကောင်းကောင်း လုပ်နိုင်တယ်ဆိုတော့ ဒေါ်လေးလည်း လုပ်နိုင်လောက်တယ်လို့ ကျွန်မထင်တယ်!”
လင်းကျန်းဖူသည်ကား နောက်ဆုံး၌ လင်းရန်၏ အစီအစဉ်ကို နားလည်သွားခဲ့သည်။
လင်းရန်က သူမအား သူမ၏ ဒုတိယအစ်ကို လင်းကျန်းအန်းကဲ့သို့ ချက်ပြုတ်ရာ၌ ကူညီစေလိုခြင်းဖြစ်သည်။
“ရန်ရန်၊ ဒီလိုဆိုမှတော့ မင်းရဲ့ အလုပ်တွေကို မင်းအဖေကို ဘာလို့ မကူညီခိုင်းရမှာလဲ၊ ဒေါ်လေးက ဘာမှလည်း လုပ်ဖူးတာ မဟုတ်တော့ မင်းအပေါ် မကောင်းတဲ့ သက်ရောက်မှုရှိလာမှာကို စိုးရိမ်တယ်”
“အဖေက ဒီနေ့တစ်ရက်ပဲ တိုက်ဆိုင်သွားပြီး ကျွန်မကို ကူညီပေးဖို့ အချိန်ရတာလေ၊ မနက်ဖြန်ကစပြီး
သူလည်း အရမ်းအလုပ်များနေလောက်ပြီ”
လင်းကျန်းဖူတစ်ယောက် အလွန်ဖိအားများနေသည့်ပုံကို မြင်သည့်အခါ လင်းရန်ကလည်း ထပ်၍ရှင်းပြသည်။
“ပြီးတော့ ကျွန်မ အခု ပြောတာတွေကလည်း နောက်တစ်ခေါက် တခြားသူတွေက ကျွန်မကို ချက်ပြုတ်ပေးဖို့ အကူညီတောင်းတဲ့အချိန်လောက်ကိုပါပဲ၊
ဒါပေမဲ့ အခုတစ်ကြိမ်က ကျွန်မ တခြားသူတွေအတွက် သွားပြီးချက်ပြုတ်ပေးရမယ့် နောက်ဆုံးအကြိမ်လည်း ဖြစ်ရင်ဖြစ်သွားနိုင်တယ်”
လင်းကျန်းဖူက ဤသည်ကိုကြားသည့်အခါ၌ လျင်မြန်စွာပင် အလေးအနက်ထား၍ပြောလိုက်သည်။
“မင်းရဲ့ချက်ပြုတ်နည်းက ဒီလောက်ကောင်းနေတာကို၊ ဒီနေ့ အဲဒီမိသားစုက မင်းရဲ့လက်ရာကို စားပြီးသွားပြီဆိုတော့ သေချာပေါက် မင်းအကြောင်းကို တခြားသူတွေဆီမှာ မိတ်ဆက်ပေးနေလောက်ပြီ၊ မင်းကိုယ်မင်း ယုံကြည်မှု ရှိရမယ်!”
လင်းရန်သည်က သူမကိုယ်သူမ အသေအချာပင် ယုံကြည်ပါသည်။
သူမ ထိုကဲ့သို့ ပြောနေသည်မှာ လင်းကျန်းဖူအား ဖိအားမရှိစေလိုသည့်အတွက်ကြောင့်သာ ဖြစ်သည်။
“ဒါဆို ဒေါ်လေး၊ ဒါကို ကျွန်မနဲ့အတူ လုပ်ချင်လား၊ ဒေါ်လေးသာ ကူညီရင် ကျွန်မ ပိုပြီး လွယ်လွယ်ကူကူနဲ့ အဆင်ပြေပြေချက်ပြုတ်နိုင်မှာ သေချာတယ်!”
လင်းကျန်းဖူမှာ ငြင်းဆန်လိုသည့်ဆန္ဒ ရှိနေဆဲပင် ဖြစ်သည်။
သို့သော် နောက်ဆုံး၌ လင်းရန်က ထိုသို့ပြောလာသည်ဖြစ်၍ သူမမည်သို့မျှမတတ်နိုင်တော့ဘဲ ပြုံးပြကာ လင်းရန်အား ပြောလိုက်သည်။
“ကောင်းပါပြီ၊ မင်းမှာ ချက်ပြုတ်ဖို့
အခွင့်အရေးရှိလာရင် ဒေါ်လေး
သေချာပေါက် ကူညီမှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်လေးလည်း အခု ဘာမှ လုပ်စရာရှိတာမှ မဟုတ်တာ”
သူမအနေဖြင့် ယခုအချိန်၌ အားလပ်နေခဲ့ပြီး လုပ်စရာတစ်ခုခုရှိနေခဲ့ပါက ပို၍ပင် စိတ်အေးချမ်းနေရပေလိမ့်မည်။
နောက်ဆုံး၌ သူမ၏ဒေါ်လေးအား
စိတ်သက်သာရာရအောင် လုပ်နိုင်ခဲ့ပြီဖြစ်သည့်အတွက်ကြောင့် လင်းရန်လည်း တိုးညင်းစွာဖြင့် သက်ပြင်းချလိုက်သည်။
သူမ၏ ရည်ရွယ်ချက်မှာ သူမ၏ဒေါ်လေး လင်းကျန်းဖူ၏ အနာဂတ်ကို စီစဉ်ပေးရန် မဟုတ်ပေ။ လင်းကျန်းဖူတစ်ယောက် စိတ်ရှုပ်ထွေးနေရကာ ငေးငိုင်နေသည့် အသွင်အပြင်ကို မြင်နေရသည့်အတွက် စိတ်ခံစားချက်ပြောင်းလဲစေလိုခြင်းသည့်အတွက်ကြောင့်သာ ဖြစ်သည်။
အပြင်ဘက်သို့ တစ်ခါတရံ ခေါ်ဆောင်သွားပေးပါက သူမ၏ဒေါ်လေးသည်လည်း သူမ လုပ်ရမည့် ရည်မှန်းချက်အား ရုတ်တရက် သိသွားနိုင်သည်။
ထို့အပြင် သူမသည်က ၀င်ငွေမရှိသည့်အပြင် အိမ်၌ မည်သည်မှမလုပ်ဘဲ နေထိုင်နေရသည့်အတွက် သေချာပေါက်ပင် စိတ်မတည်မငြိမ် ဖြစ်နေပေလိမ့်မည်။
မီးဖိုချောင်တွင် ချက်ပြုတ်ရာ၌ ကူညီသည်မှာ ပိုက်ဆံများစွာ မရနိုင်သော်လည်း အတော်အသင့်ရနိုင်ပေသည်မဟုတ်ပါလား။
ထို့ကြောင့် အခမဲ့ကူညီရသည်မျိုးလည်း မဟုတ်ပေ။
သူမတို့နှစ်ဦး သဘောတူခဲ့ကြသော်
ထိုကိစ္စကို အချိန်အတော်ကြာအောင်စိတ်ထဲ၌ ထည့်မထားခဲ့တော့ကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့၌ ထိုကဲ့သို့ နောက်ထပ်ချက်ပြုတ်ရန် အလုပ်က မြန်မြန်ဆန်ဆန် ရရှိမည်မဟုတ်ဟု တွေးထားခဲ့ကြ၍ပင် ဖြစ်သည်။
ရောက်ရှိခဲ့လျှင်ပင် ချန်ဝမ်၏ မိသားစုကဲ့သို့ ငွေကြေး ရက်ရောသည့် အိမ်ရှင်နှင့် တွေ့ရန်လည်းမသေချာပေ။
သို့သော် အံ့သြဖွယ်ရာများသည်က ရုတ်တရက် ရောက်လာတတ်သည်ကိုမူ သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
နောက်တစ်နေ့တွင် လင်းရန်သည် ပုံမှန်အတိုင်း ကွန်မြူနတီသို့ အလုပ်သွားသည့်အခါ၌ ချန်ဝမ်ထံမှ သတင်းကောင်းကို ကြားသိခဲ့ရတော့သည်။
...
နောက်တစ်နေ့ မနက်စောစော၌
လင်းရန်တစ်ယောက် သူမ၏အဖေမှ ကျောပိုးအိတ်နှင့် ကိရိယာများကို သယ်ကာ ခေါင်းဆောင်ခေါ်သည့်
လူများနှင့် တွေ့ဆုံရန် သွားခဲ့ပြီး တောင်ပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသည်။
လင်းကျန်းအန်းသည်ကား ယမန်နေ့က နေ့လယ်ခင်းအချိန်တွင် တပ်မဟာခေါင်းဆောင်ထံမှ ပြန်လာပြီးသည့်နောက်၌ လင်းမိသားစုဝင်များထံသို့ သတင်းကောင်းတစ်ခု ယူလာခဲ့သည်။
မြို့ဆေးရုံသည်က သူတို့တောင်ပေါ်မှ ဆေးဖက်ဝင်အပင်များကို ဝယ်ယူရန် စီစဉ်နေသည်ကို ခေါင်းဆောင်သိသွားပြီးသည့်နောက်တွင်
သူတို့အဖွဲ့ထဲမှ လင်းကျန်းအန်းနှင့်အတူ အလုပ်လုပ်လိုသည့်သူများကို
ရှာဖွေမေးမြန်းကြည့်စေခဲ့သည်။
ထိုသို့မြို့ဆေးရုံနဲ့ လက်တွဲမည့်သတင်းကို လင်းကျန်းအန်းက ယူဆောင်လာခဲ့ခြင်းဖြစ်သော်လည်းသူတစ်ဦးတည်းဆိုပါက လုပ်ဆောင်နိုင်သည့်အင်အားမှာ အကန့်အသတ်ရှိနေသေးပေသည်။
လူအရေအတွက်များသာ သူနှင့်အတူ လုပ်နိုင်ပါက ထိရောက်မှုမှာ ပို၍ များပေလိမ့်မည်။
ထို့ကြောင့် ထိုကိစ္စကို လင်းကျန်းအန်း မြို့ကိုမသွားမီကတည်းက တပ်မဟာခေါင်းဆောင်နှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီးဖြစ်သည်။
တစ်စုံတစ်ဦးသာ သူနှင့်အတူ အလုပ်လုပ်ရန် ဆန္ဒရှိပါက သူသည်လည်း လုံးလုံးလျားလျားပင် လက်ခံလိမ့်မည်။
ကံအားလျော်စွာဖြင့် အဖွဲ့ထဲမှ လူတိုင်းက လင်းကျန်းအန်းအား ယုံကြည်ခဲ့ကြသည်။ ထို့အပြင် တပ်မဟာ ခေါင်းဆောင်မှ ကြားဝင်ကာ ညှိနှိုင်းပြောပြခဲ့သည့်အတွက်ကြောင့် လင်းကျန်းအန်းနှင့်ဆက်ဆံရေးကောင်းသည့် အဖွဲ့ထဲမှ နာမည်ကောင်းရှိသည့်သူ
အတော်များများက လင်းကျန်းအန်းနှင့်အတူ အလုပ်လုပ်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယမန်နေ့က တပ်မဟာခေါင်းဆောင်မှ လင်းကျန်းအန်းကို ခေါ်ခဲ့သည့်အကြောင်းရင်းမှာ သူတို့အား ကိုယ်တိုင် ဆွေးနွေးစေပြီး ဤကိစ္စကို နောင်အခါ၌ မည်သို့ စီစဉ်ကြမည်ကို
တိုင်ပင်ကြစေရန်သာဖြစ်ပေသည်။
လင်းကျန်းအန်းသည်လည်း ဤကိစ္စ၌ ဦးဆောင်သည့် ခေါင်းဆောင်ဖြစ်လာခဲ့သည်။
သူက အဖွဲ့ထဲမှ လူတိုင်းကို ထိုကိစ္စအတွက် အစီအစဉ်များဆွဲရန် စည်းရုံးခဲ့သည်။
ထို့နောက် ဆေးဖက်ဝင်အပင်များကို
ခွဲခြားသိမြင်နိုင်သည့် ရိုးရှင်းသောနည်းလမ်းအချို့ကို လူတိုင်းအား သင်ကြားပေးခဲ့သည်။
ထိုသို့ ပြင်ဆင်မှုများ လုပ်ပြီးသည့်နောက်၌ အဖွဲ့တစ်ဖွဲ့လုံး ဆေးဖက်၀င်အပင်များစုဆောင်းရေးအတွက် ယနေ့ပင် တောင်ပေါ်သို့ တက်သွားရန် ဆုံးဖြတ်ခဲ့ကြလေသည်။
ယခုတစ်ကြိမ် သူတို့ တောင်ပေါ်တက်သည်က ပြန်ဆင်းလာရန်အတွက် ရက်အနည်းငယ်ကြာမည်ဟုလည်း ခန့်မှန်းရသည်။
လင်းရန်တစ်ယာက် သူမ၏အဖေ လင်းကျန်းအန်းအတွက် အရသာရှိသည့် အစားအသောက်ခြောက်အချို့ကို အလျင်အမြန် ထည့်ပေးလိုက်သည်။
ဤသည်မှာ လင်းကျန်းအန်းအား
အကြီးအကျယ် စိတ်လှုပ်ရှားစေခဲ့သည်။
“ဒီတစ်ခါ တောင်အောက်ဆင်းလာရင် မြို့ဆေးရုံကို သွားပြီး ဆေးဖက်၀င်အပင်တွေကို ရောင်းဖို့ စီစဉ်ထားတယ်၊ တခြား ဘာကိစ္စမှမဖြစ်ရင် ပိုက်ဆံအတော်များများနဲ့ ရောင်းရလောက်မှာပဲ။
အဲဒီအချိန်ကျ အဖေ သမီးကြိုက်တဲ့ပစ္စည်းတွေကိုဝယ်ပေးမယ်!”
လင်းကျန်းအန်းက အပြုံးတစ်ခုဖြင့်
လင်းရန်အား ကတိပေးလိုက်သည်။
ထို့နောက် တောင်ပေါ်သို့ ယုံကြည်မှုရှိရှိဖြင့် တက်သွားခဲ့လေသည်။