← Chapters

ထပ်မရဘူးနော်

Vol. 41 Ch. 561

ထပ်မရဘူးနော်

Vol. 41 Ch. 561

" တိုက်ခိုက်မှာသာ တိုက်ခိုက်ပါဗျာ "

လောထျန်းက အေးဆေးပင် ပြန်ပြောလိုက်၏။

" မင်း....  "

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက် မျက်မှောင်ကြုံ့သွားပြီး လောထျန်းအား ဒေါသငွေ့တို့ ပြည့်နေသည့် မျက်လုံးများဖြင့် စူးစူးရဲရဲ စိုက်ကြည့်လာသည်။

" ကောင်းပြီလေ ၊ မင်းက သေချင်နေမှတော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ "

သူမ ထိုသို့ပြောကာ လက်ကို ငြင်သာစွာ ဝေ့ယမ်းလိုက်သည်။

ဝုန်း..

ချက်ချင်းမှာပင် လေထုတစ်ခုလုံး တုန်ခါသွား၏။

ထို့နောက်တွင်ကား..  နတ်ဆိုးအစွမ်းတို့ ပြည့်နေသည့် ဓားတစ်လက် သူမလက်ထဲ ပေါ်လာသည်။

ထိုဓား ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် အရောင်အဝါတစ်ခုလည်း စတင်ထွက်ပေါ်လာသည်။

" မင်းဓားကို ထုတ်လိုက် "

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်က အေးစက်စက်ပြော၏။

လောထျန်း ခဏတာမျှ စဉ်းစားလိုက်ပြီးမှ သူ့ဟင်းလင်းပြင်လက်စွပ်ထဲမှ ဓားတစ်လက်ကို ထုတ်၍ လက်ထဲ ကိုင်ထားလိုက်သည်။

" လာလေ..  "

သူ ပြောလိုက်၏။

" မင်းက အဲ့ဓားကို သုံးမှာလား "

တဖက်ရှိ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်၏ မျက်လုံးထဲမှ ဒေါသငွေ့များ ပိုပိုများလာတော့သည်။

လောထျန်း၏ လက်ထဲတွင် အဆင့်လေး ဓားရှည်တစ်လက်သာ ရှိနေသော်လည်း..

သူမလက်ထဲတွင်မူ ထိပ်တန်းအဆင့် မှော်ဓားတစ်လက် ရှိနေပါသည်။

ထိုဓားနှစ်လက်ကြားမှ ကွာဟချက်မှာ အဆင့် ၇၊၈ ဆင့်လောက်ပင် ရှိပြီး အစွမ်းမှာလည်း လုံးဝ ယှဉ်၍မရပါချေ။

လောထျန်းက သူမအား အထင်သေးသောကြောင့်သာ ထိုသို့ လုပ်နေခြင်း ဖြစ်ရမည်ဟုလည်း သူမ တွေးလိုက်၏။

" အင်း...  ဒီဓားနဲ့က လုံလောက်ပါတယ် "

လောထျန်း ပြန်ပြောသည်။

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်မှာ ဒေါသဖြင့် ရယ်လိုက်ပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်၏။

" ကောင်းပြီလေ..  မင်းက တကယ်သေချင်နေမှတော့လဲ ငါ့ကို အဆိုးမဆိုနဲ့တော့ "

စကားဆုံးသည်နှင့် သူမ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲလက်သွားသည်။

ဝုန်း..

ချက်ချင်းမှာပင် သူမကိုယ်မှ မီးတောက်များ တောက်လောင်လာ၏။

ချွှင် ..

သူမလက်ထဲရှိ မှော်ဓားကလည်း မြည်သံပေး၍ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ထုတ်လွှတ်လာသည်။

" အစွမ်းအထက်ဆုံး ဓားသိုင်း ၊ စိတ်ဝိဉာဉ်ကို ဖြတ်တောက်ပစ်မယ့် ဓားတစ်လက် "

သူမ၏ ဒေါသတကြီး အော်သံနှင့်အတူ ကြောက်မက်ဖွယ် ဓားစွမ်းအင်တစ်ခုလည်း ထွက်လာပါ၏။

သူမလက်ထဲမှ ဓားမှာ ဓားစွမ်းအင်သာမက ၊ နတ်ဆိုးအစွမ်းနှင့် ကောင်းကင်ဆန့်ကျင် နတ်ဘုရားမီးတောက်များပါ ပါဝင်နေပါသေးသည်။

ထိုအစွမ်းသုံးမျိုးမှာ တစ်ခုနှင့်တစ်ခု ရောယှက်နေပြီး တစ်ခုကိုတစ်ခု ထောက်ပံ့ပေးနေသလိုလည်း ဖြစ်နေကာ ကြောက်မက်ဖွယ်အစွမ်းကြီးကို ပိုတိုးနေစေ၏။

ထို ဓား၏ တိုက်ခိုက်မှုမှာလည်း ကောင်းကင်နှင့်မြေကြီး၏ အမှောင်ထုကို ဖြိုခွင်းကာ စကြဝဠာကြီးအား ပြိုကွဲသွားအောင်ပင် လုပ်တော့မယောင်..

" သတ်စမ်းကွာ...  "

သူမ၏ ကျယ်လောင်သော အော်သံနှင့်အတူ ဓားစွမ်းအင်က လောထျန်းရှေ့ ရောက်လာသည်။

ထို့နောက်တွင်...

ချွှင် ....

လောထျန်းက သူ့လက်ထဲမှ ဓားကိုယမ်းပြီး တဖက်လူ၏ ဓားစွမ်းအင်အား တားဆီးလိုက်ပါ၏။

ဝှစ်..

အစွမ်းသုံးခုလုံး ရုတ်ချည်း ပျောက်ကွယ်သွားကြတော့သည်။

ထိုကြောက်မက်ဖွယ်အစွမ်းများမှာ ယခင်က လုံးဝမရှိခဲ့ဖူးသလိုပါပင်...

ထိုနေရာတွင်ကား..  မှော်ဓားကို ကိုင်ထားသော ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်နှင့်..  သူမရှေ့၌ လောထျန်းသာ ရှိနေပါသည်။

" ဘယ်လိုဖြစ်ပြီး...  "

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်မှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန်အံ့သြတုန်လှုပ်သွားတော့၏။

အစွမ်းအထက်ဆုံး ဓားသိုင်းက လောထျန်းရှေ့တွင် ဘာမှ အသုံးမဝင်ဘူးတဲ့လား ။

၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း ...

နတ်ဆိုးသခင်ကြီးသည်ပင် ထိုဓားသိုင်းကွက်နှင့် ရင်ဆိုင်ရစဉ်က ယာယီသာ ရှောင်တိမ်းနိုင်ခဲ့ပါသည်။

" ပြီးသွားပြီလား...  "

ထိုစဉ်တွင် တဖက်မှ လောထျန်းက သူမကို စိတ်ဝင်တစားကြည့်၍ မေးလာ၏။

" မင်း...  "

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်မှာ လောထျန်းက သူမအား အရှက်ခွဲလို၍ ထိုသို့မေးနေခြင်းသာ ဖြစ်ရမည်ဟု ထင်ကာ ချက်ချင်း ဒေါသထွက်သွားတော့သည်။

သို့သော်လည်း...  သူမ မည်သို့ပင် ဒေါသထွက်နေစေကာမူ..  သူမ၏ အစွမ်းအထက်ဆုံး သိုင်းကွက်သည်ပင် အသုံးမဝင် ဖြစ်သွားခဲ့ရသည့်အတွက်..  ဘာဆက်လုပ်ရမည်မှန်း မသိတော့ပါ။

တဖက်မှ လောထျန်းက ပြောလာ၏။

" မင်း ပြီးပြီဆိုရင် ကျုပ်တိုက်ရမယ့် အလှည့်ပေါ့ "

သူ ထိုသို့ပြောပြီးနောက်..  လက်ထဲမှ ဓားအား ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်ဆီသို့ ယမ်းလိုက်သည်။

" ကောင်းကင်ဘုံဓားသိုင်း.. ပထမကွက်.. "

လောထျန်း တစ်လုံးချင်း ပြောလိုက်၏။

ဝုန်း..

သူ့မျက်နှာထားလည်း ချက်ချင်းပြောင်းသွားသည်။

" ဒါ....  "

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်မှာ ခေတ္တမျှ အံ့သြမှင်သက်မိသွားသည်။

ထိုစဉ်မှာပင် လောထျန်း လှုပ်ရှားသွား၏။

ခွျှင်..

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက် သုံးသွားခဲ့သည့် ဆန်းကြယ်သော ဓားစွမ်းအင်လို မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ဓားစွမ်းအင်တစ်ခု ထွက်လာသည်။

သို့သော်..  ထိုဓားစွမ်းအင်က ရိုးရှင်းသည့်တိုင် ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်မှာ အဆုံးမဲ့သော ဆင်းရဲဒုက္ခကြီးတစ်ခုကို ခံစားလိုက်ရသလိုပါပင် ။

သူမ ထိုဓားအား မတားနိုင်သလို ရှောင်လည်း မရှောင်နိုင်ကြောင်း ချက်ချင်း သိလိုက်တော့၏။

ထိုဓားသိုင်းကွက်မှာ သူမ နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ ။

သူမ ၎င်းကို မည်သို့ ခုခံရမည်ပင် မသိပါ...

အလွန်အစွမ်းထက်လှပါတကား..

အစောက သူမ ပြောခဲ့သော သူမ၏ ဓားသိုင်းကွက်က အစွမ်းအထက်ဆုံး ဆိုသည့်စကားမှာ ရယ်စရာကောင်းလှပေသည်။

ယခု လောထျန်း၏ ဓားနှင့် ယှဉ်လိုက်ပါက.. သူမမှာ ဓားသိုင်းပညာရပ်တွင် အခြေခံအဆင့်မျှသာ...

မဟုတ်သေး...  အခြေခံအဆင့်ဟုပင် ပြော၍ရမည် မထင်ပါ...  ။

" ငါ သေရတော့မယ်...  ဒေါသထွက်လိုက်တာကွာ ။ ဒီတိုင်းကြီးတော့ လက်မခံနိုင်ဘူး "

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက် ရင်ထဲမှ အော်ဟစ်လိုက်သည်။

ဝှစ်..

ထိုစဉ်မှာပင် လောထျန်း၏ ဓားစွမ်းအင်က သူမနှင့် သုံးလက်မအကွာ၌ ရပ်သွားပါ၏။

" မင်း ရှုံးသွားပြီ "

လောထျန်း ပြောလိုက်သည်။

အမှန်တကယ်လည်း သူမ ရှုံးနိမ့်သွားခဲ့ရလေပြီ  ...

ရှုံးသည်မှ လုံးဝ ရှုံးနိမ့်သွားခဲ့ခြင်းပင်..

" ကဲ..  ဒါဆို ကျုပ်တို့ အရင်သဘောတူထားတဲ့အတိုင်း မင်း ကျုပ်လက်အောက်မှာ နှစ်တစ်သောင်း အမှုထမ်းရမယ် "

လောထျန်း ပြောလိုက်သည်။

မိမိသာ အနိုင်ရမည်ဟု သေချာနေခဲ့သော ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်မှာ ထိုစကားကြောင့် တစ်ကိုယ်လုံး တုန်သွားပြီး ရုတ်တရက် ပြောလိုက်၏။

" ခဏလေး နေပါဦး..  "

" ဟင်..  ဘာလဲ မင်းက ပြောထားပြီးသား စကားကို ပြန်ရုတ်သိမ်းချင်လို့လား "

လောထျန်းတစ်ယောက် ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။

သို့သော် ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်က ခေါင်းယမ်း၍ ပြန်ပြောလာ၏။

" မဟုတ်ပါဘူး..   ဒါပေမယ့် ငါလိုချင်တဲ့ အခြေအနေ တစ်ခုတော့ရှိတယ် "

" ပြောလေ "

လောထျန်းက အနည်းငယ် အေးစက်စက်နိုင်သည့် မျက်လုံးများဖြင့် ပြောလိုက်သည်။

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက် မျက်နှာနီသွားကာ လေသံတိုးတိုးဖြင့် ပြောလာ၏။

" မင်း ခုနက သုံးသွားတဲ့ ဓားသိုင်းကွက်ကို ငါ့ကို သင်ပေးနိုင်မလား..  "

သူမ ထိုသို့ပြောပြီးသည်နှင့် အများကြီး တောင်းဆိုမိသွားသည်ဟု ခံစားလိုက်ရကာ ခေါင်းကြီး ငုံ့သွားသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဓားသိုင်းကွက်မှာ မည်သည့် ထိပ်တန်းအဖွဲ့တွင်မဆို ရတနာတစ်ခုအဖြစ် သတ်မှတ်ကြမည် မဟုတ်ပါလား..  ။

ထိုသို့သော အကွက်မျိုးကို တဖက်လူက သူမအား အဘယ့်ကြောင့် သင်ပေးပါမည်နည်း ။

သို့သော်..

" အိုး..  ကျုပ်က ဘာများလဲလို့ ။ ရတယ်လေ ၊ မင်းသာ ကျုပ်လက်အောက်မှာ လိုလိုလားလား အမှုထမ်းမယ်ဆိုရင် ကျုပ် မင်းကို နောက်ထပ် ဓားသိုင်းကွက်သုံးခု သင်ပေးမယ် "

လောထျန်း ပြောလာသည်။

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်က အဆုံးမဲ့သော နတ်ဆိုးစိတ်ဝိဉာဉ်မီးတောက်ကို ထုတ်လုပ်နိုင်သည်နှင့်..

အကျိုးရှိသွားကြမည့် ကျင့်ကြံသူပေါင်းက မရေမတွက်နိုင်အောင်ပါပင် ။

ထိုအတွက် သူ့ဘက်မှ ကောင်းကင်ဘုံ ဓားသိုင်းကွက် အနည်းငယ်မျှသာ သင်ပေးရမည်ဖြစ်ရာ ..  ထိုအပေးအယူက ကောင်းသည်ဟု ပြော၍ရပါ၏။

သို့သော်..  ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်ကမူ လောထျန်း၏ စကားကြောင့် အံ့သြမှင်သက်သွားရှာသည်။

" မင်း..  ဘာပြောလိုက်တာ...  "

သူမ လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်သည်။

တဖက်လူက ထိုအဆင့်မျိုးရှိသည့် ဓားသိုင်းပညာရပ်အား သူမကို သင်ပေးမည်တဲ့လား..

ထိုမျှမက နောက်ထပ် ဓားသိုင်းကွက် သုံးခုပင် သင်ပေးဦးမည်တဲ့...  ။

သူမ နားကြားများ လွဲသွားလေသလား..

တဖက်မှ လောထျန်းမှာလည်း သူမဖြစ်သွားသည့် အမူအရာကြောင့် ပြန်လန့်သွားဟန် တူပါ၏။

" ဘာလို့လဲ..  မကျေနပ်လို့လား ။ ဒါဆို ဓားသိုင်းကွက် လေးခု သင်ပေးမယ် ။ အဲ့ထက်တော့ ပိုမရတော့ဘူးနော် "

လောထျန်း ဈေးဆစ်လိုက်သည်။

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ မြေပြင်သို့ ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်သည်။

" ရှောက်ကျို့ က သခင်လေးကို ကျေးဇူးအများကြီး တင်ပါတယ် "

" ရှောက်ကျို့..  ဟုတ်လား..  "

လောထျန်း တအံ့တသြ ပြန်မေးလိုက်၏။

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်က ခေါင်းငုံ့၍ ပြန်ဖြေသည်။

" ဟုတ်ပါတယ် ၊ အဲ့ဒါ ကျွန်မရဲ့ နာမည်ပါ ။ သခင်လေး ကျွန်မကို အဲ့နာမည်အတိုင်း ခေါ်လို့ရပါတယ် "

လောထျန်း အံ့အားသင့်သွားရတော့သည်။

" ဒီတစ်ယောက်က တော်တော်လေး မဆိုးဘူးပဲ "

သူ တွေးမိလိုက်၏။

" ကောင်းပါပြီ ။ ရှောက်ကျို့  ... မင်း နတ်ဆိုးစိတ်ဝိဉာဉ်မီးတောက်ကို ဖန်တီးနိုင်လား..  "

လောထျန်း မေးလိုက်သည်။

ရှောက်ကျို့က ချက်ချင်းပင် ခေါင်းညိတ်၍ ပြန်ဖြေ၏။

" ဟုတ်ကဲ့..  လုပ်နိုင်ပါတယ် "

သူမ ထိုသို့ပြောပြီး လက်ယမ်းလိုက်ရာ သူမလက်ထဲမှ နတ်ဆိုးစိတ်ဝိဉာဉ်မီးတောက်လုံးတစ်ခု ထွက်လာသည်။

ဝုန်း..

အစွမ်းထက် အရောင်အဝါတစ်ခုလည်း ချက်ချင်း ပေါ်လာ၏။

လောထျန်းမှာ ၎င်းကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း အံ့အားသင့်သွားရတော့သည်။

" အဲ့ဒါ..  အဆင့် ၁၁ နတ်ဆိုးစိတ်ဝိဉာဉ်မီးတောက်လား...  "

ထင်မှတ်မထားစွာပင် .. အပြင်၌ အဖိုးတန်လှသည့် အဆင့်၁၁ နတ်ဆိုးစိတ်ဝိဉာဉ်မီးတောက်ကို သူ့ရှေ့မှ ရှောက်ကျို့က အလွယ်တကူ ဖန်တီးနေနိုင်သတဲ့လား ။

" ဟုတ်တယ်ရှင့် ။ ဒါ... ကျွန်မတို့လို ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဉာဉ်ချိုးဖျက်မီးတောက်တွေရဲ့ ထူးခြားတဲ့ စွမ်းရည်ပေါ့ရှင် ။ အစကတော့ ကျွန်မက သခင်လေးအတွက် ပိုအဆင့်မြင့်တဲ့ နတ်ဆိုးစိတ်ဝိဉာဉ်မီးတောက်ကို ဖန်တီးပေးချင်တာပါ ။ ဒါပေမယ့် အဆင့် ၁၁ ထက်ပိုမြင့်တာတွေကို ဖန်တီးဖို့က အချိန်နည်းနည်း ယူရတာမို့ ... "

ရှောက်ကျို့ ပြောလိုက်သည်။

" အချိန်ယူရတယ်...  ဘယ်လောက်ကြာကြာ ယူရတာလဲ "

လောထျန်း စိုးရိမ်စွာ ပြန်မေးလိုက်၏။

အချိန်အကြာကြီး ယူရသည်ဆိုလျှင် ပျောင်ပိုင်မြို့မှ လူများ၏ တိုးတက်နှုန်းက နှေးသွားနိုင်သည် မဟုတ်ပါလား..

" အဆင့် ၁၂ အတွက် ဆိုရင်တော့ ဆယ့်ငါးမိနစ်လောက် အချိန်ယူရပါတယ် ။ အဆင့် ၁၃ အတွက်ဆိုရင်တော့ အနည်းဆုံး တစ်ရက်လောက် အချိန်ယူရတယ်ရှင့် ။ အဆင့် ၁၄ ကိုတော့ ကျွန်မ တစ်ခါပဲ ကြိုးစားကြည့်ဖူးတာ ။ အဲ့တုန်းကတော့ အနည်းဆုံး အချိန်သုံးလလောက် ယူခဲ့ရတယ် "

ရှောက်ကျို့က အမှန်တိုင်းပင် ဖြေလိုက်သည်။

" အဆင့် ၁၄ ရော ရှိသေးတာလား "

လောထျန်း အံ့သြမှင်သက်သွားရ၏။

All Chapters