← Chapters

နတ်ဆိုးခန္ဓာကိုယ်

Vol. 41 Ch. 564

နတ်ဆိုးခန္ဓာကိုယ်

Vol. 41 Ch. 564

နတ်ဆိုးသခင်ကြီး၏ ခန္ဓာကိုယ် ယိုင်သွားကာ မေ့လဲကျတော့မလို ဖြစ်သွားသည်။

ရတနာတိုက်ထဲမှ ရတနာ အများစုမှာ သူကိုယ်တိုင် ပြုလုပ်ထားသည့် ရတနာများ ဖြစ်ပါသည်။

ထိုရတနာ တစ်ခုချင်းစီမှာလည်း အပြင်ထုတ်လိုက်သည်နှင့် ၎င်းကိုလိုချင်သော မရေမတွက်နိုင်သည့် အစွမ်းထက် ကျင့်ကြံသူများကြား တိုက်ပွဲတစ်ခု ဖြစ်သွားအောင်ပင် လုပ်နိုင်စွမ်း ရှိပါ၏။

ယခု... ထိုရတနာများအားလုံး ပျောက်သွားလေပြီ..

ထို့ထက်ပိုဆိုးသည်မှာ... ရတနာကို ခိုးယူရုံတင် အားမရသေးဘဲ..

ရတနာတိုက်၏ တံခါးကိုပါ ယူသွားခဲ့ခြင်းပင် ။

" ဘယ်ကောင့်လက်ချက်လဲ "

နတ်ဆိုးသခင်ကြီးမှာ ဒေါသထွက်လွန်း၍ ရူးသွားတော့မလိုပင် ဖြစ်နေပါ၏။

အဝတ်ဖြူ မသေမျိုးဆေးပင်က လောထျန်းနောက်သို့ ချက်ချင်းဝင်ပုန်းလိုက်သည်။

" ထပ်ပြီး မင်းလက်ချက်ပဲပေါ့... "

နတ်ဆိုးသခင်ကြီးက လောထျန်းအား စူးစူးရဲရဲ စိုက်ကြည့်ရင်း အံကြိတ်၍ ပြောလိုက်၏။

သို့သော် .. ထိုအချိန်၌ သူ အခြားတစ်ခုကို တွေးမိသွားပုံပင် ။

"မင်း... ငါ့ ရတနာတိုက်တံခါးကို ဘယ်လိုဖွင့်လိုက်တာလဲ "

သူ အေးစက်စက်မေးလိုက်သည်။

ထို ရတနာတိုက်တံခါးမှာ အခြားသော အတားအဆီးများ ရှိမထားသည့်တိုင်...

ထိုတံခါးချပ် ကိုယ်တိုင်သည်ပင် ထူးခြားလှသော အတားအဆီးကြီး ဖြစ်ပါသည်။

ကြောက်မက်ဖွယ် ခန္ဓာကိုယ်အစွမ်းမျိုး မရှိပါဘဲ ထိုတံခါးအား တွန်းဖွင့်ရန် လုံးဝမဖြစ်နိုင်ပါချေ။

ထို့အပြင် သူ အစောကတည်းကလည်း လောထျန်း၏ ကျင့်ကြံခြင်းအဆင့်ကို မြင်ထားပြီးသား ဖြစ်ပါ၏။

ထိုသို့ ထုံရွှယ်အဆင့် ကျင့်ကြံခြင်း ထိပ်ဆုံးတွင်သာ ရှိထားသူတစ်ယောက်က တံခါးကိုဖွင့်ဖို့ မဆိုထားဘိ ၊ ထိလိုက်ရုံဖြင့်ပင် တံခါးမှ ပြန်ကန်ထွက်လာသည့် အားကြောင့် သေသွားသင့်ပါသည်။

ထို့နောက် သူဘေးသို့ စောင်းငဲ့ကြည့်လိုက်ရာ ထျန်းယွမ်ကမ္ဘာသခင်ကြီးအား မြင်သွား၏။

" မင်းလုပ်လိုက်တာ မဟုတ်လား ။ မင်းက... ဒီ ရှေးဟောင်းနတ်ဆိုးကမ္ဘာက မဟုတ်ပါဘူး ။ မင်း ဘယ်သူလဲ.. "

သူ အေးစက်စက် မေးလိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ နတ်ဆိုးသခင်ကြီး၏ အကြည့်ဖြင့်ပင် သူ့စိတ်ဝိဥာဥ် မငြိမ်မသက် ဖြစ်သွားသလို ခံစားလိုက်ရ၏။

" ဒီ.. နတ်ဆိုးသခင်ကြီးက တော်တော်အစွမ်းထက်တာပဲ ။ ငါ အစွမ်းအထက်ဆုံး အချိန်မှာတောင် သူ့ထက်အများကြီးနိမ့်တာ သေချာတယ် ။ ရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အဲ့လောက်အစွမ်းထက်တဲ့သူမျိုး ရှိတယ်လား.. "

ထျန်းယွမ်ကမ္ဘာသခင်ကြီး တွေးမိလိုက်သည်။

တဖက်မှ နတ်ဆိုးသခင်ကြီးက ထျန်းယွမ်ကမ္ဘာသခင်ကြီး အသံတိတ်​နေသည်ကို ကြည့်ကာ နှာခေါင်းရှုံ့၏။

" မင်း ဘာမှမပြောလဲ ကိစ္စမရှိဘူး ။ မင်းရဲ့ စိတ်ဝိဥာဥ်ကို သန့်စင်လိုက်ရင် မင်းရဲ့ မှတ်ဉာဏ်တွေ အကုန်လုံးကို ငါ သိရမှာပဲ "

သူ ထိုသို့ပြောပြီး လက်ဆန့်၍ ထျန်းယွမ်ကမ္ဘာသခင်ကြီးအား ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။

သို့သော်.. ထိုအချိန်မှာပင်..

ဝုန်း..

ထျန်းယွမ်ကမ္ဘာသခင်ကြီးရှေ့၌ မီးတောက်တစ်ခု ပေါက်ထွက်လာကာ နတ်ဆိုးသခင်ကြီး၏ လက်ကို တားလိုက်ပါ၏။

" ဟင်... "

ထိုအချိန်မှသာလည်း လောထျန်းနောက်တွင် ရပ်နေသော ရှောက်ကျို့အား နတ်ဆိုးသခင်ကြီး သတိထားမိသွားတော့သည်။

" ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက် ၊ ဒါ ဘာအဓိပ္ပါယ်လဲ "

သူ အံ့အားသင့်သွားရသည်။

သူ့စိတ်ထဲတွင်လည်း တစ်ခုကို တွေးမိသွားကာ မေးလိုက်၏။

" မဟုတ်မှလွဲရော. . မင်းလက်ချက်လား.. "

နတ်ဆိုးသခင်ကြီးမှာ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်၏ အစွမ်းကို ကောင်းကောင်းကြီး သိထားသူပင်..

ရတနာတိုက်တံခါးအား ဖျက်ခဲ့သူက သူမဆိုလျှင်.. အားလုံး အဓိပ္ပါယ် ရှိသွားပေမည် ။

" မင်းကိုငါ အမြဲတမ်း တလေးတစား ဆက်ဆံခဲ့တာနော် ။ မင်း ခုလိုမျိုး ငါ့ကိုအကွက်ချမယ်လို့ လုံးဝတောင် ထင်မထားခဲ့ဘူး "

နတ်ဆိုးသခင်ကြီးက ဒေါသတကြီး အော်လိုက်သည်။

တဖက်မှ ရှောက်ကျို့က မျက်မှောင်ကြုံ့၍ ပြန်ပြောလာ၏။

" နတ်ဆိုးသခင်ကြီး ၊ ကျွန်မတို့ရဲ့ မိတ်ဆွေဆက်ဆံရေးကို ထောက်ပြီးတော့ ကျွန်မရှင့်ကို အကြံတစ်ခု ပေးချင်တယ် ။ ရှင် မသေချင်ဘူးဆိုရင် ခုချက်ချင်း ဒီကနေထွက်သွားလိုက်ပါ "

သူမ အမှန်တကယ်လည်း နတ်ဆိုးသခင်ကြီးအား စေတနာဖြင့် အကြံပေးလိုက်ခြင်း ဖြစ်ပါသည်။

သို့သော် နတ်ဆိုးသခင်ကြီးအတွက်မူ ထိုစကားများက အခြားအဓိပ္ပါယ်တစ်ခု သက်ရောက်သွားပါ၏။

" ဟား ဟား... မင်းက ငါ့ကို ခုလိုတောင် အထင်သေးအမြင်သေး ဆက်ဆံရဲနေတယ်ပေါ့လေ ။ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်... ငါ့ရဲ့ ရတနာတိုက်ကို ဖျက်ဆီးလိုက်ရုံနဲ့ ငါက မင်းကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား "

နတ်ဆိုးသခင်ကြီးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ရှောက်ကျို့တစ်ယောက် စိတ်ပျက်သွားဟန်ဖြင့် ခေါင်းကုတ်ပြီး ပြန်​ပြော၏။

" ကျွန်မဆိုလိုတာ အဲ့အဓိပ္ပါယ်မဟုတ်ဘူး ။ ကျွန်မက ရှင့်အတွက် စေတနာနဲ့ ပြောနေတာ... "

နတ်ဆိုးသခင်ကြီးက လက်ကာပြ၍ ဖြတ်ပြောသည်။

" ပါးစပ်ပိတ်ထားစမ်း ။ ငါက အစကတော့ မင်းကို အသုံးဝင်တယ်လို့ ယူဆပြီးတော့.. ငါ့ဘက်က ကျွမ်းကျင်ပိုင်နိုင်သွားမှ မင်းကို သန့်စင်ဖို့ စဥ်းစားခဲ့တာ ။ ဒါပေမယ့်.. မင်းက ငါ့ကို ခုလိုသစ္စာဖောက်လာမယ်လို့ ဘယ်ထင်ခဲ့မလဲ ။ အဲ့လိုဆိုမှတော့လဲ ငါ့ဘက်က ဒီနေ့ပဲ မင်းကို သတ်ရတော့မှာပေါ့ "

ဝုန်း..

စကားဆုံးသည်နှင့် သူ့ကိုယ်မှ နတ်ဆိုးအစွမ်းများ တိုးထွက်လာ၏။

ထိုအချိန်တွင် ရှောက်ကျို့မှာ ကြားလိုက်ရသည့် စကားကြောင့် ဆတ်ခနဲ တုန်သွားသည်။

" ဘာပြောလိုက်တယ်... မင်းက ငါ့ကိုသတ်ချင်နေခဲ့တာ ကြာပြီပေါ့.. ဟုတ်လား "

သူမစိတ်ထဲတွင် နတ်ဆိုးသခင်ကြီးအား မဟာမိတ်အဖြစ်သာ အမြဲတွေးထားခဲ့ပါသည်။

သူမ တစ်ကိုယ်ရေ သဘောထားအရ သူ့အကျင့်စရိုက်ကို သဘောမကျသည့်တိုင် ပြီးခဲ့သော နှစ်များအတွင်း သူ့ဘက်မှ တစ်စုံတစ်ခု တောင်းဆိုလာတိုင်း သူမ အကောင်းဆုံး ​ကြိုးစားလုပ်ပေးခဲ့သည်ချည်း ဖြစ်ပါ၏။

သို့မဟုတ်လျှင် ဤ ကောင်းကင်မီးတောက် နတ်ဆိုးချောက်က ယခုလို အခြေအနေမျိုး ဖြစ်နေမည် မဟုတ်ပါ ။

သို့သော်.. တဖက်လူက အစောကတည်းက သူမကို သန့်စင်ရန် စီစဥ်နေခဲ့သတဲ့လား .. ။

အဖြစ်မှန်မှာ လက်ခံရန် ခက်လှပေသည်။

ထိုစဥ် နတ်ဆိုးသခင်ကြီးက လှောင်ပြုံးဖြင့် ပြော၏။

" မပြည့်စုံတဲ့ ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်ဆိုပေမယ့်.. ဒီလိုအခွင့်ကောင်းမျိုးက နှစ်တစ်သောင်းမှာ တစ်ကြိမ်တောင် တွေ့ဖို့မလွယ်ဘူးလေ ။ ငါ ဘယ်လိုကျင့်စဥ်မျိုး ကျင့်ကြံတယ်ဆိုတာ မင်းလဲ သိနေတာပဲ ။ ဒါနဲ့များ ငါက မင်းကို ဒီတိုင်းအလွတ်ပေးလိုက်မယ်လို့ ဘာကြောင့်ထင်ရတာလဲ "

ရှောက်ကျို့၏ မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ ရုတ်ချည်း ဆူပွက်လာတော့သည်။

" မျိုးမစစ်ကောင်.. နင်ကများ ငါ့ကို သန့်စင်ချင်သေးတယ်ပေါ့လေ ။ သေချင်နေပြီလား "

သူမ အလွန်လည်း ဒေါသထွက်နေတော့၏။

ချွှင်..

ဓားသံ တစ်သံနှင့်အတူ ရှောက်ကျို့ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

" စိတ်ဝိဥာဥ်ဖြတ်ဓား.. "

သူမ အော်ကာ ဓားဖြင့် ခုတ်လိုက်၏။

သို့သော်..

ဝုန်း..

ထိုဓားက နတ်ဆိုးသခင်ကြီး အနီးသို့ မကပ်နိုင်ခင်မှာပင် အမည်းရောင်အရိပ်တစ်ခုက ၎င်းကို ပိတ်ဆို့လာသည်။

" နတ်ဆိုး ကိုယ်ပွားပုံရိပ်ပါလား.. "

ထို ကိုယ်ပွားပုံရိပ်မှာ နတ်ဆိုးသခင်ကြီး၏ စနက်ဖြစ်ကြောင်း ရှောက်ကျို့ ချက်ချင်း သဘောပေါက်လိုက်၏။

သို့သော် သူမ ဂရုမစိုက်ပါ...

ဝုန်း...

" ကိုယ်ပွားပုံရိပ် ရှိတော့ရော ဘာဖြစ်သေးလဲ... သေစမ်းကွာ "

မီးတောက်များ ကောင်းကင်ယံသို့ ရုတ်ချည်း ထိုးတက်သွားသည်။

ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်မှာ ကိုယ်တိုင်သည်ပင် အလွန်အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်ပါ၏။

သို့သော်... မီးတောက်များက နတ်ဆိုးကိုယ်ပွားပုံရိပ်အား ချက်ချင်း လွှမ်းခြုံလိုက်သည့်တိုင်... ကိုယ်ပွားပုံရိပ်က ဘာမှ ဖြစ်မသွားခဲ့ပါချေ။

" ဘယ်လို..... "

ရှောက်ကျို့ အံ့သြတုန်လှုပ်သွားရတော့သည်။

သို့သော်.. တခဏအကြာမှာပင် ဘာတွေဖြစ်နေသည်ကို သူမ နားလည်လိုက်ပါ၏။ သူမ နတ်ဆိုးသခင်ကြီးအား တုန်လှုပ်စွာကြည့်၍ မေးလိုက်သည်။

" နင့်ရဲ့ ကိုယ်ပွားပုံရိပ်က ငါ့ကို ကိုင်တွယ်ဖို့အတွက် တမင်ကို သီးသန့်လုပ်ထားခဲ့တာလား "

နတ်ဆိုးသခင်ကြီးက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" မင်းက ခုမှ သဘောပေါက်တာလား ။ ငါက အဲ့ကိုယ်ပွားပုံရိပ်အတွက် အများကြီး အကုန်ခံထားရတာကွ။ မင်းရဲ့ မီးတောက်တွေက သူ့အတွက်တော့ ဘာမှအသုံးဝင်မှာ မဟုတ်ဘူး ။ သူက မင်းရဲ့ အကြီးဆုံးရန်သူပဲ "

ဝုန်း..

သူ့စကား ဆုံးသည့်အချိန်မှာပင် ကိုယ်ပွားပုံရိပ်က အမည်းရောင်အငွေ့အဖြစ် ပြောင်းသွားကာ ရှောက်ကျို့အား လွှမ်းခြုံလာသည်။

" အား.... "

ရှောက်ကျို့ထံမှ စူးစူးဝါးဝါးအော်သံတစ်ခု ထွက်လာ၏။

နတ်ဆိုးသခင်ကြီးက ထိုမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းတွန့်ရုံ ပြုံးသည်။

" သိပ်ကောင်းတယ် ။ မင်းကို သန့်စင်လိုက်ရုံနဲ့ ငါ့အတွက် ကျင့်ကြံခြင်းအဆင့် တန်းပြီးတက်မသွားနိုင်ဘူး ဆိုပေမယ့်.. အချိန်ကုန်တော့ တော်တော်သက်သာသွားမှာ "

ပြီးသည်နှင့် သူ ထျန်းယွမ်ကမ္ဘာသခင်ကြီးဘက် လှည့်ကြည့်လိုက်သည်။

" ပြီးရင် မင်းအလှည့်ပဲ ။ မင်းက သန့်စင်ဖို့တောင် မတန်တဲ့ အမှိုက်ဆိုပေမယ့်.. ဘာမှ မရှိတာထက်တော့ သာပါသေးတယ် "

သူ့စကား ဆုံးချိန်မှာပင် သူ့ကိုယ်မှ နတ်ဆိုးအစွမ်း ထွက်လာပြန်သည်။

ဝှစ်... ဝှစ်...

သူ့ဘေး တဖက်တစ်ချက်တွင်လည်း နတ်ဆိုးကိုယ်ပွားပုံရိပ် နှစ်ခု ထပ်ပေါ်လာ၏။

ထိုနှစ်ယောက် ပေါ်လာသည်နှင့် နတ်ဆိုးအလင်းတန်းကလည်း ရုတ်တရက် ပိုအားကောင်းလာကာ ၎င်းတို့၏ အနောက်ဘက်တွင် အမည်းရောင် မှော်အကွက်တချို့ ပေါ်လာ၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ၎င်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် တုန်လှုပ်သွားရတော့သည်။

" မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်လား.. "

နတ်ဆိုးသခင်ကြီးက ကျေနပ်သွားဟန်ဖြင့် ပြန်ပြော၏။

" အိုး. .. မင်းက ဒီကမ္ဘာက မဟုတ်ပေမယ့် မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်ကို သိနေပါလား ။ မဆိုးဘူးပဲကွ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး မျက်မှောင်ကြုံ့ပြီး ထပ်မေးလိုက်၏။

" ကိုယ်ပွားပုံရိပ်တွေ အကုန်လုံးက မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်တွေပဲ ။ ဒါဆို.. မင်းရဲ့ ခန္ဓာကိုယ်အစစ်က... ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ကောင်းကင်ဘုံနတ်ဆိုး ခန္ဓာကိုယ်တွေထဲက တစ်ခုလား "

နတ်ဆိုးသခင်ကြီးက မျက်စိပေါက်ကျဥ်းသွားအောင်ထိ ပြုံး၍ ပြန်ပြောသည်။

" အိုး... ဒီလောက်နှစ်တွေ ကြာသွားတာတောင် ငါ့အကြောင်းကို သိတဲ့သူ ရှိနေသေးတာပါလား "

ထို့နောက်တွင်..

ဝုန်း...

သူ့ကိုယ်မှ ကြောင်မက်ဖွယ် အရောင်အဝါတစ်ခု ထွက်လာကာ သူ့ဘေးတွင်လည်း အမည်းရောင်ထွင်းစာများ ပေါ်လာကြသည်။

ဝီ..

သူ့အနောက်ဘက်တွင်လည်း မိစ္ဆာအရိပ်တစ်ခု စုစည်းလာ၏။

ထိုမိစ္ဆာအရိပ် ပေါ်လာသည်နှင့် သူ့အရောင်အဝါကလည်း ရုတ်တရက် အဆပေါင်းများစွာ ပိုအစွမ်းထက်လာသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုမြင်ကွင်းအား တုန်လှုပ်စွာကြည့်ရင်း ဆိုလိုက်၏။

" ဒါ.... ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အစွမ်းအထက်ဆုံး နတ်ဆိုးလား... "

အမှန်တွင်မူ ပြီးပြည့်စုံသော နတ်ဆိုးခန္ဓာကိုယ်ကို သူ ယခုမှသာ ပထမဆုံး မြင်ဖူးခြင်းဖြစ်ပါသည်။

သူ ယခင်က တွေ့ခဲ့ဖူးသော မိမိကိုယ်ကို နတ်ဆိုးဟု သတ်မှတ်ကြသည့်သူများမှာ ယခု နတ်ဆိုးသခင်ကြီးနှင့် ယှဥ်လိုက်ပါက ဘာမှ မဟုတ်ကြတော့ပေ။

တဖက်မှ နတ်ဆိုးသခင်ကြီးက ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အံ့သြတုန်လှုပ်နေသော အမူအရာကိုကြည့်ရင်း လှောင်ပြုံးဖြင့် ပြောလာ၏။

" မင်းပြောတာ မှန်လဲမှန်သလို ၊ မှားလဲမှားတယ် "

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး မျက်မှောင်ကြုံ့သွားသည်။

နတ်ဆိုးသခင်ကြီးက လှောင်ပြုံးဖြင့် ဆက်ပြော၏။

" ငါက တကယ်လဲ ကောင်းကင်ဘုံနတ်ဆိုးပဲ ။ အဲ့ဒါက သံသယဝင်စရာတောင် မလိုဘူး ။ ဒါပေမယ့် ကောင်းကင်ဘုံ နတ်ဆိုးခန္ဓာကိုယ်က ဒီရှေးဟောင်းနတ်ဆိုးကမ္ဘာမှာ အစွမ်းအထက်ဆုံး မဟုတ်ဘူးကွ "

All Chapters