နှစ် သိန်းပေါင်းများစွာ၏ အစွမ်း
Vol. 41 Ch. 565
" ဘယ်လို .. "
ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့သြတုန်လှုပ်သွားတော့သည်။
နတ်ဆိုးသခင်ကြီးမှာလည်း မည်သူနှင့်မှ စကားမပြောရသည်မှာ ကြာနေ၍လား မပြောတတ်ပါ ။ သူ တိုက်ခိုက်ရမည့်အစား စိတ်ရှည်ရှည်သာ ရှင်းပြလိုက်၏။
" ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ နတ်ဆိုးမှတ်တမ်းမှာ မှတ်ထားတာတော့ ငါတို့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ဘိုးဘေးတစ်ယောက်ဖြစ်တဲ့ ရှေးဟောင်းနတ်ဆိုးကြီးက.. ကောင်းကင်ဘုံနတ်ဆိုးခန္ဓာကိုယ် အဆင့်ကိုကျော်ပြီးတော့ ပိုမြင့်တဲ့အဆင့်ကို ရောက်သွားတယ်တဲ့ ။ သူက ဒဏ္ဍာရီကျော် မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့တာလို့ ပြောတယ် ။ အဲ့ဒါကမှ တကယ့် အစွမ်းအထက်ဆုံး နတ်ဆိုးခန္ဓာကိုယ်ပဲ "
" ရှေးဟောင်းမှတ်တမ်းတွေအရ ဆိုရင်လဲ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်က ကောင်းကောင်းကြီး ရင့်ကျက်သွားတာနဲ့ ကောင်းကင်ဘုံနတ်ဆိုးအစွမ်းထက် အဆတစ်ရာ ပိုသာတဲ့ အစွမ်းကို ပိုင်ဆိုင်နိုင်တယ်တဲ့ ။ အဲ့ခန္ဓာကိုယ်က ထူးခြားတဲ့ ခန္ဓာကိုယ်အမျိုးအစားတွေထဲမှာ အနည်းဆုံးဆိုရင်တောင်.. ထိပ်ဆုံး အဆင့်သုံးထဲ ပါတယ် "
" ပြီးတော့ အဲ့ဒီ မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်ကို ကျင့်ကြံတာနဲ့.. ရှေးဟောင်းနတ်ဆိုးခန်းမကို ဖွင့်နိုင်ပြီး ရှေးဟောင်းနတ်ဆိုးကြီးရဲ့ အမွေအနှစ် အပြည့်စုံကို ရနိုင်တယ်လို့လဲ ပြောတယ် "
" ရှေးဟောင်းနတ်ဆိုးမှတ်တမ်းတွေထဲမှာလဲ ရှေးဟောင်းနတ်ဆိုးကြီးက နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ထားပြီးသားလို့ ရေးထားကြတယ် ။ သူက အပေါ်ကမ္ဘာမှာတောင် ဗိုလ်ပဲကွ "
" ဒါ့ကြောင့်မို့လဲ ငါက အဲ့ကျင့်ကြံခြင်းအဆင့်ကို ရောက်ဖို့ အစွမ်းအထက်ဆုံး အချိန်မှာ လူတွေရှေ့က ပျောက်သွားခဲ့တာ ။ ပြီးတော့ ရှေးဟောင်းနတ်ဆိုးမှတ်တမ်းတွေထဲက နည်းလမ်းအတိုင်း ကောင်းကင်မီးတောက် နတ်ဆိုးချောက်ကို ဖွင့်ခဲ့တယ် ။ ပြီးတော့မှ နတ်ဆိုးစိတ်ဝိဥာဥ်မီးတောက်ကို သုံးပြီး ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ကံကောင်းခြင်းတွေကို စုပ်ယူခဲ့တာကွ။ ငါ့ရဲ့ နတ်ဆိုးကိုယ်ပွားပုံရိပ်တွေကိုလဲ ကမ္ဘာနှစ်ခုကြား တံခါးပေါက်ကို လွှတ်ပြီး ငါ့နတ်ဆိုးခန္ဓာကိုယ်အတွက် ယဇ်ပူဇော်ဖို့ တခြားကမ္ဘာက အစွမ်းထက်ကျင့်ကြံသူတွေကို လိုက်သတ်ခိုင်းခဲ့တာပေါ့ကွာ "
" အခုတော့ ငါ့ရဲ့ ကောင်းကင်ဘုံနတ်ဆိုး ခန္ဓာကိုယ်က လုံးဝ ပြီးပြည့်စုံသွားပြီ။ ငါက မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ် ခန္ဓာကိုယ်ကို ရဖို့ ခြေလှမ်းတစ်ဝက်စာလောက်ပဲ လိုတော့တာ "
ထိုအချိန်တွင် နတ်ဆိုးဧကရာဇ်၏ မျက်နှာထက်၌ အပြုံးတစ်ခု ရုတ်တရက်ပေါ်လာပြီး ပြော၏။
" ကောင်လေး ၊ မင်း မသေခင် ဒီလျှို့ဝှက်ချက်တွေ သိသွားရတာ ကံကောင်းတာပဲကွ ။ အခု.. သေလိုက်တော့ "
နတ်ဆိုးသခင်ကြီး၏ စကားဆုံးချိန်မှာပင် သူ့ ကိုယ်ပွားပုံရိပ်များက ထျန်းယွမ်ကမ္ဘာသခင်ကြီးနှင့် အခြားသူများဆီသို့ ဝုန်းခနဲ ပြေးဝင်သွားကြတော့သည်။
ထိုစဥ်တွင် နတ်ဆိုးသခင်ကြီးက လှောင်ပြုံးဖြင့် ရှောက်ကျို့တစ်ယောက်တည်းဘက် လှည့်ကြည့်လိုက်၏။
အခြားသူများ မည်သို့ဖြစ်သွားမည်ကို သူ ဂရုမစိုက်လှပါ။
လက်ရှိ သူ့အတွက် အရေးကြီးသူမှာ ရှောက်ကျို့ပင်..
သူမကို သန့်စင်လိုက်လျှင် သူ အဆင့်တက်သွားနိုင်မည်လား ဆိုသည်ကိုလည်း အမှန်တကယ်ပင် စိတ်ဝင်စားနေပါ၏။
သို့သော်.. ထိုအချိန်မှာပင်..
ဘုန်း.... ဘုန်း....
အသံကျယ်နှစ်သံကို ဆက်တိုက်ကြားလိုက်ရပြီး နတ်ဆိုးကိုယ်ပွားပုံရိပ် နှစ်ခုက နောက်သို့ တစ်ပြိုင်နက်တည်း လွင့်ထွက်ကာ နံရံနှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားကြသည်။
" အင်.... "
နတ်ဆိုးသခင်ကြီးမှာ အလွန်အံ့သြမှင်သက်ပြီး သူ့မျက်လုံးသူပင် မယုံနိုင် ဖြစ်သွား၏။
သူ၏ နတ်ဆိုးကိုယ်ပွားပုံရိပ် နှစ်ခုလုံးက အသက်ဆုံးသွားရလေပြီ...
" ဘယ်လိုဖြစ်နိုင်မှာလဲ... ဒါ.. မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်တွေလေ.. "
နတ်ဆိုးသခင်ကြီး တုန်လှုပ်စွာ ဆိုလိုက်သည်။
ရှေးဟောင်းနတ်ဆိုးကမ္ဘာတွင် ရှေးယခင် ခေတ်မှစ၍ ယနေ့ထိတိုင် မြေကမ္ဘာနတ်ဆိုး ခန္ဓာကိုယ်မှာ အနည်းငယ်လေးမျှသာ ရှိပါ၏။
ထိုခန္ဓာကိုယ်မှာ အစွမ်းအထက်ဆုံး ထူးခြားသော ခန္ဓာကိုယ်အမျိုးအစားထဲ တစ်ခု အပါအဝင်လည်း ဖြစ်သည်။
သို့သော် ယခု မြေကမ္ဘာနတ်ဆိုးခန္ဓာကိုယ် နှစ်ခုလုံး ချက်ချင်း အသတ်ခံလိုက်ရပြီလား..
မည်သို့ ဖြစ်နိုင်ပါသနည်း..
နတ်ဆိုးသခင်ကြီး ချက်ချင်း နောက်လှည့်ကြည့်လိုက်၏။
သူ့အနောက်ဘက်... ခပ်မြင့်မြင့် စင်တစ်ခုတွင်ကား နတ်ဘုရားတစ်ပါးနှင့် တူသည့် လူတစ်ယောက်က မျက်နှာမာထန်စွာ ရပ်လျက်...
နတ်ဘုရားအလင်းတန်းများလည်း လင်းလက်တောက်ပကာ အဆုံးမဲ့သယောင် ...
နတ်ဆိုးသခင်ကြီး ခေတ္တမျှ မှင်သက်နေပြီးမှသာ အသိပြန်ဝင်လာပြီး တအံ့တသြ ပြောလိုက်၏။
" တာအိုစိတ်ဝိဥာဥ်အစစ် ပါလား... အရှုပ်အထွေး ခန္ဓာကိုယ်ရော.. "
သူ နည်းနည်းခေါင်းငုံ့ပြီး ကြည့်လိုက်ချိန်တွင်မူ တာအိုစိတ်ဝိဥာဥ်အစစ် ရှေ့၌ လောထျန်း ရှိနေသည်ကို မြင်လိုက်ရသည်။
" မင်းက.. တကယ်ကြီး အရှုပ်အထွေး ခန္ဓာကိုယ်လား "
နတ်ဆိုးသခင်ကြီးသည် လောထျန်းအား မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်နေပြီးနောက်... ရုတ်တရက် ထရယ်လိုက်၏။
" ဘုရားက ငါ့ကို ကူညီပေးလိုက်တာပဲကွာ ။ ဘုရားက ငါ့ကို ကူညီလိုက်တာ ။ အရှုပ်အထွေးခန္ဓာကိုယ်ဟေ့.. တကယ်ကြီး အရှုပ်အထွေးခန္ဓာကိုယ်ပဲ "
" ငါ နတ်ဆိုးဧကရာဇ်တစ်ပါး ဖြစ်နေခဲ့တာ မျိုးဆက်ပေါင်း ရာကျော်နေပြီ ။ နည်းတွေ ပေါင်းစုံကိုလဲ ကြိုးစားခဲ့ဖူးတယ်.. ဒါပေမယ့် မအောင်မြင်ခဲ့ဘူး ။ ငါ့မှာ လိုနေတာ ထိပ်တန်းအဆင့် ထူးခြားတဲ့ခန္ဓာကိုယ်တစ်ခုပဲ "
" ငါ့ရဲ့ နတ်ဆိုးကိုယ်ပွားပုံရိပ်ကလဲ ဒီလောက် ကမ္ဘာတွေအများကြီးကိုသွားပြီး အနိုင်ယူလာခဲ့တာတောင် အရှုပ်အထွေးခန္ဓာကိုယ် အစစ်နဲ့ မတွေ့ခဲ့ရဘူး ။ အခုလို နှိုးထပြီးသား အရှုပ်အထွေးခန္ဓာကိုယ်က ငါ့ရှေ့ကို အဆင်သင့်လေး ရောက်လာမယ်လို့ လုံးဝ ထင်မထားဘူးကွာ "
" ဒါ ရှေးဟောင်းနတ်ဆိုး ဘိုးဘေးက ငါ့ကို ကူညီပေးဖို့အတွက် မင်းကို ပို့လိုက်တာပဲဖြစ်မယ် ။ မင်းကို သန့်စင်လိုက်တာနဲ့ ငါ ဒီနေ့တောင် မဟာတာအိုအစွမ်းကို ရနိုင်တော့မှာ.. "
" ခုချိန်က စပြီးတော့ အပေါ်ကမ္ဘာမှာလည်း ငါ့ကို တာအိုဘိုးဘေးလို့ ခေါ်ကြတော့မှာ "
ဝုန်း..
နောက်ဆုံး စကားလုံးကို ပြောပြီးချိန်မှာပင် နတ်ဆိုးသခင်ကြီးက လောထျန်းအား ဖမ်းဆုပ်ရန် လက်လှမ်းလာသည်။
ဝုန်း...
ချက်ချင်းမှာပင် မိစ္ဆာအရိပ်ကြီး ပေါ်လာကာ အဆံုးမဲ့သော အဖျက်အဆီးအရောင်အဝါများ သယ်ဆောင်လျက် လောထျန်းဆီသို့ တိုးဝင်လာ၏။
လောထျန်းမှာကား သူ့ရှေ့မှ နတ်ဆိုးသခင်ကြီးကို ကြည့်ရင်း မျက်လုံးများ တဖြည်းဖြည်း အေးစက်သွားကြသည်။
" ငါ့ရှေ့က ဖယ်စမ်း "
သူ ဒေါသတကြီး အော်လိုက်ပြီး..
ဝုန်း..
မဟာတာအို စိတ်ဝိဥာဥ်အစစ်က ချက်ချင်း လှုပ်ရှားသွားကာ နတ်ဘုရားအရှုပ်အထွေး အလင်းတန်းတစ်ခုကလည်း တဖက်သို့ တိုးဝင်သွားသည်။
မိစ္ဆာအရိပ်ကြီးမှာ တမဟုတ်ချင်း ပြိုကွဲသွားတော့၏။
" ဘယ်လို... "
နတ်ဆိုးသခင်ကြီး တုန်လှုပ်နေစဥ်မှာပင် သူသည်လည်း တိုးဝင်လာသော အစွမ်းကြောင့် လွင့်ထွက်သွားတော့သည်။
" မဖြစ်နိုင်တာ... မင်းက အဲ့လောက် အစွမ်းထက်တာလား "
နတ်ဆိုးသခင်ကြီးမှာ မြေပြင်သို့ ပြန်ကျသည်အထိ အံ့သြတုန်လှုပ်နေဟန် မျက်နှာထား ရှိနေဆဲပင် ။
အစောက အစွမ်းကြောင့် သူ အမှန်တကယ်ပင် ဒဏ်ရာရသွားခဲ့လေပြီ ။
သို့သော်.. သူ မသိသည်မှာကား .. သူ ချက်ချင်း အသတ်မခံရဘဲ ဒဏ်ရာသာ ရသွားခဲ့ရသည့် အကြောင်းရင်းမှာ.. လောထျန်းက သူ့အား ညစ်ပတ်လွန်းသည်ဟု တွေးသောကြောင့် တိုက်ရိုက်မတိုက်ခိုက်ချင်ဘဲ မဟာတာအိုစိတ်ဝိဥာဥ်မှတဆင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ကိုပင် ။
ထိုစဥ် လောထျန်းက နတ်ဆိုးသခင်ကြီးအား ရွံရှာဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ရှောက်ကျို့ဘက်သို့ အကြည့်လွှဲလိုက်၏။
လက်ရှိတွင် ရှောက်ကျို့တစ်ယောက်မှာကား လုံးဝနီးပါး ချုပ်နှောင်ခံထားရလေပြီ ။
လောထျန်း လက်ဖျောက်တစ်ချက် တီးလိုက်ရာ ဓားစွမ်းအင်တစ်ခု သူမဆီ တိုးဝင်သွားသည်။
ဝုန်း..
တတိယ နတ်ဆိုးကိုယ်ပွားပုံရိပ်ကြီး အပိုင်းပိုင်း ဖြစ်သွားပြီး အချုပ်အနှောင်လည်း ပျက်စီးသွား၏။
ဝုန်း...
အချုပ်အနှောင်ထဲမှ မီးတောက်များ ကောင်းကင်ယံသို့ မြင့်တက်သွားပြီး ရှောက်ကျို့ ကိုယ်ကိုလှည့်ကာ နောက်ဆုတ်လိုက်သည်။ သူမ မျက်နှာတွင်ကား အံ့သြတုန်လှုပ်နေဟန် အထင်းသား...
" ကျေးဇူးတင်ပါတယ် သခင်လေး လောထျန်း "
သူမ လောထျန်းအား ဦးညွထတ် အရိုအသေပေး၍ ဆိုလိုက်သည်။
လောထျန်းကမူ တိတ်တဆိတ်သာ ရှိနေပြီး နတ်ဆိုးသခင်ကြီးဘက် လှည့်ကြည့်လိုက်၏။
နတ်ဆိုးသခင်ကြီးမှာ ရှောက်ကျို့လွတ်မြောက်သွားသည်ကိုလည်း သိပ်ဂရုမစိုက်လှတော့ပါ။
လက်ရှိတွင် သူ့ရှေ့မှ အရှုပ်အထွေးခန္ဓာကိုယ်က ကောင်းကင်ဘုံကိုးဆင့် စိတ်ဝိဥာဥ်ချိုးဖျက်မီးတောက်ထက် များစွာ ပိုအရေးကြီးသည် မဟုတ်ပါလား ။
" တော်တော်အစွမ်းထက်တဲ့ အရှုပ်အထွေး ခန္ဓာကိုယ်ပဲ ။ ဒီနေ့တော့ မင်းကို သန့်စင်ပြီး ငါလိုချင်တာကို ရအောင်လုပ်မယ်ကွာ "
နတ်ဆိုးသခင်ကြီးက ထိုသို့ပြောပြီးပြီးချင်း လက်ဝါးနှစ်ဖက်ကို စုလိုက်သည်။
ဝုန်း..
သူ့အနောက်ဘက်ရှိ ခန်းမဆောင်ထဲမှ ကြောက်မက်ဖွယ် အော်မြည်သံကြီးတစ်သံ ရုတ်ချည်း ထွက်လာ၏။
ထို့နောက်... ကြေးနီအိုးကြီးတစ်လုံး ပျံထွက်လာကာ နတ်ဆိုးသခင်ကြီး ခေါင်းပေါ်သို့ မျောလွင့်လာသည်။
ထိုအိုးကြီးပေါ်မှ နတ်ဘုရားအလင်းတန်းလည်း ထုတ်လွှတ်နေကာ ၎င်းတို့က တာအိုအစွမ်းနှင့် သံစဥ်ကျလျက်...
" လောထျန်း ၊ သတိထားနော်... ။ အဲ့ဒါ မူလမသေမျိုးလက်နက် တစ်ခုပဲကွ .. လုံးဝ သန့်စင်ပြီးသွားတဲ့ မူလမသေမျိုးလက်နက်တစ်ခုပဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီးက လှမ်းအော်၍ သတိပေးလိုက်သည်။
မူလမသေမျိုးလက်နက်တစ်ခု၏ အစွမ်းမှာ အမှန်တကယ် ကြောက်စရာကောင်းလှသော်လည်း..
၎င်းကို သန့်စင်ရန်မှာ အလွန်ခက်လှပါ၏။
ထိုသို့သော အရာမျိုးအား သန့်စင်နိုင်သူမှာ မရှိသလောက်ပင် ။
သို့သော် ယခု ရှေ့မှ ကြေးနီအိုးကြီးမှာကား ထိုသို့ မဟုတ်ပါချေ ။ ၎င်းကို နတ်ဆိုးသခင်ကြီးကိုယ်တိုင်က လုပ်ထားခြင်း ဖြစ်သဖြင့် လုံးဝ အပြီးသန့်စင်ထားပြီးသား ဖြစ်နေကာ အစွမ်းအပြည့်ကို ထုတ်လွှတ်နိုင်ပါသည်။
လောထျန်းသည်ပင် ထိုကြေးနီအိုးကြီးကို ကြည့်ရင်း တစ်စုံတစ်ခု လွဲနေပြီမှန်း ခံစားမိလိုက်ပါ၏။
" ထူးဆန်းလိုက်တာ.. ဘာတွေဖြစ်နေတာလဲ "
သူ တအံ့တသြ မေးလိုက်သည်။
" ဘာဖြစ်လို့လဲ "
ထျန်းယွမ်ကမ္ဘာသခင်ကြီး ပြန်မေးလိုက်၏။
လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ဖြေသည်။
" ဒီ ကြေးနီအိုးကြီးထဲက အစွမ်းက လုံးဝ ပုံမှန်မဟုတ်ဘဲ အစွမ်းထက်လွန်းနေတယ် "
ရှောက်ကျို့က ဝင်ပြော၏။
" သခင်လေး လောထျန်း ၊ ဒီကြေးနီးအိုးကြီးက ကိုယ်ပိုင်ကမ္ဘာတစ်ခုလို ဖြစ်နေတာရှင့် ။ နတ်ဆိုးသခင်ကြီးက ဒီကြေးနီအိုးကို ကောင်းကင်မီးတောက် နတ်ဆိုးချောက်နဲ့ ဆက်ပြီးတော့ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ ကံကောင်းခြင်းတွေကို စုပ်ယူထားခဲ့တာ ။ ဒီ ကောင်းကင်မီးတောက် နတ်ဆိုးချောက်ထဲမှာ သေသွားခဲ့ကြတဲ့ အစွမ်းထက် ကျင့်ကြံသူတွေရဲ့ အစွမ်းကလဲ ဒီကြေးနီအိုးကြီးထဲကိုပဲ စီးဝင်ကြတာရှင့် ။ နတ်ဆိုးသခင်ကြီးက အဲ့အစွမ်းတွေကို သုံးပြီး မျိုးဆက်တစ်ရာ နတ်ဆိုးဧကရာဇ်ခန္ဓာကိုယ်ကို ရအောင်လုပ်နေတာ "
" အဲ့လိုနည်းနဲ့... ဒီကြေးနီအိုးကြီးထဲမှာ နှစ်သိန်းပေါင်းများစွာ စုဆောင်းထားတဲ့ ကံကောင်းခြင်းတွေနဲ့ အစွမ်းတွေ ပါနေတာမို့ လျှော့တွက်လိုက်လို့ မဖြစ်ဘူး "
တဖက်မှ နတ်ဆိုးသခင်ကြီး မျက်မှောင်ကြုံ့သွားပြီး ရှောက်ကျို့ကိုကြည့်ကာ ပြော၏။
" မင်းက ငါ့ကို စောင့်ကြည့်နေခဲ့တာပဲ ။ ဒါပေမယ့် အရေးမကြီးပါဘူးလေ... မင်းသိတော့ရော ဘာထူးမှာမို့လဲ "
ထို့နောက် သူ လောထျန်းဘက်ကြည့်၍ ဆက်ပြောသည်။
" အရှုပ်အထွေးခန္ဓာကိုယ် ၊ မင်းက တကယ်လဲ အစွမ်းထက်တာ ငါ ဝန်ခံပါတယ် ။ လက်ရှိ ငါ့ထက်တောင် ပိုအစွမ်းထက်သေးတယ် ။ ဒါပေမယ့်.. မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ၊ ငါ နှစ်သိန်းပေါင်းများစွာ စုလာခဲ့တဲ့ အစွမ်းကိုတော့ သာနိုင်မယ်ထင်လို့လား ။ ဒီနေ့... ငါ အဲ့အစွမ်းတွေကို သုံးပြီး မင်းကို ဖျက်ဆီးပစ်မယ်ကွ "
သူ့စကား ဆုံးသည်နှင့် ခေါင်းပေါ်မှ ကြေးနီအိုးကြီးကလည်း စတင်ဆူပွက်လာတော့သည်။