← Chapters

အဆင့် ၁၈

Vol. 41 Ch. 562

အဆင့် ၁၈

Vol. 41 Ch. 562

ရှေးဟောင်းနတ်ဆိုးကမ္ဘာ တစ်ခုလုံးတွင်ပင် အဆင့် ၁၃ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို မြင်ဖူးသူ တစ်ယောက်မှ မရှိပါချေ ။

သို့သော် ရှောက်ကျို့က အဆင့် ၁၄ ထိ ရှိသည်ဟု ပြောနေပါသလား..

၎င်းမှာ အမှန်တကယ် ရှားပါးရတနာတစ်ခုပါပင်..

ရှောက်ကျို့က ခေတ္တမျှ တိတ်နေပြီးနောက်မှ ပြန်ပြောလာ၏။

" တကယ်တော့ အဆင့် ၁၄ ထိပဲ မဟုတ်ဘူး သခင်လေးရဲ့ ။ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်မှာ အမြင့်ဆုံးက အဆင့် ၁၈ ပဲ "

" အဆင့် ၁၈ ... "

လောထျန်း အံ့အားသင့်သွားရပြန်သည်။

ရှောက်ကျို့က ခေါင်းညိတ်ကာ ဆက်ပြော၏။

" အမှန်ပဲ ။ တစ်နည်းပြောရရင်​တော့.. အဆင့် ၁၈ ကမှ တကယ့် နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် အစစ်ရှင့် ။ အဲ့ဒါကိုသာ သန့်စင်လိုက်ရင် စိတ်ဝိဥာဥ်အစွမ်းကို အများကြီး တိုးစေမယ့်အပြင် စိတ်ဝိဥာဥ်နဲ့ တာအိုအစွမ်းကိုရပြီး တာအို မသေမျိုးဘုရင်တစ်ယောက်ပါ ဖြစ်လာစေနိုင်တယ် ။ ပြီးတော့ အဲ့ဒီ အဆင့် ၁၈ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ရဲ့ အစွမ်းကလဲ တကယ်ကို ကြောက်စရာကောင်းတယ် "

လောထျန်း မျက်မှောင်အနည်းငယ်ကြုံ့သွားကာ ဆက်မေးလိုက်သည်။

" ဒါဆို မင်း အဲ့ဒါကို လုပ်နိုင်လား "

ရှောက်ကျို့က အောင့်သက်သက်အပြုံးဖြင့် ပြန်ပြော၏။

" မရဘူး သခင်လေးရဲ့ ။ ကျွန်မရဲ့ လက်ရှိလုပ်နိုင်တဲ့ အစွမ်းက အဆင့် ၁၄ ပဲ ရှိတာ "

" ဟုတ်လား.. ဘာဖြစ်လို့လဲ "

လောထျန်း ပိုသိချင်သွားသည်။

ရှောက်ကျို့က သက်ပြင်းချပြီးမှ ပြန်ပြော၏။

" ကျေးဇူးပြုပြီး ဒီကို ကြည့်လိုက်ပါသခင်လေး "

သူမက ပြောပြောဆိုဆိုပင် ဝတ်ထားသော မီးတောက်အဝတ်စားများအား ချွတ်ပစ်လိုက်သည်။

လောထျန်းမှာ ၎င်းကိုကြည့်ကာ မှင်သက်သွားရပါ၏။

သူ ဘာတွေ မြင်ရတော့မည်လဲ...

သို့သော်.. တခဏအကြာမှာပင် လောထျန်းခေါင်းထဲမှ စိတ်ကူးယဥ်အတွေးလေးများ ပျောက်ကွယ်သွားရပါတော့သည်။

အဘယ့်ကြောင့်ဆိုသော်.. ရှောက်ကျို့၏ အဝတ်စားများအောက်၌ ဘာမှ ရှိမနေသည်ကို သူ တွေ့လိုက်ရသောကြောင့်ပင် ။

သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးနီးပါးမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး အရေပြားနှင့် အသားအချို့သာ တွဲရက် ရှိနေပါ၏။

ထိုအချိန်မှာပင် ရှောက်ကျို့က အဝတ်စားများ ပြန်ဝတ်လိုက်သည်။

" ဒါ... "

လောထျန်း သူမကိုကြည့်ရင်း မျက်မှောင်ကြီး ကြုံ့သွား၏။

ရှောက်ကျို့က အံကြိတ်၍ ဆိုသည်။

" သခင်လေး မြင်တဲ့အတိုင်းပဲ ။ လက်ရှိမှာ ကျွန်မက ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက် ဟုတ်မနေဘူး "

" ဘယ်လို.. "

လောထျန်း အံ့အားသင့်သွားရပြန်တော့သည်။

ရှောက်ကျို့က စကားဆက်၏။

" ကျွန်မ အသွင်ပြောင်းတဲ့ နေ့တုန်းက အစွမ်းထက်တဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ် သခင်လေးရဲ့ ။ သူက ကျွန်မကို လက်အောက်ခံအဖြစ်ထားဖို့ သိမ်းသွင်းချင်ခဲ့တာ ။ ဒါပေမယ့် ကျွန်မက ငြင်းလိုက်တော့ သူ ကျွန်မကို တိုက်ခိုက်ခဲ့တယ် "

" အဲ့လူက အရမ်းလဲ အစွမ်းထက်တယ် ။ သူက ကျွန်မရဲ့ သွေးကြောအများစုကို ဖြတ်ပစ်ခဲ့တဲ့အပြင် ကျွန်မရဲ့ အသက်အစွမ်းကိုလဲ ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်နိုင်ခဲ့တယ် ။ ကျွန်မရဲ့ ခန္ဓာကိုယ်တောင်မှ ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာကို ထွက်ပြေးဖို့လောက်ထိပဲ ကျန်ခဲ့တာ "

" အဲ့နောက်တော့ နှစ်ပေါင်းများစွာ ကျင့်ကြံပြီး ကျွန်မ နည်းနည်း ပြန်ကောင်းလာခဲ့တယ် ။ ဒါပေမယ့် ကျွန်မရဲ့ လုပ်နိုင်စွမ်းတွေနဲ့ အစွမ်းကတော့ အရင် ထိပ်ဆုံးအခြေအနေနဲ့ ယှဥ်လို့မရတော့ဘူးပေါ့ရှင် "

လောထျန်း အနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။

" ဒါဆို.. မင်းရဲ့ အခုအခြေအနေက... "

" တခြားဘာများ တတ်နိုင်ဦးမှာလဲ သခင်လေးရယ် ။ ကျွန်မအတွက် တစ်ခုတည်းသော ရွေးချယ်စရာက တခြားသူတစ်ယောက် ကစားဖို့ ၊ ဖျော်ဖြေဖို့ ဖြစ်လာရုံပဲပေါ့ "

ထိုစကားကို ပြောနေစဥ်တွင် သူမ အံကြိတ်ထားသလို သူမ၏ မျက်လုံးထဲတွင်လည်း ဒေါသနှင့် အမုန်းတရားတို့ဖြင့် ပြည့်နေပါ၏။

" ကျွန်မ ဘာဖြစ်လို့ ဓားသိုင်းပညာကို ဒီလောက်ကြိုးစားပြီး လေ့ကျင့်ခဲ့ရလဲ သခင်လေးသိလား "

သူမ လောထျန်းကိုကြည့်ကာ မေးလိုက်သည်။

လောထျန်းက ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက်မှ ပြန်ပြော၏။

" အဲ့လူကို လက်တုန့်ပြန်ပြီးတော့ မင်းရဲ့ မူလအခြေအနေကို ပြန်ရချင်လို့လား.. "

ရှောက်ကျို့က ခေါင်းညိတ်ပြသည်။

" အမှန်ပါပဲရှင် ။ လက်တုန့်ပြန်ချင်လို့လဲ.. ကျွန်မ နတ်ဆိုးသခင်ကြီးကို မုန်းပေမယ့်.. ဘယ်လိုမှ မတတ်နိုင်ဘဲ အံကြိတ်ပြီးတော့ သူနဲ့အတူ ပူးပေါင်းပြီး တစ်ယောက်အစွမ်းကို တစ်ယောက် အားကိုးခဲ့ရတာပဲ "

" ကျွန်မက သူ့ကို နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်တွေ ထုတ်ပေးပြီးတော့ ကောင်းကင်မီးတောက်သားရဲချောက်ကို ပိုကျယ်လာစေပြီး သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်း တိုးအောင် လုပ်ပေးရတယ် ။ အတုံ့အလှည့်အနေနဲ့ သူက ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အစွမ်းအထက်ဆုံး ဓားသိုင်းကွက်ကို ရှာပေးတယ် ။ ပြီးတော့ သူ့အစွမ်းကို သုံးပြီး ကျွန်မရဲ့ ကျင့်ကြံခြင်းမှာ ကူညီပေးတာပေါ့ရှင် "

" အဲ့လိုကူညီမှလဲ ကျွန်မက မဟာတာအိုအစွမ်းကို မြန်နိုင်သမျှ မြန်မြန်ရပြီးတော့ ကျွန်မရဲ့ ရန်သူတွေကို သတ်ပြီး အရင်လို ပြန်ဖြစ်မှာလေ "

သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာညိတ်လိုက်၏။

" အဲ့လိုကိုး... ဒါနဲ့ မင်းရဲ့ ရန်သူက ဘယ်သူလဲ "

လောထျန်း ဆက်မေးလိုက်သည်။

ရှောက်ကျို့က ခေတ္တမျှ တွန့်ဆုတ်​နေပြီးမှ ခေါင်းယမ်း၍ ပြန်ပြော၏။

" သခင်လေး မသိတာပဲ ပိုကောင်းပါတယ် "

" ဟင်.. ဘာဖြစ်လို့လဲ "

လောထျန်း စိတ်ဝင်တစား ဖြစ်သွားရသည်။

ရှောက်ကျို့က အံကြိတ်ရင်း ပြန်ပြော၏။

" အဲ့လူက အစွမ်းထက်လွန်းတယ် သခင်လေးရဲ့ ။ သခင်လေးသာ အဲ့အကြောင်း သိသွားရင် သခင်လေးကိုယ်တိုင်ပါ အရှုပ်တွေကြားထဲ ရောက်သွားမှာ စိုးလို့ပါ "

လောထျန်းတစ်ယောက် ချက်ချင်း မျက်နှာညိုသွားသည်။

" အဲ့လောက် အစွမ်းထက်တာလား ။ အဲ့လူက အပေါ်ကမ္ဘာကလား... "

သူ မေးလိုက်၏။

ရှောက်ကျို့က အောင့်သက်သက်အပြုံးဖြင့် ပြန်ဖြေသည်။

" ကျွန်မလဲ အဲ့လိုထင်တာပဲ "

" အင်... "

သူမ၏ အဖြေကြောင့် လောထျန်း အနည်းငယ် နားမလည်နိုင် ဖြစ်သွားရပါသည်။

ထိုအချိန်မှာပင် ရှောက်ကျို့က ဦးညွှတ်ရင်း ပြောလာ၏။

" သခင်လေး.. အဲ့ဒါတွေ မေးမနေပါနဲ့တော့ရှင် ။ ဒီသွေးကြွေးကို ကျွန်မရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ပဲ ပြန်ဆပ်ဖို့ ကျွန်မ သစ္စာဆိုထားပြီးသားရှင့် ။ သခင်လေးက ဓားသိုင်းကို လိုလိုလားလား သင်ပေးမယ် ဆိုတာကတောင် ကျွန်မအတွက် အင်မတန်ကြီးတဲ့ အကူအညီကြီး ဖြစ်နေပါပြီ ။ နောက်ကျ.. ကျွန်မရဲ့ မူလအခြေအနေကို ပြန်ရပြီး ထိပ်ဆုံးအစွမ်းကို ပြန်ရောက်ရင် ကျွန်မ သခင်လေးအတွက် အဆင့် ၁၈ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက် သေချာပေါက် ထုတ်ပေးပါ့မယ် "

လောထျန်းမှာ သူမ၏ ဆုံးဖြတ်ချက် ခိုင်မာသည့် မျက်နှာထားကိုကြည့်ရင်း ထပ်မေးနေ၍လည်း အပိုပင်ဖြစ်ကြောင်း သိလိုက်ပါသည်။

ထို့ကြောင့် သူ ခေါင်းညိတ်၍သာ ဆိုလိုက်၏။

" ကောင်းပါပြီ ။ တစ်ခုခု အကူအညီလိုတာ ရှိရင်လဲ ကျုပ်ကိုပြောပါ ။ ကျုပ် ကူညီပေးပါ့မယ် "

" ကျေးဇူးတင်ပါတယ် သခင်လေး "

ရှောက်ကျို့က ဦးညွှတ်ရင်း ပြန်ပြောသည်။

" ကဲ.. ဒါဆို သွားကြစို့ "

လောထျန်းက စကားဆုံးသည်နှင့် နောက်လှည့်ပြီး ရှောက်ကျို့နှင့်အတူ ထိုလေထုထဲမှ ထွက်လာခဲ့လိုက်၏။

အပြင်တွင်ကား... အဝတ်ဖြူ မသေမျိုးဆေးပင်က လေထု ထွက်ပေါက်ဘက်သို့ စိုးရိမ်မကင်းသည့် မျက်နှာဖြင့် စောင့်ကြည့်​နေရှာသည်။

သူ့ဘေးမှ ထျန်းယွမ်ကမ္ဘာသခင်ကြီးက သူ့ကို လှည့်ကြည့်ကာ ခေါင်းယမ်းရင်း မေး၏။

" မင်းက သူ မအောင်မြင်ဘဲ ကျရှုံးသွားမှာကို ခုချိန်ထိ စိတ်ပူနေတုန်းလား "

အဝတ်ဖြူမသေမျိုးဆေးပင် က သက်ပြင်းချ၍ ပြန်ပြောသည်။

" အစွမ်းနဲ့ ပတ်သက်လာရင် သခင်လေးလောထျန်းက တကယ်လဲ ပြိုင်ဘက်ကင်းပါပဲ ။ ဒါပေမယ့် ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်ကို ခေါ်ထုတ်ဖို့ဆိုတာက အစွမ်းတစ်မျိုးတည်းနဲ့ လုပ်လို့ရတဲ့အရာ မဟုတ်ဘူးဗျ "

" အဲ့အမျိုးသမီးက အင်မတန် ဒေါသကြီးတာ ။ နတ်ဆိုးသခင်ကြီးတောင် သူနဲ့ တွေ့ရင် ကြောက်ကြောက်လန့်လန့် ဖြစ်နေရတာဗျ "

သူ့စကားကြောင့် ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့အားသင့်သွားကာ ပြန်မေးသည်။

" အဲ့ဒီ နတ်ဆိုးသခင်ကြီးကရော သူ့ကို သန့်စင်ပြီး သိမ်းသွင်းဖို့ မကြိုးစားခဲ့ဘူးလား "

အဝတ်ဖြူမသေမျိုးဆေးပင် က သူ့အား မျက်လုံးထောင့်ဖြင့် ပြန်ကြည့်ရင်း ဆို၏။

" ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်ကို အဲ့လိုလွယ်လွယ်နဲ့ သိမ်းသွင်းလို့ ဘယ်ရမလဲဗျာ ။ အဲ့ဒီ သဘာဝနတ်ဘုရားမီးတောက်က ကြောက်စရာကောင်းတဲ့ အစွမ်းရှိရုံတင်မကဘူး ၊ အင်မတန်လဲ မောက်မာတယ် ။ ကျုပ်ပြောတာကို မယုံရင် သခင်လေးလောထျန်း ပြန်ထွက်လာတဲ့အထိသာ စောင့်ကြည့်လိုက်ပါဗျာ ။ အဲ့ကျ နားလည်သွားပါလိမ့်မယ်။ ကျုပ် ထင်တာတော့ သခင်လေးလောထျန်း အငြင်းခံရမယ်နဲ့တူတယ် "

သူ့စကားကြောင့် ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်သွားရပါသည်။

သို့သော် ထိုအချိန်မှာပင်..

ဝီ..

လေကိုခွင်း၍ လာနေသည့်အသံ ထွက်လာပြီး...

လောထျန်းနှင့် ရှောက်ကျို့တို့နှစ်ယောက် သူတို့ရှေ့တွင် ပေါ်လာ၏။

ဝုန်း..

ရှောက်ကျို့ ပေါ်လာသည်နှင့် တဝုန်းဝုန်း တောက်လောင်နေသည့် မီးတောက်တစ်ခုလည်း ချက်ချင်း ပျံ့လာသည်။

ထိုမီးတောက်ထဲတွင်လည်း ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်း ပါ​နေသည့်အတွက် ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ အဝေးသို့ လွင့်ထွက်တော့မလိုပင် ဖြစ်သွားရ၏။

" ဒါ.... ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်လား.. "

မိတ်ဆက်စေရာပင် မလိုဘဲ တဖက်လူမည်သူမှန်း ထျန်းယွမ်ကမ္ဘာသခင်ကြီး ချက်ချင်း သိလိုက်ပါသည်။

" ဟုတ်တယ်ဗျ ၊ ဒီ စိတ်ဝိဥာဥ်အစွမ်းက .. ကြောက်စရာကောင်းလိုက်တာ ။ ကျုပ် ဒါကို အဝေးကနေ တစ်ခါပဲ မြင်ဖူးတာဗျ ။ အခု အနီးကပ် တွေ့လိုက်ရတော့မှ ဘယ်လောက်ကြောက်စရာကောင်းလဲ ပိုသိလိုက်ရတော့တယ် "

အဝတ်ဖြူ မသေမျိုးဆေးပင်က တုန်လှုပ်နေဟန်ဖြင့် ပြန်ပြောသည်။

လက်ရှိတွင်လည်း ရှောက်ကျို့၏ မီးတောက်အစွမ်းကို ခံနိုင်ရန်အတွက် သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များ အားလုံးကို အစွမ်းကုန်သုံး စုစည်းထားရပါ၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးကလည်း ခေါင်းညိတ်၍ ပြန်ပြောသည်။

" ဟုတ်တယ် ၊ သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက တကယ်လဲ ကြောက်စရာကောင်းတာပဲ ။ လောထျန်းရဲ့ ဆယ်ပုံတစ်ပုံလောက် ရှိမယ်ထင်တယ် "

ထိုသို့ ပြောပြီးနောက်တွင်မူ .. သူရော အဝတ်ဖြူမသေမျိုးဆေးပင်ပါ ခဏတာမျှ မှင်သက်သွားကြတော့သည်။

ထိုအချိန်မှသာလည်း သူတို့ အသိပြန်ဝင်လာကြပါ၏။

သူမက လောထျန်းနှင့် ယှဥ်လျင် ဤမျှ ကြောက်စရာကောင်းပုံ မရတော့ပါ ။

ထိုအချိန်မှာပင်..

" ရှောက်ကျို့ ၊ မင်းရဲ့ မီးတောက်နဲ့ စိတ်ဝိဥာဥ်အစွမ်းကို ပြန်သိမ်းလိုက်ဦး ။ တခြားသူကို မထိခိုက်စေနဲ့လေ "

လောထျန်း ပြောလိုက်သည်။

" ရှောက်ကျို့ တဲ့လား... "

ထိုနာမည်ကို ကြားသည်နှင့် အဝတ်ဖြူမသေမျိုးဆေးပင်၏ မျက်နှာထား ရုတ်ချည်း ပြောင်းသွား၏။

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်ကို ရှောက်ကျို့ဟု ခေါ်လိုက်ပါသလား..

ထိုအမျိုးသမီး၏ ဒေါသကိုလည်း သူ သိထားပြီးဖြစ်ရာ ... သူမ ဒေါသူပုန် ထသွားတော့မည်ဟုသာ သူ ထင်လိုက်သည်။

သူ ချက်ချင်းမှာပင် သတိမထားမိဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားပြီး.. အမျိုးသမီးဆီမှ မီးတောက်များ ပေါက်ထွက်လာသည်နှင့် ထွက်ပြေးရန် အသင့်ပြင်လိုက်ပါ၏။

သို့သော်.. မျှော်လင့်မထားစွာပင်...

" ဟုတ်ကဲ့ပါ သခင်လေးလောထျန်း "

ရှောက်ကျို့ က ထိုတစ်ခွန်းသာပြောပြီး လက်ဖြင့် အစီအမံများ ချက်ချင်း ပြုလုပ်လိုက်သည်။

ဝီ...

စိတ်ဝိဥာဥ်အစွမ်း နှင့် မီးတောက်များ ချက်ချင်း နောက်ဆုတ်သွားကြ၏။

" ဒီလောက်ဆို အဆင်ပြေလား သခင်လေး "

ရှောက်ကျို့ မေးလိုက်သည်။

" အင်း.. အဆင်ပြေပါတယ် "

လောထျန်း က ပြန်ပြော၏။

ထိုမြင်ကွင်းကို ကြည့်နေသည့် အဝတ်ဖြူမသေမျိုးဆေးပင်မှာ အံ့သြမှင်သက်နေပါတော့သည်။

ဘာတွေ ဖြစ်နေပါသနည်း ။

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်က စကားကို လွယ်လွယ်နားထောင်နေသတဲ့လား ။

ထို့အပြင်.. သူမက လောထျန်းအား သခင်လေးဟုလည်း ခေါ်နေပါသေး၏။

လောထျန်းက သူမကို သိမ်းသွင်းနိုင်ခဲ့ပြီလား...

၎င်းမှာ နတ်ဆိုးသခင်ကြီးပင် မလုပ်နိုင်ခဲ့သော အရာဖြစ်ပါသည်။

ထိုအချိန်တွင် လောထျန်းက အဝတ်ဖြူမသေမျိုးဆေးပင်ဘက် လှည့်ကြည့်ကာ မေးလာ၏။

" ကဲ.. နောက်ဆုံးရတနာက ဘယ်မှာလဲ "

All Chapters