အခန်း (၂၃၂)
Vol. 24 Ch. 232
"လောဖေး..."
ဖန်ရှစ်သည် မျက်ရည်များစီးကျလာပြီး လောဖေး စိတ်ပြောင်းသွားရန် မျှော်လင့်ကာ တောင်းပန်တော့သည်။ "ကျွန်မ အမြဲ တမ်း မိသားစုတစ်ခုရှိချင်တာ၊ ပြီးဝော့ ကျွန်မ ကလေးယူချင်..."
"ကိုယ်တို့အနာဂတ်မှာ ကလေးတွေ ထပ်မွေးနိုင်တာပဲလေ၊ မင်း ဘာလို့ ဒီကလေးကို မဖျက်ချချင်တာလဲ"
လောဖေးသည် စိတ်ရှုပ်ထွေးစွာဖြင့် ထပ်မေးပြန်သည်။
"ဒီကလေးကိုမြင်ရတာက မင်းအတွက် အရှက်ရစရာပဲ မဟုတ်ဘူးလား? အနာဂတ်မှာ ဒီကလေးကိုမြင်ရင် မင်း နာကျင်ခဲ့ရတာတွေကို သတိပေးသလိုများဖြစ်မနေဘူးလား"
ဖန်ရှစ်၏ငိုသံမှာ ရပ်တန့်သွားပြီး အံ့ဩသွားခဲ့သည်။
လောဖေးသည် မောပန်းစွာ လေကိုပင့်ရှုပြီး သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်ကာ "ဒီနေ့ မင်္ဂလာပွဲက စီစဉ်ထားတဲ့အတိုင်း ဆက်သွားနေဦးမှာ၊ ဒါပေမယ့် မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်၊ ပထမက ဒီကလေးကိုဖျက်ချပြီး ကိုယ်တို့ ဘ၀အသစ်စမယ်၊ ဒုတိယတစ်ခုက မင်း ဒီကလေးကိုရွေးချယ်ဖို့ပဲ ခေါင်းမာနေရင် မင်း လက်ထပ်စရာမလိုတော့ဘူး ကိုယ်တို့ကွာရှင်းလိုက်တယ်ဆိုတာကို လူ သိရှင်ကြားကြေညာလိုက်မယ်"
မင်္ဂလာပွဲသည် ဆက်လုပ်ဖို့ လိုသည်။ သူမသာ ယနေ့လက်မထပ်ပါက လူအများ၏ဝေဖန်မှုကို ခံရမည်ဖြစ်သည်။ သူမသည် ထိုကဲ့သို့ ထိုးနှက်ချက်ကို ခံနိုင်ရည်မရှိသလို သူမ၏ ကောလာဟလများနှင့် အတင်းအဖျင်းများကိုလည်း သည်းမခံနိုင်ချေ။
ဖန်ရှစ်သည် လောဖေးအား ထိတ်လန့်စွာစိုက်ကြည့်ရင်း သူမ မျက်လုံးများသည် ဦးတည်ရာပျောက်ဆုံးနေသည့်အလား တွေဝေနေကာ သူမ၏အကြီးဆုံး ပံ့ပိုးကူညီသူနှင့် သူမ အယုံကြည်ရဆုံးသော ကျောထောက်နောက်ခံကို ရုတ်တရက်ဆုံးရှုံးသွားသွားသလို မျှော်လင့်ချက်များပျောက်ဆုံးသွားပြီး စိုးရိမ်ထိတ် လန့်မှုများ စတင်ခံစားလာရသည်။
သူမသည် လောဖေးကို လှမ်းဆွဲရန် လက်ကို ဆန့်တန်းလိုက်သည်။
သို့သော် လောဖေးသည် ဖန်ရှစ်ကို စကားပြောခွင့်မပေးပဲ " ဖန်ရှစ် ဒါ ကိုယ်လုပ်နိုင်တာအကုန်ပဲ "
ဖန်ရှစ်၏လက်သည် အေးခဲသွားပြီး သူမသည် ပိုသနားစရာကောင်းလောက်အောင် ငိုတော့သည်။
ကျီဖေးနှင့်ချင်ရှန့်သည်လည်း ထိုအခါမှသက်ပြင်းချနိုင်တော့ သည်။
[လောဖေးက လူကောင်းတစ်ယောက်ပေမဲ့ စည်းမရှိတဲ့သူတော့မဟုတ်ဘူး၊ သူက ခံရတဲ့သူကို အပြစ်မတင်ပေမယ့် ကျူးလွန်တဲ့သူကိုတော့ ဒီအတိုင်းထားမှာမဟုတ်ပဲ အကျိုးဆက်အား လုံးကို ခံစားရအောင်လုပ်မဲ့သူပဲ၊ ဒါပေမယ့်... တာ့ကောက သူ့ကို ပထမ ရွေးချယ်ခွင့်တောင် မပေးသင့်ဘူး၊ ရှင်က တကယ့်ယောက်ျားကောင်းပဲ၊ ဒါပေမယ့် သူမက ဒါနဲ့ တကယ့်ကို မထိုက်တန်ဘူး? ပြီးတော့ ဒီမင်္ဂလာပွဲက ဆက်ကျင်းပဖို့ လိုလို့ လား]
လောဖေး၏ စိတ်ခံစားမှုများသည် ကမောက်ကမဖြစ်နေသော ကြောင့် ဖန်ရှစ်ကို နှိမ့်သိမ့်မပေးနိုင်ချေ။
လောဖေး "အခမ်းအနားက တစ်နာရီအတွင်း စမှာမို့လို့ သေချာစဉ်းစားထားပါ"
လောဖေးသည် နှစ်ပေါင်းများစွာ သူ မြတ်နိုးစွာ ကာကွယ်ခဲ့သော လူတစ်ဦးနှင့်ရင်ဆိုင်ရသောအခါ သူတတ်နိုင်သမျှ လုပ်ပေးခဲ့သည်။
လောဖေး အခန်းထဲမှ ထွက်လာပြီးနောက် ကျီဖေးနှင့် ချင်ရှန့်တို့သည် သူ၏ အမူအရာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူသည် သေခြင်းတရားသို့ ခြေတစ်လှမ်းလှမ်းခဲ့ပုံပေါက်နေသည်။
လောဖေး ခြေထောက်များသည် အနည်းငယ် မတည်မငြိမ်ဖြစ်နေသည်ကို မြင်တော့ ချင်ရှန့်သည် သူ့ကို ထိန်းပေးရင် ရှေ့တိုးလာသော်လည်း လောဖေးသည် လက်ခါပြကာ "ငါ အဆင်ပြေပါတယ်၊ ငါ တကယ်် အဆင်ပြေတယ်"
သူစကားပြောနေရင်း ငိုကြွေးသံသည် တံခါးထဲမှ ဆက်တိုက် ထွက်လာသဖြငိ့ လောဖေး မျက်မှောင်ကြုတ်ကာ "သွားကြစို့"
ကျီဖေးနှင့် ချင်ရှန့်တို့သည် လောဖေးနှင့်အတူ အောက်ထပ်ရှိ နားနေဆောင်သို့ လိုက်ပါသွားကြသည်။
"ထန်ယွီနဲ့ကိစ္စကို ငါကိုယ်တိုင် ဖြေရှင်းမယ်" လောဖေးသည် ချင်ရှန့်ကို တည့်တည့်ကြည့်ကာ "သူလုပ်ခဲ့တာတွေအတွက် ငါ ပြန်ပေးဆပ်ခိုင်းမယ်"
ချင်ရှန့်သည် ပွင့်ပွင့်လင်းလင်းမေးမည့်အစား "မင်း မင်္ဂလာ ဆောင်ဖို့ တွေးနေတုန်းလား"
ကျီဖေးသည် သူမ ခင်ပွန်းသည်ကို တိတ်တဆိတ် လက်မ ထောင်ပြလိုက်ပြီး- ရှင် အရမ်းရဲရင့်တာပဲ
သို့သော် ဤအရာအပြင် အခြားရွေးချယ်စရာမရှိချေ။ ဖန်ရှစ်၏ စိတ်အခြေအနေသည် အလွန်ဆိုးရွားနေသဖြင့် သူမ ဝန်ခံဖို့ ငြင်းဆိုနေသောကြောင့် သူတို့လည်း လောဖေး အလိမ် ခံနေရသည်ကို ဆက်မကြည့်နိုင်တော့ချေ။ သူတို့ အခြားသူ များ၏ ဘ၀ကို လေးစားမှုကြောင့် ၀င်မစွပ်ဖက်သော်လည်း သူငယ်ချင်းဖြစ်သူများ၏ ဘ၀ကိုတော့ ရပ်ကြည့်ပြီးမနေနိုင်ပေ။
သို့သော် သူတို့၀င်စွပ်ဖက်ပြီးလျှင်တောင် တစ်ဖက်လူသည် သူတို့စကားများကို လျစ်လျူရှုပါက သူတို့ လေးစားမှုပေးရပေမည်။
လောဖေးသည် အံ့အားသင့်သွားပြီး "ဒီကိစ္စနဲ့ ပတ်သက်ပြီး မှားတဲ့သူကငါပါ၊ ဒါပေမယ့် ဖန်ရှစ်လည်း တကယ် သနားစရာပဲ၊ သူက ငါ့ကို ရည်ရွယ်ချက်ရှိရှိ သစ္စာဖောက်ခဲ့တာမှမဟုတ်တာ ငါ သူ့ကို မစွန့်လွှတ်နိုင်ဘူး"
လောဖေးပြောရင်းဖြင့် သူ့ညီကို ပိုဒေါသဖြစ်လာသည်။
"ဪ ? သူက မရည်ရွယ်ဘူးလား?" ချင်ရှန့် အေးစက်စွာပြောသည်။
"မင်း ဘာကိုပြောချင်တာလဲ?" လောဖေး လန့်သွားသည်။
ချင်ရှန့်သည် တည့်တိုးသာ ပြောလိုက်သည်။ "သူက ဖိအားပေးခံရတဲ့သူလိုမျိုး အပြစ်ကင်းတယ်လို့မထင်ဘူး၊ သူ ကိုယ်တိုင်ကိုက ဆန္ဒရှိလို့ပဲနေမှာ"
"မင်းက ခံရတဲ့သူကို အပြစ်တင်နေတာပဲ" လောဖေး ချက်ချင်း တုန်လှုပ်သွားသည်။
ကျီဖေးသည် အလျင်အမြန်ပြောလာသည် "သူက ဖိအားပေးခံရတယ်ဆိုတာ သေချာလို့လား"
လောဖေး ခေါင်းညိတ်ပြတော့မည့်အခိုက် ချင်ရှန့်သည် "မင်းဆီ ပို့လိုက်တဲ့ စောင့်ကြည့်ရေး ဗီဒီယိုတွေမှာ သူတို့ရဲ့ ပထမဆုံးသစ္စာဖောက်မှုဆိုတာရှိခဲ့ရင် ငါ ဘာကိုပြောချင်လဲ မင်းနားလည်မှာပါ"
လောဖေးသည် အေးခဲသွားပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းလာကာ နှုတ်ခမ်းများ တုန်ယင်နေပြီး "ဒါပေမယ့်... အဲ့ဗီဒီယိုတွေထဲက ဘယ်ဟာက သူတို့ရဲ့ ပထမဆုံးအကြိမ်ဆိုတာ မသိနိုင်ဘူးလေ"
ချင်ရှန့် ပခုံးတွန့်ပြကာ "ဒါဆို ဘာမဆိုဖြစ်နိုင်တာပဲ၊ မင်းသေ သေချာချာစဉ်းစားဖို့ ငါမျှော်လင့်ပါတယ်၊ မင်္ဂလာပွဲဆိုတာ အရေးကြီးတဲ့အရာပဲ မထိုက်တန်တဲ့သူအပေါ် မဖြုန်းတီးနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က သူ့ကို မယုံဘူး"
ထိုသည်ကို ပြောပြီးနောက် ချင်ရှန့် ဘာမှထပ်မပြောတော့ပဲ ကျီဖေးနှင့်အတူ ထွက်သွားခဲ့သည်။
ကျီဖေး ရှုပ်ထွေးနေတုန်းပင်။
သူမ သူ့နောက်ကို လိုက်လာရင်း မမေးပဲမနေနိုင်တော့ချေ။
“ရှင် ခုနကဘာပြောလိုက်တာလဲ"
ချင်ရှန့်သည် "အဲဒီဗီဒီယိုတွေမှာ ဖန်ရှစ်က နည်းနည်းပါးပါးပဲ ရုန်းကန်နေတာ၊ သူသာ တကယ် သားကောင်ဖြစ်ခဲ့ရင် သူကိုယ့်ကိုယ်ကို ကယ်တင်ဖို့အတွက် အကူအညီတောင်းဖို့ အော်တာတို့ ဘာတို့လုပ်မှာပဲ၊ ဒါပေမယ့် သူ့မှာ ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိတယ်- ပထမက သူ့ကို အဓမ္မကျင့်ထားခဲ့တယ်ဆိုတဲ့ ဗီဒီယိုက အဲ့ထဲမှာ မပါလို့ပဲ ဒါမှမဟုတ် ဒုတိယက...”
ကျီဖေးရုတ်တရက် သဘောပေါက်သွားသည် - ချင်ရှန့်သည် လောဖေး၏စိတ်ထဲသို့ သံသယမျိုးစေ့ကို စိုက်ထားခြင်းပင်။
"ဒါပေမယ့် ဒီလောက်နဲ့ လုံလောက်လို့လား ?"
ချင်ရှန့် ခေါင်းခါလိုက်ပြီး "ကိုယ်လည်း မသိဘူး၊ စောင့်ကြည့်ရုံပေါ့"
၎င်းတို့နှစ်ဦးသည် ချင်ရှန့်၏သူငယ်ချင်းများရှိရာသို့ ပြန်ကြပြီး စကားစမြည်ပြောကြသည်။
ထိုအချိန်တွင် ဝူရှင်းချင်သည် သူမ၏စုံစမ်းမှုတွင် ဘာမျှမတွေ့သဖြင့် ဧည့်ခန်းမှဖြတ်သွားသောအခါ လောဖေးကိုတွေ့လိုက်ရသည်။
ဝူရှင်းချင် ခဏလောက်စဉ်းစားပြီး လျှောက်ကြည့်လာသည့်အခါ လောဖေး၏ ပူပန်သောကရောက်နေပုံကို မြင်လိုက်ရသည်။
"မစ္စတာလော"
လောဖေး ရုတ်တရက်မော့လိုက်ပြီး သူ့မျက်လုံးများသည် ရှုပ်ထွေးမှုများပြည့်နေပြီး သူမကိုမြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး "သူ မင်းကို တစ်ယောက်တည်း ထားသွားတာလား"
ဝူရှင်းချင်သည် သူမ၏ နှုတ်ခမ်းမျယးကို ဖိကိုက်လိုက်ပြီး "သူ ဒဏ်ရာတွေကုနေတယ်၊ ကျွန်မတို့ မကြာခင် ထွက်သွားတော့မှာပါ၊ အခု ကျွန်မ ရှင်းရှင်းလေးသိချင်လို့ "
လောဖေး ခဏလောက်တွေးပြီး ရုတ်တရက် "မင်း သူ့အတိတ်အကြောင်း သိချင်လား?"
ဝူရှင်းချင် ခေါင်းညိတ်လိုက်သည်။
လောဖေးသည် မဆိုင်းမတွဘဲ ထန်ယွဲ့၏အထက်ထန်ကျောင်း တုန်းက အကြောင်းများကို ပြောပြခဲ့သည်။ ထန်ယွဲ့၏မျက်နှာသည် အရိုက်ခံရပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ရသည့် အကြောင်း ရင်းအမှန်ကို ဝူရှင်းချင် ကြားသောအခါတွင် သူမ မျက်နှာတစ်ခုလုံး ဖျော့တော့သွားသည်။
"ရှင်ပြောသမျှ အမှန်တွေပဲလား"
ဝူရှင်းချင်၏ နီရဲနေသော မျက်လုံးများသည် မျက်ရည် ကျမသွားစေရန် ခေါင်းမာမာ ငြင်းဆန်နေဟန်ရှိသောကြောင့် လောဖေး ကိုယ်ချင်းစာမိသွားသည်။
"မစ်ဝူ မင်း ကျွန်တောမ့ကိုမယုံရင် စုံစမ်းကြည့်လို့ရပါတယ်၊ သူမင်းအနားမှာရှိနေတာ မကောင်းတဲ့ ရည်ရွယ်ချက်တွေရှိတယ်၊ ဘာလဲဆိုတာ ကျွန်တော် ပြောလို့မရပေမဲ့ မစ်ဝူ အိမ် ထောင်ဖက် ရွေးချယ်တဲ့အခါ ပိုသတိထားဖို့ အကြံပေးချင်ပါတယ်၊ မင်းအခုတွဲနေတဲ့အကောင်က လူ့ရေခြုံထားတဲ့ သားရဲပဲ"
"လောဖေး!" ရုတ်တရက် အသံတစ်ခု ထွက်လာသည်။
လောဖေး လှည့်ကြည့်လိုက်တော့ သူ့ပါးပါး လာနေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့၏ နားနေခန်းသည် ဘာမှမရှိသော် လည်း နှစ်ဖက်စလုံးတွင် လမ်းများရှိနေသောကြောင့် တစ် ယောက်ယောက်သာ အသံကျယ်ကျယ်ဖြင့်ပြောပါက သို့မဟုတ် ဂရုတစိုက် နားထောင်ပါက ၎င်းတို့၏ပြောဆိုသံများကို ကြားနိုင်သဖြင့် ပါးပါးလောသည်လည်း သူပြောနေ သည်များကို ကြားသွားမည်မှာ အသေအချာပင်။
လောဖေးသည် ပါးပါးကို အေးစက်စက်ပြုံးပြလိုက်သည်။ ထန်ယွဲ့ ဒီလိုမျိုးလုပ်တယ်ဆိုတာ ဝူရှင်းချင်သိသွားရင် သူ့ကျောထောက်နောက်ခံအဖြစ် ဘယ်လိုထားနိုင်တော့မလဲ။
ပါးပါးလောသည် တစ်ခုခုပြောရန် စီစဉ်လိုက်သော်လည်း ဝူရှင်းချင်သည် သည်းမခံနိုင်တော့ဘဲ ထန်ယွဲ့နှင့် တွေ့ရန် အမြန်လှည့်ထွက်ခဲ့သည်။
သူမ လမ်းလျှောက်တာ မြန်လွန်းသဖြင့် ဧည့်ခန်းအကွေ့တွင် တစ်ယောက်ယောက်ကိုတောင် ဝင်တိုက်လုနီးပါး ဖြစ်သွားသည်။
ပါးပါးလောသည် ဝူရှင်းချင်နောက်ကို မလိုက်နိုင်သဖြင့် လောဖေးကို ဒေါသတကြီးကြည့်ကာ "လောဖေး မင်းဘာလုပ်နေတာလဲ..."
"ပါး ကျွန်တော်ပြောတာမှားသွားလို့လား? ဒါမှမဟုတ် ပါးရဲ့တရားမဝင်သားကို ဝူမိသားစုရဲ့သမီးနဲ့ လက်ထပ်ပေးပြီး ကျွန်တော့်နေရာကို တရားဝင် ယူဖို့ကြံနေတာလား? ပြီးတော့ သူနဲ့သက်ဆိုင်တယ်ဆိုပြီး အမွေပေးချင်နေတာလား"
လောဖေးသည် ချမ်းသာသောမိသားစုများ၏ ပရိယာယ်များကို ကောင်းစွာနားလည်သည်၊ သူသည် ထိုအကြောင်းကို ပြောရန် စိတ်မ၀င်စားခဲ့ခြင်းဖြစ်သည်။
"ပိတ်ထားစမ်း! မင်းဘာတွေပြောနေတာလဲ!" ပါးပါးလောသည် ယနေ့လိုနေ့မျိုး အနှေးနှင့်အမြန် ရောက်လာမည်ကို သိထားသဖြင့် "ထန်ယွဲ့က ငါ ငယ်ငယ်တုန်းက မှားမိခဲ့တဲ့ အမှားတစ်ခုပဲ၊ ပေမယ့် သူက မင်းညီပဲ၊ မင်း..."
လောဖေးသည် ရယ်မောလိုက်တော့သည်။ ထိုညီဆိုသည့် လူသည် သူ့အား မည်မျှ ရွံစရာကိစ္စများကို လုပ်ခဲ့သည်ဆိုတာကို ထုတ်ပြောလိုက်ချင်သည်။ သူ့ပါးလည်း ထိုအရှုပ်အရှင်းများကို ကိုင်တွယ်နိုင်မှာမဟုတ်ချေ။
"ပါး ဒီအကြောင်းအရာတွေကို ကျွန်တော့်ကို ရှင်းပြဖို့ မလိုပါဘူး၊ မားကိုပဲ ရှင်းပြဖို့လိုတာ"
"ဘာ! မင်းမားရဲ့ ကျန်းမာရေးက ဒီလောက် ဆိုးရွားနေတာကို၊ သူမ ဒီအကြောင်းကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး၊ ဒီကိစ္စကို သေ ချာစဉ်းစားဖို့လိုတယ်။"
သူ သေချာ စဉ်းစားထားသည်မှာ - ထန်ယုကို လက်ခံဖို့ဆိုတာ အချိန်တစ်ခုသာလိုသည်။
လောဖေးသည် လှောင်ပြောင်လိုက်ပြီး "ဪ.. ဒါဆို ပါး ဒီလိုရှက်စရာကောင်းတဲ့ ကိစ္စတွေကို လုပ်တဲ့အခါ မားရဲ့ကျန်းမာ ရေးကို ဘာလို့မစဉ်းစားတာလဲ"
"ငါတို့လို ယောက်ျားတွေက"
"ဒါဆို ပါးက သူများတွေ လိုက်လုပ်ရင်လိုက်လုပ်တော့ သူများ တွေ ချီးစားလည်း လိုက်စားမှာလား?"
ပါးပါးလောသည် လောဖေး၏ စကားများကြောဂ့် မေ့လဲလုနီးပါးဖြစ်ခဲ့သော်လည်း ထိုအရာသည်ပင် လောဖေးမှာ အမှန်တကယ်ပင် ဒေါသထွက်နေကြောင်း ပြသနေခဲ့သည်။
"ထားလိုက်တော့ ငါမင်းနဲ့ မငြင်းခုန်ချင်တော့ဘူး၊ ခဏနေရင် မင်္ဂလာပွဲကစတော့မယ်၊ ဒါကြောင့် မင်းရဲ့ပုံစံကို သတိထားပါ၊ ငါတို့ လောမိသားစုကို အရှက်ရစေမယ့် ပြဿနာမျိုး ထပ်မဖြစ်စေနဲ့" လို့ ပါးပါးလောပြောပြီး လှည့်ထွက်သွားသည်။
လောဖေးသည် မင်္ဂလာပွဲအကြောင်းကြားသောအခါ အေးခဲသွားသည်...။
ပါးပါးလောသည် နံရံ ထောင့်တစ်ဝိုက်တွင်ရှိနေသော တုန်ယင်နေသည့် ပုံရိပ်လေးကို သတိမထားမိဘဲ ပြေးထွက်သွားသည်။
မားမားလောသည် အရာအားလုံးကိုကြားသွားခဲ့သည်။ သူမ၏ လက်ထဲတွင် လောဖေး၏ဖုန်းကို ကိုင်ထားပြီး ဖုန်း၏စခရင်သည် လင်းနေဆဲဖြစ်ကာ ခေတ္တရပ်ထာသည့် စောင့်ကြည့်မှုမှတ်တမ်းကို ပြသနေသည်။
သူမသည် မူလက သူ့သားဖြစ်သူအား ဖန်ရှစ်နှင့် ထန်ယွဲ့အ ကြောင်းကို မေးမြန်းရန်လာခဲ့သော်လည်း ထန်ယွဲ့သည် သူမခင်ပွန်း၏တရားမ၀င်သားဖြစ်ကြောင်း သိခဲ့ရသည်။ သူမ ထိုကိစ္စကြောင့် မူးမေ့လဲလုနီးပါး ဖြစ်သွားသည်။
သို့သော်လည်း သားဖြစ်သူ၏ မတရားမှုများကို တွေးတောရင်း မိခင်တစ်ယောက်၏ ခံစားချက်များ ၀င်လာကာ ဒေါသများ လျှံတက်လာသည်။ သူမ မယိမ်းယိုင်စွာ ရပ်နိုင်လိုက်သည်။
သူမသည် လောဖေးနှင့်မတူသည်မှာ ဖန်ရှစ်ကို သားကောင်ဟု အမြန်မယူဆခဲ့ခြင်းပင်။ သူမသည် ဖန်ရှစ်၏ အငိုသန်မှုကို ဘယ်တုန်းကမှ မကြိုက်ခဲ့ချေ။ ထို့အပြင် ဖန်ရှစ်သည် အမှန်တကယ် သားကောင်ဖြစ်ခဲ့လျှင်တောင် တရားမဝင်သားဖြစ်သူနှင့် ပတ်သက်နေသည့် အမျိုးသမီးတစ်ဦးအား သူမသားနှင့် လက်ထပ်ရန် ဘယ်သောအခါမှ ခွင့်မပြုနိုင်ပေ။ ကလေးရှိလျှင်ပင် အရေးမကြီးချေ။ ထို့အပြင် ကလေး၏ဖခင်မှာလည်း မသေချာပေ။
သူမ သား၏စိတ်ထားကို သူမ ကောင်းကောင်းသိသည် – သူသည် တိတ်တဆိတ်သာ တာဝန်ယူတက်သူဖြစ်သော်လည်း သူမသည်တော့ ရပ်မကြည့်နေနိုင်ချေ။
မားမားလော ဖုန်းကို ဆုပ်ကိုင်ရင်း လှည့်ထွက်သွားသည်။ သူမ ဖန်ရှစ်ကိုရှာရပေမည်။
ထိုအချိန်တွင် ဝူရှင်းချင်သည် နေရာတိုင်းတွင် ထန်ယွဲ့ကို ရှာသော်လည်း မတွေ့ခဲ့ပေ။ ဤနေရာတွင် အခြားသူ၏ခြံဖြစ်သောကြောင့် ရင်းနှီးမှုမရှိသော သူမသည် ဆက်လက်သာရှာဖွေနေသည်။
မားမားလောသည်လည်း ရှာမတွေ့ခဲ့ပေ။ မိတ်ကပ်ပညာရှင်များသည် သတို့သမီးမှာ အပြင်ထွက်သွားပြီး မကြာခင်ပြန်လာမည်ဟု ပြောခဲ့သည်။
မားမားလောသည် စောင့်ရန် စိတ်မရှည်သောကြောင့် စောင့်ကြည့်ခန်းဆီသို့သာ ဦးတည်လိုက်သည်။
ယခုအချိန်တွင် ကျီဖေးသည် လူများစွာကြားတွင် ဒရာမာကို လျှို့ဝှက်စွာ ကြည့်ရင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဟန် ဆောင်နေသည်။
[ဒါကရူးနေတာပဲ! ဖန်ရှစ်က ထန်ယွဲ့ကို တိတ်တဆိတ်သွားတွေ့ပြီး လောဖေး သိသွားပြီဆိုတဲ့အကြောင်းကို သတင်းပေးနေတယ်၊ သူက ထန်ယွဲ့ ကလေးကို မဖျက်ချချင်လို့ သူ့ကိုလည်း သူနဲ့အတူခေါ်သွားပေးဖို့ပြောပေမယ့် ထန်ယွဲ့က ဖန်ရှစ်ကို လောဖေးနဲ့ လက်ထပ်ပြီးအတူနေနိုင်ဖို့ ကလေးကိုဖျက်ချလိုက်လို့ပြောတယ်၊ ဒါတင်မကဘူးထ စောစောက အရိုက်ခံရလို့ ဒေါသထွက်နေတဲ့ ထန်ယွဲ့က အခု လောဖေးကို ဦးထုပ်စိမ်းဆောင်းပေးမလို့ကြံစည်နေတာပဲ... ခဏလေး...သူ... သူတို့ ဘာလုပ်နေကြတာလဲ!]
ဒရာမာဇာတ်လမ်းတွဲကို တိတ်တဆိတ်နားထောင်နေသော ချင်မိသားစုဝင်များသည် ယခုအချိန်တွင် စိတ်လှုပ်ရှားလာသည်။ အဲ့ဟာများဖြစ်နေမလား ? အဲ့လိုအရှက်မရှိတဲ့ အရာမျိုးကိုလေ ? ပြီးတော့ ဒီနေရာကြီးမှာလား ?
[ဝါး! ဒါက သူတို့ကို အမိဖမ်းဖို့ အခွင့်အရေးပဲ။ လောဖေးကို အဲဒီ့ကိုခေါ်သွားတာနဲ့ အားလုံး ပေါ်သွားလိမ့်မယ်]
ကျီဖေး မတုံ့ပြန်ခင် ချင်ရှန့် ထရပ်လိုက်ပြီး "ကိုယ်ပြောဖို့ အရေးကြီးတာကို အခုမှသတိရတယ်၊ လာ လောဖေးကို သွားရှာကြရအောင်"