← Chapters

နတ်ဆိုးသခင်ကြီး နိုးလာပြီ

Vol. 41 Ch. 563

နတ်ဆိုးသခင်ကြီး နိုးလာပြီ

Vol. 41 Ch. 563

အဝတ်ဖြူ မသေမျိုးဆေးပင်မှာ နောက်ဆုံးမှသာ အသိဝင်လာပြီး အသံတုန်တုန်ဖြင့် ပြော၏။

" နောက်ဆုံးရတနာက အဓိကခန်းမထဲမှာပါ ။ ဒါပေမယ့် သခင်လေးလောထျန်း အဲ့ကိုမသွားတာ ပိုကောင်းလိမ့်မယ်နော် "

" ဟင်.. ဘာဖြစ်လို့လဲ "

လောထျန်း ပြန်မေးလိုက်သည်။

အဝတ်ဖြူမသေမျိုးဆေးပင် က တံတွေးကို ခက်ခက်ခဲခဲမြိုချရင်း ပြော၏။

" ဘာလို့လဲဆိုတော့ နောက်ဆုံးရတနာက နတ်ဆိုးသခင်ကြီးကိုယ်တိုင် သန့်စင်ထားတဲ့ ကံကောင်းခြင်း မူလမသေမျိုးလက်နက် တစ်ခုမို့လို့ပဲဗျ။ ပြီးတော့ နတ်ဆိုးသခင်ကြီးကလဲ အဲ့ဒီ မသေမျိုးလက်နက်ထဲမှာ အိပ်နေတာ "

လောထျန်း အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။

" သူကိုယ်တိုင် လုပ်ထားတာ.. ဟုတ်လား "

အဝတ်ဖြူ မသေမျိုးဆေးပင် က ခေါင်းညိတ်ပြ၏။

" ဟုတ်တယ်ဗျ "

လောထျန်း ခေတ္တမျှ စဥ်းစားနေပြီးနောက်မှ ထျန်းယွမ်ကမ္ဘာသခင်ကြီးဘက် လှည့်ကြည့်၍ ပြောလိုက်သည်။

" ကျုပ်တို့သာ သူကိုယ်တိုင် သန့်စင်ထားတဲ့ မူလမသေမျိုးလက်နက်ကို ယူလိုက်ရင် လွန်ရာ မကျလောက်ဘူးမလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ခဏတာမျှ ဆွံ့အသွားရတော့သည်။

သူတို့ နတ်ဆိုးနန်းတော်ထဲ ဝင်လာသည့်အချိန်မှစ၍ လောထျန်းက တွေ့သမျှ ပစ္စည်းကောင်းများကို ယူနေခဲ့သည် မဟုတ်ပါလား.. ။

ကောင်းကင်မီးတောက် သားရဲချောက်၏ အဓိကအရေးကြီးဆုံး အရာဖြစ်သော ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်သည်ပင် သူ့လက်ထဲ ရောက်နေလေပြီ ။

ယခုမှ လွန်သည် မလွန်သည်ကို စကားထဲ ထည့်ပြောနေပါသလား..

" အင်း... နည်းနည်းတော့ လွန်တာပေါ့.. "

သို့သော် ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုသို့ ဖြေရန်မှတပါး အခြားရွေးချယ်စရာ မရှိပါ ။

လောထျန်းက ခေတ္တမျှ စဥ်းစားနေပြီးနောက် သက်ပြင်းချလိုက်၏။

" ဘယ်တတ်နိုင်မလဲလေ .. သူ့အတွက် နည်းနည်းတော့ ချန်ထားပေးလိုက်ပါမယ် ။ သူနဲ့ ကျုပ်ကြားမှာ ဘာရန်ငြိုးမှလဲ ရှိတာမှ မဟုတ်တာ ။ သူ့ကို တစ်ခုခု ချန်ထားလိုက်တာ ကောင်းပါတယ် "

အားလုံး : " ............ "

ယခုလို အခြေအနေမျိုး ရောက်နေပြီးမှ တစ်ခုခု ချန်ထားပေးမတဲ့လား...

သို့သော် အဝတ်ဖြူ မသေမျိုးဆေးပင်မှာ ထိုစကားကြောင့် နတ်ဆိုးသခင်ကြီးအတွက် စိတ်သက်သာရာ ရလိုက်ပါ၏။

အကယ်၍ လောထျန်းသာ အမှန်တကယ် တိုက်ခိုက်မည်ဆိုလျှင် နတ်ဆိုးသခင်ကြီးမှာ အန္တရာယ်နှင့် ကြုံရပေလိမ့်မည်။

ဤသို့ဖြင့် လောထျန်းတို့လူစု ထွက်သွားရန် ပြင်နေကြစဥ်မှာပင်...

ဝုန်း...

နတ်ဆိုးနန်းတော် တစ်ခုလုံး တုန်ခါလာသည်။

အဝတ်ဖြူ မသေမျိုးဆေးပင်က ခေတ္တမျှ မှင်သက်နေပြီးမှ ရုတ်တရက် တအံ့တသြ ပြော၏။

" နတ်ဆိုးသခင်ကြီး နိုးလာပြီ ... "

သူ့စကား ဆုံးသည့်အချိန်မှာပင်..

ဝုန်း...

အနံ့ပြင်းလှသည့် နတ်ဆိုးအစွမ်းတစ်ခုက နတ်ဆိုးနန်းတော် အဓိကခန်းမဆောင်ဘက်မှ ထွက်လာကာ နတ်ဆိုးနန်းတော်တစ်ခုလုံးအား တမဟုတ်ချင်း လွှမ်းခြုံလာသည်။

ထို ဆိုးရွားသော အနံ့ရှိသည့် နတ်ဆိုးအစွမ်းမှာ ရုတ်တရက် ရောက်လာခြင်းဖြစ်သဖြင့် လောထျန်းနှင့် ရှောက်ထျန်းလုံလေးတို့ အငိုက်မိသွားပြီး ချောင်းများပင် ဆိုးသွားကြ၏။

" ချီး.. ဒီကောင်ကြီးက ရေမချိုးတာ ဘယ်လောက်တောင်ကြာနေပြီလဲ ။ ဒီကောင်တွေက ဘာလို့ အဲ့လောက်တောင် နားလည်မှု မရှိရတာလဲ "

လောထျန်း ဒေါသတကြီး ပြောလိုက်သည်။

အားလုံး ဆွံ့အသွားရပြန်တော့သည်။

ထိုအချိန်မှာပင် ခပ်ဝေးဝေးမှ လာသည့် အသံတစ်သံ ထွက်လာ၏။

" အိမ်မက်ကနေ နိုးလာတာလား.... နောက်ဘဝ ရောက်နေတာလား.. "

ထိုအသံကြီးမှာ အလွန်လည်း အက်ကွဲကွဲ နိုင်နေသဖြင့် အားလုံး စိတ်မသက်မသာ ဖြစ်သွားကြသည်။

" ဟင်... "

ထိုစဥ်မှာပင် နတ်ဆိုးသခင်ကြီး၏ တအံ့တသြ ရေရွတ်သံ ထွက်လာပြီး.. စိတ်ဝိဥာဥ်အစွမ်းတစ်ခုကလည်း လောထျန်းတို့ဆီ စစ်ဆေးရန် လျင်မြန်စွာပင် ရောက်လာ၏။

" ဘယ်ကောင်က ဒီနေရာထိလာပြီး ငါ့ရဲ့ နတ်ဆိုးနန်းတော်ထဲ ခြေချရဲနေတာလဲ ။ သေချင်နေပြီနဲ့ တူတယ် "

ဝုန်း..

ထို့နောက် ချက်ချင်းဆိုသလိုပင် အခြား ကြောက်မက်ဖွယ် နတ်ဆိုးအစွမ်းတစ်ခုလည်း ထပ်တိုက်ခိုက်လာသည်။

လောထျန်းမှာ ချောင်းဆိုးပြီးစ အချိန်မှာပင် နတ်ဆိုးအစွမ်း တိုးဝင်လာသည်ကို ကြည့်ရင်း လန့်သွားပါ၏။

ဝှစ်..

သူ ချက်ချင်း တည်နေရာရွှေ့ပြောင်းလိုက်သည်။

ထိုသို့ ရှောင်လိုက်ရခြင်းမှာ သူ ထိုအစွမ်းကို ရင်မဆိုင်ရဲ၍ မဟုတ်ဘဲ.. နတ်ဆိုးသခင်ကြီးက နားလည်မှု ခေါင်းပါးလွန်းသောကြောင့်ပါပင်..

ထိုကောင်ကြီးဆီမှ ထွက်နေသည့် အနံ့အသက်က အလွန်ဆိုးရွားလှသည် မဟုတ်ပါလား..

" ဟင်.. မင်းက တကယ်ကြီး ရှောင်လိုက်နိုင်တယ်ပေါ့လေ ။ စိတ်ဝင်စားစရာ ကောင်းသားပဲ.. "

နတ်ဆိုးသခင်ကြီး၏ အသံ ထပ်ထွက်လာပြန်ငည်။

ထို့နောက်..

ဝုန်း..

နတ်ဆိုးနန်းတော် ခန်းမဆောင်ဘက်မှ အသံကျယ်ကြီး ထွက်လာ၏။

ချက်ချင်းမှာပင် အစွမ်းထက် အရောင်အဝါတစ်ခုလည်း လောထျန်းဆီ တိုးဝင်လာပြန်သည်။

နတ်ဆိုးနန်းတော် တစ်ခုလုံးလည်း ရုတ်တရက်.. စည်းချက်ကျကျ တုန်ခါလာ၏။

၎င်းမှာ နတ်ဆိုးသခင်ကြီး၏ ခြေသံများပင် ..

ဝုန်း..

နတ်ဆိုးသခင်ကြီး ခြေလှမ်းတစ်ခါ လှမ်းလိုက်တိုင်း.. အနားမှ ဖိအားကလည်း ပိုပိုကြီးလာသည်။

အဝတ်ဖြူ မသေမျိုးဆေးပင်မှာ ထိုတခဏတွင် လုံးဝ မခံနိုင်တော့ဟန်ဖြင့် တစ်ကိုယ်လုံး တုန်လာသည်။

သူ ဘေးသို့ လှည့်ကြည့်လိုက်သည့်အခါ လောထျန်းတစ်ယောက်မှာလည်း မျက်နှာမသာမယာ ဖြစ်နေသည်ကို မြင်လိုက်ရ၏။

" ဟင်.. သူကရော နတ်ဆိုးသခင်ကြီးရဲ့ အစွမ်းကို ကြောက်နေတာလား "

အဝတ်ဖြူမသေမျိုးဆေးပင် တုန်လှုပ်သွားရတော့သည်။

အမှန်တွင်မူ.. သူသည် နတ်ဆိုးသခင်ကြီးကို သစ္စာဖောက်ပြီး လောထျန်းကို ရွေးချယ်ကာ လောင်းကစားကြီးကြီး လုပ်ခဲ့ပါ၏။

အကယ်၍ လောထျန်း၏ အစွမ်းကသာ နတ်ဆိုးသခင်ကြီးလောက် ကောင်းမနေပါက သူ့အတွက် မည်သို့သော အဆုံးသတ်က ကြို​ေနမည်ကိုလည်း သူ မသိဘဲ မနေပါချေ။

နတ်ဆိုးသခင်ကြီးး ရက်စက်မှုကို သူ ကောင်းကောင်းကြီး သိထားသည်မဟုတ်ပါလား။

ထို့ကြောင့်.. သူ လောထျန်းအား စိုးရိမ်တကြီး စိုက်ကြည့်မိသွား၏။

လောထျန်းမှာကား မျက်နှာကြီး အလွန်သုန်မှုန်နေကာ .. အချိန်အတန်ကြာပြီးနောက်မှ တီးတိုးရေရွတ်လာသည်။

" နှစ်တွေသိန်းချီပြီး အိပ်နေတဲ့ကောင်ကြီးလို့ မပြောရဘူး... တော်တော်ပြင်းတာပဲ.. "

ဘေးမှ ရှောက်ကျို့က တီးတိုးပြန်ပြော၏။

" နတ်ဆိုးသခင်ကြီးရဲ့ အစွမ်းကိုက တကယ်လဲ လျှော့တွက်လို့မရဘူး "

လောထျန်းက ခေါင်းယမ်း၍ ထပ်ပြောလာသည်။

" ကျုပ်ပြောချင်တာ အဲ့အဓိပ္ပါယ်မဟုတ်ဘူး "

" အင်... "

ရှောက်ကျို့တစ်ယောက် မှင်သက်သွားရ၏။

လောထျန်းက အံကြိတ်၍ ဆက်ပြောသည်။

" သူ ရေမချိုးတာ နှစ်တွေသိန်းချီပြီး ရှိနေတော့... သူ့ရဲ့ နတ်ဆိုးအစွမ်းက အနံ့တော်တော်နံတာ ။ သူ အဲ့အနံ့ကို ဘယ်လိုများ ခံနိုင်နေလဲ မသိပါဘူး... တော်တော်ကို ပြင်းတာ.. "

ရှောက်ကျို့ : " ............ "

ထိုအချိန်မှာပင် ခြေသံများက တစထက်တစ နီးကပ်လာပြီး သူတို့နှင့် မနီးမသေို့ နတ်ဆိုးသခင်ကြီး ရောက်လာ၏။

ထိုသူမှာ အရပ်ကိုးပေကျော်ခန့် မြင့်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းတွင် အဝတ်မပါဘဲ ဗလာကျင်းဖြစ်နေကာ.. သူ့ ခန္ဓာကိုယ် ကြွက်သားများကလည်း ပေါက်ထွက်တော့မလိုပါပင် ။

သူ့ အရေပြားပေါ်၌ မဟာတာအိုအစွမ်းများ စီးဆင်းနေသည့် စိတ်စွမ်းအင်ထွင်းစာများလည်း ရှိနေပါသေး၏။

ထို့ထက်ပို ဆိုးသည်မှာ သူ့ကိုယ်မှ အဆက်မပြတ် ထွက်လာနေသော အမည်းရောင်လေများက အပြင်လေထုကို မငြိမ်မသက်ဖြစ်အောင် လုပ်နေခြင်းပင် ။

လောထျန်းနှင့် ရှောက်ထျန်းလုံလေးတို့မှာ ထိုမြင်ကွင်းကိုကြည့်ရင်း နှာခေါင်းကိုယ်စီ ပိတ်ထားလိုက်ကြပြီး တုန်လှုပ်နေဟန်ဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။

" မယုံနိုင်စရာကြီးကွာ... အနံ့က ဆိုးလွန်းလို့ လေထုတောင် မငြိမ်မသက် ဖြစ်ကုန်တာလား "

လောထျန်း တအံ့တသြ ပြောလိုက်၏။

သူ့ဘေးမှ ရှောက်ကျို့က လေသံတိုးတိုးဖြင့် ပြန်ပြောရှာသည်။

" အဲ့ဒါ ဒီတိုင်း အနံ့နံတာ မဟုတ်ဘူး သခင်လေးရဲ့ ၊ နတ်ဆိုးအစွမ်းတွေ ။ ဒါပေမယ့်.. အဲ့လိုနည်းနည်း နံရတဲ့အကြောင်းက သူက သွေးနဲ့ စိတ်ဝိဥာဥ်တွေကို ယဇ်ပူဇော်ပြီး ကျင့်ကြံလို့နဲ့ တူတယ်.. "

ထိုစကားကို ကြားမှသာ လောထျန်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်၏။

သို့သော် နတ်ဆိုးသခင်ကြီးအား ကြည့်နေသည့် သူ့မျက်လုံးထဲတွင်မူ ရွံရှာဟန် ရှိနေဆဲပင် ။

တဖက်မှ နတ်ဆိုးသခင်ကြီးမှာလည်း သူတို့အနီး ပိုရောက်လာကာ အဝတ်ဖြူမသေမျိုးဆေးပင်ဆီသို့ ဦးစွာ အကြည့်ရောက်သွားသည်။

" ဟင်.. မင်းက ဘာလို့ဒီရောက်နေတာလဲ "

သူ အေးစက်စက်မေးလိုက်၏။

အဝတ်ဖြူမသေမျိုးဆေးပင် ချက်ချင်း လန့်သွားကာ ပြန်ဖြေရန် ပြင်လိုက်သည်။

သို့သော် ထိုစဥ်မှာပင် နတ်ဆိုးသခင်ကြီးက မျက်နှာအနည်းငယ် မဲ့သွားကာ ပြောလာ၏။

" ထားလိုက်ပါလေ.. အဲ့ဒါ အရေးမကြီးဘူး ။ ငါ အခုမှ နိုးလာကာစဆိုတော့ ဆေးပင်ဥယျာဥ်ထဲက ဆေးအစွမ်းကို အရင်ဆုံး စုပ်ယူရမယ် "

သူ ထိုသို့ပြောပြီး လက်ဝါးနှစ်ဖက် စုလိုက်သည်။

ဝီ...

သူ့လက်ပေါ်တွင် အစီအမံတစ်ခု အသက်ဝင်လာ၏။

ဆေးပင်ဥယျာဥ်ဘက်မှ အော်သံတစ်သံ ရုတ်တရက်ထွက်လာသည်။

ချက်ချင်းမှာပင်... ဆေးစွမ်းအင်တန်းတစ်ခုက နတ်ဆိုးသခင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာ၏။

ထိုအချိန်တွင်.. နတ်ဆိုးသခင်ကြီး အံ့သြမှင်သက်သွားတော့သည်။

" ဘာတွေဖြစ်နေတာလဲ.. ဆေးအစွမ်းက ဘာလို့ အဲ့လောက်နည်းနေရတာလဲ "

သူ တုန်လှုပ်စွာ ဆိုလိုက်သည်။

ဤတစ်ကြိမ် သူ စုပ်ယူလိုက်ရသည့် ဆေးအစွမ်းမှာ ယခင်ပမာဏ၏ အပုံ တစ်ထောင်ပုံတစ်ပုံပင် ရှိမနေပါချေ ။

၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း..

" ငါ့ရဲ့ ဆေးပင်ဥယျာဥ်... "

တစ်စုံတစ်ခု လွဲချော်နေပြီကို နတ်ဆိုးသခင်ကြီး ရိပ်မိသွားကာ စိတ်ဝိဥာဥ်အစွမ်း ချက်ချင်းထုတ်လွှတ်၍ တစ်နေရာလုံးကို စစ်ဆေးကြည့်လိုက်၏။

သူ ကြည့်လိုက်သည့်အချိန်တွင်ကား... ဆေးပင်ဥယျာဥ် တစ်ခုလုံးက ပြောင်ရှင်းနေသည်ကို မြင်လိုက်ရပါတော့သည်။

အစောလေးတွင်ပင် သေဆုံးသွားခဲ့ရသည့် ဆေးပင်တစ်ပင်သာ ရှိနေပြီး..

ထိုဆေးပင်မှလွဲ၍ ကျန်အရာအားလုံး ပြောင်ရှင်းလျက်...

" ဆေးပင်ဥယျာဥ်ထဲက ငါ့ဆေးပင်တွေ ဘယ်ရောက်ကုန်ကြပြီလဲ.. "

နတ်ဆိုးသခင်ကြီး တအံ့တသြ မေးလိုက်သည်။

သူ့ဆေးပင်ဥယျာဥ်ထဲမှ မျိုးစုံလှသော ဆေးပင်များမှာ သူ အရွယ်ကောင်း၊ အစွမ်းထက်စဥ်က ကမ္ဘာအနှံ့မှ လုယူလာခဲ့ပြီး ဤနေရာတွင် လာစိုက်ထားခဲ့ခြင်း ဖြစ်ပါသည်။

ထိုဆေးပင် တစ်ပင်စီတိုင်းမှာလည်း ထိပ်တန်းအရည်အသွေး ရှိကြပါ၏။

သို့သော်.. ယခု ဆေးပင်အားလုံး ပျောက်သွားသတဲ့လား..

" ဒါ .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟိုကောင် .. ငါမေးတာ ဖြေစမ်း "

နတ်ဆိုးသခင်ကြီးက အဝတ်ဖြူ မသေမျိုးဆေးပင်အား စားမတတ် ဝါးမတတ် စိုက်ကြည့်လိုက်သည်။

အဝတ်ဖြူမသေမျိုးဆေးပင်မှာ ထိုအကြည့်အောက်၌ ပျော့ခွေလဲကျတော့မလိုပါပင် ..

သူ လောထျန်းဘက် ခက်ခက်ခဲခဲ ခေါင်းလှည့်ကြည့်လိုက်၏။

နတ်ဆိုးသခင်ကြီးကလည်း ချက်ချင်း သဘောပေါက်သွားဟန်ဖြင့် လောထျန်းကိုကြည့်ပြီး ပြောလာသည်။

" ငါ့ဆေးပင်တွေကို ခိုးသွားတာ မင်းလား.. ။ သိပ်ကောင်းတယ်.. မင်းကို ငါ သတ်မယ် ။ မဟုတ်သေးဘူး.. အပိုင်းပိုင်းဖြစ်အောင်ကို ဖြတ်ပစ်မှာ ။ နတ်ဆိုးစစ်သည်တော် တစ်သောင်း... အဲ့ကောင်ကို သတ်ကြစမ်း "

နတ်ဆိုးသခင်ကြီးက ထိုသို့ပြောကာ လက်ဖြင့် အစီအမံများ လုပ်လိုက်ပြန်သည်။

ဝီ...

သူ့ကိုယ်ပေါ်မှ နတ်ဆိုးအလင်းတန်းကလည်း ရုတ်ချည်း အစွမ်းပိုထက်လာ၏။

သို့သော်... ထိုနတ်ဆိုးအလင်းတန်း အချိန်အတန်ကြာ လင်းလက်နေပြီးသည်အထိ ဘာမှ ဖြစ်မသွားခဲ့ပါ.. ။

" ဟင်.. ဘာတွေဖြစ်နေတာလဲ ။ ငါ့ရဲ့ နတ်ဆိုးစစ်သည်တစ်သောင်းက ဘာလို့ ငါခေါ်တာကို မတုန့်ပြန်ကြတာလဲ "

နတ်ဆိုးသခင်ကြီး ဒေါသတကြီး အော်လိုက်ပြီးနောက် ချက်ချင်း သူ့အမှတ်အသားကို ပြန်စစ်ဆေးကြည့်လိုက်သည်။

ပြီးနောက်တွင်ကား.. သူ့ မျက်နှာထား ချက်ချင်းပြောင်းသွားတော့၏။

" ဖျက်ဆီးခံလိုက်ရပြီလား.. ငါ့ရဲ့ နတ်ဆိုးစစ်သည်တွေအားလုံး ဖျက်ဆီးခံလိုက်ရပြီပေါ့.. ။ ငါ့ ရတနာတိုက်.... "

နတ်ဆိုးသခင်ကြီး၏ မျက်နှာထား ထပ်ပြောင်းသွားပြီး စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ ရတနာတိုက်အား စစ်ဆေးကြည့်လိုက်သည်။

ပြီးနောက်တွင်ကား .... သူ အံ့သြမှင်သက်သွားရပြန်တော့၏။

ရတနာတိုက်ထဲမှ ရတနာများသာမက.. ရတနာတိုက် တံခါးကြီးပင် ပျောက်နေလေပြီ...

All Chapters